Photo – AFP
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ထားဝယ်-ရတနာပုံ-မြစ်ဆုံ၊ ဖွံ့ဖြိုးရေးအိပ်မက်အတွက် မေးခွန်းများ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၇ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။
▪️အယူအဆမှတ်စု
အရင်ကတည်းက အလုပ်မဖြစ်ခဲ့တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေကို ပြန်ပြီး အသက်သွင်းနိုင်ဖို့ ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေပါတယ်။ အဲဒီစီမံကိန်းကြီးတွေကနေ တောင်ဘက်အစွန်က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၊ အလယ်ပိုင်းက ရတနာပုံဆိုင်ဘာစီးတီးစီမံကိန်းနဲ့ မြောက်ပိုင်းက မြစ်ဆုံဆည်စီမံကိန်း စတဲ့သုံးခုကို နမူနာပြ ထုတ်နုတ်နိုင်ပါတယ်။ ဦးမင်းအောင်လှိုင်အစိုးရကတော့ ဒီစီမံကိန်းကြီးတွေဟာ အလုပ်အကိုင်၊ စွမ်းအင်နဲ့ နိုင်ငံတိုးတက်ရေးအတွက် မောင်းနှင်အားတွေ ဖြစ်လာနိုင်တယ်လို့ပုံဖော်နေပါတယ်။ ‘ဖွံ့ဖြိုးရေးကို အပေးအယူကိစ္စ’လို သဘောထားပြီး လုပ်နေတာတွေလည်း မြင်ရပါတယ်။ ဥပမာ– မြေနေရာပေးလိုက်မယ်၊ အရင်းအနှီးရှာလိုက်မယ်ဆိုရင် ဆိပ်ကမ်း၊ ဆည်၊ မြို့တော်စတဲ့ ရလဒ်တွေထွက်လာပြီး ဒီကတဆင့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာမယ်လို့ ယူဆထားတာပါ။
တကယ်တမ်းတော့ မြေ၊ အရင်းအနှီး (inputs) ထည့်ရင် ဖွံ့ဖြိုးတိုးတက်မှု (outputs) ထွက်လာမယ်လို့ ပုံသေကားကျ တသမတ်တည်းယူဆဖို့ ခက်ပါတယ်။ ဖွံ့ဖြိုးရေးဆိုတာ အပြန်အလှန်ချိတ်ဆက်နေတဲ့ ဂေဟစနစ် (ecosystem) တခုရဲ့ ရလဒ်လို့ ဆိုရမှာပါ။ ဒါဖြစ်လာဖို့ဆိုရင် ခိုင်မာအားကောင်းတဲ့ ပိုင်ဆိုင်ခွင့်စနစ်၊ ကောင်းကောင်းလည်ပတ်နေပြီးဖြစ်တဲ့ အင်စတီကျူးရှင်း၊ ကျွမ်းကျင်လုပ်သား၊ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး၊ လက်လှမ်းမီနိုင်တဲ့ ဘဏ္ဍာရေးအထောက်အပံ့ စတာတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ နိုင်ငံအများမှာတော့ အခုလို စက်မှုဇုန်နဲ့ အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေကို စက်မှုဖွံ့ဖြိုးရေးနဲ့ စီးပွားရေးစနစ် အသွင်ပြောင်းလဲရေးအတွက် ကိရိယာတခုလို အသုံးချလေ့ရှိပါတယ်။ စွန့်စားမှုကြီးသလို၊ ဆုလာဘ်ကြီးလည်း ပြန်ပေးနိုင်ပါတယ်။ (high-risk, high-reward) အရေးအကြီးဆုံးကတော့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒေသခံတွေအတွက် ရေရှည်တည်ဆောက်ချင်စိတ်ဖြစ်လာစေမယ့် တည်ငြိမ်မှု၊ စီးပွားရေးအရပွင့်လင်းမှုနဲ့ နိုင်ငံရေးအရ တရားဝင်မှုတွေရှိနေမှသာ ဒီစီမံကိန်းကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ပြောင်းလဲသွားမှာပါ။ စီမံကိန်းကြီးတွေဟာ ဂေဟစနစ်ကို ဖန်တီးပေးတာထက် ဂေဟစနစ်ကို မှီခိုရတာ ဖြစ်ပါတယ်။ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ဂေဟစနစ်ကောင်းကောင်း မရှိဘူးဆိုရင် စီမံကိန်းတွေ ပြီးသွားရင်တောင် အများပြည်သူ မျှဝေခံစားနိုင်တဲ့ ကြီးပွားချမ်းသာမှုတွေ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ အာဏာပိုင်တွေနဲ့ လူ့မလိုင်အထက်တန်းလွှာတွေကိုပဲ အကျိုးဖြစ်စေပြီး သူတို့နဲ့ သူတို့အကျိုးလိုလားသူ လူတစုကိုသာ အိတ်ဖောင်းစေမယ့် သီးခြားကမ္ဘာငယ်တွေတောင် ဖြစ်သွားနိုင်ပါတယ်။
ဒီရှုထောင့်ကနေ ဆန်းစစ်မယ်ဆိုရင် လက်ရှိ ပြန်အသက်သွင်းနေတဲ့ စီမံကိန်းကြီးတွေကို မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ မြစ်ဆုံစီမံကိန်းဟာ လူထုရဲ့ဆန္ဒနဲ့ ကင်းကွာနေသလို ထုတ်လုပ်ဖြန့်ဖြူးရေးစနစ်ရော အခြေခံအုတ်မြစ်တွေပါ အားနည်းနေပါတယ်။ မြန်မာ့ဆီလီကွန်တောင်ကြား (silicon valley) လို့ အမည်တပ်ထားပေမဲ့ ရတနာပုံဆိုင်ဘာစီးတီးစီမံကိန်းဟာ အပြောလွယ်သလောက် အလုပ်ခက်မယ့်အခြေအနေ ရှိနေပါတယ်။ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်မီး၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံ၊ ဥပဒေအရ အကာအကွယ်ပေးမှုနဲ့ ကျွမ်းကျင်လုပ်သား စတဲ့ အရေးကြီးဂေဟစနစ်တွေ ရှိမနေပါဘူး။ ထားဝယ်ဆိပ်ကမ်းစီမံကိန်းဟာလည်း ဘဏ္ဍာရေးအရ စိန်ခေါ်ချက်တွေနဲ့အတူ စစ်ရေးပဋိပက္ခတွေ ရှိနေဆဲပါ။ ဒီအချက်တွေအပြင် နိုင်ငံခြားအရန်ငွေသုံးစွဲနိုင်မှု၊ နိုင်ငံခြား ငွေလဲလှယ်ရေးစနစ်၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု၊ လျှပ်စစ်စွမ်းအင်ထောက်ပံ့မှု၊ မြေယာအုပ်ချုပ်မှုစနစ်စတဲ့ နိုင်ငံရဲ့အခြေခံစီးပွားရေး အုတ်မြစ်တွေဟာ ကစဥ့်ကလျား ကမောက်ကမဖြစ်နေပါတယ်။
ဒီတပတ် ‘ISP နဲ့အတူ မိနစ် ၃၀’ အစီအစဉ်မှာ ‘ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေတဲ့ စီမံကိန်းကြီးတွေရဲ့ နောက်ခံအကြောင်းအရာနဲ့ လက်ရှိလုပ်ဆောင်နေမှု အခြေအနေ ဘယ်လိုရှိနေလဲ၊ ဒီလုပ်ဆောင်မှုတွေက စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်ရဲ့လား’ဆိုတာတွေကို လူငယ်သုတေသီတွေက ဆန်းစစ်ဆွေးနွေးခဲ့ကြပါတယ်။


လင်းထက်
Event Host
ISP-Myanmar
“ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားများ အားလုံး မင်္ဂလာပါခင်ဗျာ။ ကျနော်ကတော့ လင်းထက်ပါ။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင်ရွက်သွားမှာပါ။ ဒီနေ့မှာတော့ ထားဝယ်-ရတနာပုံ-မြစ်ဆုံ၊ ဖွံ့ဖြိုးရေး အိမ်မက်အတွက် မေးခွန်းများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြမှာပါ။ ဒီနေ့ ဆွေးနွေးပွဲကိုတော့ ISP-Myanmar ရဲ့ လူငယ်သုတေသီ တွေဖြစ်ကြတဲ့ ကိုချမ်း၊ ကိုကောင်းစံ နဲ့ မမေရီတို့က ဦးဆောင်ဆွေးနွေးသွားကြမှာပါ။ ဆိုတော့ သူတို့ရဲ့ ဆွေးနွေးမှုတွေအပြီးမှာ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ပေးပို့ထားတဲ့ မေးခွန်းတွေအပြင် အခုတက်ရောက်လာတဲ့သူတွေဆီကနေလည်း မေးခွန်းနဲ့မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာပါ။ ပွဲချိန် အကန့်အသတ်ကြောင့် ပွဲချိန်အတွင်းမှာပဲ ကျနော်တို့ မဆွေးနွေးနိုင်လိုက်ဘူးဆိုရင်တောင်မှ အီးမေးလ်ကနေတစ်ဆင့် ကျနော်တို့ ပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးတဲ့အခါမှာတော့ လူမျိုး၊ ဘာသာ၊ ကျား၊မ လိင်ခံယူမှုနဲ့ နိုင်ငံရေး အမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတာ၊ အမုန်းစကား ပြောဆိုတာမျိုးတွေ မလုပ်ကြဖို့လည်း ကျနော်တို့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျ။ ဒီအချက်တွေကို Chat ကနေလည်း ပေးပို့ထားပါတယ်။ ဒီနေ့အစီအစဉ်ကို DVB ရုပ်သံ သတင်းဌာနအပြင် ISP-Myanmar ရဲ့ Facebook စာမျက်နှာကနေပြီးတော့လည်း တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ ဆွေးနွေးမှုကို စတင်ပါတော့မယ်ခင်ဗျ။ ကိုချမ်းက စပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်၊ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားများ အားလုံး မင်္ဂလာပါ။ ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆိုတော့ ကျနော်တို့ ဒီနေ့ ဆွေးနွေးချင်တာကတော့ အခုဆိုရင် ဦးမင်းအောင်လှိုင်က ရပ်ဆိုင်းထားတဲ့ စီမံကိန်းကြီးတွေကို ပြန်အသက်သွင်းဖို့ လုပ်လာတယ်ပေါ့။ အာဏာသိမ်းမှုအလွန်မှာ ကျနော်တို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တဟုန်ထိုး ထိုးကျလာတယ် ပေါ့။ ကျနော်တို့ ယှဉ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ အာဏာမသိမ်းခင် ၅ နှစ်နဲ့ အခု အာဏာသိမ်းပြီးနောက်ပိုင်း ယှဉ်ကြည့်မယ်ဆိုရင် ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ၇၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ဆွဲဆောင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ စွမ်းအင်၊ လုံခြုံရေး စသဖြင့် နိုင်ငံ့ဖွံ့ဖြိုးရေး၊ တိုးတက်ရေးအတွက် ဒီစီမံကိန်းကြီးတွေကို မောင်းနှင်အားအဖြစ် ပုံဖော်လာတယ်ပေါ့လေ။

ဒါပေမဲ့လည်း ဒီစီမံကိန်းကြီးတွေက တကယ်ပဲ ဖွံ့ဖြိုးတိုးတက်လာမှာလား ဆိုတာကတော့ ကျနော်တို့ ဆန်းစစ်စရာပါပဲ။ ဒီနေရာမှာ ကျနော်တို့ မဖြစ်မနေ ပြောရမှာကတော့ ဒီနိုင်ငံက တနိုင်ငံလုံးမှာ ပဋိပက္ခ ဖြစ်နေတာပေါ့။ နောက်တခုကကျတော့ အာဏာမသိမ်းခင် အပြောင်းအလဲ ကာလတွေကလိုမျိုး ကျနော်တို့မှာ ရေခံမြေခံလည်း မရှိဘူး၊ နောက်တခုက လူထုထောက်ခံမှုလည်း မရှိတဲ့ အခြေအနေ ဖြစ်နေတယ်ပေါ့။ ဒါကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေကို ကြပ်မတ်မယ့်၊ စည်းနှောင်မယ့် ပြည်တွင်းကသော်လည်းကောင်း၊ ပြည်ပကသော်လည်းကောင်း ဥပဒေမူဘောင်တွေက အားနည်းနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လက်ရှိ ကြိုးပမ်းနေမှုက သွားတိုင်း ခရီးရောက်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။
ဒါတွေအပြင် ကျနော်တို့ ဖွံ့ဖြိုးရေးကို စဉ်းစားတဲ့အခါမှာ အပေးအယူ တွက်ကိန်းတစ်ခုလိုမျိုး သဘောထားပြီးတော့မှ လုပ်ဆောင်နေတာ တွေ့ရတယ်။ ဥပမာ – မြေနေရာ ပေးလိုက်မယ်၊ အရင်းအနှီးတွေကို ဖိတ်ခေါ်မယ်၊ တည်ဆောက်ရေးတွေ စတင်ပြီးတော့မှ ရလဒ်တွေ ထွက်လာမယ်၊ ဒီကတစ်ဆင့် ကျနော်တို့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာမယ်လို့ လွယ်လွယ်ကူကူ တသမတ်တည်း ယူဆတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြောတဲ့အခါမှာ မျက်နှာစာ သုံးဘက် ကြည့်ဖို့ လိုပါတယ်။ နိုင်ငံရေးမျက်နှာစာက တည်ငြိမ်မှု ရှိရဲ့လား၊ စီးပွားရေးမျက်နှာစာကရော ယုံကြည်စိတ်ချရမှု ရှိရဲ့လား၊ လူမှုရေးမျက်နှာစာကရော ညီညွတ်မျှတမှု ရှိရဲ့လား၊ ဒီညီညွတ်မျှတမှုတွေကို ဖော်ဆောင်နိုင်မယ့် မူဝါဒ အစီအမံတွေ ရှိလား။ ဒါတွေက ဟန်ချက်ညီဖို့ လိုပါတယ်။ ဒါ့အပြင် ဒီအခြေအနေမှာ ဒီမျက်နှာစာ ရှုထောင့်တွေကို ကျနော်တို့ကတဆင့် မေးခွန်းထုတ် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဆိုတော့ ဒီထဲမှာမှ ကျနော်တို့ လုပ်နေတဲ့ စီမံကိန်းတွေထဲက အထင်ကရဖြစ်တဲ့ တောင်ပိုင်းက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း၊ အလယ်ပိုင်းက ရတနာပုံဆိုင်ဘာစီးတီး စီမံကိန်းနဲ့ မြောက်ပိုင်းက မြစ်ဆုံ စီမံကိန်းတွေ၊ ဒီစီမံကိန်းတွေကို ကျနော်တို့က ထုတ်နုတ်ပြီးတော့မှ ဒီနေ့ မေးခွန်းထုတ် ဆွေးနွေးသွားဖို့ ရှိပါတယ်ပေါ့။

ဒီနေ့ဆွေးနွေးပွဲမှာ ကျနော်တို့ အပိုင်းနှစ်ပိုင်းနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပထမတပိုင်းက ဒီစီမံကိန်းကြီးတွေရဲ့ နောက်ခံအကြောင်းအရာနဲ့ လက်ရှိအခြေအနေတွေက ဘယ်လိုရှိနေလဲ။ နောက်တပိုင်းကတော့ ကျနော်တို့ရှေ့က ဆွေးနွေးချက်တွေအပေါ် အခြေခံပြီးတော့ ဒီစီမံကိန်းကြီးတွေက နိုင်ငံအတွက်ရော၊ ပြည်သူ့ အတွက်ရော တကယ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာလား ဆိုတဲ့ မေးခွန်းတွေ မေးပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဆိုတော့ ကိုကောင်းစံက စပြီးတော့မှ ဆွေးနွေးပေးပါဦးခင်ဗျ။

ကိုကောင်းစံ
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့၊ ကျနော်က ပထမဆုံးအနေနဲ့ ပထဝီအနေအထားအရ အရမ်းအရေးပါတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းအကြောင်း ဆွေးနွေးချင်ပါတယ်။ အဲဒီတော့ ဒီစီမံကိန်းက ၂၀၀၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ ထိုင်းနိုင်ငံနဲ့ စတင်ဖို့ လုပ်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒေသခံတွေ ကန့်ကွက်တာနဲ့ နောက် ဒီစီမံကိန်းအတွက် လိုအပ်တဲ့ ငွေကြေးအရင်းအမြစ်ကို အချိန်မီ မရှာနိုင်တော့ ၂၀၁၃ ခုနှစ် (ဦးသိန်းစိန်လက်ထက်) မှာ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရတယ်။ နောက်ပြီး NLD အစိုးရ လက်ထက်မှာလည်း ဒီစီမံကိန်းကို ဂျပန်နိုင်ငံနဲ့ ပြန်စဖို့အတွက် လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူးပေါ့နော်။
အခု အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ စစ်ကောင်စီက ဒီစီမံကိန်းကို ရုရှားနိုင်ငံရဲ့အကူအညီနဲ့ ပြန်စဖို့ လုပ်လာခဲ့တယ်ပေါ့နော်။ အဲဒီတော့ လက်ရှိမှာလည်း တန်ချိန် နှစ်သိန်း သင်္ဘောတွေ စိုက်ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းတခု ဆောက်ဖို့အတွက် ရုရှားနဲ့ ဆွေးနွေးနေတယ်လို့လည်း ဦးမင်းအောင်လှိုင်က ပြောခဲ့တာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ဒီစီမံကိန်းရဲ့ တစိတ်တပိုင်းလို့ ပြောလို့ရတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဆောက်ဖို့အတွက် ရုရှားနိုင်ငံနဲ့ MOU ထိုးခဲ့တဲ့ အခြေအနေလည်း ရှိတယ်ပေါ့နော်။
ဒီစီမံကိန်းမှာ ကျနော် နောက်တချက်ပြောချင်တာကတော့ ဒီစီမံကိန်းဟာ တခြားစီမံကိန်းတွေနဲ့ မတူတဲ့အချက်က သူက ပထဝီအနေအထားအရလည်း ဗျူဟာမြောက်အရေးပါတယ်။ အထူးသဖြင့် မဲခေါင်ဒေသတွင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ထားတဲ့ မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးစင်္ကြံနဲ့ ဒီစီမံကိန်းက ဆက်စပ်နေတယ်။ ပြီးတော့ သူတို့ရဲ့ ရည်ရွယ်ချက်မှာလည်း အနောက်ဘက် ထားဝယ်-အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နဲ့ အရှေ့ဘက်က တောင်တရုတ်ပင်လယ် ထွက်ပေါက်ပေါ့နော်။ ဒီနှစ်ခုကို ချိတ်ဆက်ဖို့အတွက် စဉ်းစားချက်လည်း ရှိပါတယ်။ အဓိကကတော့ အခုလက်ရှိ ရေကြောင်းအသွားအလာ များတဲ့၊ အသုံးများတဲ့ မာလကာရေလက်ကြားကို ဖြတ်ရတဲ့ ကြာချိန်ကို လျှော့ချဖို့အတွက် စဉ်းစားချက်လည်း ရှိပါတယ်။
ဒါကြောင့် ဒီစီမံကိန်းကို ရုရှားအပြင် ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ကလည်း စိတ်ဝင်စားကြတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကလည်း ရင်းနှီးမြှုပ်နှံမှု ရှိလာနိုင်တဲ့ အခြေအနေလည်း ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒီစီမံကိန်းတခုလုံးကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ရေနက်ဆိပ်ကမ်း ပါတယ်၊ နောက် စွမ်းအင်နဲ့ လောင်စာစက်ရုံတွေ၊ ကားလမ်းနဲ့ ရထားလမ်း၊ ဒီလိုအခြေခံအဆောက်အအုံတွေလည်း ပါတယ်ပေါ့နော်။ အဲဒီတော့ စီမံကိန်းတခုလုံး အနေအထားနဲ့ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံငွေက အလုံးအရင်းနဲ့ လိုအပ်တဲ့ အခြေအနေမှာ ရှိပါတယ်။ နောက် အရေးကြီးဆုံးအချက်ကတော့ လုံခြုံရေးအာမခံချက်ပေါ့နော်။ အခု ဒီစီမံကိန်းက လက်ရှိ ပဋိပက္ခတွေဖြစ်နေတဲ့ တနင်္သာရီတိုင်းထဲမှာ ရှိနေတယ်။ အခုအခြေအနေမှာလည်း ဒီစီမံကိန်းရှိနေတဲ့ ပတ်ဝန်းကျင်မှာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေတာမျိုးလည်း တွေ့ရပါတယ်။ အခု ပုံမှာ ပြထားတဲ့အတိုင်းပဲပေါ့နော်၊ ဒီနှစ်ထဲမှာ မြန်မာစစ်တပ်က ဒီစီမံကိန်းအနီးတဝိုက်ကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်ကနေ ရော လေကြောင်းကနေရော ထိုးစစ်ဆင်မှုတွေ အပြင်းအထန်လုပ်နေတာ တွေ့ရတယ်။ အကျိုးဆက်အနေနဲ့တော့ ဒေသခံ ၅,၀၀၀ ကျော်ထက်မနည်းက အခုလက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒီစီမံကိန်းက ကျနော်တို့ မြင်တာတော့ အကျိုးအမြတ် များနိုင်ပေမဲ့ မတည်ငြိမ်ဘူး၊ လုံခြုံရေးအာမခံချက် မရှိဘူးဆိုလို့ရှိရင် စီမံကိန်းမှာ ငွေအလုံးအရင်း သုံးပြီး ရင်းနှီးမြှုပ်နှံဖို့အတွက်ကို နိုင်ငံတိုင်းက ပြန်ပြီးတော့ ဆင်ခြင်ကြလိမ့်မယ်၊ သုံးသပ်ကြလိမ့်မယ်ပေါ့။ အဲဒီတော့ အခုလက်ရှိ ရုရှားကိုယ်တိုင်ကပဲ ကျနော်တို့ လေ့လာမိသလောက်ဆိုရင် ဓာတ်အားပေးစက်ရုံ စီမံကိန်းကလွဲပြီးတော့ ကျန်တဲ့စီမံကိန်းတွေအတွက် ရေရာတဲ့ ခြေလှမ်းမျိုးတွေ လှမ်းနေတာ ကျနော်တို့ မတွေ့ရသေးဘူးပေါ့နော်။ နောက်တချက်ကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အကျိုးစီးပွား ခွဲဝေမှုကလည်း လက်ရှိအချိန်ထိ မသိရသေးဘဲနဲ့ ဒါကလည်း မေးခွန်းထုတ်စရာ အခြေအနေဖြစ်ပါတယ်။
အဲဒီတော့ ဒီစီမံကိန်းတစ်ခုလုံးကို ပြန်ခြုံကြည့်မယ်ဆိုရင် လုံခြုံရေးအာမခံချက် မရှိတာ၊ ရင်းနှီးမြှုပ်နှံငွေ အလုံးအရင်းလိုတာ၊ ပွင့်လင်းမြင်သာမှု အားနည်းတာ၊ နောက်တချက်ကတော့ အခုလက်ရှိ ဒေသခံတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကြားထဲမှာပဲ ဒီစီမံကိန်းက ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်မလဲ၊ ဖြစ်လာနိုင်မလဲဆိုတာကတော့ ဆန်းစစ်စရာ ကောင်းပါတယ်။ နောက်ထပ် ရတနာပုံဆိုင်ဘာစီးတီး စီမံကိန်းနဲ့ ပတ်သက်လို့ ကိုချမ်းက ဆက်ပြီးဆွေးနွေးပေးပါဦး။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ် ကိုကောင်းစံ ကျေးဇူးပါ။ ကိုကောင်းစံက ထားဝယ်စီမံကိန်းပေါ့လေ။ ကျနော်ကတော့ ရတနာပုံ ဆိုင်ဘာစီးတီး စီမံကိန်းကို ဆက်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ ဒီစီမံကိန်းက ကျနော်တို့နိုင်ငံရဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုပြီးတော့ ရည်ရွယ်ထားတဲ့ စီမံကိန်းဖြစ်တယ်ပေါ့လေ။ ဆိုတော့ ဒီစီမံကိန်းကို “မြန်မာ့ဆီလီကွန်ဗယ်လီ (silicon valley)” ဆိုပြီးတော့မှ ကျနော်တို့ ရည်ရွယ်ထားတယ်ပေါ့။ ဒါပေမဲ့လို့ လက်တွေ့မှာရော ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာတော့ မေးခွန်းတွေ အများကြီးပဲ ရှိတယ်ပေါ့လေ။
ဒီစီမံကိန်းကို ပြန်ကြည့်မယ်ဆိုရင် စီမံကိန်းက ၂၀၀၆ ခုနှစ်လောက်က စခဲ့တယ်လို့ ပြောလို့ရတယ်။ ၂၀၀၇ ခုနှစ်မှာ ဒီစီမံကိန်းကို တရားဝင် ဖွင့်လှစ်ခဲ့တယ်။ နောက် ရတနာပုံတယ်လီပို့၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုင်ဘာစီးတီး ဒီလိုမျိုး နာမည်ကြီးတဲ့ အဆောက်အအုံတွေ အပါအဝင် ကျနော်တို့ ဧက ၁၀,၀၀၀ ကျော် ရည်ရွယ်ထားတာ တွေ့ရတယ်ပေါ့လေ။ ဒါပေမဲ့လည်း စီးပွားရေး ပိတ်ဆို့မှု၊ နောက်တခုကကျတော့ အခြေခံအဆောက်အအုံ လိုအပ်မှုတွေနဲ့အတူ ဒီစီမံကိန်းက ရပ်တန့်သွားခဲ့တယ်။
နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ဒီစီမံကိန်းကို ပြန်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ကိုဗစ် ကပ်ရောဂါဖြစ်တဲ့အခါမှာ ဒီစီမံကိန်းက ရပ်တန့်သွားခဲ့တယ်ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ လောက်မှာ ဒီစီမံကိန်းကို ပြန်အသက်သွင်းဖို့ လုပ်ခဲ့တယ်။ ၂၀၂၅ ဒီဇင်ဘာလောက်မှာ အဲဒီကာလက စစ်ကောင်စီအစိုးရက ဒီစီမံကိန်းကို အောင်မြင်အောင် လုပ်မယ်ဆိုပြီး ပြောခဲ့ တယ်ပေါ့လေ။ ရွေးကောက်ပွဲအပြီး သမ္မတရာထူး ယူပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံခြားခရီးစဉ်တွေ၊ အထူးသဖြင့် အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ ဂျပန် သွားတဲ့ခရီးတွေ၊ စီးပွားရေးဖိုရမ်တွေမှာ ဒီစီမံကိန်းကို လာပြီးတော့မှ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်တာမျိုး တွေ့ရတယ်ပေါ့လေ။
နေရာကျယ်တယ်၊ ရေမြေရာသီဥတု ကောင်းတယ်၊ ဉာဏပစ္စည်းဆိုင်ရာ ဥပဒေတွေ ကျနော်တို့ ဆွဲထားပြီး ဖြစ်တယ်။ ဒါကြောင့်မို့လို့ နည်းပညာ တီထွင်ဆန်းသစ်မှုတွေကို စိတ်ချလက်ချ လုပ်နိုင်ပြီဆိုပြီးတော့မှ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လေ့ရှိတယ်ပေါ့လေ။ ဒီလိုဖိတ်ခေါ်နေပေမဲ့လည်း တဖက်မှာ ကျနော်တို့ အင်တာနက် လွတ်လပ်ခွင့်ကို ကန့်သတ်ထားဆဲ ဖြစ်တယ်။ တည်ငြိမ်တဲ့ ငွေကြေးနဲ့ စီးပွားရေး ဒီလိုအခြေအနေတွေလည်း မရှိနေဘူးပေါ့လေ။ နောက်တခုကကျတော့ စစ်မှုထမ်းဥပဒေနောက်ပိုင်း ကျနော်တို့ ကျွမ်းကျင်လုပ်သားတွေ၊ ကျွမ်းကျင်ပညာရှင်တွေ (မရှိတော့တာ) က စိန်ခေါ်မှုတွေ ကြုံနေရဆဲ ဖြစ်ပါတယ်။
နောက်တခုကကျတော့ ဒီစီမံကိန်းထဲမှာ ရှိတဲ့ ကျေးရွာနေ ပြည်သူတွေ၊ ဘာသာရေး အဆောက်အအုံတွေ ဖယ်ရှားခြင်း ခံနေရတာမျိုး ရှိတယ်။ ဒီလိုမျိုး တဖက်မှာတော့ မက်လုံးပေးပြီးတော့မှ ဖိတ်ခေါ်နေတာတွေ၊ တခြားတဖက်မှာတော့ ဒီလိုမျိုး ဖြစ်ပျက်နေတာတွေက ကွာဟချက်တွေ ရှိနေတာတော့ ကျနော်တို့ မေးခွန်းထုတ်စရာပဲ။ နောက်တခုကကျတော့ ဒီခရီးတွေသွားတိုင်း ဖိတ်ခေါ်မှုတွေ ရှိနေပေမဲ့ လက်ရှိမှာ စိတ်ဝင်စားမှု ပြသတဲ့ နိုင်ငံတွေ မတွေ့ရသေးဘူးပေါ့။ ဒါကလည်း ကျနော်တို့ ပြန်ဆန်းစစ်ပြီးတော့မှ မေးခွန်းထုတ်ရမယ့် အရာတွေလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါကတော့ ရတနာပုံဆိုင်ဘာစီးတီး စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျနော် မေးချင်တဲ့ မေးခွန်းတွေပါပဲ။ နောက်တပိုင်းအနေနဲ့ မမေရီက မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ ဆန်းစစ်ပေးပါဦးခင်ဗျာ။

မေရီ
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ ကိုချမ်း၊ ကျေးဇူးပါ။ ဆိုတော့ ကျမအနေနဲ့ ဒီမြစ်ဆုံဆည်စီမံကိန်းကို ပြောရမယ်ဆိုရင်တော့ ဒီစီမံကိန်းက ကျမတို့ စွမ်းအင်၊ လုံခြုံရေးနဲ့ လျှပ်စစ်မီးပြဿနာ ပြေလည်ရေးအတွက် လုပ်ဆောင်နေတာပေါ့နော်။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်း မြေနေရာရှိတဲ့နေရာက ကျမတို့ကချင်တွေရဲ့ မျိုးရိုးစဉ်ဆက်အရ သမိုင်း အမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ကြီးမားတဲ့ နေရာတခု ဖြစ်နေတယ်ပေါ့လေ။ ပြီးတော့ ဒီမြစ်ဆုံက ကျမတို့ကချင်တွေရဲ့ ဖြစ်တည်မှု သရုပ်သကန်လို့ ပြောလို့ရတဲ့ နေရာတခု ဖြစ်တယ်။ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်တုန်းက စတင်ပြီး လက်မှတ်ရေးထိုးခဲ့တာ ရှိတယ်။ ပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာကျတော့ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်ရတယ်ပေါ့နော်။ ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းအရင်းကလည်း ဒီစီမံကိန်းကို ပြည်သူလူထုက လက်ခံမှု မရှိလို့ဘဲပေါ့နော်။ ဆိုတော့ အခုအခါမှာလည်း ဒီစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဒီစီမံကိန်းမှာ ကျမတို့နိုင်ငံအတွက် တကယ် ဘယ်လောက်ရမှာလဲ၊ ကျမတို့ ကချင်လူမျိုးတွေအတွက်ရော ဘယ်လိုမျိုး အကျိုးအမြတ်တွေ ရမှာလဲ ဆိုတဲ့ မေးခွန်းတွေက မေးစရာတွေ ဖြစ်လာတယ်ပေါ့နော်။
အရင်တုန်းကတော့ လျှပ်စစ်ခွဲဝေမှုမှာ တရုတ်နိုင်ငံက ၉၀ ရာခိုင်နှုန်း၊ ပြည်တွင်းက ၁၀ ရာခိုင်နှုန်းပေါ့လေ။ ပြီးလို့ရှိရင် ဒီအကျိုးအမြတ် ခွဲဝေမှုကဏ္ဍမှာကကျတော့ တရုတ်နိုင်ငံက ၇၀၊ မြန်မာက ၂၀ နဲ့ အကျိုးဆောင်က ၁၀ ရာခိုင်နှုန်း စသဖြင့် ခွဲဝေမှုတွေ ရှိခဲ့တယ်ပေါ့နော်။ ဒါကြောင့် အခုလက်ရှိမှာရော ဘယ်လို ခွဲဝေမှု၊ ဘယ်လို အကျိုးအမြတ်တွေ သူတို့ ခွဲဝေနေမလဲ ဆိုတဲ့ မေးခွန်း မေးစရာတခု ရှိပါတယ်။ နောက် ဒီမြစ်ဆုံမြေနေရာက ကျမတို့ရဲ့ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေ အင်မတန် ရှိတဲ့၊ အဖိုးတန်တဲ့ သက်ရှိနေရာတစ်ခု ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး ခွဲဝေမှုတွေ ရှိမလဲဆိုတဲ့ မေးခွန်းကလည်း ကျမတို့ မေးစရာရှိတယ်ပေါ့နော်။
နောက် မေးခွန်းတခုက ကျမတို့ဆီမှာ ရလာမယ့် ဒီလျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ဖို့၊ ဖြန့်ချိဖို့နဲ့ ပတ်သက်ပြီးမှ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေက အခုလက်ရှိမှာ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်။ ဒါတွေကိုရော ဘယ်လိုမျိုး စဉ်းစားထားတာရှိလဲဆိုတဲ့ မေးခွန်းပေါ့နော်။ ဒါကြောင့် ဒီမြစ်ဆုံဆည် စီမံကိန်းကို လျှပ်စစ်မီးရရေး၊ ရင်းနှီးမြှုပ်နှံမှုရရေး ဆိုတဲ့ အပေးအယူ တွက်ကိန်းသက်သက်တခုအနေနဲ့ ကျမတို့ စဉ်းစားလို့ မရဘူးပေါ့နော်။ လူ့အဖွဲ့အစည်းရဲ့ ရပ်တည်နိုင်မှု၊ ပြီးလို့ရှိရင် ဒီနိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကိစ္စဖြစ်တယ်ဆိုတာကို ကျမ ထောက်ပြချင်တယ်။ ဆိုတော့ ဒီ စီမံကိန်းတွေက တကယ်ပဲ ကျမတို့ပြည်သူလူထုတွေအတွက် ဖွံ့ဖြိုးတိုးတက်မှု ရှိမှာလား ဆိုတဲ့ ကဏ္ဍအပိုင်းတွေကိုတော့ ကိုကောင်းစံက ဆက်လက်ဆွေးနွေးပေးပါဦး။

ကိုကောင်းစံ
လူငယ်သုတေသီ
ISP-Myanmar
ကျနော်တို့ အခုဆွေးနွေးခဲ့ကြတဲ့ စီမံကိန်းကြီး သုံးခုစလုံးကို ပြန်ကြည့်မယ်ဆိုရင် တူညီတဲ့အခြေအနေတခုကို သတိပြုမိပါတယ်။ အဲဒါကတော့ ဒီစီမံကိန်းတွေက ပြည်သူလူထုအတွက် တကယ်အကျိုးရှိပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးရေးအဖြစ် ပြောင်းလဲနိုင်မယ့် အခြေအနေတွေ၊ ရေခံမြေခံတွေ ဒါတွေ ရှိမနေဘူးဆိုတဲ့ အချက်ပါ။ တကယ်တော့ ဒီဖွံ့ဖြိုးရေးကို ဖော်ဆောင်တဲ့အခါမှာ အရှေ့မှာ ကိုချမ်း ဆွေးနွေးခဲ့သလိုပဲ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ ဒီမျက်နှာစာ သုံးခုလုံး ဟန်ချက်ညီမှပဲ တကယ် ဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးရလဒ် ထွက်နိုင်မှာပေါ့နော်။ ဒါကြောင့် ဒီသုံးခုကို ဟန်ချက်ညီအောင် လုပ်နိုင်တဲ့ အစီအမံတွေ၊ ဂေဟစနစ်တွေ ရှိနေဖို့ လိုပါတယ်။ ဥပမာ ဒီနိုင်ငံရေးအရဆိုလို့ရှိရင် တည်ငြိမ်မှု ရှိဖို့ လိုသလို၊ ဥပဒေစိုးမိုးမှု ရှိရဲ့လား၊ နောက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အလုပ်ဖြစ်တဲ့ အင်စတီကျူးရှင်း (Institutions) တွေ ဒါတွေက ရှိနေပြီးသားလား။ ပြီးတော့ မူဝါဒတွေကရော သေချာမှု ရှိရဲ့လား၊ ဒါတွေကို ကြည့်ဖို့ လိုပါတယ်။ ပြီးတော့ စီးပွားရေးပိုင်းမှာ ဆိုလို့ရှိရင်လည်း ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် တကယ် ယုံကြည်စိတ်ချရတဲ့ စီးပွားရေး ပတ်ဝန်းကျင်အနေနဲ့ တကယ် မှန်မှန်ကန်ကန်နဲ့ လည်ပတ်နေနိုင်တဲ့ ဈေးကွက်ယန္တရားတွေပေါ့နော်၊ ဒါတွေရှိနေပြီလား ဆိုတာကိုလည်း ကြည့်ဖို့ လိုပါတယ်။
နောက်တခုကတော့ နောက်ဆုံးမျက်နှာစာဖြစ်တဲ့ လူမှုရေးမျက်နှာစာပေါ့နော်။ ဒီမှာဆိုလို့ရှိရင်လည်း စီမံကိန်းတွေကြောင့် ဒေသခံ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း၊ လူမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေကို အကာအကွယ်ပေးမယ့် ခိုင်မာတဲ့ အစီအမံတွေ ရှိနေပြီလားပေါ့နော်။ ဒါတွေ အတိုင်းအတာတခုထိ ရှိနေမှပဲ လူရော နတ်ပါ သာဓုခေါ်နိုင်မယ့် ဖွံ့ဖြိုးရေးကို ရရှိနိုင်မှာပေါ့နော်။
အခုလက်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ကြည့်မယ်ဆိုလို့ရှိရင် ဘဏ္ဍာရေးကလည်း ခိုင်မာမှု မရှိသေးသလို၊ လက်ရှိမှာလည်း မတည်ငြိမ်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ရှိနေတယ်။ နောက်ပြီး အခုလက်ရှိ တိုက်ပွဲတွေက ပိုပြင်းထန်လာပြီးတော့ ပြည်သူတွေ နေရပ်တိမ်းရှောင်နေရတယ်။ ရတနာပုံ ဆိုင်ဘာစီးတီးစီမံကိန်းမှာ ဆိုလို့ရှိရင်လည်း စီးပွားရေးနဲ့ နည်းပညာ အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့ လျှပ်စစ်မီး လိုအပ်ချက်မျိုး၊ ကျွမ်းကျင်လုပ်သား ရှားပါးတာနဲ့ နောက် မြေရာပြဿနာတွေပေါ့၊ ဒါတွေက အခုထိ ရှိနေပါတယ်။ နောက်ပြီး အခုလက်ရှိ အခြေအနေအရ ဆိုလို့ရှိရင်လည်း စီမံကိန်းရဲ့ ပတ်ဝန်းကျင်မှာ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် လူတွေ အလုံးအရင်းနဲ့ ဖယ်ရှားခံနေရတာလည်း ရှိတယ်ပေါ့နော်။ တခြားတစ်ဖက်မှာလည်း ဒီစီမံကိန်းက ကိုယ်ကျိုးစီးပွား ပါဝင်ပတ်သက်မှုတွေလည်း ရှိနေပါတယ်။
မြစ်ဆုံဆည် စီမံကိန်းမှာ ဆိုလို့ရှိရင်လည်း ဒေသခံတွေရဲ့ဆန္ဒ၊ လူထုဆန္ဒနဲ့ ကင်းကွာနေပြီးတော့ အခြေခံ အဆောက်အအုံပိုင်းမှာ ဆိုလို့ရှိရင်လည်း အခုချိန်ထိ လိုအပ်ချက်တွေ ရှိနေသေးတယ်ပေါ့နော်။ အဲဒီတော့ အကန့်အသတ်တွေ အများကြီး ရှိနေသေးပါတယ်။ နောက်တချက်ကတော့ ဒီဧရာဝတီမြစ်ဆိုတာ ကျနော်တို့ နိုင်ငံတစ်လျှောက် စီးဆင်းနေပြီးတော့ ကျနော်တို့ လူ့အဖွဲ့အစည်းတခုလုံးအတွက် ရေရှည်ရပ်တည်ရေးအတွက်ရော လူသားလုံခြုံရေးအတွက်ပါ စိုးရိမ်စရာအနေအထား ဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့အချက်ကတော့ ဒီစီမံကိန်းတွေ ပြီးသွားပြီဆိုရင်တောင်မှ အခြေအနေတွေက မပြောင်းလဲနိုင်ဘူးဆိုတဲ့ အချက်ပေါ့နော်။ ခုနက ကျနော်တို့ ဆွေးနွေးခဲ့သလိုပဲ ဒီရေခံမြေခံ၊ ဂေဟစနစ်တွေ ကောင်းကောင်း မရှိဘဲနဲ့ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်တယ်ဆိုလို့ရှိရင် စီမံကိန်းတွေသာ ပြီးရင် ပြီးသွားမယ်၊ ဖွံ့ဖြိုးရေးရလဒ် မထွက်လာဘဲ စီမံကိန်းက သက်သက်၊ လူထုက သက်သက် ဒီလို အခြေအနေမျိုးလည်း စိုက်သွားနိုင်တယ်ပေါ့နော်။
အခု ကျနော်တို့ ဆွေးနွေးခဲ့တဲ့တာတွေအားလုံးကတော့ စီမံကိန်းကြီးတွေနဲ့ ဖွံ့ဖြိုးရေး အိမ်မက်အတွက် မေးခွန်းတွေကို ကျနော်တို့ ဆန်းစစ်ခဲ့ကြတာ၊ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီစီမံကိန်းကြီးတွေအထဲကမှ ထားဝယ်၊ ရတနာပုံ၊ မြစ်ဆုံ၊ သုံးခုကို ကျွန်တော်တို့ ထုတ်နုတ်ဆွေးနွေးခဲ့တယ်။ အဲဒီတော့ ဒီစီမံကိန်းသုံးခုမှာတောင် ဒီလိုမျိုး မေးစရာ မေးခွန်းတွေ များနေလို့ရှိရင် ကျနော်တို့ တနိုင်ငံလုံးမှာ ရှိတဲ့ စီမံကိန်းတွေဆိုလို့ရှိရင် ဆန်းစစ်စရာ မေးခွန်းတွေ အများကြီး ရှိနေဦးမှာပါ။ အဲဒီတော့ ကျနော်တို့ရဲ့ အခု ပထမပိုင်း ဆွေးနွေးမှုကိုတော့ ဒီမှာ ခဏနားချင်ပါတယ်ဗျ။ အခု ဒီပွဲကို တက်ရောက်လာကြတဲ့ ပရိသတ်တွေထဲကလည်း မှတ်ချက်နဲ့ သိချင်တဲ့ မေးခွန်းတွေကို ကျနော်တို့ ဆွေးနွေးဖို့အတွက် မေးဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။

လင်းထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကျနော်တို့ အမေးအဖြေကဏ္ဍကို ဆက်ပြီး သွားချင်ပါတယ်။ အရင်ဆုံး အခု တက်ရောက်လာတဲ့သူတွေဆီကနေပြီးတော့ မေးခွန်းဖြစ်စေ၊ မှတ်ချက်ဖြစ်စေ တခုကို ကျနော်တို့ စပြီးတော့ ဖိတ်ခေါ်ချင်ပါတယ်။ လိုရင်းတိုရှင်း ဆွေးနွေးပေးဖို့လည်း ကျနော်တို့ အကြံပေးချင်ပါတယ်ခင်ဗျ။ ဆိုတော့ Raise Hand Button လေးကို သုံးပြီးတော့ မေးခွန်းမေးမြန်းတာ၊ ဆွေးနွေးတာ ပြုလုပ်လို့ရပါတယ်။ အခု ကျနော် စပြီးတော့ ဖိတ်ခေါ် ပါ့မယ်ခင်ဗျ။ လက်ထောင်ထားတဲ့သူများ ရှိပါသလားခင်ဗျာ။ မေးခွန်းမေးတာ၊ ဆွေးနွေးတာ ပြုလုပ်နိုင် ပါတယ်ခင်ဗျ။
ဟုတ်ကဲ့၊ ကျနော်တို့ Chat ထဲမှာ ပေးပို့ထားတဲ့ မေးခွန်းတခုတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ အကောင့်ပိုင်ရှင် ‘စုစုဝေ’ ဆိုတဲ့ တဦး မေးမြန်းထားတဲ့ မေးခွန်းကို ကျနော် ဖတ်ပြလိုက်ပါမယ်။
ထားဝယ်၊ ရတနာပုံ၊ မြစ်ဆုံတို့ရဲ့ သင်ခန်းစာတွေကို ပြန်ကြည့်တဲ့အခါ conflict-affected (ပဋိပက္ခဒဏ်ခံနေရတဲ့) မြန်မာမှာ ဖွံ့ဖြိုးရေး စီမံကိန်းတခု အောင်မြင်တယ်လို့ ခေါ်နိုင်ဖို့ ဘယ်လိုစံနှုန်းသစ်တွေကို သတ် မှတ်သင့်တယ်လို့ ထင်ပါသလဲ ဆိုတဲ့ မေးခွန်းကို မေးမြန်းထားတာ ရှိပါတယ်။ ဆိုတော့ ဦးဆောင်ဆွေးနွေးသူတွေက ဖြည့်စွက်ပေးပါဦးခင်ဗျ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်၊ ကျေးဇူးပါ။ ဆိုတော့ ကျနော် ခုနက ပြောသလိုမျိုးပဲ ကျနော်တို့ ဖွံ့ဖြိုးရေးလို့ ပြောတဲ့အခါမှာ မြေနေရာ ပေးလိုက်မယ်၊ နောက်တခုကကျတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်လိုက်မယ်၊ အဲဒီကတဆင့် ကျနော်တို့ တည်ဆောက်ရေးတွေ စမယ်၊ အဲဒီလို လုပ်လိုက်ရုံနဲ့ ကျနော်တို့က ဖွံ့ဖြိုးရေး ဒုံးကနဲဖြစ်လာတာ မဟုတ်ဘူးပေါ့။ လက်ရှိ ကျနော်တို့ ဆန်းစစ်ကြည့်သလောက်ကတော့ ဘယ်လိုဖြစ်နေလဲဆိုရင် ကျနော်တို့ နိုင်ငံရဲ့ဓလေ့ပဲ ပြောရမလား၊ တခုခုဆို ဖွံ့ဖြိုးရေးတို့၊ စီမံကိန်းတို့ စဉ်းစားတဲ့အခါမှာ ရေရှည်ကြည့်တာထက် ကျနော်တို့က လက်ပူတိုက်သလို ပုံစံမျိုး ဖြစ်နေတယ်ပေါ့လေ။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျနော်တို့က ဒီဟာကို ရေရှည်အတွက် စဉ်းစားပြီး လုပ်ဖို့ လိုတယ်။ အဲဒီထဲမှာမှ တကယ့်အရေးကြီးတာက ခုနက ကျနော် ပြောသလို မျက်နှာစာ သုံးဘက် ရှိတယ်။ ဆိုတော့ နိုင်ငံရေးမျက်နှာစာမှာလည်း ဘယ်လိုမျိုး ပြေလည်အောင် လုပ်ကြမလဲ၊ စီးပွားရေးမျက်နှာစာမှာလည်း ဘယ်လိုမျိုး ပွင့်လင်းတဲ့ စီးပွားရေးဈေးကွက် တည်ငြိမ်တဲ့ စီးပွားရေးဈေးကွက် တည်ဆောက်ထားမလဲ၊ နောက် လူမှုရေးမျက်နှာစာမှာလည်း ကျနော်တို့ ဘယ်လိုမျိုး သဟဇာတဖြစ်တဲ့၊ ညီတူမျှတတဲ့ လူမှုအသိုင်းအဝိုင်း ဖန်တီးဖို့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို စည်းနှောင်ကြမလဲ။ ဒီလိုကိစ္စတွေ တည်ဆောက်ခြင်းကတဆင့် ကျနော်တို့ ရေရှည်မျှော်တွေးတဲ့ စိတ်ကူး စိတ်သန်းတွေနဲ့ လုပ်ဖို့ လိုတယ်။ အဲဒီလိုမှသာ ကျနော်တို့က ပြည်သူ့အတွက်၊ ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဖြစ်လာမယ်လို့ပဲ ကျနော်တို့အနေနဲ့တော့ ဖြေချင်ပါတယ်။

လင်းထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ ကိုချမ်းကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ အခု နောက်ထပ် Raise Hand Button ကို သုံးပြီးတော့ ဆွေးနွေး မေးမြန်းချင်သူများ ရှိပါသလားခင်ဗျာ။ လက်ထောင်ပြီး ဆွေးနွေးပေးလို့ ရပါတယ်ခင်ဗျ။ ဟုတ်ကဲ့၊ အဲဒါဆိုရင်တော့ ကျနော်တို့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ပေးပို့ထားတဲ့ မေးခွန်းတွေထဲက တခုကို ကျနော် အရင်ဆုံး ဖတ်ပြလိုက်ပါ့မယ်ခင်ဗျ။ ပထမဆုံး မေးခွန်းကတော့-
ကျနော်တို့ဆီကလို ပြိုလဲနေတဲ့ စီးပွားရေးမျိုးမှာ ရင်းနှီးမြှုပ်နှံမှု လုံးဝမရှိတာနဲ့စာရင် အနည်းငယ်ရှိတာ ပိုမကောင်းဘူးလား၊ အားနည်းချက်ရှိတဲ့ စီမံကိန်းတခုဖြစ်နေရင်တောင် ငွေတွေ ဝင်လာတယ်၊ အလုပ်အကိုင်တချို့ ဖန်တီးပေးနိုင်တယ်၊ အခြေခံအဆောက်အုံတချ်ို့ တည်ဆောက်ပေးနိုင်တယ်။ ရပ်တန့်နေတာထက်စာရင် ပိုမကောင်းဘူးလား။
ဒီမေးခွန်းကို ဆွေးနွေးပေးပါဦးခင်ဗျ။

မေရီ
လူငယ်သုတေသီ
ISP-Myanmar
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျမ ဖြေလိုက်ပါမယ်။ ဆိုတော့ ရင်းနှီးမြှုပ်နှံမှု ရှိတာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာထက်ပေါ့နော်။ ကျမတို့ ဒီနေရာမှာ ဆိုလိုချင်တာက ဒီစီမံကိန်းကြီးတွေက ကျမတို့ နိုင်ငံတော်အတွက်၊ ပြည်သူတွေအတွက် တကယ်ရော အကျိုးရှိမှာလား ဆိုတဲ့ မေးခွန်းအပေါ်မှာ ကျမတို့ မေးချင်တာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ စစ်ပွဲပဋိပက္ခတွေ ရှိနေတဲ့နေရာမှာ ကျမတို့ နိုင်ငံရေးမျက်နှာစာကနေ ဒီစီမံကိန်းကြီးတွေကို စည်းနှောင်နိုင်မယ့် ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေမူဘောင်တွေက ကောင်းကောင်း အလုပ်လုပ်မနေဘူးပေါ့နော်။ ဆိုတော့ ဒီလိုအခြေအနေမှာ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကရော ကျမတို့ ယုံကြည်လို့ ရရဲ့လားပေါ့လေ။ ပြီးလို့ရှိရင် ဒီပဋိပက္ခတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်လာခဲ့ရင်ရော ဘယ်သူတွေက တာဝန်ယူပြီးမှ ဖြေရှင်းပေးမှာလဲ ဆိုတာမျိုးပေါ့နော်။ ပြီးရင် ကျမတို့ ဒီစီမံကိန်းကြီးကနေ ရလာတဲ့ အကျိုးအမြတ်တွေကရော ဘယ်လိုမျိုး ခွဲဝေမှုရှိမှာလဲဆိုတဲ့ ကဏ္ဍတွေကို ကျမတို့ စဉ်းစားရမယ်ပေါ့နော်။ နောက် ပြည်သူတွေအတွက်ရော မျှတမှု ရှိရဲ့လားဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းတွေကို ကျမတို့ စဉ်းစားဖို့ လိုပါမယ်။ ဆိုတော့ ပြည်သူအတွက်ရော၊ နိုင်ငံတော်အတွက်ရော အကျိုးမရှိဘူး၊ အထောက်အပံ့မရှိဘူးဆိုရင် ဒီစီမံကိန်းကြီးတွေက မရှိတာက ပိုကောင်းတယ်လို့ ကျမအနေနဲ့ ပြည်သူတယောက်အနေနဲ့ပေါ့နော် ပြောချင်ပါတယ်။ ဟုတ်၊ ကျေးဇူးပါ။

လင်းထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ မမေရီကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ နောက်ထပ် မေးခွန်းတခုကတော့ ကျနော်တို့ Chat ထဲမှာ ‘ခင်’ ဆိုတဲ့ အကောင့်ပိုင်ရှင် ပေးပို့ထားတဲ့ မေးခွန်းတခု ရှိပါတယ်။ အဲဒါကို ကျနော် ဖတ်ပြပေးပါမယ်ခင်ဗျ။
စစ်ပွဲ သို့မဟုတ် ပြည်နယ်များ စုဖွဲ့မှု အသစ်ကာလ ရောက်လာတဲ့အခါမှာ၊ ကချင်(မြစ်ဆုံ) သို့မဟုတ် တနင်္သာရီ (ထားဝယ်) ကဲ့သို့ ပရောဂျက်တွေကို ဒေသခံ ပြည်နယ်အာဏာပိုင်တွေက ဘယ်လိုပြင်ဆင် စာချုပ်ကြမလဲ။
အဲဒီမေးခွန်းကို ဆွေးနွေးပေးပါဦးခင်ဗျ။

ကိုကောင်းစံ
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်၊ ဒီမေးခွန်းကို ကျနော် ဆွေးနွေးလိုက်ပါမယ်။ ကျနော် မြင်တာတော့ အခုလက်ရှိ အနေအထားအရ ဆိုလို့ရှိရင် ကျနော်တို့ မြင်သလောက် ဒီပြည်နယ်/တိုင်းအသီးသီးမှာ သူတို့ unit တည်ဆောက်တာတွေ လုပ်နေတယ်ပေါ့နော်။ အဲဒီတော့ ကျနော် အဓိကမြင်တာကတော့ ကျနော်တို့ လက်ရှိလုပ်နေတဲ့ ဖက်ဒရယ်မူတွေ၊ ဒါတွေကို အခြေခံပြီး ကျနော်တို့ စဉ်းစားဖို့ လိုမယ်လို့ထင်တယ်။ နောက်တခုကကျတော့ သက်ဆိုင်ရာဒေသအလိုက် လုပ်မယ်ဆိုလို့ရှိရင် ဒေသရဲ့ လိုအပ်ချက်နဲ့ပေါ့နော်၊ ဒီအပေါ် အခြေခံပြီး စဉ်းစားပြီးတော့မှ ကျနော်တို့ ခုနက ပြောတဲ့ အားလုံး ပါဝင်ပတ်သက်တဲ့ ဖက်ဒရယ်မူတွေပေါ့၊ ဒီအပေါ် အခြေခံပြီးတော့မှပဲ ချဉ်းကပ်သင့်တယ်၊ ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ အခုအချိန်မှာ အတိအကျပြောဖို့ကတော့ ကျနော်တို့ ခဲယဉ်းဦးမယ်လို့ ထင်တယ်ပေါ့နော်။ အခုလက်ရှိက တည်ဆောက်ဆဲ ကာလဆိုတော့…။ ဟုတ်၊ အဲဒါပါပဲ။

လင်းထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ ကိုကောင်းစံကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ မေးခွန်းအပြင် မှတ်ချက်တွေလည်း ဝင်ရောက်ဆွေးနွေးပေးနိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်ခင်ဗျ။ မှတ်ချက်ပြုဆွေးနွေးလိုတဲ့သူများ ရှိရင်လည်း Raise Hand Button ကို နှိပ်ပြီး ဆွေးနွေးလို့ ရပါတယ်။ ဆွေးနွေးချင်တဲ့သူများ ရှိပါသလားခင်ဗျာ။ ဟုတ်ကဲ့၊ အဲဒါဆိုရင်တော့ နောက်ထပ်မေးခွန်းတခုကို ကျနော်တို့ ထပ်သွားလိုက်ပါမယ်ခင်ဗျ။ နောက်ထပ် မေးခွန်းတခုကတော့-
စီမံကိန်းတွေသာ ပြောနေပေမဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကရော ပြန်ဖွင့်နိုင်ပြီလား။
ဒီမေးခွန်းကိုရော ဆွေးနွေးပေးပါဦးခင်ဗျ။

ကိုကောင်းစံ
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်၊ ဒီမေးခွန်းကိုလည်း ကျနော် ဖြေလိုက်ပါမယ်။ အဲဒီတော့ စီမံကိန်းတွေ လုပ်နေပေမဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်ပြီလားဆိုတော့ ကုန်သွယ်ရေး လမ်းကြောင်းတွေက အခုထိ ပိတ်နေတုန်းပဲပေါ့နော်။ ကျနော်တို့ တရုတ်နယ်စပ်ကို ကြည့်မယ်ဆိုလို့ရှိရင် လက်ရှိမှာ EAO တွေ ထိန်းထားတဲ့ ဒေသတွေနဲ့ အခုလက်ရှိဒေသတွင်း ကုန်သွယ်ရေးတော့ သူတို့ လုပ်နိုင်ပေမဲ့၊ ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်တော့ ကုန်စည်စီးဆင်းမှုတွေက မရှိသေးဘူး။ အခုချိန်ထိ ပိတ်ဆို့ခံရတာနဲ့ အတားအဆီးတွေက ရှိနေတယ်ပေါ့နော်။ နောက် အိန္ဒိယနယ်စပ်ဘက်ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း အခုချိန်ထိ ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေက ရပ်ဆိုင်းနေတုန်းပါပဲ။ နောက် ထိုင်းနယ်စပ်ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း သူတို့ ပြီးခဲ့တဲ့ ကာလအတွင်းမှာ အမှတ် (၁) အာရှလမ်းမကြီးကို ပြန်ဖွင့်လိုက်ပေမဲ့ ဒီမူဝါဒပိုင်းဆိုင်ရာ အတားအဆီး အခက်အခဲတွေကြောင့် အခုချိန်ထိ ကုန်သွယ်ရေးက ပုံမှန်ပြန်မလည်ပတ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ပြီးတော့ ကျနော်တို့ အခုဆွေးနွေးခဲ့တဲ့ ဒီထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်နေတဲ့ ထားဝယ်-ထီးခီး လမ်းပိုင်းပေါ့နော်၊ ဒီကုန်သွယ်ရေးလမ်းပိုင်းမှာဆိုလို့ရှိရင်လည်း လက်ရှိမှာ KNU/KNLA နဲ့ ပူးပေါင်းတပ်တွေက လမ်းပိုင်းရဲ့အတော်များများကို ထိန်းချုပ်ထားတယ်ပေါ့နော်။ အဲဒီတော့ ကုန်သွယ်ရေးကလည်း ရပ်ဆိုင်းနေတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။
အဲဒီတော့ တနိုင်ငံလုံးကို ပြန်ပြီး ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင် တိုက်ပွဲတွေရယ်၊ နောက် မူဝါဒပိုင်းဆိုင်ရာ အတားအဆီးတွေကြောင့် အခုချိန်ထိ ကုန်စည်စီးဆင်းမှုတွေက ပိတ်ဆို့နေတုန်းပဲလို့ ပြောလို့ရတယ်ပေါ့နော်။ အဲဒီတော့ ဒီအခြေအနေတွေကနေ ဘယ်အချိန် ပုံမှန်ပြန်ဖြစ်နိုင်မလဲဆိုတာကလည်း ခန့်မှန်းလို့ မရနိုင်တဲ့ အနေအထားမျိုးပါ။

လင်းထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ ဆွေးနွေးပေးသွားတဲ့ ကိုကောင်းစံကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အစီအစဉ် အချိန်ကန့်သတ်ချက်ကြောင့် အမေးအဖြေကဏ္ဍကို ကျနော်တို့ ဒီလောက်နဲ့ပဲ ရပ်နားပါ့မယ်ခင်ဗျ။ ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ နိဂုံးချုပ်ဆွေးနွေးချက်ကို ကိုချမ်းက ဆွေးနွေးပေးပါဦးခင်ဗျ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ကျနော်တို့ နိဂုံးချုပ် ပြန်ပြောရမယ်ဆိုရင် ဦးမင်းအောင်လှိုင်အစိုးရက ရပ်တန့်ထားတဲ့ စီမံကိန်းကြီးတွေကို ပြန်ပြီးတော့မှ အသက်သွင်းဖို့ လုပ်နေတယ်၊ ကြိုးစားနေတယ်။ ဒါတွေကို ကျနော်တို့ ဖွံ့ဖြိုးရေးရလဒ်အဖြစ် ပုံဖော်နေတယ်ပေါ့လေ။ ဒါပေမဲ့လည်း ကျနော်တို့ ဆွေးနွေးခဲ့သလိုပါပဲ၊ ဖွံ့ဖြိုးရေးလို့ ပြောတဲ့အခါ မှာ မျက်နှာစာ သုံးဘက် ဟန်ချက်ညီဖို့ လိုတယ်။ ပထမမျက်နှာစာက လက်ရှိမှာ နိုင်ငံရေးမျက်နှာစာကို ကြည့်မယ်ဆိုရင် အဘက်ဘက်က ချည့်နဲ့နေတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့ရဲ့ နိုင်ငံက တည်ငြိမ်မှု မရှိသလိုပဲ အင်စတီကျုးရှင်း (Institutions) စနစ်တွေရဲ့ ချည်နောင်အားကလည်း အကန့်အသတ် ဖြစ်နေတယ်ပေါ့လေ။ စီးပွားရေးမျက်နှာစာကို ကြည့်မယ်ဆိုလည်း ကျနော်တို့က တည်ငြိမ်တဲ့ ဈေးကွက်စီးပွား ရေးအခင်းအကျင်း ရှိမနေဘူး။ နောက်တခုကကျတော့ ဒီစီးပွားရေးကို အထောက်အပံ့ပြုမယ့် အခြေခံ ရေခံမြေခံတွေလည်း အားနည်းနေတာကို တွေ့ရတယ်။ တခြား ကျနော်တို့ လူမှုရေးမျက်နှာစာကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ လူမှုအသိုင်းအဝိုင်းက ထိလွယ်ရှလွယ် ဖြစ်နေတဲ့ အခြေအနေ၊ အကာအကွယ် အားနည်းနေတဲ့ အခြေအနေ ဖြစ်နေတယ်ပေါ့လေ။ တရားမျှတမှုကို မဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်။ ဒီလိုမျိုး ယိုင်နေတဲ့ အခြေအနေမှာ ကျနော်တို့ ဒီစီမံကိန်းကြီးတွေကို အတင်းအသက် ပြန်သွင်းမယ်ဆိုရင် ကျနော်တို့ မျှော်မှန်းထားတဲ့ အကျိုးကျေးဇူးတွေ ရဖို့တော့ ခက်လိမ့်မယ်ပေါ့လေ။ အဲ့လိုမျိုး အခြေအနေမှာ ဖွံ့ဖြိုးရေးတွေက ဘယ်လိုဖြစ်သွားလဲဆိုတော့ စီမံကိန်းကြီးတွေက သက်သက်၊ လူထုက သက်သက် ပုံစံမျိုး ဖြစ်သွားနိုင်တယ်ပေါ့။ ဒါကြောင့်မို့လို့ ပြည်သူ့အတွက် အကျိုးမရှိရင် ရေရှည်တည်တံ့ဖို့ ခက်ပါလိမ့်မယ်လို့ ပြောရင်းနဲ့ ကျနော်တို့ ဒီနေ့ ဆွေးနွေးပွဲကို နိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။

လင်းထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ နိဂုံးချုပ် ဆွေးနွေးပေးသွားတဲ့ ကိုချမ်းကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဒီနေ့ တင်ပြခဲ့တဲ့ အချက်အလက်တွေအပြင် အခြားသော သုတေသနတွေ့ရှိချက်များကိုလည်း ကျနော်တို့ရဲ့ Website ဖြစ်တဲ့ www.ispmyanmar.com နဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ အခမဲ့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်ခင်ဗျ။ ဒီနေ့ တက်ရောက်ခဲ့တဲ့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောရင်း ကျနော်တို့ရဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်ခင်ဗျ။
▪️နောက်ဆက်တွဲမေးခွန်းနှင့် ဖြေဆိုချက်
ဒီလိုစီမံကိန်းတွေကို သူနဲ့သံခင်းတမန်ခင်း အဆင်ပြေတဲ့သူတွေကိုပဲ ပေးနေတယ်လို့မြင်မိတယ်။ အဲဒီတော့ ဒါက စီမံကိန်းထက်ပိုတဲ့ အရာတွေရှိနိုင်မလား ဒါက နိုင်ငံအကျိုးစီးပွားထက် ကိုယ်ရေးကိုယ်တာကို ဦးတည်နေမလား။
အဓိက အချက် နှစ်ချက်ရှိတယ်လို့ မြင်ပါတယ်။ ပထမတခုက ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့သလိုပဲ အာဏာသိမ်းမှုအလွန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက တဟုန်ထိုး ကျဆင်းသွားတယ်။ ဒါကြောင့် လက်ရှိ သံခင်းတမန်ခင်းအရ အဆင်ပြေတဲ့နိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့ ကြိုးစားတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ အာဏာရှင်စနစ်နဲ့ပတ်သက်တဲ့စာတမ်းတွေမှာတော့ ရွေးကောက်ပွဲကနေ တရားဝင်မှု (legitimacy) မရနိုင်တဲ့ အစိုးရတွေဟာ ‘စွမ်းဆောင်ရည်အရ တရားဝင်မှု’ (performance legitimacy) ကို ဖန်တီးဖို့ စီမံကိန်းကြီးတွေ၊ အခြေခံအဆောက်အအုံတွေကို လက်တွေ့ရလဒ်နဲ့ ခမ်းနားတဲ့ သင်္ကေတအဖြစ် အသုံးချလေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီစီမံကိန်းကြီးတွေကို မိမိနဲ့ နီးစပ်တဲ့ခရိုနီ၊ လုပ်ဖော်ကိုင်ဖက်တွေဆီ လုပ်ခွင့်ချပေးပြီး သူတို့ရဲ့ သစ္စာခံမှုကို ယူလေ့ရှိတယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကြီးတွေဟာ ‘စီမံကိန်းသက်သက်ထက် ပိုတဲ့အရာ’ ဖြစ်နိုင်တယ်လို့ ဆိုရမလားပါပဲ။
