မြန်မာ့မြေရှားတူးဖော်မှု – ဗျူဟာမြောက်သတ္တုနောက်ကွယ်မှ ကပ်ဘေးသင့်ပြည်သူများ

‘စိမ်းလန်းစွမ်းအင်’ကဏ္ဍ အကူးအပြောင်းဖြစ်စဉ်မှာ အရေးကြီးတဲ့ ဓာတ်သတ္တုတချို့ရှိနေပြီး မြန်မာနိုင်ငံဟာလည်း အဲဒီ အရေးကြီးဓာတ်သတ္တုတွေအတွက် (ကမ္ဘာလုံးဆိုင်ရာ ထုတ် လုပ်ရေးလမ်းကြောင်းမှာ) ဗဟိုချက်မကျတဲ့ အခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ တနည်းဖော်ပြရရင်တော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် နိုင်ငံအများက လုံးပမ်းနေကြတဲ့နေရာမှာ အဆင့်မြင့်သံလိုက်တွေက အရေးကြီးပြီး ဒီလိုလျှပ်ကူးပစ္စည်းနဲ့ သံလိုက်တွေအတွက် မြေရှားသတ္တုက မရှိမဖြစ်လိုအပ်ပါတယ်။
By ISP Admin | April 21, 2025

‘ISP နှင့်အတူ မိနစ် ၃၀’ (30 Minutes with the ISP) အစီအစဉ် အမှတ်-၈ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြခြင်းဖြစ်ပါသည်။




▪️အယူအဆမှတ်စု

‘စိမ်းလန်းစွမ်းအင်’ကဏ္ဍ အကူးအပြောင်းဖြစ်စဉ်မှာ အရေးကြီးတဲ့ ဓာတ်သတ္တုတချို့ရှိနေပြီး မြန်မာနိုင်ငံဟာလည်း အဲဒီ အရေးကြီးဓာတ်သတ္တုတွေအတွက် (ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးလမ်းကြောင်းမှာ) ဗဟိုချက်မကျတဲ့ အခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ တနည်းဖော်ပြရရင်တော့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် နိုင်ငံအများက လုံးပမ်းနေကြတဲ့နေရာမှာ အဆင့်မြင့်သံလိုက်တွေက အရေးကြီးပြီး ဒီလိုလျှပ်ကူးပစ္စည်းနဲ့ သံလိုက်တွေအတွက် မြေရှားသတ္တုက မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီမြေရှားသတ္တုတွေကို စစ်မက်ပဋိပက္ခဖြစ်ပွားနေရာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုနဲ့ ထုတ်လုပ်နေကြပါတယ်။ ကမ္ဘာတဝန်း မြေရှားသတ္တုထုတ်လုပ်မှုရဲ့ ၉ဝ ရာခိုင်နှုန်းနီးပါးကို တရုတ်နိုင်ငံက ထိန်းချုပ်၊ ထုတ်လုပ်၊ သန့်စင်၊ သိုလှောင်ထားတာဖြစ်ပြီး တူးဖော်မှုအများစုကို မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ နှစ်အတန်ကြာကတည်းက ဆောင်ရွက်နေကြတာပါ။ တဖက်မှာလည်း စနစ်မဲ့၊ အထိန်းအကွပ်မဲ့ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံ ရပ်ရွာလူထုအသိုက်အဝန်းအပေါ် ထိခိုက်နစ်နာမှုတွေ ပိုများလာပါတယ်။ ဒေသခံတွေရဲ့ မြေရေလေထုတွေဟာ ဓာတုပစ္စည်းတွေကြောင့် လောင်ကျွမ်းစေပြီး သူတို့ဘဝအသက်မွေးဝမ်းကျောင်းမှုတွေအတွက် ခက်ခဲစေပါတယ်။ မြစ်ချောင်းတွေဟာလည်း အဆိပ်သင့်နေရပါပြီ။

ISP-Myanmar ရဲ့ သုတေသနပြုလေ့လာချက်တွေအရ ကချင်ပြည်နယ် ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေမှာ မြေရှားအဓိကတူးဖော်နေတဲ့ လုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်းနဲ့ သတ္တုပျော်ရည်ကန် ၂,၇၀၀ ထက်မနည်း ရှိလာတာကို တွေ့ရပါတယ်။ အဲဒီအထဲက လုပ်ကွက်ပေါင်း ၂၄၀ ကျော် (၆၆ ရာခိုင်နှုန်း)ဟာ စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်းမှာ အသစ်တိုးချဲ့လာတာပါ။ ဒီလုပ်ကွက်တွေရဲ့ ကျယ်ပြောမှုဟာ စင်ကာပူနိုင်ငံထက်ကို ကြီးပါတယ်။ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားသတ္တုတန်ချိန် ၂၉၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အဲဒီထဲက တန်ချိန် ၁၇ဝ,ဝဝဝ ကျော်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တင်ပို့ခဲ့တဲ့ပမာဏ ဖြစ်ပါတယ်။

ဒါတွေကို သုတေသနပြုလေ့လာနေချိန်မှာပဲ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှာ လူသေဆုံးမှုနဲ့ ဖျက်ဆီးမှုကြီးမားလှတဲ့ မန္တလေး-စစ်ကိုင်းငလျင်ကြီး လှုပ်ခဲ့ပါတယ်။ ဒီငလျင်အပြီးမှာ အတိဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ကူညီပေးဖို့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေ၊ အကူအညီတွေ အလုံးအရင်းနဲ့ အစောဆုံး ရောက်ရှိလာခဲ့ပါတယ်။ ကပ်ဘေးဒုက္ခကြီး ကြုံခဲ့ရတဲ့ မြန်မာပြည်သူတွေအဖို့ အထူးကျေးဇူးတင်ရှိဖွယ်ရာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပြည်သူတွေကလည်း အားသွန်ခွန်စိုက် ကူညီခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက နည်းပညာမြင့်မားသလို စုဖွဲ့မှုစနစ်လည်း ကျနကောင်းမွန်လှပါတယ်။ မြန်မာတွေရဲ့ယုံကြည်ရာ ‘သင်္ဂဟတရားလေးပါး’ မှာ ပါဝင်တဲ့ ဒါန–ဝတ္ထုပစ္စည်း ပေးကမ်းထောက်ပံ့ချီးမြှင့်ခြင်း၊ သမာနတ္တတာ–ကိုယ်နှင့်ထပ်တူပြုမူဆက်ဆံခြင်းဖြင့် ချီးမြှင့်ခြင်းတို့နဲ့လည်း ပြည့်စုံပါတယ်။ နိုင်ငံတခုအနေနဲ့စဉ်းစားဖော်ပြရရင် တရုတ်နိုင်ငံနဲ့ သူ့ပြည်သူတွေဟာ ‘မြေငလျင်သံခင်းတမန်ခင်း’ (earthquake diplomacy) ကို ထူးချွန်ပြောင်မြောက်စွာ ခြွင်းချက်မထား ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ မြန်မာပြည်သူလူထုတွေရဲ့ ယုံကြည်လေးစားမှု၊ အားကိုးအားထားပြုမှုတွေကိုလည်း ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်းမှုအလွန် မြန်မာ့အရေး တရုတ်အစိုးရရဲ့ကိုင်တွယ်ပုံ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံပြန်လွှဲရေး တရုတ်အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ အများပြည်သူအကြား အချေအတင် ငြင်းခုံဆွေးနွေးစရာတွေ ဖြစ်ခဲ့ပါတယ်။

အခြားတဖက်က ပဋိပက္ခစီးပွားရေးကဏ္ဍရဲ့ နောက်ကွယ်ကိစ္စတွေကလည်း ဆွေးနွေးစရာပါပဲ။ ဥပမာ လူထုအများ မျက်ကွယ်မှာဖြစ်နေတဲ့ မြေရှားသတ္တုတူးဖော်မှုတွေမှာ တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ မြေငလျင်ကြီးနောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးတွေမှာ တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကွဲပြားခြားနားမှုတွေကို မြင်ကြရပါတယ်။ တန်ဖိုးကြီးလှတဲ့ သတ္တုတူးဖော်မှုတွေရဲ့ အကျိုးစီးပွားကို ဒေသခံပြည်သူတွေ ခွဲဝေမခံစားကြရပါဘူး။ ဒေသတွင်းလက်နက်ကိုင်တွေရဲ့ ဖိနှိပ်မှု၊ ဓားမိုးအုပ်ချုပ်မှုတွေလည်း ကြုံတွေ့နေကြရပါတယ်။ ဒေသခံလူထုတွေအနေနဲ့ အကျပ်အတည်းဒုက္ခကို ပိုလို့ကြုံတွေ့ကြရပါတယ်။ အိုးအိမ်ပြောင်းရွှေ့ ထွက်ခွာပေးကြရပါတယ်။ စိုက်ပျိုးပင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတာကြောင့် အသက်မွေးဝမ်းကျောင်းမှုတွေလည်း ပျက်စီးကြရပါတယ်။ ကျန်းမာရေးဆိုင်ရာပြဿနာတွေကိုလည်း ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ‘သင်္ဂဟတရား’နဲ့အညီ ကူညီခဲ့သလို အခုလို သတ္တုတူးဖော်ရေးကဏ္ဍမှာ အဆင့်မြင့်မားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ကျင့်ကြံကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် နှစ်ဖက်အကျိုး မျှတစေပါလိမ့်မယ်။

ဒီတပတ် ‘ISP နဲ့အတူ မိနစ် ၃ဝ’ အစီအစဉ်မှာတော့ တရုတ်နိုင်ငံနဲ့ မြန်မာ့မြေရှားတူးဖော်မှုအကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ မြေရှားတူးဖော်မှုတွေကြောင့် မျက်ကွယ်အခြေအနေတွေမှာ ဒေသခံတွေ ဘယ်လိုဒုက္ခကြုံနေရတယ်၊ ဒေသခံတွေ ဘာလိုချင်ကြသလဲဆိုတာတွေကို သုတေသနရှုထောင့်အမြင်ကနေ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။




မြန်မာ့မြေရှားတူးဖော်မှု

ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ




‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားများအားလုံး မင်္ဂလာပါရှင်။ ကျမကတော့ စုလင်းဟန်ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနေ့ကတော့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ရှစ်ကြိမ်မြောက်အစီအစဉ်ပဲ ဖြစ်ပါတယ်ရှင်။ ဒီနေ့ဆွေးနွေးပွဲကို‌တော့ ‘မြန်မာ့မြေရှားတူးဖော်မှု – ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြမယ့် panelist တွေကတော့ ISP-Myanmar ရဲ့ China Studies Program က မနန်းလွင်နဲ့ ကိုကောင်းစံတို့ပဲ ဖြစ်ပါတယ်ရှင်။​ Panelist တွေရဲ့ ဆွေးနွေးမှုအပြီးမှာ ကျမတို့ရဲ့ ဒီနေ့ပွဲစဥ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ မေးခွန်းနဲ့ မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။ Live ဒါမှမဟုတ် chat box နဲ့ Q&A section ကနေလည်း မေးခွန်းနဲ့ မှတ်ချက်တွေကို ပေးပို့ထားလို့ ရပါတယ်။ အစီအစဉ် အချိန်အကန့်အသတ်ကြောင့် ပွဲချိန်အတွင်းမှာ မေးခွန်းအားလုံးကို မဖြေလိုက်နိုင်ဘူးဆိုရင် ဒီမေးခွန်းတွေကို ကျမတို့ အီးမေးလ်ကနေ ပြန်လည်ပေးပို့ဖြေကြားသွားပါ့မယ်ရှင့်။ မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား-မ လိင်ခံယူမှု၊​ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ မပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို chat box ကနေလည်း ပေးပို့ထားပါတယ်ရှင်။ ဒီနေ့ ဆွေးနွေးပွဲအစီအစဉ်ကို DVB ရုပ်သံသတင်းဌာနနဲ့ ISP-Myanmar ရဲ့ website နဲ့ social media တွေမှာလည်း ပြန်လည် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်၊ ကျမတို့ရဲ့ ဆွေးနွေးပွဲအစီအစဉ် စတင် ပါတော့မယ်။ Panelist ဖြစ်တဲ့ မနန်းလွင်က ဦးဆောင်ဆွေးနွေးပေးပါဦးရှင့်။


‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာတဲ့ မိတ်ဆွေများ မင်္ဂလာပါရှင့်။ ဒီနေ့ ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနဲ့ မြန်မာ့မြေရှားတူးဖော်မှုအကြောင်းကို အဓိကဆွေးနွေးဖို့ ရှိပါတယ်။ ဒီမတိုင်ခင်မှာတော့ လက်ရှိ မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်နေမှုကို အကျဉ်းသဘော ပြောချင်ပါတယ်။ ပြီးရင်တော့ တရုတ်နိုင်ငံအတွက် မြန်မာ့မြေရှား အရေးပါမှုနဲ့ မြေရှားတူးဖော်မှုတွေကြောင့် မျက်ကွယ်အခြေအနေတွေမှာ ဒေသခံတွေ ဘယ်လိုဒုက္ခရောက်နေကြသလဲဆိုတာနဲ့ ဒေသခံတွေ လိုချင်၊ လုပ်ချင်ကြတဲ့အရာတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ လက်ရှိမြန်မာ့ပဋိပက္ခမှာ တရုတ်နိုင်ငံရဲ့ပါဝင်မှုကို အကျဥ်းသဘော ပြောချင်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ပါဝင်မှုဟာ ပုံစံသစ်သဘောလို့ ဆိုရမှာပါ။ စစ်ကောင်စီနဲ့ ကိုးကန့် အပစ်ရပ်ရေးကို တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် စောင့်ကြည့်တာ၊ ငလျင်ကြီးအတွက် ကူနေကယ်နေချိန်မှာပဲ လားရှိုးမြို့ကို စစ်ကောင်စီဆီ ပြန်လည်လွှဲပြောင်းပေးရေး လုပ်ခဲ့ပုံတွေက စိတ်ဝင်စားစရာပါ။ အခု တရုတ်အစိုးရရဲ့ကိုင်တွယ်ပုံတွေဟာ ကုန်းဘောင်ခေတ် မြန်မာပြည်ကို အင်္ဂလိပ်တွေ သိမ်းပြီး ဝန်ရှင်တော်မင်းကြီး ခန့်ထားအုပ်ချုပ်စေခဲ့တဲ့ ဖြစ်ရပ်ကိုတောင် ပြန်ပြီးသတိရစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရှမ်းမြောက်အရေး တရုတ်အစိုးရ ကိုင်တွယ်ရာမှာ သုံးတဲ့နည်းနာတွေကိုကြည့်ရင် စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ အုပ်ချုပ်ရေးအာဏာကို ခွဲခြမ်းပေးတဲ့ လမ်းကြောင်းသစ်ဆီကို ဦးတည်နေပြီလို့
ဆိုရမှာပါ။ ဒါက ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အပစ်ရပ်မိုဒယ်တွေနဲ့ ကွဲပြားတဲ့မိုဒယ်အသစ်လို့ ဆိုရမှာပါ။ ရှမ်းမြောက်ဟာ တရုတ်အတွက် လုံခြုံရေး၊ စီးပွားရေး၊ မဟာဗျူဟာစီမံကိန်းတွေ အကောင်အထည်ဖော်ရေးအတွက် အင်မတန်အရေးကြီးတဲ့ နေရာဖြစ်တာကြောင့် ဒီလိုကြိုးပမ်းမှုတွေကို တွေ့ရတာပါ။ လက်ရှိ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်တာကို ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးကို ဦးတည်၊ ငြိမ်းချမ်းရေးကို လုပ်၊ ပြီးရင် စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် သူတို့မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲလို ကိစ္စမျိုးတွေ ဖြစ်လာအောင် တဆင့်ချင်း ပုံဖော်သွားနိုင်မယ့် အလားအလာမျိုးတွေ ရှိသွားနိုင်ပါတယ်။ ဒီလိုမျိုး စီးပွားရေးဖွံ့ဖြိုးမှုတွေကတဆင့် ငြိမ်းချမ်းရေးကို ရယူမယ့် တရုတ်ရဲ့မိုဒယ်ဟာ မေးခွန်းထုတ်စရာတွေ ရှိသလို သယံဇာတကို အခြေခံတဲ့ စစ်စီးပွားရေး ပိုမိုထွန်းကားလာမယ့် အရိပ်အယောင်တွေကိုလည်း မြင်ရပါတယ်။ တရုတ်ရဲ့အကျိုးစီးပွားတွေက မြန်မာနိုင်ငံရဲ့နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ ပင့်ကူအိမ်လိုပဲ ယှက်နွှယ်နေတာကို သုတေသနဆန်းစစ်ချက်တွေမှာရော မျက်တွေ့လက်တွေ့အခြေအနေတွေမှာပါ လေ့လာတွေ့ရှိရပါတယ်။။

မြန်မာနိုင်ငံနဲ့ တရုတ်အကျိုးစီးပွားလို့ ပြောကြတိုင်းမှာ ပထဝီနိုင်ငံရေးအရ သြဇာချဲ့ထွင်တာ၊ အခြေခံအဆောက်အအုံတွေ၊ စီမံကိန်းကြီးတွေ၊ စီးပွားရေးစင်္ကြံကြီးတွေကို ပြေးမြင်ကြပါတယ်။ တဖက်မှာလည်း ပဋိပက္ခမီးတွေနဲ့အတူ ပိုပြီးကျယ်ပြန့်လာတဲ့ သယံဇာတတူးဖော်မှုတွေ၊ ဥပမာ မြေရှားတူးဖော်မှုလိုမျိုး ကိစ္စတွေကို မေ့ထားလို့မရပါဘူး။ ဒါတွေကလည်း တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးရာအရရော သံခင်းတမန်ခင်းအရပါ အသာစီးရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ မြေရှားလို့ပြောရင် သတ္တုအမျိုးအစား ၁၇ မျိုးလောက် ပါဝင်တယ်ဆိုတာကို အကြမ်းဖျင်း သိကြပါတယ်။ ကျမတို့ရဲ့လေ့လာချက်အရဆိုရင် ကချင်ပြည်နယ်က အဓိကထွက်တဲ့ မြေရှားနှစ်မျိုးဟာ အင်မတန်မှ အရေးပါတဲ့ ဗျူဟာမြောက်သတ္တုထဲမှာ ပါပါတယ်။ Dysprosium (Dy) နဲ့ Terbium (Tb) လို့ ခေါ်ပါတယ်။ ပြောရရင်တော့ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာမှာ ထုတ်လုပ်နေကြတဲ့နည်းပညာမြင့်ပစ္စည်းတွေ ဥပမာ လျှပ်စစ်ကားတွေ၊ ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာသုံးပစ္စည်းတွေ၊ အစိမ်းရောင်စွမ်းအင်သုံး နည်းပညာတွေအတွက် မရှိမဖြစ်အရေးပါတဲ့ မြေရှားအမျိုးအစားတွေ ဖြစ်ပါတယ်။

ကျမတို့ အချက်အလက်နဲ့ဆိုရင် ပြီးခဲ့တဲ့ လေးနှစ်တာအတွင်းမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မြေရှားတင်ပို့မှု တန်ဖိုးကအမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကျော် ရှိပါတယ်။ အာဏာမသိမ်းခင် အခြေအနေနဲ့ ကာလတူနှိုင်းယှဉ်ရင် ငါးဆကျော် တက်လာတာပါ။ ကျမတို့ရဲ့ slide မှာလည်း အသေးစိတ် ပြထားပါတယ်။



ကောင်းကင်ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်အတွင်းမှာ မြေရှားအဓိကတူးဖော်နေတဲ့ ချီဖွေနဲ့ မိုးမောက်မြို့နယ်မှာ မြေရှားလုပ်ကွက်ပေါင်း ၃၇၀ ထက်မနည်းရှိလာပါပြီ။ ဒီလုပ်ကွက်တွေမှာ သတ္တုပျော်ရည်စုတဲ့ ကန်ပေါင်း သုံးထောင်နီးပါးလောက် ရှိလာပါတယ်။ ဒီအထဲက လုပ်ကွက်နှစ်ဆကျော်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုးလာတာ ဖြစ်ပါတယ်။




ဒီတော့ ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာလည်း တရုတ်နိုင်ငံရဲ့ပါဝင်မှုက ရာနှုန်း ၆၀ ကနေ ၇၀ နီးပါးအထိ ရှိပါတယ်။ သန့်စင်ပြီးမြေရှားထုတ်လုပ်မှုမှာလည်း ရာနှုန်း ၉၀ နီးပါးကို တရုတ်နိုင်ငံက ထုတ်လုပ်ပါတယ်။ ဒီလိုထုတ်တဲ့ မြေရှားတွေထဲမှာ မြန်မာ့မြေရှားသတ္တုကုန်ကြမ်း တဝက်လောက် ပါပါတယ်။ ကျမတို့ slide မှာလည်း တရုတ်နိုင်ငံက ထုတ်လုပ်နေတဲ့ မြေရှားထဲမှာ မြန်မာက ဘယ်လောက်ပါဝင်တယ်ဆိုတာကို အသေးစိတ် ပြထားတာကို မြင်ရမှာပါ။ ဒီတော့ မြန်မာ့မြေရှားကုန်ကြမ်းဟာ တရုတ်နိုင်ငံက လွှမ်းမိုးထားတဲ့ မြေရှားထောက်ပံ့ရေးကွင်းဆက် ခိုင်မြဲဖို့အတွက် အရေးပါတယ်လို့ ဆိုရမှာပါ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြေရှားတူးဖော်မှုတွေ အင်မတန် တက်လာတာတွေကလည်း ဒါနဲ့ဆက်စပ်နေပါတယ်။ တချိန်တည်းမှာလည်း မြေရှားတူးဖော်မှုတွေ၊ လုပ်ကွက်တွေချဲ့ထွင်တာတွေကြောင့် မျက်ကွယ်မှာ ဒေသခံတွေအဖို့ လူမှုစီးပွားဒုက္ခတွေ ပိုများလာပါတယ်။ ဒီအပိုင်းကို ကိုကောင်းစံက ဆက်ပြီးဆွေးနွေးပေးပါဦးရှင့်။


ဟုတ်ကဲ့ဗျ။ မြေရှားသတ္တုတွေက အမေရိကန်ဒေါ်လာဘီလီယံချီပြီးတော့ တန်ဖိုးရှိသလို တဖက်မှာလည်း နောက်ဆက်တွဲ ဆိုးကျိုးတွေက သက်ရောက်မှု တော်တော်ကြီးပါတယ်။ ဒါတွေကို အခုမြေရှားတူးနေတဲ့ ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါ၊ နောက် မိုးမောက်မြို့နယ်က ဒေသခံတွေ အများဆုံး ခံစားနေရပါတယ်။ ကျနော်တို့ သုတေသနပြု လေ့လာတွေ့ရှိချက်ထဲက သုံးချက်ကို ပြောချင်ပါတယ်။ ပထမတချက်ကတော့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပြီးတော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား သက်ရောက်တာပါ။ ဒုတိယတချက်ကတော့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးပြီးတော့ လူမှုဒုက္ခတွေ ခံစားရတာ ဖြစ်ပါတယ်။ တတိယတချက်ကတော့ ဒေသခံအာဏာပိုင်တွေနဲ့ မြေရှားတူးတဲ့ ကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် လူမှုစီးပွားပြဿနာတွေ ဖြစ်လာတာမျိုး၊ လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုသဟဇာတဖြစ်မှုကို ထိခိုက်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံတာ ဒါတွေကြုံလာရတာကို တွေ့ရတာပါ။

ပထမတချက်ကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုထဲမှာ ရေအရင်းအမြစ်တွေ ပျက်စီးတယ်။ နောက် မြေဆီလွှာတွေ ပျက်စီးတယ်။ ဒါတွေကို အဓိကတွေ့ရပါတယ်။ မြေရှားတူးတဲ့တောင်တွေကို အပေါက်တွေ ဖောက်တယ်၊ နောက် ကျင်းတူးတယ်၊ ပြီးတော့ အဲဒီကျင်းတွေထဲကို ဓာတုပစ္စည်းတွေ လောင်းထည့်တာမျိုး လုပ်တယ်။ အဲဒီမှာ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးပါတယ်။ ပြီးတော့ ဓာတုပစ္စည်းတွေက မြေဆီလွှာတွေထဲကို ရောက်ကုန်တယ်။ ပြီးတော့ မိုင်းတွင်းတွေနားမှာရှိတဲ့ ချောင်းတွေထဲကိုအလွယ်တကူ စွန့်ထုတ်ကြတယ်။ အဲဒီမှာ ချောင်းရေတွေလည်း ညစ်ညမ်းလာတယ်။ အဲဒီတော့ နောက်ဆက်တွဲက ပန်ဝါဒေသမှာ မြေရှားလုပ်ကွက်တွေ တိုးချဲ့လာလို့ မြေမျက်နှာပြင်အနေအထားတွေ ပြောင်းလဲလာတာကိုလည်း တွေ့ရပါတယ်။ ချီဖွေနဲ့ ပန်ဝါဒေသက ကောင်းကင်ဓာတ်ပုံတွေကိုကြည့်ရင် မြေရှားလုပ်ကွက်တွေ အဆမတန်များလာတဲ့အတွက် မြေမျက်နှာသွင်ပြင်တွေ သိသိသာသာ ပြောင်းလဲသွားပါတယ်။ တောင်ကတုံးတွေ၊ နောက် အနာတွေပေါက်နေသလိုမျိုး ဟိုတကွက် ဒီတကွက်နဲ့ တောတွေပြုန်းနေတဲ့နေရာ အများအပြားကို တွေ့ရပါတယ်။



ချီဖွေမြို့နယ်ထဲမှာရှိတဲ့ ချီဖွေချောင်းဆိုလို့ရှိရင် အနံ့တွေ ဆိုးပြီးတော့ ရေနေသတ္တဝါတွေ သေတဲ့အထိ ဖြစ်နေပြီလို့ ဒေသခံတွေက ကျနော်တို့ကို ပြောပါတယ်။ နောက်တခုက ချီဖွေချောင်းဟာ မေခမြစ်ထဲကို စီးတယ်။ နောက် မေခမြစ်က ဧရာ၀တီမြစ်ထဲကို စီးပါတယ်။ အဲဒီတော့ ဧရာ၀တီမြစ်နဲ့ မြစ်ကြောင်းတလျှောက်မှာ ရှိနေတဲ့၊ နေထိုင်တဲ့သူတွေကိုပါ ထိခိုက်လာနိုင်ခြေလည်း ရှိပါတယ်။ မိုးမောက်မှာဆိုလို့ရှိရင်လည်း တာပိန်မြစ်က ရေတွေ နောက်ကျိနေပြီးတော့ ငါးတွေ သိပ်ပြီးတော့ မရှိတော့ပါဘူး။ အဲဒီလိုမျိုး ရေထုရော၊ လေထုရော၊ နောက် မြေဆီလွှာတွေပါ ညစ်ညမ်းလာပါတယ်။ နောက်ပြီးတော့ စိုက်ပျိုးသီးနှံတွေ အထွက်မကောင်းတော့ဘူး၊ အရည်အသွေးတွေ ထိခိုက်လာတယ်။ ဒါကို ချီဖွေနဲ့ မိုးမောက်က ပြည်သူတွေ အတော်ခံနေရတယ်။

နောက်တချက်ကတော့ ကျန်းမာရေး ထိခိုက်တာပါ။ မြေရှားတူးတဲ့ မိုင်းတွင်းလုပ်သားတွေက လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ အကာအကွယ်ပစ္စည်းတွေ လုံလုံလောက်လောက် မရကြပါဘူး။ အကျိုးဆက်အနေနဲ့ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရောဂါ ခံစားရတဲ့သူတွေ ရှိလာပါတယ်။ နောက် ချောင်းရေတွေ၊ မြစ်ရေတွေ ညစ်ညမ်းသွားတာမို့ ဒီမြစ်တွေ၊ ချောင်းတွေကို မှီခိုအားထားနေရတဲ့သူတွေပါ ဒုက္ခရောက်လာကြပါတယ်။ ဒီရေတွေကို သုံးမိလို့ အရေပြားရောဂါ ဖြစ်တာတွေလည်း ရှိလာတယ်။ ဥပမာ မိုင်ဂျာယန်မြို့နားမှာရှိတဲ့ နမ့်ဖတ်ချောင်းကရေတွေ ညစ်ညမ်းသွားတဲ့အတွက် ဒီရေကို မှီခိုနေရတဲ့၊ ဒီရေကို သုံးနေရတဲ့ အင်ခေါင်းပါရွာက ဒေသခံတွေမှာ အရေပြားရောဂါတွေ ဖြစ်ခဲ့ကြပါတယ်။ အခုချိန်မှာ စစ်မီးကြီးနေတော့ ဒါတွေကို စနစ်တကျ မဆန်းစစ်နိုင်သေးပါဘူး။ သေသေချာချာသာ ဆန်းစစ်နိုင်မယ်ဆိုရင် ဒီလိုဆိုးကျိုးတွေက အခုထက်ကို ပိုများနိုင်ခြေလည်း ရှိပါတယ်။

ဒုတိယအချက်ကတော့ လူမှုစီးပွားဒုက္ခတွေ ကြုံလာကြတာပါ။ ရေထုမြေထုတွေ ပျက်စီးတော့ စိုက်ပျိုးရေးသမားတွေ ပိုပြီးတော့ ဒုက္ခရောက်ကြတာပေါ့နော်။ အခု မြေရှားတူးတဲ့ဒေသတွေမှာ နေတဲ့သူတွေက သူတို့ မျိုးရိုးစဉ်ဆက် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလာကြတဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ စိုက်ပျိုးသီးနှံတွေကို တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချကြတယ်။ အခု ဒီဒေသကထွက်တဲ့ သီးနှံတွေကို တရုတ်နိုင်ငံဘက်က မဝယ်တော့ပါဘူး။ အဲဒီတော့ ဒုက္ခကြုံလာကြပါတယ်။ နောက်ပြီး သူတို့မွေးထားတဲ့ ကျွဲတွေ၊ နွားတွေက ညစ်ညမ်းတဲ့ ချောင်းရေတွေကို သောက်မိတော့ ရောဂါဖြစ်တာတွေ၊ သေဆုံးတာတွေလည်း ကြုံကြရပါတယ်။ တချို့ဆိုရင် ဒီလိုလက်ငုတ်လက်ရင်း အလုပ်တွေကို ပစ်ထားပြီးတော့ ပြောင်းရွှေ့နေထိုင်ရတာတွေ၊ နေရာသစ်ရှာရတာတွေလည်း ဖြစ်လာပါတယ်။ ဆက်နေတဲ့သူတွေကတော့ မြေရှားလုပ်ကွက်တွေမှာ ဝင်ရောက်လုပ်ကိုင်ပြီးတော့ ဝင်ငွေရှာကြတယ်။ ဒါလည်း ရေရှည်အတွက် အဆင်ပြေမယ့်ပုံ မရှိပါဘူး။ နောက်တချက်ကတော့ မြေရှားတူးတဲ့ ကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေရဲ့ လူအခွင့်အရေး ချိုးဖောက်တာတွေကြောင့် ရတက်ပွေရတာတွေလည်း ရှိပါတယ်။ လူမှုသဟဇာတထိခိုက်တာနဲ့ ပဋိပက္ခတွေက ပိုပြီးတော့ကျယ်ပြန့်လာတယ်။ ဥပမာ ချီဖွေနဲ့ မိုးမောက်မြို့နယ်မှာဆိုလို့ရှိရင် မူးယစ်ဆေးပြဿနာနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေ ရှိနေပါတယ်။ မြေရှားလုပ်ကွက်တွေမှာ မူးယစ်ဆေးဝါး သုံးခွင့်ပေးတာမျိုး၊ မူးယစ်ဆေးပေးပြီးတော့ စေခိုင်းတာတွေရှိတယ်လို့လည်း သိရပါတယ်။ တချို့ မြေရှားအလုပ်ဆိုက်တွေမှာဆိုရင် အလုပ်လုပ်ချင်တဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေလည်း ရှိပါတယ်။ အလုပ်ခွင်မှာ တာဝန်ရှိတဲ့သူနဲ့ အတူနေပေးမှ အလုပ်ခန့်တာမျိုး၊ ဒေသအခေါ်တော့ ‘အိပ်ရာခင်းအမျိုးသမီး’ ဆိုပြီးတော့ လုပ်နေကြတဲ့ အခြေအနေတွေ ဖြစ်လာတာပါ။ နောက်ပြီးတော့ မြေရှားတူးတဲ့ နေရာမှာ တိကျတဲ့ မူဝါဒ၊ ဥပဒေပြဋ္ဌာန်းချက်တွေ မရှိတဲ့အခြေအနေတွေကြောင့် မြေယာလျော်ကြေးကနေစပြီးတော့ လုပ်ခလစာတွေအထိကို ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ မြေယာလျော်ကြေးတွေ ပေးတဲ့အခါမှာ တိကျတဲ့၊ ပွင့်လင်းမြင်သာတဲ့ စံချိန်စံနှုန်းတွေ သတ်မှတ်ထားတာမျိုးမရှိဘူး။ အဲဒီတော့ ကုမ္ပဏီတွေနဲ့ ဒေသခံတွေအကြားမှာ အငြင်းပွားတာတွေ ခဏခဏဖြစ်ကြပါတယ်။ နောက်ပြီးတော့ ဒီမြေယာတွေက မျိုးရိုးစဉ်ဆက် သူတို့ စုပေါင်းစိုက်ပျိုးရေး လုပ်လာကြတဲ့ မြေယာတွေ ဖြစ်ပါတယ်။ အဲဒီတော့ မြေယာရောင်းချတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေ အချင်းချင်းအကြားမှာ သဘောကွဲတာ၊ ရွာသားတွေကြားထဲမှာ သဘောထားကွဲတာတွေ ဖြစ်ပြီး လူမှုပဋိပက္ခတွေလည်း ပိုပြီးတော့ ကျယ်ပြန့်လာပါတယ်။

တဖက်မှာလည်း ခြိမ်းခြောက်ခံရတာ၊ ပိတ်ပင်ခံရတာတွေမျိုးလည်း ရှိပါတယ်။ မြေရှားတူးတာနဲ့ပတ်သက်ပြီးတော့ ပညာပေး လှုံ့ဆော်တာတွေလုပ်တဲ့ အရပ်ဘက်အဖွဲ့တွေကို တားတာ၊ သုတေသီတွေနဲ့ မီဒီယာတွေကို သတင်းအချက်အလက် ရယူခွင့်တွေ ပိတ်တာမျိုးလည်း ရှိပါတယ်။ ဒါတွေကို လုပ်တာကတော့ NDA-K အပြင် ဇခုန်တိန့်ယိန်းရဲ့ ပန်ဝါနယ်ခြားစောင့်တပ်လို့ ပြောလို့ရပါတယ်။ ဒီအဖွဲ့အပြင် အခု သူတို့ဆီကနေ သိမ်းထားတဲ့ KIA ကပါ လုပ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ ဒီလိုတားတာတွေကို လက်မခံဘဲနဲ့ ကန့်ကွက်တာ၊ စည်းရုံးတာတွေကို ဆက်ပြီးတော့ လုပ်တယ်ဆိုရင် ခြိမ်းခြောက်တာ၊ နောက်ပြီးတော့ ဖမ်းတာတွေအထိပါ လုပ်ကြတယ်လို့လည်း သိရပါတယ်။ တကယ်တော့ ဒေသခံတွေက မြေရှားတူးတာတွေကို ရပ်လိုက်ဖို့ ပြောနေတာမျိုး မဟုတ်ပါဘူး။ သူတို့ ဖြစ်စေချင်တာကတော့ စနစ်တကျနဲ့ အထိအခိုက်နည်းတဲ့ စီမံအုပ်ချုပ်မှုမျိုး ဖြစ်စေချင်တာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့လေ့လာတွေ့ရှိချက်တွေကိုလည်း မနန်းလွင်က ဆက်ပြီးတော့ ဆွေးနွေးပါလိမ့်မယ်ဗျ။


ဟုတ်ကဲ့ရှင့်။ မြေရှားလုပ်ကွက်တွေနဲ့ပတ်သက်လာရင် ကျမတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ ဒေသခံတွေရောကပါ မြေရှား လုံးဝမတူးနဲ့လို့ တောင်းဆိုဖို့ ခက်ခဲတယ်ဆိုတာကို နားလည်ထားပုံရပါတယ်။ ဒါပေမဲ့ သူတို့ဘက်က မြေရှားလုပ်ကွက်တွေကို စီမံအုပ်ချုပ်မှုနဲ့ပတ်သက်လာရင် ပိုကောင်းလာဖို့ တောင်းဆိုကြတဲ့ အချက်သုံးချက်ကို အဓိကတွေ့ရပါတယ်။ ပထမတချက်ကတော့ ဒီမြေရှားလုပ်ကွက်တွေကို အကောင်အထည်ဖော်နေကြတဲ့ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ဖြစ်ပါတယ်။ မြေရှားလုပ်ကွက်တွေကို ခွင့်ပြုတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ ဒီလုပ်ကွက်တွေက ရနေတဲ့ အကျိုးအမြတ်တွေကို ဘယ်မှာသုံးလဲ၊ ဘယ်သူတွေက အကျိုးအမြတ်ရနေလဲဆိုတာ ပွင့်ပွင့်လင်းလင်း သိချင်ကြပါတယ်။ နောက်ပြီး လူထုအခြေပြုအဖွဲ့အစည်းတွေကို ပိတ်ဆို့ထားတာကိုလည်း မနှစ်မြို့ကြပါဘူး။ ပိုပြီးအရေးကြီးတာကတော့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ပါ။ သူတို့အနေနဲ့ မြေရှားလုပ်ကွက်တွေ အကောင်အထည်ဖော်ဖို့ ဒေသခံ ကိုယ်စားလှယ်တွေက နိုင်ထက်စီးနင်းလုပ်တာ၊ ခြိမ်းခြောက်ခံရတာတွေထက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဒေသခံတွေရဲ့အသံကို နားထောင်ပြီး ပူးပေါင်းဆောင်ရွက်တာကို လိုလားကြပါတယ်။

ဒုတိယတချက်ကတော့ ဒေသခံတွေအနေနဲ့ မြေရှားလုပ်ကွက်တွေကရတဲ့ ဝင်ငွေတွေကို ဒေသအကျိုးပြုအတွက်၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် သုံးစေချင်ကြပါတယ်။ မြေရှားလုပ်ကွက်တွေလုပ်တာ ဆယ်စုနှစ်ကျော်ရှိလာပေမဲ့လည်း ဒေသအတွက် အကျိုးပြုတာတွေ၊ လုပ်ပေးတာတွေ မရှိတဲ့အပြင် ဒေသခံတွေက ဒုက္ခအဝဝကို ခါးစည်းခံနေရပါတယ်။ ပြီးခဲ့တဲ့ ခြောက်နှစ်တာအတွင်း မြေရှားတင်ပို့မှုကနေ ရရှိခဲ့တဲ့ဝင်ငွေဟာ သတ္တုကဏ္ဍကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ငွေနဲ့ ကာလတူနှိုင်းယှဥ်ရင် အဆပေါင်း တရာဝန်းကျင် များပြားနေတာကို တွေ့ရပါတယ်။ သယံဇာတအကျိုးအမြတ်တွေကို ဘယ်အဖွဲ့အစည်းတွေက ခွဲယူ၊ ထုတ်ယူ၊ စံစားနေလဲ ဆိုတာကို တိတိကျကျမသိရပေမဲ့ သယံဇာတကျိန်စာကိုတော့ ဌာနေပြည်သူကပဲ ခါးစည်းခံနေရပါတယ်။ ဒါကြောင့် သယံဇာတခွဲဝေမှုဆိုင်ရာ တရားမျှတရေး မူဘောင်မှာ ဒေသခံပြည်သူကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

တတိယတချက်ကတော့ လူမှုသဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရေးပါ။ ဒီကိစ္စကတော့ နောက်ဆက်တွဲဆိုးကျိုး နည်းနိုင်သမျှနည်းရေးအတွက် အရေးကြီးဆုံး လုပ်ဆောင်ရမယ့် ကိစ္စပါ။ ဒီကာလမှာ စည်းမဲ့ကမ်းမဲ့ တူးဖော်နေတာတွေကို ရပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့ တူးဖော်မှုပုံစံ ရေရှည်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် အစီအမံတွေချမှတ်ရေးကို လိုလားကြပါတယ်။ အထူးသဖြင့်တော့ အဆင့်မြင့်နည်းပညာတွေသုံးပြီး ထိခိုက်မှုနည်းအောင် လုပ်ပြီးတော့မှ စျေးကိုလည်း သင့်တော်တဲ့နှုန်းနဲ့ ပြည်သူပါအကျိုးရှိမယ့်ပုံစံနဲ့ ရောင်းချစေချင်ကြပါတယ်။ လက်ရှိဒေသခံတွေ ခံစားနေရတဲ့ ကျန်းမာရေးနဲ့ လူမှုဘဝထိခိုက်မှုတွေအတွက်ကိုလည်း ဆန်းစစ်ချက်တွေ သေချာလုပ်ပြီး ပြန်ကုစားမယ့်အစီအမံတွေ ရှိဖို့ကိုလည်း လိုလားနေတာကို ကျမတို့တွေ့ရပါတယ်။​

ဒီတော့ ပြန်ချုပ်ပြီးပြောရမယ်ဆိုရင်တော့ မြေရှားလုပ်ကွက်တွေကို ခွင့်ပြုနေတဲ့ အာဏာပိုင်တွေနဲ့ အကောင်အထည် ဖော်နေတဲ့ တရုတ်ကုမ္ပဏီတွေက အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေပါတယ်။ ဒီအပေါ်မှာ ကျမတို့ဆွေးနွေးခဲ့တဲ့ ကိစ္စတွေကို မဖြေရှင်းသရွေ့ အာဏာပိုင်နဲ့ ဒေသခံတွေအကြားမှာ၊ ကုမ္ပဏီနဲ့ ဒေသခံတွေအကြားမှာ ပဋိပက္ခတွေ သံသရာလည်နေမှာပါ။ အစောပိုင်းက ဆွေးနွေးခဲ့သလိုပါပဲ မြေရှားသတ္တုလို ဗျူဟာမြောက်သတ္တုဟာ တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရရော၊ ကမ္ဘာ့စျေးကွက်မှာ လက်ဝါးကြီးအုပ်ဖို့အတွက်ရော အထောက်အပံ့ပြုတာကြောင့် မြန်မာ့မြေရှားက တရုတ်နိုင်ငံအတွက် ဆက်ပြီး အရေးပါတဲ့ကဏ္ဍမှာ ရှိနေမှာပါ။ ဒါပေမဲ့ ဒီလုပ်ကွက်တွေဟာ အများပြည်သူကို အကျိုးမြတ်ရရေး၊ ဒေသခံတွေနဲ့ ပဋိပက္ခ နည်းနိုင်သမျှနည်းရေးဆိုတာကတော့ တရုတ်အစိုးရက​ သူ့ကုမ္ပဏီတွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာ အင်မတန်အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒီမှာ ကျမ ဥပမာတခုပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ မန္တလေး-စစ်ကိုင်း ငလျင်ကြီး ဖြစ်တဲ့အခါမှာ တရုတ်အစိုးရနဲ့ အဖွဲ့အစည်းတွေက ငွေအင်အား၊ လူအင်အား၊ နည်းပညာအားတွေနဲ့ အစောဆုံးရောက်လာပြီး အားတက်သရော ကူညီခဲ့ပါတယ်။ ဒီအချိန်တုန်းကဆိုရင် တရုတ်အစိုးရအပေါ်မှာ မြန်မာပြည်သူတွေရဲ့အမြင်က တော်တော်ကို ကောင်းမွန်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ဒါကို ထင်ထင်ရှားရှား မြင်ရပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နည်းစနစ်ကောင်းတွေ၊ အဆင့်မြင့်မားတဲ့ စံချိန်စံညွှန်းတွေ၊ ဥပဒေကောင်းတွေ အများကြီးရှိပါတယ်။ ဒီတော့ ငလျင်မှာ ကူညီခဲ့သလိုပဲ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံက စီမံကိန်းကြီးတွေ၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံတည်ဆောက်မှုတွေအပြင် မြေရှားလို သယံဇာတ တူးဖော်မှုတွေမှာလည်း မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးစားပေးအလေးထားတဲ့ အလေ့အကျင့်ကောင်းတွေ၊ စနစ်တွေသာ သုံးမယ်ဆိုရင် မြန်မာလူထုအမြင် ပြောင်းလဲသွားဖို့ အထောက်အကူကောင်း ဖြစ်မယ်လို့ပြောရင်း နိဂုံးချုပ်ချင်ပါတယ်ရှင့်။


ဟုတ်ကဲ့ပါ၊ ဆွေးနွေးပေးသွားတဲ့ panelists တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျမတို့ရဲ့ ပဏာမ ဆွေးနွေးမှုကတော့ ဒီလောက်နဲ့ ပြီးသွားပြီဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ အမေးအဖြေကဏ္ဍကို သွားချင်ပါတယ်။ ကျမတို့ရဲ့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ participants တွေဆီကနေ မေးခွန်းတခုနဲ့ မှတ်ချက်တခုကို ဖိတ်ခေါ်သွားပါမယ်ရှင်။ Raise hand button လေးကို သုံးပြီးတော့ မေးခွန်းမေးမြန်းလို့ ရပါတယ်၊ လက်ထောင်ပြီး မေးခွန်းမေးမြန်းချင်တဲ့သူ ရှိပါသလားရှင်။ လောလောဆယ် မေးခွန်းမေးမြန်းခြင်းမရှိသေးတဲ့အတွက် ကျမတို့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ကောက်ယူထားတဲ့မေးခွန်းတွေ ရှိပါတယ်။ အဲဒီမေးခွန်းတွေထဲက မေးခွန်းတခုကို ဖတ်ပြပါမယ်ရှင့်။



ကချင်ပြည်နယ်က မြေရှားလုပ်ကွက်တွေကို KIA က အကုန်သိမ်းထားတာမလား။ ဒီမြေရှားလုပ်ကွက်တွေကို KIA က ဆက်တူးနေတာလား၊ ဒါမှမဟုတ် ရပ်ထားပါသလား။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဖြေပေးပါဦးရှင့်။


ဟုတ်ကဲ့၊ ဒီမေးခွန်းကိုတော့ ကျနော် ဖြေလိုက်ပါမယ်။ KIA က ပန်ဝါဒေသကို သိမ်းပိုက်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကနေစပြီးတော့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့အတွက် တရုတ်နိုင်ငံဘက်ကို မြေရှားတင်ပို့တာတွေနဲ့ မြေရှားတူးဖော်တာတွေ ရပ်ဆိုင်းသွားတာ ရှိပါတယ်။ ဒီနောက်ပိုင်းမှာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်ပေမဲ့ မြေရှားတင်ပို့တာတွေမတွေ့ရပါဘူး။ ဒါပေမဲ့ ဒေသခံတွေရဲ့ အပြောအရဆိုရင် ချီဖွေနဲ့ မိုးမောက်မြို့နယ်က နေရာတချို့မှာတော့ မြေရှားတူးဖော်တာတွေ ဒီကာလထဲမှာ ဆက်လုပ်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာပဲ KIA ဘက်က တရုတ်နိုင်ငံဘက်ကို မြေရှားတင်ပို့တာတွေ ပြန်ပြီးတော့ ခွင့်ပြုမယ်ဆိုပြီးတော့ သတ္တုမိုင်းတွင်းတွေဆီကို အကြောင်းကြားခဲ့တာလည်း ရှိပါတယ်။ မြေရှားတတန်ကို အခွန်အဖြစ် တရုတ်ယွမ် ၃၅,၀၀၀ လောက် ကောက်မယ်လို့လည်း ဆိုပါတယ်။ အဲဒီတော့ လာမယ့်လတွေမှာတော့ မြေရှားတင်ပို့တာတွေက ပြန်ပြီးတော့ မြင့်တက်လာနိုင်ခြေ ရှိတယ်လို့ပဲဖြေချင်ပါတယ်ဗျ။


ဟုတ်ကဲ့ပါ၊ မေးခွန်းဖြေကြား‌ပေးသွားတဲ့ ကိုကောင်းစံကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျမတို့ရဲ့ ဒီနေ့ပွဲစဥ်ကို တက်ရောက်လာကြတဲ့ participants တွေဆီကနေ မေးခွန်းနဲ့ မှတ်ချက်တွေကို ပြန်လည် ဖိတ်ခေါ်သွားပါမယ်ရှင်။ ဟုတ်ကဲ့ လက်ထောင်ပြီး မေးခွန်းမေးမြန်းချင်တဲ့သူများ ရှိပါသလားရှင့်။ ကျမတို့ ဘက်ကနေပြီး မိုက်ဖွင့်ပေးပါမယ်။ ဟုတ်ကဲ့ပါရှင် လောလောဆယ်မှာတော့ ကျမတို့ကို chat box ကနေ မေးခွန်းမေးထားပါတယ်ရှင့်။ မေးခွန်းကို ဖတ်ပြပါမယ်။



အခု အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုကို တရုတ်က တုံ့ပြန်တဲ့အခါ မြေရှားမပို့တော့ဘူး ဆိုတာလည်း ပါတယ်လို့ သိရတယ်။ အမေရိကန်အတွက်လည်း မြေရှားက အရေးကြီးတယ်။ ဆိုတော့ မြန်မာ့မြေရှားကုန်ကြမ်းတွေကို အမေရိကန် မျက်စိကျလာနိုင်လား။


ဟုတ်ကဲ့ပါရှင့်၊ ကျမတို့ ခုနကဆွေးနွေးခဲ့သလိုပါပဲ။ ကချင်ပြည်နယ်ကမြေရှားဟာ Heavy Rare Earth တွေဖြစ်တဲ့အတွက် အင်မတန်မှ အဖိုးတန်ပါတယ်။ တရုတ်ရဲ့ Heavy Rare Earth တဝက်လောက်က မြန်မာနိုင်ငံကလာတာဖြစ်လို့ မြန်မာနိုင်ငံက တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ကမ္ဘာ့မြေရှားတင်ပို့ရောင်းချတဲ့ ထောက်ပံ့ရေးကွင်းဆက်ကို အထောက်အပံ့ပေးနေပါတယ်။ ဒီတော့ အမေရိကန်ရဲ့ နည်းပညာ၊ ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ရေးနဲ့လည်း သွယ်ဝိုက်ပြီး ဆက်နွှယ်မှုရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်နိုင်ငံဘက်က တန်ပြန်အသုံးပြုတဲ့ကတ်က ဗျူဟာမြောက်သတ္တုတွေ ပါလာတာပါ။ အခု အမေရိကန်ကုမ္ပဏီတွေကလည်း တရုတ်ကုမ္ပဏီတွေ လက်ဝါးကြီးအုပ်မထားတဲ့ မြေရှားစျေးကွက်တွေကို ရှာဖွေနေတာပါ။ မြန်မာ့မြေရှားကို မျက်စိကျဖို့ဆိုတာကတော့ အတားအဆီးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ မြေရှားတူးဖော်တဲ့နေရာတွေက လက်နက်ကိုင်တွေ ထိန်းချုပ်ထားပြီးတော့ ပဋိပက္ခတွေရှိနေတာ၊ စစ်စီးပွားရေးတွေ ဖြစ်ထွန်းနေတာ၊ ပြီးတော့ ပွင့်လင်းမြင်သာမှု မရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာနဲ့ စီးပွား‌ရေးပိတ်ဆို့မှု အန္တရာယ်တွေကြောင့် အမေရိကန်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် ကျင့်ဝတ်အရ ထိတွေ့ဆက်ဆံဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေကြောင့်မို့လို့ တင်ပို့နိုင်မှု၊ ထုတ်လုပ်နိုင်မှုတွေ အချိန်မရွေး ထိခိုက်နိုင်တာကြောင့်မို့လို့ မြန်မာ့မြေရှားအပေါ် မှီခိုမှုဟာ မဟာဗျူဟာကျ အားနည်းချက်တခု ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ဒီတော့ မျက်စိကျလာနိုင်တယ်လို့ ပြောဖို့ အင်မတန်ခက်ခဲတယ်လို့ ဖြေပါရစေရှင့်။


ဆွေးနွေးပေးသွားတဲ့ မနန်းလွင်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့ကို chat box မှာမေးခွန်းတခု ပို့ထားပေးပါတယ်ရှင့်။ အဲဒီမေးခွန်းကို ကျမ ဖတ်ပြချင်ပါတယ်။



မြေရှားက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်တိုင် ဈေးကွက်အကြီးကြီးမို့ ကချင်ပြည်အတွက် ဝင်ငွေများစွာရစေမယ့် သဘာဝသတ္တုလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ KIO/KIA က မြေရှားနဲ့ပတ်သက်ပြီး ပေါ်လစီသေချာချကာ ပြည်နယ်တိုးတက်ရေးအတွက်လုပ်ဖို့ ဘာတွေအတားအဆီးဖြစ်နေတယ်လို့ ထင်ပါသလဲခင်ဗျ။ KIO အနေနဲ့ ဒါကို ဘာလို့ သေချာမသုံးနိုင်တာလဲခင်ဗျာ။


မေးခွန်းမေးပေးတဲ့အတွက် ပထမဆုံးတော့ ကျေးဇူးတင်တယ်လို့ ပြောပါရစေဗျ။ မြေရှားက ဈေးကွက်အရဆိုလည်း အကြီးကြီး ရှိတယ်။ ပြီးတော့ တရုတ်တင် မဟုတ်ဘူး ကမ္ဘာ့ဈေးကွက်ကြီးပါ ရှိနေတယ်။ နောက်တခုက မြေရှားကရတဲ့ဝင်ငွေကလည်း အတော်လေးကြီးပါတယ်။ အဲဒီတော့ စနစ်တကျသာ လုပ်နိုင်မယ်ဆိုရင်တော့ မြေရှားကြောင့်ရတဲ့ အကျိုးအမြတ်တွေ အများကြီး ရှိလာနိုင်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ KIA က ဒီအတွက်လည်း သူတို့ပြောတာတွေ ဆိုတာတွေလည်း ရှိပါတယ်။ မူဝါဒတွေချမှတ်ပြီးတော့ မြေရှားတူးတာကို စနစ်တကျလုပ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်အရ ဘာတွေက အတားအဆီး ဖြစ်နေတာလဲဆိုလို့ရှိရင် ပထမတခုက နယ်မြေအခြေအနေပါ။ KIA အရင်က မိုးမောက်ဘက်ကို အဓိက ထိန်းထားတာမျိုးရှိတယ်၊ အခုနောက်ပိုင်း ပန်ဝါဒေသကိုပါ သူတို့ ထိန်းလာနိုင်တယ်ပေါ့။ အဲဒီတော့ မြေရှားလုပ်ကွက်တွေ အများကြီးက သူတို့လက်ထဲမှာရှိနေတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒီအခြေအနေမှာ သူတို့ ပြောင်းလဲလာတဲ့ အခြေအနေ‌ပေါ်လိုက်ပြီး မူဝါဒကို လုပ်ရမယ့်အခြေအနေမျိုး ရှိပါတယ်။ နောက်တခုက မြေရှားတူးတယ်ဆိုတာက နည်းပညာအရရော၊ ငွေကြေးအရ‌ပါ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်။ ဒါတွေက KIA အတွက်လည်း အခက်အခဲဖြစ်စေတဲ့အချက်လို့ ထင်ပါတယ်။ သူ့အနေနဲ့ နည်းပညာနဲ့ဆိုင်တဲ့ကိစ္စတွေမှာ လုပ်ကိုင်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ မြင်တယ်ပေါ့လေ။ ကျနော်မြင်တာတော့ အဲဒီနှစ်ချက်ပေါ့လေ။ ပထမတချက်က နည်းပညာ အခက်အခဲရှိတယ်။ ပြီးတော့ အခုဖြစ်လာတဲ့အခြေအနေပေါ်လိုက်ပြီးတော့ သူတို့မူဝါဒအရ ပြန်ပြီးတော့ စဥ်းစားတဲ့အချက်တွေ ရှိတယ်။ ဒါကြောင့် အခုလက်ရှိမှာတော့ ခက်ခဲနေသေးတယ်လို့ မြင်ပါတယ်။


ဟုတ်ကဲ့ပါရှင်၊ မေးခွန်းဖြေကြားပေးသွားတဲ့ ကိုကောင်းစံကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျမတို့ရဲ့ ဒီနေ့ပွဲစဥ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ မေးခွန်းနဲ့ မှတ်ချက်တွေကို ပြန်လည်ဖိတ်ခေါ်သွားပါမယ်။ Raise hand button လေးကို သုံးပြီးတော့ မေးခွန်းမေးမြန်းလို့ရပါတယ်ရှင်။ ဒီမှာ Raise hand လုပ်ထားတဲ့သူကို တွေ့ပါတယ်။ ကျမတို့ဘက်က မိုက်ဖွင့်ပေးလိုက်ပါပြီ။ မေးခွန်း မေးမြန်းဆွေးနွေးလို့ ရပါပြီရှင့်။



KIA ရဲ့ မြေရှားသတ္တု ထုတ်လုပ်မှုအပေါ်မှာ စီမံခန့်ခွဲမှုအ‌ပေါ်မှာ NUG အနေနဲ့ရော ဘာတွေ ပူးပေါင်း၊ ဘာတွေကူညီပေးနိုင်မလဲပေါ့နော်။ ကူညီပေးနိုင်မလဲ၊ ဘာတွေ အတူတကွ လုပ်ဆောင်လို့ရမလဲ။ အထူးသဖြင့် ဘာတွေ ကူညီပေးလို့ရနိုင်မလဲ။ အဲဒါ သိချင်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးပါ။


ပြောရမယ်ဆိုရင်တော့ နယ်မြေအနေအထားကို ကျမတို့ အရင်ဆုံး စဥ်းစားရမှာပေါ့နော်။ အခု မြေရှားတွေ ရှိတဲ့နေရာက ကချင်ပြည်နယ်မှာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တဲ့အခါမှာတော့ အနောက်မှာကူညီတဲ့နေရာမှာတော့ PDF တွေလည်း အများကြီး ပါဝင်မှာပေါ့နော်။ ဒါပေမဲ့ နည်းပညာ အနေအထားအရကတော့ ကျမတို့ အမြင်ကတော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုပိုင်းဆိုင်ရာမှာတော့ ဒီမြေရှားကလည်း ပြောမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေအတွက် ဝင်ငွေတခု ဖြစ်လာနိုင်တဲ့အနေအထားမျိုးဖြစ်တာကြောင့်မို့လို့ နည်းပညာအရတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်မယ်လို့ ထင်ပါတယ်ရှင့်။


ဟုတ်ကဲ့ပါရှင်၊ ဆွေးနွေးပေးသွားတဲ့ မနန်းလွင်ကို ကျေးဇူးတင်ပါတယ်။ အစီအစဥ် အချိန်အကန့်အသတ်ကြောင့် အမေးအဖြေတွေကို ဒီမှာပဲ ရပ်နားပါမယ်ရှင့်။ ကျမတို့ရဲ့ ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ နိဂုံးချုပ်စကားကို မနန်းလွင်က ပြောပေးပါဦးရှင်။


ဟုတ်ကဲ့ရှင့်၊ အနှစ်ချုပ်ပြောချင်တာကတော့ အချက်သုံးချက်ပါပဲ။ မြန်မာ့မြေရှားဟာ ကမ္ဘာ့စျေးကွက်အတွက်ရော တရုတ်နိုင်ငံ အတွက်ပါ အရေးပါပါတယ်၊ ဒါကို အားလုံးနည်းတူ ဒေသခံတွေကလည်း သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒေသခံတွေက သိပ်ပြီးတော့ ဒုက္ခရောက်နေပါတယ်။ နံပါတ်နှစ်အချက်ကတော့ မြေရှားသတ္တုတူးဖော်တာကို လုံး၀ ရပ်လိုက်ဖို့ ပြောနေတာတွေ မဟုတ်ပါဘူး။ တူးဖော်လုပ်ဆောင်ကြတဲ့အခါ နှစ်ဦးနှစ်ဖက် ဒါမှမဟုတ် သုံးဦးသုံးဖလှယ် အကျိုးရှိတာမျိုး ဖြစ်စေချင်ကြပါတယ်။ စနစ်တကျဖြစ်စေချင်တယ်။ အထိန်းအကွပ်မဲ့ တဖက်စောင်းနင်း လုပ်နေတာတွေကို မဖြစ်စေချင်ကြပါဘူး။ နောက်ဆက်တွဲ သယံဇာတကျိန်စာထဲမှာ လူမှုစီးပွားဒုက္ခနွံထဲ မနစ်ချင်ကြပါဘူး။ ဒါကို သက်ဆိုင်ရာတွေက ကြပ်မတ်စေချင်ကြတာပါ။ နောက်ဆုံးတချက်ကတော့ တရုတ်နိုင်ငံအနေနဲ့ မန္တလေး-စစ်ကိုင်း ငလျင်ကြီးမှာ ကူညီကယ်ဆယ်ပေးခဲ့သလိုမျိုး မြန်မာပြည်သူလူထုကို အထောက်အပံ့ကောင်းတွေ ပေးနိုင်မယ်ဆိုရင် သားရွှေအိုးထမ်းကိန်းတွေ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတာ ပြောရင်း နိဂုံးချုပ်ချင်ပါတယ်ရှင့်။


ဟုတ်ကဲ့၊ နိဂုံးချုပ်ဆွေးနွေးပေးသွားတဲ့ မနန်းလွင်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့ ဒီနေ့မှာတင်ပြခဲ့တဲ့ အချက်အလက်တွေအပြင် အခြားသော သုတေသနတွေ့ရှိချက်တွေကိုလည်း ISP-Myanmar ရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာလည်း အခမဲ့ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသား တဦးချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိကြောင်းပြောရင်းနဲ့ ကျမတို့ရဲ့ အစီအစဉ်လေးကို ဒီမှာပဲရပ်နားပါရစေရှင့်။


▪️နောက်ဆက်တွဲမေးခွန်းများနှင့် ဖြေဆိုချက်များ

၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်တွင် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် ပြုလုပ်ချိန်အတွင်း စာဖြင့် ရေးသားမေးမြန်းခဲ့သော မေးခွန်းများကို ပြန်လည်ဖြေဆိုထားခြင်း ဖြစ်ပါသည်။



မြေရှားက ကချင်မှာပဲ ထွက်တာလား။ မြန်မာပြည်ထဲက တခြားနေရာတွေမှာရော ထွက်လား။ တခြားဒေသတွေမှာပါ ထွက်တယ်ဆိုရင် တရုတ်က လာတူးရင် ဘယ်လိုလုပ်မလဲ။

🔻
မြေရှားသတ္တုကို စီးပွားဖြစ် အများအပြား ထုတ်နိုင်တာကတော့ ကချင်ပြည်နယ်မှာပဲ ရှိပါတယ်။ ကချင်ပြည်နယ်အပြင် မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ မြေရှား ထွက်၊ မထွက်ဆိုတာကတော့ အတိအကျပြောဖို့ ခဲယဉ်းပါတယ်။ သုတေသနတချို့အရ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း ထားဝယ်ဒေသက နေရာတချို့မှာ မြေရှားထွက်နိုင်ခြေရှိကြောင်း လေ့လာထားတာတွေတော့ ရှိပါတယ်။​ ဒါပေမဲ့ သတ္တုသိုက်ပမာဏ ဘယ်လောက်အထိရှိနေတယ်၊ စီးပွားဖြစ်ထုတ်လို့ ရ၊ မရဆိုတာက သုတေသနလေ့လာချက်တွေ အများကြီးလိုဦးမှာပါ။ ဒီလို တခြားဒေသတွေမှာပါ မြေရှားထွက်တယ်ဆိုရင် လက်ရှိ ကချင်ပြည်နယ်မှာလိုမျိုး တရုတ်နိုင်ငံက လာရောက်တူးဖော်မှာမျိုးက ဖြစ်နိုင်ခြေရှိပါတယ်။ ကမ္ဘာ့စျေးကွက်မှာ မြေရှားလိုအပ်ချက်အရ တရုတ်နိုင်ငံတင်မဟုတ်ဘဲ တခြားနိုင်ငံတွေက လာရောက်တူးဖော်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ဆင်ထားနိုင်တာကတော့ မြေရှားတူးဖော်မှုနဲ့ပတ်သက်တဲ့ မူဝါဒ၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲပြဋ္ဌာန်းပြီး ဒီအချက်တွေအတိုင်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ပါပဲ။ ဒီလိုသာ ပြင်ဆင်ထားနိုင်မယ်ဆိုရင် ဘယ်နိုင်ငံကပဲ မြေရှားလာတူးတူး ဒီတူးဖော်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ၊ လူမှုဒုက္ခတွေကို အတိုင်းအတာတခုထိ ကာကွယ်နိုင်မှာပါ။



လက်ရှိကာလမှာ ဒေသခံတွေ တောင်းဆိုတဲ့ အချက်သုံးချက်ရအောင် ဘယ်လိုစီမံဖို့ စီစဉ်သင့်ပါသလဲ။

🔻
လက်ရှိ အနေအထားအရ ​ဒေသခံတွေ တောင်းဆိုတဲ့ အချက်သုံးချက်လုံး အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိသလို အချိန်လည်းယူရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီသုံးချက်လုံးကို ချက်ချင်း ဘယ်လို အကောင်အထည်ဖော်ပါဆိုတာထက်စာရင် ဒီပြဿနာတွေ အတိုင်းအတာတခုအထိ ပြေလည်ဖို့ကတော့ ရှေ့မှာဆွေးနွေးခဲ့သလို ဒေသအာဏာပိုင် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တရုတ်ကုမ္ပဏီတွေက အရေးကြီးပါတယ်။ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုအပေါ် မူတည်တဲ့အတွက် သူတို့အနေနဲ့ ဒီကိစ္စတွေဟာ သေသေချာချာ ကိုင်တွယ်ရမယ့်ကိစ္စဆိုတာကို နားလည်သဘောပေါက်ပြီး တဆင့်ချင်း လုပ်သွားဖို့လိုပါတယ်။ KIO ဘက်ကလည်း မြေရှားနဲ့ပတ်သက်ရင် မူဝါဒ သေချာထွက်လာဖို့ လုပ်ဆောင်နေတာမျိုးရှိပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ အောက်ခြေက ဒေသခံပြည်သူတွေရဲ့အသံကို သေချာနားထောင်ဖို့ လိုပါမယ်။ တဖက်မှာလည်း မြန်မာ-တရုတ်ဆက်ဆံရေးကို ထိခိုက်စေတဲ့၊ အထူးသဖြင့် တရုတ်အစိုးရနဲ့ မြန်မာပြည်သူအကြား ဆက်ဆံရေးနဲ့ တရုတ်အစိုးရအပေါ်အမြင်ကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ဒီလို သယံဇာတ တူးဖော်မှုကို စနစ်တကျကြပ်မတ်ဖို့ တရုတ်အစိုးရအနေနဲ့ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ နည်းပညာအကူအညီတွေ မျှဝေပေးတာ၊ အလေ့အကျင့်ကောင်းတွေ၊ လုပ်ထုံးလုပ်နည်းကောင်းတွေရှိဖို့ တွန်းအားပေးကူညီတာ၊ ပြည်သူလူထု အကျိုးအမြတ် ခွဲဝေခံစားရရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှု နည်းနိုင်သမျှနည်းရေး၊ ထိခိုက်နစ်နာမှုတွေအတွက် ပြန်လည်ကုစားရေးအစီအမံကောင်းတွေ အကောင်အထည်ဖော်နိုင်ဖို့ကို ရှေးရှုဖို့ လိုပါတယ်လို့ပဲ ဖြေချင်ပါတယ်။



လက်ရှိ SAC မှာရော၊ NUG အစိုးရမှာရော၊ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ (ဥပမာ KIA)တို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတွေ ရှိနေပါရက်နဲ့ အခုဖြစ်ပေါ်နေတဲ့ အကျိုးဆက်တွေကို နှစ်ဖက်စလုံးရဲ့ Related Concern ကရော ဘာတွေများ ထိထိရောက်ရောက် ပတ်သက်ဆက်နွှယ် လုပ်ဆောင်နေပါသလဲခင်ဗျာ။ ဘာဆိုဘာမှ မလုပ်နိုင်ကြတော့ဘူးလားဆိုတာ သိချင်ပါတယ်။

🔻
မြေရှားနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့ အရပ်သားတပိုင်းအစိုးရလက်ထက်တွေမှာလည်း ဖြေရှင်းနိုင်တာမျိုး မရှိခဲ့ပါဘူး။ အထူးသဖြင့် လက်နက်ကိုင်တွေရဲ့ အကျိုးစီးပွားယှက်နွယ်မှုမျိုးစုံ ပါဝင်နေလို့ပါ။ မြေရှားတူးဖော်မှုကြောင့် ဖြစ်ကြရတဲ့ အခြေအနေတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးတာမျိုးရှိပေမဲ့ လက်တွေ့မှာတော့ ပဋိပက္ခတွေ၊ လက်နက်ကိုင်တွေရဲ့ ပါဝင်မှုတွေကြောင့် ထိထိရောက်ရောက် ကိုင်တွယ်နိုင်တာမျိုး မရှိခဲ့တာဖြစ်ပါတယ်။ မြေရှားကို နှစ်ပေါင်းများစွာ စည်းမဲ့ကမ်းမဲ့ တူးဖော်လာတာကြောင့် အခုလို ပဋိပက္ခတွေ ကျယ်ပြန့်လာတဲ့အခြေအနေတွေမှာ ပိုမိုစုပြုံကျယ်ပြန့်လာတဲ့ မြေရှားတွင်းတွေနဲ့အတူ ထိခိုက်မှုပိုမိုများလာတာကြောင့် ဒေသခံတွေက အခုလို အဘက်ဘက်ကနေ ဆင်းရဲဒုက္ခဒဏ်ကို ပိုပိလာတာဖြစ်ပါတယ်။ လက်ရှိမှာ မြေရှားနဲ့ ပတ်သက်တဲ့မူဝါဒကို ရေးဆွဲပြင်ဆင်နေပေမဲ့ ဘက်အသီးသီးက ပါဝင်မှုအားနည်းနေတာကိုလည်း တွေ့ရပါတယ်။ ဒီတော့ မြေရှားမူဝါဒရေးဆွဲနေချိန်မှာ ဘက်အသီးသီးပါဝင်မှု အထူးသဖြင့် ဒေသခံတွေရဲ့အသံကို သေချာနားထောင်ပြီး ထည့်သွင်းပြင်ဆင်နိုင်မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ မူဝါဒတခု ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ဖြေချင်ပါတယ်။



မြေရှားလုပ်ကွက်တွေက KIO အပြင် တခြား ပြည်တွင်း ဘယ်သူတွေ ပါဝင်နေပါသလဲ။ ပြည်တွင်း company လိုမျိုး။

🔻
ပန်ဝါဒေသကို KIA မသိမ်းပိုက်ခင်က ချီဖွေနဲ့ ပန်ဝါဒေသက မြေရှားတူးဖော်မှုတွေမှာ စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖြစ်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ အဓိက ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီထဲမှာ NDA-K ခေါင်းဆောင် ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ မြန်မာမျိုးကိုကိုကုမ္ပဏီက မြေရှားလုပ်ကွက်အများစုမှာ ပါဝင်ပတ်သက်နေပါတယ်။ ဒါ့အပြင် ဌာနေပြည်သူ့စစ်တချို့နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေအပြင် ‘ဝ’ကုမ္ပဏီတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။



မြန်မာ့မြေရှားတူးဖော်မှု

ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ






Leave a Reply

Your email address will not be published. Required fields are marked *