Photo – AFP
▪️ကာလ (Period)
၂၀၂၅ ခုနှစ် ဧပြီမှ ဇူလိုင် ၃၀ ရက်အထိ။
▪️သက်ဆိုင်သူများ (Stakeholders)
ဦးမင်းအောင်လှိုင်အစိုးရ၊ မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ။
▪️ဖြစ်စဉ်အကျဉ်း (Issues/activity)
၂၀၂၆ နှစ် ဇွန် ၂၀ ရက်တွင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ အရေးပါသောခမ်းပါတ်မြို့ကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူခဲ့သည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း မြန်မာစစ်တပ်သည် မြို့ရှစ်မြို့ကို ပြန်သိမ်းခဲ့ပြီး နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်ဆင်များ ဖော်ဆောင်လျက်ရှိသည်။
▪️အခြေအနေ ဦးတည်ချက် (Status/trends)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသော လက်နက်ကိုင် ပဋိပက္ခများအတွင်း မြို့ပေါင်း ၁၀၁ မြို့ကို မြန်မာစစ်တပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် လေးမြို့၊ ၂၀၂၅ ခုနှစ်တွင် ၁၀ မြို့နှင့် ယခုနှစ်အတွင်း ရှစ်မြို့ စုစုပေါင်း ၂၂ မြို့ကို တော်လှန်ရေးတပ်များထံမှ ပြန်လည်သိမ်းယူခဲ့သည်။ ထိုနယ်မြေများသည် အကျယ်အဝန်းအားဖြင့် မကြီးမားသော်လည်း လက်နက်ခဲယမ်းသယ်ယူရေးနှင့် တပ်ဖြန့်ခွဲရေးအတွက် ဗျူဟာမြောက်အရေးပါသော အဓိကလမ်းကြောင်းများ ဖြစ်နေသည်။
▪️သက်ရောက်နိုင်ခြေ (Implications)
စစ်ရေးအတွက် အဓိကကျသော ဗျူဟာမြောက်နယ်မြေများအား မြန်မာစစ်တပ်က ပြန်လည်ထိန်းချုပ်ခြင်းအားဖြင့် တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေဆက်စပ်မှုနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်တားဆီးနိုင်ခြေရှိသည်။ တော်လှန်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားနိုင်စွမ်းနှင့် နယ်မြေထိန်းချုပ်နိုင်စွမ်းအပေါ် သက်ရောက်မှုလည်း ရှိလာနိုင်သည်။ ဦးမင်းအောင်လှိုင် သမ္မတတာဝန်ယူပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် ၎င်းတို့ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးသော နယ်မြေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိရာဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးများ ပြုလုပ်လာသည်။ အကျိုးဆက်အားဖြင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် သယံဇာတ တူးဖော်မှုများရှိရာ ဒေသများတွင် စစ်ရေး ပိုမိုပြင်းထန်လာနိုင်သည်။
▪️ဆီလျော်မှု (Relevance)
ISP-Myanmar ၏ မြန်မာ့အခြေပြစစ်တမ်းတွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်သည် မဟာဗျူဟာမြောက် ပြင်ဆင်နိုင်စွမ်းဖြင့် စစ်ရေးအရှိန်မြှင့်ကာ ဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းယူလာနေသည်။ တပြိုင်နက်တည်းတွင် PDF များကို ‘အလင်းဝင်ရန်’ဟု စည်းရုံးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ခွဲထုတ်၍ တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးလမ်းကြောင်းပေါ်သို့ တွန်းပို့လျက်ရှိသည်။ ဦးမင်းအောင်လှိုင်အစိုးရ၏ ယခုခြေလှမ်းများသည် ၎င်းတို့ကြိုးပမ်းနေသည့် အပစ်ရပ်စာချုပ်များမတိုင်မီ အကြိုညှိနှိုင်းမှုများအပေါ် မည်မျှသက်ရောက်နိုင်မည်ကို ဆန်းစစ်နိုင်မည်ဖြစ်သည်။


ISP Stakeholder Tracker
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပြင်းထန်လာနိုင်
