Photo – AFP
▪️ကာလ (Period)
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်။
▪️ဒေသ (Region)
နိုင်ငံတဝန်း။
▪️ပါဝင်ဖက်အဖွဲ့အစည်း (Actor Involved)
စစ်ကော်မရှင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ။
▪️ဖြစ်စဉ်အကျဉ်း (Issue)
‘နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ’ကို စစ်ကော်မရှင်က ထပ်မံပြင်ဆင်ခဲ့သည်။ ခုံရုံးအဖွဲ့ဝင်ရွေးချယ်ခြင်းနှင့် ခုံရုံး၏သက်ရောက်မှုတို့ကို အဓိကထား ပြင်ဆင်ခဲ့ကြောင်း တွေ့ရသည်။
▪️ဖြစ်ပေါ်ပြောင်းလဲမှုများ (Development)
ယခင် ဥပဒေပြဋ္ဌာန်းချက် (၂၀၁၄ ခုနှစ်)တွင် ခုံရုံးဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တိုင်ပင်၍ ရွေးချယ်ရမည်ဟု ပါရှိသော်လည်း ယခုပြင်ဆင်မှု (၂၀၂၆ ခုနှစ်)တွင် သမ္မတတဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်စေခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌများကို ခုံရုံးအဖွဲ့ဝင်များက ပုံမှန်အစီရင်ခံရမည့်အချက်ကိုလည်း ပယ်ဖျက်လိုက်သည်။ ခုံရုံးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ဖြည့်စွက်ခွင့်၊ ရုပ်သိမ်းခွင့်မရှိအောင်လည်း ပယ်ဖျက်ခဲ့သည်။ ယခုပြင်ဆင်ချက်တွင် ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောထားများကို ခိုင်မာအားကောင်းမှုရှိအောင် စည်းနှောင်လိုက်ပြီး ခုံရုံး၏အာဏာကို ပို၍ကျယ်ပြန့်စေခဲ့သည်။
▪️သက်ရောက်နိုင်ခြေ (Implications)
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ လုပ်ပိုင်ခွင့်ကို လျှော့ချလိုက်ခြင်းဖြင့် ခုံရုံးအပေါ် လွှတ်တော်၏ အပြန်အလှန်ထိန်းကျောင်းနိုင်မှု (check and balance) ကို အားပျော့သွားစေခဲ့သည်။ တဆက်တည်းမှာပင် ခုံရုံး၏ဆုံးဖြတ်ချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၏ သက်ရောက်မှုကို ပိုမိုကျယ်ပြန့်အောင် ပြင်ဆင်လိုက်သဖြင့် ခုံရုံး၏အာဏာ ကြီးထွားလာနိုင်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၏ ထိန်းကျောင်းမှုကနေ ကင်းလွတ်ပြီး လုပ်ပိုင်ခွင့်အာဏာကျယ်ပြန့်လာသည့် ခုံရုံးကို သမ္မတက ခြယ်လှယ်၍ အုပ်ချုပ်ရေးမဏ္ဍိုင် ပိုအားကြီးလာအောင် ဆောင်ရွက်လာနိုင်သည်။ ထို့အပြင် ခုံရုံး၏ အာဏာသက်ရောက်မှုကို တိုးမြှင့်ခြင်း၊ လွှတ်တော်နှင့် ကင်းကွာစေခြင်း၊ ခုံရုံးဥက္ကဋ္ဌကို သမ္မတက စိတ်ကြိုက်ခန့်အပ်နိုင်ခြင်းတို့သည်ISP-Myanmar ၏ ‘မြန်မာ့အခြေပြစစ်တမ်း’ (State of Myanmar) ၂၀၂၅-၂၀၂၆ တွင် အကဲဖြတ်ခဲ့သည့်အတိုင်း စစ်ခေါင်းဆောင်က ဥပဒေပြုရေးမဏ္ဍိုင်တွင်ပါ ၎င်း၏အာဏာစက်ကို ဖြန့်ကြက်လာမည့်အခြေအနေနှင့် ဆက်စပ်ပါသည်။ နိုင်ငံတော်သမ္မတ၏ အာဏာစက် (presidential power) ကို အကန့်အသတ်မဲ့ဖြစ်လာစေပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ် အားကောင်းလာအောင် အသက်သွင်းမည့် သက်ရောက်မှုလည်း ဖြစ်လာနိုင်သည်။


Governance Tracker
ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်နှင့် အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပြင်ဆင်ချက်
