Photo – AFP
‘ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက်’ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)က ထုတ်ဝေပါသည်။ ISP-Myanmar က လုပ်ဆောင်နေသော သုတေသနနယ်ပယ်နှင့် ဆက်စပ်မှုရှိခြင်းကို အခြေပြုပြီး (၁) Tracker (၂) Situation Brief (၃) Policy Brief (၄) Flash Update (၅) ISP On Point (၆) The State of Myanmar (၇) ‘ISP နှင့်အတူ မိနစ် ၃၀’ ဆွေးနွေးမှုအစီအစဉ်တို့ကိုလည်း စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိနေပြီး ISP-Myanmar ၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
▪️အကျဉ်းချုပ်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန်မှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ပဋိပက္ခစီးပွားရေးကလည်း နိုင်ငံအနှံ့မှာ ကျယ်ပြန့်လာပါတယ်။ ဒီထဲကမှ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း(ရှမ်းမြောက်)အတွင်းက ပဋိပက္ခစီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး ကနဦးလေ့လာမှုအဖြစ် ISP-Myanmar က သုတေသနပြုလေ့လာနေပါတယ်။ လက်ရှိမှာ ပဋိပက္ခဟာ တိုက်ပွဲ (battle) တွေအဆင့်မှာ ဗုံလုံတလှည့် ငါးပျံတလှည့် ဖြစ်နေနိုင်သေးပေမဲ့ စစ်ပွဲ (war) အဆင့်မှာတော့ တဖက်ဖက်က အပြတ်မနိုင်တော့တဲ့၊ ဘယ်သူမှ ယတိပြတ်မရှုံးနိုင်တော့ဘူး (stalemate) ဆိုတဲ့ အခြေဆိုက်သွားပြီလို့ သုံးသပ်နိုင်ပါတယ်။ ဒါကြောင့် ပြဒါးတလမ်းသံတလမ်း သူနိုင်ကိုယ်ရှုံး (zero-sum) အခြေအနေကို ဆက်ပြီးဦးတည်နေမလား၊ ဒါမှမဟုတ် စီးပွားရေးမက်လုံး (ဝါ) အကျိုးအမြတ်တွေကတဆင့် ပဋိပက္ခကို လျှော့ချဖို့နဲ့ နိုင်ငံရေးအရအဖြေရှာဖို့ဆိုတဲ့ နည်းလမ်းတွေရော ဖြစ်လာတော့မလား စတဲ့ ကနဦးယူဆချက်အပေါ် အခြေခံပြီး ဒီလေ့လာမှုတွေကို လုပ်နေတာပါ။ ရှမ်းမြောက်အခြေအနေကတော့ ကရင်ပြည်နယ်နဲ့ မတူပါဘူး။ တရုတ်နိုင်ငံဟာ ရှမ်းမြောက်ဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးအပေါ် သူ့ရဲ့ ဩဇာလွှမ်းမိုးနိုင်မှုကိုသုံးပြီး နယ်စပ်ဒေသ တည်ငြိမ်ဖို့အတွက် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)တွေအကြား အပစ်ရပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ စီးပွားရေးမက်လုံး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အခြေခံတဲ့ ပဋိပက္ခလျှော့ချရေး အစီအစဥ်တခုကိုလည်း စတင်ခဲ့ပါတယ်။
ရှမ်းမြောက်မှာ မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ နယ်စပ်ဂိတ်တွေ၊ ကုန်သွယ်ရေးစခန်းတွေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနေရာတွေ စတဲ့ အခြေခံအဆောက်အအုံတွေကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ မဟာမိတ်တပ်တွေက အများဆုံး ထိန်းချုပ်ထားပါတယ်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါမှု မြင့်မားတဲ့ လမ်းမကြီးတွေကိုလည်း EAOs တွေက ဆက်လက်ထိန်းချုပ်ထားပါတယ်။ ရှမ်းမြောက်မှာ EAOs အဖွဲ့တွေအကြား အကျိုးအမြတ်ခွဲဝေမှု ထပ်တူကျတဲ့နေရာကတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ် ဖြစ်ပါတယ်။ ဒါတင်မက စီးပွားရေးအရရော၊ တရုတ်နိုင်ငံအတွက်ရော၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အတွက်ပါ အရေးပါနေတဲ့ သတ္တုတွင်းတွေကိုလည်း EAOs တွေက ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်နေတဲ့ ပဋိပက္ခလျှော့ချထိန်းချုပ်ရေး လုပ်ငန်းစဥ်ကပဲ ရှမ်းမြောက်အခင်းအကျင်းကို ပုံဖော်သွားမယ့်အနေအထား ဖြစ်ပါတယ်။ MNDAA နဲ့ မြန်မာစစ်တပ်အကြား ကနဦးသဘောတူညီမှုတွေကိုကြည့်ရင် နယ်စပ်ကုန်သွယ်မှုကို ပြန်လည်အသက်သွင်းနိုင်ရေးအပြင် နယ်မြေတည်ငြိမ်ရေးအတွက် အုပ်ချုပ်ရေးနယ်မြေ ခွဲဝေပိုင်းခြားသတ်မှတ်တာ (territorial partitioning) ကိုလည်း မြင်ရပါတယ်။ ဒါဟာ အိမ်နီးချင်း တရုတ်နိုင်ငံက ဖြစ်စေချင်တဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးပုံစံမျိုးလား၊ ဒါမှမဟုတ် ပဋိပက္ခလျှော့ချရေးပုံစံလားလို့ ယူဆစရာဖြစ်ပါတယ်။ တချို့ EAOs တွေအပေါ် မြန်မာစစ်တပ်ဘက်က အသာစီး အပေးအယူလုပ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်လာနိုင်ပါတယ်။ နယ်မြေထိန်းချုပ်မှု အပြိုင်အဆိုင်ဖြစ်နေတဲ့ နေရာတွေ၊ သယံဇာတကြောင့် အငြင်းပွားမှုရှိနေတဲ့ နေရာတွေ၊ ပထဝီနိုင်ငံရေးအရ အကျိုးစီးပွားရှိတဲ့ နေရာတွေမှာ EAOs တွေအချင်းချင်းကြား ပဋိပက္ခမီးတောက်လောင်မယ့် အခြေအနေတွေလည်း ရှိနေနိုင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက်
