Photo – AFP
▪️ကာလ (Period)
၂၀၁၆ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ။
▪️ဒေသ (Regions)
မြန်မာနိုင်ငံတဝန်းလုံး။
▪️ဖြစ်စဉ်အကျဉ်း (Issues)
ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်1။ ယင်းအနက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ ဘီလီယံကျော်မှာ ပထမငါးနှစ်(၂၀၁၆-၂၀၂၀)တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံကျော်မှာ အာဏာသိမ်းမှုအလွန် ဒုတိယငါးနှစ်(၂၀၂၁-၂၀၂၅)တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒုတိယငါးနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆနီးပါး ထိုးကျသွားသည်ကို တွေ့ရသည်။
▪️ပါဝင်ဖက်အုပ်စုများ (Groups Involved)
စစ်ကော်မရှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ။
▪️အခြေအနေ/တိုးတက်မှု (Status/ Development)
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ (အထူးသဖြင့် တရုတ်နိုင်ငံ) ပိုမိုဝင်ရောက်လာစေရန် စစ်ကော်မရှင်က ဖိတ်ခေါ်နေသည်။ ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၇ ရာခိုင်နှုန်းမှာလည်း တရုတ်နိုင်ငံကဖြစ်သည်။ စစ်အာဏာမသိမ်းခင် ငါးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ စင်ကာပူနိုင်ငံက ဦးဆောင်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ တရုတ်နိုင်ငံက ဦးဆောင်ခဲ့သည်။ အခြားတဖက်တွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို စစ်ကော်မရှင်က တစုံတရာ မျှော်လင့်ခဲ့သော်လည်း မျှော်မှန်းသလောက် ဝင်ရောက်လာခဲ့ခြင်း မရှိပေ။
▪️သက်ရောက်မှုများ (Implications)
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အရေးယူပိတ်ဆို့မှုများ၊ စစ်ကော်မရှင်၏ မူဝါဒအပြောင်းအလဲများ၊ လုပ်ငန်းကြီးများထွက်ခွာသွားခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန်ရှိနေသော တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်စီမံကိန်းများအပေါ်တွင်ပါ သက်ရောက်မှုများ ရှိခဲ့သည်။ ရွေးကောက်ပွဲအလွန်တွင် ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန် စသော ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာနိုင်ခြေရှိသော်လည်း အကန့်အသတ်များ ဆက်ရှိနိုင်သည်။ သို့သော် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုများလာနိုင်သည်။ အထူးသဖြင့် ပဋိပက္ခအရှိန်လျော့ကျလာသော ဒေသများရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းများ ပိုမိုဖြစ်လာနိုင်သည်။


Political & Conflict Economy Tracker
စစ်အာဏာသိမ်းမှုအလွန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆထိုးကျ
အောက်ခြေမှတ်စု
- စစ်ကော်မရှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သော အချက်အလက်များကို အခြေခံ၍ တွက်ချက်ထားသည်။ ပိုင်းခြားစိစစ်ရာတွင် ဘဏ္ဍာနှစ်သတ်မှတ်ချက်အပေါ် အခြေခံတွက်ချက်ခြင်းမဟုတ်ဘဲ ပြက္ခဒိန်နှစ်အတိုင်း တွက်ချက်ထားခြင်းဖြစ်သည်။ ↩︎
