Tracker

ရှမ်းပြည်နယ်အတွင်း အာဏာအပြိုင်တည်ဆောက်နေသော အုပ်ချုပ်ရေးအဖွဲ့များ

ရှမ်းပြည်နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ထက်မနည်း အပြိုင်အဆိုင်ရှိနေသည်။ ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် စိန်ခေါ်ချက်များ ပိုမိုမြင့်မားလာသည်။ ထိုနည်းတူ ဒေသခံများအတွက်လည်း ရှုပ်ထွေးမှုများစွာ ကြုံတွေ့ရနိုင်သည်။
By ISP Admin | April 29, 2026

Photo – AFP


▪️ကာလ (Period)

၂၀၂၆ ခုနှစ် ဧပြီ။


▪️ဒေသ (Regions)

ရှမ်းပြည်နယ်။


▪️ပါဝင်ဖက်အဖွဲ့အစည်းများ (Actors Involved)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့များ၊ လက်နက်ကိုင်တပ်ဖွဲ့များ၏ အုပ်ချုပ်ရေးယန္တရားများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့။


▪️ဖြစ်စဉ်အကျဉ်း (Issue)

ရွေးကောက်ပွဲအလွန် ရှမ်းပြည်နယ်တွင် ပြည်နယ်အစိုးရသစ်နှင့်အတူ အစိုးရအာဏာ မသက်ရောက်နိုင်သောဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များ၏ အုပ်ချုပ်ရေးယန္တရားများအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ ၁၂ ဖွဲ့ထက်မနည်း အပြိုင်အဆိုင်ဖြစ်လာသည်။


▪️ဖြစ်ပေါ်ပြောင်းလဲမှုများ (Development)

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတခုနှင့် ဒေသငါးခုရှိပါသည်။  ယင်းတို့အနက် ငါးခုဖြစ်သော ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ‘၀’ တို့မှာ ရှမ်းပြည်နယ်အတွင်းရှိပါသည်။ သို့သော် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကဲ့သို့သော တပ်များကလည်း သတ်မှတ်ဧရိယာများထက် ကျော်လွန်သော အုပ်ချုပ်ရေးယန္တရားများ ထူထောင်ထားကြသည်။ ထို့အတူ ရှမ်းပြည်တပ်မတော် [မြောက်ပိုင်း] (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) နှင့် သျှမ်းပြည်တပ်မတော်[တောင်ပိုင်း](RCSS/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကဲ့သို့သော အဖွဲ့များကလည်း ၎င်းတို့စိုးမိုးရာနယ်မြေများတွင် သီးခြားအုပ်ချုပ်ရေးဌာနများဖွင့်လှစ်ကာ စီမံခန့်ခွဲနေကြသည် [ISP ဒေတာအချက်အလက် ၃၇/၂၀၂၆ (ISP-DM2026-037) ကို ရှုပါ]။ ရှမ်းပြည်နယ်တွင် ပြည် နယ်အစိုးရသစ် ရှိလာသော်လည်း ပအိုဝ်းနှင့် ဓနုဒေသနှစ်ခု၌သာ ကိုယ်ပိုင်အုပ်ချုပ် ရေးအဖွဲ့များ ခန့်အပ်နိုင်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’နောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များက ချဲ့ထွင်သိမ်းယူထားသော နယ်မြေများနှင့်ပတ်သက်၍ ဦးမင်းအောင်လှိုင်အစိုးရနှင့် အဆိုပါတပ်ဖွဲ့များအကြား အပြီးသတ်ညှိနှိုင်းမှု တစုံတရာမရှိသေးပေ။


▪️သက်ရောက်နိုင်ခြေ (Implications)

အုပ်ချုပ်ရေးယန္တရား အပြိုင်တည်ဆောက်မှုများမှတဆင့် စစ်ရေးအခြေအနေ ရုတ် တရက်ပြောင်းလဲနိုင်ခြေရှိသကဲ့သို့ အနာဂတ် နိုင်ငံရေး၊ လုံခြုံရေး ဆွေးနွေးပွဲများတွင်လည်း နယ်မြေခွဲခြားသတ်မှတ်ရေးက အကဲဆတ်သော အကြောင်းအရာ ဖြစ်လာနိုင် သည်။ ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြားတွင်လည်း နယ်မြေစိုးမိုးမှုရောယှက်နေခြင်းကို အဖြေမရှာနိုင်သေးသဖြင့် တပ်ဖွဲ့အချင်းချင်းကြားတွင်လည်း ပဋိပက္ခများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်ခြေရှိနေသည်။ ပြည်နယ်အတွင်း အုပ် ချုပ်ရေးယန္တရားများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် စိန်ခေါ်ချက်များ ပိုမိုမြင့်မားလာကာ ဒေသခံများအတွက်လည်း ရှုပ်ထွေးမှုများစွာနှင့် ဖိစီးမှုများ ကြုံတွေ့ရနိုင်သည်။




ISP Governance Tracker

ရှမ်းပြည်နယ်အတွင်း အာဏာအပြိုင်တည်ဆောက်နေသော အုပ်ချုပ်ရေးအဖွဲ့များ






Leave a Reply

Your email address will not be published. Required fields are marked *