Photo-AFP
‘မှန်အိမ် မီးစာမြှင့်ထားတယ်’ လူမှုစီးပွားအကျပ်အတည်းနှင့် လူထု၏ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း စစ်တမ်းတွေ့ရှိချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းတွင် ပါဝင်သော အကြောင်းအရာများသည် ISP-Myanmar ၏ လူမှုစီးပွားဆိုင်ရာလေ့လာမှု (Socioeconomic Studies) သုတေသနပြု လေ့လာချက်များထဲက တစိတ်တပိုင်း ဖြစ်ပါသည်။ ခေါင်းစဉ်ဖြစ်သော ‘မှန်အိမ် မီးစာမြှင့်ထားတယ်’ စာသားသည် မောင်လှဝင်း(မြင်းခြံ)၏ ‘သားလာမယ့်လမ်း’ကဗျာကို စာရေးဆရာနိုင်ဝင်းဆွေက ‘မှန်အိမ် မီးစာမြှင့်ထားတယ်’ အမည်ဖြင့် ပြန်လည်ဖန်တီးခဲ့သော တိပ်ခွေဇာတ်လမ်းခေါင်းစဉ်ကနေ ရယူထားခြင်းဖြစ်ပါသည်။
▪️ စစ်တမ်းတွေ့ရှိချက်အကျဉ်း
စစ်ရေးပဋိပက္ခကိုအခြေခံသော ကုန်သွယ်လမ်းကြောင်းပိတ်ဆို့မှုများနှင့် ပြည်သူများအပေါ် သက်ရောက်မှုကို လေ့လာနိုင်ရန် စစ်တမ်းတခုကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း၌ ISP-Myanmar က ကောက်ယူခဲ့ပါသည်။ ထိုစစ်တမ်းကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၅ ခုရှိ မြို့နယ် ၈၅ မြို့နယ်က ပြည်သူ ၁,၀၁၅ ဦး ပါဝင်ဖြေဆိုခဲ့သည်။
စစ်တမ်းတွေ့ရှိချက်များအရ ကုန်သွယ်လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ပြည်တွင်း၌ နေ့စဥ်သုံး လူသုံးကုန်ပစ္စည်းများနှင့် အခြေခံဆေးဝါးများ ပြတ်လပ်သွားခဲ့သည့်အပြင် စျေးနှုန်းများမှာလည်း တဆခွဲ၊ နှစ်ဆအထိ မြင့်တက်သွားခဲ့သည်။ အချို့သောနေရာများတွင် သုံးဆ၊ လေးဆအထိပင် စျေးတက်သွားခဲ့သည်။ ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်မှုများလည်းရှိခဲ့ပြီး ဆေးဝါးပြတ်လပ်ခြင်း၊ စျေးတက်ခြင်း၊ ဆေးရုံ၊ ဆေးခန်းသွားရန် ခက်ခဲခြင်းများလည်း ဖြစ်ခဲ့သည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် ရိုက်ခတ်မှုများရှိခဲ့ပြီး အလုပ်အကိုင်ပြောင်းရခြင်း၊ ဝင်ငွေကျဆင်းခြင်းများလည်း ဖြစ်ခဲ့ရသည်။ အခက်အခဲနှင့် အကျပ်အတည်းများကို ဖြေရှင်းရာတွင် ချွေတာခြင်း၊ အသားငါး လျှော့စားခြင်း စသည်တို့ဖြင့် ကိုယ်ထူကိုယ်ထဖြေရှင်းနေရသည်။ ဒေသခံပရဟိတအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် ရုန်းကန်ရင်ဆိုင်နေရခြင်းများလည်းရှိသည်။
စစ်ကော်မရှင်(SSPC)၏ စီးပွားရေးမူဝါဒအလွဲ၊ စီမံခန့်ခွဲမှုအမှားများက စီးပွားရေးစနစ်ကြီးတခုလုံးကို အလျဉ်ပြတ်စေခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် လူမှုစီးပွားဒုက္ခများစွာကို လူထုက ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေကို စစ်ကော်မရှင်၏ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ၊ စစ်ကော်မရှင်က ဖွဲ့စည်းထားသော လူမှုရေးအသင်းအဖွဲ့များကလည်း ကူညီဖြေရှင်းပေးနိုင်စွမ်း နည်းပါးသည်ကို တွေ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ(PDFs/LPDFs)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ၏ ကူညီဆောင်ရွက်ပေးနိုင်စွမ်းမှာလည်း အကန့်အသတ်များစွာ ရှိနေသည်။
ကုန်စျေးနှုန်းတက်ခြင်း၊ အလုပ်အကိုင်မကောင်းခြင်းတို့ကြောင့် တနှစ်ထက်တနှစ် ဖူလုံလာသည်ဟု မခံစားရကြောင်း စစ်တမ်း၌ ပါဝင်ဖြေဆိုကြသူများက ပြောခဲ့သည်။ အာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယွင်းလာသော အခြေအနေများအကြားတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လုံခြုံစွာရှင်သန်နိုင်ရေးကို ပြည်သူများက အဓိကတောင့်တနေကြသည်။ သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ရှုမြင်သုံးသပ်ရာ၌ ‘ဆက်လက်ရုန်းကန်နိုင်ဦးမည်’ဟု စစ်တမ်းဖြေဆိုသူထက်ဝက်က ယူဆထားသည်။ သို့သော် ‘မျှော်လင့်ချက်မဲ့ အခြေအနေပါပဲ’ဟု ဖြေခဲ့သူများစွာလည်းရှိနေပြီး ‘ပိုကောင်းလာလိမ့်မည်’ဟု ဖြေသူ အနည်းငယ်သာ ရှိပါသည်။
ယခုကောက်ယူခဲ့သော စစ်တမ်းတွေ့ရှိချက်များသည် ကနဦးလေ့လာမှုသာဖြစ်ပြီး အပြီးအပြတ်သဘောမဟုတ်သည်ကို သတိပြုရပါမည်။ ယခုထက် ပိုမိုပြည့်စုံပြီး လွှမ်းခြုံမှုအားကောင်းသော လူမှုစီးပွားသုတေသနပြု လေ့လာချက်စစ်တမ်းများကို လုပ်ဆောင်ရန်လို အပ်ပေဦးမည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’ (30 Minutes with the ISP) အစီအစဉ်တွင်လည်း ယခုစစ်တမ်းပါ အချက်အလက်များကိုအခြေခံ၍ သုတေသနဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ‘ရှိသင့်တဲ့ အားနဲ့မာန်၊ ဟန်နိုင်မှ’-ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့သောလမ်းများနှင့် လူမှုစီးပွားဒဏ်ကိုတောင့်ခံနေသည့် ပြည်သူများ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ထိုဆွေးနွေးပွဲကို ISP-Myanmar ဝက်ဘ်ဆိုက်နှင့် YouTube Channel တို့တွင် ကြည့်ရှုနိုင်ပါသည်။
▪️ စစ်တမ်းဖြေဆိုမှုဆိုင်ရာ အချက်အလက်များ
ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁,၀၁၅ ဦး ရှိခဲ့သည်။ ၅၇ ရာခိုင်နှုန်း (၅၇၉ ဦး)သည် အမျိုးသမီးများဖြစ်သည်။ ၄၁ ရာခိုင်နှုန်း (၄၁၇ ဦး)မှာ အမျိုးသားများဖြစ်ပြီး အခြားနှစ်ရာခိုင်နှုန်း (၁၉ ဦး) ရှိခဲ့သည်။ စစ်တမ်းကောက်ယူရာတွင် မြို့ပြ၊ ကျေးလက်၊ နယ်စပ်ဒေသနှင့် ဒုက္ခသည်စခန်းများကိုပါ လွှမ်းခြုံနိုင်အောင် မေးမြန်းခဲ့သည်။ အသက်အုပ်စုအနေဖြင့် ၁၈ နှစ်နှင့်အထက် ရှိသူများကို မေးမြန်းခဲ့ပါသည်။ ပါဝင်ဖြေဆိုသူများတွင် အသက် ၂၆ နှစ်ကနေ ၄၀ နှစ်အတွင်းက အများဆုံးဖြစ်ပြီး ၄၁ နှစ်ကနေ ၆၀ နှစ်အတွင်းက ဒုတိယအများဆုံးဖြစ်သည်။ စစ်တမ်းဖြေဆိုသူများထဲတွင် မိသားစုဝင်ငွေ တလလျှင် ပျမ်းမျှ ကျပ်လေးသိန်းနှင့် ခြောက်သိန်းအကြားရှိသူ ၂၄ ရာခိုင်နှုန်း (၂၄၂ ဦး)၊ ကျပ်နှစ်သိန်းနှင့် လေးသိန်းအကြားရှိသူ ၂၀ ရာခိုင်နှုန်း (၂၀၈ ဦး)နှင့် ကျပ် ၁၀ သိန်းနှင့်အထက်ရှိသူ ၁၈ ရာခိုင်နှုန်း (၁၈၆ ဦး)တို့ ပါဝင်ခဲ့သည်။ စစ်တမ်းတွေ့ရှိချက်များကို အပိုင်းငါးပိုင်းခွဲ၍ ဖော်ပြသွားပါမည်။
➤ စစ်တမ်းအပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

‘မှန်အိမ် မီးစာမြှင့်ထားတယ်’ – လူမှုစီးပွားအကျပ်အတည်းနှင့် လူထု၏ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း စစ်တမ်းတွေ့ရှိချက်
