30 Minutes with the ISP

၂၀၂၄ ခုနှစ်ရဲ့ အဆိုးရွားဆုံးဒဏ်ချက်တွေကို အမျိုးသမီးထုမှာ တွေ့ရတယ်

အမျိုးသမီးတွေရဲ့ ဘဝဟာ ဘာတွေထူးပြီး ခက်ခဲနေလဲ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ဘယ်လိုဘယ်ပုံ ပိုကျပ်တည်းနေကြရပါသလဲ။
By ISP Admin | December 19, 2024

▪️အယူအဆမှတ်စု

အမျိုးသမီးတွေရဲ့ ဘဝဟာ ဘာတွေထူးပြီး ခက်ခဲနေလဲ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ဘယ်လိုဘယ်ပုံ ပိုကျပ်တည်းနေကြရပါသလဲ။

စစ်အာဏာသိမ်းတာ အခုဆို လေးနှစ်ပြည့်သွားပါပြီ။ ဒီလေးနှစ်အတွင်းမှာ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘဝဟာ နေ့မြင်ညပျောက်တဲ့ ဘဝတွေ၊ လူမစုံတော့တဲ့ ထမင်းဝိုင်းတွေ၊ ပညာတတ်တွေ ပညာရဲရင့် ပွဲလယ်မတင့်တော့တဲ့ အဖြစ်တွေ စတဲ့ မကြားစဖူး မယုံနိုင်စရာတွေကို တနေ့ထက်တနေ့ ပိုလို့ ကြားနေ၊ မြင်နေရပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်ထဲမှာ စစ်မှုထမ်းဥပဒေကြောင့် သားသမီးတွေကို နယ်ဝေးနဲ့ နိုင်ငံရပ်ခြားပို့ပြီး မသေသေးရင်တော့ ပြန်တွေ့နိုင်ပါသေးတယ်ဆိုတဲ့စိတ်နဲ့ပဲ မျက်ရည်လည်ရွဲ မျှော်နေကြရပါတယ်။

စီးပွားရေးက ကျပ်၊ နိုင်ငံရေးက ခက်တဲ့အပြင် သဘာဝကပ်ဘေးကပါ ထပ်ဆင့်နေပါတယ်။ ဒီလို အဘက်ဘက်က ထိုးနှက်ချက်တွေကို ဆင်းရဲချမ်းသာ၊ လူကြီးလူငယ်၊ မြို့ပြကျေးလက်မရွေး တနည်းတဖုံ ခံစားနေရသူချည်းပါပဲ။ ဒါပေမဲ့ ဒီလိုရင်ဆိုင်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘုံချကြည့်ရင် အမျိုးသမီးတွေရဲ့ကျောမှာ အများဆုံး သွားတွေ့ရပါတယ်။ အတွင်းကျကျဆန်းစစ်ကြည့်ရင် အပေါ်ယံအံကြိတ်ထားတဲ့၊ ပါးကွက်ကျား၊ မိတ်ကပ်တွေနဲ့ ဟန်လုပ်ပြုံးနေတဲ့ မျက်နှာဖုံးတွေအောက်မှာ အမျိုးသမီးတွေရဲ့ဘဝဟာ တလွှာပြီးတလွှာ၊ တချက်ပြီးတချက် အမွှန်းခံထားရတာပါ။ ‘နောက်နှစ်ကုန်ရင် အောင်လံထူပြီ’ ဆိုတဲ့ အနှစ်အသားမပါ၊ လက်တွေ့အကူအညီမလာတဲ့ လေလှိုင်းပေါ်က ‘မိုတီ’စကားတွေကလည်း စိတ်ဓာတ်မတက်ကြွစေနိုင်တော့ပါဘူး။ ပရိယာယ်တွေနဲ့ ကြိုးရှည်ရှည်လှန်ထားသလို ရက်စက်ရာကျလွန်းတယ်လို့ ဆိုချင်ပါတယ်။ မြေပြင်က အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝကို မြင်နိုင်ဖို့ ISP-Myanmar ရဲ့ အခုစကားဝိုင်းက လှစ်ဟပြချင်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကလည်း မြန်မာအမျိုးသမီးတွေ နိစ္စဓူ၀ရင်ဆိုင်နေရကြရတဲ့ အခက်အခဲတွေအကြောင်းကို ISP- Myanmar ရဲ့ သုတေသနကွန်ရက် (Research Network) အစီအစဉ်က လေ့လာမှုတွေ လုပ်ခဲ့ပါသေးတယ်။ နိုင်ငံအနှံ့မှာ ရှိကြတဲ့ အမျိုးသမီး ၅၀၀ ကျော်ရဲ့ သဘောထားတွေကို ရယူခဲ့သလို သူတို့ရဲ့ အသံတွေကိုလည်း နားထောင်ခဲ့ပါတယ်။ ဒီအထဲက ၇၄ ရာခိုင်နှုန်းဟာ ဘ၀ရှေ့ရေးအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ၈၈ ရာခိုင်နှုန်းကျော်ဟာ အလုပ်ရဖို့ ခက်နေကြတဲ့အပြင် ဝင်ငွေထွက်ငွေ မမျှတတာကိုလည်း ကြုံနေရပါတယ်။ သုံးဆမကတက်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကို ခံနေရသူက ၈၃ ရာခိုင်နှုန်း ရှိပါတယ်။ ပြည်တွင်းမှာပဲ ရတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ စဉ်းစားနေသူတွေက ၇၀ ရာခိုင်နှုန်းနီးပါးပါ။ အခုအခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်လက်လေ့လာစရာတွေ ရှိနေသေးပေမဲ့ ဒီကိန်းဂဏန်းနဲ့ အဖြေတွေဟာ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ နီးစပ်မှုရှိပါတယ်။

လူထုတွေ၊ အမျိုးသမီးတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမတွက်မိဖို့လိုသလို တသမတ်တည်း တွက်ထားလို့လည်း မရစကောင်းပါ။ အချိန်နဲ့အမျှ တစတစ တိုက်စားခံနေရပါတယ်။ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချစားသောက်ရင်း အိတ်ကပ်တွေ တဖြည်းဖြည်း ပါးလာနေပါတယ်။ နစ်နာခံစားနေရတဲ့ လူထုတွေအတွက် စနစ်တကျထောက်ပံ့ပေးနိုင်တဲ့ ယန္တရားစနစ် (အင်စတီကျူးရှင်း) တွေကလည်း သေသေချာချာ ရှိမနေပါဘူး။ လူထုကပဲ လူထုကို အပြန်အလှန် အကူအညီပေးမယ့် အထောက်အပံ့တွေကလည်း ကောက်ရိုးမျှင်ပဲ ဖြစ်နေပါတယ်။ ဒီအခြေအနေမှာ ဒီမိုကရေစီစနစ်၊ တနည်း ရွေးကောက်ပွဲအရ ခေါင်းဆောင်သူတွေပဲဖြစ်ဖြစ်၊ အာဏာသိမ်းပြီးဖြစ်ဖြစ်၊ အာဏာထိန်းတယ်ဖြစ်ဖြစ်၊ လက်ရှိ အာဏာချုပ်ကိုင်ရယူထားသူတွေ၊ နိုင်ငံတော်အကျိုးကို ရည်သန်တဲ့ တော်လှန်ရေးလှုပ်ရှားသူတွေဟာ လူထုကောင်းကျိုးကို ဖော်ဆောင်နိုင်ရပါမယ်။ လူထုတွေရဲ့ သာယာဝပြောမှုကို ကြည့်ရပါမယ်။ လူထုတွေ ဒုက္ခမဖြစ်စေဘဲ ကောင်းကျိုးချမ်းသာ ခံစားစေရပါမယ်။ မူဝါဒဆုံးဖြတ်ချက်ချမှတ်ရာ နေရာတိုင်းမှာရှိနေသူ ခေါင်းဆောင်တိုင်းက အလေးထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒဏ်ရာ ဒဏ်ချက် အများအပြားနဲ့ ပြိုလုတည်းတည်း လူ့အဖွဲ့အစည်းမှာ အရေးတကြီး လိုအပ်နေတဲ့ လူမှုအသိုက်အဝန်းရဲ့ စိတ်ဓာတ်ပိုင်းပံ့ပိုးပေးမှု (Psycho-social supports) ကို ဘယ်လို ဖြည့်ဆည်းနိုင်ကြမလဲ စဉ်းစားဖို့ လိုအပ်နေပါပြီ။

ISP-Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေတဲ့ လူမှုစီးပွားလေ့လာတွေ့ရှိချက်တွေအပြင် ပြည်တွင်းနေ အမျိုးသမီးထုဆီက သိလာရတဲ့ လက်ငင်းအခြေအနေတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ (30 Minutes with the ISP) အစီအစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

၂၀၂၄ ခုနှစ်ရဲ့ အဆိုးရွားဆုံးဒဏ်ချက်တွေကို အမျိုးသမီးထုမှာ တွေ့ရတယ်





Leave a Reply

Your email address will not be published. Required fields are marked *