30 Minutes with the ISP

စကားပြောသောဒေတာ – မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင် တင်ပြခြင်း

၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’ (30 Minutes with the ISP) အစီအစဉ်မှ ဆွေးနွေးချက်များအား စုစည်းဖော်ပြခြင်းဖြစ်ပါသည်။
By ISP Admin | October 3, 2024

Photo-AFP

▪️အယူအဆမှတ်စု

မြန်မာနိုင်ငံ စစ်မျက်နှာတွေရဲ့ အနားသတ်လိုင်းတွေဟာ အလျင်အမြန်ကို ပြောင်းလဲနေကြပါတယ်။ အတိုက်အခံပြု အန်တုနေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အရောင်အသွေး စုံလွန်းလှပါတယ်။ သူတို့ကြားထဲက ဦးတည်ရည်မှန်းထားကြတဲ့ အိပ်မက်တွေကလည်း မတူညီကြပါဘူး။ ပြီးခဲ့တဲ့ စစ်အာဏာသိမ်းချိန် သုံးနှစ်ကျော်အတွင်း ISP-Myanmar ရဲ့ဒေတာတွေအရ တိုင်းရင်းသားအဖွဲ့တွေ၊ PDFs လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် ၁၇,၀၀၀ ဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းက မြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’က စလို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ PDFs အဖွဲ့တွေဟာ စစ်ကောင်စီ ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် အနည်းဆုံး မြို့ ၇၄ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ မရှုမလှ ရှုံးနိမ့်ဆုတ်ခွာမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာလေ့လာသူအများစုကို အံ့အားသင့်စေခဲ့ပါတယ်။ 

ISP-Myanmar အနေနဲ့ ဖြစ်ပျက်နေတဲ့ စစ်နယ်ဝန်းနဲ့ ပဋိပက္ခရဲ့ ကျယ်ပြန့်ပြောမှု အတိုင်း အဆကို မြေပုံတွေ၊ ဂရပ်ပုံကားချပ်တွေနဲ့ ရှင်းပြနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပါတယ်။ ပြောရရင် မြန်မာနိုင်ငံ အနှံ့အပြားဟာ ဝရုန်းသုန်းကား အခြေအနေမျိုး ရောက်နေခဲ့တာပါ။​ အဲသလိုအခြေအနေတွေကို နားလည်ဖို့ ကြိုးစားရှင်းပြရာမှာ မဟာဗျူဟာ စဉ်းစားချက်နဲ့ စစ်ပွဲဆင်နွှဲပုံ (Strategic and operational explanations) တွေကို ဆုပ်ကိုင်မိဖို့က ခက်လှပါတယ်။ အချက်အလက်တွေ၊ အခြေအနေတွေကို လူအများနားလည်အောင် မြေပုံပေါ် တင်ရတာက ထင်သလောက် မလွယ်ပါဘူး။ တချိန်တည်းမှာ စစ်ပွဲပဋိပက္ခဒေသတွေအတွင်း နေထိုင်နေတဲ့ လူဦးရေအကြောင်းအချက် (Demography) ဖွဲ့တည်ထားပုံတွေကလည်း ရှုပ်ထွေးလှပါတယ်။ အလားတူ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ စစ်ပွဲတွေရဲ့ နောက်ကွယ်က အကျိုးစီးပွားတွေ၊ နိုင်ငံရေးဆိုင်ရာဘောဂဗေဒ အကြောင်းအချက်တွေကိုလည်း ဖော်ပြ နိုင်ဖို့ တတ်နိုင်သလောက် အားထုတ်ကြပါတယ်။ ဒီလိုကျယ်ပြန့်ပြောတဲ့ စစ်ပွဲအတွင်းမှာ သေချာတဲ့အချက်က လူသားလုံခြုံရေးကိစ္စနဲ့ အရပ်သားပြည်သူတွေအပေါ် ကာကွယ်မှုပေး နိုင်ရေးကိစ္စတွေဟာ ပိုလို့ခက်ခဲလာနေတာပါ။ ISP-Myanmar ရဲ့ဒေတာအခြေခံ မှန်းဆချက် တွေအရ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်က ၆ ဒသမ ၅ သန်းကျော် ရှိနေပါပြီ။
  
မဟာဗျူဟာနဲ့ စစ်ဆင်ရေးမှန်းဆချက်တွေကို လုပ်ဆောင်ရာမှာ အကြီးမားဆုံးအခက်အခဲက ခေါင်းဆောင်သူတွေရဲ့ တွက်ချက်မှု၊ စိတ်လိုလက်ရပြုမူကျင့်ကြံမှု၊ စစ်ပွဲတွေအတွက် ရည်မှန်းချက်၊ သူတို့ရဲ့ ကျိုးကြောင်းစဉ်းစားဆုံးဖြတ်ပုံ၊ အထူးသဖြင့် ထွန်းသစ်စ တော်လှန် ရေးတပ်ဖွဲ့တွေရဲ့စဉ်းစားပုံတွေက ပုံသေကားကျ ဟုတ်မနေတာ၊​ ဧကန်သဘော ကောက်ချက် ဆွဲဆုပ်ကိုင်လို့ မရတာတွေ ဖြစ်ပါတယ်။​​ ဒီလိုအကန့်အသတ်ရှိတဲ့ သတင်းတွေကြားထဲကနေ စစ်ပွဲတွေရဲ့ ‘မဟာဗျူဟာနဲ့ စစ်ဆင်ရေး’ မှန်းဆချက်တွေကို တွက်ဆဖော်ပြရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေက အရှိန်တညီးညီး ပြင်းထန်နေပြီး  အပြောင်းအလဲတွေက မြန်ဆန်လှပါတယ်။ အချက်အလက်စုဆောင်းသူတွေ အငိုက်မိခဲ့ကြတာမျိုးလည်း ရှိပါတယ်။ ယာယီ စစ်ရပ်စဲရေး သဘောတူညီချက်တွေလည်း ရှိခဲ့သလို အချိန်တိုအတွင်း ကျိုးပျက်ကာ သေနတ်ပြန်ပေါက်ခဲ့ကြပါတယ်။  

စစ်ရေးအောင်ပွဲတွေကို ချီးကျူးမြှောက်စားနေကြပေမဲ့ စစ်ဘေးဒဏ်သင့်ရတဲ့ လူထုတွေရဲ့ အသံကို ကြားနိုင်ဖို့ကတော့ ခက်ခဲလှပါတယ်။ စစ်ပွဲတွေရဲ့ အနားသတ်မျဉ်းကို ဖမ်းဆုပ်ဖို့နဲ့ လူထုတွေ တွေ့ကြုံနေရတဲ့ လူမှုဒုက္ခ ပြဿနာတွေကို ဆုပ်ကိုင်တင်ပြဖို့ကလည်း မလွယ်ကူလှပါဘူး။ ISP-Myanmar က လူငယ်သုတေသီတွေအနေနဲ့ အလျင်အမြန် ကျယ်ပြန့်ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို မှတ်တမ်းတင်ရပါတယ်။ သတင်းတွေကို အတည်ပြုရပါတယ်။ တိုက်ဆိုင်စစ်ဆေးရပါတယ်။ မြေပုံပေါ် တင်နိုင်အောင် ကြိုးပမ်းရပါတယ်။ ဒီနေရာမှာ လူအများရရှိနိုင်တဲ့ သတင်းအချက်အလက်တွေက အကန့်အသတ်ရှိပါတယ်။ စစ်ပွဲအတွင်းက အရပ်သား ပြည်သူလူထုတွေရဲ့ ဒုက္ခကလည်း တောင်လိုပုံပြီး ကြီးမားပါတယ်။ စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ၊ သေကြေပျက်စီးရမှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ စာမျက်နှာပေါ် မှတ်တမ်းတင်ထားနိုင်ကြတာကလည်း ပင်လယ်ကြီးရဲ့ တစွန်းတစ ကမ်းခြေမျှသာ ရှိပါလိမ့်မယ်။
 
အချက်အလက်အခြေပြု သုတေသနဖော်ပြချက်တွေ ဖြစ်ပေမဲ့ ISP-Myanmar ကတော့ ပဋိပက္ခတွေရဲ့ လူသားမျက်နှာဘက်အခြမ်းကို တင်ပြချင်ပါတယ်။ လူသားလုံခြုံရေးရှုထောင့် ကို အလေးပေးဖော်ပြလိုပါတယ်။ စစ်ပွဲတွေရဲ့ အမှောင်ဘက်ခြမ်းကမ္ဘာကိုလည်း သိရှိနားလည်နိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ အခု မိနစ် ၃၀ ဆွေးနွေးချက် ‘30 Minutes with the ISP’ အစီအစဉ်ကတော့ အဲဒီလိုကြိုးပမ်းမှုတွေရဲ့ ကန့်လန့်ကာနောက်ကွယ် (Behind the scenes) ကို တချက်လှစ်ပြ တင်ပြချင်တာပါပဲ။ စစ်ပွဲပဋိပက္ခတွေနဲ့ လူသားလုံခြုံရေးရှုထောင့်တွေကို ISP-Myanmar ရဲ့ သုတေသီတွေက ဘယ်လိုဆုပ်ကိုင်တင်ပြဖို့ ကြိုးပမ်းနေသလဲ၊ ဘယ်လောက်ခက်ခက်ခဲခဲ ရုန်းကန် ကြိုးပမ်းနေရသလဲ ဆိုတာကို သိရှိစေချင်တာပါ။ ISP-Myanmar ရဲ့ မိနစ် ၃၀ တင်ပြမှုကို ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ။

➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

စကားပြောသောဒေတာ – မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင် တင်ပြခြင်း





Leave a Reply

Your email address will not be published. Required fields are marked *