Photo – AFP
▪️ကာလ (Period)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်အထိ။
▪️ဖြစ်ရပ်/အဖြစ်အပျက်များ (Incidents/events)
ဒီဇင်ဘာ ၅ ရက်က အရပ်သား ၁၈ ဦးသေဆုံးခဲ့သော ‘စစ်ကိုင်းတိုင်း ဒီပဲယင်း မရကန် ရွာဖြစ်စဉ်’နှင့် ဒီဇင်ဘာ ၆ ရက်က အရပ်သား ၁၁ ဦးသေဆုံးခဲ့သော ‘ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မြစ်ဆုံရွာဖြစ်စဉ်’များအပါအဝင် လေးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းတွင် အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ၉၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စုစုပေါင်း ၁,၈၆၁ ဦးထက်မနည်း သေဆုံးခဲ့သည်။
▪️တည်နေရာ (Locations)
ရန်ကုန်တိုင်းမှအပ နိုင်ငံတဝန်း၌ အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများ ရှိနေသည်။ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ၄၁ ကြိမ်ရှိသည်။
▪️အဖွဲ့အစည်းများ (Actors involved)
စစ်ကော်မရှင်တပ်များနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ။
▪️ဖြစ်ရပ်အမျိုးအစား (Types)
လက်နက်တမျိုးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ မီးရှို့ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်ခံရခြင်းတို့ကြောင့် အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု။
▪️အခြေအနေ ဦးတည်ချက် (Status/trends)
ဖြစ်စဉ်များအနက် ၉၁ ခုမှာ စစ်ကော်မရှင်တပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ၁,၇၇၆ ဦး သေဆုံးခဲ့သည်။ ကျန်လေးခုမှာ တော်လှန်ရေးတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ၈၅ ဦးသေဆုံးခဲ့သည်။ သေဆုံးသူများ၏ ၅၉ ရာခိုင်နှုန်းမှာ လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်သည်။ စစ်ကော်မရှင်သည် မြေပြင်ထိုးစစ်အပြင် တိုက် ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်ဖိုက်တာနှင့် ဒရုန်းများသုံး၍ လေကြောင်းတိုက်ခိုက်မှုများလည်း အားကောင်းလာသဖြင့် ယခုလိုဖြစ်စဉ်များ နောက်ထပ်ပိုများလာနိုင်သည်။
▪️အန္တရာယ်အဆင့် (Risk Level)
တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေများ (resistance controlled territory)နှင့် စစ်ရေးတင်းမာနယ်မြေများ (contested areas) များရှိ အရပ်သားများမှာ အန္တရာယ်ဖြစ်နိုင်ခြေ အမြင့်ဆုံး၌ရှိနေသည်။ အရပ်သားနေအိမ်များအပြင် သာသနိကအဆောက်အအုံများ၊ ဆေးရုံနှင့် စာသင်ကျောင်းများပါ ပစ်မှတ်ထားခံနေရသဖြင့် ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကာကွယ်မှုပေးနိုင်စွမ်း (civilian protection) အဆိုးရွားဆုံးနိမ့်ကျနေသည့်အခြေအနေကို ဖော်ပြနေသည်။
▪️သက်ရောက်နိုင်ခြေ (Implications)
စစ်အနိုင်ရလိုသည့် ရည်မှန်းချက်နှင့် သံသယအခြေပြု လုံခြုံရေးရှုထောင့်တို့ဖြင့် အရပ်သားများကို ပစ်မှတ်ထားခြင်းသည် ကျူးလွန်ခံရသူတွင်သာမက ကျူးလွန်သူ များအပေါ်တွင်လည်း ဆိုးကျိုးရှိသည်။ ပစ်မှတ်ထားတိုက်ခိုက်ခံရသဖြင့် အရပ်သားများသေဆုံးမှု (civilian casualty) ဦးရေနှင့် အိုးအိမ်ဖျက်ဆီးခံရမှု (domicide) မြင့်မားလာနိုင်သည်။ ကျူးလွန်သည့် အဖွဲ့အစည်းများသည်လည်း စစ်ရေးရှုထောင့်တခုတည်းကိုသာ အလေးပေးတိုက်ခိုက်သဖြင့် စစ်အတွင်း ရာဇဝတ်ကျူးလွန်မှုမှတ်တမ်း (war crime records) ပိုများလာနိုင်သည်။


ISP Conflict & Security Tracker
အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၉၅ ကြိမ်ထက်မနည်း ရှိလာ
