Tracker

ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် KNA ၏ ဖြစ်တည်မှု

ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှုများ ကျယ်ပြန့်လာချိန်တွင် KNA အပြောင်းအလဲက ပဋိပက္ခစီးပွားရေး ရှုပ်ထွေးလာသည့် ကရင်ပြည်နယ်အတွင်း သိသာထင်ရှားသော အရွေ့တခုဖြစ်ခဲ့သည်။
By ISP Admin | January 26, 2026

Photo – AFP


▪️ကာလ (Period)

၂၀၂၆ ခုနှစ် ဇန်နဝါရီလ။


▪️ဒေသ (Regions)

ကရင်ပြည်နယ်။


▪️ဖြစ်စဉ်အကျဉ်း (Issues)

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲရပ်တည်လိုက်သည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ရွှေကုက္ကိုမြိုင်ဒေသတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်များမှာလည်း BGF တပ်များနှင့်အတူ တပ်စွဲထားရာကနေ ဆုတ်ခွာသွားသည်။ ထိုနေရာကို  KNA က  ဆက်လက်ထိန်းချုပ်ထားသည်။ ဇန်နဝါရီ ၂၅ ရက်နောက်ဆုံးထား၍ မြဝတီမြို့ကနေဆုတ်ခွာရန် KNA တပ်များကို စစ်ကော်မရှင်က ညွှန်ကြားခဲ့သည်။ ထို့အပြင် စစ်ရေးတိုက်ခိုက်ခံရပါက ပြန်လည်တုံ့ပြန်ရန် စစ်ကော်မရှင်က ပြင်ဆင်နေသည်။


▪️ပါဝင်ဖက်အုပ်စုများ (Groups Involved)

ကရင်အမျိုးသားတပ်မတော် (KNA)နှင့် စစ်ကော်မရှင်။


▪️အခြေအနေ/တိုးတက်မှု (Status/ Development)

BGF ကို KNA အဖြစ် ပြောင်းလဲလိုက်သည့်ဖြစ်စဉ်၌ ရှုပ်ထွေးမှုများ ဆက်ရှိနေသည်။ တပ်နယ်လေးခုအနက် နှစ်ခုက KNA အဖြစ်ပြောင်းလဲရာတွင်ပါဝင်ခဲ့ပြီး ကျန်နှစ်ခုမှာ BGF အဖြစ် ဆက်လက်ရပ်တည်နေသည်။ သို့သော် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသောနေရာများ၌ KNA ၏ နယ်မြေထိန်းချုပ်မှု ပိုအားကောင်းလာသည်။ စစ်ကော်မရှင်အနေနှင့် KNA ၏ စစ်ရေးအကူအညီမရှိပါက မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မြဝတီဒေသကို ထိန်းချုပ်ရန် ခက်ခဲနိုင်သည်။ လက်ရှိတွင် မြဝတီမြို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကော်မရှင်နှင့်  KNA တို့က မျှဝေထိန်းချုပ်ထားသည့်သဘော တွေ့ရသည်။  မြဝတီနယ်စပ်စခန်းသို့သွားရာလမ်းကြောင်းများတွင် KNA တပ်များက ဖြန့်ကြက်နေရာယူထားသည်။ ထို့အပြင် ကုန်သွယ်မှုရပ်တန့်နေသော အမှတ်-၁ အာရှအဝေးပြေးလမ်းပိုင်းကို အစားထိုး ကူးသန်းနေသည့် ထို့ကော်ကိုးနှင့် ကြက်ဥတောင်လမ်းများကိုလည်း အခြားသော ကရင်လက်နက်ကိုင်အဖွဲ့များနှင့် KNA တို့က မျှဝေထိန်းချုပ်ထားသည်။


▪️သက်ရောက်မှုများ (Implications)

ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှုများ ကျယ်ပြန့်လာချိန်တွင် KNA အပြောင်းအလဲက ပဋိပက္ခစီးပွားရေး ရှုပ်ထွေးလာသည့် ကရင်ပြည်နယ်အတွင်း သိသာထင်ရှားသော အရွေ့တခုဖြစ်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးနှင့်ဆက်စပ်၍ စစ်ကော်မရှင်၏ ထိန်းချုပ်နိုင်စွမ်းကိုလည်း သက်ရောက်မှုရှိစေခဲ့သည်။ ယခုအပြောင်းအလဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း ပြန်ဖွင့်နိုင်ရေးမှာလည်း ပိုကြန့်ကြာသွားစေနိုင်သည်။ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ KNA တပ်စခန်းများကို စစ်ကော်မရှင်က လေကြောင်းအပြင် ဒရုန်းဖြင့်တိုက်ခိုက်မှုများရှိလာသဖြင့် KNA အပေါ် စစ်ရေးအရဖိအားပေးမှုများလည်း ဆက်ရှိလာနိုင်ပါသည်။




Political & Conflict Economy Tracker

ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် KNA ၏ ဖြစ်တည်မှု






Leave a Reply

Your email address will not be published. Required fields are marked *