30 Minutes with the ISP

အညှီရှိရင် ယင်အုံတယ် – ချည့်နဲ့နိုင်ငံက ကျားဖြန့်မြစ်ပွားနာ

ကျားဖြန့်မြစ်ပွားနာတိုက်ဖျက်ရေးဟာ ရုပ်ရှင်ရိုက်နေတာ မဟုတ်သလို၊ နိုင်ငံတခုတည်းက ကိုင်တွယ်နှိမ်နင်းနိုင်ဖို့လည်း ခက်ခဲပါမယ်။ မိကျောင်းခေါင်းထုကစားပွဲလို ဟိုနားထု ဒီနားပေါ် ဆက်ဖြစ်နေဦးမှာပါ။
By ISP Admin | February 20, 2025

▪️အယူအဆမှတ်စု

‘ကျားဖြန့်’ဆိုတဲ့ တရုတ်ဝေါဟာရဟာ ဒေသတွင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားနေပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဆင်ဒီကိတ်ဂိုဏ်းကြီးတွေက လူသောင်းချီအင်အားနဲ့ ဆောင်ရွက်နေကြတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပါ။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ ဒီလိုလုပ်ငန်းတွေကြောင့် ဆုံးရှုံးရတဲ့ ငွေကြေးပမာဏက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကနေ ၃၇ ဘီလီယံလောက်အထိရှိတယ်လို့ ကုလသမဂ္ဂ (UNODC) ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ ဒေသတွင်းသာမက ကမ္ဘာတဝန်းကို လှိုက်စားနေတဲ့ မြစ်ပွားနာကြီးပါ။ လူထောင်သောင်းချီဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးခံရပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာ စတဲ့ နယ်စပ်တွေမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြံဝင်းကြီးတွေထဲမှာ ပိတ်လှောင်နှိပ်စက်၊ အဓမ္မခိုင်းစေခံနေကြရပါတယ်။

အခုဖြစ်ရပ်တွေဟာ စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေတခုကို ရောက်လာတာကြောင့် နှိမ်နင်းအရေးယူမှုတွေ စတင်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ စိတ်လှုပ်ရှားစရာ ရုပ်ရှင်ဇာတ်လမ်းဆန်ပါတယ်။ ‘နောက်ထပ် လောင်းကစားမလုပ်တော့ပါ’ (No More Bets) ဆိုတဲ့ ရုပ်ရှင် တရုတ်နိုင်ငံမှာ လူကြိုက်များခဲ့သလို အာဏာပိုင်တွေအပေါ် လူမှုကွန်ရက်ပေါ်က ဖိအားတွေ ဆင့်လာခဲ့ပါတယ်။ မကြာပါဘူး၊ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စတင်စစ်ဆင်တဲ့ ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်လာပါတယ်။ ဒီစစ်ပွဲတွေအပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံလက်ကို အပ်ခဲ့ပါတယ်။

တခါ ဒီနှစ်ထဲတော့ ဝမ်ရှင်း (Wang Xing)ဆိုတဲ့ နာမည်ကျော်ဆယ်လီ တရုတ်မင်းသားတဦး ထိုင်း-မြန်မာနယ်စပ်က နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကို၊ KK Park စတဲ့ လောင်းကစားမြို့တော်မှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ဒါလည်း စိတ်လှုပ်ရှားဖွယ် ပြဇာတ်ဆန်နေပါတယ်။ ထိုင်းနိုင်ငံအကူအညီနဲ့ ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ဒီဒေသဟာ အများအာရုံထဲမှာ မီးမောင်းထိုးပြစရာ ရာဇဝတ်မြို့တော်အဖြစ် ထင်ရှားလာခဲ့ပါတယ်။ တရုတ်နှစ်သစ်ကူးကာလထဲမှာပဲ ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျိုကျုံးယီ (Liu Zhongyi) ထိုင်းနိုင်ငံကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့အကြားက ကျားဖြန့်လုပ်ငန်းတွေကို အင်နဲ့အားနဲ့နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွေ စတင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာဘက်ခြမ်းက မြို့တချို့ကို လျှပ်စစ်မီး၊ ဆက်သွယ်ရေးနဲ့ လောင်စာဆီတွေကို ဖြတ်တောက်ခဲ့ပါတယ်။ အခုတော့ နယ်စပ်က ကရင်အဖွဲ့ BGF ခေါင်းဆောင်တွေဟာ အရေအတွက်ထောင်ချီတဲ့လူတွေကို ဖမ်းဆီးတာ၊ အဓမ္မခိုင်းစေခံရတဲ့ ဓားစာခံတွေကို ပြန်ပို့ပေးတာတွေ လုပ်လာခဲ့ပါပြီ။

ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ခဲ့တာနဲ့ အခုတောင်ပိုင်းမှာ ဖြစ်နေတာတွေက အများကြီး ကွာခြားပါတယ်။ တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိုးစစ်ကြီးတွေ ဖြစ်ပေါ်လာခဲ့ပြီး မြန်မာစစ်တပ် မရှုမလှရှုံးနိမ့်ခဲ့ပါတယ်။ လောင်းကစားမြို့တော် ရွှေကုက္ကိုနဲ့ KK Park တို့ဟာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေပြီး ပတ်သက်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကလည်း ရှုပ်ထွေးပါတယ်။ တရုတ်နိုင်ငံက တိုက်ရိုက်ဝင်ရောက်စွက်ဖက်ဖို့လည်း ခက်ခဲပါတယ်။ ဒီဖြစ်စဉ်ကို ကိုင်တွယ်တဲ့အခါ တချို့တွေက ခေါင်းရောင်းခံရ၊ ထိုးချခံရတာတွေ ဖြစ်နိုင်သလို၊ အခန့်မသင့်ရင် ပထဝီနိုင်ငံရေး အင်အားပြိုင်ဆိုင်မှု ပြင်းထန်လာနေတဲ့ အခုလိုကာလမှာ မြန်မာနယ်စပ်ဟာ နိုင်ငံတကာရဲ့ ကစားကွင်းကြီး ဖြစ်လာနိုင်ပါတယ်။

ကျားဖြန့်မြစ်ပွားနာပြဿနာရဲ့ အရင်းခံက ဥပဒေကင်းမဲ့နေမှုနဲ့ ချည့်နဲ့တဲ့ နိုင်ငံတော်ရဲ့ယန္တရားတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ‘အညှီရှိရင် ယင်အုံ’ဆိုတဲ့ စကားပုံလို တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့ လုပ်ကွက်လုပ်ကွင်းနေရာတွေကို ကျားဖြန့်ဆင်ဒီကိတ်ဂိုဏ်းတွေက ရှာဖွေနေကြပါတယ်။ လက်ရှိ နိုင်ငံတကာရဲ့ ပူးပေါင်းနှိမ်နင်းရေးလုပ်ငန်းတွေကဖြင့် အိမ်သန့်ရှင်းရေးလုပ်တဲ့ သဘောလောက်သာ ဖြစ်နေနိုင်ပါတယ်။ အမြစ်ပြတ်သုတ် သင်ဖို့ဆိုရင် ဒီထက်ပိုပြီး အားစိုက်ဖို့၊ နိုင်ငံရေးဆန္ဒရှိကြဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ပါ ဆက်နွှယ်ပတ်သက်နေပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေပါ။ ဒါပေမဲ့ ကာလတခုကျရင် ရေခံမြေခံ အခြေအနေအပေါ်မူတည်ပြီး နိုင်ငံရေးအကျပ်အတည်းလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်း-မြန်မာနယ်စပ်က ကောစင်တာတွေအရေးကိုသုံးသပ်ရာမှာ ‘ရေသောက်မြစ်ကို မကိုင်တွယ်ဘူးဆိုရင် အခုပြဿနာက နိဂုံး ချုပ်နိုင်မှာ မဟုတ်ဘူး’ လို့ ဆိုခဲ့ပါတယ်။ ပြဿနာအတိုင်းအဆနဲ့ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေကြောင့် ‘နိုင်ငံရေးအကျပ်အတည်း’ တခုလို ဖြစ်ပေါ်လာခဲ့ပါတယ်။

အခု ကျားဖြန့်မြစ်ပွားနာတိုက်ဖျက်ရေးဟာ ရုပ်ရှင်ရိုက်နေတာ မဟုတ်သလို၊ နိုင်ငံတခုတည်းက ကိုင်တွယ်နှိမ်နင်းနိုင်ဖို့လည်း ခက်ခဲပါမယ်။ မိကျောင်းခေါင်းထုကစားပွဲလို ဟိုနားထု ဒီနားပေါ် ဆက်ဖြစ်နေဦးမှာပါ။ ချည့်နဲ့နိုင်ငံတခုအဖို့၊ ပြည်တွင်းစစ်ပြင်းထန်ဆဲ နိုင်ငံတခုအဖို့ လှိုက်စားနေမယ့် မြစ်ပွားနာဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ‘ISP နဲ့အတူ မိနစ် ၃၀’ စကားဝိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။

➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

အညှီရှိရင် ယင်အုံတယ် – ချည့်နဲ့နိုင်ငံက ကျားဖြန့်မြစ်ပွားနာ





Leave a Reply

Your email address will not be published. Required fields are marked *