RESEARCH

တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးဆန်းစစ်ချက် – အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူဘောင်တွေကို အခြေခံကျကျ ပြန်မပြင်နိုင်ရင် မြန်မာနိုင်ငံဟာ စစ်တပ်ဦးဆောင်တဲ့ အာဏာရှင်စနစ်အဆိုးကျော့သံသရာထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားနိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်မယ့် အခွင့်အလမ်းကို ထပ်မံလက်လွှတ်ရမယ့်ဘေးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
By ISP Admin | July 21, 2026

Photo – AFP


ISP-Myanmar က  ‘တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးဆန်းစစ်ချက်၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်’စာတမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၃ ရက်တွင် အင်္ဂလိပ်ဘာသာနှင့် ကနဦး ထုတ်ဝေခဲ့သည်။ ယင်းနောက် မြန်မာဘာသာပြန်ဆိုချက်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ထုတ်ဝေပါသည်။ စာတမ်းပါ သုတေသနဆန်းစစ်ချက်များမှာ ISP-Myanmar ၏ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာမှုများထဲမှ တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar က အထူးပြုလေ့လာနေသော သုတေသနနယ်ပယ်များနှင့် ဆက်စပ်မှုများအား အခြေပြု၍ (၁) Tracker (၂) Situation Brief (၃) Policy Brief (၄) ISP OnPoint    (၆) The State of Myanmar (၇) ‘ISP နှင့်အတူ မိနစ် ၃၀’ ဆွေးနွေးမှုအစီအစဉ် စသည်တို့ကိုလည်း စဉ်ဆက်မပြတ်ထုတ်ဝေဖြန့်ချိနေပါသည်။ အဆိုပါထုတ်ဝေမှုများအား ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


▪️အနှစ်ချုပ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကနေ ၂၀၂၆ ခုနှစ် မတ်လအထိ မြန်မာနိုင်ငံအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အခင်းအကျင်းမှာ ဖြစ်လာတဲ့ အပြောင်းအလဲတွေကို ဆန်းစစ်လေ့လာထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟာ သူတို့ ရည်ရွယ် ရွေးချယ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) နဲ့ တဖွဲ့ချင်းအပစ်ရပ်ရေးဗျူဟာကို ချမှတ်ကျင့်သုံးခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်ကနေ စနစ်တကျသွေဖည်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအစီအမံတွေမှာ နိုင်ငံရေးဆိုင်ရာအနှစ်သာရ ကင်းမဲ့နေသလို အင်အားစု အစုံအလင် မပါနိုင်တဲ့အတွက် ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့၊ ဒါမှမဟုတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ဦးတည်တဲ့ အသွင်ကူးပြောင်းမှုအဖြစ် မှတ်ယူလို့ မရနိုင်ပါဘူး။ ပဋိပက္ခစီမံခန့်ခွဲရေး၊ အတိုက်အခံအုပ်စုတွေ အကွဲကွဲအပြားပြား ဖြစ်နေစေရေးနဲ့ စစ်အုပ်ချုပ်မှုခိုင်မာစေရေး စတာတွေအတွက် တဖွဲ့ချင်းနဲ့အပစ်ရပ်ရေးကို မြန်မာစစ်တပ်က လက်နက်သဖွယ်အသုံးချနေတယ်လို့ ဆိုရပါမယ်။ 

ဒီဆန်းစစ်ချက်မှာ Horowitz ရဲ့ သွေးခွဲအုပ်ချုပ်ခြင်းသီအိုရီ (Theory of Divide and Rule)၊ Darby နဲ့ Mac Ginty တို့ရဲ့ အင်အားစုအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မိုဒယ် (Model of Inclusive Peace Process)၊ Zartman ရဲ့ ပဋိပက္ခရင့်မှည့်ခြင်း သီအိုရီ (Ripeness Theory) နဲ့ Mampilly ရဲ့ Rebel Governance စတဲ့ သီအိုရီမူဘောင်တွေကို အခြေခံပြီး အခန်းလေးခန်းနဲ့ ဆန်းစစ်ထားပါတယ်။ အခန်း (၂.၁) မှာ တဖွဲ့ချင်းသဘောတူညီချက်တွေ (bilateralism) က NCA ရဲ့ နိုင်ငံရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ဘယ်လို အစားထိုးနေရာယူလာကြောင်းနဲ့ နိုင်ငံရေးအနှစ်သာရကင်းမဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပုံစံဆီကို ဦးတည်သွားနေကြောင်းကို လေ့လာထားပါတယ်။ အခန်း (၂.၂) မှာ SAC က ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အချို့ကို တစုံတရာ အခွင့်အရေးပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေဘက်က ရပ်တည်သူတွေကို ဘေးဖယ်ထုတ်တဲ့ သွေးခွဲအုပ်ချုပ်ရေးနည်းဗျူဟာတွေကို အသုံးချတဲ့အခါ တော်လှန်ရေးအင်အားစုတွေကို အားနည်းသွားစေတဲ့ အကြောင်းတွေကို ဖော်ပြထားပါတယ်။ အခန်း (၂.၃) မှာ အိမ်နီးချင်းနိုင်ငံတွေ (အထူးသဖြင့် တရုတ်နိုင်ငံ)ရဲ့ အခန်းကဏ္ဍကို စူးစမ်းလေ့လာခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ ဗျူဟာမြောက်အကျိုးစီးပွားကို ဦးစားပေးတဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နေမှုကို လေ့လာထားပါတယ်။။ အခန်း (၂.၄) မှာ အဲဒီလို အပစ်အခတ်ရပ်စဲရေးတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ထဲကနေ ခွဲထုတ်ပြီး SAC ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအခန်းကဏ္ဍမှာပဲ အကန့်အသတ်နဲ့ထားတာဟာ EAO တွေရဲ့ အုပ်ချုပ်ရေးဆိုင်ရာအမူအကျင့်တွေကို ဘယ်လိုပြောင်းလဲလာစေတယ်ဆိုတာကို လေ့လာထားပါတယ်။

အာဏာသိမ်းမှုအလွန် အပစ်အခတ်ရပ်စဲရေးတွေဟာ ပဋိပက္ခထိန်းချုပ်ရေး၊ အတိုက်အခံအင်အားစုတွေကို သိမ်းသွင်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို အချိန်ဆွဲ ကြန့်ကြာစေဖို့အတွက် အသုံးချခံနေရပုံကို ဆန်းစစ်ချက်ရဲ့ အခန်းတိုင်းမှာ တင်ပြထားပါတယ်။ ဒီအခြင်းအရာတွေဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခြင်းမရှိတဲ့အပြင် တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေးပျက်ပြားတာ၊ နိုင်ငံရေးအရ စွမ်းဆောင်နိုင်ရည် လျော့ ကျတာနဲ့ အာဏာရှင်စနစ်အမြစ်တွယ်တာ စတာတွေကို ဖြစ်စေပါတယ်။ SAC ရဲ့ အပစ်ရပ်စဲရေးဗျူဟာက လိုအပ်ချက်များစွာ ရှိနေပါတယ်။ အားလုံးပါဝင်နိုင်မှုကို ရှေးရှုတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကနေ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ရေရှည်ပဋိပက္ခရဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမယ့်အစား တော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်စီမံနိုင်ဖို့သာ ရည်မှန်းထားတဲ့ အာဏာရှင်စနစ် ပဋိပက္ခစီမံခန့်ခွဲမှု (authoritarian conflict management) အဖြစ် ပြောင်းလဲဖော်ဆောင်လာတယ်လို့ ဆိုရပါမယ်။

အာဏာသိမ်းမှုအလွန် အပစ်အခတ်ရပ်စဲရေးတွေဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုသော်လည်းကောင်း၊ ဖက်ဒရယ်ဒီမိုကရေစီကိုသော်လည်းကောင်း အားမပေးပါဘူး။ အပစ်ရပ်အခင်းအကျင်းကို အခြေခံကျတဲ့ ပြောင်းလဲမှုတွေမလုပ်ဘဲ ပဋိပက္ခကိုထိန်းချုပ်ဖို့နဲ့ စစ်အုပ်ချုပ်ရေး အဓွန့်ရှည်စေဖို့အတွက် စီမံထားတဲ့ ဗျူဟာမြောက်ကိရိယာအဖြစ်ပဲ ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာမူဘောင်တွေကို အခြေခံကျကျ ပြန်မပြင်နိုင်ရင် မြန်မာနိုင်ငံဟာ စစ်တပ်ဦးဆောင်တဲ့ အာဏာရှင်စနစ်အဆိုးကျော့သံသရာထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားနိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်မယ့် အခွင့်အလမ်းကို ထပ်မံလက်လွှတ်ရမယ့်ဘေးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။



တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးဆန်းစစ်ချက်
အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်






Leave a Reply

Your email address will not be published. Required fields are marked *