30 Minutes with the ISP

‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ – ပညာသင်ခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ

တချိန်ကတော့ မြန်မာနိုင်ငံမှာ အခြေခံပညာသင်ယူခွင့်ဆိုတာ ဘေးမသီရန်မခ ပုံမှန်လျှောက်လှမ်းရမယ့် လမ်းကြောင်းတခုပါပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ အချိန်တန်ရင် သေစာ ရှင်စာတော့ တတ်နေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လူများစုအတွက် အခြေခံပညာသင်ယူခွင့်ဆိုတာ ခက်ခဲတဲ့အရာ မဖြစ်ခဲ့ပါဘူး။ ဒီနေ့အချိန်မှာတော့ မလုံခြုံမှု၊ စိုးရိမ်မှု၊ မရေရာမှု၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးစနစ်တွေကြားထဲ အဆင့်မြင့်ပညာမဟုတ်သေးတဲ့ အခြေခံပညာ သင်ယူနိုင်ခွင့်ကိုပါ လက်လွှတ်ရတာမျိုး ဖြစ်လာပါတယ်။
By ISP Admin | August 11, 2026

Photo – AFP


၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ – ပညာသင်ခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၅  ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။




▪️အယူအဆမှတ်စု

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံပညာသင်ယူခွင့်ဆုံးရှုံးနေရတဲ့ ကလေးလူငယ် ၆ ဒသမ ၃ သန်း ကျော်ထက်မနည်းရှိနေတာကို သိပ်မကြာခင်ကပဲ ISP-Myanmar က ထောက်ပြခဲ့ပါတယ် [ISP Situation Brief (SB2026-01)ကို ရှုပါ]။ သန်းခေါင်စာရင်းဒေတာတွေအရ အခြေခံ ပညာသင်ယူရမယ့် ကျောင်းနေအရွယ်ဦးရေဟာ ၁၃ သန်းဝန်းကျင် ရှိရပါမယ်။ အဲဒီအစား ခြောက်သန်းကျော်ပဲရှိနေတာက ဝမ်းနည်းဖွယ်ရာပါ။ ကျောင်းစာသင်ခန်းတွေထဲမှာ ကလေးတွေ မရှိနိုင်ကြတာဟာ မျိုးဆက်နဲ့ချီတဲ့ ပြဿနာကြီးဖြစ်လာပါပြီ။ နိုင်ငံရဲ့ အနာဂတ်တခုလုံးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတခုလုံးအတွက် စိန်ခေါ်မေးခွန်း ထုတ်နေပါပြီ။ ဒီအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးသံတွေ ကျယ်လောင်လာပါတယ်။ အဖြေရှာရ ခက်နေတုန်းပါပဲ။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် မြန်မာ့လက်နက်ကိုင်ပဋိပက္ခထဲမှာ ပညာရေးကို နိုင်ငံရေးနဲ့ ဆက်စပ်ပြောဆိုတာတွေ ရှေ့တန်းရောက်ခဲ့ပါတယ်။ စစ်တပ်အုပ်ချုပ်မှုအောက် ရောက်သွားတဲ့ ပညာရေးစနစ်နဲ့ ကျောင်းတွေကို ‘စစ်ကျွန်ပညာရေး’လို့ ပြင်းပြင်းထန်ထန်စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ကြသလို စာသင်သူ ဆရာ၊ ဆရာမ၊ ကျောင်းပရဝဏ်၊ နေရာဌာနတွေကို တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးဒေသက စာသင်ကျောင်းတွေလည်း ဗုံးဒဏ်သင့်ခဲ့ကြရပါတယ်။ ကလေးတွေလည်း ရင်နင့်ဖွယ် သေကြေခဲ့ကြရပါတယ်။ ကလေးတွေရဲ့ပညာရေး အေးချမ်းလုံခြုံစွာ ရှေ့ဆက်နိုင်ဖို့ဆိုရင် ပညာရေးအတွက် ကြုံနေရတဲ့ ‘နိုင်ငံရေးအကျပ်အတည်း’ကိုပါ ပြေလည်အောင် ဖြေရှင်းကြဖို့ လိုအပ်နေပါတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် လုံခြုံမှု အထူးလိုအပ်နေပါတယ်။ အဲဒါအပြင် လက်လှမ်းမီတတ်နိုင်မှု (affordability) လိုအပ်ပါတယ်။ ပေးစွမ်းမယ့် ပညာရေးရဲ့အရည်အသွေး (quality) ကိုလည်း ဆွေးနွေးပြောဆိုကြရမှာပါ။ နောက်ဆုံး ကျောင်းတွေရဲ့ (အတန်းအောင်လက်မှတ်တွေရဲ့) အသိအမှတ်ပြုခံရမှုကလည်း အရေးကြီးတဲ့မေးခွန်း ဖြစ်ပါတယ်။

မြန်မာအယူအဆမှာတော့ ပညာဆိုတာ ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင် သိမြင်အပ်သော သဘောတရား အသိအလိမ္မာပါပဲ။ အတွေးအခေါ်ပညာရှင် ဆာ ကင်ရော်ဘင်ဆင် (Sir Ken Robinson) က ပညာသင်ကြားရခြင်းရဲ့ ဒဿနနှစ်ချက်ကို ဦးစားပေးပြောခဲ့တာရှိပါတယ်။ တခုက လူ့အဖွဲ့အစည်းရဲ့ လက်ခံတန်ဖိုးထားချက်တွေ၊ ယုံကြည်ချက်၊ ယဉ်ကျေးမှုတွေကို နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းနိုင်ဖို့လို့ ဆိုပါတယ်။ နောက်တချက်ကတော့ အလျင်အမြန် ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ကျောင်းသားကျောင်းသူတွေရဲ့ ယှဉ် ပြိုင်နိုင်စွမ်းမြင့်မားနေဖို့ ဖြစ်ပါတယ်။ ဉာဏ်ရည်တုနည်းပညာနဲ့ ခေတ်သစ်ကမ္ဘာကြီးထဲမှာ ပဋိပက္ခတွေနဲ့ မငြိမ်းချမ်းသေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကရော နောင်လူငယ်မျိုးဆက်တွေအတွက် ဘယ်လိုပညာရေးကို လက်ဆင့်ကမ်းကြမှာပါလဲ။ ၂၁ ရာစုကမ္ဘာကြီးကို မြန်မာနိုင်ငံမှာ ကြီးပြင်းကြတဲ့ ကလေးတွေ ရင်ဆိုင်နိုင်ဖို့ ဘယ်လိုပညာရေးကို တပ်ဆင်ပေးကြမှာလဲ။ 

တချိန်ကတော့ မြန်မာနိုင်ငံမှာ အခြေခံပညာသင်ယူခွင့်ဆိုတာ ဘေးမသီရန်မခ ပုံမှန်လျှောက်လှမ်းရမယ့် လမ်းကြောင်းတခုပါပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ အချိန်တန်ရင် သေစာ ရှင်စာတော့ တတ်နေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လူများစုအတွက် အခြေခံပညာသင်ယူခွင့်ဆိုတာ ခက်ခဲတဲ့အရာ မဖြစ်ခဲ့ပါဘူး။ ဒီနေ့အချိန်မှာတော့ မလုံခြုံမှု၊ စိုးရိမ်မှု၊ မရေရာမှု၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးစနစ်တွေကြားထဲ အဆင့်မြင့်ပညာမဟုတ်သေးတဲ့ အခြေခံပညာ သင်ယူနိုင်ခွင့်ကိုပါ လက်လွှတ်ရတာမျိုး ဖြစ်လာပါတယ်။ ‘ဘယ်နေရာမှာ ဘာကို သင်ယူမလဲ’ ဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ပါ မရှိတော့တဲ့အထိ အကျပ်ဆိုက်လာတာပါ။ ဒါကိုပဲ သတ္တမတန်း မြန်မာစာမှာ သင်ကြားခဲ့ကြရတဲ့ ‘ဗောဓိရွှေကျောင်း’ကဗျာ၊ တနည်း နေမျိုးဗလကျော်သူ ရွာစား စိန်ဗေဒါ သီဆိုဓာတ်ပြားသွင်းခဲ့တဲ့ ‘မင်္ဂလာဗြောညွန့်’ထဲမှာပါတဲ့ ‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ဆိုတဲ့ စာသားနဲ့ ပမာပြုချင်တာပါ။ မိခင်တဦးက ကိုယ့်ရင်သွေးကို ‘ဘယ်စာကို သင်မတုန်းကွဲ့’ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးခွင့် မေးခွင့် မရှိတော့တဲ့အခြေ ဆိုက်နေပါတယ်။ ဒီတပတ်  ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် အမှတ်-၁၅ မှာ ‘ပညာသင်ယူခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ’ဆိုတာကို စောကြောကြပါမယ်။



ကိုခန့်
Event Host
ISP-Myanmar


‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေအားလုံး မင်္ဂလာပါ။ ကျနော်ကတော့ ကိုခန့်ပါ။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်ကတော့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ၁၅ ကြိမ်မြောက် ဆွေးနွေးမှုအစီအစဉ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့  “ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာပါ။​ ဒီနေ့ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးကြမယ့် ISP-Myanmar ရဲ့ လူငယ်သုတေသီတွေကတော့ ကိုချမ်းနဲ့မအေမီတို့ ဖြစ်ပါတယ်။ ဒီနေ့အစီအစဥ်မှာတော့ ကျနော်တို့ ပြင်ပပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာ သိန်းနိုင်ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ဆရာကတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့မှ မူဝါဒဆိုင်ရာသုတေသနတွေကို တစိုက်မက်မက် ပြုလုပ်နေတဲ့ပညာရှင်တစ်ဦးလည်း ဖြစ်သလို တိုင်းရင်းသားပညာရေးရာဆိုင်ရာအကြံပေးတစ်ဦးလည်း ဖြစ်ပါတယ်။

လူငယ်သုတေသီတွေရဲ့ဆွေးနွေးမှုအပြီးမှာ ကပြင်ရပ်ဝန်းကို ကြိုတင်ကောက်ယူထားတဲ့ မေးခွန်းတွေအပြင် အခုတက်ရောက်လာတဲ့ လူတွေဆီကလည်း မေးခွန်းနဲ့ မှတ်ချက်တွေကို လက်ခံဖြေကြားပေးဖို့ ရှိပါမယ်။ ဒါ့အပြင်ကို ဒီနေ့ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့သူတွေရဲ့ မေးခွန်းနဲ့မှတ်ချက်တွေကိုလည်း လက်ခံသွားမှာ ဖြစ်ပါတယ်။ Live မေးတာအပြင် chat နဲ့ Q and A တွေကလည်း မေးမြန်းလို့ ရပါတယ်။ အစီအစဉ်အချိန် အကန့်အသတ်ကြောင့်မို့လို့ မေးခွန်းအားလုံးကို မဖြေလိုက်နိုင်ဘူးဆိုရင်လည်း ကျနော်တို့ အီးမေးလ်ကနေတဆင့် နောက်ပိုင်းမှာ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ 

မေးခွန်းနဲ့ မှတ်ချက်တွေမှာ အထူးသတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေး အမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ ပြောလို့မရပါဘူး။ ဒီအချက်တွေကို Chat ကနေလည်း ပေးပို့ထားပါတယ်ခင်ဗျာ။ ဒီနေ့အစီအစဉ်ကို DVB ရုပ်သံသတင်းဌာနအပြင် ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ အခု ကျနော်တို့ ဆွေးနွေးမှုအစီအစဉ်ကို စတင်ပါတော့မယ်ခင်ဗျာ။ ကိုချမ်းက စပြီး ဆွေးနွေးပေးပါဦးခင်ဗျာ။


ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar


ဟုတ် ကျေးဇူးပါ ကိုခန့် ။ ကျနော်တို့ လက်ရှိမြန်မာ့ပညာရေးက ကလေးတွေက ကျောင်းပြင်ပ၊ ဆရာတွေက စနစ်ပြင်ပ ရောက်နေတာနဲ့ ကြုံနေရတယ်။ ကလေးနှစ်ဦးမှာ တဦးက စာသင်ခန်းထဲကို ရောက်မလာနိုင်တဲ့ အခြေအနေရှိနေတယ်။ ကြုံတွေ့နေရတယ်ပေါ့လေ။ ဒါဟာကျနော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် ရင်လေးစရာ  ဖြစ်တယ်ပေါ့လေ။ 

ဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ရဲ့ပညာရေးကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ အခက်ကြုံခဲ့တယ်။​ အထူးသဖြင့်တော့ ပညာရေးက ကျနော်တို့ နိုင်ငံရေး တရားဝင်ရေး ပြိုင်ဆိုင်တဲ့ စစ်မြေပြင်တစ်ခုလို ဖြစ်နေတယ်။ တခြားတဖက်ကို ကြည့်မယ်ဆိုရင် ကျနော်တို့ စာသင်ခန်းတွေ၊ စာသင်ကျောင်းတွေက စစ်ဖြစ်ရာနေရာပုံစံမျိုး ဖြစ်နေတယ်၊ စစ်ရေးပစ်မှတ်တွေလိုမျိုး ဖြစ်နေတယ်ပေါ့။ ဆိုတော့ ဒီနိုင်ငံတခုရဲ့ အနာဂတ်က ဒီစစ်မြေပြင်မှာ မဆုံးဖြတ်ပါဘူး။ ဒီစာသင်ခန်းတွေထဲမှာပဲ ဆုံးဖြတ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ပညာရေးအကျပ်အတည်းကို ကြည့်မယ်ဆိုရင် ဒီနိုင်ငံရေးအကျပ်အတည်းတခုလို မြင်ပြီးတော့မှ ကျနော်တို့ အဖြေရှာဖို့ လိုပါတယ်။ ဆိုတော့ ဒီနေ့ ကျနော်တို့ ဆွေးနွေးပွဲကလည်း ဒီအဖြေရှာဖို့ ကျနော်တို့ ကြိုးစားကြည့်တဲ့သဘောပါပဲ။ 

အထူးသဖြင့်တော့ မူဝါဒအဖြေရှာဖို့ ကြိုးစားကြည့်တဲ့သဘောပါပဲ။ ဆိုတော့ ဒီနေ့ဆွေးနွေးပွဲမှာ ကျနော်တို့ အပိုင်း သုံးပိုင်း ခွဲပြီးတော့မှ ဆွေးနွေးသွားဖို့ရှိတယ်။ ပထမတပိုင်းအနေနဲ့ ကျနော်တို့လက်ရှိ ပညာရေးအကျပ်အတည်းရဲ့ အရင်းခံအခြေခံအကြောင်းတရားတွေက ဘာတွေလဲဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးသွားဖို့ရှိတယ်။ ဒုတိယတပိုင်းအနေနဲ့ ဒီအကျပ်အတည်း နောက်ဆက်တွဲ ဆက်စပ်အကျိုးဆက်တွေကရော ဘာတွေ တွေ့ရှိနေရလဲ၊ ကြုံနေရလဲ၊ ဘာတွေ့ကြုံလာနိုင်လဲ ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ဆွေးနွေးသွားဖို့ရှိမယ်။ နောက်ဆုံးတပိုင်းအနေနဲ့က မူဝါဒအဖြေရှာတဲ့အပိုင်းဖြစ်မယ်။ ဆိုတော့ ဒီမူဝါဒ အဖြေရှာတဲ့အပိုင်းမှာ ကျနော်တို့ ဘယ်လိုမျိုး လက်တွေ့ကျလုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းနဲ့ ကျနော် ဆွေးနွေးသွားဖို့ ရှိမယ်ပေါ့။ ကျနော်တို့ ပထမပိုင်းဖြစ်တဲ့ ဒီပညာရေးအကျပ်အတည်း အရင်းခံအကြောင်းတရားတွေက ဘာတွေရှိလဲဆိုတဲ့အပိုင်းနဲ့ ကျနော်တို့ စလိုက်ပါမယ်။ ဆိုတော့ မအေမီက ဆွေးနွေးပေးပါဦး။


အေမီ
လူငယ်သုတေသီ
ISP-Myanmar


ဟုတ်ကဲ့ပါ ကိုချမ်း။ ကျမကတော့ ဒီလက်ရှိမှာ ပညာရေးနဲ့ ပညာရေးလေ့လာနေတဲ့ သုတေသီလူငယ်တစ်ယောက်အနေနဲ့ ကျမ သိထားသလောက်၊ လေ့လာထားသလောက်တွေကို ဒီနေ့ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ ဆိုတော့ ကိုချမ်းမေးခွန်းမှာ ပါသလိုပဲ အခုလက်ရှိ ပညာရေးအကျပ်အတည်းရဲ့အရင်းခံအကြောင်းတရားတွေကိုတော့ ကျမအနေနဲ့ အပိုင်း သုံးပိုင်းနဲ့ ဆွေးနွေးချင်ပါတယ်။ ပထမဆုံးကတော့ လုံခြုံမှုအပိုင်းပေါ့။ ဒုတိယကတော့ Affordability လို့ ပြောတဲ့ တတ်နိုင်မှု အပိုင်းနဲ့ တတိယတခုကတော့ ပညာရေးအရည်အသွေးကျဆင်းခြင်း ဆိုတဲ့ သုံးပိုင်းနဲ့ ကျမ ဆွေးနွေးချင်ပါတယ်။ 

ကလေးတွေ စာသင်ခန်းထဲကို ရောက်မလာတာက ကျမအနေနဲ့ဆိုရင် ဒီအခြေခံအကြောင်းတရား သုံးခုကြောင့်လို့ ထင်ပါတယ်။ ပထမဦးဆုံး တချက်အနေနဲ့ လုံခြုံမှုအပိုင်းပေါ့။ လုံခြုံမှုအပိုင်းကို ပြောရမယ်ဆိုရင် အားလုံးသိထားတဲ့အတိုင်းပဲ အခုအနေအထားက ပညာသင်ဖို့ လုံခြုံမှုမရှိတဲ့အနေအထားတခုကို ဖြစ်နေတယ်။ ဒါက ဘာကြောင့်ပြောရတာလဲ ဆိုလို့ရှိရင် ဒေတာအချက်အလက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွေအတွင်းမှာဆိုလို့ရှိရင် စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာက ၂၁၇ ကြိမ်တောင် ရှိခဲ့ပါတယ်။ ဆိုတော့ ဒါနည်းတဲ့ပမာဏ မဟုတ်ဘူးပေါ့။ ဒါ့အပြင်ကို စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အနေနဲ့ အသုံးပြုတဲ့ဟာဆိုလို့ရှိရင်လည်း ၁၄၁ ကြိမ်လောက် ရှိနေပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒါတွေဟာ စာသင်ကျောင်းတွေက လုံခြုံမှုမရှိဘူး ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ ကိုချမ်း ပြောတဲ့ ပညာရေးဆိုတဲ့နေရာမှာ ပညာသင်ပေးတဲ့သူနဲ့ ပညာသင်ယူတဲ့သူ နှစ်ဦးနှစ်ဖက်စလုံးရဲ့ လုံခြုံရေးက အရမ်းအရေးကြီးတယ်။ ပထမဦးဆုံး ဒီဆရာ ဆရာမတွေ လုံခြုံမှုရှိတာပေါ့။ လက်ရှိအခြေအနေအထိ ဆရာမပေါင်း ၅၀၀ ကျော်က ဖမ်းဆီးထိန်းသိမ်းခံထားရပြီးတော့ ဆရာမ ၃၇ ဦးထက်မနည်း သတ်ဖြတ်ခံထားရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာမတွေဘက်က လုံခြုံမှုမရှိတာကို ဖော်ပြနေပါတယ်။



ကလေးတွေဘက်မှာလည်း လုံခြုံမှု မရှိပါဘူး။ ၂၀၂၄ ခုနှစ်ရဲ့ စစ်တမ်းတွေအရဆိုရင် ကလေးပေါင်း ၇၅၀ ကျော် အသက်သေဆုံးတာတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေကို စစ်ဒဏ်ကနေ ခံစားနေရပါတယ်။ အဲဒီ ၇၅၀ ကျော်ထဲက ကလေးငယ် ၂၄၀ ဟာဆိုလို့ရှိရင် မြေမြှုပ်မိုင်းဒဏ်နဲ့ တဖက်ကလည်း ဒီစစ်ကျန်လက်နက်တွေကြောင့် စောစောအသက်ဆုံးရှုံးတာတွေ၊ ပြီးလို့ရှိရင် ဒီခြေလက်အင်္ဂါဆုံးရှုံးမှုတွေကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် ပညာသင်ယူတဲ့သူရော၊ ပညာသင်ကြားပေးတဲ့သူတွေရော လုံခြုံမှုမရှိဘူးဆိုတာကို ဖော်ပြနေပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ တတ်နိုင်မှုအပိုင်းပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ကျမတို့ ကျောင်းပရဝဏ်ထဲကို ရောက်မလာတဲ့ ကျောင်းသားအရေအတွက်ဟာဆိုရင် လက်ရှိမှာ ၆ သန်း ကျော်နေပြီပေါ့နော်။ ဒါက စာသင်နှစ် တနှစ်စာပဲ ရှိသေးတယ်။ အခု အာဏာသိမ်းကာလရဲ့ ငါးနှစ်တာကို စဉ်းစားမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ပမာဏ များနိုင်တယ်။ ဒါက ဘာကိုဖော်ပြလဲဆိုတော့ စောစောက ပြောတဲ့ လုံခြုံမှုမရှိတဲ့အပိုင်းအပြင်ကိုမှ ကျောင်းသားမိဘတွေအနေနဲ့၊ အခြေခံလူတန်းစားတွေအနေနဲ့ ဒီပညာရေးကို တတ်နိုင်မှုမရှိတဲ့ အပိုင်းကို ဖော်ပြနေပါတယ်။ ဆိုတော့ ဒီအခမဲ့ပညာရေးကို ရနေရင်တောင်မှ ဒီအခြေခံလူတန်းစားက ဒီတနှစ်ပတ်လုံး ကုန်ကျမယ့်ကျောင်းစရိတ်ပေါ့နော်၊ စာရွက်စာတမ်း၊ စာအုပ်ဖိုးတွေ ဒါတွေက မတတ်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ ဒါကြောင့်မလို့ ကလေးတွေဟာ ဆိုလို့ရှိရင် ပညာဆက်သင်ဖို့ထက် အလုပ်ထွက်လုပ်ဖို့ပဲ ရွေးချယ်ကြပါတယ်။ ဒါကတော့ အခုလက်ရှိ ပညာရေးအပေါ်မှာ မတတ်နိုင်မှု၊ လက်လမ်းမီနိုင်မှုကို ဖော်ပြနေပါတယ်။




တတိယအချက်အနေနဲ့ ဆွေးနွေးချင်တာကတော့ ပညာရေးအရည်အသွေးကျဆင်းမှုပေါ့။ ဒီပညာရေးအရည်အသွေးကျဆင်းမှုလို့ ပြောရမယ်ဆိုရင် ကျမအနေနဲ့ အပိုင်း နှစ်ပိုင်း ခွဲပြီးတော့ ပြောပါမယ်။ ဆိုတော့ ဒီပညာရေးအရည်အသွေး ကျဆင်းမှုဟာဆိုရင် အရင်ထဲကလိုအပ်ချက်တွေ ရှိနေတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်။ ကျမတို့ အတတ်နိုင်ဆုံး ဒီသင်ကြားရေးနည်းစနစ်တွေ ပြောင်းလဲဖို့လည်း ကြိုးစားခဲ့ကြတယ်။ အာဏာသိမ်းကာလမှာဆိုရင် ဒီကြိုးစားမှုတွေကို ထည့်သွင်းစဉ်းစားနိုင်တဲ့အချိန်က လျော့နည်းခဲ့တယ်ပေါ့လေ။ ဆိုတော့ ဒါကြောင့်မို့လို့ပဲ ပညာရေးအရည်အသွေးက ကျမတို့ ပုံမှန်ထပ် ပိုပြီးကျဆင်းလာတာကို တွေ့ရပါတယ်။

ပထမဦးဆုံး ဘာကြောင့် ကျဆင်းလာတယ်ဆိုတဲ့ဟာကို ဘတ်ဂျက်လိုအပ်ချက်နဲ့ ကျမ ဆွေးနွေးချင်ပါတယ်။ အခုပြထားတဲ့ ဒေတာတွေကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ ဆိုတော့ ပြည်ထောင်စုရဲ့ စုစုပေါင်းဘတ်ဂျက်ရဲ့အားလုံးပေါ်မှာမှ ဒီသုံးစွဲထားတဲ့ ရာခိုင်နှုန်းကဆိုရင် ပညာရေးပေါ်မှာ အရမ်းကို နည်းပါတယ်။ ဆိုတော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာဆိုလို့ရှိရင် ပညာရေးအပေါ်မှာ သုံးစွဲမှုက ရှစ်ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု ၂၀၂၄ -၂၀၂၅ မှာဆိုလို့ရှိရင် ကြည့်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ဆိုတော့ တော်တော်လေး ကျသွားတာပေါ့။ အခုလာမယ့်နှစ်မှာဆိုရင် ၆.၉၂ အထိ တိုးမယ်ဆိုပေမဲ့ အာဏာသိမ်းကာလမတိုင်ခင်က ပညာရေးဘတ်ဂျက်ကို မမီသေးပါဘူး။ ဒါကတော့ ပညာရေးဘတ်ဂျက်ရဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီဘက်ဂျက်ကြောင့်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပညာသင်ပေးနိုင်တဲ့ စွမ်းရည်လျော့နည်းလာမှုပေါ့၊ ဒီလျော့နည်းလာမှုလို့ ပြောတဲ့အခါမှာ ကျမတို့ ဒီနိုင်ငံရေးပဋိပက္ခတွေ ကြားထဲမှာ စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ကွက်လပ်ကလည်း အရမ်းကို ကြီးမားပါတယ်။ ဆရာမတွေရဲ့ကွက်လပ်ကို ဖြည့်ဖို့အတွက် ဆိုလို့ရှိရင် အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါကလည်း တချက်ပေါ့။ တဖက်မှာလည်း လွတ်မြောက်နယ်မြေမှာ ကိုယ်ထူကိုယ်ထ ပညာရေးစနစ်ကို ထူထောင်ကြတယ်။ စီဒီအမ်ဆရာ၊ ဆရာမတွေ အားဖြည့်ကြတယ်။ ဒါကလုံလောက်တဲ့အနေအထားကို မရောက်သေးဘူးပေါ့။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နှစ်ဖက်စလုံးက အရည်အသွေးရော၊ အရေအတွက်ရော ပညာရေးအရည်အသွေးအတွက် လုံလောက်တဲ့ပမာဏမှာ ရှိမနေဘူးပေါ့။ ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် ပညာရေးအရည်အသွေး ကျဆင်းလာတယ်လို့ ကျမအနေနဲ့ ဆွေးနွေးချင်ပါတယ်။ အခု ကျမ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ ပညာရေးအကျပ်အတည်း သုံးခုပေါ့နော်။ “လုံခြုံမှု၊ တတ်နိုင်မှုနဲ့ ပညာရေးအရည်အသွေးကျဆင်းမှု” ဒီအကြောင်းအချက် သုံးချက်ကို မူတည်ပြီးတော့ ဆွေးနွေးခဲ့တာပါ။ ကျန်တဲ့အကြောင်းအချက်တွေကို ဆွေးနွေးဖို့အတွက် ကိုချမ်းကို ဖိတ်ခေါ်ပါတယ်ရှင့်။


ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar


ဟုတ်ကဲ့။ အေမီက ဘာဖြစ်လို့ ကျောင်းသားတွေ စာသင်ခန်းတွေထဲ မရောက်လာတဲ့ အရင်းခံအကြောင်းတရားတွေထဲက သုံးချက်ကို ဆွေးနွေးခဲ့တယ်ပေါ့။ ဒီသုံးချက်အပြင် ကျနော်ကတော့ နှစ်ချက်ထပ်ပြီးတော့မှ အရေးလည်း ကြီးတယ်၊ လက်ရှိလုပ်ဆောင်ဖို့ လိုတဲ့ အချက် နှစ်ချက်ကို ကျနော် ပြောပြ ဆွေးဆွေးနွေးချင်တယ်ပေါ့။

ဆိုတော့ ပထမတချက်ကတော့ အသိအမှတ်ပြုမှုပေါ့၊ ဒီအသိအမှတ်ပြုမှုဆိုတဲ့ဟာနဲ့ တဆက်တည်းမှာပဲ ကျနော်တို့ ဒီစနစ်ရှိမှုနဲ့ ဒီစနစ်တွေကြား အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုကို ကျနော် ထည့်ပြီးတော့မှ ဆွေးနွေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ ကျနော်တို့ ဒီနိုင်ငံရေး၊ စစ်ရေးက သူ့ဘက်ကိုယ့်ဘက်ဖြစ်တဲ့အခါ ကြားထဲမှာ ပညာရေးက ကြားညှပ်ပြီးတော့မှ ကျနော်တို့ အပြန်အလှန် အသိအမှတ်မပြုလာကြတော့ဘူး၊ မပြုကြတော့ဘူးပေါ့။ ဆိုတော့ အဲဒီလို နောက်ဆက်တွဲအနေနဲ့ ကျနော်တို့ ဘာဖြစ်သွားလဲဆိုတော့ ဒီလိုမျိုး အသိအမှတ်မပြုတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ထပ်ပြီးတော့မှ အသက်မွေးဝမ်းကျောင်းသွားချင်တာပဲ ဖြစ်ဖြစ်၊ နောက် အဆင့်မြင့် ပညာရေးကို သွားချင်တာ ဖြစ်ဖြစ်၊ ဆိုတော့ အသိအမှတ်မပြုတဲ့အခါမှာ ကျနော်တို့ ဝေဝေဝါးဝါး ဖြစ်သွားတာလေ။ ဆက်သင်ရမလား၊ မသင်ရဘူးလား အဲဒီလိုပုံစံမျိုးတွေနဲ့ ဖြစ်သွားတာ ရှိတယ်ပေါ့။ ဒါကြောင့် ဒီကိစ္စက အသိအမှတ်ပြုမှုက ကျနော်တို့လုပ်ဆောင်ဖို့ လိုနေပြီဆိုတာ။ လက်ရှိမှာ လုပ်နေတာ တချို့တော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးဘူးပေါ့။ 

နောက်တချက်က ဒီဟာနဲ့ တဆက်တည်းပဲ ကျနော်တို့ စနစ်အကြောင်းတွေ ပြောလို့ရတယ်။ ဆိုတော့ အသိအမှတ်ပြုမှု ဆိုတဲ့ဟာကတော့ စနစ်ရှိမှ၊ ဒီစနစ်အချင်းချင်းကြားမှာ ချိတ်ဆက်ဆောင်ရွက်မှုရှိမှသာ အသိအမှတ်ပြုမှု လုပ်ဆောင်တဲ့အခါမှာ ပိုပြီးတော့မှ လွယ်ကူသွားမယ်ပေါ့။ စနစ်မရှိဘဲနဲ့ ကျနော်တို့က – (ဥပမာ မိုင်ဂျာရန်က ကလေးတစ်ယောက်တည်း မြစ်ကြီးနားတက္ကသိုလ် လာတက်မယ်၊ ရခိုင်က ကလေးက ဟိုရှမ်းပြည်က တက္ကသိုလ် တခုခုတက်မယ်ဖြစ်ဖြစ်၊  အခုဖွင့်နေတဲ့ကောလိပ် တက်မယ်ဖြစ်ဖြစ်)၊ ဒီလိုမျိုး စနစ်တွေ မရှိရင်၊ နောက်စနစ်အချင်းချင်းမှာ ချိတ်ဆက် ပူးပေါင်းမှုမရှိဘူးဆိုရင် ဒါက ခက်သွားလိမ့်မယ်။ ဒါကြောင့်မလို့ အသိအမှတ်ပြုမှုလည်း ကျနော်တို့ ပြောရမယ်၊ နောက်တဆက်ထဲမှာလည်း ကျနော်တို့စနစ်အကြောင်းလည်း ပြောရမယ်ပေါ့လေ။ နောက်တခုကတော့ စနစ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုကိုလည်း ပြောရမယ်ပေါ့။ ဒါမှ ကျနော်တို့က တခုနဲ့တခု၊ တနေရာနဲ့တနေရာ ကူးပြောင်းတဲ့အခါမှာ ပိုပြီးတော့မှ လွယ်ကူသွားမယ်ပေါ့လေ။ ဆိုတော့ ဒီလိုမျိုး ကျနော်တို့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေကို ဘက်အသီးသီးက ကျနော်တို့အထင် အရေးတကြီးဖြေရှင်းသင့်တယ်၊ လုပ်သင့်တယ်လို့တော့ မြင်တယ်။ ဒါမှ လက်ရှိအကျပ်အတည်းကို ကျနော်တို့ ဖြေရှင်းနိုင်မယ်။ မဟုတ်ရင်တော့ ကျနော်တို့နိုင်ငံရဲ့အနာဂတ်က ရင်လေးစရာပဲ။ ကျနော်တို့ ကလေးတွေရဲ့အနာဂတ်က ရင်လေးစရာပဲ ဖြစ်တယ်ပေါ့လေ။ လက်ရှိ ကျနော်တို့ နှစ်ယောက် ဆွေးနွေးခဲ့တာကတော့ ဒီပြဿနာတွေရဲ့ အရင်းခံအကြောင်းတရား ပထမပိုင်းမှာ ကျနော်တို့ ဆွေးနွေးခဲ့တယ်ပေါ့။ ဒုတိယတပိုင်းအနေနဲ့တော့ ဒီအကျပ်အတည်း ဆက်စပ်အကျိုးဆက်တွေ လက်ရှိ ဘယ်လိုမျိုး တွေ့ကြုံနေရတယ်၊ လာမယ့် ရေတို၊ ရေရှည်မှာရော ဘယ်လိုမျိုးအလားအလာတွေရှိလဲ ဆိုတဲ့ဟာကို အေမီက ဆွေးနွေးပေးပါဦး။ 


အေမီ
လူငယ်သုတေသီ
ISP-Myanmar


ပညာရေးဆိုင်ရာအကျပ်အတည်း အကျိုးဆက်လို့ ပြောမယ်ဆိုရင်တော့ ဒါက နိုင်ငံတနိုင်ငံရဲ့ အဓိကကျတဲ့ အချက်လို့တော့ ပြောလို့ရတယ်။ ပြီးလို့ရှိရင်တော့ အမြန်ဆုံး ဖြေရှင်းဖို့ စောစောက ကိုချမ်း ပြောသလိုမျိုး အဖြေရှာဖို့ လိုနေတဲ့ အကျိုးဆက်တွေပေါ့နော်။ ဆိုတော့ အဲ့ဒါက ဘာလဲဆိုရင် အေမီ့အနေနဲ့ ဒီမှာကလည်း အဓိက နှစ်ပိုင်း ခွဲပြီးတော့ ပြောချင်တယ်။

အဓိကအကျိုးဆက်လို့ ပြောတဲ့အခါမှာ ပညာရေးကို ပြန်စဉ်းစားကြည့်ကြရအောင်။ ဆိုတော့ ပညာဆိုတာ အေမီတို့ တောက်လျှောက်သိခဲ့တဲ့အရာက အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ပညာ၊ အသိအလိမ္မာသဘောတရားပဲ ဖြစ်တယ်ပေါ့နော်။ အေမီတို့မှာ အခုဆိုလို့ရှိရင် ဒီစာသင်ကြားနိုင်တဲ့နေရာတွေ၊ သင်ယူနိုင်တဲ့နေရာတွေ အဲဒီလိုမျိုး နေရာတွေက အကန့်အသတ် ရှိလာတာမျိုး၊ ပြီးလို့ရှိရင် စာမသင်နိုင်တာမျိုး ဆိုလို့ရှိရင် ဒီအသိအလိမ္မာ ရှိတော့မှာ မဟုတ်ပါဘူး၊ ဒါက အကျိုးဆက်ရဲ့ အကြီးမားဆုံးသော ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။ ဆိုတော့ ဒါနဲ့ တဆက်တည်းမှာ ဖြစ်လာတဲ့အကျိုးဆက်က ဘာလဲဆိုတော့ ကျွမ်းကျင်တဲ့ လုပ်သားအင်အားတို့ Human Capital ကို ဆုံးရှုံးတာပါ(ဥပမာ – ကျွန်မတို့နိုင်ငံမှာ လိုအပ်တဲ့ ကဏ္ဍတွေ အများကြီးရှိတယ်။ အဲဲဲဒီကဏ္ဍတွေအတွက် လိုအပ်တဲ့ ပညာရှင်တွေလည်း အများကြီး ရှိတယ်။ ဆိုတော့ ဒီလိုအပ်တဲ့ ပညာရှင်၊ ပညာတတ်တွေ မရှိတော့တဲ့အခါမှာ နိုင်ငံရဲ့အနာဂတ်က စိုးရိမ်ရေအမှတ်ကို ရောက်လာရတယ်ပေါ့လေ)။ ဒါကတော့ အကျိုးဆက်ရဲ့ တစိတ်တပိုင်းပေါ့။

ဆိုတော့ နောက်တချက်အနေနဲ့ စစ်အုပ်ချုပ်မှုအဆက်အဆက်မှာ ကျတို့ ခံစားလာရတဲ့ “ဦးနှောက်ယိုစီးမှု”ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကိုတော့ “brain drain” လို့ ပြောတယ်ပေါ့။ ဒီ brain drain ပြဿနာကိုလည်း အခုကာလမှာဆိုရင် အများကြီးကို ကျမတို့ မြင်တွေ့လာရတယ်။ ပိုဆိုးလာတဲ့ အခြေအနေတွေကိုလည်း တွေ့လာရတယ်ပေါ့။ ဒါက ဘာလဲဆိုလို့ရှိရင် အရင်ပညာတတ် လူငယ်တွေတင်မကဘဲနဲ့ ပညာတပိုင်းတစနဲ့ လူငယ်တွေက အခုဆိုရင် နိုင်ငံပြင်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေတာမျိုးတွေပါ။ ဒါက brain drain ဦးနှောက်ယိုစီးမှုပြဿနာရဲ့ အကြီးမားဆုံး အပိုင်းပဲ ဖြစ်ပါတယ်။

ဆိုတော့ ဒီအကျိုးဆက်အနေနဲ့ပေါ့နော်၊ ဒါကတော့ လူမှုလက်တွေ့ဘဝမှာ အကုန်လုံး မြင်နေရတဲ့အပိုင်းပါ။ ဒါကဘာလဲဆိုလို့ရှိရင် ကျမတို့ စာသင်ကျောင်းဆိုတာ အရင်တုန်းကဆိုလို့ရှိရင် အိမ်ပေါ့၊ ကလေးတွေရဲ့ ဒုတိယအိမ်၊ နောက်တခုက ကျမတို့ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေ သင်ပေးရုံ မဟုတ်ဘဲနဲ့ ဒီလူ့အဖွဲ့အစည်းမှာ နေထိုင်ဖို့ ယဉ်ကျေးမှုအခြေခံ စံနှုန်းစံထားတွေကို သင်ယူလေ့လာရတဲ့ နေရာမျိုးပါ၊ အခုအချိန်မှာ ဒီစာသင်ကျောင်းတွေ အကန့်အသတ်ရှိလာတယ် (သို့မဟုတ်) ဒီလိုမျိုး ဖြစ်လာတဲ့အပေါ်မှာ ဆိုလို့ရှိရင် ကျမတို့တတွေက စောစောကပြောတဲ့ ဒီစံနှုန်းတွေကို လျစ်လျူရှုလာတာမျိုးတွေ အဲဒါတွေကို ခံစားလာရပါတယ်။ အဲဒီဟာကို ဘယ်မှာကြည့်ရင်သိနိုင်လဲဆိုတော့ ကျမတို့ ဒီအခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကျောင်းသားတွေ ကျောင်းအတွင်းကိစ္စရပ်တွေမှာ တွေ့နိုင်ပါတယ်။ အရင်တုန်းကဆိုရင် ကျမတို့ကျောင်းမှာ လူ့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဒါတွေ သိသေးတာမဟုတ်ဘူး။ သင်ရသေးတာ မဟုတ်ဘူးပေါ့နော်။ အဲဒီလို မသင်ကြားခင်မှာ ကျောင်းက ဘာသင်ပေးလိုက်လဲဆိုတော့ တယောက်နဲ့တယောက် ဘယ်လိုမျိုး ကိုယ်ချင်းစာတရား ထားကြမလဲ၊ ​နောက်တခုက တယောက်နဲ့တယောက် ဘယ်လိုလေးစားလိုက်နာကြမလဲ၊ နောက်တချက်က ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲ စတဲ့ ကျမတို့လူ့အဖွဲ့အစည်းမှာ နေထိုင်ဖို့အတွက် လိုအပ်တဲ့ စံနှုန်းလေးတွေကို ကျောင်းက သင်ပေးတာပါ။ ဒါကို လူမှုဘဝပညာ သင်ပေးတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုမျိုး သင်ကြားပေးမှုက ပျက်ကွက်လာတဲ့အခါမှာ ကျမတို့ ဒီလူ့အဖွဲ့အစည်းမှာ ဘာတွေ့လာရသလဲဆိုရင် ကျောင်းသားတွေ လက်နက်သုံးပြီးတော့ ရန်ဖြစ်တာ၊ ရန်ဖြစ်တယ် ဆိုတာထက် လက်နက်သုံးပြီး ရန်ဖြစ်တာ ပြီးလို့ရှိရင် ကျမတို့ အသက်သေဆုံးတဲ့အထိ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဖြစ်တာမျိုး။ ပြီးရင် တွေ့နိုင်ပါတယ် ဒီလိုမျိုး အရက်သေစာတွေ သောက်စားတာအပြင် မူးယစ်ဆေးဝါးကိုပါ ပေါ်ပေါ်ထင်ထင် သုံးစွဲလာတာမျိုးတွေ ဆိုတော့ ဒီအချက်အလက်တွေကို ဆိုရှယ်မီဒီယာတွေ မဟုတ်ဘဲနဲ့ ကျမတို့ရဲ့ဘေးပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင်မှာဆိုရင် ခပ်စိပ်စိပ် မြင်လာရပါတယ်။ ဒါကတော့ စောစောက ကိုချမ်း ပြောခဲ့တဲ့ ကျမတို့ရဲ့ အကျပ်အတည်းပေ့ါနော်။ ပညာရေး အကျပ်အတည်းတွေရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဆိုတော့ အခုဒီအပိုင်းမှာတော့ ကျမ ဒုတိယပိုင်းအနေနဲ့ ပညာရေးအကျပ်အတည်းရဲ့ အကျိုးဆက်တွေကို အပိုင်းနှစ်ပိုင်း ခွဲပြီးတော့ ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။


ကိုခန့်
Event Host
ISP-Myanmar


ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ panelist တွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့မှ ကျနော်တို့အစီအစဉ်မှာ ပြင်ပကဖိတ်ခေါ်ထားတဲ့ ဆရာသိန်းနိုင်ကလည်း ဒီပညာရေးအကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ လက်တွေ့ကျကျ ဘာတွေဆက်လုပ်နိုင်မလဲဆိုတာ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါဆို ကျနော်တို့ ဆရာ့ကို ဆွေးနွေးပေးဖို့ မေးခွန်း မေးချင်ပါတယ်ခင်ဗျ။

ဆိုတော့ ဒီလက်ရှိ ပဋိပက္ခနိုင်ငံရေးအခင်းအကျင်းမှာပေါ့နော် ပညာရေးအကျပ်အတည်း တစုံတရာ ပြေလည်နိုင်ဖို့အတွက်ဆိုလို့ရှိရင် သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ လက်တွေ့ကျတဲ့ ဘယ်လိုမျိုး မူဝါဒတွေကို ဆောင်ရွက်သင့်တယ်လို့ ဆရာ မြင်ပါသလဲခင်ဗျာ။ ဟုတ်ဆွေးနွေးပေးဖို့ ဆရာ့ကို ဖိတ်ခေါ်ပါတယ်ခင်ဗျ။



ဆရာ ဦးသိန်းနိုင်
ပညာရေးပညာရှင်/
တိုင်းရင်းသားပညာရေးအကြံပေး


ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဖိတ်ခေါ်တဲ့အတွက်။ နောက် အထူးသဖြင့် ဒီပညာရေးမှာ အလွန်အကျပ်အတည်း ကြီးမားနေတာပေါ့နော်။ပညာရေးကြောင့်ပဲဖြစ်စေ နိုင်ငံရေးအကျပ်အတည်းကြားထဲမှာ ကျနော်တို့ဟာ ကျဆုံးနိုင်ငံဆီကို ဦးတည်နေတယ်ဆိုတာကို ကျနော်တို့မျက်ကွယ်ပြုလို့ မရတော့ဘူး။ ကျနော်တို့ကျောင်းသားထက်ဝက်ပေါ့နော်၊ ပညာသင်ကြားဖို့အတွက် အလှမ်းဝေးကွာခဲ့ရတယ်၊ ဝေးလွင့်ခဲ့ရတယ်၊ လွင့်စင်ခဲ့ရတယ်၊ လက်လှမ်းမမီ ဖြစ်ရတယ်။ ပြီးတော့လည်း အရည်အသွေးပိုင်းဆိုင်ရာ၊ နောက်တခုက လုံခြုံရေးပိုင်းဆိုင်ရာ ဒီအခြေအနေတွေဟာ ကျနော်တို့တိုင်းပြည် ကျဆုံးနိုင်ငံအဆင့်ကို ရောက်ရှိနေတဲ့ ညွှန်းကိန်းတွေလို့လည်း တနည်းအားဖြင့် ပြောနိုင်တယ်။ ပညာရေးအားဖြင့်တော့ ကျနော်တို့ အများကြီးကြိုးစားဖို့ လိုပါတယ်။ ဆိုတော့ ဒီမှာ အထူးသဖြင့်တော့ နိုင်ငံရေးပဋိပက္ခတွေအကြားမှာ ပညာရေးလက်လှမ်းမီမှုနဲ့ အရည်အသွေးဟာ ကျားကုတ်ကျားခဲ ကြိုးစားဆောင်ရွက်နေကြတဲ့ သူတွေချည်းပါပဲ။ ဆိုတော့ နိုင်ငံရေးပြေလည်မှ ပညာရေးကို ဆောင်ရွက်မယ်ဆိုပြီးတော့လည်း စောင့်ဆိုင်းနေလို့ မရပါဘူး။ ဒါ လူငယ်တွေနဲ့ ကလေးတွေအပေါ်မှာ၊ ကျောင်းသူကျောင်းသားတွေအပေါ်မှာ ရက်စက်ရာ ရောက်ပါလိမ့်မယ်။ ပညာသင်ကြားမှုကို အဟန့်အတား မဖြစ်စေသင့်ဘူးပေါ့နော်။ ဒီကျနော်တို့မှာ ဘက်တွေ ရှိနေခဲ့ပြီး ဘက်နှစ်ဖက်ရှိတယ်၊ ဘတ်သုံးလေးဖက်လည်း ရှိနေနိုင်ပါတယ်။ 

ဆိုတော့ ဒီနေရာမှာ ကျနော် အချက် သုံးချက်ကို ဦးစားပေး တင်ပြချင်ပါတယ်။ အချက် သုံးချက်က ကျနော်တို့ရဲ့ ဒီပကတိအခြေအနေကနေပြီးတော့ ပညာရေးအားဖြင့် ဖောက်ထွက်နိုင်ဖို့ နည်းလမ်းတချို့လို့လည်း ပြောနိုင်ပါတယ်။ ဆိုတော့ ပညာရေးအသိုင်းအဝိုင်း၊ ပညာရေးအဖွဲ့အစည်းများ၊ မူဝါဒချမှတ်တဲ့သူတွေပေါ့နော်၊ အားလုံးအတွက် ထည့်သွင်းစဉ်းစားနိုင်မယ့် အချက် သုံးချက်လို့ ကျနော် ပြောချင်ပါတယ်။ နောက်ဒီဆွေးနွေးတင်ပြမှုဟာ ထိခိုက်နာမှုကို ပိုမိုခံစားနေကြရတဲ့ ပြည်တွင်းစစ်ဘေးဒဏ်သင့် နယ်မြေတွေအတွက် ကျနော်ဦးစားပေးပြီးတော့ ဆွေးနွေးပါ့မယ်။ ​ဒါပေမဲ့ ဘက်နှစ်ဖက်စလုံးကလည်း စဉ်းစားနိုင်ဖို့ ထည့်သွင်းဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့တော့ အခုလိုကာလမျိုးမှာပေါ့နော်၊ ပညာရေးပေါ်မှာ အန္တရာယ်ကျရောက်ဖို့ဟာ ဘက်တဖက်အတွက် အန္တရာယ်ရှိနေတာ မဟုတ်ပါဘူး။ မတူကွဲပြားတဲ့ ဘက်နှစ်ဖက်စလုံးအတွက် ကျနော်တို့အားလုံးဟာ အန္တရာယ်ကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလေကြောင်းပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေဟာ ပညာရေးအတွက် အန္တရာယ်အရှိဆုံးလို့ ပြောနိုင်တယ်။ နောက်ပြီးတော့လည်း ကျနော်တို့ဟာ မူဝါဒနဲ့ ပညာရေးကို ကာကွယ်နိုင်ဖို့ ပြန်လည်ထိုးပြ ထောက်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် အချက် သုံးချက်ကို တင်ပြဆွေးနွေးလိုတယ်ပေါ့နော်။ 

ဆိုတော့ ဒီမှာ ကျနော်တို့ဟာ စာသင်ကျောင်းနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားရှိတဲ့ တိုင်းရင်းသား နယ်မြေဒေသတွေ အထူးသဖြင့်ထိန်းချုပ်ထားတဲ့၊ တိုင်းရင်းသားတွေ ထိန်းချုပ်တဲ့နယ်မြေဒေသတွေ၊ အညာကျေးလက်နယ်မြေတွေမှာရှိတဲ့ ပညာရပ်ဝန်းနယ်မြေတွေ ဒါတွေဟာ အန္တရာယ်ကင်းမဲ့ဇုံတွေအနေနဲ့ အလေးထားဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ နောက်ပြီးတော့လည်း ကျနော်တို့ဒီ အပြန်အလှန် စာသင်ကျောင်းနဲ့ ပညာရေးနယ်မြေတွေကို ပစ်မှတ်ထားလာကြတာဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အင်မတန်အရုပ်ဆိုး အကျည်းတန်နေတာကို တွေ့ရတာပေါ့လေ။ ဒီအတွက်ကို အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒီပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ၊ အဲ့ဒီပေါ်မှာ နာကျည်းစိတ်နဲ့ ပြန်လည်တုံ့ပြန်မှုတွေကလည်း နှစ်ဖက်စလုံးကို ပိုမိုထိခိုက်လာတဲ့ အခြေအနေတွေ ကျနော်တို့ တွေ့ရတယ်။ 

ဒီအတွက်ကို ကျနော်တို့က ကျနော်တို့ရဲ့ စာသင်ကျောင်းတွေပေါ့နော်၊ စာသင်ကျောင်းတွေ ပညာရေးအသိုင်းအဝိုင်း ပညာရပ်ဝန်းနေရာတွေ ဘေးကင်း လုံခြုံမှုတွေအနေနဲ့ ကျနော်တို့ သတ်မှတ်ဖို့ စီမံဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပညာရေးနဲ့ ဒီလူမှုဘဝပေါ့နော်။ လူမှုဘဝဘေးကင်းလုံခြုံမှု အစီအမံကို ဘက်တွေအားလုံးက စဉ်းစားပေးဖို့ လိုအပ်တယ်။ အထူးသဖြင့် ဆန့်ကျင်ဘက်အုပ်စုတွေအားလုံးက ကလေးသူငယ်တွေရဲ့ ပညာရေးလက်လှမ်းမီဖို့အတွက် ဆိုလို့ရှိရင် ဒီအချက်ကို ဦးစားပေး စဉ်းစားရမယ့် တချက်အနေနဲ့ တင်ပြချင်တယ်။ ဒီအတွက် မူဝါဒ ဘေးကင်းလုံခြုံရေးဆိုင်ရာမူဝါဒ နောက်ပြီးတော့ လူ့ဂုဏ်သိက္ခာနှင့်ပေါ့နော် ဆိုတဲ့ကျွန်တော်တို့ ရှင်သန်ရပ်တည်ခွင့်ရှိဖို့အတွက် စဉ်းစားပေးကြဖို့ လိုအပ်ပါတယ်။ ပြီးတော့လည်းပဲ ဒီလုံခြုံရေးနဲ့စစ်ဖက်မှာ တာဝန်ရှိတဲ့သူတွေက ပညာရေးနယ်မြေ၊ ပညာရေးကိစ္စတွေ စာသင်ကျောင်းတွေ သင်ကြားရေးတွေမှာ ပါဝင်စွက်ဖက်တာမျိုး မလုပ်ဘဲနဲ့ ဒေသခံပညာရေးအဖွဲ့အစည်းတွေနဲ့ လူထုရဲ့ ဆန္ဒကိုလိုက်နာဖို့က လိုအပ်တယ်။ ဘေးကင်းလုံခြုံမှုရှိဖို့အတွက် ဝိုင်းဝန်းရံပေးဖို့ပေါ့နော်၊ ကူညီပံ့ပိုးပေးဖို့ဟာ လိုအပ်ပါတယ်။ 

နောက်တခုကတော့ ကျနော်တို့ ဒီဘေးကင်းလုံခြုံရေးအစီအမံကို ဆောင်ရွက်တဲ့နေရာမှာ ပညာရေးနယ်မြေပေါ့နော်။ ဆိုတော့ ပညာရေးနယ်မြေ ကျောင်းသူကျောင်းသားတွေ၊ ဆရာမတွေ ဘေးကင်းလုံခြုံမှုက ပိုပြီးတော့ လိုအပ်ပါတယ်။ ဒီလိုမိုးရာသီမှာ ကျနော်တို့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေက လျှိုမြောင်တွေထဲမှာ ဂူတွေထဲမှာ တောနက်နက်ထဲမှာ စာသင်ကြားနေရတဲ့ အခြေအနေဆိုး၊ မိုးမလုံလေမလုံနေရာတွေမှာ နောက်ပြီးတော့လည်း ဘေးအန္တရာယ် မလုံခြုံတဲ့ ပြည်တွင်းစစ်မြေပြင်ဒေသတွေ ဒီလိုအခြေအနေကနေ လွတ်မြောက်ဖို့အတွက် မူဝါဒအစီအမံကို ကျနော်တို့ ဒီသက်ဆိုင်ရာ နယ်မြေယူနစ်တွေက ဆောင်ရွက်ဖို့ အလွန်လိုအပ်ပါတယ်။ ဘက်နှစ်ဖက်စလုံးက အာဏာပိုင်တွေအနေနဲ့လည်းပဲ ဒီလိုနေရာတွေကို ပံ့ပိုးမကူညီနိုင်ခဲ့ရင်တောင်မှ ဘေးဒုက္ခမရောက်စေဖို့အတွက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကျနော်တို့ လိုအပ်မယ်လို့ ထင်ပါတယ်။  

နံပါတ်နှစ်အချက်ကတော့ ကျနော်တို့ ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးနဲ့ သင်ရိုးညွှန်းတမ်း နောက်ပြီးတော့ ပညာရေးရံပုံငွေ ဦးစားပေး ရေးအစီအစဉ်တွေကို ကျနော်တို့ တည်ဆောက်နိုင်ဖို့ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ ကျနော်တို့ဟာ ကျောင်းသားတွေ စာသင်ခန်းထဲမှာ မရှိတော့တဲ့ပြဿနာနဲ့အတူ စာသင်ချင်စိတ် ကုန်ခမ်းလာတဲ့ ဆရာ၊ ဆရာမတွေ အများကြီး ရှိလာပါတယ်။ အလုပ်စွန့် နှန်း အရမ်းမြင့်မားနေတာကို တွေ့ရပါတယ်။ နယ်မြေဒေသတိုင်းမှာပါပဲ။ မြို့ပေါ်တွေမှာရော၊ ကျနော်တို့ ဒီတောဘက်တွေမှာရော။ ဆိုတော့ ဒီလိုအခြေအနေဟာ ကျနော်တို့အတွက် ဘယ်လိုမှ ပညာရေးစနစ်တခုလုံး ရပ်တန့်သွားနိုင်တဲ့ အခြေအနေအထိ၊ ဒါမှမဟုတ်လည်း အရည်အသွေး အလွန်အမင်း ကျဆင်းနေတဲ့ အခြေအနေမျိုးကို ကျနော်တို့ တွေ့ရတာပါ၊ ဒီအတွက်ကို ကျောင်းဆရာ ဆရာမတွေရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘဝပေါ့လေ၊ မြှင့်တင်ပေးတဲ့အစီအမံ နည်းလမ်းအသစ်တွေကို ကျနော်တို့ ဝိုင်းဝန်းစဉ်းစားဖို့ အထူးလိုအပ်တာပါ။ အထူးသဖြင့်တော့ အစောပိုင်းက ပြောခဲ့တဲ့ လူထုပညာရေးကို ဆောင်ရွက်နေကြတဲ့ ဒေသအသီးသီးပေါ့နော်။ ဆရာ၊ ဆရာမတွေရဲ့ လူမှုဘဝလုံခြုံဖို့၊ နောက်တခြားအကျပ်အတည်းပေါ့။ သူတို့ရဲ့တခြားသော လူမှုစီးပွားဘဝရပ်တည်နိုင်စွမ်းရှိဖို့၊ အလုပ်ဂုဏ်သိက္ခာ ဒါတွေအတွက် အရေးပေါ်အခြေအနေအဆင့်ကို ရောက်နေတာပါ။ အလုပ်စွန့်နှုန်း အင်မတန်မြင့်မားနေတဲ့အခြေအနေကို ကျနော်တို့ ကာကွယ်ဖို့ လိုအပ်တယ်။ နောက်ပညာတော် သင်ဆုတွေ အပါအဝင်ပေါ့နော်။ ရှေ့ဆက်ပညာရေးအစီမံတွေ၊ သူတို့ စိတ်ခွန်အားရရှိမယ့် အခြေအနေမျိုးတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်နော်။ စွမ်းရည်အခြေပြု ပညာရေးပေါ့နော်။ ဒါကို သင်ကြားပေးနိုင်တဲ့ ဖန်တီးပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေ၊ မိခင်ဘာသာစကားအဖြစ် ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်စွမ်းရှိတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ 

နောက်ဆုံးတချက်ပေါ့။ နံပါတ်သုံးအချက်အနေနဲ့ကတော့ ကျနော်တို့ ဆန့်ကျင်ဘက်အုပ်စုတွေ အားလုံးက ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ ဆိုပြီးတော့ ကြွေးကြော်သံတွေ ကြားသိရတယ်။ ဒီနေရာမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို ဒေသအသီးသီးမှာ ကျင့်သုံးခွင့်ရရှိဖို့ အင်မတန် လိုအပ်ပါတယ်။ ဆိုတော့ ဖက်ဒရယ်ယူနစ် အခြေပြု၊ ဒေသအခြေပြုပညာရေး၊ ဒေသနဲ့ မျိုးနွယ်စုပေါ့နော်။ လူမျိုးစုအခြေပြု ဒီပညာရေးစနစ်တွေကို အသိအမှတ်ပြုပေးခြင်းအားဖြင့် အရေအတွက်ပြဿနာနဲ့ အရည်အသွေးပြဿနာကို ကူညီရာရောက်မယ်လို့ ကျနော် ပြောချင်ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေကိုလည်းပဲ တနည်းတဖုံအားဖြင့် ရေရှည်အနေနဲ့ ကျနော်တို့က တစိတ်တဒေသ ဖြေရှင်းနိုင်စွမ်း ရှိမယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ဆိုတော့ ဒီကြားကာလမှာ ကျနော်တို့က ဒီဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်တယ်ပေါ့နော်။ ဆိုတော့ ဒီကြိုးစားသင့်တဲ့ အကြောင်းအရင်းကတော့ ဒါဟာ ဖယ်ဒရယ်နိုင်ငံရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ပညာရေးအားဖြင့် ကျနော်တို့က ပံ့ပိုးပေးတယ်။ ပညာရေးအားဖြင့် ပိုပြီးတော့ ခိုင်မာအောင် ရှေ့ကို တက်လှမ်းနိုင်အောင်ပေါ့လေ။ ဒီနေရာမှာ ကျနော်တို့အစောပိုင်းက ပြောခဲ့တဲ့ ဒေသန္တရပညာရေးမှာ ဒေသအလိုက်ပေါ့နော်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေကို ကျနော်တို့ပေးအပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ဟိုဆန့်ကျင်ဘက် ဘက်နှစ်ဖက်စလုံးကနေပြီးတော့ စဉ်းစားပေးသင့်တဲ့အကြောင်းအရာလို့ ကျနော် မြင်တယ်။  အထူးသဖြင့်တော့ ဖယ်ဒရယ်ယူနစ်တွေ ဖယ်ဒရယ်ပြည်နယ်တွေအနေနဲ့ ဖယ်ဒရယ်ဒေသတွေအနေနဲ့ ကျနော်တို့က ကျောင်းတွေမှာပေါ့ ပညာရေးအစစ်ထဲမှာ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေး မူဝါဒဆိုတဲ့ ပညာရေးမူဝါဒကို အသိအမှတ်ပြုဖို့ ပျိုးထောင်ဖို့ လက်တွေ့ကျင့်သုံးဖို့ လိုအပ်ပါတယ်။ 

ဗဟိုက ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ်က နေရာတော်တော်များများမှာ တွေ့နေရဆဲပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီဟာကို ကျနော်တို့က ဒေသန္တရအဆင့်ထိ အခွင့်အာဏာပေးအပ်ဖို့အတွက် လိုအပ်ပါတယ်။ ဖယ်ဒရယ်ယူနစ်အနေနဲ့ ပုံဖော်တည်ဆောက်လာကြတဲ့ ဒီဘက်ခြမ်းမှာလည်းပဲ ကျနော်တို့က ဒေသန္တရပညာရေးစနစ်ကို နည်းမှန်လမ်းမှန်နဲ့ ပျိုးထောင်ဖို့ လိုအပ်တာပေါ့လေ။ နောက်တခုကတော့ သင်ရိုးညွှန်းတမ်းတွေကိုလည်းပဲ ကွဲပြားစုံလင်နေတဲ့ အခြေအနေ ပြဿနာမဟုတ်ဘူးလို့ ကျနော် မြင်တယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်စပ်နိုင်ဖို့ပေါ့နော်၊ အစောပိုင်းက ကိုချမ်း တင်ပြခဲ့သလိုပေါ့နော်။ 

ဒီကျောင်းအကူးအပြောင်းတွေ ၊ ပြည်နယ်အကူးအပြောင်းတွေအတွက် အဆင်ပြေဖို့အတွက် ဘုံစံနှုန်းတွေကိုလည်း ကျနော်တို့က စတင်ဆွေးနွေးဖို့ လိုအပ်တဲ့ကာလလို့ ပြောချင်ပါတယ်။ ဒါဟာ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အတွက် မူဝါဒပိုင်းဆိုင်ရာ စတင်ဆောင်ရွက်လာတာပေါ့။ စံနှုန်းတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ဖယ်ဒရယ်စနစ်နဲ့အညီ ကျနော်တို့က တည်ဆောက်မှုကို ပြောချင်တာပါ။ ဆိုတော့ အောင်လက်မှတ်တွေကို အပြန်အလှန် အသိအမှတ်ပြုတဲ့စနစ်တွေလည်း လိုအပ်တယ်။ သင်ရိုးညွှန်းတမ်း ဘုံစံနှုန်းတွေ မူဝါဒဆိုင်ရာ ဘုံပလက်ဖောင်းတွေကို ကျနော်တို့က ဆွေးနွေးကြဖို့၊ ပညာရေးဒိုင်ယာလော့ ကျနော်တို့ တည်ဆောက်ဖို့အတွက် ဒေသဆက်စပ်နေတဲ့ နယ်မြေတွေမှာ ဒေသအများအပြားမှာ တခုလုံး တစုံလုံးအခြေအနေနဲ့လည်း ဒါကိုဆွေးနွေးတည်ဆောက်ကြဖို့ လိုအပ်နေတာကို တွေ့ရပါတယ်။ နောက် ဟိုအကျပ်အတည်းကာလနဲ့ တပြိုင်နက်တည်းပေါ့လေ၊ ပြန်လည်ထူထောင်ရေး အသွင်ကူးပြောင်းရေးကာလတွေအတွက်ကို ဒီကာလမှာ ပညာရေးဒေတာတွေကို နည်းမှန်မှန်နဲ့ စုဆောင်းဖို့ ကျနော်တို့ အများကြီးလိုအပ်ပါတယ်။ 

ဆိုတော့ အချုပ်အနေနဲ့ကတော့ ကျနော်တို့ရဲ့ကလေးတိုင်းနဲ့ ဆရာမတိုင်း ဘေးကင်းလုံခြုံဖို့အတွက် အစီအမံမူဝါဒ၊ ဒါကို ဒေသန္တရ အုပ်ချုပ်ရေးနဲ့ ဒေသန္တရကာကွယ်ရေးတွေ စစ်ဘက်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကူညီပံ့ပိုးဖို့ လိုအပ်တယ်။ နှောင့်ယှက်တားဆီးတာမျိုးကို ဘယ်သူကမှ မလုပ်သင့်တာမျိုးပေါ့နော်။ ပြီးလို့ရှိရင်တော့ ဖယ်ဒရယ်ဒီမိုကရေစီစံနှုန်း ပြည့်မီဖို့အတွက် မူဝါဒကို ကျနော်တို့က ပျိုးထောင်ပေးသင့်တယ်။ ပြီးလို့ရှိရင်တော့ ဆရာ၊ ဆရာမတွေရဲ့အလုပ်ဂုဏ်သိက္ခာနဲ့ လူမှုစီးပွားဘဝအတွက် ဝိုင်းဝန်းစဉ်းစားပေးကြဖို့ အထူးအရေးကြီးပါတယ်။ ဆိုတော့ ဒီလိုအစီအမံ သုံးခုက ကျနော်တို့အတွက် ထွက်ပေါက်ပေါ့နော်။ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် အထောက်အကူ ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။


ကိုခန့်
Event Host
ISP-Myanmar


ဟုတ်ကဲ့ အခုလိုဆွေးနွေးပေးတဲ့ ဆရာသိန်းနိုင်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျနော်တို့ရဲ့ဆွေးနွေးမှုကတော့ ဒီလောက်နဲ့ပြီးပြီဖြစ်ပါတယ်။ ဒီပွဲအစီအစဉ်ရဲ့ အချိန်အကန့်အသတ်ကြောင့်မို့လို့ မေးခွန်း အမေးအဖြေကဏ္ဍကိုလည်း ကျနော်တို့ ရပ်နားလိုက်ပါမယ်ခင်ဗျာ။ ဆိုတော့ ဒီနေ့ တက်လာတဲ့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေအနေနဲ့ မေးခွန်း တစုံတရာရှိမယ်ဆိုလို့ရှိရင်လည်း ISP Myanmar ရဲ့ အီးမေးလ်ကတဆင့် ပေးပို့ပြီးတော့မှ မေးမြန်းနိုင်ပါတယ်​။ ကျနော်တို့နောက်ပိုင်းမှာ ပြန်ပြီးတော့ လက်ခံ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။ ဆိုတော့ ဒီနေ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့မှပဲ Panelist တွေအနေနဲ့ နိဂုံးချုပ်ဆွေးနွေးပေးပါဦးခင်ဗျာ။


ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar


ဟုတ်ကဲ့ ကိုခန့် ကျေးဇူးပါ။ ဆိုတော့ ကျနော်တို့ ဒီနေ့ဆွေးနွေးခဲ့တာ ပြန်ပြီးချုံ့ရမယ်ဆိုရင် လက်ရှိပညာရေးအကျပ်အတည်း အရင်းခံအကြောင်းအရာ ငါးခုကို ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။ အဲဒါနဲ့ တဆက်တည်း ဆက်စပ်အကျိုးဆက်တွေ ဘယ်လိုမျိုးရှိနိုင်လဲ၊ လက်ရှိလည်း ဘာတွေ တွေ့ကြုံနေရလဲ၊ လာမယ့်ဒီကာလတွေမှာလည်း ဘယ်လိုမျိုးကြုံတွေ့နိုင်လဲဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။ နောက်ဆုံးအနေနဲ့ ဆရာက ဘယ်လိုမျိုး လက်ရှိမှာ လက်တွေ့ကျကျဖြေရှင်းလို့ရလဲ ဆိုပြီးတော့မှ ဆွေးနွေးခဲ့တယ်ပေါ့လေ။ ဆိုတော့ ဒီဟာအပြင် ဒီထဲမှာ ဆရာ စောနက ကျနော်တို့ပြောတဲ့အထဲမှာ ထပ်ပြီးတော့မှ highlight လုပ်ချင်တာ တခုရယ်၊ နောက်တခုကကျတော့ ကျနော်ထပ်ပြီးတော့မှ ဖြည့်ချင်တဲ့ စပြီးလုပ်လို့ရတဲ့ပေါ့လေ policy recommendation ပဲပြောပြော စပြီးဘာတွေလုပ်နိုင်မလဲဆိုတာ ဆိုတဲ့ဟာ သုံးချက်ကို highlight လုပ်ချင်တယ်။ ပထမတခုနဲ့အနေနဲ့ ခုနက ဆရာ ပြောတဲ့ဟာကို ကျနော် သဘောကျတဲ့ဟာကတော့ ပညာရေးအကျပ်အတည်းဆိုတာက ဒီနိုင်ငံရေးအကျပ်အတည်းပြီးမှ လုပ်ရမယ့်အရာ မဟုတ်ဘူးနော်။ ပညာရေးကိုယ်တိုင်က ကျနော်တို့ စဖွင့်တည်းက ပြောသလို ပညာရေးကိုယ်တိုင်က ဒီနိုင်ငံရေးအကျပ်အတည်း၊ ပညာရေးအကျပ်အတည်းကိုယ်တိုင်က နိုင်ငံရေးအကျပ်အတည်းဆိုတဲ့ဟာ ကျနော်တို့ မြင်ဖို့ လိုတယ်။ ဒါကြောင့်မို့လို့ စလုပ်ဖို့ လိုတယ်ပေါ့။ ဆိုတော့ ဒါက တခု၊ ဆရာ ပြောတဲ့ဟာကို ကျနော် ထပ်ပြီးတော့မှ Highlight  လုပ်ချင်တဲ့တခု။ နောက်ဆုံး သုံးခု ကျနော် highlight လိုက်လုပ်ချင်တာက ဘာတွေ စလုပ်လို့ရမှာလဲပေါ့ လက်ရှိမှာ ဆိုရင်တော့။ 

ပထမတခုကတော့ ကျနော်တို့ ဒီcommunity က ပံ့ပိုးပေးဖို့ လိုတယ်ဆိုတော့ ကျနော်တို့ကာလတွေကို နောက်ပြန်ကြည့်မယ်ဆိုရင်လည်း ကျနော်တို့က ဒီသူဌေးသူကြွယ်တွေ၊ နောက်တခုကကျတော့ Religious Leaders ပေါ့၊ ဘာသာရေးခေါင်းဆောင်တွေ ကျနော်တို့ ကူခဲ့တာမျိုးရှိတယ်ဆိုတော့ ဒီလက်ရှိလည်း ကူနေကြတာမျိုး ရှိတယ်ဆိုတော့ အဲ့ဒီလိုမျိုး ကူတဲ့ဓလေ့ကို ကျနော်တို့ ဆက်ပြီးတော့ သယ်ဆောင်သွားဖို့လိုတယ်။ ဆိုတော့ အဲ့ဒီကူတဲ့ဓလေ့ကို လက်ရှိမှာ ပိုပြီးတော့မှ စနစ်ကျအောင်၊ စနစ်တခုရှိအောင်၊ စနစ်တခုဖြစ်အောင် လုပ်သင့်တယ်။ ဒါဆိုကျနော်တို့ပညာရေးအတွက် ရေရှည်ခိုင်ခံ့မယ်ပေါ့လေ။ ဒါက ပထမတစ်ခုထပ်ပြီးတော့ ဆရာ ပြောတဲ့အကြံပေးချက်အပြင် ကျနော် ထပ်ပြီးတော့ ပြောချင်တခု။

ဒုတိယတခုကကျတော့ ကျနော်တို့ ဒီနိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပညာရေးကို ကျနော်တို့ အာဂျန်ဒါ (agenda) တခုအနေနဲ့ ဆွေးနွေးဖို့ လိုတယ်။ ဆွေးနွေးတာတင် မဟုတ်ဘဲနဲ့ ကျနော်တို့လက်ရှိ ရေတိုမှာ ဘယ်လိုအဖြေထွက်အောင် လုပ်ကြမလဲဟေ့ ဆိုပြီးတော့မှ ကျနော်တို့က အဖြေရှာကြဖို့ လိုတယ်ပေါ့လေ။

ဆိုတော့ တတိယတခု၊ ကျနော် highlight လုပ်ချင်တဲ့ မီးမောင်းထိုးပြချင်တဲ့တတိယအချက်ကကျတော့ ကျနော်တို့ နိုင်ငံတကာ အကူအညီကို တောင်းဖို့လိုတယ်။ ဘက်အသီးသီးကနေ ကျနော်တို့နိုင်ငံတကာရဲ့အကူအညီကို ကျနော်တို့ တောင်းကြမယ်။ တောင်းကြပြီးတော့မှ  ဒီအပေါ်မှာ ကျနော်တို့က ပြည်တွင်းမှာ ဘယ်လိုအားကောင်းအောင်၊ ဒီအကျပ်အတည်းကို ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြမလဲ၊ နောက်တခုကကြတော့ ဒီကျနော်တို့ရဲ့ကျောင်းသူ၊ကျောင်းသားတွေကို ဘယ်လို ပံ့ပိုးကြမလဲ၊ တဆက်တည်းမှာပဲ ကျနော်တို့နိုင်ငံက လူငယ်ကျောင်းသားအလုံးအရင်းကိုတော့ နိုင်ငံခြားကို ကျနော်တို့ ပံ့ပိုးပေးနိုင်ရင် ပိုကောင်းမယ်လို့ ကျနော်တို့အနေနဲ့တော့ မျှော်လင့်တယ်ပေါ့။ ဒီသုံးချက်ကိုကျနော် highlight လုပ်ရင်းနဲ့ ဒီနေ့ ဆွေးနွေးပွဲကို နိဂုံးချုပ်ချင်ပါတယ်ခင်ဗျာ။


ကိုခန့်
Event Host
ISP-Myanmar


ဟုတ်ကဲ့။ နိဂုံးချုပ်ဆွေးနွေးပေးတဲ့ ကိုချမ်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီနေ့ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေအပြင်ကိုတခြားသော တွေ့ရှိချက်တွေကိုလည်း ကျနော်တို့ရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာ အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီနေ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတဦးချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်း ပြောရင်းနဲ့ ဒီနေ့အစီအစဉ်ကို ဒီမှာပဲ ရပ်နားပါရစေခင်ဗျ။




Leave a Reply

Your email address will not be published. Required fields are marked *