Photo – AFP
▪️ကာလ (Period)
၂၀၂၆ ခုနှစ် မတ် ၁၆ ရက်ကနေ ဧပြီ ၂၃ ရက်အထိ။
▪️သက်ဆိုင်သူများ (Stakeholders)
လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ။
▪️ဖြစ်စဉ်အကျဉ်း (Issues/activity)
စစ်ကော်မရှင်ကပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် လွှတ်တော်နှစ်ရပ်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် ရေးရာကော်မတီ ၁၁ ခုကို ဖွဲ့စည်းခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ရေးရာကော်မတီ လေးခုစီနှင့် ပြည်ထောင်စုလွှတ်တော်တွင် ပူးပေါင်းကော်မတီ သုံးခု ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီများကို ဦးဆောင်မည့် ဥက္ကဋ္ဌ ၁၁ နေရာအနက် ခုနစ်နေရာကို စစ်ခေါင်းဆောင်ဟောင်း သမ္မတဦးမင်းအောင်လှိုင်၏ လူယုံများက နေရာယူထားသည်။
▪️အခြေအနေဦးတည်ချက် (Status/trends)
ဦးမင်းအောင်လှိုင်သည် ၎င်း၏အာဏာစက်ခိုင်မာစေရန် အုပ်စိုးမှုစနစ်၏ အဓိကထောက်တိုင်လေးခုဖြစ်သော တပ်မတော်၊ အစိုးရ၊ လွှတ်တော်နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)တို့ကို ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ပြင်ဆင်နေသည် [ISP Outlook အမှတ်-၁ ၊ ‘နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း၊ အုပ်စိုးမှုစနစ် ဣရိယာပုတ်အပြောင်းအလဲနှင့် စောင့်ကြည့်ရမည့် ဟန်ချက်လေးရပ်’ ကိုရှုပါ]။ လွှတ်တော်ရေးရာကော်မတီများကို ဦးဆောင်မည့် ဥက္ကဋ္ဌနေရာ အများစုတွင် ဦးမင်းအောင်လှိုင်၏ လူယုံများ နေရာရလာခြင်းက လွှတ်တော်ကို ထိန်းချုပ်ထားနိုင်ရန် ပြင်ဆင်နေကြောင်း ပေါ်လွင်စေသည့် အထောက်အထားတရပ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ပြည်သူ့ငွေစာရင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီကဲ့သို့အရေးပါသည့်ကော်မတီများကို ဦးမင်းအောင်လှိုင်၏ လူယုံများကသာ ဦးဆောင်ကြမည်ဖြစ်သည်။
▪️သက်ရောက်နိုင်ခြေ (Implications)
လွှတ်တော်ကော်မတီများသည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိန်းကျောင်းမည့် လွှတ်တော်လုပ်ငန်းစဉ်များထဲတွင် အရေးပါသော အစိတ်အပိုင်းများဖြစ်သည်။ အဆိုပါ လွှတ်တော်ကော်မတီများကို ဦးဆောင်မည့် ဥက္ကဋ္ဌနေရာများတွင် ၎င်း၏လူယုံများကို ထားခြင်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှတ်တော်၏ ထိန်းကျောင်းနိုင်စွမ်းကို ကြိုတင်ကန့်သတ်လိုက်မည့်သဘော ဆောင်ပါသည်။ ISP-Myanmar က အကဲဖြတ်ထားသည့်အတိုင်း ဦးမင်းအောင်လှိုင်သည် အုပ်စိုးမှုစနစ်၏ ထောက်တိုင်လေးခုစလုံးကို ထိန်းချုပ်ပြီး ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ပုံစံ (a personalist regime or sultanistic regime type) အုပ်ချုပ်မည့်သွင်ပြင်မှာ ပို၍ပေါ်လွင်လာနိုင်သည်။


Stakeholder Tracker
လွှတ်တော်ကော်မတီအများစု၌ စစ်ခေါင်းဆောင်၏ လူယုံများ နေရာယူထား
