ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းရှိ မြေပြိုမှုများအား ပြုပြင်နေသည့် MNDAA တပ်ဖွဲ့ဝင်များ။
Photo – (The Kokang/Facebook)
▪️ကာလ (Period)
၂၀၂၆ ခုနှစ်၊ ဧပြီလ။
▪️ဒေသ (Regions)
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်လမ်းမတလျှောက်ရှိ ဒေသများ။
▪️ဖြစ်စဉ်အကျဉ်း (Issues)
၂၀၂၆ ခုနှစ် မတ်လက မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ခဲ့သော လေးရက်ကြာတိုက်ပွဲအပြီးတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကို MNDAA က ပိုမိုထိန်းချုပ်နိုင်ခဲ့သည်။ မူဆယ်-လားရှိုး ကုန်သွယ်ရေးလမ်းပေါ်ရှိ ကွတ်ခိုင်မြို့နှင့် ဆက်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို သိမ်းခဲ့သည်။ ထို့အပြင် နမ့်ဖတ်ကာတွင်ရှိနေသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အခွန်ဂိတ်များကိုလည်း ဖယ်ရှားခဲ့သည်။
▪️ပါဝင်ဖက်အုပ်စုများ (Groups Involved)
MNDAA၊ TNLA၊ မြန်မာစစ်တပ်နှင့် တရုတ်နိုင်ငံ။
▪️အခြေအနေ/တိုးတက်မှု (Status/ Development)
MNDAA သည် ချင်းရွှေဟော်-သိန္နီ-လားရှိုးလမ်းကိုသာ ထိန်းချုပ်ထားရာမှ မတ်လ လေးရက်တိုက်ပွဲအပြီးတွင် TNLA နှင့် KIA ထိန်းချုပ်ထားသော မူဆယ်-ကွတ်ခိုင်-သိန္နီလမ်းကိုပါ သိမ်းယူထိန်းချုပ်ခဲ့သည် [ISP ညွှန်းပြမြေပုံ ၀၁၆/၂၀၂၆ (ISP-M2026- 016) ကို ရှုပါ]။ ထို့ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခနှင့်ဆက်နွှယ်သော စီးပွားရေးအခင်းအကျင်း၌ပါ MNDAA သည် အရေးပါသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်လာသည်။ ကာလအတန်ကြာ ရပ်ဆိုင်းနေသော နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် ဘက်အသီးသီး၏ ကြိုးပမ်းမှုများတွင်လည်း MNDAA သည် အဓိကဇာတ်ကောင်တဦး ဖြစ်လာသည်။
▪️သက်ရောက်မှုများ (Implications)
ရှမ်းပြည်နယ်မြောက်ပိုင်း၏ အခြေအနေသည် တနိုင်ငံလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပဋိပက္ခအခင်းအကျင်းအပေါ် သက်ရောက်မှုကြီးပါသည်။ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ရန် တရုတ်နိုင်ငံက ကမကထပြုပြီး ဦးမင်းအောင်လှိုင်အစိုးရနှင့် MNDAA ကြား ဆွေးနွေးကြမည့် သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ဖြစ်လာနိုင်သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်သည်နှင့် တပြိုင်နက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စီးပွားရေး စင်္ကြံစီမံကိန်းများအပါအဝင် ကျန်ဒေသများရှိ ဆက်စပ်စီမံကိန်းများ ဖော်ဆောင်ရေးကိုပါ တရုတ်နိုင်ငံက ပိုမိုတွန်းအားပေးလာနိုင်ခြေရှိနေသည်။ သို့သော် ပါဝင်ဖက်အသီးသီးအကြားတွင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ခွဲဝေမှုအပေါ် အငြင်းပွားမှုများနှင့် တိုက်ပွဲဖော်ဆောင်မှုများ ဆက်ရှိနေနိုင်သည်။


Political & Conflict Economy Tracker
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် MNDAA အဓိကဇာတ်ကောင် ဖြစ်လာ
