၂၀၂၅ ခုနှစ် ဩဂုတ် ၁၆ ရက်တွင်ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၉‘စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေး နိဂုံးချုပ်ချက်’၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယခု Recap Memo ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုဖော်ပြချက်တွင်ပါဝင်သောအကြောင်းအရာများသည် ISP-Myanmar ၏ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလေ့လာမှု (Conflict, Peace and Security Studies) သုတေသနပြု လေ့လာချက်များထဲက တစိတ်တပိုင်းဖြစ်ပါသည်။
▪️အယူအဆမှတ်စု
သိပ်မကြာသေးတဲ့ကာလမှာ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ဆက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့ မြို့သိမ်း၊ နယ်သိမ်း စစ်ရေးအောင်ပွဲတွေဟာ အတော်ပဲ လှုပ်ခတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်အန်တုခဲ့တဲ့ ‘နွေဦးတော်လှန်ရေး’ရဲ့ အစောပိုင်း ကြန်အင်လက္ခဏာဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပေမဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲကို အဓိကတိုက်ပွဲပုံသဏ္ဌာန်အဖြစ် အလေးပေး ဖော်ပြခဲ့ကြပါတယ်။ ပြည်ပရောက် မီဒီယာပေါင်းစုံမှာလည်း စစ်ရေးသတင်းတွေပဲ ကဲနေခဲ့ပြီး ‘စစ်ရေးကသာ အရာရာ’ ဖြစ်ခဲ့ပါတယ်။
သဘောတရားအရ ဖော်ပြရရင် စစ်ရေးအောင်ပွဲတွေကနေ အလိုအလျောက် အောင်မြင်တဲ့ နိုင်ငံရေးရလဒ် ထွက်ပေါ်လာမယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။ စစ်ရေးအောင်ပွဲတွေကြောင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့လည်း မဆိုနိုင်ပါဘူး။ တနည်းဆိုရရင် နိုင်ငံရေးအောင်မြင်မှုဆိုတာက အကျယ်အပြန့်သော ပန်းတိုင်၊ ဦးတည်ထားချက်ကို ပေါက်မြောက်အောင် ဆောင်ကြဉ်းနိုင်ခြင်းသာဖြစ်ပြီး ဒီရည်ရွယ်ချက်ကို ရနိုင်ဖို့ စစ်တိုက်ကြတာဖြစ်ပါတယ်။ ကြားဖူးနေကျ ကလီရှေးစကားလို ‘နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်၊ စစ်ပွဲဆိုတာ သွေးထွက်တဲ့ နိုင်ငံရေး’ ဆိုတာမျိုးပါပဲ။
မြန်မာ့နိုင်ငံရေးပဋိပက္ခနဲ့ လူထုလှုပ်ရှားမှုကို ပြန်ကြည့်တဲ့အခါ လူထုဘက်က တာဝန်အကျေကြီး ကျေခဲ့ကြပါတယ်။ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွထွက်ပေါ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း သောင်ပြိုကမ်းပြို တခဲနက် မဲပေးခဲ့ကြပါတယ်။ တရားဝင်မှု (legitimacy) ကို ဖန်တီးပေးကြပါတယ်။ စစ်အာဏာရှင်နဲ့ မပူးပေါင်းရေး အကြမ်း မဖက်လှုပ်ရှားမှုတွေမှာ CDM ကစလို့ ‘ဘူးသပိတ်’၊ ‘ပန်းသပိတ်’နဲ့ ‘ဆိတ်ဆိတ်နေခြင်းသပိတ်’ (silent strike) တို့လို သပိတ်ပေါင်းစုံမှာလည်း ပူးပေါင်းပေးခဲ့ကြပါတယ်။ လှုပ်ရှားမှုတိုင်းမှာလည်း လူအား၊ ရင်းမြစ်အားနဲ့ ထောက်ပံ့ပေးကြပါတယ်။ လှုပ်ရှားမှုအတွင်း ချွတ်ချော်တိမ်းစောင်းမှုရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ် စဉ်းစားပေးကြပါတယ်။ ဒီလိုမျိုး ပြည်သူလူထု ထောက်ခံမှုကြီးမားတာကို နိုင်ငံရေးရလဒ်အဖြစ် ပြောင်းလဲပေးနိုင်ဖို့က ခေါင်းဆောင်မှုပိုင်းမှာသာ တာဝန်ရှိပါတယ်။ ပြည်သူလူထုကတော့ တာဝန်ကျေခဲ့ပါတယ်။
သိပ်မကြာသေးခင်ကာလမှာ မြန်မာစစ်တပ် အထိနာခဲ့တဲ့ဖြစ်ရပ်များစွာ ရှိခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းကာလတွေမှာ ပိုပြီး ထင်ရှားခဲ့ပါတယ်။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ မကြုံဖူးလောက်တဲ့ စစ်ရေးအသာစီးရမှုတွေလည်း ရခဲ့ပြီး မြန်မာစစ်တပ်ဟာ အရှက်တကွဲ ရှုံးနိမ့်မှုနဲ့အတူ ဖရိုဖရဲဖြစ်ရပ်တွေ ကြုံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ လူထုထောက်ခံမှု၊ အင်စတီကျူးရှင်း ဖွဲ့စည်းမှု၊ ခေါင်းဆောင်မှု၊ နည်းပညာ၊ ယုံကြည်မှုဝါဒအားလုံး အကြီးအကျယ် စိန်ခေါ်ခံခဲ့ရပါတယ်။ မြန်မာစစ်တပ်နဲ့ နေပြည်တော်ရဲ့အခြေအနေကို ‘လှိုက်စား၊ ယွင်းစားနဲ့ မုန်တိုင်းထန်’ ဆိုတဲ့ စကားလုံးသုံးလုံးနဲ့ အဲဒီကာလမှာပဲ ISP-Myanmar က သရုပ်ဖော်ပြခဲ့ပါတယ် (‘နေပြည်တော်လိုဂျီ- နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု’၊ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် အမှတ်-၂ ကို ရှုပါ)။
အခုတော့ မြန်မာစစ်တပ်ဟာ မဟာဗျူဟာအရ အရေးပါတဲ့ အချို့သောမြို့တွေဖြစ်တဲ့ မိုးဗြဲနဲ့ နောင်ချိုမြို့တွေကို ပြန်သိမ်းခဲ့ပါတယ်။ အရေအတွက်အားဖြင့် နည်းပါသေးတယ်။ ဒါပေမဲ့ နည်းပညာပိုင်းနဲ့ လူအင်အားတွေ ပြင်ဆင်စုစည်းပြီး နာလန်ထူလာတယ်လို့ ယူဆနိုင်တဲ့ အလှည့်အပြောင်းတချို့ကို မြင်နိုင်ပါတယ်။ အဲဒါအပြင် စစ်ကောင်စီကို စစ်ကော်မရှင်အဖြစ် အသစ်စုဖွဲ့ပြီး ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ပါ စိုင်းပြင်းခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်ရေး၊ မဖြစ်မြောက်အောင် ဖျက်ဆီးရေးလုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ပြင်ဆင်နေကြပေမဲ့ နိုင်ငံရေး ထိုးစစ်တခုထက်စာရင်၊ နည်းပရိယာယ်ပိုင်း တုံ့ပြန်မှုသဘောသာ ပိုဖြစ်နိုင်ဖွယ် ရှိနေပါတယ်။
ရခဲ့ပြီးဖြစ်တဲ့ စစ်ရေးအောင်ပွဲတွေကို နိုင်ငံရေးအလှည့်အပြောင်းအဖြစ် ဖန်တီးဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကိုယ့်ရဲ့ အသာစီးရမှုတွေကို နောက်ဆုံးပန်းတိုင် မဟုတ်ရင်သော်မှ ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက် အရေးကြီးပါသလဲ။ စစ်ရေးအောင်ပွဲတွေနဲ့ အန္တိမ နိုင်ငံရေးရည်ရွယ် ချက်ချိတ်ဆက်မှု၊ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးဆက်စပ်မှုအခြေအနေတွေကို အခုတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေး နိဂုံးချုပ်ချက်
‘ISP နဲ့ အတူ မိနစ် ၃၀’အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများ မင်္ဂလာပါ။ ကျမကတော့ စုလင်းဟန်ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင်ရွက်သွားမှာပါ။ ဒီကနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ ‘စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေး နိဂုံးချုပ်ချက်’ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်ရှင့်။ ပါဝင်ဦးဆောင်ဆွေးနွေးကြမယ့် panelist တွေကတော့ ISP-Myanmar Conflict, Peace and Security Studies က လူငယ်သုတေသီတွေဖြစ်ကြတဲ့ ကိုထက်ရှိန်၊ ကိုနိုင်မင်းခန့်နဲ့ မခင်ခင်တို့ပဲဖြစ်ပါတယ်။ Panelist တွေရဲ့ ဆွေးနွေးမှုအပြီးမှာတော့ ကျမတို့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ကောက်ယူထားတဲ့မေးခွန်းတွေအပြင် ဒီနေ့ပွဲကို တက်ရောက်လာသူတွေရဲ့ မေးခွန်းနဲ့မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာပါ။ Live ဒါမှမဟုတ် Chat Box နဲ့ Q&A Session ကနေလည်း မေးခွန်းနဲ့မှတ်ချက်တွေကို ပေးပို့ထားလို့ ရပါတယ်။ အချိန်အကန့်အသတ်ကြောင့် ပွဲချိန်အတွင်းမှာ ကျမတို့ဘက်က မေးခွန်းအားလုံးကို မဖြေလိုက်နိုင်ဘူးဆိုရင် ဒီမေးခွန်းတွေကို နောက်ပိုင်းမှာ email ကနေတဆင့် ပြန်လည်ပေးပို့ဖြေကြားသွားမှာပါ။ မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ မပါဝင်ဖို့ပါပဲ။ ဒီအချက်တွေကို chat box ကနေလည်း ပေးပို့ထားပါတယ်ရှင့်။ ဒီနေ့အစီအစဉ်ကို DVB ရုပ်သံသတင်းဌာနနဲ့ ISP-Myanmar ရဲ့ website နဲ့ social media တွေမှာ ပြန်လည်ထုတ်လွှင့်သွားမှာပါ။ ကျမတို့ရဲ့ ဆွေးနွေးမှုကို စတင်တော့ပါမယ်ရှင့်။ Panelist ဖြစ်တဲ့ ကိုထက်ရှိန်က ဆွေးနွေးပေးပါအုံးရှင့်။
ဟုတ်ကဲ့၊ မင်္ဂလာပါဗျ။ ပထမဆုံးအနေနဲ့တော့ ဒီနေ့ ‘ISP နဲ့အတူ မိနစ် ၃၀’အစီအစဉ်ကို တက်ရောက်လာကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်တဲ့ အကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ ဒီနေ့မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်တာကာလကို နည်းနည်းလောက် ပြန်ပြီးလေ့လာကြည့်ရအောင်ပါ။ စစ်အာဏာသိမ်းပြီးနောက်မှာ လူထုက အကြမ်းမဖက်လှုပ်ရှားမှုကို အခြေခံပြီးချီတက်ဆန္ဒပြတာတွေ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တာတွေ၊ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ စစ်ကောင်စီကို တန်ပြန်ခဲ့ကြတယ်၊ ဆန့်ကျင်ခဲ့ကြတယ်ပေါ့။ အဲဒီနောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးကို နည်းလမ်းတခုအနေနဲ့ သုံးပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်။ အာဏာသိမ်းပြီးတော့ နှစ်နှစ်တာကာလအတွင်းမှာ လက်နက်ကိုင်တပ်တွေ နေရာအနှံ့အပြားမှာ အများအပြားပေါ်ပေါက်ခဲ့တယ်။ အဲဒီကာလအတွင်းမှာ ဒီတပ်တွေရဲ့ တပ်တည်ဆောက်မှုတွေ၊ သူတို့နဲ့ စစ်ကောင်စီနဲ့ကြားထဲက တိုက်ပွဲတွေက နေရာအနှံ့အပြားမှာ ဖြစ်ခဲ့တယ်ပေါ့။ အဲဒီနောက်တော့ ‘စစ်ဆင်ရေး ၁၀၂၇’ ဖြစ်လာတယ်။ ဒီမှာလည်း စစ်ရေးအောင်မြင်မှုတွေ အများအပြားရခဲ့ပါတယ်။ ဒီကာလတောက်လျှောက်မှာ လက်နက်ကိုင်လမ်းစဉ်ကို နည်းလမ်းတခုအနေနဲ့ သုံးပြီးတော့ စစ်ကောင်စီကို ဆန့်ကျင်ခဲ့ကြတာပေါ့။ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့သူတွေကိုလည်း သူရဲကောင်းတွေအဖြစ်နဲ့ ပုံဖော်ကြပါတယ်။ ပြည်တွင်းပြည်ပက မီဒီယာပေါင်းစုံမှာလည်း စစ်ရေးသတင်းတွေ ကဲနေခဲ့ပြီးတော့ စစ်ရေးကသာ အရာရာ ဖြစ်နေခဲ့ပါတယ်။
ဆိုတော့ ကျနော်တို့ ဒီနေ့မှာ ဒီစစ်ရေးအောင်မြင်မှုရလဒ်တွေကို နိုင်ငံရေးရလဒ်အဖြစ်နဲ့ ပြောင်းလဲနိုင်ခဲ့သလားဆိုတာ ပြန်ပြီးတော့ ဆန်းစစ်ကြည့်သင့်ပါတယ်။ စစ်ရေးရလဒ်တွေကို နိုင်ငံရေးရလဒ်တွေအဖြစ် ပြောင်းလဲဖို့ ဘယ်လောက်အထိ အရေးပါသလဲ၊ နိုင်ငံတကာမှာရော ပြည်တွင်းစစ်တွေက ဘယ်လိုအဆုံးသတ်လေ့ရှိလဲ၊ အဆုံးသတ်တိုင်းကရော ပြည်သူတွေလိုလားတဲ့၊ ပြည်သူတွေဖြစ်ချင်တဲ့၊ မျှတတဲ့ ရလဒ်မျိုး ဟုတ်ရဲ့လားပေါ့။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းမှာရော ဘယ်လိုရလဒ်တွေ ရှိခဲ့ဖူးလဲ၊ အခုအခြေအနေမှာရော ဘယ်လိုအခင်းအကျင်းတွေ၊ ဘယ်လိုဖြစ်နိုင်ခြေတွေ ရှိနေလဲဆိုတာ သုံးသပ်ဆွေးနွေးသွားမှာပါ။ ဒီအကြောင်းအရာတွေကို ဒီနေ့ အပိုင်းသုံးပိုင်းခွဲပြီးတော့ ကျနော်တို့ ဆွေးနွေးချင်ပါတယ်။
ပထမဆုံးအနေနဲ့ကတော့ အခုလက်ရှိအခြေအနေနဲ့ ယှဉ်ထိုးပြီးတော့ နည်းနည်းဆွေးနွေးချင်ပါတယ်ခင်ဗျ။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းမှာ စစ်ရေးအောင်မြင်မှုတွေ အများအပြားရခဲ့တယ်၊ လက်နက်ကိုင်တော်လှန်ရေးတပ်တွေရဲ့ အုပ်ချုပ်ရေးနယ်မြေတွေ ကျယ်ပြန့် လာခဲ့ပါတယ်။ ဒီလိုရလဒ်တွေ ရဖို့အတွက်လည်း တိုက်ပွဲဝင်တပ်ဖွဲ့ဝင်တွေရဲ့ အသက်သွေးချွေးတွေ အများကြီး ရင်းနှီးခဲ့ရပါတယ်။ ရလဒ်အနေနဲ့ကတော့ ဒီစစ်ဆင်ရေးတွေ ပေါ်ပေါက်လာအောင် ဦးဆောင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ရှိတယ်ပေါ့၊ သူတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေတွေ ကျယ်ပြန့်လာတယ်။ ပြည်သူလူထုကတော့ ‘ဘယ်သူတွေပဲ လွတ်မြောက်လွတ်မြောက် တို့လွတ်မြောက်တာပဲ’ဆိုတဲ့စိတ်နဲ့ ချီးကျူးထောမနာပြုကြပါတယ်။
ဒီနယ်မြေတွေမှာ အုပ်ချုပ်ရေးအပြင် စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။ သယံဇာတတွေ အများကြီးရှိတဲ့ မိုးကုတ်လို၊ သပိတ်ကျင်းလိုနေရာတွေကိုကြည့်ရင် ပိုပြီးတော့ ထင်ရှားပါတယ်။ တခုရှိတာက အဲဒီစစ်ဆင်ရေးတွေ နောက်ပိုင်းမှာတောင်မှ ဒီစစ်ဆင်ရေးတွေ ပေါ်ပေါက်အောင် ဦးဆောင်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့၊ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကြားထဲမှာ ထူးခြားတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ မရှိခဲ့ပါဘူး။ ဘုံရန်သူစစ်ကောင်စီကို စစ်ရေးအရ အတူတကွ ချေမှုန်းတယ်ဆိုတာထက် မပိုခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန် စစ်ကောင်စီဘက်မှာကျတော့ လူအင်အား၊ လက်နက်အင်အား၊ စိတ်ဓာတ်ရေးရာ၊ နည်းပညာ၊ အယူဝါဒရေးရာ စသည်ဖြင့် အဘက်ဘက်ကနေ ချွတ်ခြုံကျပြီး သွေးလန့်နေရတဲ့ အခြေအနေပါ။ ‘စစ်ဆင်ရေး ၁၀၂၇’ ပေါ်ပေါက်ပြီး လေးလလောက်အကြာမှာပဲ စစ်ကောင်စီက မြို့ပေါင်း ၄၀ လောက်ကို လက်လွှတ်ခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်ကောင်စီက တရုတ်လို အင်အားကြီးနိုင်ငံဆီက အကူအညီ ရခဲ့တယ်ပေါ့လေ။ လားရှိုးလိုမြို့ကြီးကိုလည်း တရုတ်ရဲ့ အကူအညီနဲ့ ပြန်ရခဲ့တယ်။ ပြီးတော့ အခုဆိုရင် စစ်ကောင်စီက မဟာဗျူဟာအရ အရေးပါတဲ့ နေရာတချို့ကိုလည်း ပြန်ပြီးတော့ သိမ်းပိုက်ထားနိုင်ပါတယ်။ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ မြို့ပေါင်း ခုနစ်မြို့ထက်မနည်း စစ်ကောင်စီက ပြန်ပြီးတော့ သိမ်းယူထားနိုင်ပါတယ်။ အရေအတွက်အားဖြင့် နည်းသေးတယ်လို့ ပြောနိုင်ပေမဲ့ အလှည့်အပြောင်းတခုလို့ ပြောရမှာပါ။
နောက်ပြီးတော့ စစ်ကောင်စီက စစ်ကော်မရှင်အဖြစ် အသစ်ပြန်ဖွဲ့စည်းပြီးတော့ ရွေးကောက်ပွဲကိုလည်း စိုင်းပြင်းလာပါတယ်။ ဒါကလည်း နိုင်ငံရေးထိုးစစ်တခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒါကို ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေက အောင်မြင်နေတဲ့အနေအထား အထူးသဖြင့် စစ်ရေးအရ အောင်မြင်ပြီးရနေတဲ့ ရလဒ်တွေကို နိုင်ငံရေးရလဒ်အဖြစ်နဲ့ မပြောင်းလဲနိုင်ခဲ့ဘူးလို့ သုံးသပ်ရမှာပါ။ ဒါပေမဲ့ တဖက်မှာလည်း တော်လှန်ရေးက မပြီးသေးဘူး၊ နောက်ထပ်စစ်ဆင်ရေးတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်နိုင်သေးတယ်လို့ စောဒကတက်နိုင်ပါတယ်။ တိုက်ပွဲအဆင့်မှာ သူတပြန်ကိုယ်တပြန် အရှုံးအနိုင်တွေရှိပေမဲ့ စစ်ပွဲအဆင့်တခုကို ပုံဖော်နေတယ်လို့လည်း တန်ပြန်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကနေ လူအင်အားတွေရတယ်၊ နောက် အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေဆီကနေ လက်နက်နည်းပညာ အထောက်အပံ့တွေရတယ်၊ ပထဝီနိုင်ငံရေးအရ အကာအကွယ်တွေ ရထားတယ်ပေါ့။
ဆိုတော့ ဒီအခြေအနေမှာ အရင်တခါကလိုမျိုး စစ်ကောင်စီကို အလစ်အငိုက် အထိနာအောင် ထိုးနှက်ဖို့က လွယ်ကူချင်မှ လွယ်ပါတော့မယ်။ ဒီလိုပြောလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြိုလဲသွားနိုင်တယ်လို့ ဆိုလိုချင်တာလည်း မဟုတ်ပါဘူး။ ဆိုလိုချင်တာက စစ်ရေးအရ တဖက်နဲ့တဖက် အပြတ်အသတ် အနိုင်ယူလိုက်ဖို့ ခက်ခဲတဲ့အခြေအနေ၊ သူမနိုင်ကိုယ်မနိုင် (stalemate) အခြေအနေကို ရောက်နေပြီလို့ ဆိုလိုချင်တာပါ။ ဒီအခြေအနေကို ရောက်လာတဲ့အခါမှာ စစ်ရေးတိုက်ပွဲတွေအပြင် နိုင်ငံရေးကိစ္စကိုလည်း ထည့်ပြီးစဉ်းစားဖို့ အရေးကြီးလာပါတယ်။ ဒါကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေအားလုံးကို ခြုံငုံပြီးတော့ အနုမာနသဘော သုံးသပ်ပြတာပါ။ ဒုတိယပိုင်းကို မခင်ခင်က ဆက်ပြီးတော့ ဆွေးနွေးပေးပါအုံးခင်ဗျ။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ရှင့်။ အခုဒုတိယပိုင်းမှာတော့ ကျနော်တို့က ပြည်တွင်းစစ်ပွဲတွေရဲ့ အဆုံးသတ်ကို နိုင်ငံတကာဥပမာတချို့ကို မှီးငြမ်းပြီးတော့ သုတေသနရှုထောင့်ဘက်ကနေပြီး လေ့လာဆန်းစစ်သွားမှာ ဖြစ်ပါတယ်ဗျ။ ဆိုတော့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ကမ္ဘာတဝန်းမှာလည်း ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ပုံစံမျိုးစုံနဲ့ အတော်ရှည်ကြာစွာ ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ဇာတ်ကောင်တွေ အများအပြားပါဝင်တဲ့ ပြည်တွင်းစစ် (multi-party civil war) လို့လည်း ကျနော်တို့ ဆိုရမှာပါ။ ဆိုတော့ ဒီအချက်က အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဖွဲ့အစည်းတွေ များလာလေလေ နိုင်ငံရေးမျှော်ရည်ချက်၊ ရပ်တည်ချက်၊ လုပ်ဆောင်ပုံတွေက ကွဲပြားလာတာကြောင့်ပဲဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အဆုံးသတ်ကို လေ့လာကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် (၁) တော်လှန်သူတွေဘက်က အနိုင်ရခြင်း (rebel victory)၊ (၂) အုပ်စိုးသူဘက်က အနိုင်ရခြင်း (incumbent victory) နဲ့ (၃) ညှိနှိုင်းဆွေးနွေးအဖြေရခြင်း (negotiated settlement) ဆိုပြီး ကျနော်တို့ သုံးမျိုးခွဲပြီး လေ့လာနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ရလဒ်တွေက အဲဒီလောက်အထိ မရိုးရှင်းလှပါဘူး။ ကျနော်တို့ အခုဒီပုံမှာ ပြထားတဲ့အတိုင်းဆိုရင် ပထမအမျိုးအစားဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အနိုင်ရတာမျိုးကို ကြည့်ရအောင်ပါ။ ဒီအမျိုးအစားမှာဆို တော်လှန်ရေးတပ်ဖွဲ့တဖွဲ့တည်းက လုံးဝအနိုင်ရပြီး နိုင်ငံတနိုင်ငံလုံးကို ထိန်းချုပ်ခြင်းဆိုတဲ့ ဒီဖြစ်စဉ်ကတော့ ဖြစ်ဖို့ခဲယဉ်းတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ဗျ။
မြန်မာနိုင်ငံရဲ့ သမိုင်းအခြေအနေ၊ လက်ရှိအခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ခြင်းပဲ ဖြစ်ပါတယ်။ နောက်တခုက တော်လှန်ရေးတပ်ဖွဲ့ အများစုကနေပြီးတော့ တပ်ပေါင်းစုအသွင်နဲ့ အနိုင်ရသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ကတော့ စစ်အာဏာရှင်ကို ခါးခါးသီးသီးမုန်းနေတဲ့ ပြည်သူတွေအတွက်တော့ ဖြစ်လာရင် အကောင်းဆုံးဆိုတဲ့ ဖြစ်စဉ်တခုပါ။ သို့သော်လည်း ကျနော်တို့ သုံးသပ်ချက်ကတော့ ဒီဖြစ်စဉ်က မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဖြစ်နိုင်တာ၊ ဖြစ်နေတာထက် ဖြစ်ချင်တဲ့(aspiration) သဘော ပိုဆန်တယ်လို့ သုံးသပ်ရပါတယ်။ လက်တွေ့အခြေအနေတွေ အရဆိုရင်တော့ ဒီလို အောင်ပွဲဖြစ်ဖို့က ခဲယဉ်းတယ်လို့ သုံးသပ်ရမှာပါ။ နောက်ဆုံးတခုကတော့ failed state (or) state collapse ပါ။ နိုင်ငံတော်ကနေပြီးတော့ အုပ်ချုပ်ရေးတခုလုံး ပြိုကွဲသွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကနေ အနိုင်ရသွားတာမျိုးပါ။ ဒါကိုလည်း ကိုထက်ရှိန် သုံးသပ်ခဲ့တဲ့အတိုင်း တရုတ်၊ အိန္ဒိယ၊ ရုရှား စတဲ့ အင်အားကြီးနိုင်ငံတွေဆီကနေ စစ်ကောင်စီက အကူအညီတွေ ရနေသရွေ့တော့ ဖြစ်ဖို့ ခဲယဉ်းတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ခင်ဗျ။ ဆီးရီးယားနဲ့ ယီမင်တို့မှာ ဒီလိုကိစ္စမျိုး ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ စစ်တပ်အခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေက ဒီနိုင်ငံတွေနဲ့ ကွဲပြားတာကို ကျနော်တို့ သတိချပ်ရမှာပဲ ဖြစ်ပါတယ်။
နောက် ဒုတိယအမျိုးအစားဖြစ်တဲ့ အုပ်စိုးသူဘက်ကနေ စစ်ရေးအရ အလုံးစုံအပြတ်အသတ်အနိုင်ရသွားဖို့ဆိုတာလည်း မြန်မာနိုင်ငံမှာတော့ ဖြစ်ဖို့ခဲယဉ်းတယ်လို့ သုံးသပ်ပါတယ်။ ပြီးတော့ တဖွဲ့ချင်းစီကို တဆင့်ချင်းစီ အပြတ်အသတ်အနိုင်ယူသွားတာမျိုးကလည်း ဒီနိုင်ငံရဲ့ ကြာရှည်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကနေ ဖြစ်လာဖို့ကတော့ ခက်ခဲတယ်လို့ သုံးသပ်ပါတယ်။ နောက်ဆုံးတခုမှာကတော့ တချို့အဖွဲ့တွေက ပျက်စီးသွားမယ် ဒါမှမဟုတ် တချို့အဖွဲ့တွေကပူးပေါင်းသွားမယ်။ ဒီအခြေအနေမျိုးကလည်း မြန်မာနိုင်ငံမှာ ဖြစ်နိုင်ဖို့ခဲယဉ်းတယ်လို့ သုံးသပ်ပါတယ်။ ဆိုတော့ သုတေသနအချက်အလက်တွေဘက်ကနေ ခြုံငုံပြီး ပြောမယ်ဆိုရင် အုပ်စိုးသူဘက်က လုံးဝအနိုင်ရသွားခြင်းဆိုတဲ့ အခြေအနေမျိုးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဆိုတော့ နောက်ဆုံးတခုအနေနဲ့ တတိယအမျိုးအစားဖြစ်တဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း၊ ဒီစကားလုံးကတော့ မြန်မာနိုင်ငံမှာတော့ စကားလုံးအရကို နိုင်ငံရေးထမင်းရည်ပူစည်းအဖြစ် ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ထဲမှာဆိုရင် ဖြစ်စဉ်၊ ပါဝင်ဖက်၊ နောက်ခံအခြေအနေ၊ အင်အား စတာတွေပေါ်မူတည်ပြီး မူကွဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီရလဒ်ကို သုတေသီတွေအနေနဲ့ အမျိုးအစားအများကြီးခွဲပြီး ရှင်းပြတတ်ကြပါတယ်။ ကျနော်တို့ကတော့ ဒါ အကြမ်းဖျင်းအနေနဲ့ နှစ်မျိုးခွဲပြီး ရှင်းပြသွားပါမယ်။
ဆိုတော့ ပထမတခုကတော့ လုံးဝကို အလုံးစုံခြုံငုံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် (comprehensive peace agreement) ကနေတဆင့် နိုင်ငံရေးသဘော တူညီချက်တွေရလာမယ်၊ လုံခြုံရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်လာမယ်၊ ဒါက နိုင်ငံအတွက်ဆိုရင် သားရွှေအိုးထမ်းတဲ့ အခြေအနေမျိုးပါ။ သို့သော်လည်း ဒါက အပြောလွယ်သလောက်အလုပ်ခက်တဲ့ အခြေအနေမျိုးလို့ ကျနော်တို့ သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါကို နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့တဲ့ NCA ဖြစ်စဉ်ကို သာဓကယူပြီး သုံးသပ်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ကြာရှည်နေပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခရှိတဲ့ နိုင်ငံတခု၊ ပြီးတော့ များပြားလှတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ မတူညီတဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ မတူညီကြတဲ့ လူမျိုးရေး/ နိုင်ငံရေးနာကြည်းချက်တွေရှိတဲ့ နိုင်ငံတခုအတွက်တော့ အတော်ခက်ခဲနိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒုတိယတခုကတော့ တဖွဲ့ချင်းစီ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားတာပါ။ ဒီလိုကြိုးစားတဲ့အခါမှာလည်း စစ်ရေးသက်သက်လား၊ နိုင်ငံရေးသက်သက်လား၊ အုပ်ချုပ်ရေးအာဏာခွဲဝေမှုသက်သက်လား စတဲ့ အကြောင်းအရာတွေကို မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ ဥပမာအားဖြင့် တဖွဲ့ချင်းစီနဲ့ အပစ်အခတ်ရပ်စဲရေးကို ကာလတခုအထိ ညှိနှိုင်းထားပြီး နိုင်ငံရေး ဆက်မပြောဘဲထားတာမျိုးပါ။ ၂၀၁၀ မတိုင်ခင် KIA နဲ့လုပ်ခဲ့တဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ တချို့ကျတော့လည်း အပစ်ရပ်၊ နိုင်ငံရေးမပြောဘဲ ဒေသဖွံ့ဖြိုးရေးခေါင်စဉ်အောက်ကနေ စီးပွားရေးလုပ်ခွင့်ပေးပြီး ညှိနှိုင်းလိုက်တာပါ။ ဒါက အရင်တုန်းက ဗိုလ်ချုပ်ခင်ညွန့်တို့ လုပ်ခဲ့ဖူးတဲ့ ‘လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး ဥပဒေဘောင်ထဲကို ဝင်ရောက်ခြင်း’ဆိုတဲ့ ပုံစံမျိုးနဲ့ဆင်တူပြီး ဒီဖြစ်စဉ်ကတော့ စစ်ကောင်စီဘက်ကနေ အသာစီးရနိုင်တဲ့ အခြေအနေမျိုးပါ။ လက်ခံလိုက်တဲ့အဖွဲ့တွေက BGF ဖြစ်သွားတာမျိုးကို မြန်မာနိုင်ငံရဲ့ ဥပမာမှာ တွေ့ရပါတယ်။
နောက်တခုကတော့ အုပ်ချုပ်ရေးအာဏာကို အတော်အသင့်ပေးပြီး ဖြေရှင်းလိုက်တာမျိုးပါ။ မြန်မာနိုင်ငံမှာတော့ ဒီလိုအုပ်ချုပ်ရေးအာဏာပေးပြီး ညှိနှိုင်းတာကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ မူဘောင်ထဲကနေ လုပ်ကိုင်ခဲ့ကြတာကို လေ့လာနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ အုပ်ချုပ်ရေးအာဏာအပြင် နိုင်ငံရေးအရ တစိတ်တပိုင်းအနေနဲ့ ဖက်ဒရယ်လုပ်ကြတာမျိုးလည်းရှိပါတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံက အာချေးဒေသတို့လို၊ နီပေါနိုင်ငံတို့ကို ကျနော်တို့ ညွှန်ပြလို့ရပါတယ်။ ဒါကိုလည်း NCA ကာလတွေမှာ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေ လေ့လာခဲ့ဖူးကြပါတယ်။ အလုပ်ဖြစ်ခဲ့ပုံ မပေါ်ပါဘူး။
ပြန်ချုပ်ပြောရရင်တော့ မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက်ကတော့ ဒီအထဲကနေ တမျိုးတည်း၊ တပုံစံတည်း၊ တထပ်တည်း ဖြစ်ဖို့ကတော့ ခဲယဉ်းတယ်လို့ သုံးသပ်ပါတယ်။ နောက်တပိုင်းကို ကိုနိုင်မင်းခန့်က ဆွေးနွေးပေးပါအုံး။
ဟုတ်ကဲ့။ ကျေးဇူးပါ။ နောက်ဆုံးဆွေးနွေးချင်တာကတော့ ကျနော်တို့နိုင်ငံအတွက် ဖြစ်နိုင်ခြေအရှိဆုံး သုံးသပ်ချက်ကို ဆွေးနွေးသွားမှာပါ။ ဒါပေမဲ့ ဒီအချက်ကို မပြောခင်မှာ ကျနော်တို့နိုင်ငံအတွက် အခြေခံကျတဲ့ သမိုင်းကြောင်းဆိုင်ရာ အခြေအနေလေးတွေကို ဆန်းစစ်ကြည့်ကြရအောင်ပေါ့။ သမိုင်းတလျှောက် ကျနော်တို့ ကြည့်လို့ရှိရင် ဒီလူထုအုံကြွမှုကို ကြည့်ရင်လည်း လူထုက လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ပါဝင်တွန်းလှန်တော်လှန်ခဲ့ကြတယ်။ ရွေးကောက်ပွဲမှာဆိုရင်လည်း သောင်ပြိုကမ်းပြို မဲပေးခဲ့ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးကိုကြည့်ရင်လည်း ဘက်ပေါင်းစုံက ပံ့ပိုးခဲ့ကြတယ်။ ဒီလိုဆိုတော့ ခေတ်အဆက်ဆက် လူထုက တာဝန်ကျေခဲ့တယ်လို့ ကျနော်တို့ ပြောရမှာပါ။ ဒီလှုပ်ရှားမှုတွေ အတောအတွင်းမှာလည်း ချွတ်ချော်မှုတွေ၊ တိမ်းစောင်းမှုတွေ ရှိရင်တောင်မှ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေအပေါ်မှာ ပြင်းပြင်းထန်ထန် အပြစ်မြင်တယ်ဆိုတာမျိုး မရှိတာကို ကျနော်တို့ တွေ့ရတယ်။ နားလည်ခွင့်လွှတ်ပေးကြတယ်။
ဒါပေမဲ့ သမိုင်းတလျှောက်မှာ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေက ဒီလူထုထောက်ခံမှုတွေကို သုံးပြီးတော့ လူထုအတွက် အကျိုးဖြစ်မယ့်၊ နိုင်ငံရေးအရ အရွေ့တခုဖြစ်မယ့်ဟာတွေကို လုပ်ဖို့အတွက် ပျက်ကွက်ခဲ့တာ များပါတယ်။ လူထုထောက်ခံမှု လှိုင်းကိုပဲ လိုက်စီးပြီး မျောပါနေတာကို တွေ့ရတယ်။ လူထုအကျိုးဖြစ်မယ့် နိုင်ငံရေးအရ အရွေ့တခုဖြစ်အောင် လုပ်နိုင်ခဲ့တာ အတော်ကိုရှားတယ်လို့ ပြောရမှာပါ။
အခုလက်နက်ကိုင်တော်လှန်ရေးက ကိုထက်ရှိန် ဆွေးနွေးသွားသလိုပဲပေါ့နော် မြန်မာနိုင်ငံမှာ ရှေ့အခြေအနေတွေနဲ့ယှဉ်ရင် အားအကောင်းဆုံးအခြေအနေတခုကို ရောက်ခဲ့တယ်လို့ သုံးသပ်ရမှာပါ။ အိမ်နီးချင်းနိုင်ငံတွေရော၊ နိုင်ငံတကာကပါ မြန်မာစစ်တပ်က သမိုင်းမှာ မကြုံဖူးခဲ့တဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြောရတဲ့ အခြေအနေမျိုးအထိ ရောက်ခဲ့တာပေါ့။ ဒီလို အောင်မြင်မှုမျိုးကို နိုင်ငံရေးယန္တရားစနစ်အတွင်းကနေ လက်ဆုပ်လက်ကိုင် တခုခုရအောင်၊ တနည်း ရလဒ်ထွက်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဒီလိုမျိုး စစ်ရေးအောင်မြင်မှုကို အင်စတီကျူးရှင်းဘောင်ထဲကနေပြီးတော့ နိုင်ငံရေးအရွေ့ တခုဖြစ်အောင်၊ ပြောရရင်တော့ဗျာ institutionalized gain ရလာအောင် လုပ်ရမယ်လို့ ပြောတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကျနော်တို့ပြန်ကြည့်ရင် မခင်ခင် ဆွေးနွေးသွားသလိုပဲပေါ့နော် ပြဿနာအများစုမှာ တရားဝင်စာရွက်စာတမ်းတွေ၊ သဘောတူညီချက်တွေ၊ ပဋိညာဉ်တွေကို အခြေခံပြီး ဖြေရှင်းခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ စဉ်းစားကြည့်တဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာကို ကျနော်တို့ တွေ့ရပါတယ်။ အောင်မြင်ခဲ့တာလည်း နည်းမှာပေါ့။ ပင်လုံစာချုပ်ကနေအစချီပြီး နောက်ဆုံး ချုပ်ခဲ့ကြတဲ့ NCA စာချုပ်အထိ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ဖြေရှင်းချက်လိုမျိုးကို အလှမ်းဝေးနေတာကို သတိချပ်သင့်ပါတယ်။ ဖြစ်စဉ်အများစုကလည်း အလွတ်သဘောညှိနှိုင်းမှုတွေကနေပြီးတော့ ယုံကြည်မှု၊ နားလည်မှုကို အခြေခံတဲ့ အာဏာခွဲဝေမှုအစီအမံတွေ (informal power-sharing arrangement) နဲ့ပဲ လည်ပတ်ခဲ့ကြတာ တွေ့ရပါတယ်။
တဖက်မှာလည်း ဒီဖြေရှင်းမှုတွေကို ကျနော်တို့ အပြုသဘောဆောင်ပြီး လေ့လာကြည့်ရင် အဲဒီအခြေအနေတုန်းကဆိုရင် ပြည်ပနိုင်ငံတွေက စိတ်တိုင်းကျ ကြားဝင်/ကြားခံပြီး ဖြေရှင်းပေးရတာမျိုး မရှိခဲ့ဘူး။ ကိုယ့်အိမ်တွင်းပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခြေအနေက အရင်အခြေအနေနဲ့ ပြန်ပြီးနှိုင်းယှဉ်ရင် နည်းနည်းကွာခြားသွားပြီလို့ သုံးသပ်လို့ရပါတယ်ဗျ။ အခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပဋိပက္ခရဲ့ဇာတ်ကောင်တွေက ကိုယ့်ပြဿနာကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ အတော်ကို ခက်ခဲတဲ့ အခြေအနေဆိုက်ရောက်နေပြီလို့ ကျနော်တို့ သုံးသပ်ရမှာပါ။ ဒါကြောင့်လည်း အိမ်နီးချင်းတရုတ်နိုင်ငံက ကြားဝင်ပြီး သူတို့လိုချင်တဲ့ နည်းအတိုင်း ဖြေရှင်းဖို့ တွန်းအားပေးနေတာ တွေ့ရပါတယ်။ ဒါကလည်း အရှိတရားပါ။ တွန်းလှန်နိုင်ဖို့လည်း ခက်ပါတယ်။ ဒီအရှိတရားကို မြန်မာ့ပဋိပက္ခရဲ့ ဇာတ်ကောင်တွေက နားလည်ဖို့ ပျက်ကွက်နေအုံးမယ်ဆိုရင် အိပ်ရင်း လမ်းလျှောက်တဲ့လူလိုပဲ ဘယ်ရောက်မှန်းမသိဘဲနဲ့ နိုးလာတော့မှ အင်အားကြီးနိုင်ငံ တခုခုရဲ့ အလိုကျ အသုံးတော်ခံမယ်ဆိုရင်တော့ ဒါက အတော်အန္တရာယ်ကြီးတယ်လို့ ပြောရမှာပါ။
အခုအခြေအနေမျိုးမှာ မြန်မာ့ပဋိပက္ခရဲ့ ဇာတ်ကောင်တွေက ကိုယ့်အကျိုးစီးပွားကို အမြင့်ဆုံးရဖို့ နည်းမျိုးစုံ ကြိုးစားနေကြတာကို တွေ့ရတယ်ပေါ့။ အရင် စစ်ကောင်စီ၊ အခု စစ်ကော်မရှင်ပေါ့၊ သူဆိုရင်လည်း သူလိုချင်တဲ့ အခြေအနေရောက်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး နည်းမျိုးစုံသုံးပြီး ကြိုးစားနေတာကို တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရှိသမျှ အရင်းအမြစ်တွေ အားကုန်သုံးပြီး လိုချင်တဲ့အခြေအနေ ရောက်အောင် ကြိုးစားနေတာပေါ့လေ။ ဒါပေမဲ့ နိုင်ငံရေးအလှည့်အပြောင်းဖြစ်ဖို့ဆိုရင်တော့ ဒီရရှိထားတဲ့ စစ်ရေးရလဒ်တွေကို နိုင်ငံရေးအရ လက်နက်တခုသဖွယ် အသုံးချပြီးကျပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ နိုင်ငံရေးစနစ်အရွေ့တခု ဒါမျိုးရအောင် လုပ်သင့်တယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်ဗျ။ ပြီးတော့ကျတော့ ဒီလိုမျိုး စစ်ရေးရလဒ်တွေကို အင်စတီကျူးရှင်းဘောင်ထဲကနေ အရွေ့တခုအဖြစ် ဖန်တီးနိုင်ဖို့က အရေးကြီးသလို တကယ်လည်း လက်တွေ့ကျတဲ့ အခြေအနေတခုလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ပြီးတော့ နိုင်ငံရေးအရွေ့တို့၊ နိုင်ငံရေးရလဒ်တို့လို့ ပြောရင်တော့ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ပြီး နည်းပေါင်းစုံနဲ့ ချဉ်းကပ်ကြတာ တွေ့ရပါတယ်။ သုံးသပ်ရရင်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ရုတ်ခြည်းဆိုသလို နေ့ချင်းညချင်းကြီး ပြောင်းလဲဖို့က မလွယ်ကူနိုင်သေးဘူးဗျ။ ဖြည်းဖြည်းချင်း တည်ဆောက်ရင်း၊ ပြောင်းလဲရင်း ကြိုးစားကြရမယ့် အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးကလည်း ဖြစ်နိုင်ခြေ ပိုပြီးများတယ်လို့ သုံးသပ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဖန်တီးနိုင်ဖို့ ပျက်ကွက်ကြအုံးမယ်ဆိုရင်တော့ ပြည်သူလူထုက ဆက်ပြီး ဒုက္ခပင်လယ်ဝေနေအုံးမှာပဲလို့ ဆွေးနွေးရင်းနဲ့ ကျနော်တို့ ဆွေးနွေးမှုပထမပိုင်းကို နိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။
ဟုတ်ကဲ့ပါ။ ဆွေးနွေးပေးသွားတဲ့ panelist တွေကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ အမေးအဖြေကဏ္ဍကို သွားချင်ပါတယ်။ ကျမတို့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ကောက်ယူထားတဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒီမေးခွန်းတွေထဲမှာ တူရာစုပြီးတော့ မေးခွန်းနှစ်ခု ပြင်ဆင်ထားပါရှင့်။ ပထမမေးခွန်းကို ကျမ ဖတ်ပြချင်ပါတယ်။
❓
၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ အဲဒီကာလမှာ နိုင်ငံရေးအရွေ့တခုရအောင် လုပ်ခဲ့ကြတယ်။ နောက်ဆုံး စစ်တပ်က အာဏာထပ်သိမ်းတော့ လုပ်ထားသမျှ အကုန်ပျက်ကုန်တာပေါ့လေ။ ဒီလိုကဖျက်ယဖျက်လုပ်နေတဲ့ စစ်တပ်ကို ဘယ်လိုယုံရမလဲ။
ဟုတ်ပါတယ်။ သမိုင်းအထောက်အထားကြည့်မယ်ဆိုလို့ရှိရင်တော့ စစ်တပ်ရဲ့ နိုင်ငံရေးစိတ်ရင်းစေတနာဆိုတာ ယုံကြည်စရာမရှိဘူးလို့ပြောရင် ဒါနားလည်ပေးလို့ရပါတယ်။ ပဋိပက္ခ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ တဖက်နဲ့ တဖက် မယုံကြည်ကြတာလည်း ဒါသဘာဝပါပဲ။ ဒါကတော့ ကျနော်တို့ဆီမှာမှ မဟုတ်ဘူး၊ နိုင်ငံတကာမှာရှိနေတဲ့ ဘယ်လိုပဋိပက္ခမဆို၊ ပြည်တွင်းစစ်မဆို အဲဒီလိုပဲပေါ့နော်။ အဲဒါကြောင့်လည်း ပဋိပက္ခအတွက် ညှိနှိုင်းအဖြေရှာကြတော့မယ်ဆိုရင် အင်အားကြီးနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ ပုဏ္ဏားတိုင်သဘောမျိုး ဝင်ပြီးအာမခံပေးရတာမျိုး ရှိတတ်ပါတယ်။ တခုရှိတာကလည်း အဲဒီလို ညှိနှိုင်းဆွေးနွေးမယ်ဆိုလို့ရှိရင်၊ ပြောလိုက်လို့ရှိရင် စပြောတဲ့ဘက်က၊ ညှိနှိုင်းဖို့အတွက် စပြီးတော့ပြောတဲ့ဘက်က အားနည်းနေလို့ ပြောတာဆိုတဲ့ ယူဆချက်မျိုးလည်း ရှိတတ်ပါတယ်။
အဲဒါကြောင့် ကျနော်တို့ ရှေ့မှာပြောခဲ့သလိုပဲ ဒီစစ်ရေးရလဒ်တွေကို နိုင်ငံရေးရလဒ်အဖြစ် ပြောင်းလဲဆိုတဲ့ဟာက နည်းလမ်းတွေ၊ နည်းနာတွေထဲက တခုပဲပေါ့နော်။ ဒါဟာတခုတည်းသော နည်းလမ်းလည်းမဟုတ်ဘူး။ နောက်ဆုံးပန်းတိုင်လည်း မဟုတ်ဘူးပေါ့။ ဆိုတော့ ဒီလိုအချိန်မှာ ဆွေးနွေးညှိနှိုင်းကြတဲ့အချိန်မှာလည်း နောက်တခုရှိတာက ပိုပြီးတော့ အားကြီးတဲ့ဘက်က အထက်စီးကနေပြောနိုင်စွမ်းရှိတတ်တယ်၊ ပိုပြီးစျေးဆစ်နိုင်စွမ်းရှိတတ်တယ်။ ဒါကြောင့်လည်း ကျနော်တို့က စစ်ရေးအောင်မြင်မှုကနေရထားတဲ့ အားတွေ၊ အောင်မြင်မှုတွေကို နိုင်ငံရေးရလဒ်အဖြစ် အသွင်ပြောင်းတဲ့နေရာမှာ ညှိနှိုင်းနိုင်စွမ်းအားပေါ့နော်၊ bargaining power အဖြစ်နဲ့ ဘယ်လိုသုံးမလဲဆိုတာ အရေးကြီးတယ်။ ဒီဟာကို မဟာဗျူဟာကျကျ ဘယ်လို ကြိုတင်ပြင်ဆင်ထားမလဲဆိုတာ ဦးစားပေးရမယ်လို့ ကျနော်တို့ ဆိုလိုချင်တာပါ။
ဟုတ်ကဲ့ပါ၊ ဆွေးနွေးပေးသွားတဲ့ ကိုထက်ရှိန်ကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျမ ဒုတိယမေးခွန်းကို ဖတ်ပြချင်ပါတယ်ရှင့်။
❓
စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေးနိဂုံးချုပ်ချက် လုပ်ကြတဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမလဲ။
ဟုတ်ကဲ့ရှင့်။ သုတေသနတွေအရပြောရရင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ပဋိပက္ခအရှိန်လျော့ရေးကို လိုလားပါတယ်။ သို့သော်လည်း ကျနော်တို့ ပဋိပက္ခ အရှိန်လျော့ရေးလို့ဆိုတဲ့အခါမှာ ကုန်သွယ်စီးပွားရေး၊ အကျိုးစီးပွားရေးရှုထောင့်ကနေ စဉ်းစားကြတာများတယ်။ ဥပမာပေးရမယ်ဆိုရင် ရှမ်းမြောက်ဘက်မှာ စစ်ကောင်စီကနေ ထိုးစစ်ဆင်နေတာတွေ ရှိပါတယ်။ ဒါကလည်း ကျနော်တို့ ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်ကို ထိုးစစ်ဆင်နေတာဖြစ်လို့ တရုတ်နိုင်ငံအတွက် ဘဝင်ကျစရာဖြစ်ပါတယ်။ အဲဒီလိုပဲ ကရင်ပြည်နယ်မှာဆိုလို့ရှိရင် အာရှလမ်းမကြီးကိုဦးတည်ပြီး ထိုးစစ်ဆင်နေတာဆိုရင် စီးပွားရေးအရ တွေးမယ်ဆိုရင် ထိုင်းနိုင်ငံအတွက် မက်လုံးတခုပဲ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ရဲ့ သုံးသပ်ချက်အရတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့လို့တခြားအလားတူနယ်မြေတွေမှာလည်း စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးလမ်းကြောင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့၊ မေးခွန်းဖြေပေးသွားတဲ့ မခင်ခင်ကို ကျေးဇူးတင်ပါတယ်။ ကျမ ဒီတခေါက်မှာတော့ တက်ရောက်လာတဲ့ participants တွေဆီကနေ မေးခွန်းတခုနဲ့ မှတ်ချက်တခုကို လက်ခံဆွေးနွေးသွားပါမယ်။ လက်ထောင်ပြီးတော့ မေးခွန်းမေးမြန်းလို့ရပါတယ်။ ဒီနေ့ဆွေးနွေးသုံး သပ်ချက်နဲ့ပတ်သက်ပြီးတော့လည်း ကိုယ့်ရဲ့အမြင်ကို ဆွေးနွေးပေးလို့ရပါတယ်။ အခုကစပြီး ကျမဖိတ်ခေါ်ပါတော့မယ်။ မေးမြန်းသူတွေများရှိပါသလားရှင့်။ ကျမ ဒီဘက်ကနေ လက်ထောင်ထားတဲ့သူတယောက် တွေ့ပါတယ်။ ကျမ မိုက်ဖွင့်လိုက်ပါမယ်ရှင့်။ မေးခွန်းမေးမြန်းပေးလို့ရပါပြီ၊ ဆွေးနွေးပေးလို့ရပါပြီရှင့်။
❓
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ကျနော်ကတော့ ရှေ့မှာ ဆရာ၊ ဆရာမတွေ ဆွေးနွေးသွားသလိုမျိုးပါ။ စစ်ရေးမှာပဲလမ်းဆုံးပြီးတော့ အဖြေရှာခြင်းက ရှေ့မှာလည်းပဲ ကျနော်တို့ နှစ် ၇၀ လောက် ကြာခဲ့ပြီပေါ့လေ။ ဟိုဘက်ဒီဘက် အောင်မြင်တယ်ဆိုတာ မတွေ့ရဘူး။ တဖက်ဖက်ကနေပြီးတော့ အနိုင်ရသွားတယ် ဆိုတာလည်း မတွေ့ရဘူး။ အဲဒီတော့ ကျနော်တို့က စစ်ရေးမှာ လမ်းမဆုံးဘူးဆိုရင် မဟာဗျူဟာထွက်ပေါက် ဘာဖြစ်မလဲပေါ့။ အဲဒါလေး တချက်လောက် ဆွေးနွေးပေးစေချင်ပါတယ်ခင်ဗျ။
ဟုတ်ကဲ့၊ ဒီမေးခွန်းကတော့ million dollar question လို ဖြစ်သွားမယ်ထင်တယ်။ ဒီမှာ အချိန်အကန့်အသတ်နဲ့ ကျနော်တို့ လေ့လာချက်အရ အနှစ်ချုပ်ပြီးတော့ ဖြေရရင် ဟုတ်တယ်၊ မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ကြည့်လိုက်ရင် နှစ် ၈၀ လောက်ရှိတဲ့ ပြည်တွင်းစစ်ကြီး ရှိတယ်။ စစ်ရေးနဲ့ တော်လှန်ခဲ့ကြတယ်။ ဒါက အခုအချိန်ထိတော့ အဖြေမထွက်နိုင်သေးဘူး။
ကျနော်တို့ အခုဆွေးနွေးနေကြတဲ့အခါမှာ နိုင်ငံရေးရလဒ်ကလည်း အရေးကြီးတယ်လို့ ပြောတယ်။ ကျနော်တို့ ရှေ့မှာပြောခဲ့သလိုပဲ စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ လူထုဖိအား စသည်ဖြင့် ဒီနည်းလမ်းတွေက ‘နည်းလမ်းတခုတည်းကိုပဲ အမြဲသုံးရမယ်၊ ဒီနည်းလမ်းက မဟုတ်တော့ဘူး နောက်နည်းလမ်းကိုပဲ ပြန်ပြောင်းသုံးလိုက်ပါ’ အဲဒီလိုပုံစံမဟုတ်ဘဲနဲ့ နည်းလမ်းပေါင်းစုံကို မဟာဗျူဟာကျကျ ဘယ်အချိန်မှာ ဘယ်အတိုင်းအတာထိ သုံးမလဲဆိုတာ အဆင့်တခုချင်းစီ ဦးစားပေးပြီးတော့ အဖြေရှာကြဖို့၊ ဒါကို အဓိကဆိုလိုချင်တာပေါ့နော်။ လက်နက်ကိုင်တိုက်ပွဲနည်းလမ်းကို စွန့်လွတ်လိုက်ပါတော့ဆိုတဲ့ အဲဒီလိုသဘောလည်း မဟုတ်ဘူး။ ကျနော်တို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဘယ်လိုကိရိယာ ဘယ်လိုနည်းလမ်းတွေကို သုံးမလဲဆိုတာ အစုံစဉ်းစားထားဖို့ပေါ့။ ကျနော်တို့ရဲ့ tool box ထဲမှာ၊ ကျနော်တို့ရဲ့ သေတ္တာထဲမှာ တူတွေ၊ လွှတွေ အစုံထည့်ထားဖို့ပေါ့နော်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ တူပဲကိုင်ထားမယ်ဆိုရင်တော့ သံမြင်မြင်၊ သစ်မြင်မြင် ထုနေရင် ပြဿနာက အလုံးစုံပြေလည်မှာ မဟုတ်ဘူး။ ဘယ်အချိန်မှာ တူကိုသုံးပြီးတော့ သံကိုထုမလဲ၊ ဘယ်အချိန်မှာ လွှကိုသုံးပြီးတော့ သစ်ကိုဖြတ်မလဲ ချိန်သားကိုက်ဖို့တွေ၊ ခုနက ပါဝင်ဖက်တွေ၊ ဒါတွေအပေါ်ကို မူတည်ပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ကွပ်ညှပ်ပြီးတော့ သွားကြဖို့ပေါ့။ ဘာလို့ဆို ကျနော်တို့နိုင်ငံရဲ့ ပဋိပက္ခထဲမှာ ပါဝင်ဖက်တွေ အများကြီးရှိတယ်။ အချင်းချင်း မတူညီတဲ့ လိုလားချက်တွေ ရှိကြပါတယ်။ အဲဒီတော့ နည်းလမ်းတခုတည်းနဲ့၊ ဖြစ်စဉ်တခုတည်းနဲ့ ရလဒ်တခုတည်းထွက်ဖို့ တကယ်ခက်ခဲပါတယ်။ ကျနော် အချိန်အတိုင်းအတာအရ ဒီလောက်တော့ ဖြေပေးနိုင်ပါတယ်ခင်ဗျ။ ကျေးဇူးပါ။
ဟုတ်ကဲ့ပါရှင့်။ ဆွေးနွေးပေးသွားတဲ့ ကိုထက်ရှိန်ကို ကျေးဇူးတင်ပါတယ်။ ကျမ ဒီတခေါက်မှာတော့ မှတ်ချက်ကို ဖိတ်ခေါ်သွားပါမယ်ရှင့်။ Participants တွေအနေနဲ့ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ကိုယ်ရဲ့ ထင်မြင်ချက်ကို ပြောပြလို့ရပါတယ်။ ကျမတို့ဘက်က ကြားသိချင်ပါတယ်ရှင့်။ ဟုတ်ကဲ့၊ လက်ထောင်ထားတဲ့ participant တယောက်ကို ကျမ တွေ့ပါတယ်။ ကျမ မိုက်ဖွင့်လိုက်ပါမယ်ရှင့်။ ဒီနေ့ ဆွေးနွေးသွားတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ပေးလို့ ရပါတယ်ရှင့်။
❓
မေးချင်တာကတော့ ကိုနိုင်မင်းခန့် ပြောသွားတဲ့ စစ်ရေးရလဒ်အတွက် အင်စတီကျူးရှင်းဘောင်ထဲကနေ လုပ်နိုင်ဖို့ဆိုတာ အင်စတီကျူးရှင်းဘောင်ဆိုတာ ဘယ်လိုပုံစံမျိုးကို အင်စတီကျူးရှင်းဘောင်လို့ ခေါ်သလဲ။ အဲဒီဥစ္စာကို definition ဖွင့်ပေးနိုင်ရင်၊ သူ့ရဲ့ process ကို ပြောပေးနိုင်ရင် ပိုကောင်းပါတယ်။
ဟုတ်ကဲ့၊ ကျေးဇူးပါဗျ။ မေးခွန်းအတွက်လေ။ ကျနော်တို့ အင်စတီကျူးရှင်းဘောင်ထဲကနေရတဲ့ ရလဒ်ဆိုတဲ့ သဘောတရားမှာကျတော့ ကျနော်တို့က ဒီရရှိထားတဲ့ စစ်ရေးရလဒ် ရှိတယ်။ စစ်ရေးရလဒ်ကို လက်နက်တခုသဖွယ် အသုံးချပြီးကျတော့ နိုင်ငံရေးအဖြေတခုရအောင် ဘယ်လိုလုပ်မလဲပေါ့။ ခုနက ကျနော်ပြောသလိုပဲ စစ်ကောင်စီ၊ စစ်ကော်မရှင်ပေါ့၊ သူကလည်း သူ့နည်းသူ့ဟန်နဲ့ သူလိုချင်တဲ့ရလဒ်ရအောင်ပုံဖော်နေတာမျိုး ရှိတာကို တွေ့ရတယ်ပေါ့နော်။ အခုဆိုရင်လည်း ရွေးကောက်ပွဲလိုမျိုး ကြိုးစားလာတာမျိုး ရှိတယ်ပေါ့နော်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ရေးအောင်ပွဲရော၊ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု အချင်းချင်းကြားထဲမှာရော လုပ်နေတာ တွေ့ရတယ်ဆိုတဲ့အခါကျ၊ ဒီဘက်ကလည်း စစ်ရေးအောင်မြင်မှု ရလဒ်ဆိုတာ ရှိတယ်။ တဖက်ကလည်း ပဋိပက္ခရဲ့ဘက်တဖက်ဖြစ်တဲ့ စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကနေပြီး ကြိုးပမ်းနေတဲ့ သူတို့လိုချင်တဲ့ ရလဒ်ကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကနေ စစ်ရေးအောင်မြင်မှုရလဒ်ကို ဘယ်လိုမျိုး လွှမ်းမိုးပြီးတော့ လုပ်ဖို့ ကြိုးစားမလဲပေါ့။ ဒါမျိုးတွေ ခုနက ကိုထက်ရှိန်လည်း ဆွေးနွေးသွားသလိုပေါ့နော်၊ ပဋိပက္ခရဲ့ ဘက်ပေါင်းစုံရှိတယ်။ ဖြစ်စဉ်တွေ ရှိမယ်။ အချိန်တွေ ရှိမယ်။ ဒါတွေပေါ်မှာ ဘယ်အချိန်မှာ ဘယ်မဟာဗျူဟာကို သုံးပြီးလုပ်မလဲပေါ့။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့်လည်း ရလဒ်တစုံတရာထွက်အောင်၊ နိုင်ငံရေးအရ အရွေ့တခုဖြစ်အောင်လို့ လုပ်ဖို့အတွက် ဆွေးနွေးချင်တာပါဗျ။ ကျေးဇူးပါခင်ဗျ။
ဟုတ်ကဲ့ပါရှင့်။ ဆွေးနွေးပေးသွားတဲ့ ကိုနိုင်မင်းခန့်ကို ကျေးဇူးတင်ပါတယ်ရှင်။ အစီအစဉ် အချိန်အကန့်အသတ်ကြောင့် ကျမတို့ရဲ့ အမေးအဖြေကဏ္ဍကို ဒီမှာပဲရပ်နားပါရစေရှင့်။ ဒီနေ့ပွဲစဉ်မှာ ဆွေးနွေးခဲ့တဲ့ သုံးသပ်ချက်နဲ့ပတ်သက်ပြီး panelist တွေအနေနဲ့ ဘာများထပ်ပြီး ဖြည့်စွက်ချင်တာ ရှိပါသေးသလဲရှင့်။
ဟုတ်ကဲ့ခင်ဗျ။ အနှစ်ချုပ်အနေနဲ့ ကျနော်ပြောချင်တာကတော့ ကျနော်တို့ ဒီနေ့ ဆွေးနွေးခဲ့သမျှကို အချက်သုံးချက်လောက် ထုတ်နုတ်ပြီးတော့ ပြောချင်ပါတယ်။ ပထမတခုကတော့ ကျနော်တို့ ရှေ့မှာဆွေးနွေးခဲ့သလိုပဲ စစ်ရေးအောင်မြင်မှုတွေကို အင်စတီကျူးရှင်းဘောင်ထဲကနေ အရွေ့တခုဖြစ်အောင် ပြောင်းလဲနိုင်ဖို့က အရေးကြီးပါတယ်။ အဲဒီလို မပြောင်းလဲနိုင်ဘူးဆိုရင် စစ်ရေးရလဒ်တွေက အချိန်ကြာလာတာနဲ့အမျှ သူတပြန်ကိုယ်တပြန်နဲ့ နိုင်ငံရေးနိဂုံးချုပ်ဖို့ ခက်လာတတ်ပါတယ်။
ဒုတိယတခုကတော့ ကိုယ်လိုချင်တဲ့ နိုင်ငံရေးရလဒ်ကိုသွားဖို့အတွက် မတူညီတဲ့၊ စုံလင်တဲ့ နည်းလမ်းတွေ၊ နည်းနာတွေကို အချိန်ကိုက် အခြေအနေနဲ့ညီအောင် အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်ခင်ဗျ။ စစ်ရေးနည်းနဲ့ ဖိအားပေးတာ၊ လူထုနည်းနဲ့ ဖိအားပေးတာ၊ နိုင်ငံတကာနည်းနဲ့ ဖိအားပေးတာ၊ ဒီလိုပေါ့နော်၊ ဒါတွေက နည်းလမ်းတွေ၊ နည်းနာတွေပါ့။ ဒါက နောက်ဆုံးပန်းတိုင်လည်း မဟုတ်ဘူး၊ နိုင်ငံရေးပန်းတိုင်လည်း မဟုတ်ပါဘူး။ ဒီနည်းလမ်းနည်းနာတွေကို ပန်းတိုင်နဲ့ ရောယှက်သွားမယ်ဆိုရင်တော့လည်း မြေပုံစာရွက်ကို ဇောက်ထိုးကိုင်ပြီး ရတနာလိုက်ရှာနေသလို ဖြစ်သွားနိုင်ပါတယ်။
တတိယတခုက ကိုယ်အသုံးချနေတဲ့ နည်းလမ်းနည်းနာက ကိုယ်လိုချင်တဲ့ နိုင်ငံရေးရလဒ်တွေကို တကယ်ပဲ ဦးတည်နေသလား၊ တကယ်ဆောင်ကြဉ်းပေးနိုင်သလား ဆိုတာကို အမြဲတမ်း ပြန်ပြီးတော့ သုံးသပ်ဆင်ခြင်နေဖို့ လိုအပ်လှပါတယ်ခင်ဗျ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ စစ်ရေးဖော်ဆောင်မှုကနေ ရလာတဲ့ ရလဒ်တွေ၊ အောင်မြင်မှုတွေက နိုင်ငံရေးရလဒ်မထွက်လိုက်ရဘဲနဲ့ ပေးဆပ်သလို ဖြစ်သွားနိုင်တယ်ဆိုတာကို ဆွေးနွေးရင်းနဲ့ပဲ ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲကို
နိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။
ဟုတ်ကဲ့၊ နိဂုံးချုပ်ဆွေးနွေးပေးသွားတဲ့ ကိုထက်ရှိန်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့ ဒီနေ့တင်ပြခဲ့တဲ့ အချက်အလက်တွေအပြင် အခြား သုတေသနတွေ့ရှိချက်တွေကိုလည်း ISP-Myanmar ရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာလည်း အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသား တဦးချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိကြောင်းပြောရင်းနဲ့ ကျမတို့ရဲ့ အစီအစဉ်ကို ဒီမှာပဲရပ်နားပါရစေရှင့်။
