Photo – AFP
▪️ကာလ (Period)
၂၀၂၆ ခုနှစ် ဇန်နဝါရီလ။
▪️သက်ဆိုင်သူများ (Stakeholders)
မြန်မာစစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များ။
▪️ဖြစ်စဉ်အကျဉ်း (Issues/activity)
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် DSA-32 ဆင်း ဒုတိယဗိုလ်ချုပ်ကြီး သုံးဦးကို အနားပေးလိုက်ပြီး စစ်တပ်၏စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များဖြင့် အစားထိုးခန့်အပ်လိုက်သည်။
▪️အခြေအနေ ဦးတည်ချက် (Status/trends)
ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလိုကလည်း စစ်တပ်၏ တတိယမျိုးဆက်ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခြောက်ဦးကို အနားပေးခဲ့သည့်အပြင် စစ်ဆင်ရေးအထူးအဖွဲ့မှူးများကိုလည်း အပြောင်းအလဲ လုပ်ခဲ့သည်။ ထို့နောက် ထိပ်ပိုင်းတွင်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး သုံးဦးကို ဆက်လက်အနားပေးခဲ့ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်အလွန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ရန် ရေပန်းစားနေသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA-35) ထက် စီနီယာကျသည့် စစ်ဗိုလ်ချုပ်ကြီးများကို ရာထူးများကနေ တောက်လျှောက်ဖယ်ရှားနေခြင်းဖြစ်သည်။ စစ်ဥပဒေချုပ်၊ စစ်ထောက်ချုပ်၊ စစ်ဦးစီးအရာရှိချုပ်(လေ)နှင့် စက်မှုလက်မှုအရာရှိချုပ်(ရေ)တို့ကလွဲ၍ ဦး၊ ရေး၊ ထောက် (စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်) လုပ်ငန်းစဉ်အားလုံးကို ဦးဆောင်ရသော စစ်ဆင်ရေးအထူးအဖွဲ့မှူးများနှင့် အရာရှိချုပ်အားလုံးနီးပါးအပြင် စစ်တိုင်းမှူးများမှာ စတုတ္ထမျိုးဆက်အရာရှိများ ဖြစ်လာကြသည်။ စစ်တပ်ထိပ်ပိုင်းတွင် စစ်ခေါင်းဆောင်စီမံသော စတုတ္ထမျိုးဆက်အကူးအပြောင်း ရုပ်လုံးပေါ်လာခြင်းဖြစ်သည်။
▪️သက်ရောက်နိုင်ခြေ (Implications)
စစ်ခေါင်းဆောင်သည် စစ်တပ်၏ မျိုးဆက်အကူးအပြောင်းကို စိတ်တိုင်းကျ အသေးစိတ် စီမံနေခြင်းဖြစ်သည်။ ၎င်း၏ ဆရာ-တပည့်ဆက်ဆံရေးအတွင်းက တပည့်ရင်းများကို နေရာပေးလာသည်။ စစ်တပ်အပေါ် စစ်ခေါင်းဆောင်၏ သြဇာလွှမ်းမိုးမှုမှာ ပို၍ခိုင်မာလာနိုင်ခြေရှိသည်။ အသက်အရွယ်နှင့် အပတ်စဉ်များစွာငယ်သော အရာရှိများက စစ်တပ်၏ ထိပ်ပိုင်းနေရာများကို လွှဲယူလာကြသဖြင့် နိုင်ငံတဝန်း စစ်ဆင်ရေးများနှင့် စစ်တပ်၏စုဖွဲ့မှုအပေါ်တွင်ပါ ရိုက်ခတ်မှုများ ရှိလာနိုင်သည်။
▪️ဆီလျော်မှု (Relevance)
ISP-Myanmar ၏ မြန်မာ့အခြေပြစစ်တမ်း (State of Myanmar)တွင် အကဲဖြတ်ခဲ့သည့်အတိုင်း စစ်တပ်ခေါင်းဆောင်မှု မျိုးဆက်အပြောင်းအလဲကို စစ်ခေါင်းဆောင်က (၎င်း အာဏာစက်ထက်သရွေ့) နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်လွှမ်းမိုး ထိန်းချုပ်သွားနိုင်ခြေရှိသည်။ ရွေးကောက်ပွဲအလွန် စစ်တပ်၏ စတုတ္ထမျိုးဆက်အပြောင်းအလဲမှာ ၂၀၂၆ ခုနှစ်တွင် စောင့်ကြည့်ရမည့် ဦးတည်လမ်းကြောင်း (Trend) တခုဖြစ်သည်။


Stakeholder Tracker
စစ်တပ်ထိပ်ပိုင်းတွင် စတုတ္ထမျိုးဆက်အရာရှိများ ဆက်တိုက်နေရာရလာ
