Photo – AFP
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ‘တနိုင်ငံလုံး နစ်ကျွံလာသော မူးယစ်နွံ – မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၁ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယခု Recap Memo ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုဖော်ပြချက်တွင် ပါဝင်သော အကြောင်းအရာများသည် ISP-Myanmar ၏ လူမှုစီးပွားဆိုင်ရာလေ့လာမှု (Socioeconomic Studies) သုတေသနပြုလေ့လာချက်များထဲက တစိတ်တပိုင်းဖြစ်ပါသည်။
▪️အယူအဆမှတ်စု
ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာတွေထဲမှာ မြန်မာ့ဘိန်းထုတ်လုပ်မှုကို အလေးပေးဖော်ပြလာတာကြာပါပြီ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရ အာဏာပြန်ရလာချိန်ကစလို့ သူတို့ဆီမှာ ဘိန်းအထွက်ကျလာပြီး မြန်မာနိုင်ငံကတော့ ထုတ်လုပ်မှုအမြင့်မားဆုံး ဖြစ်နေခဲ့ပါတယ် (Myanmar Opium Surveys, Jan 2025)။ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ဧရိယာဟာ ၂၀၂၄ ခုနှစ်ထက်စာရင် ၁၇ ရာခိုင်နှုန်း မြင့်မားလာပြီး ၅၃,၁၀၀ ဟက်တာ ဖြစ်လာခဲ့ပါတယ်။ ခန့်မှန်း ၁,၀၁၀ မက်ထရစ်တန် ထုတ်လုပ်နေပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုးချဲ့များပြားလာနေတာပါ။ ISP-Myanmar ရဲ့ သုတေသနတွေအရ မြန်မာစစ်ကောင်စီအာဏာပိုင်တွေက ဘိန်းနဲ့ ဘိန်းထွက်ပစ္စည်းတွေ ဖမ်းဆီးရရှိမှုပမာဏဟာ ၂၀၂၅ ခုနှစ်အတွင်း သုံးတန်ဝန်းကျင်လောက်ပဲ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက ဘိန်းအထွက်နဲ့စာရင် တရားဝင်ဖမ်းဆီးရမိမှုက သိပ်နည်းပါးပြီး ၀ ဒသမ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိနေပါတယ်။
စိတ်ကို ပြောင်းလဲစေတတ်တဲ့ မူးယစ်ဆေးထုတ်လုပ်မှုမှာလည်း မြန်မာက ထိပ်တန်းမှာ ရှိနေပါတယ်။ ရှမ်းပြည်နယ် (အထူးသဖြင့် ရွှေတြိဂံဒေသ)ဟာ အရှေ့နဲ့ အရှေ့တောင်အာရှမှာ ဆေးပြားတွေ ပျံ့နှံ့စေဖို့ ဗဟိုချက်မဖြစ်နေပါတယ်။ ‘ယာဘ’ (စိတ်ကြွရူးသွပ်ဆေးပြား)နဲ့ ‘အိုက်စ်’လို့ခေါ်တဲ့ ‘မက်သာဖက်တမင်း’တွေပါ။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ထုတ်လုပ်မှု အထူးမြင့်တက်လာနေပါတယ်။ အခုအချိန်မှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲနေမှုနဲ့ မြန်မာ့ပဋိပက္ခပြဿနာက အကျယ်အပြန့် ပိုလို့ငြိတွယ်ဆက်စပ်နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာလ၊ အကြမ်းဖက်ပဋိပက္ခတွေ ပိုလို့ ပြင်းထန်လာတဲ့ကာလမှာ တောင်သူလယ်သမားတွေရဲ့ ပုံမှန်စိုက်ပျိုးသီးနှံတွေက အလုပ်မဖြစ်ကြပါဘူး။ နိုင်ငံအတွင်း မတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာနဲ့အတူ သီးနှံအထွက်ကျတာ၊ ဈေးကွက်မရှိတာ၊ ဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။ တောင်သူတွေဟာ ပုံမှန်သီးနှံအစား ဘိန်းနဲ့ ဆေး ခြောက်တွေကို စိုက်ပျိုးလာကြရပါတယ်။ ပဋိပက္ခကြောင့်ဖြစ်ရတဲ့ ‘စစ်စီးပွားရေး’ (conflict economy) ကလည်း တရားမဝင်ကုန်စည်တွေကို အားဖြည့်ပေးခဲ့ကြပါတယ်။ အွန်လိုင်းငွေ လိမ်လည်မှု(ကျားဖြန့်)-ငွေကြေးခဝါချမှု-မူးယစ်ဆေး-ပဋိပက္ခ တွဲချိတ်ပေါင်းစည်းမှုတွေ ဖြစ်လာခဲ့ပါတယ်။
တဖက်မှာ ကျောင်းတွေ မဖွင့်နိုင်တာ၊ လူငယ်တွေ ကျောင်းထွက်ရတာတွေကြောင့် လူငယ်တွေကို ပညာပေးနိုင်မှု မရှိသလောက်ပါပဲ။ မူးယစ်ဆေးကို တိမ်းညွတ်ခဲ့ကြပါတယ်။ လူငယ်တွေအပြင် လူကြီးတွေကြားထဲမှာပါ မူးယစ်ဆေးသုံးတာဟာ နိစ္စဓူဝဆောင်ရွက်ချက်တွေလို ဖြစ်လာပါတယ်။ မူးယစ်ဆေးတွေက ဈေးချိုပြီး အလွယ်တကူရနိုင်ကြလို့လည်း သုံးစွဲမှု မြင့်မားလာနေပါတယ်။ မြန်မာလူငယ်တွေအတွက်တော့ အခြားပေါင်းဆုံမိတဲ့ ဆိုးကျိုးတွေကိုပါ သက်ရောက်ခံစားနေရပါတယ်။ ကျန်းမာရေးစနစ် ပြိုလဲတာ၊ ပြည်ပအထောက်အပံ့အကူအညီတွေ ရပ်ဆိုင်းသွားတာတွေကြောင့် HIV ခုခံအားကျရောဂါ ကူးစက်မှုတွေလည်း တိုးပွားလာနေပါတယ်။
ဒါတွေအတွက် နိုင်ငံကို ထိန်းချုပ်လည်ပတ်နေတဲ့ စစ်ကောင်စီမှာ တာဝန်ရှိသလို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း (non-state actors) တွေမှာလည်း တာဝန်ရှိပါတယ်။ တဖက်နဲ့ တဖက် အပုပ်ချတိုက်ခိုက်နေတာထက် ပိုပြီးကျယ်ပြန့်တဲ့ ချေမှုန်းမှု၊ ဖြေရှင်းမှုနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ တခြားရွေးချယ်စရာတွေဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အသက်မွေးဝမ်းကျောင်း ပံ့ပိုးပေးမှု၊ ဆင်းရဲမွဲတေမှုရဲ့ အကြောင်းရင်းတွေကို ဖြေရှင်းပေးမှု၊ ပညာပေးမှု၊ ပြန်လည်ပြုစုပျိုးထောင်ပေးမှု၊ ငွေကြေးခဝါချမှုတွေကို ထိန်းချုပ်တာနဲ့ ‘စစ်စီးပွားရေး’ကို ရပ်တန့်နိုင်တဲ့အထိ လုပ်ဖို့လိုပါတယ်။
လူငယ်မျိုးဆက်တခုလုံး ဆုတ်ယုတ်ပျက်သုဉ်းသွားစေနိုင်တဲ့အပြင် နိုင်ငံတခုလုံး မူးယစ်နွံထဲ နစ်သွားနိုင်တာကို ဆက်လက်ခွင့်ပြုထားဖို့ မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံရေးသိက္ခာကျဆင်းစေသလို မူးယစ်ဆေးကရတဲ့ တရားမဝင်ငွေတွေကြောင့် ရေရှည်မှာ စီးပွားရေးစနစ်ကြီးတခုလုံး ပြိုလဲသွားနိုင်ပါတယ်။ လူမှုရေးအရ ပြိုကွဲနေတဲ့ မိသားစု၊ လူ့အသိုက်အဝန်း၊ နိုင်ငံ စသည်ဖြင့် နိမ့်ပါးပျက်စီးစေပါမယ်။ ပြည်တွင်းစစ်ကြီး ဆက်တောက်လောင်စေနိုင်ပြီး နောက်ဆုံး ပထဝီနိုင်ငံရေးအရ အားနည်းပျော့ကွက်တွေနဲ့ အညှီရှိရာယင်အုံဖို့ ဖြစ်စေပါဦးမယ်။ ဒီတပတ်စကားဝိုင်းမှာ ဒီအကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။


တနိုင်ငံလုံး နစ်ကျွံလာသော မူးယစ်နွံ – မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား

‘ISP နှင့်အတူမိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများ အားလုံး မင်္ဂလာပါရှင့်။ ကျမကတော့ အင်ကြင်းမေပါ။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုအစီအစဉ်ကတော့ ‘ISP နှင့်အတူမိနစ် ၃၀’ အစီအစဉ်ရဲ့ ၁၁ ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ‘တနိုင်ငံလုံး နစ်ကျွံလာသော မူးယစ်နွံ – မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးမယ့်သူတွေကတော့ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေဖြစ်တဲ့ မရည်မွန်၊ ကိုခန့်နဲ့ ကိုထွန်းတို့ ဖြစ်ပါတယ်။ ဆွေးနွေးမှုအပြီးမှာ ဒီနေ့ဆွေးနွေးပွဲ တက်ရောက်လာသူတွေရဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို ဖိတ်ခေါ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Live မေးတာအပြင် Chat နဲ့ Q & A ကနေလည်း မေးမြန်းနိုင်ပါတယ်။ ပွဲချိန်အတွင်းမှာ အချိန်အကန့်အသတ်ကြောင့် မဖြေလိုက်ရတဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို အီးမေးလ်ကနေ ပြန်လည်ပေးပို့ပြီး ဖြေကြားသွားပါမယ်ရှင့်။
မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ မပါဝင်ဖို့ပါပဲ။ ဒီအချက်တွေကို Chat ကနေပေးပို့ထားပါတယ်။ အခုအစီအစဉ်ကို DVB ရုပ်သံသတင်းဌာနအပြင် ISP-Myanmar ရဲ့ ဆိုရှယ်မီဒီယာမှာလည်း တိုက်ရိုက်ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို စတင်ပါပြီရှင့်။

အားလုံးပဲ မင်္ဂလာပါဗျ။ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်ကြောင်း ကနဦး ပြောပါရစေ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတာတွေက ပြန်ပြီးဦးမော့လာပါတယ်။ ကုလသမဂ္ဂ UNODC ရဲ့ ထုတ်ပြန်ချက်တွေမှာဆိုရင်လည်းပဲ မြန်မာနိုင်ငံမှာဆိုရင် ဘိန်းထုတ်လုပ်မှုက ၁၀ နှစ်အတွင်း အမြင့်ဆုံး ရောက်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။
ဒီရက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် မိုင်းရယ်မှာဆိုရင် မူးယစ်ဆေးဝါးတွေကို သမိုင်းတလျှောက်မှာ စံချိန်တင် ဖမ်းဆီးမိခဲ့တာမျိုးတွေလည်း ရှိပါသေးတယ်။ တန်ဖိုးအားဖြင့်ဆိုရင် ကျပ်ဘီလီယံ ၁,၆၀၀ ကျော်အထိတောင်ရှိပါတယ်။ ဒါဟာဆိုရင် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဖမ်းဆီးရမှုတွေနဲ့ ပြန်ပြီးနှိုင်းယှဉ်တဲ့ အခါမှာဆိုရင် အဆမတန် များပြားနေတာကို ကျနော်တို့ တွေ့ရမှာပါ။ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အမှုအရေအတွက်တွေဟာဆိုရင် တနှစ်မှာ ငါးထောင်ထက်မနည်းရှိနေတာကို ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ဖမ်းဆီးရမိတဲ့ တန်ဖိုးတွေကို ပြန်ပြီးတော့ နှိုင်းယှဉ်မယ်ဆိုရင်လည်းပဲ ၂၀၂၅ မှာ အများဆုံးဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၀၁၆/၂၀၂၆ (ISP-DM2026-016) ကိုရှုပါ]။

ဖမ်းဆီးရမှုတွေ ပိုများလာတာ၊ ထုတ်လုပ်တာတွေ၊ တင်ပို့တာတွေ မြင့်တက်လာလို့ နိုင်ငံတကာကနေ ပူပန်နေတာက တပိုင်းပေါ့နော်၊ ကျနော်တို့ သတိပြုဖို့ကတော့ ပြည်တွင်းသုံးစွဲမှုလည်း မြင့်တက်လာတာကို တွေ့ရမှာပါ။ ပြောရမယ်ဆိုရင် တနိုင်ငံလုံး မူးယစ်နွံထဲ နစ်ကျွံဖို့အတွက် ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ပဋိပက္ခက မူးယစ်ဆေးအပါအဝင် စစ်စီးပွားရေး ကြီးထွားလာဖို့အတွက် ရေခံမြေခံကောင်း တွေလည်း ဖြစ်နေပါတယ်။ ပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာဆိုရင် ဘိန်းစိုက်ပျိုးတယ်ဆိုတာ တခုတည်းသော အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းလိုတောင် ဖြစ်နေတာပါ။ နောက်ပြီးတော့ လက်နက်ကိုင် ဘက်အသီးသီးတွေအတွက် မူးယစ်ဆေးက ပိုပြီးတော့မှ စစ်ပွဲဆင်နွှဲနိုင်ဖို့ လက်နက်တခုဖြစ်နေစေသလို စစ်ပွဲအတွက်လည်း အရင်းအနှီးတခု ဖြစ်နေပြန်ပါတယ်။ တခြားတဖက်မှာဆိုရင်တော့ ပုံမှန်စီးပွားရေး ကောင်းကောင်းမလည်ပတ်နိုင်တော့တဲ့အတွက် တရားမဝင် စီးပွားရေးက ပိုပြီးတော့မှ ရှင်သန်အားကောင်းလာတာပါ။ ဥပမာပြောရရင် ကျားဖြန့်လုပ်တာတွေ၊ လူကုန်းကူးတာတွေ၊ နောက်ပြီးတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်တာတွေ၊ ဒီလိုစီးပွားရေးလုပ်ငန်းတွေက အပြိုင်းအရိုင်း ဖြစ်ပေါ်နေတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။
အဆိုးဆုံးကတော့ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတာ လူငယ်တွေကြားထဲမှာ ထမင်းစားရေသောက်လို ဖြစ်လာတာပေါ့နော်။ မူးယစ်ဆေးရဲ့ ပြဋ္ဌာန်းခံမျိုးဆက်ရောက်မှန်းမသိ ရောက်နေပါပြီ။ ပြောရမယ်ဆိုရင်တော့ပေါ့နော် ဆရာကြီး ဦးအောင်သင်းဆိုခဲ့သလိုမျိုး ‘မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့’လို့ မဟုတ်တော့ဘဲ ‘မျိုးဆက်သစ်တို့ ဆုတ်ယုတ်ရစ်တော့မလား’ ဆိုပြီးတော့ မေးခွန်းပြန်ထုတ်စရာ ဖြစ်နေပါပြီ။ ဆိုတော့ ဒါက ကျနော်တို့အားလုံးအတွက် ခေါင်းလောင်းသံပါ။ တိုင်းပြည်တခုလုံးကို ချောက်ထဲဆွဲချသွားမယ့်၊ နိုင်ငံရဲ့ အနာဂတ်တခုလုံးကို ကိုင်လှုပ်မယ့်အရေးဖြစ်နေပါတယ်။
ကျနော်တို့ အခုဆွေးနွေးပွဲမှာ မူးယစ်ဆေးနဲ့ပတ်သက်လို့ အပိုင်းသုံးပိုင်းခွဲပြီး ဆွေးနွေးသွားပါ့မယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးပြဿနာကြီးထွားလာတာ၊ ပျံ့နှံ့လာတာ၊ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ကိုထွန်းကနေ ကိန်းဂဏန်းအချက်အလက်တချို့နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့၊ မင်္ဂလာပါဗျာ။ ကျနော်တို့ ဒီမူးယစ်ဆေးပြဿနာက ကိန်းဂဏန်းအတိအကျနဲ့ သုတေသနပြုဖော်ထုတ်မယ်ဆိုရင် အတော်လေးကို အကန့်အသတ်ရှိပါတယ်။ ကျနော်တို့ ISP-Myanmar အနေနဲ့ဆိုရင်လည်း အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုတွေနဲ့ ဖမ်းဆီးရမိမှု အခြေအနေတွေကို သုတေသနပြုလေ့လာခဲ့ပါတယ်။ သတင်းတွေအရတော့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေရဲ့ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၀ လောက် ရှိပါတယ်။ အခုဒီပုံမှာ ပြထားတဲ့အတိုင်းပဲ ဖမ်းဆီးမိတဲ့မူးယစ်ဆေး စုစုပေါင်းတန်ဖိုးရဲ့ တဝက်လောက်က အိုက်စ် (Ice) လို့ ခေါ်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၀၁၇/၂၀၂၆ (ISP-DM2026-017) ကိုရှုပါ]။ ဒုတိယအများဆုံးကတော့ ကေ (K) လို့ခေါ်တဲ့ ကတ်တမင်းဖြစ်ပါတယ်။ သူက ၃၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ပြီးတော့ ယာဘ၊ ရာမ စသည်ဖြင့် နာမည်မျိုးစုံနဲ့ခေါ်ကြတဲ့ WY ဆေးပြားတွေက တတိယအများဆုံးနေရာက လိုက်ပါတယ်။ ဒီမှာ ကျနော်တို့ကြည့်မယ်ဆိုရင် ဘိန်းဖြူကတော့ သုံးရာခိုင်နှုန်းပဲ ရှိပါတယ်။ ဆိုတော့ လူအများ စောင့်ကြည့်လေ့လာနေတဲ့ ဘိန်းထက်တောင် အခြားမူးယစ်ဆေးတွေက ပြည်တွင်းမှာ သုံးစွဲမှု အတော်လေး များနေပါတယ်။

ဒီနေရာမှာ သတိပြုစရာတခုကိုလည်း ကျနော်တို့ ပြောပြချင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှုက တန် ၁,၀၀၀ ကျော် ရှိတယ်လို့ UN က ပြောထားပါတယ်။ ဒါပေမဲ့ စစ်ကော်မရှင်က ဖမ်းနိုင်ခဲ့တဲ့ ဘိန်းနဲ့ ဘိန်းထွက်ပစ္စည်းတွေကတော့ သုံးတန်ပဲ ရှိပါတယ်။ အခုပုံမှာတွေ့ရသလို ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးလောက်ပဲ ရှိပါသေးတယ် [ISP ဒေတာအချက်အလက် ၀၁၈/၂၀၂၆ (ISP-DM2026-018) ကိုရှုပါ]။ ပြီးရင်တော့ ကျနော်တို့ ဒီဇယားကို ပြန်ကြည့်ရအောင်ပါ။ ဒီမှာဆိုရင် ဖမ်းမိတဲ့ တန်ဖိုးအနေနဲ့တော့ Ice နဲ့ K တို့က အများဆုံးပါ။ ဒါပေမဲ့ WY ဆေးပြားတွေကိုတော့ နိုင်ငံအနှံ့မှာ ဖမ်းဆီးမိနေတာက ကြောက်ခမန်းလိလိပါပဲ။

အခု ဒီမြေပုံမှာ ကြည့်မယ်ဆိုရင် ဖမ်းဆီးရမှုကတော့ ရန်ကုန်တိုင်းမှာ အများဆုံးပါပဲ [ISP ညွှန်းပြမြေပုံ ၀၀၅/၂၀၂၆ (ISP-M2026-005) ကိုရှုပါ]။ ဒီလိုပြောလို့ ရန်ကုန်ဟာ မူးယစ်ဆေး ထုတ်လုပ်တဲ့ အရင်းအမြစ်ဖြစ်တယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ရန်ကုန်ကတဆင့် တခြားနိုင်ငံတွေကိုပို့တာ၊ နိုက်ကလပ်နဲ့ KTV လို နေရာတွေအပြင် နေရာစုံမှာ မူးယစ်ဆေးသုံးသူတွေ များနေကြပါတယ်။ ဘုရားသွား၊ ကျောင်းတက်လုပ်ရင်း အိတ်ထောင်ထဲဆေးပြားနဲ့မိလို့ ထောင်ကျတဲ့သူတွေတောင် ရှိပါတယ်။ ရန်ကုန်မှာ ဖမ်းမိတာဟာ တနိုင်ငံလုံးမှာ ဖမ်းမိတာရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ပြီးရင် ဒီမြေပုံမှာပဲ ဒုတိယအများဆုံးက ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းနဲ့ အနီးတဝိုက် မြန်မာရေပိုင်နက်အတွင်းမှာ ဖြစ်ပါတယ်။ မူးယစ်ကုန်သည်တွေကလည်း ရေလမ်းကြောင်းကို ပိုသုံးလာပုံရပါတယ်။ ဒီမြေပုံမှာပဲ ဆက်ကြည့်မယ်ဆိုရင် ချင်း၊ ရခိုင်နဲ့ ကယားတို့မှာ တခုမှ မဖမ်းနိုင်ခဲ့ပါဘူး။ စစ်ကော်မရှင်က အဲဒီဒေသတွေမှာ မစိုးမိုးနိုင်လို့ဖြစ်ပါတယ်။

UNODC ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဖြစ်နေပါတယ်။ WY မူးယစ်ဆေးတွေကလည်း ရှမ်းပြည်မှာ စျေးသက်သက်သာသာနဲ့ ရနေပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မှာ ဖမ်းမိတဲ့ ပမာဏကတော့ တနိုင်ငံလုံးဖမ်းမိမှုရဲ့ ငါးရာခိုင်နှုန်းတောင် မရှိပါဘူး။ ပြီးတော့ WY လို ဆေးပြားမျိုးတွေက ကိုယ်ပိုင် ဆေးပြားရိုက်စက်လေး ရှိတယ်ဆိုရင် တပိုင်တနိုင် လုပ်လို့တဲ့အခြေအနေပါ။ ဆိုတော့ တဲတလုံး ရှိရုံနဲ့တောင် အလုပ်ဖြစ်နေတာမျိုးပါ။ အခုဒီမြေပုံမှာကြည့်မယ်ဆိုရင်လည်း WY ဆေးပြားတွေက တခြားမူးယစ်ဆေးတွေထက် နိုင်ငံအနှံ့ ပျံ့နေတာကို တွေ့ရပါလိမ့်မယ် [ISP ညွှန်းပြမြေပုံ ၀၀၆/၂၀၂၆ (ISP-M2026-006) ကိုရှုပါ]။ ဒါတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို ကိုခန့်က ဆက်ပြီး ဆွေးနွေးပါဦးဗျ။


ဟုတ်ကဲ့ပါဗျ။ အခုဆိုရင် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် မူးယစ်ဆေးထုတ်တဲ့ စက်ရုံကြီးလို ဖြစ်နေပါတယ်။ ကျနော်တို့တွေ လက်ငင်းရင်ဆိုင်နေရတာကတော့ မူးယစ်နွံထဲကို နစ်သထက်နစ်လာတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေကြားမှာ မူးယစ်ဆေးသုံးစွဲတာဟာ ဆေးလိပ်သောက်သလို၊ အရက်သောက်သလို၊ ကွမ်းစားသလို အသားကျလာပါတယ်။ လိုတိုင်းလည်း ရနိုင်လောက်အောင်ကို မူးယစ်ဆေးတွေရဲ့ စျေးနှုန်းကလည်း အင်မတန်ကို ဈေးချိုနေပါတယ်။ ဒီပုံမှာ ပြထားတဲ့အတိုင်းပါပဲ [ISP ဒေတာအချက်အလက် ၀၁၉/၂၀၂၆ (ISP-DM2026-019) ကိုရှုပါ]။ ဖမ်းဆီး မိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ကာလပေါက်ဈေးကို ကြည့်မယ်ဆိုရင် ဘယ်လောက်ထိ စျေးချိုနေလဲဆိုတာ သိနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် WY ဆေးပြားပေါက်ဈေးက မြန်မာငွေ ၄၀၀ နဲ့ ၇၀၀ ကြားပဲ ရှိပါတယ်။ ဒါက ကြက်ဥတလုံးရဲ့ ဈေးလောက်ပဲ ရှိနေပါတယ်။ လက်ဖက်ရည်တခွက်လောက်တောင် စျေးမရှိတော့တဲ့ အနေအထားဖြစ်နေပါတယ်။ ရန်ကုန်မှာဆိုရင်လည်း WY တပြားက ၁,၀၀၀ ဝန်းကျင် ပဲရှိပါတယ်။ ဆိုတော့ WY ဆေးပြားတွေကို အရွယ်မရွေး ပီကေဝါးသလို ဝါးလို့ရတဲ့အခြေအနေ ဖြစ်လာပါတယ်။

ဒီလိုသုံးလာကြတာရဲ့ လက်ငင်းသက်ရောက်မှုကတော့ လူမှုရေးပြဿနာတွေနဲ့ ငွေကြေးအရှုပ်အရှင်းတွေ၊ အကြမ်းဖက်မှုတွေ များလာတာပါ။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ISP-Myanmar ရဲ့ လူမှုစီးပွားသုတေသနတွေ့ရှိချက်အရဆိုရင် မူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုအနေနဲ့ လူအချင်းချင်း အကြမ်းဖက်တဲ့ကိစ္စတွေ များလာတာ တွေ့ရပါတယ်။ ဥပမာဆိုရင် တချို့အလုပ်ကြမ်းလုပ်တဲ့သူတွေဟာ မူးယစ်ဆေးသုံးမှ အပင်ပန်းခံနိုင်တယ်ဆိုပြီး WY ဆေးပြားတွေကို အားဆေးလို စားကြတယ်။ ဆေးအရှိန် ရှိတုန်းကတော့ လန်းဆန်းပြီး အလုပ်လုပ်လို့ကောင်းပေမဲ့ ဆေးအရှိန်ကျတဲ့အခါ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အလိုမကျမှုတွေ ဖြစ်လာတယ်။ ဒေါသတွေ ကြီးလာတယ်။
ပြီးတော့ ကိုယ့်မိသားစုကို ရန်ပြုတာ၊ ကိုယ့်မိန်းမကို ရိုက်နှက်တာစတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ဖြစ်လာပါတယ်။ လက်ရှိဖြစ်နေတဲ့ပဋိပက္ခနဲ့ ချိတ်ဆက်ပြီးပြောမယ်ဆိုရင်လည်း ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်အသီးသီးဟာ မူးယစ်ဆေးဝါးနဲ့ မကင်းတာကို တွေ့ရပါတယ်။ မူးယစ်ဆေးသုံးပြီး စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဝင်တာတွေလည်း တွေ့နေရပါတယ်။ တချို့စစ်သုံ့ပန်းတွေကိုကြည့်ရင်လည်း မူးယစ်ဆေးတွေနဲ့ တွဲပြီးဖမ်းမိတဲ့ ဖြစ်စဉ်မျိုးကိုလည်း မြင်တွေ့ရပါတယ်။ တချိန်တည်းမှာပဲ ကျန်းမာရေးပြဿနာတွေကလည်း ခြိမ်းခြောက်မှုတခုအနေနဲ့ ရှိနေပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျနော်တို့ရဲ့ ကျန်းမာရေးကဏ္ဍက သိသိသာသာကို ယိုယွင်းနေတာပါ။ မူးယစ်ဆေးသုံးစွဲတာက တဆင့် နောက်ဆက်တွဲရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ ဒါ့အပြင် တဖက်မှာ HIV လို လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း အရှိန်အဟုန်နဲ့ တိုးလာနေပါသေးတယ်။ ဒါက ကဏ္ဍအသီးသီးမှာ ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံအတွက် ‘ကွန်လက်လေးသစ်နဲ့ ငါးစင်းအုပ်’ သလို ဖြစ်လာစေပါတယ်။
အခုဖြစ်နေတဲ့အခြေအနေပေါ် ကိုင်တွယ်ဖြေရှင်းနေပုံတွေကလည်း အားရစရာမရှိပါဘူး။ စစ်ကော်မရှင်က ‘မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ’ကို ဒုတိယအကြိမ် ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။ လက်ဝယ်တွေ့ရှိတဲ့ မူးယစ်ဆေးပမာဏနဲ့ မူးယစ်ဆေးအမျိုးအစားတွေကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ တချို့ပြစ်ဒဏ်တွေကို တိုးမြှင့်လိုက်တာပါ။ နောက်တခုကတော့ ပြန်လည်ထူထောင်ရေးစခန်းတွေ ဖွင့်ပေးဖို့ ဖြစ်ပါတယ်။ ဒါကတော့ ကောင်းတဲ့အချက်တခုလို့ ဆိုရမှာပါ။ ဒီလိုဥပဒေပြင်ဆင်ရုံနဲ့ ကိုင်တွယ်ဖြေရှင်းတာက မလုံလောက်ပါဘူး။ တဖက်မှာ နယ်မြေအုပ်ချုပ်ရေး ဆောင်ရွက်နေတဲ့ လက်နက်ကိုင်အင်အားစုတွေ၊ EAO တွေအနေနဲ့က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မူအရ ဆွေးနွေးတာ၊ ပြဋ္ဌာန်းတာတွေ ရှိပေမဲ့လည်း မြေပြင်မှာ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်းကတော့ အကန့်အသတ်တွေ ရှိနေပါသေးတယ်။ ဒီလို ဥပဒေပြင်ဆင်ရုံ၊ မူဝါဒဆွေးနွေးရုံလောက်ကတော့ မူးယစ်ဆေးပြဿနာရဲ့တကယ့်အရင်းအမြစ်ပြဿနာကို ဖြေရှင်းဖို့ မလုံလောက်သေးပါဘူး။ သုံးစွဲသူ၊ ရောင်းဝယ်သူကို ကိုင်တွယ်တာက အရေးကြီးတာမှန်ပေမဲ့ ဗဟိုချက်မ ထုတ်လုပ်သူတွေ၊ စိုက်ပျိုးသူတွေကိုတော့ ဖမ်းဆီးအမြစ်လှန်မှပဲ ရမှာပါ။ ဒီလိုဖြစ်နိုင်ဖို့ကတော့ ခက်ပါလိမ့်ဦးမယ်။
ဒီလို မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ မူးယစ်နွံကြီးဟာ ရှေ့ဆက်မှာရော ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို မရည်မွန်က ဆွေးနွေးပေးပါဦးဗျ။

ဟုတ်ကဲ့ပါဗျ။ ဖြစ်လာနိုင်တဲ့ ရှေ့အလားအလာတွေကို ကျနော် အချက်သုံးချက်နဲ့ ဆွေးနွေးချင်ပါတယ်။ ပထမဦးဆုံးအချက်ကတော့ မူးယစ်ဆေးဝါးရောင်းဝယ်တာအပြင် သူနဲ့ဆက်စပ်တဲ့ တရားမဝင် စီးပွားရေးတွေက ဆက်ပြီးကြီးထွားလာဖို့ပဲ ရှိပါတယ်။ ကျားဖြန့်တွေ၊ ငွေကြေးခဝါချတာတွေ၊ မူးယစ်ဆေးနဲ့ ပဋိပက္ခရဲ့ အတွဲအချိတ်က ပိုပြီးတော့မှ အားကောင်းလာပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းဟာဆိုရင်တော့ ဒီလိုမျိုးကာလမှာ ငွေရလွယ်တယ်၊ အကျိုးအမြတ်ဖြစ်လွယ်ပါတယ်။ ဒီလိုမျိုး စစ်စီးပွားရေးလုပ်ငန်းတခုအဖြစ် ရပ်တည်နေပါတယ်။ ဆိုတော့ ဒီလုပ်ငန်းတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်နေမှုကလည်း သတိပြုစရာပါ။ ဒီအဖွဲ့အစည်းတွေကိုယ်တိုင်က မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့နေရာကနေတဆင့် စစ်ပွဲဆင်နွှဲဖို့အတွက် ငွေကြေးအရင်းအနှီးတခု ရနေသလိုမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအဖြေမရှိဘူးဆိုရင် ဒီအခြေအနေတွေက ပိုပြီးတော့မှ ဆိုးလာနိုင်ပါတယ်။ တဖက်နဲ့ တဖက် ဘယ်သူက လုပ်တယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုပြီး အပုပ်ချ တိုက်ခိုက်နေရုံနဲ့လည်း ဒီပြဿနာကြီးက ပြေလည်မသွားပါဘူး။ ဒါဟာဆိုရင် စစ်ကော်မရှင်မှာလည်း တာဝန်ရှိသလိုမျိုး လက်နက်ကိုင်အဖွဲ့အသီးသီးမှာဆိုရင်လည်း တာဝန်ရှိပါတယ်။ ကိုယ့်အကျိုးစီးပွားကိုပဲ အလေးပေးနေတာထက် လူထုအထိအခိုက်နည်းအောင် နိုင်ငံရေးအဖြေရှာဖို့အတွက် လိုအပ်ပါလိမ့်မယ်။
ဒုတိယအချက်ကတော့ ဘက်အသီးသီးကနေပြီးတော့မှ ဒါကိုအရင်းပြုပြီး နိုင်ငံရေး အကျိုးအမြတ် ရအောင် အမြတ်ထုတ်လာနိုင်ပါတယ်။ ကျားဖြန့်အရေးမှာဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပါဝင်လာမှုကို ကျနော်တို့ ကြည့်နိုင်ပါတယ်။ မိုင်းရယ်မှာ ဖမ်းမိခဲ့တာဆိုရင် တရုတ်နိုင်ငံက သတင်းပေးလို့ ဖမ်းဆီးခဲ့တာပါ။ ဒီလိုမျိုး တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်တာတွေ များလေလေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့ အခွင့်အရေးနည်းလာလေလေ ဖြစ်တာကို ကျနော်တို့ သတိပြုသင့်ပါတယ်။ ဒီအခြေအနေမှာပဲ နိုင်ငံရေးအမြင်မတူလို့၊ မကျေနပ်လို့ ဒါတွေကို အခြေပြုပြီး အဖွဲ့အစည်းနာမည်တပ်ပြောတာတွေ၊ လက်ထောက်ချတာတွေ၊ ဒီလိုမျိုး အဖြစ်အပျက်တွေလည်း ရှိလာနိုင်ပါတယ်။ ဥပမာပြောရရင် စစ်ကော်မရှင်ကနေပြီးတော့မှ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေမှာဆိုရင် AA ကို ပြောဆိုနေသလိုမျိုး မြန်မာ-တရုတ်နယ်စပ်မှာရှိနေတဲ့ အခြားသော လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေမှာ ဖြစ်နေတာတွေ၊ ရှိနေတာတွေကိုရော ပြောမလား၊ ဝင်စီးမလား ဒါတွေကဆိုရင် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီလိုပဲ မိုင်းရယ်မှာ ဝင်စီးသလိုမျိုး မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုရော ဝင်စီးနင်းနိုင်မလားဆိုတာ စောကြောစရာတခု ဖြစ်နေပါတယ်။
နောက်ဆုံးအချက်ကတော့ အခြေခံစားဝတ်နေရေးမှ မပြေလည်ဘူးဆိုရင် အခုဖြစ်နေတဲ့ မူးယစ်ဆေးထုတ်တာနဲ့ ဘိန်းစိုက်တာတွေ၊ ဒါတွေဟာဆိုရင် လျော့ပါးသွားဖို့အတွက် ခက်ပါလိမ့်မယ်။ ဥပမာ တောင်ပေါ်မှာ ဘိန်းစိုက်ကြတယ်ဆိုတာ စားဝတ်နေရေး ခက်ခဲလွန်းလို့၊ စီးပွားရေး ကျပ်တည်းလွန်းလို့ ချက်ချင်း ငွေရလွယ်မယ့်၊ ငွေပေါ်လွယ်မယ့် ‘အသက်ဆက်ဆေး’ အနေနဲ့ စိုက်ကြရတာတွေ က များပါတယ်။
ဆိုတော့ ကျနော် ဆွေးနွေးသွားတဲ့ အချက်သုံးချက်အပြင် ထပ်ပြီးတော့ သတိပြုရမှာကတော့ မူးယစ် ဆေးသုံးတယ်ဆိုတာက ရှေ့မှာ ကိုခန့်ဆွေးနွေးခဲ့သလိုပဲ သာမန်သဘော၊ နိစ္စဓူဝသဘော ဒါတွေဖြစ်လာကြတာကို ဘယ်လိုမျိုး တားဆီးကြမလဲဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးပြဿနာဆိုတာဟာ နောင်ကျမှ ရှင်းလိုက်မယ်တို့၊ နောင်တချိန်ကျမှ ဖြေရှင်းလိုက်မယ်ဆိုပြီး တေးမှတ်ထားလို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူးပေါ့နော်။ ဒီမူးယစ်ဆေးကနေတဆင့် ရလာမယ့် ဆိုးကျိုးဒဏ်တွေကို လူငယ်တွေကပဲ ခံရမယ်။ ဒီလူငယ်တွေကပဲ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်နေတယ်။ ဒီလူငယ်တွေ အနာဂတ်ပျက်သုဉ်းသွားတယ်ဆိုရင် တိုင်းပြည်အနာဂတ်လည်း ပျက်သုဉ်းမှာပဲလို့ ပြောရင်း ကျနော်တို့ရဲ့ ပထမပိုင်းအစီအဉ်ကို နိဂုံးချုပ်ပါတယ်။

ဟုတ်ကဲ့၊ ဆွေးနွေးပေးသွားတဲ့ လူငယ်သုတေသီတွေကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ အမေး/အဖြေကဏ္ဍကို သွားချင်ပါတယ်။ အခုဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ ရင်ဖွင့်မှတ်ချက်တွေနဲ့ မေးခွန်းတွေကို လက်ခံသွားပါမယ်ရှင့်။ မေးမြန်းချင် တဲ့သူ၊ မှတ်ချက်ပြုချင်တဲ့သူတွေအနေနဲ့ အခုကစပြီး raise hand လုပ်လို့ရပါတယ်။ ဟုတ်ကဲ့၊ Q & A ထဲမှာတော့ ပို့ထားတာရှိပါတယ်။ ကျမ အဲဒီမေးခွန်းလေးကို အရင်ဆုံးဖတ်ပြပါမယ်ရှင့်။
မူးယစ်ဆေးပြဿနာတွေက ကျနော်တို့လည်း မြင်နေကြားနေရတာပါပဲ။ ဒါပေမဲ့ စစ်ကော်မရှင်ရဲ့ ဒေတာတွေနဲ့ ဆွေးနွေးတဲ့အခါ သူတို့ဒေတာတွေက ယုံရပါ့မလားပေါ့နော်။ တကယ်မြေပြင်မှာကျတော့ စစ်ဆေးရေးဂိတ်တွေမှာ ဆက်ကြေးယူပြီး လွှတ်ပေးလိုက်တာတွေလည်း ရှိနေတာဆိုတော့လေ…။

ဟုတ်ကဲ့ပါ။ စစ်ကော်မရှင်ရဲ့ ဒေတာတခုတည်းနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေကို ထင်ဟပ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီဆွေးနွေးပွဲက ISP-Myanmar ကနေ ပြုလုပ်ထားတဲ့ လူမှုစီးပွားသုတေသနကို အခြေခံပြီးတော့လည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဥပမာတခုအနေနဲ့ ပြောရရင် ကျနော်တို့ရဲ့ လေ့လာချက်အရဆိုရင် မြန်မာနိုင်ငံမှာ သုံးစွဲတဲ့ မူးယစ်ဆေးက နှစ်ခုရှိပါတယ်။ တခုကတော့ WY ပါ။ နောက်တခုကတော့ ဆေးခြောက်ပါ။ ဒါပေမဲ့ ဖမ်းဆီးရမိတဲ့ ဒေတာတွေအရ ကြည့်မယ်ဆိုရင် ဆေးခြောက်က နည်းသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး ကွာဟချက်လေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီဆွေးနွေးပွဲမှာ အဓိကထောက်ပြချင်တာက မူးယစ်ဆေးမျိုးစုံက လူငယ်တွေရဲ့ လက်တကမ်းမှာ စျေးချိုချိုနဲ့ရှိနေတယ်၊ လူငယ်တွေအကြားမှာလည်း မူးယစ်ဆေး သုံးစွဲတာက ယဉ်ပါးတဲ့ အမူအကျင့်တွေ ဖြစ်လာတယ်ဆိုတာကိုပါ။ ဒါက လူငယ်မျိုးဆက်တွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်ရဲ့အနာဂတ်ကိုပါ ခြိမ်းခြောက်မှုတခုအနေနဲ့ ရှိနေပါတယ်။ ဒါတွေကို ကျနော်တို့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုတယ်လို့ မီးမောင်းထိုးထောက်ပြချင်တာ ဖြစ်ပါတယ်ဗျ။ မေးခွန်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

ဖြေကြားပေးသွားတဲ့ ကိုထွန်းကို ကျေးဇူးတင်ပါတယ်ရှင့်။ အခုတက်ရောက်နေကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေပြီးတော့ ထပ်မံပြီးတော့မှ မေးခွန်းတွေ မေးမြန်းပေးကြဖို့၊ ရင်ဖွင့်မှတ်ချက်သံတွေ ပြောကြားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ ဟုတ်ကဲ့။ မေးခွန်းမေးမြန်းချင်တဲ့သူ ရှိပါသလားရှင့်။ လက်ထောင်ထားတဲ့သူများ ရှိပါသလားရှင့်။ အဲဒါဆိုရင် Q & A မှာပို့ထားတဲ့ မေးခွန်းတခု ထပ်ပြီးတော့ ရှိပါတယ်။ အဲဒါလေးကို ဖြေလိုက်ပါမယ်နော်။
မူးယစ်ဆေး ရောင်းဝယ်တာတင်မကဘူး၊ ဘိန်းပင်တို့၊ ဆေးခြောက်တို့ စိုက်တာကလည်း အတော်များလာတာကို သတိထားမိတယ်။ အုပ်စိုးသူတွေက လုပ်နေတာဆိုရင်တော့ သူတို့ကို ဘယ်သူက အရေးယူနိုင်တော့မလဲ။ ကျနော်တို့ပြည်သူတွေဘက်ကရော ဘာတတ်နိုင်တာရှိလဲဆိုပြီးတော့ မေးထားတာ ရှိပါတယ်ရှင့်။ Panelist တွေက ဖြေကြားပေးပါဦးရှင့်။

ဟုတ်ကဲ့ပါဗျ။ ကျနော်တို့ အယူအဆမှတ်စုမှာ ပြောခဲ့သလိုပဲ၊ မြန်မာ့ပဋိပက္ခနဲ့ မူးယစ်ဆေး တွင်ကျယ် လာမှုက တိုက်ရိုက်ဆက်စပ်နေပါတယ်။ ပဋိပက္ခအရှိန်မြင့်စေမယ့် စစ်စီးပွားရေး (conflict economy) အတွက် ကျားဖြန့်နဲ့ မူးယစ်ဆေးလို တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ပိုလုပ်ဆောင်ကြတယ်ဆိုတာကိုလည်း လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။ တဖက်မှာလည်း ပြည်သူတွေအနေနဲ့ဆိုရင် စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အခါ၊ ရာသီဥတုကပ်ဘေးကို ရင်ဆိုင်လာရပြီး ဘာမှစိုက်လို့မရတော့တဲ့အခါ အဲဒီအစား စိုက်ပျိုးရေးမှာ အရင်းအနှီး သိပ်မလိုတဲ့ ဘိန်းတို့၊ ဆေးခြောက်တို့ကို စိုက်ပျိုးလာကြပါတယ်။ ဆိုတော့ အခုမေးခဲ့သလို အုပ်စိုးသူတွေကို ပြည်သူက အရေးယူဖို့တော့ အခုချိန်မှာ အကန့်အသတ်ရှိနေနိုင်တယ်။ တချိန်မှာ အရေးယူနိုင်မယ့် အခွင့်အရေး ဖြစ်လာတဲ့အခါ၊ အချိန်ကျလာတဲ့အခါ အသုံးပြုနိုင်မယ့် အထောက်အထား မှတ်တမ်းတွေကိုတော့ ပြုစုထားနိုင်ပါတယ်။ ပြီးတော့ ပြည်သူတဦးချင်းအနေနဲ့ကတော့ လူ့အဖွဲ့အစည်းကို အဆိပ်အတောက်ဖြစ်စေတဲ့ မူးယစ်ဆေးစီးပွားရေးထဲမှာ အစိတ်အပိုင်းတခုအနေနဲ့ ပါမလာအောင် မူးယစ်ဆေးဝါးရဲ့ ယန္တရားကို ဖြတ်တောက်ဖို့အတွက်လုပ်ဆောင်လို့ရနိုင်တယ် ဆိုတာမျိုးနဲ့ ဖြေချင်ပါတယ်ဗျ။

ဟုတ်ကဲ့၊ မေးခွန်းကို ဖြေကြားပေးသွားတဲ့ ကိုခန့်ကို ကျေးဇူးတင်ပါတယ်ရှင့်။ ကျမတို့ Q & A ထဲက မေးထားတာ ရှိတယ်ပေါ့နော်။ အဲဒါလေးကို ကျမ ဖတ်ပြပါမယ်ရှင့်။
တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်နေတာ ရှိလဲဗျ။ သူတို့တွေရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးသွားတာ သိပ်မတွေ့ရလို့ပါဆိုပြီး မေးထားပါတယ်။ Panelist တွေက ဒါလေးကို ဖြေကြားပေးပါဦးရှင့်။

ဟုတ်ကဲ့၊ ဒီမေးခွန်းကို ကျနော်ဖြေလိုက်ပါ့မယ်။ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကနေ မူးယစ်ဆေးဝါး တိုက်ဖျက်တာ၊ ရောင်းဝယ်တာတွေနဲ့ပတ်သက်ပြီးတော့ သူတို့အသီးသီး လုပ်ဆောင်နေကြတာတော့ ရှိတယ်ပေါ့နော်။ ကျနော် မှတ်မိသလောက်ဆိုရင်တော့ ကချင်မှာဆိုရင် KIO ကနေ အကြီး အကျယ် တိုက်ဖျက်ခဲ့တာတွေ ရှိတယ်။ နောက်ပြီးတော့ ကရင်နီပြည်နယ်မှာဆိုရင်လည်း IEC ရဲ့ တရားစီရင်ရေးဌာနက ထုတ်ပြန်ချက်တွေမှာဆိုရင် မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အမှုတွေကို အများဆုံးဖမ်းမိခဲ့တယ်လို့ ဆိုထားခဲ့ကြတာတွေ ရှိတယ်။ ဒါ့အပြင်ကို ရခိုင်ပြည်နယ်မှာဆိုရင်လည်း AA ရဲ့ တရားစီရင်ရေးဌာနကနေ မူးယစ်ဆေးဝါးတိုက်ဖျက်တာတွေ၊ ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်တာတွေ ရှိတယ်ပေါ့နော်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်လည်းပဲ MNDAA ကနေ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိတယ်။ အရေးယူတာတွေ ရှိတယ်။ ပြီးတော့ တရုတ်နိုင်ငံနဲ့ဆက်စပ်နေတဲ့သူတွေဆိုရင်လည်း တရုတ်နိုင်ငံကို ပြန်ပြီးတော့ လွှဲပြောင်းပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေတွေ အကုန်လုံးကို ကျနော်တို့ ပြန်ပြီးတော့ ခြုံငုံကြည့်ရမယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းပဲ သူတို့အနေနဲ့ အသီးသီး တိုက်ဖျက်နေကြတာတွေတော့ ရှိပါတယ်ဗျ။ ဒါပေမဲ့ ဒီအခြေအနေတွေမှာဆိုရင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးတွေတော့ မတွေ့ရဘူးပေါ့နော်။ နိုင်ငံတကာစံနှုန်းတွေနဲ့ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်တာမျိုးတွေ၊ ဖမ်းဆီးတာမျိုးတွေ မတွေ့ရပါဘူးဗျ။ နောက်ထပ် သတိထားမိတဲ့ တချက်ကကျတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကိုပဲ ဖမ်းဆီးမိခဲ့တာမျိုးတွေ ကျနော် တို့ တွေ့ရပါတယ်ဗျ။ ကျနော်ဆိုလိုချင်တာက ရောင်းဝယ်တဲ့သူတွေ၊ ဖြန့်ဖြူးတဲ့သူတွေနဲ့ အရေးပါတဲ့ကွင်းဆက်တွေကို ဖမ်းဆီးတာတော့ မတွေ့ခဲ့ရပါဘူးလို့ပဲ ကျနော် ဒီမေးခွန်းကို ဖြေပါရစေဗျ။

ဟုတ်ကဲ့၊ မေးခွန်းကို ဖြေကြားပေးသွားတဲ့ မရည်မွန်ကို ကျေးဇူးတင်ပါတယ်ရှင့်။ ကျမတို့ ထပ်ပြီးတော့ မေးခွန်းလေးတွေ ပို့ထားတာရှိပါတယ်။ အဲဒီထဲက ကျမ မေးခွန်းတခုကို ဖတ်ပြပါမယ်ရှင့်။
မူးယစ်ဆေးပြဿနာဟာ တနင်္သာရီတိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်။ အခုလက်ရှိ စိုးမိုးနယ်မြေအဖြစ်ရှိနေဆဲ ဒေသတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။ ဒီလိုပြဿနာတွေအပေါ်မှာ ဘယ်လိုဖြေရှင်းစေချင်ပါသလဲ၊ ဘယ်လိုလုပ်သင့်ပါသလဲဆိုပြီးမေးမြန်းထားတာ ရှိပါတယ်။ Panelist တွေက ဖြေကြားပေးပါဦးရှင့်။

ဒီမေးခွန်းကို ကျနော်ဖြေလိုက်ပါမယ်ဗျာ။ ကျနော်တို့ ရှေ့မှာလည်း ဆွေးနွေးထားခဲ့တယ်ပေါ့နော်။ တနင်္သာရီတိုင်းမှာ ဖမ်းဆီးရမိတာ ရှိလာတယ်။ နောက်ပြီးတော့ စိုးမိုးဒေသတွေမှာ ဖမ်းဆီးရမိတာတွေ ရှိလာတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ ယူဆချက်ပေါ့နော်။ ရှေ့မှာလည်းပဲ ကိုထွန်း ဆွေးနွေးထားတဲ့အထဲမှာ ပါတယ်ပေါ့နော်။ မူးယစ်ဆေးဝါးလုပ်တယ်ဆိုတာ ကျနော်တို့ အရင်တုန်းကလိုမျိုး ဘိန်းတွေ ကုန်ကူးလာနိုင်မှာတို့၊ နယ်စပ်ကနေ ဝင်လာနိုင်မှာတို့ ဒီလိုမျိုး မဟုတ်တော့ဘဲ ဆေးပြားရိုက်စက်လေးတွေ ရှိတာနဲ့ပဲ ဆေးပြားလေးတွေ ထုတ်နိုင်တာ၊ မူးယစ်ဆေးဝါး ထုတ်နိုင်တာတွေ များလာတယ်ပေါ့နော်။ ပြောရမယ်ဆိုရင်တော့ နည်းပညာတွေ၊ စနစ်တွေ ဒါမျိုးတွေကလည်းပဲ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာမှာလည်း တိုးတက်လာတယ်ပေါ့နော်။ ဆိုတော့ ဒီမေးခွန်းကို ကျနော် ပြန်ကောက်ပြီးတော့ ဖြေရမယ်ဆိုရင် ဒီမူးယစ်ဆေးဝါးပြဿနာက နယ်စပ်တွေကြောင့် ဆိုတာမျိုးတွေလည်း ရှိနေတယ်။ တဖက်မှာလည်းပဲ ထုတ်လုပ်နိုင်မှုတွေ များလာတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဆွေးနွေးပွဲမှာ ပြောခဲ့တဲ့အတိုင်းပဲ မူးယစ်ဆေးဝါးထုတ်လုပ်တာတွေက ကိုယ့်စီးပွားရေး အဆင်မပြေလို့၊ စားဝတ်နေရေး အဆင်မပြေလို့ မူးယစ်ဆေးဝါး ထုတ်နေတာမျိုးဖြစ်တဲ့အတွက် အခြေခံကျတဲ့ လူမှုစီးပွားဘဝ အဆင်ပြေမှသာလျှင် မူးယစ်ဆေး ထုတ်လုပ်မှုတွေ၊ ရောင်းဝယ်မှုတွေ၊ စိုက်ပျိုးတာတွေကို ထိန်းချုပ်နိုင်မယ်လို့တော့ ယူဆပါတယ်။

ဟုတ်ကဲ့၊ ဖြေကြားပေးသွားတဲ့ မရည်မွန်ကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျမတို့ အခုထပ်ပြီးတော့ မေးခွန်းတခုလောက် လက်ခံမေးမြန်းပါမယ်။ စာထဲမှာ ပို့ထားတဲ့ မေးခွန်းထဲက တခုလောက် မေးမြန်းပါမယ်နော်။
အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးတာ များလာတယ်ဆိုရာမှာ အရင်ခေတ်ကလို ဆေးစွဲတာမဟုတ်ဘဲ အရက်၊ ဘီယာသောက်သလို အပျော်အပါးအနေနဲ့ပဲ သုံးကြတာပါ။ ဒီလို အလွန်အကျွံသုံးစွဲတာမျိုးမဟုတ်တဲ့ အပျော်အနေနဲ့ နည်းနည်းပါးပါး သုံးတာကပဲ လူငယ်တွေအကြားမှာ ရေပန်းစားနေတာပါ။ ဒါကို စိတ်ကိုစွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးအန္တရာယ်အနေနဲ့ မမြင်တော့တဲ့သူတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲဆိုပြီးတော့ မေးမြန်းထားတာရှိပါတယ်။ Panelist တွေက ဖြေကြားပေးပါဦးရှင့်။

ဒီမေးခွန်းကို ကျနော် ဖြေလိုက်ပါမယ်။ ဒီအမြင်ကတော့ အခုခေတ် ကျနော်တို့ လူငယ်တော်တော်များများအကြားမှာ ခေတ်စားနေတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အလွန်အကျွံသုံးတယ်၊ မသုံးဘူးဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားသင့်တာမဟုတ်ဘဲနဲ့ အဓိက ကျနော်မြင်တာတော့ နှစ်ချက်ရှိတယ်ပေါ့နော်။ ပထမတခုကတော့ လူမှုစီးပွားနဲ့ပတ်သက်ပြီးတော့ ကြည့်ကြည့်မယ်ဆိုလို့ရှိရင် အခု မြန်မာနိုင်ငံအခြေအနေနဲ့ဆိုလို့ရှိရင် ကျနော်တို့အားလုံးက ကုန်စျေးနှုန်းအားဖြင့်ကလည်း အင်မတန်တက်တာရယ်၊ တချို့နေရာတွေမှာဆို ကုန်ပစ္စည်းပြတ်လပ်တာရယ်နဲ့ စသည်ဖြင့် လူမှုစီးပွား အခက်အခဲများစွာကို ရင်ဆိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက မူးယစ်ဆေးဝါးတွေကတော့ အင်မတန်ကို စျေးချိုပြီး လက်တကမ်းမှာ အလွယ်တကူ လက်လှမ်းမီနေတယ်ဆိုတဲ့ ကိစ္စဖြစ်တယ်ပေါ့နော်။ ဒီဟာက ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေ ဘယ်လောက်ထိ အချိုးမညီသလဲ၊ ဟန်ချက်မမျှသလဲ၊ balance မဖြစ်သလဲဆိုတာကို ပြသနေတာဖြစ်တယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ အခုလိုမျိုး ကျနော်တို့ ဒီမူးယစ်ဆေးဝါးသုံးတာနဲ့ပတ်သက်ပြီးတော့ normalize ဖြစ်လာတဲ့ ရှုထောင့်က အင်မတန်ကို အန္တရာယ်များတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့က entertainment အနေနဲ့၊ အပျော်ဖျော်ဖြေမှုအနေနဲ့ မူးယစ်ဆေးဝါးကို ပုံမှန်ဆေးလိပ်သောက်သလို၊ အရက်သောက်သလိုမျိုး normalize လုပ်ပြီဆိုရင်၊ ဒီဟာကို ပုံမှန်အနေနဲ့ normalization သတ်မှတ်လိုက်မယ်ဆိုရင် ရေရှည်မှာ ဒီမူးယစ်ဆေးဝါးရဲ့ သက်ရောက်မှုတွေရော၊ သူ့ရဲ့ဆိုးကျိုးတွေ၊ ရာဇဝတ်မှုတွေ စသည်ဖြင့် ဒီလိုသက်ရောက်မှုတွေကိုပါ normalize လုပ်ရာနဲ့ တူနိုင်ပါတယ်။ ဆိုတော့ ဒီလိုမျိုးမြင်တဲ့ ရှုထောင့်စံနှုန်းတွေကို ပြန်ပြီးတော့ သတိထားဖို့ လိုပါတယ်။ အဲဒီလိုမဟုတ်ရင် အနာဂတ်မှာ လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးက အင်မတန်ကို ယဉ်ပါးပြီးတော့ normalize ဖြစ်လာတဲ့ ယဉ်ကျေးမှုဖြစ်လာမယ်ပေါ့နော်။ ဒီလိုမဖြစ်အောင်၊ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်အားဖြင့်၊ သရုပ်သဏ္ဌာန်အားဖြင့်လည်း စစ်စီးပွားရေး အားကောင်းပြီးတော့ မူးယစ်ဆေးဝါးနဲ့ တွဲမြင်တဲ့ ပုံရိပ်မဖြစ်အောင် ဒီလိုမျိုး ရှုထောင့်၊ ဒီလိုမျိုးစံနှုန်းတွေကို သတိထားပြီး မြင်သင့်တယ်ဆိုပြီးတော့ ကျနော် ဒီမေးခွန်းကိုပြန်ဖြေချင်ပါတယ်။

ဟုတ်ကဲ့၊ ဖြေကြားပေးသွားတဲ့ ကိုခန့်ကို ကျေးဇူးတင်ရှိပါတယ်ရှင့်။ ကျမတို့ အချိန်အရ နောက်ထပ် မေးခွန်းတခုကို လက်ခံလိုက်ပါမယ်နော်။ Chat ထဲမှာ ပို့ထားတဲ့ မေးခွန်းလေးတခုကို ဖတ်ပြပါမယ်ရှင့်။
ဒေသအများစုမှာ အရင်က ဘိန်းအစားထိုးသီးနှံ စိုက်ကြပေမဲ့ အစားထိုးသီးနှံတွေ ဈေးမရှိတဲ့အခါ ဘိန်းကို ပြန်လည်စိုက်ပျိုးလာကြပါတယ်။ ဒီလိုအခြေအနေကို လက်ရှိဒေသအစိုးရက ဘယ်လိုဖြေရှင်းရင် အဆင်ပြေမယ်လို့ မြင်ပါသလဲ။

ဒါကိုတော့ ကျနော်ဖြေပေးလိုက်ပါမယ်ဗျ။ ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာလည်းပါပါတယ်။ ကျနော်တို့ပြောခဲ့တဲ့ထဲမှာဆိုရင် အခြေခံစားဝတ်နေရေး မပြေလည်ရင် ဒီမူးယစ်ဆေးထုတ်တဲ့ကိစ္စတွေ၊ ဘိန်းစိုက်တဲ့ကိစ္စတွေက ပိုပြီးတော့ ဆိုးလာဖို့ပဲ ရှိတယ်။ ပြီးတော့ အစားထိုးဖို့လည်း ခက်တယ်ဆိုပြီး ကျနော်တို့ ဆွေးနွေးချက်ထဲမှာ ပါပါတယ်။ ဒီပြဿနာကို ပြေလည်ဖို့အတွက်ဆိုရင် ကျနော်တို့ ဒီနေရာမှာ ပြန်ချုပ်ပြီးပြောရရင် နှစ်ချက်ပါ။ တခုကတော့ နိုင်ငံရေးအဖြေမရှိရင် ခက်မယ်။ နောက်ထပ်တခုကကျတော့ စားဝတ်နေရေး အဆင်ပြေဖို့အတွက်ကို ကြိုးစားပေးဖို့လိုပါတယ်။ ဒီအတွက်ကတော့ သက်ဆိုင်ရာ ဘက်အသီးသီးမှာရှိနေတဲ့ အဖွဲ့တိုင်းကနေပြီးတော့ ကြိုးစားဖို့ လိုတာပါ။ ဒီနေရာမှာ နိုင်ငံတကာရဲ့ အကူအညီကို ရယူပြီး ကြိုးစားဖို့လိုတယ်ဆိုရင်လည်း သူတို့အားကို ကျနော် တို့ယူပြီး ကြိုးစားဖို့လိုပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ကျနော်တို့ သေသေချာချာလေးကို ထိထိရောက်ရောက် ကိုင်တွယ်ပြီးတော့ ဖြေရှင်းရမယ့်ကိစ္စတခု ဖြစ်တယ်လို့ ဖြေချင်ပါတယ်ဗျ။ ကျေးဇူးပါဗျ။

ဟုတ်ကဲ့၊ ဖြေကြားပေးသွားတဲ့ ကိုထွန်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ ကျမတို့ အချိန်အကန့် အသတ်ကြောင့်မို့လို့ အမေးအဖြေကဏ္ဍကို ဒီမှာပဲ ခဏရပ်နားပါရစေရှင့်။ ကျန်ရှိနေတဲ့ မေးခွန်းတွေကို ကျမတို့ နောက်ပိုင်းမှာ ပြန်ပြီးတော့ email ကနေ ဖြေကြားသွားပါမယ်ရှင့်။ ကျမတို့ အစီအစဉ်လေးကို မပိတ်ခင် နိဂုံးချုပ်အနေနဲ့ panelist တွေက ပြောကြားပေးပါဦးရှင့်။

ဟုတ်ကဲ့ပါဗျ။ ဆွေးနွေးပွဲကို ပြန်ချုပ်ရရင်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးတွေ တွင်ကျယ်လာတာ၊ ပေါက်ဖွားလာတာဆိုရင် အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဘိန်းနိုင်ငံတော်လို့ နာမည်ကြီးခဲ့တယ်။ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးနဲ့ ဒေသတွင်းဆိုင်ရာ မူးယစ်ဆေးဝါးပပျောက်ရေးစီမံချက်တွေကြောင့် မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့နည်းသွားတယ်။ ဒီအစား ဘိန်းမဟုတ်တဲ့ WY လိုမျိုး စိတ်ကြွဆေးပြားတွေ၊ Ice တွေ၊ K တွေ စသည်ဖြင့် ဒီလိုမျိုး မူးယစ်ဆေးတွေက ပိုများလာပြန်တယ်။ ပဋိပက္ခကာလ ရောက်တဲ့အချိန်မှာ ဒါတွေက ထိန်းသိမ်းမနိုင်လောက်အောင်ကို များပြားလာပါတော့တယ်။
အစောပိုင်းမှာ မရည်မွန်ဆွေးနွေးခဲ့သလိုပဲ မူးယစ်ဆေးပြဿနာဆိုတာက နောင်တချိန်မှ ဖြေရှင်းမယ်လို့ တေးမှတ်ထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အခုဆိုရင် ‘ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုပြီး ကိုယ်ကျိုးတခုတည်းအတွက်နဲ့ မူးယစ်ဆေးကို ထုတ်တယ်၊ သယ်ပေးတယ်၊ ရောင်းတယ်။ ဒီကနေ အကျိုးအမြတ် ယူကြတယ်။ နောက်ပြီးတော့ တဖွဲ့နဲ့ တဖွဲ့အကြားမှာဆိုရင်လည်း ဒီဒေသတွေက အဓိက ဘိန်းစိုက်နေတာဆိုပြီးတော့မှ တဦးနဲ့ တဦး လက်ညှိုးထိုးစွပ်စွဲနေကြပေမဲ့ တကယ်တမ်းကတော့ တနိုင်ငံလုံးက ခွေးသွားစိတ်အပိုင်းလေးတွေလို တခုနဲ့ တခု ချိတ်ဆက်ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ပေးထားတဲ့ အာဏာပိုင်တွေ၊ စိုက်ပျိုးထုတ်လုပ်တဲ့သူ၊ ပို့ဆောင်ပေးတဲ့သူ၊ နောက်ဆုံး သုံးစွဲတဲ့သူ၊ ဒီအစိတ်အပိုင်းတွေ အားလုံးပေါင်းပြီး ဒီမူးယစ်ဆေးသံသရာဟာ လည်ပတ်နေတာပါ။ ဆိုတော့ မျိုးဆက်သစ်တွေ၊ လူငယ်တွေ ကိုယ်တိုင်ကလည်း မသိလိုက်ခင်မှာပဲ မူးယစ်နွံထဲနစ်ပြီး မျိုးဆက််တခုလုံး ပျက်သုဉ်းသွားနိုင်ပါတယ်။ နောက်ဆုံး ဒီမူးယစ်ဆေးကပေးတဲ့ ဆိုးကျိုးတွေ၊ ဒဏ်တွေကို ခံရမှာက ကျနော်တို့ လူငယ်တွေပါပဲ။ ဒီလိုဆို ကျနော်တို့က နောင်လာမယ့် လူငယ်တွေအတွက် မူးယစ်မျိုးစေ့ကို လက်ဆင့်ကမ်းခဲ့တော့မှာလား ဆိုတာကတော့ စဉ်းစားစရာပဲ ဖြစ်တယ်ပေါ့နော်။ အခုချိန်မှာတော့ ကျနော်တို့ ခေါင်းစဉ်တင်ထားသလိုပဲ တနိုင်ငံလုံး မူးယစ်နွံထဲကို နစ်ကျွံသက်ဆင်းနေရပါပြီ။ လူငယ်မျိုးဆက်တခုလုံးရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကို ဆွဲချသွားမယ့် လမ်းကြောင်းပေါ် ရောက်နေပြီဆိုတာ သတိပေးရင်း နိဂုံးချုပ်ချင်ပါတယ်။

ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင့်။ ကျမတို့ ဒီနေ့တင်ပြခဲ့တဲ့ ဒေတာအချက်အလက်တွေအပြင် အခြားသော သုတေသနတွေ့ရှိချက်တွေ၊ ဒေတာအချက်အလက်တွေကိုလည်း ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.ispmyanmar.com နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း အခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။ အစီအစဉ်ကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသား တဦးချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်း ပြောရင်းနဲ့ ဒီမှာပဲရပ်နားပါရစေရှင့်။
▪️နောက်ဆက်တွဲမေးခွန်းနှင့် ဖြေဆိုချက်များ
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် ပြုလုပ်ချိန်အတွင်း စာဖြင့်ရေးသားမေးမြန်းခဲ့သော မေးခွန်းများကို ပြန်လည်ဖြေဆိုထားခြင်း ဖြစ်ပါသည်။
Bar တွေမှာ မူးယစ်ဆေးသုံးစွဲမှု အချက်အလက်တွေက ရနိုင်ပါသလား။
Bar မှာ မူးယစ်ဆေးသုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ ISP-Myanmar က သီးသန့်လေ့လာထားတဲ့ သုတေသနအချက်အလက်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံတဝန်း မြို့နယ် ၁၁၀ မှာ နေထိုင်သူတွေကို ကောက်ယူခဲ့တဲ့ လူမူစီးပွားသုတေသနလေ့လာမှုစစ်တမ်းမှာတော့ အချက်အလက်တချို့ ပါပါတယ်။ အဲဒါကို ISP-Myanmar ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
မူးယစ်ဆေးရဲ့သားကောင်မဖြစ်ဖို့ရာ လူငယ်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေကို ပြောပြပေးပါ။
ဒါကတော့ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ဖြစ်နေတော့ မစမ်းသင့်၊ မသုံးသင့်ဘူးလို့ ပြောဖို့ရာ ခက်ပါတယ်။ ကိုယ်တိုင်က မူးယစ်ဆေးရဲ့ဆိုးကျိုးကို သိပြီးတော့ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။ တဖက်ကလည်း မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲတာတွေကို ဥပဒေနဲ့ တားဆီးအရေးယူတာတွေကို ဘက်အသီးသီးက အဖွဲ့တွေအနေနဲ့ သေချာအကောင်အထည်ဖော်ဖို့ လိုပါတယ်။
လက်ရှိမူးယစ်ဆေးဝါးပြဿနာ (နောက်ဆုံးဖမ်းမိတဲ့ ရှမ်းပြည်နယ်မှာရော) ကနေ လက်ရှိရွေးကောက်ပွဲရော၊ နောက်လာမယ့် အစိုးရသစ်တွေအတွက်ရော ဘယ်လိုနိုင်ငံရေးသက်ရောက်မှု၊ စိန်ခေါ်မှုမျိုးများ ရှိလာနိုင်မလဲ။
ကျနော်တို့ ဆွေးနွေးခဲ့သလိုပါပဲ။ မူးယစ်ဆေးဝါး အဖမ်းအဆီးကို အရင်းပြုပြီး နိုင်ငံရေးအကျိုးအမြတ် ထုတ်နိုင်ခြေများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို လုပ်၊ မလုပ် ရှမ်းပြည်နယ်ကကိစ္စကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။ နောက်ပြီး အခုရွေးကောက်ပွဲကာလ အနီးအနားတဝိုက်မှာ မူးယစ်ဆေး အဖမ်းအဆီးအကြောင်း ပိုလို့ပြောလာတာကို သတိထားမိမယ် ထင်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် လက်ရှိစစ်အစိုးရဟာ ပြည်တွင်းပြည်ပမှာ တရားဝင်မှု (legitimacy) မရှိတဲ့အခါ ဒါကိုအဖမ်းပြပြီး တရားဝင် အစိုးရဖြစ်ကြောင်း သက်သေထူတဲ့သဘောပါ။ တချိန်တည်းမှာပဲ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကို တရားမဝင်အောင် (de-legitimize) လုပ်မယ်။ ဥပမာ ကျနော်တို့ စောင့်ကြည့်ရသလောက်ဆို ရခိုင်က လက်နက်ကိုင်အဖွဲ့ကို မူးယစ်ဆေးနဲ့ စွပ်စွဲတာ အများဆုံးပဲ။ ဆိုတော့ နောင်တက်လာမယ့် စပ်ကြားအစိုးရကလည်း ဒီဓာတ်ပြားဟောင်းကိုပဲသုံးပြီး သူ့ကိုယ်သူ ပိုတရားဝင်အောင်၊ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ဝင်ဆံ့အောင် လုပ်နိုင်ပါတယ်။ လူထုကို အထိအခိုက် တကယ်နည်းစေချင်ရင်၊ လူထုကို ဂရုစိုက်ရင်တော့ သက်ဆိုင်ရာ ပြည်တွင်းကမူဝါဒဇာတ်ကောင်တွေနဲ့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပွင့်ပွင့်လင်းလင်း ချပြလုပ်ဆောင်သင့်ပါတယ်။ လက်တွေ့မှာလည်း နိုင်ငံတကာ ဝင်ပါနိုင်တဲ့ ဖိအားလည်း ကြုံတွေ့ရနိုင်ပါတယ်။

