Photo – AFP
၂၀၂၆ ခုနှစ် မတ် ၁၄ ရက်တွင် ‘ပဋိပက္ခစီးပွားရေး၏ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်တော့တဲ့ ဖားစည်မြေ’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၃ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယခုဖော်ပြချက်တွင် ပါဝင်သော အကြောင်းအရာများသည် ISP-Myanmar ၏ ပဋိပက္ခစီးပွားရေးလေ့လာမှု (Conflict Economy Studies) သုတေသနပြုလေ့လာချက်များထဲက တစိတ်တပိုင်းဖြစ်ပါသည်။
▪️အယူအဆမှတ်စု
“ရေသောက်သူသည် ရေကို စောင့်ရှောက်ရမည်
မြေပေါ်မှာနေသူသည် မြေကို စောင့်ရှောက်ရမည်”
– ကရင်ရိုးရာစကားပုံ
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတာကတော့ ငွေရမယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးကွန်ရက်တွေ၊ အမြတ်အစွန်းတွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင် ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေး၊ လူမှောင်ခိုအပါအဝင် အခြားသော မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလိုပဋိပက္ခစီးပွားရေးစနစ်က ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခစီးပွားရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ISP-Myanmar က သုတေသနပြု လေ့လာနေပါတယ်။ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ ဆွေးနွေးပွဲအစီအစဉ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs) က နယ်မြေသစ်တွေကို ထိန်းချုပ်ပြီးနောက်ပိုင်းနဲ့ တဖွဲ့ချင်းနဲ့ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပဋိပက္ခစီးပွားရေးဟာ သိသိသာသာ ကြီးထွားလာတာကို ဆွေးနွေးခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ကရင်ပြည်နယ်က အခြေအနေတွေအကြောင်း ကနဦးလေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။
ကရင်ပြည်နယ်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ပြဿနာက အဖွဲ့အစည်းတွေ များပြားနေတာရယ်၊ မကြာသေးမီကာလမှာ ‘ကျားဖြန့်’ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် အားလုံးရောပြီး နာမည်ပျက်ကြရတာတွေပါပဲ။ ကရင်ပြည်နယ်အတွင်းက ပဋိပက္ခစီးပွားရေးအပေါ် အခြေခံတဲ့ မက်လုံးတွေ၊ အကျိုးစီးပွားတွေထဲမှာတော့ အာရှလမ်းမကြီးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေက ရရှိတဲ့ အခွန်ဝင်ငွေဟာ အဓိကကျပါတယ်။ ဒါကြောင့်ပဲ နယ်စပ်ကုန်သွယ်လမ်းမကြီးတွေကို စိုးမိုးနိုင်ဖို့ စစ်ပွဲတွေ ဆင်နွှဲခဲ့ကြတာကို သတိပြုမိနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ စီးပွားရေးဖြစ်တဲ့ သယံဇာတရောင်းချမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းဖြစ်တဲ့ ကျားဖြန့်လို လုပ်ငန်းတွေဟာ ကရင်ပြည်နယ်အတွင်းက ကွဲပြားနေတဲ့ လက်နက်ကိုင်တွေ ဆက်လက်ရပ်တည်ရေးနဲ့ ကြီးထွားရေးအတွက် အထောက်အပံ့ပြုနေပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေဟာ စီးပွားရေးအရ အရေးပါတဲ့ နယ်မြေတွေကို သူနိုင်ကိုယ်နိုင် ထိန်းချုပ်ရေးကို ဦးတည်နေပါတယ်။ အကျိုးစီးပွားတွေ ညှိနှိုင်းခွဲဝေ ပြေလည်အောင် ဆွေးနွေးရေးက ဖြစ်နိုင်ခြေနည်းပါးသလို ပဋိပက္ခဟာ တအုံနွေးနွေးနဲ့ ရှည်ကြာမယ့် အနေအထားကို ဦးတည်နေပါတယ်။
မြောက်ပိုင်းရှမ်းပြည်နဲ့ တူညီချက်ကတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခစီးပွားရေးတွေကြောင့် ရပ်ရွာလူထုတွေအပေါ် ထိခိုက်သက်ရောက်မှုပါပဲ။ စစ်ကြောင့် အသက်အိုးအိမ်ပျက်စီးကြရသလို အိုးအိမ်စွန့်ခွာထွက်ပြေးလို့ ပြည်တွင်းဒုက္ခသည်တွေ ဖြစ်လာကြရပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ကရင်အချင်းချင်း စစ်မဖြစ်ရေးသဘောတူညီချက် ရှိနေသေးပေမဲ့လည်း အပစ်ရပ်-အပစ်မရပ် အပါအဝင် အကျိုးစီးပွားတွေကြောင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြားက အက်ကြောင်းဟာ ပိုဟလာပါတယ်။ မိုင်းတွင်းတွေ၊ သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ရပါတယ်။ သံလွင်မြစ်ရေဟာလည်း အဆိပ်သင့်တဲ့ အနေအထား ဖြစ်ခဲ့ရပါတယ်။ ကျားဖြန့်မြို့ကြီးတွေကို ချေမှုန်းနှိမ်နင်းပြီးနောက်ပိုင်း ငွေလိမ်ဂိုဏ်းတွေဟာ ကရင်ပြည်နယ်အတွင်းပိုင်းကို အစုငယ်လေးတွေအဖြစ် ဖြန့်ပြီးပြောင်းရွှေ့သွားကြပါတယ်။
ကရင်ပြည်နယ် စီးပွားရေးနဲ့ ကျားဖြန့်က ခွဲလို့မရအောင် ဂေဟဗေဒသဘော ချိတ်ဆက်မိသလို ဖြစ်လာပါတယ်။ ဒီအချိန်မှာ ရပ်ရွာအခြေပြု လူထုအဖွဲ့အစည်းတွေ ကိုယ်တိုင်က လုံခြုံရေးဖိအား၊ စီးပွားရေးဖိအား၊ လူမှုရေးဖိအားတွေအောက်မှာ ပြောရေးဆိုခွင့် နည်းလှပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ လူသားစာနာအကူအညီတွေ လျော့နည်းသွားတဲ့အတွက်ကြောင့်လည်း ရပ်တည်ရ ခက်လာနေပါတယ်။ စစ်ဘေးရှောင်တွေကို ပေးရမယ့် အကူအညီတွေတောင် မဝရေစာဖြစ်လာပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးအတွက် ဒီရေမြေ၊ ဒီမြစ်ချောင်း၊ ဒီတောတောင်၊ ဒီပြည် သူလူထု၊ ဒီယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ လူမျိုးသရုပ်သကန် ကြန်အင်လက္ခဏာတွေကို ရှင်သန်နိုင်ဖို့၊ ကာကွယ်ပေးနိုင်ဖို့ တောင်းဆိုခဲ့ကြ၊ သန္နိဋ္ဌာန်ချခဲ့ကြပါတယ်။ တော်လှန်ရေးစတင်ခဲ့ပြီးနောက် ဆယ်စုနှစ်ရှစ်ခုအကြာမှာတော့ ပဋိပက္ခစီးပွားရေးကြောင့် ကိုယ်ပိုင်ကြန်အင်လက္ခဏာတွေကို ပြန်ဖျက်ဆီးကြသလို ဖြစ်နေပါပြီ။ လုယူဖျက်ဆီး ခေါင်းပုံဖြတ်တတ်တဲ့ စနစ်ကြီးတခုကို ကြုံတွေ့လာရတာပါ။
ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ တချို့က ငွေနောက်လိုက်ကုန်ပါတယ်။ ရှင်သန်နိုင်ရေးအတွက် ငွေလိမ်ဂိုဏ်းမှာ လိုလိုလားလား အလုပ်သွားလုပ်ကြသူတွေရှိလာသလို တရားမဝင် မှောင်ခိုလုပ်ငန်းတွေ၊ ရာဇဝတ်မကင်းတဲ့ လုပ်ငန်းတွေထဲ ခြေချကြရသူတွေလည်း ရှိလာပါတယ်။ အိုးအိမ်စွန့်ပစ်ထွက်ပြေးကြရသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ခံစားနေကြရပါတယ်။ ပဋိပက္ခစီးပွားရေးကနေဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါးပါးနေပါပြီ။
ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ပြည်သူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး မြောက်ပိုင်းရှမ်းပြည်မှာ ‘Voice, Exit, Loyalty’ အသံပေး ကန့်ကွက်ကြတာ၊ ဒီဒေသကိုစွန့်ခွာပြီး ထွက်သွားကြတာ၊ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတာတွေကို သုံးသပ်ဖော်ပြခဲ့ပါတယ်။ ကရင်ပြည်နယ်မှာရော ဘယ်လိုတွေဖြစ်နေလဲ။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။


ဇော်ထက်
Event Host
ISP-Myanmar
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေအားလုံး မင်္ဂလာပါ။ ကျနော်ကတော့ ဇော်ထက်ပါ။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်ကတော့ ‘ISP နှင့်အတူမိနစ် ၃၀’ အစီအစဉ်ရဲ့ ၁၃ ကြိမ်မြောက် ဆွေးနွေးမှုအစီအစဉ် ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲကိုတော့ ‘ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်တော့တဲ့ ဖားစည်မြေ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
အခုဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးကြမယ့် ISP-Myanmar ရဲ့ လူငယ်သုတေသီတွေကတော့ ကိုအေးချမ်း၊ ကိုရဲရင့်နဲ့ မစုလင်းဟန်တို့ ဖြစ်ပါတယ်။ Panelist တွေရဲ့ ဆွေးနွေးမှုအပြီးမှာ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ကောက်ယူထားတဲ့ မေးခွန်းတွေအပြင် တက်ရောက်လာသူတွေရဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Live ဒါမှမဟုတ် Chat နဲ့ Q&A ကနေလည်း မေးခွန်းနဲ့ မှတ်ချက်တွေကို ပေးပို့နိုင်ပါတယ်။ အစီအစဉ် အချိန်အကန့်အသတ်ကြောင့် မေးခွန်းအားလုံးကို ပွဲချိန်အတွင်းမှာ မဖြေလိုက်နိုင်ဘူးဆိုရင် အီးမေးလ်ကနေတဆင့် နောက်ပိုင်းမှာ ပြန်လည်ဖြေကြားသွားပါမှာ ဖြစ်ပါတယ်။ မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင် မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ ပြောလို့မရပါဘူး။ ဒီအချက်တွေကို Chat ကနေလည်း ပေးပို့ထားပါတယ်ခင်ဗျာ။ ဒီနေ့အစီအစဉ်ကို DVB ရုပ်သံသတင်းဌာနနဲ့ ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ အခုကျနော်တို့ ဆွေးနွေးမှုအစီအစဉ်ကို စတင်ပါတော့မယ်။ ကိုအေးချမ်း ကစပြီး ဆွေးနွေးပေးပါဦး။

အေးချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ ကိုဇော်ထက်၊ ကျေးဇူးပါခင်ဗျာ။ ‘ISP နဲ့အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျ။ အခုလို အချိန်ပေးပြီး တက်ရောက်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့အယူအဆမှတ်စုမှာ ပြောခဲ့သလိုပါပဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံနဲ့ ထွန်းကားလာနေပါတယ်။ ဒီနေရာမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးဆိုတာက စီးပွားရေး အမြတ်အစွန်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားက ချိတ်ဆက်မှုကို ပြောချင်တာပါ။ ဆိုလိုတာကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသတွေမှာ အခြေခံအဆောက်အုံတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ သတ္တုတွင်းတွေ၊ ဒါတွေကို ဘယ်သူတွေက ထိန်းချုပ်ထားတယ်၊ ဘယ်သူတွေက အကျိုးအမြတ်ရနေတယ်၊ ဒါ့အပြင် ရာဇဝတ်မှုမြောက်တဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ ကျားဖြန့်လို လုပ်ငန်းတွေမှာ ဘယ်သူတွေက ပါဝင်ပတ်သက်နေတယ် ဆိုတာမျိုးတွေပါ။
ကျနော်တို့ ISP-Myanmar အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ စီးပွားရေး အခင်းအကျင်းတွေကို ၂၀၂၅ ခုနစ်က စပြီး သုတေသနပြု လေ့လာနေခဲ့ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်ကို အထူးပြု လေ့လာခဲ့ပါတယ်။ အရင်တပတ်က ကျနော်တို့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ပဋိပက္ခစီးပွားရေး အခင်းအကျင်းတွေ၊ အဲဒီက ဒေသခံတွေ ဘာတွေခံစားနေရတယ်၊ ဘယ်လိုတုံ့ပြန်ကြတယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ ကရင်ပြည်နယ်အကြောင်းကို ဆွေးနွေးပါမယ်။ ကရင်ပြည်နယ်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မတူတဲ့ အခင်းအကျင်းတွေ၊ ဇာတ်ကောင်တွေ၊ အဖွဲ့အစည်းတွေကြားထဲက ထူးခြားတဲ့ ဆက်နွှယ်ပတ်သက်မှုတွေ ရှိနေပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို အပိုင်းသုံးပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမပိုင်းမှာတော့ ကရင်ပြည်နယ်ရဲ့ ပဋိပက္ခစီးပွားရေး အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ဆုံး ဆွေးနွေးပါမယ်။ ဒုတိယပိုင်းအနေနဲ့ကတော့ ဒီကရင်ပြည်နယ်ထဲက ပဋိပက္ခစီးပွားရေးလည်ပတ်နေနိုင်အောင် ကျောထောက်နောက်ခံပြုထားတဲ့ အခင်းအကျင်းကို ဆွေးနွေးပါမယ်။ နောက်ဆုံးမှာတော့ ပဋိပက္ခစီးပွားရေးရဲ့ သက်ရောက်မှုက ဒေသခံတွေအပေါ် ဘယ်လိုသက်ရောက်တယ်၊ ဒေသခံတွေကရော ဘယ်လိုတုံ့ပြန်ကြတယ်ဆိုတာကို ဆွေးနွေးထားပါတယ်။ ဒါဆို ကျနော်တို့ ဆွေးနွေးမှုကို စလိုက်ပါမယ်။ အရင်ဆုံးတော့ ကရင်ပြည်နယ်ထဲက ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးအခြေအနေတွေကို နားလည်နိုင်ဖို့ ဘယ်သူတွေက ဘာတွေထိန်းချုပ်ထားလဲဆိုတာကို ဆွေးနွေးလိုပါတယ်။

အခုပုံမှာ ပြထားတဲ့အတိုင်း ကရင်ပြည်နယ်ထဲက အခြေခံအဆောက်အအုံအများစု ၆၁ ရာခိုင်နှုန်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားပါတယ် [ISP ဒေတာအချက်အလက် ၀၃၃/၂၀၂၆ (ISP-DM2026-033) ကိုရှုပါ]။ ဒီအခြေခံအဆောက်အအုံအထဲမှာဆိုရင် မြဝတီလို ဘုရားသုံးဆူလို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေလည်း ပါပါတယ်။ နောက်ပြီး သတ္တုတွင်းထိန်းချုပ်မှုကို ကြည့်ရမယ်ဆိုရင်တော့ စစ်ကော်မရှင်နဲ့ KNU ကြား ထိန်းချုပ်မှု မကွာဟတာကို ကျနော်တို့တွေ့ရပါတယ် [ISP ဒေတာအချက်အလက် ၀၃၄/၂၀၂၆ (ISP-DM2026-034) ကိုရှုပါ]။ ဒီသတ္တုတွင်းတွေထဲမှာဆိုရင်လည်း မဟာဗျူဟာမြောက် သတ္တုတမျိုးဖြစ်တဲ့ ခနောက်စိမ်းလို သတ္တုတွင်းတွေပါ ပါတယ်။ ခနောက်စိမ်းတွင်းတွေကိုတော့ KNU နဲ့ စစ်ကော်မရှင်တို့ တဖက်ကို နှစ်တွင်းစီ ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ရှမ်းမြောက်နဲ့ မတူတဲ့ တချက်ကို ပြောပါဆိုရင် ကရင်ပြည်နယ်မှာတော့ ရှမ်းမြောက်လိုမျိုး သတ္တုတွင်းတွေကို အခြေပြုပြီး ဖြစ်ပွားတဲ့ ပဋိပက္ခ ကျနော်တို့ သိပ်မတွေ့ရပါဘူး။

အခြေခံအဆောက်အအုံတွေ၊ သတ္တုတွင်းတွေအပြီးမှာ ကျနော် ဆက်ဆွေးနွေးလိုတာကတော့ ကုန်သွယ်ရေးလမ်းကြောင်းတွေပါ။ ကျနော်တို့ သုတေသနပြု လေ့လာချက်တွေအရတော့ ကရင်ပြည်နယ်ထဲက ကုန်သွယ်ရေးလမ်းကြောင်းတွေက ပဋိပက္ခစီးပွားရေးမှာဆိုရင် စီးပွားရေးအရ အမြတ်အစွန်း အများဆုံးရှိတာကို ကျနော်တို့လေ့လာတွေ့ရှိရပါတယ်။ အခုပုံမှာပြထားတဲ့အတိုင်း ကရင်ပြည်နယ်ထဲမှာ ပင်မကုန်သွယ်ရေး လမ်းကြောင်းခြောက်ခုကို စုဆောင်းရရှိခဲ့ပါတယ် [ISP ညွှန်းပြမြေပုံ ၀၁၀/၂၀၂၆ (ISP-M2026-010) ကိုရှုပါ]။ ဒီထဲမှာဆိုရင် အမှတ်-၁ အာရှလမ်းမကြီးလို ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပါပါတယ်။ ကျနော်ဆက်ပြီးတော့ ကုန်သွယ်ရေးဒေတာ အချက်အလက်တချို့ကို ထုတ်နုတ်ပြရမယ်ဆိုရင်လည်း ဒီကုန်သွယ်ရေး လမ်းကြောင်းအများစုနဲ့ ချိတ်ဆက်ထားတဲ့ မြဝတီ နယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ တရက်ပျမ်းမျှ ကုန်သွယ်မှုတန်ဖိုးဟာဆိုရင် အမေရိကန်ဒေါ်လာ ၅ သန်း ကျော်ရှိပါတယ်။ ဒီကုန်သွယ်ရေးလမ်းကြောင်းတွေ၊ ဒီလိုအချက်အချာနေရာတွေကို KNU အနေနဲ့ ထိန်းချုပ်ဖို့ကြိုးစားခဲ့တာကို ပြန်ကြည့်မယ်ဆိုရင်လည်း ဒီလမ်းကြောင်းတွေရဲ့ အရေးပါမှုက ထင်ရှားပါတယ်။


အခုပုံမှာပြထားတာကတော့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေအတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေက ကုန်သွယ်ရေးလမ်းကြောင်းတွေတလျှောက်နဲ့ အထူးသဖြင့်တော့ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းတဝိုက်မှာ စုပြုံနေခဲ့တာကို တွေ့ရပါတယ် [ISP ညွှန်းပြမြေပုံ ၀၁၁/၂၀၂၆ (ISP-M2026-011) ကိုရှုပါ]။။ ဒီလိုသတ္တုတူးဖော်မှုတွေလိုမျိုး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်က အခွန်ကောက်ခံမှုတွေလိုမျိုး ပဋိပက္ခစီးပွားရေးတွေနဲ့ တပြိုင်တည်းမှာပဲ ကရင်ပြည်နယ်ရဲ့ ပဋိပက္ခစီးပွားရေးမျက်နစာမှာ နောက်ထပ်ထင်ရှားလာတဲ့ လုပ်ငန်းတခုကတော့ ကျားဖြန့်လုပ်ငန်းပါ။ အခုပုံမှာမြင်ရတဲ့အတိုင်းပဲ ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် တလျှောက်မှာဆိုရင် ကျားဖြန့်ဝင်းတွေကို အစီအရီ တွေ့နိုင်ပါတယ် [ISP ညွှန်းပြမြေပုံ ၀၁၂/၂၀၂၆ (ISP-M2026-012) ကိုရှုပါ]။ ဒီကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာက အာရုံစိုက်လာချိန်မှာတော့ စစ်ကော်မရှင်က ကျားဖြန့်ဖြိုခွင်းမှုတွေကို စခဲ့ပါတယ်။ KK Park၊ ရွှေကုက္ကိုတို့လို နာမည်ကျော် ကျားဖြန့်ဝင်းတွေကို ဖောက်ခွဲဖျက်စီးပြတာ ဒီဝင်းတွေထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီးတော့ ပြည်နှင် လွှဲပြောင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းက ပပျောက်မသွားပါဘူး၊ ဆက်ရှင်သန်နေဆဲပါပဲ။ ကရင်ပြည်နယ်အနှံ့၊ ကရင်ပြည်နယ်ရဲ့တွင်းပိုင်းအထိကို မြစ်ပွားနာလိုပဲ ပျံ့နှံ့နေပါတယ်။

ကျနော်အခုဆွေးနွေးခဲ့တာတွေကတော့ ကရင်ပြည်နယ်ထဲက ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ စီးပွားရေး အခြေအနေပါ။ ပဋိပက္ခစီးပွားရေးတွေ ကရင်ပြည်နယ်ထဲမှာ ဆက်လည်ပတ်နေနိုင်အောင် အထောက်အပံပြုထားတဲ့ အခင်းအကျင်းကိုတော့ ကိုရဲရင့်က ဆက်ပြီး ဆွေးနွေးပေးပါဦးခင်ဗျ။

ရဲရင့်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ ကျေးဇူးပါ ကိုအေးချမ်း။ ကရင်ဒေသရဲ့ ပဋိပက္ခစီးပွားရေးကို ကျောထောက် နောက်ခံပြုထားတဲ့ အခင်းအကျင်းကို နားလည်ဖို့ဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ ကရင်ဒေသမှာရှိတဲ့ အဖွဲ့တွေ အကြောင်းကို သိထားဖို့လိုပါမယ်ဗျ။ ကရင်ဒေသကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ISP နဲ့အတူ မိနစ် ၃၀ ပွဲ အမှတ်-၁၂ မှာပြောခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းလိုမျိုး လက်နက်ကိုင်အဖွဲ့တွေ များတယ်ဆိုပေမဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ မတူတဲ့တချက်ကတော့ ကရင်ဒေသ လက်နက်ကိုင်တပ်ဖွဲ့တွေက မျိုးနွယ်စုတခုတည်းကို ကိုယ်စားပြုထားတဲ့ လက်နက်ကိုင်တပ်တွေပဲ ဖြစ်ပါတယ်ဗျ။ ဒါ့အပြင် အဖွဲ့တွေအားလုံးက ကရင့်တော်လှန်ရေး ဘိုးအေကြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ တိုက်ရိုက်သော်လည်ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ခွဲထွက်ခဲ့ကြတဲ့ အဖွဲ့တွေဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၀၃၅/၂၀၂၆ (ISP-DM2026-035) ကိုရှုပါ]။

ကျနော်တို့ ကရင့်သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်ဆိုရင်လည်း ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင် ကာလအထိ KNUကနေ တိုက်ရိုက်ခွဲထွက်တဲ့ အဖွဲ့ ၅ ဖွဲ့ထိရှိပါတယ်။ အဲ့အဖွဲ့တွေထဲကမှ DKBAကနေ ၂ ဖွဲ့ထပ်ပြီး ခွဲထွက်ခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကရင်လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးရပ်တည်ချက် မတူကြတဲ့အပြင် KNU ကနေ KTLA ခွဲထွက်တာရှိခဲ့ပြီး အဖွဲ့တဖွဲ့ကနေ တဖွဲ့ ကူးပြောင်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် အရင်က စစ်တပ်ဖွဲ့စည်းပုံအောက်မှာ ရှိခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့လည်း ၂၀၂၆ ခုနှစ်ကနေ စပြီးတော့မှ ကရင်အမျိုးသားတပ်မတော် (KNA) ဆိုပြီးတော့ စစ်တပ်လက်အောက်ကနေ ထပ်ပြီးတော့ခွဲထွက်ခဲ့ပြန်ပါတယ်။ ဒီလိုခွဲထွက်ခဲ့တဲ့အဖွဲ့တွေထဲကမှ DKBA၊ KNU/KNLA-PC နဲ့ BGF/KNA တို့ဟာ မိခင် KNUနဲ့ အတူ မြန်မာ့နိုင်ငံရေး၊ စစ်ရေးမှာ အခုအချိန်အထိ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ အရှေ့မှာ ကိုအေးချမ်း ပြောခဲ့တဲ့ ဒေတာအချက်အလက်တွေကို ပြန်ကြည့်ရင်လည်း လက်ရှိ ကရင်ပြည်နယ်ရဲ့ ပဋိပက္ခစီးပွားရေး ဇာတ်ခုံပေါ်မှာ ဒီအဖွဲ့တွေက အဓိကကျတဲ့ ဇာတ်ကောင်တွေ ဖြစ်နေပါတယ်။ အာဏာသိမ်းပြီးနောက်မှာ ဒီကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ကြားထဲမှာ လက်နက်ကိုင်တိုက်ပွဲ မဖြစ်ရေးမူ ဆက်ပြီးခိုင်မြဲခဲ့တယ်ဆိုပေမဲ့ KNU အနေနဲ့ စစ်ကော်မရှင်ကို ပြန်ပြီးတော်လှန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ KNU/KNLA-PC နဲ့ DKBA တို့ကတော့ NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ ကြေညာခဲ့ပြီး စစ်တပ်နဲ့ ဆက်ဆံရေးကို ဆက်ပြီး ထိန်းထားကြပါတယ်။
လက်ရှိ ကရင်ရဲ့စစ်ရေး အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်လည်း စစ်ကော်မစ်ရှင်နဲ့ KNU အကြား တိုက်ပွဲတွေဟာ ဆက်တိုက် ဆိုသလို ဖြစ်ပြီး သေနတ်သံ တစီစီ ရှိနေပါတယ်။ ပြန်ကြည့်ရမယ်ဆိုရင် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ကရင်စစ်ရေးခွင်ဟာ တိုက်ပွဲဖြစ်မှု အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိလည်း တိုက်ပွဲတွေအဆက်မပြတ် ဖြစ်ပွားနေတာပါ။ KNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ KNLA နဲ့ PDF တွေ ပူးပေါင်းပြီး တိုက်ပွဲ ဖော်ဆောင်မှုတွေရှိခဲ့တယ်။ အဲ့အတွက်ကြောင့်လည်း KNU အနေနဲ့ နယ်မြေတွေ ပိုမိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ အာရှလမ်းမကြီး အပါအဝင် တခြားအခြေခံ အဆောက်အဦးအချို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း စစ်တပ်က သူတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေနဲ့ အဆောက်အဦးတွေကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့ပေမဲ့ အစောပိုင်းမှာတော့ KNLA ပူးပေါင်းတပ် တွေကို သူတို့အနေနဲ့ ကျော်လွန်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ရှမ်းမြောက်မှာ အပြစ်ခတ်ရပ်စဲပြီးနောက်မှာတော့ စစ်တပ်အနေနဲ့ ကရင်မှာ စစ်ဆင်ရေးကို ပိုမိုအရှိန် မြှင့်တင်လာခဲ့ပြီး အာရှလမ်းမကြီး ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီး နောက်ကျောလုံလုံနဲ့ အပြည့်အဝ ပြန်ဖွင့်နိုင်ဖို့အတွက် မြဝတီ-ကော့ကရိတ် လမ်းဟောင်းပိုင်းကိုလည်း ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ပွဲတွေ ဖော်ဆောင်ပြီး ကြိုးစားနေတာတွေရှိပါတယ်။ ဒါ့အပြင်နယ်စပ်ဒေသမှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ အပြင် KNU သိမ်းပိုက်ထားတဲ့ ကျားဖြန့်ရုံရှိတဲ့ မင်းလက်ပံ-ဖလူး ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေလည်း စစ်ရှောင်နေရပါတယ်။ အဲ့အပြင် နောက်ထပ် KNU ထိန်းချုပ်ထားတဲ့ ဒေသတခုဖြစ်တဲ့ ဖာပွန်မှာလည်း စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားဖြည့်တင်းပြီး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကရင်ရဲ့ စစ်ရေးကို ပြန်ကြည့်ရမယ်ဆိုရင် သေနတ်သံတွေ ဆက်ကြားရဖို့ရှိပြီး ဒေသခံတွေအနေနဲ့ အိမ်အပြန်လမ်းကို မျှော်မှန်းလို့ မရသေးတဲ့ အနေအထား ဖြစ်နေပါတယ်။
တဖက်မှာလည်း KNU အနေနဲ့ နယ်စပ်စခန်းတွေကို သိမ်းပြီး ထိုင်းနိုင်ငံနဲ့ တိုက်ရိုက်ကုန်သွယ်ပြီး ထိုင်းနဲ့ ဆက်ဆံရေးကို တိုးမြှင့်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ လက်တွေ့မှာ အရာမထင်ခဲ့ပါဘူး [ISP ညွှန်းပြမြေပုံ ၀၁၃/၂၀၂၆ (ISP-M2026-013) ကိုရှုပါ]။ ထိုင်းနိုင်ငံအနေနဲ့ အစောပိုင်းမှာ မြန်မာ့အရေးကို ဦးစားပေးအနေနဲ့ သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားနဲ့ နယ်စပ်စစ်ပွဲ ပေါ်လာတဲ့ချိန်မှာတော့ သူတို့အနေနဲ့ မြန်မာ့နယ်စပ်အရေးကို ဦးစားမပေးနိုင်တော့ပါဘူး။၊ တဖက်မှာလည်း စစ်ကော်မရှင်က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် KNU ထိန်းချုပ်ထားတဲ့ နယ်စပ်စခန်းတွေ မဟုတ်တဲ့ တာချီလိတ်၊ ကော့သောင်းတို့လို့ လမ်းကြောင်းတွေကနေ အဓိကထား ကုန်သွယ်ဖို့ ကြိုးစားလာတဲ့အတွက်ကြောင့် KNU ရဲ့ နယ်စပ်ဒေသကို ထိန်းချုပ်ပြီး ထိုင်းနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားချက်တွေ့က လက်တွေ့မှာ ထင်သလောက် ခရီးမရောက် ဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ အယူအဆမှတ်စုမှာ ပြောခဲ့သလိုပဲ ကရင်ပြည်နယ်ရဲ့ ရှုပ်ထွေးပွေလီတဲ့ ပြဿနာက လူမျိုးစုတခုတည်းကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့တွေ များပြားနေတာရယ်၊ နောက်ပိုင်း နိုင်ငံတကာ သတင်းခေါင်းကြီးတွေမှာ နေရာယူလာတဲ့ ‘ကျားဖြန့်’တွေ ကြောင့် အကုန်ရောပြီး နာမည်ပျက်ရတာတွေကြောင့်ပါ။ ဒီလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ အဲ့ဒီဒေသမှာရှိတဲ့ ကွဲပြားနေတဲ့ လက်နက်ကိုင်တွေ ဆက်လက်ရပ်တည် ရေးနဲ့ ကြီးထွားရေးအတွက်ကို အထောက်အပံ့ပြုနေပါတယ်။ ဒီလုပ်ငန်းတွေကို စစ်ကော်မရှင်က ဖြိုခွင်းခဲ့တယ်လို့ ပြောပေမဲ့လည်း တကယ်တော့ ဒီလုပ်ငန်းတွေက ကရင်မြေမှာ လုံးဝကွယ်ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ နေရာတခုခုမှာ ပုံစံတခုခုနဲ့ ပြန်ပေါ်လာပြီး လည်ပတ်နေကြတာပါ။ အရင်က ကရင်မြေ လို့ပြောလိုက်မယ်ဆိုရင်တော့ စကားသံဝဲဝဲနဲ့ နှစ်လိုဖွယ်ကောင်းတဲ့ လူမျိုးတွေနေထိုင်တဲ့ ဒေသ၊ တောတောင်တွေ၊ ရေမြေသဘာဝ အလှတရားတွေနဲ့ စိမ်းလန်းစိုပြေ လှပနေတဲ့ ဒေသလို့မြင်ကြပေမဲ့ အခုချိန်မှာတော့ ကရင်မြေလို့ ပြောလိုက်မယ်ဆိုရင် ကျားဖြန့်ကို ထိပ်ဆုံးက ပြေးမြင်ကြတဲ့ အထိဖြစ်လာပါတယ်။ ဆိုတော့ ဒီလို စစ်တပ်နဲ့ KNUအကြားက တိုက်ပွဲတွေ၊ ပဋိပက္ခ စီးပွားရေးအခြေခံတဲ့ ပြဿနာတွေကြားမှာ ကရင်ဒေသက လူထုအနေနဲ့ ဘယ်လိုရုန်းကန် နေထိုင်ရလဲ၊ ဘယ်လိုတွေ တုံ့ပြန်နေကြလဲဆိုတာကိုတော့ မစုလင်းဟန်က ဆက်ပြီး ဆွေးနွေးပေးပါဦးဗျ။

စုလင်းဟန်
လူငယ်သုတေသီ
ISP-Myanmar
ကရင်ပြည်နယ်ရဲ့ ပဋိပက္ခစီးပွားရေးကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ။ ဒီလိုသက်ရောက်မှုတွေကို ကရင်ဒေသခံတွေက ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းကြသလဲဆိုတာကို ကျမ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ သက်ရောက်မှုအပိုင်းကို ကျမ ဆွေးနွေးချင်ပါတယ်ရှင့်။ စောစောက ကိုအေးချမ်းပြောခဲ့သလိုပဲ ကရင်ပြည်နယ်မှာဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရဲ့ရပ်တည်ရေးအတွက် သတ္တုတူးဖော်မှုတွေကို လုပ်ကြတယ်။ ဒီလိုတူးဖော်မှုတွေကနေတဆင့် လေထုရေထုညစ်ညမ်းတာ၊ မြစ်ချောင်းတွေ တိမ်ကောတာ၊ စိုက်ပျိုးမြေတွေ ပျက်စီးတာ စသဖြင့် ကြုံတွေ့နေရပါတယ်။ အခုဆိုရင်လည်း သံလွင်မြစ်ရေ အာဆင်းနစ်အဆိပ်သင့်မှုက အတော်လေးကိုမြင့်မားနေပါတယ်။ ဒါက ကရင်ပြည်နယ်က တူးဖော်မှုကြောင့် ဖြစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကရင်ပြည်ကို ဖြတ်သန်းစီးဆင်းသွားတဲ့အတွက်ကြောင့်မို့ ကရင်ဒေသခံတွေရဲ့ ကျန်းမာရေးကိုလည်း တနည်းတဖုံ ခြိမ်းခြောက်နေပါတယ်။
ဆက်လက်ပြီးတော့ ကုန်သွယ်ရေးလမ်းကြောင်းနဲ့ပတ်သက်တဲ့ သက်ရောက်မှုကို ဆွေးနွေးသွားချင်ပါတယ်ရှင့်။ အခုဆိုရင် ကုန်သွယ်ရေးလမ်းကြောင်းတွေတလျှောက်မှာ လက်နက်ကိုင်အဖွဲ့တွေက အခွန်ဂိတ်တွေ တိုးဖွင့်ကြတယ်။ အခွန်တွေကို တိုးကောက်ကြတယ်။ ဆိုတော့ ကုန်သည်တွေက အခွန်တွေ တနင့်တပိုး ပေးရတယ်။ ဒါနဲ့တဆက်တည်းမှာပဲ ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်တက်လာတယ်။ တဖက်မှာကျတော့လည်း စစ်ကော်မရှင်က မြဝတီဂိတ်ကို ပိတ်ထားတယ်။ ဆန်၊ ဆီလို အခြေခံစားသောက်ကုန်ကအစ တင်သွင်းခွင့်ကို ပိတ်ထားတာဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ထိုင်းဘက်က တင်သွင်းလာတဲ့ ကုန်စည်တွေကိုလည်း စစ်ဆေးရေးဂိတ်တွေနဲ့ အဆင့်ဆင့် ဖမ်းဆီးတယ်။ ဒီလိုနဲ့ပဲ ကုန်စည်စီးဆင်းမှုကို ပြတ်တောက်စေပါတယ်။
ဒါတွေအပြင် ပဋိပက္ခကြောင့်ဖြစ်လာတဲ့ နေရပ်ရွှေ့ပြောင်းရတဲ့ စစ်ဘေးရှောင်တွေဟာဆိုရင် အကူအညီတွေ မရသလောက်ပါပဲ။ အမေရိကန် (USAID) လို နိုင်ငံတကာအကူအညီတွေ ပြတ်တောက်သွားတဲ့အခါ စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့ ပိုပြီးခက်ခဲလာပါတယ်။ အခုပြထားတဲ့ ပုံကိုကြည့်မယ်ဆိုရင် မြန်မာ-ထိုင်းနယ်စပ်မှာ ဒုက္ခသည်စခန်းပေါင်းကိုးခုရှိတယ်၊ အဲ့ထဲက ခြောက်ခုက ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်မျဉ်းးတလျှောက်မှာရှိတာ ဖြစ်ပါတယ် [ISP ညွှန်းပြမြေပုံ ၀၁၄/၂၀၂၆ (ISP-M2026-014) ကိုရှုပါ]။ ၂၀၂၄ သန်းခေါင်စာရင်းအရဆိုရင် ကရင်ပြည်နယ်ရဲ့ စုစုပေါင်းလူဦးရေက ၁ ဒသမ ၅ သန်းခန့် ရှိတယ်။1 အခုပြထားတဲ့ ပုံကို ပြန်ကြည့်မယ်ဆိုရင် ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်းမှာနေနေကြရတဲ့ စစ်ရှောင်အရေအတွက်က ရှစ်သောင်းကျော်ရှိပါတယ် [ISP ဒေတာအချက်အလက် ၀၃၆/၂၀၂၆ (ISP-DM2026-036) ကိုရှုပါ]။ ဒီအချက်အလက်တွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် လူအယောက် ၁၀၀ မှာ ခြောက်ယောက်က စစ်ဘေးရှောင်စခန်းမှာ နေနေရတာ ဖြစ်တယ်။2 ထူးခြားချက်က စစ်ဘေးရှောင်တွေက မျိုးဆက်နဲ့ချီ စစ်ရှောင်လာရတာဖြစ်တယ်။ နွေဦးတော်လှန်ရေးဖြစ်လာတော့လည်း မြန်မာပြည်မပိုင်းကသူတွေ အထူးသဖြင့် စီဒီအမ်တွေနဲ့ တော်လှန်လူငယ်တွေဟာ ကရင်ဒေသကို အများဆုံးထွက်လာကြတယ်။ သူတို့ကို ခေတ္တခိုလှုံဖို့ အကူအညီပေးခဲ့တာကလည် ကရင်ပြည််နယ်က ရပ်ရွာအဖွဲ့အစည်းတွေနဲ့ ကရင်လူထုပဲ ဖြစ်တယ်။ ဒီလိုမျိုး နိုင်ငံရေး၊ စစ်ရေးသက်ရောက်မှုတွေကြောင့် ဖြစ်လာတဲဲ့ ဒဏ်ရာတွေကို ကရင်လူထုတွေက ခါးစည်းခံခဲ့ကြရသလိုပဲ ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းခဲ့ကြတယ်ဆိုတာလည်း တွေ့မြင်နိုင်ပါတယ်ရှင့်။ ဒါကြောင့် ကရင်လူထုတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကလည်း အင်မတန်မှ ချီးကျူးစရာကောင်းပါတယ်။


ကျမအခုထိ ပြောသွားတာက ပဋိပက္ခစီးပွားရေးကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေပဲ ဖြစ်တယ်။ ဒီသက်ရောက်မှုတွေကြောင့်ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ထိခိုက်နစ်နာမှုတွေကို ဒေသခံတွေက ဘယ်လိုမျိုး တုံ့ပြန်ဖြေရှင်းကြသလဲဆိုတာကို ကျမ ဆက်ပြီးတော့ ဆွေးနွေးချင်ပါတယ်ရှင့်။ ပထမဆုံး တုံ့ပြန်တဲ့ဖြေရှင်းနည်းကတော့ စနစ်အတွင်းမှာရှိတဲ့ ပလက်ဖောင်းပေါင်းစုံကနေ ကိုယ့်ရဲ့အသံကို ထုတ်ဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အသံကို ထုတ်ဖော်ဖို့ဆိုရင် အရပ်ဘက်အဖွဲ့အစည်း အများအပြားဟာဆိုရင်လည်း KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိကြတယ်။ ဒါပေမဲ့လည်း ပဋိပက္ခအကျိုးစီပွားခွဲဝေမှုနဲ့ ပတ်သက်လာရင်တော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လူမှုရေးဖိအား၊ လုံခြုံရေးဖိအား၊ စီးပွားရေးဖိအားတွေအောက်မှာ သူတို့အနေနဲ့ ပြောရေးဆိုခွင့်နည်းလှပါတယ်။ ကျမ ဒီနေရာမှာ ဥပမာတခုအနေနဲ့ ပြောပြချင်ပါတယ်ရှင့်။ KNU ခေါင်းဆောင်ပိုင်းတွေ ကျားဖြန့်နဲ့ ပတ်သက်တဲ့ ကိစ္စမှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေဟာ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ အားနည်းတယ်ဆိုတာကို တွေ့ရပါတယ်။ ဒေသခံတယောက်က ထိပ်တိုက်ထုတ်ဖော်ပြောဆိုဖို့ အခွင့်မသာတော့ဘူးဆိုရင် ကိုယ့်ရဲ့ရှင်သန်ရပ်တည်ရေးအတွက် အလိုက်အထိုက်လေးနေလိုက်တာဖြစ်ပါတယ်။ ဒါကတော့ ဒုတိယဖြေရှင်းနည်း ပုံစံပါရှင့်။ ဒါကြောင့်လည်း ပြည်သူတွေက ကျားဖြန့်ဆိုတာ ငွေလိမ်ဂိုဏ်းမှန်း သိသိနဲ့ အလုပ်သွားလုပ်ကြရတယ်။ ရာဇဝတ်မကင်းတဲ့ လုပ်ငန်းတွေ၊ မှောင်ခိုလုပ်ငန်းတွေထဲကို ခြေချလာကြရတယ်။ ဒီလိုနဲ့ပဲ အလိုက်သင့်လေး ကိုယ့်ရဲ့ရှင်သန်ရပ်တည်ရေးအတွက် ရွှေချည်ကြိုးဆွဲရာ ကကြရပါတယ်။
ကျမအခုပြောသွားသလိုမျိုး ဒေသခံတယောက်က ကိုယ့်ရဲ့ ထိခိုက်နစ်နာမှုကို ထိပ်တိုက်နှုတ်ကနေထုတ်ပြောဆိုဖို့လည်း မစွန့်စားချင်တော့ဘူး။ ဒုတိယဖြေရှင်းနည်းပုံစံဖြစ်တဲ့ ကိုယ့်ရှင်သန်ရပ်တည်ရေးအတွက် ကြုံသလိုလှော်ခတ်ဖို့လည်း မရွေးချင်တော့ဘူး။ ဒါဆိုရင် ဘာဆက်လုပ်ကြမလဲ။ နောက်ဆုံးရွေးချယ်စရာကတော့ ကိုယ့်ဘဝရပ်တည်ရေးအတွက် ပိုပြီးတော့အဆင်ပြေနိုင်မယ့် နေရာတခုခုကို ရွေ့ပြောင်းဖို့ ရွေးချယ်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲ ကရင်ပြည်နယ်က ဒေသခံအများစုဟာဆိုရင် ကိုယ်နဲ့ အနီးစပ်ရာ ထိုင်းနိုင်ငံ၊ ဒါမှမဟုတ် တခြားနိုင်ငံတခုခုမှာ သွားရောက်အလုပ်လုပ်ကိုင်ကြရတယ်။ ဒါကတော့ တတိယဖြေရှင်းနည်းပုံစံပါရှင့်။ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့မူရင်း သရုပ်သကန်ဟာ ဘာပါလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိလောက်တော့တဲ့အထိ အနေမနီး မစုစည်းနိုင်တော့တဲ့ ဖားစည်မြေဖြစ်လာပါတယ်လို့ ပြောရင်းနဲ့ပဲ ကျမတို့ရဲ့ ပဏာမဆွေးနွေးမှုကို နိဂုံးချုပ်ချင်ပါတယ်။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ Panelist တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ရဲ့ ပဏာမပိုင်းဆွေးနွေးမှုအစီအစဉ်ကတော့ ပြီးသွားပြီဖြစ်ပါတယ်။ အခုကတော့ အမေးအဖြေ ကဏ္ဍကို ဆက်သွားချင်ပါတယ်။ ဒီနေ့အစီအစဉ်ကို တက်ရောက်လာကြတဲ့ participant တွေဆီကနေ မေးခွန်းတခုနဲ့ မှတ်ချက်တခုကို ဖိတ်ခေါ်ဆွေးနွေးသွားပါ့မယ်။ raise hand button ကို သုံးပြီးတော့ မေးခွန်း မေးမြန်းလို့ရပါတယ်။ ဆွေးနွေးလို့ရပါတယ်။ ကျနော် စပြီးတော့မှ ခေါ်ပါမယ်ခင်ဗျာ။ လက်ထောင်ထားတဲ့သူများ ရှိပါသလားခင်ဗျ။ မရှိဘူးဆိုရင်တော့ ကပြင်ရပ်ဝန်းကို ကြိုတင်ပေးပို့ထားတဲ့ မေးခွန်းတွေထဲက ပထမဆုံးတခုကို မေးမြန်းလိုပါတယ်။
ပဋိပက္ခစီးပွားရေးကို အထောက်အပံ့ပြုထားတဲ့ ပဋိပက္ခတွေ ငြိမ်းသွားရင် ဒီလုပ်ငန်းတွေ ပပျောက်သွားမှာလား။

စုလင်းဟန်
လူငယ်သုတေသီ
ISP-Myanmar
ကျမတို့ ဆွေးနွေးခဲ့ကြသလိုပဲ ကရင်ပြည်နယ်ရဲ့ လက်နက်ကိုင်ပဋိပက္ခအတွေဆိုတာက ပဋိပက္ခစီးပွားရေးကို ကျောထောက်နောက်ခံပြုထားတာဖြစ်တယ်။ ကျမတို့ လေ့လာမှုတွေအရ ပဋိပက္ခစီးပွားရေးက အခုဆို ကြံ့ကြံ့ခိုင်နိုင်စွမ်းဟာ ပိုပြီးကြီးထွားလာတာကို တွေ့ရတယ်။ ပဋိပက္ခအပေါ်ကို မှီခိုနေတာမဟုတ်ဘဲ သူအခြေတည်တဲ့ ဒေသရဲ့ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် သူ့ဟာသူ ဆက်လက်ပြီးတော့ ရှင်သန်နိုင်တဲ့ အနေအထားမျိုးပါ။ ကျမ ဒီနေရာမှာ ကျားဖြန့်နဲ့ ဥပမာပေးချင်ပါတယ်ရှင့်။ ကျမတို့ အယူအဆမှတ်စုမှာ ပြောခဲ့သလိုပဲ ကရင်ပြည်နယ်ရဲ့ စီးပွားရေးလို့ ပြောလိုက်မယ်ဆိုရင် ကျားဖြန့်နဲ့ ခွဲခြားလို့မရအောင်ကို ဂေဟဗေဒသဘော ချိတ်ဆက်မိသလို ဖြစ်လာတယ်။ ကျမ ဆိုလိုချင်တာကတော့ ဒီလိုပါရှင့်။ ကျားဖြန့်တွေအတွက် လိုအပ်တဲ့ လူအင်အား၊ နေရာထိုင်ခင်းရှာတာတွေ၊ နောက်စားသောက်ကုန်၊ စတာတွေကို ဒီဒေသတွင်းရှိရင်းစွဲ စီးပွားရေးစနစ်ထဲကနေ ရယူနေရတာဖြစ်တယ်။ ဒီစီးပွားရေး လည်ပတ်ဖို့ဆိုရင် ကျားဖြန့်လုပ်ငန်းတွေကလည်း ပြန်ပြီးတော့ ကျောထောက်နောက်ခံပေးထားတာ ဖြစ်တယ်။ အခုလိုအခြေအနေတွေအရ ကျမတို့လေ့လာကြည့်မယ်ဆိုရင် ပဋိပက္ခစီးပွားရေးဆိုတာက ဘေးထွက်ဆိုးကျိုး မဟုတ်တော့ပါဘူး။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပဋိပက္ခစီးပွားရေးက သရဲမွေးသလို အခြေအနေမျိုးဖြစ်နေပြီ။ တချိန်မှာကိုယ့်ကို ဂုတ်ချိုးသတ်နိုင်လောက်တဲ့ အခြေနေမျိုးအထိ ဖြစ်လာနိုင်တယ်လို့ပဲ ဖြေချင်ပါတယ်ရှင်။

ဇော်ထက်
Event Host
ISP-Myanmar
ဖြေပေးသွားတဲ့ မစုလင်းဟန်ကို ကျေးဇူးတင်ပါတယ်။ အခုတက်လာတဲ့ရောက်လာတဲ့ participant တွေဆီကနေပြီးတော့ မေးခွန်းနဲ့မှတ်ချက် ပြန်လည်ဖိတ်ခေါ်ချင်ပါတယ်။ Raise hand button သုံးပြီးတော့ မေးမြန်းလို့ရပါတယ်။ လက်ထောင်ထားတဲ့သူများ ရှိပါသလားခင်ဗျာ။ မရှိသေးဘူးဆိုရင်တော့ ကျနော်တို့ ကပြင်ရပ်ဝန်းကို ပို့ထားတဲ့ မေးခွန်းနံပါတ် ၂ ကို ဆက်သွားလိုက်ပါမယ်။
ကရင်ပြည်နယ်က ပဋိပက္ခစီးပွားရေးတွေ ပဋိပက္ခအခင်းအကျင်းတွေမှာ ထိုင်းနိုင်ငံက ဘယ်လောက်အတိုင်းအတာထိ ပါဝင်နိုင်မလဲ။

ရဲရင့်
လူငယ်သုတေသီ
ISP-Myanmar
ကျနော်တို့ ပြန်ကြည့်ရမယ်ဆိုရင် ကရင်က ထိုင်းနဲ့ အရှည်ဆုံး နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့် ကရင်ရဲ့ အခြေအနေတွေဟာ ထိုင်းအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ အခုစစ်ကော်မရှင်က မြဝတီဂိတ် ပိတ်ထားတယ်၊ အာရှလမ်းမကြီးကို ပြန်လည် မဖွင့်နိုင်သေးဘူး။ ဒါတွေက ထိုင်းရဲ့ စီးပွားရေးအပေါ် ကြီးကြီးမားမားသက်ရောက်မှု ရှိပါတယ်။ ကျားဖြန့်ပြဿနာလည်း ဒီလိုပါပဲ။ ဒီလိုပြဿနာတွေရဲ့ ဖိတ်စင်သက်ရောက်မှုကို ထိုင်းနိုင်ငံက ခံနေရသရွေ့ ထိုင်းရဲ့ ပါဝင်မှုကတော့ ရှိနေမှာပါပဲလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ရှိသလို အခြားဦးစားပေးရမယ့် နိုင်ငံရေးအာဂျန်ဒါတွေ ရှိနေတတ်ပါတယ်။ အရှေ့မှာ ကျနော်တို့ ဆွေးနွေးခဲ့သလိုပဲ ထိုင်းအနေနဲ့ အစောပိုင်းမှာတော့ မြန်မာ့အရေးကို ဦးစားပေးခဲ့ပေမဲ့ ကမ္ဘာဒီးယားနဲ့ နယ်စပ်စစ်ပွဲဖြစ်လာတဲ့အချိန်မှာတော့ မြန်မာနယ်စပ်ငြိမ်းချမ်းရေးကို သူတို့အနေနဲ့ ဦးစားပေးမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သူတို့အနေနဲ့ကတော့ နယ်စပ်ကုန်သွယ်ရေး ပြန်စရင်ကိုပဲ အဆင်ပြေပြီဖြစ်တဲ့အတွက်ကြောင့် စစ်ကော်မရှင်နဲ့ ဦးတည်ဆက်ဆံတာမျိုး ကျနော်တို့တွေ့ရတယ်။ ကျားဖြန့်ပြဿနာမှာလည်း ဒီလိုပါပဲ။ ထိုင်းအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေ နယ်စပ်တွေကနေ မဝင်ရင်ပြီးရော ဆိုတာမျိုး ဦးတည််ပြီးလုပ်ဆောင်တာတွေ တွေ့ရပါတယ်။ အဆုံးသတ်မှာတော့ ဒီပြဿနာတွေဟာ ကိုယ့်အတွင်းထဲရောက်လာပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်လူထုကပဲ ဆက်ပြီးတော့မှ ဒုက္ခတွေခံနေရမယ့် အခြေအနေတွေပဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ဖြေကြားလိုပါတယ်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဖြေပေးသွားတဲ့ ကိုရဲရင့်ကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကျနော်တို့ chat ထဲမှာ ပေးပို့ထားတဲ့ မေးခွန်းတခုကို မေးမြန်းလိုပါတယ်။
မြန်မာနိုင်ငံရှိ သဘာဝသယံဇာတ ထုတ်ယူမှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး က မြန်မာစစ်ကော်မရှင် ထုတ်ယူတာဖြစ်တယ်။ အဲဒီထုတ်ယူထားတဲ့ သယံဇာတတွေဟာ မြန်မာနိုင်ငံတော်ပိုင်လား၊ ဒါမှမဟုတ် မြန်မာစစ်တပ်အကြီးပိုင်း မိသားစုတွေနဲ့ ခရိုနီမိသားစုတွေကပဲ ပိုင်ဆိုင်ကြတာလား။

အေးချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဒီမေးခွန်းကို နားလည်တာကတော့ ကျနော့်အပိုင်းမှာဆွေးနွေးခဲ့တဲ့ သတ္တုတွင်းထိန်းချုပ်မှုတွေထဲက စစ်ကော်မရှင်နဲ့ KNU တို့ထိန်းချုပ်မှုမကွာတဲ့ အချက်အလက်အပေါ် မူတည်ပြီး မေးတယ်လို့ ယူဆပါတယ်။ ဒီမေးခွန်းကို ပြန်ကောက်ရရင် မေးခွန်းမှာမေးထားတဲ့ သတ္တုတွင်းတွေမှာ အကျိုးအမြတ်ရတာတွေက စစ်ကော်မရှင်က မိသားစုဝင်တွေက ရတာလား၊ စစ်ကော်မရှင်က ရတာလားဆိုရင် ကျနော်တို့ လေ့လာမှုတွေအရတော့ ကရင်ပြည်နယ်အထဲက သတ္တုတွင်းတွေ တော်တော်များများက မှတ်ပုံတင်ပြီးသားပေါ့နော်။ ဒီစစ်အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက အစိုးရဆီမှာ မှတ်ပုံတင်ပြီးသား သတ္တုတွင်းတွေဖြစ်တယ်၊ အဲဒီကတည်းက သတ္တုတွေကို ထုတ်လုပ်နေပြီးတော့ ရောင်းချနေတဲ့သတ္တုတွင်းတွေဖြစ်တယ်။ ဒီမေးခွန်းဖြစ်တဲ့ ခရိုနီတွေရောရသလား၊ စစ်ကော်မရှင်က ခေါင်းဆောင်ပိုင်းတွေရော ရသလားဆိုရင်တော့ ပဋိပက္ခစီးပွားရေးမှာတော့ စစ်ကော်မရှင်ဘက်က အကျင့်ပျက်ခြစားမှုတွေ၊ အဂတိမှုတွေက ရှိနေတဲ့အတွက် ကျနော်တို့အနေနဲ့ ဒေတာအချက်အလက်အရ ဘယ်သူတွေ၊ ဘယ်ကုမ္ပဏီတွေ၊ ဘယ်လုပ်ငန်းတွေ ပါပါတယ်လို့ အတိအကျမပြောနိုင်ပေမဲ့၊ အခုလည်ပတ်နေတဲ့ ပဋိပက္ခစီးပွားရေးအရတော့ အမြတ်အစွန်းတွေက မေးခွန်းမှာမေးခဲ့သလိုပဲ ဒီလိုမျိုး ဇာတ်ကောင်တွေ၊ အဖွဲ့အစည်းတွေဆီရောက်နိုင်တယ်လို့ အကြမ်းဖျင်းဖြေချင်ပါတယ်ခင်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ ဖြေပေးသွားတဲ့ ကိုအေးချမ်းကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကျနော်တို့ ထပ်ပြီးတော့ တက်ရောက်လာကြတဲ့ participant တွေဆီကနေပြီးတော့ မေးခွန်းနဲ့မှတ်ချက် ထပ်ပြီးတော့ ဖိတ်ခေါ်ချင်ပါတယ်။ Raise hand button သုံးပြီးတော့ မေးမြန်းလို့ရပါတယ်။ မေးချင်တဲ့သူများရှိပါသလားခင်ဗျာ။ လက်ထောင်ထားတဲ့ သူများရှိပါသလားခင်ဗျ။ ဟုတ်ကဲ့၊ ဒါဆိုရင်တော့ ကျနော်တို့ နောက်ထပ်မေးခွန်းထပ်သွားချင်ပါတယ်။
ပဋိပက္ခစီးပွားရေး က လူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းတမျိုးလား၊ ဒါမှမဟုတ် ခေါင်းပုံဖြတ်တဲ့စီးပွားရေး ပုံစံမျိုး ဖြစ်နေပါသလား။

အေးချမ်း
လူငယ်သုတေသီ
ISP-Myanmar
ပဋိပက္ခစီးပွားရေးလို့ပြောရင် ကျနော်တို့ အရှေ့မှာဆွေးနွေးခဲ့သလိုပဲ၊ လေ့လာမှုတွေအရ နှစ်ပိုင်းရှိတယ်ပေါ့နော်။ ပုံမှန်မဟုတ်တဲ့ စီးပွားရေး (informal economy) နဲ့ ရာဇဝတ်မှုမြောက်တဲ့ စီးပွားရေး (illicit economy) ပေါ့။ ပုံမှန်မဟုတ်တဲ့ စီးပွားရေးထဲမှာပါတဲ့ သတ္တုတူးဖော်မှုတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် အခွန်ကောက်ခံမှုတွေကတော့ ဒီပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ ရှိနေတယ်ပေါ့။ ဟုတ်ပါတယ်၊ ကျနော်တို့ နားလည်ပါတယ်။ ဒီလက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေ၊ ပုံမှန်စီးပွားရေး မလည်ပတ်နိုင်သေးတဲ့ အခြေအနေမှာတော့ ဒေသခံလူထုအနေနဲ့ ဒီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ရတဲ့ အခြေအနေရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ဆွေးနွေးလိုတာကတော့ ဒီလုပ်ငန်းတွေက ပုံမှန်စီးပွားရေးတွေလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ၊ လိုက်နာရမယ့် လုပ်ဆောင်ချက်တွေ တသမတ်တည်းရှိနေတာမျိုး မဟုတ်ဘဲ တနေရာနဲ့တနေရာ၊ ပြောရမယ်ဆိုရင်တော့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းလို ဖြစ်နေတဲ့အတွက် ဒီလိုအခြေအနေတွေမှာတော့ ခေါင်းပုံဖြတ်ခံရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကတော့ ရှိနေဦးမှာပါပဲ။ ဒီပုံမှန်မဟုတ်တဲ့ စီးပွားရေးက တပိုင်းပေါ့နော်။ နောက်တပိုင်း ရာဇဝတ်မှုမြောက်တဲ့ စီးပွားရေးအပိုင်းကိုပြောမယ်ဆိုရင်တော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ၊ ကျားဖြန့်၊ လူကုန်ကူးမှုလို လုပ်ငန်းတွေကတော့ လူသားမျိုးနွယ်အပေါ် ဘယ်လိုမှကောင်းကျိုးမပေးတဲ့ လုပ်ငန်းတွေဖြစ်တဲ့အတွက် ဘာကောင်းကျိုးမှ ရနိုင်မှာမဟုတ်ဘူးလို့ပဲ ဖြေချင်ပါတယ်ခင်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ ကျေးဇူးပါ။ ကျနော် နောက်ထပ် မေးခွန်းတခု ထပ်သွားချင်ပါတယ်။
Conflict economy က ပြည်တွင်းစစ် ဆက်လက်ရှင်သန်စေတဲ့ မက်လုံး ဖြစ်နေသလား။

အေးချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဒါနဲ့ပတ်သက်ရင်တော့ ကျနော်တို့ လေ့လာမှုတွေအရ ဒီအဖြေကို ဘယ်လိုမြင်လဲဆိုတော့ ကျနော်တို့ အရှေ့မှာ ဆွေးနွေးခဲ့တာကတော့ ပဋိပက္ခစီးပွားရေးလည်ပတ်နိုင်ဖို့ ပဋိပက္ခဟာ ကျောထောက်နောက်ခံ အခင်းအကျင်းဖြစ်တယ်ပေါ့နော်။ အခုမေးခွန်းကတော့ ပြည်တွင်းစစ်ကို လောင်စာပေးသလားပေါ့။ ဒီနေရာမှာ ဥပမာပေးပြီးပြောရမယ်ဆိုရင်တော့ ရောဂါနဲ့ ရောဂါလက္ခဏာလိုပေါ့ဗျာ၊ ပြည်တွင်းစစ်က ရောဂါဖြစ်တယ်၊ ပဋိပက္ခစီးပွားရေးကတော့ ရောဂါလက္ခဏာဖြစ်တယ်ပေါ့။ ဒီပြည်တွင်းစစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာဆိုရင် ပဋိပက္ခစီးပွားရေးအပြင် စစ်မှုထမ်းလိုမျိုး၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ မြင့်တက်လာတာမျိုး၊ စသဖြင့် ဒီလိုရောဂါလက္ခဏာတွေ အများကြီးရှိတယ်ပေါ့။ ကျားဖြန့်ကလည်း ဒီရောဂါလက္ခဏာတွေထဲက တခုပါပဲ။ အဲ့တော့၊ ဟုတ်တယ် ပဋိပက္ခစီးပွားရေးက ရောဂါလက္ခဏာဖြစ်တယ်၊ အဲ့တာကို ဖြေရှင်းရမှာ မှန်တယ်။ ဒါပေမဲ့ ဒီ ပဋိပက္ခစီးပွားရေးရောဂါလက္ခဏာကို ရောဂါတခုလိုတော့ ကျနော်တို့ သွားစဉ်းစားလို့မရဘူးဗျ။ အဲ့တော့ သက်သက်စီ ခွဲစဉ်းစားပြီး ဖြေရှင်းမှ အဆင်ပြေလိမ့်မယ်လို့ ကျနော်တို့ကတော့ သုံးသပ်ချင်ပါတယ်ခင်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ ဆွေးနွေးပေးသွားတဲ့ ကိုအေးချမ်းကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ရဲ့ အစီအစဉ် အချိန်အကန့်အသတ်ကြောင့် အမေးအဖြေကဏ္ဍကို ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ်။ ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ panelist တွေက နောက်ဆုံး နိဂုံးချုပ်ဆွေးနွေးချင်တာများ ရှိပါသေးလားခင်ဗျ။

အေးချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ ကိုဇော်ထက်၊ ကျေးဇူးပါခင်ဗျာ။ ဒီနေ့ဆွေးနွေးခဲ့တာတွေကို ကျနော် သုံးချက်လောက် အနှစ်ပြန်ချုပ်ချင်ပါတယ်။ ပထမတချက်ကတော့ ကရင်ပြည်နယ် ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ အခင်းအကျင်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေက အချက်အချာ ဖြစ်တယ်။ ဒီကုန်သွယ်ရေးလမ်းကြောင်းတွေကို KNUနဲ့ စစ်ကော်မရှင်တို့ အပြန်အလှန် ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ပဲ ကရင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခဟာ တအုံအုံတနွေးနွေး ရှိနေဦးမယ်။ တပြိုင်တည်းမှာပဲ ကျားဖြန့်ပြဿနာကလည်း လှိုက်စားနေပြီဖြစ်တယ်။ ဒီလိုပြသနာတွေဘာကြောင့်ဖြစ်ရသလဲဆိုရင် ရှေ့မှာ ကိုရဲရင့် ဆွေးနွေးခဲ့သလိုပဲ ကရင့်လက်နက်ကိုင်ကြား ခွဲထွက်မှုတွေ များတာ၊ စစ်ဘုရင်တွေသဖွယ် နယ်မြေအလိုက် အသီးသီး အုပ်ချုပ်နေကြတာ။ ဒီအကြောင်းခြင်းရာတွေက ကရင်ပြည်နယ်မှာ ပဋိပက္ခစီးပွားရေး ဆက်လည်ပတ်နေနိုင်ဖို့အတွက် မြေသြဇာလိုဖြစ်နေတယ်လို့ ကျနော်တို့ကတော့ ဆန်းစစ်ချင်ပါတယ်။
ဒုတိယအချက် အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ဒေသခံတွေအပေါ်သက်ရောက်မှုတွေပါ။ ရှေ့မှာ မစုလင်းဟန် ဆွေးနွေးခဲ့သလိုပဲ ကရင်ပြည်နယ်က လူထုတွေက မျိုးဆက်အလိုက်ကို ဒုက္ခသည်စခန်းတွေမှာ နေနေကြရတယ်၊ တနေ့ထက်တနေ့ စားဝတ်နေရေးဟာလည်း ပိုကျပ်တည်းလာတယ်။ ဒါ့အပြင်နောက်ဆုံး ရွေးချယ်စရာမရှိတဲ့အဆုံး ကိုယ်ကိုယ်တိုင်ကကို ပဋိပက္ခစီးပွားရေးရဲ့ တစိတ်တပိုင်း ဖြစ်လာရတဲ့အထိကို သက်ရောက်မှုတွေကရှိနေပါတယ်။
နောက်ဆုံးအနှစ်ချုပ်ကတော့ အထူးဂရုပြုရမယ့်အချက်လို့ပြောချင်ပါတယ်။ ကရင်ပြည်နယ်က အဖွဲ့အစည်းတွေအနေနဲ့ ပုံဖျက်တံဆိပ်ကပ်ခံနေရတဲ့ အန္တရာယ်ပါ။ ဒီထဲမှာ ကျနော် အထင်ရှားဆုံးဖြစ်နေတဲ့ KNU နဲ့ ဥပမာပေးလိုပါတယ်။ KNU က စစ်အာဏာသိမ်းပြီး လေးနှစ်အကြာမှာပဲ မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတယ်။ ကျားဖြန့်ပြဿနာတွေ ဖြစ်လာပြန်တော့လည်း KNU ကို ကျားဖြန့်ရဲ့ အဓိက တရားခံသဖွယ် တံဆိပ်ကပ်ခဲ့ပြန်ပါတယ်။ အနီးဆုံးပြောရမယ်ဆိုရင် မတ်လ ၁၀ ရက်နေ့ကပဲ နေပြည်တော်မှာ ပြောခဲ့တဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေရတယ်လို့ ထည့်သွင်းပြောခဲ့ပါသေးတယ်။ ဒါတွေအားလုံးကို ကျနော်တို့ ခြုံကြည့်ရရင် ကိုယ်နဲ့အားပြိုင်နေတဲ့ တဖက်အဖွဲ့အစည်းက ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်တံဆိပ်ကပ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ စစ်ပွဲတွေက ရှည်လာတာနဲ့အမျှ တဖက်က ပုံဖျက်တံဆိပ်ကပ် ထောင်ချောက်တွေကြားထဲမှာ ကရင်လူထု တန်ဖိုးထားတဲ့ သရုပ်သကန် ကြန်အင်လက္ခဏာတွေ တဖြည်းဖြည်းလုံးပါးပါးမယ့် အန္တရာယ်ဟာ လက်တကမ်းမှာ ရောက်နေပြီလို့ အနှစ်ချုပ်သုံးသပ်ချင်ပါတယ်။
ဒီနေ့ကျနော်တို့ ဆွေးနွေးခဲ့တာကတော့ ကရင်ပြည်နယ်ရဲ့ ပဋိပက္ခစီးပွားရေးအခြေအနေတွေ၊ သူ့ကို ကျောထောက်နောက်ခံပြုပေးထားတဲ့ အခင်းအကျင်း၊ ဇာတ်ကောင်တွေ၊ ဒေသခံတွေ ဘာတွေခံစားနေရလဲဆိုတာတွေပါ။ ကျနော်တို့ ISP-Myanmar အနေနဲ့ အခြားဒေသတွေဖြစ်တဲ့ အညာ၊ ရခိုင်နဲ့ ကချင်ပြည်နယ်က အခင်းအကျင်းတွေကိုလည်း ဆက်လက်လေ့လာနေပြီး ဆက်တင်ပြဖို့ရှိတယ်လို့ပြောရင်းနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်ခင်ဗျာ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ နိဂုံးချုပ်ဆွေးနွေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့လို သုတေသနအချက်အလက်တွေအပြင် တခြားသောတွေ့ရှိချက်တွေကို ကျနော်တို့ ISP-Myanmar ရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာအခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီနေ့ ‘ISPနှင့်အတူ မိနစ် ၃၀” အစီအစဉ်ကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသား တဦးချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်းပြောရင်းနဲ့ ဒီနေ့အစီအစဉ်ကို ဒီမှာပဲ ရပ်နားပါရစေခင်ဗျ။
အမှားပြင်ဆင်ချက်များ (ဇွန်လ ၂၀၂၆ ခုနစ်)
- ကရင်ပြည်နယ်လူဦးရေ ကို ၇၇၀,၀၀၀ ကျော်ဟု ယခင်က မှားယွင်းဖော်ပြခဲ့ပြီး ၇၇၀,၀၀၀ ကျော်ဦးရေမှာ သန်းခေါင်စာရင်းကောက်ယူရရှိသူဖြစ်ပါသည်။ ကရင်ပြည်နယ်၏ စုစုပေါင်း ခန့်မှန်းလူဦးရေမှာ ၁ ဒသမ ၅ သန်းနီးပါး ဖြစ်ပါသည်။ ↩︎
- ယခင်ဖော်ပြချက်တွင် ကရင်ပြည်နယ်တွင် လူ ၁၀၀ လျှင် ၁၁ ဦးမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူများဟု ပါရှိခဲ့ပါသည်။ အမှန်မှာ ကရင်ပြည်နယ်ရှိ လူ ၁၀၀ လျှင် ခြောက်ဦးမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူများ ဖြစ်ပါသည်။ ↩︎
