Photo-AFP
▪️အယူအဆမှတ်စု
သိပ်မကြာသေးတဲ့ကာလမှာ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့ မြို့သိမ်း၊ နယ်သိမ်း စစ်ရေးအောင်ပွဲတွေဟာ အတော်ပဲ လှုပ်ခတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်အန်တုခဲ့တဲ့ ‘နွေဦးတော်လှန်ရေး’ရဲ့ အစောပိုင်း ကြန်အင်လက္ခဏာဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပေမဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲကို အဓိကတိုက်ပွဲပုံသဏ္ဌာန်အဖြစ် အလေးပေး ဖော်ပြခဲ့ကြပါတယ်။ ပြည်ပရောက် မီဒီယာပေါင်းစုံမှာလည်း စစ်ရေးသတင်းတွေပဲ ကဲနေခဲ့ပြီး ‘စစ်ရေးကသာ အရာရာ’ ဖြစ်ခဲ့ပါတယ်။
သဘောတရားအရ ဖော်ပြရရင် စစ်ရေးအောင်ပွဲတွေကနေ အလိုအလျောက် အောင်မြင်တဲ့ နိုင်ငံရေးရလဒ် ထွက်ပေါ်လာမယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။ စစ်ရေးအောင်ပွဲတွေကြောင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့လည်း မဆိုနိုင်ပါဘူး။ တနည်းဆိုရရင် နိုင်ငံရေးအောင်မြင်မှုဆိုတာက အကျယ်အပြန့်သော ပန်းတိုင်၊ ဦးတည်ထားချက်ကို ပေါက်မြောက်အောင် ဆောင်ကြဉ်းနိုင်ခြင်းသာဖြစ်ပြီး ဒီရည်ရွယ်ချက်ကို ရနိုင်ဖို့ စစ်တိုက်ကြတာဖြစ်ပါတယ်။ ကြားဖူးနေကျ ကလီရှေးစကားလို ‘နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်၊ စစ်ပွဲဆိုတာ သွေးထွက်တဲ့ နိုင်ငံရေး’ ဆိုတာမျိုးပါပဲ။
မြန်မာ့နိုင်ငံရေးပဋိပက္ခနဲ့ လူထုလှုပ်ရှားမှုကို ပြန်ကြည့်တဲ့အခါ လူထုဘက်က တာဝန်အကျေကြီး ကျေခဲ့ကြပါတယ်။ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွထွက်ပေါ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း သောင်ပြိုကမ်းပြို တခဲနက် မဲပေးခဲ့ကြပါတယ်။ တရားဝင်မှု (legitimacy) ကို ဖန်တီးပေးကြပါတယ်။ စစ်အာဏာရှင်နဲ့ မပူးပေါင်းရေး အကြမ်း မဖက်လှုပ်ရှားမှုတွေမှာ CDM ကစလို့ ‘ဘူးသပိတ်’၊ ‘ပန်းသပိတ်’နဲ့ ‘ဆိတ်ဆိတ်နေခြင်းသပိတ်’ (silent strike) တို့လို သပိတ်ပေါင်းစုံမှာလည်း ပူးပေါင်းပေးခဲ့ကြပါတယ်။ လှုပ်ရှားမှုတိုင်းမှာလည်း လူအား၊ ရင်းမြစ်အားနဲ့ ထောက်ပံ့ပေးကြပါတယ်။ လှုပ်ရှားမှုအတွင်း ချွတ်ချော်တိမ်းစောင်းမှုရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ် စဉ်းစားပေးကြပါတယ်။ ဒီလိုမျိုး ပြည်သူလူထု ထောက်ခံမှုကြီးမားတာကို နိုင်ငံရေးရလဒ်အဖြစ် ပြောင်းလဲပေးနိုင်ဖို့က ခေါင်းဆောင်မှုပိုင်းမှာသာ တာဝန်ရှိပါတယ်။ ပြည်သူလူထုကတော့ တာဝန်ကျေခဲ့ပါတယ်။
သိပ်မကြာသေးခင်ကာလမှာ မြန်မာစစ်တပ် အထိနာခဲ့တဲ့ဖြစ်ရပ်များစွာ ရှိခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းကာလတွေမှာ ပိုပြီး ထင်ရှားခဲ့ပါတယ်။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကြုံဖူးလောက်တဲ့ စစ်ရေးအသာစီးရမှုတွေလည်း ရခဲ့ပြီး မြန်မာစစ်တပ်ဟာ အရှက်တကွဲ ရှုံးနိမ့်မှုနဲ့အတူ ဖရိုဖရဲဖြစ်ရပ်တွေ ကြုံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ လူထုထောက်ခံမှု၊ အင်စတီကျူးရှင်း ဖွဲ့စည်းမှု၊ ခေါင်းဆောင်မှု၊ နည်းပညာ၊ ယုံကြည်မှုဝါဒအားလုံး အကြီးအကျယ် စိန်ခေါ်ခံခဲ့ရပါတယ်။ မြန်မာစစ်တပ်နဲ့ နေပြည်တော်ရဲ့အခြေအနေကို ‘လှိုက်စား၊ ယွင်းစားနဲ့ မုန်တိုင်းထန်’ ဆိုတဲ့ စကားလုံးသုံးလုံးနဲ့ အဲဒီကာလမှာပဲ ISP-Myanmar က သရုပ်ဖော်ပြခဲ့ပါတယ် (‘နေပြည်တော်လိုဂျီ- နေပြည် တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု’၊ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် အမှတ်-၂ ကို ရှုပါ)။
အခုတော့ မြန်မာစစ်တပ်ဟာ မဟာဗျူဟာအရ အရေးပါတဲ့ အချို့သောမြို့တွေဖြစ်တဲ့ မိုးဗြဲနဲ့ နောင်ချိုမြို့တွေကို ပြန်သိမ်းခဲ့ပါတယ်။ အရေအတွက်အားဖြင့် နည်းပါသေးတယ်။ ဒါပေမဲ့ နည်းပညာပိုင်းနဲ့ လူအင်အားတွေ ပြင်ဆင်စုစည်းပြီး နာလန်ထူလာတယ်လို့ ယူဆနိုင်တဲ့ အလှည့်အပြောင်းတချို့ကို မြင်နိုင်ပါတယ်။ အဲဒါအပြင် စစ်ကောင်စီကို စစ်ကော်မရှင်အဖြစ် အသစ်စုဖွဲ့ပြီး ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ပါ စိုင်းပြင်းခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်ရေး၊ မဖြစ်မြောက်အောင် ဖျက်ဆီးရေးလုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ပြင်ဆင်နေကြပေမဲ့ နိုင်ငံရေး ထိုးစစ်တခုထက်စာရင်၊ နည်းပရိယာယ်ပိုင်း တုံ့ပြန်မှုသဘောသာ ပိုဖြစ်နိုင်ဖွယ် ရှိနေပါတယ်။
ရခဲ့ပြီးဖြစ်တဲ့ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ဖန်တီးဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကိုယ့်ရဲ့ အသာစီးရမှုတွေကို နောက်ဆုံးပန်းတိုင် မဟုတ်ရင်သော်မှ ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက် အရေးကြီးပါသလဲ။ စစ်ရေးအောင်ပွဲတွေနဲ့ အန္တိမ နိုင်ငံရေးရည်ရွယ် ချက်ချိတ်ဆက်မှု၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးဆက်စပ်မှုအခြေအနေတွေကို အခုတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေး နိဂုံးချုပ်ချက်
