Photo – AFP
▪️ကာလ (Period)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် မတ် ၂ ရက်အထိ။
▪️သက်ဆိုင်သူများ (Stakeholders)
နိုင်ငံရေးအမှုများကနေ လွတ်ငြိမ်းသက်သာခွင့်ရသူများနှင့် စစ်ကော်မရှင်။
▪️ဖြစ်စဉ်အကျဉ်း (Issues/activity)
၂၀၂၆ ခုနှစ် မတ် ၂ ရက်တွင် ထောင်ချထားသူများအပါအဝင် အမှုဖွင့်တရားစွဲဆိုထားသူ ၂၂,၆၄၉ ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုအထဲတွင် ၁၉,၈၂၄ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများနှင့် တိမ်းရှောင်နေရသူများ ပါဝင်သည်။
▪️အခြေအနေဦးတည်ချက် (Status/trends)
ငါးနှစ်အတွင်း စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့် အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းနှင့် အမှုရုပ်သိမ်းခြင်းများ လုပ်ခဲ့သည်။ နိုင်ငံရေးအမှုများကနေ လွတ်ငြိမ်းသက်သာခွင့်ရသူ ၂၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိခဲ့သည် [ISP ဒေတာအချက်အလက် ၀၂၃/၂၀၂၆ (ISP-DM2026-023)ကိုရှုပါ]။ ထူးခြားမှုအနေဖြင့် အမှုရင်ဆိုင်နေရဆဲနှင့် တိမ်းရှောင်နေရသူများကို အလုံးအရင်းဖြင့် အမှုပိတ်သိမ်းသောဖြစ်စဉ်မှာ လေးလအတွင်း နှစ်ကြိမ်ရှိလာသည်။ ရွေးကောက်ပွဲမတိုင်မီ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ ၅,၅၈၀ ဦး (တိမ်းရှောင်နေရသူများအပါအဝင်)ကို အမှုပိတ်သိမ်းပေးခဲ့ခြင်းနှင့် ရွေးကောက်ပွဲအပြီးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)တို့ဖြင့် အမှုဖွင့်ခံထားရသူ ၁၂,၄၈၇ ဦး(တိမ်းရှောင်နေရသူများအပါအဝင်)ကို အမှုပိတ်ပေးခဲ့ခြင်းဖြစ်သည်။ ငါးနှစ်အတွင်း နိုင်ငံရေးအမှုများကနေ လွတ်ငြိမ်းသက်သာခွင့်ရသူပေါင်း ၃၅,၀၀၀ ကျော်ရှိခဲ့သည့်အနက် အမှုရုပ်သိမ်းပေးသဖြင့် လွတ်မြောက်သူ ၂၂,၄၀၀ နီးပါး (၆၃ ဒသမ ၅ ရာခိုင်နှုန်း)ရှိခဲ့သည် [ISP ဒေတာအချက်အလက် ၀၂၄/၂၀၂၆ (ISP-DM2026-024) ကိုရှုပါ]။
▪️သက်ရောက်နိုင်ခြေ (Implications)
ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီး အလုံးအရင်းဖြင့် အမှုရုပ်သိမ်းမှုများသည် လူသားချင်းစာနာမှုရှုထောင့်ထက်ပိုသော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်များနှင့်နှီးနွှယ်ပြီး အမှုဖွင့်ခံရခြင်းနှင့် စိုးရိမ်မှုများကြောင့် ပြည်ပသို့ တိမ်းရှောင်နေရသူများ ပြည်တွင်းသို့ ပြန်ဝင်လာစေရန် ဆွဲဆောင်မှုတခု ဖြစ်ခဲ့သည်။ တဖက်တွင်လည်း ပြည်ပနိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် ခဲယဉ်းလာခြင်းအပြင် ပြည်ပနိုင်ငံများ၌ (တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ) ကာလရှည်နေထိုင်ခွင့်အတွက် အခက်ကြုံလာခြင်းတို့နှင့်လည်း တိုက်ဆိုင်နေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြားကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သောကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအရ အဖြေရှာမှုများမှာ အခက်ကြုံနေဦးမည်ဖြစ်သည်။


Stakeholder Tracker
အလုံးအရင်းဖြင့် အမှုပိတ်သိမ်းခြင်းကို လေးလအတွင်း နှစ်ကြိမ်လုပ်ခဲ့
