Photo-AFP
▪️အယူအဆမှတ်စု
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ သူ့အတွက် ‘ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး’ ကိုပဲ စစ်ကော်မရှင်က ဦးစားပေးခဲ့ပါတယ်။ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးနဲ့ အများပြည်သူကောင်းကျိုးချမ်းသာ (public goods) အတွက် ရည်သန်လုပ်ဆောင်မှုတွေဟာလည်း ထင်သလောက် ရလဒ်မပေါက်ခဲ့ပါဘူး။ အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း ဖြစ်တည်ခဲ့တဲ့ စီးပွားရေးတံခါးဖွင့် လွတ်လပ်ပွင့်လင်းခြင်းနဲ့အတူ အလျင်အမြန်ဖွံ့ဖြိုးလာမှု ရလဒ်တွေလည်း ကပြောင်းကပြန် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်ပြီးကြုံတွေ့ရပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှု ဖြစ်လာတဲ့အခါ ပြည်ပသွင်းကုန်တွေ ကန့်သတ်တာ၊ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အိမ်ပြန်ပို့ငွေ (remittances) ရနိုင်ဖို့ နည်းပေါင်းစုံသုံး အတင်းအကျပ်လုပ်ခဲ့တာ၊ နိုင်ငံခြားငွေလဲနှုန်းတွေကို ထိန်းချုပ်ပြီး နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ကုန်စည်တွေကို ထိန်းချုပ်ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ စီးပွားရေးမူဝါဒ ကျင့်သုံးမှုဟာ စီးပွားရေးစနစ်ကြီးတခုလုံး အလျဉ်ပြတ်စေတဲ့အပြင် ကမောက်ကမပေါင်းစုံလည်း ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ကုန်သွယ်ရေးလမ်းမကြီးတွေ အပိုင်းပိုင်းပြတ်တောက်ခဲ့ပြီး တရားဝင် ကုန်စည်စီးဆင်းမှုတွေဟာ ကာလရှည် ရပ်ဆိုင်းကုန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဖိအားပေးဖို့ တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့တဲ့ ဖြတ်ငါးဖြတ်မူဝါဒကလည်း ကုန်သွယ်စီးပွား ပြတ်လပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။
ဒီလိုအခြေအနေတွေဟာ နဂိုကတည်းက ဆိုးရွားနေတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေသလဲ၊ ပြည်သူတွေ ဘယ်လိုရုန်းကန်ရင်ဆိုင်နေကြရသလဲ၊ အားကိုးထိုက်စရာ ဘယ်လိုဘယ်ပုံ အကူအညီများ ရနေသေးသလဲဆိုတာ လေ့လာအပ်လှပါတယ်။ ဒါတွေကိုသိရှိနိုင်ဖို့ ISP-Myanmar က စစ်တမ်းငယ်တခု ကောက်ယူခဲ့ပါတယ်။ နိုင်ငံအနှံ့ မြို့နယ် ၈၅ မြို့နယ်က ဖြေဆိုသူ ၁,၀၁၅ ဦးကို မေးမြန်းကောက်ယူခဲ့တာပါ။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေအပါအဝင် မြို့ပြ-ကျေးလက်၊ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေပါမကျန် အားလုံးလွှမ်းခြုံနိုင်အောင် မေးခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပေါင်း ၆၀ အတွင်း ကုန်သွယ်စီးပွားပြတ်လပ်မှုတွေနဲ့ သက်ရောက်မှုတွေ ဘယ်လိုရှိခဲ့သလဲဆိုတာ သိနိုင်ဖို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ကြသူတွေရှိသလို ဆက်ပြီးရုန်းကန်ဖို့ ရင်ဆိုင်နိုင်သေးတယ်ဆိုပြီး အားတင်းပြောကြသူတွေလည်း ရှိခဲ့ပါတယ်။
ထူးခြားတာကတော့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို မြင်ကြရတာပါပဲ။ အုပ်ချုပ်မှုစနစ်၊ အဖွဲ့အစည်းစနစ် (အင်စတီကျူးရှင်း) တွေရဲ့ ညံ့ဖျင်းကျရှုံးခြင်းတွေကြောင့် အခုလို ပြတ်လပ်မှုတွေ ကြုံတွေ့နေရတာပါ။ ဒါပေမဲ့ ဒီလိုအဖွဲ့အစည်းစနစ်တွေက မှီခိုအားထားရာ မပေးနိုင်တဲ့အပြင် ရေနစ်သူဝါးကူထိုးတာမျိုးတွေတောင် ရှိနေတာပါ။ ပြည်သူတဦးချင်းစီကပဲ တကိုယ်ရေရင်ဆိုင်ရုန်းကန်ကြရတာ၊ ရပ်ရွာအသိုက်အဝန်းအတွင်း အချင်းချင်းဖေးမ ကူညီပြီး ရုန်းကန်နေရကြတာမျိုးကိုပဲ အများဆုံးတွေ့ခဲ့ရပါတယ်။ တခါ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူအများစုဟာ ပေးစာကမ်းစာအကူအညီကိုပဲ မျှော်လင့်အားထားမနေပါဘူး။ အလုပ်အကိုင် လိုချင်ကြတယ်၊ ဝင်ငွေ ရချင်ကြတယ်၊ ဒါတွေရှိရင် သူတို့ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အင်စတီကျူးရှင်းတွေကြောင့် ဖြစ်လာရတဲ့ လူမှုဒုက္ခအဖုံဖုံကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဟာ ပျော့ညံ့ခြင်းကို ပြသနေတာမဟုတ်၊ သူတို့ရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းနဲ့ ဂုဏ်မာနကို ဖော်ပြနေကြတာဖြစ်ပါတယ်။ ဒါကို ‘ကြိုးကြာသံ’တေးသီချင်းမှာ သရုပ်ဖော်ထားတဲ့ ‘အားနဲ့ မာန်’ ဖော်ကျူးချက်အတိုင်း တင်စားချင်တာပါ။ ‘အား’ဆိုတာ စွမ်းဆောင်ရည် capacity ကို ညွှန်းဆိုတာဖြစ်ပြီး ‘မာန်’ကတော့ စိတ်ဓာတ်ခွန်အား တောင့်ခံနိုင်မှု mental strength အဖြစ် နားလည်မှတ်ယူပါတယ်။ ဒါပေမဲ့ ဒီ အားနဲ့ မာန် ဟန်ချက်ညီမှသာ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းဆိုတဲ့ resiliency ဂုဏ်ရည်ကို အနှစ်သာရရှိရှိ၊ မြဲမြဲတည်အောင် အားယူရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပြည်တွင်း ကုန်သွယ်စီးပွားပိတ်ဆို့မှုများအကြားက ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းပေါ် စစ်တမ်းဒေတာအချက်အလက်တွေကို အခြေခံပြီး သုတေသနရှုထောင့်ကနေ ဆွေးနွေးတင်ပြထားပါတယ်။
➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

‘ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ’ – လူမှုစီးပွားဒဏ်ကို တောင့်ခံနေသည့် ပြည်သူများ
