၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ‘ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ…’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၀ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယခု Recap Memo ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုဖော်ပြချက်တွင် ပါဝင်သော အကြောင်းအရာများသည် ISP-Myanmar ၏ လူမှုစီးပွားဆိုင်ရာ လေ့လာမှု (Socialeconomic Studies) သုတေသနပြု လေ့လာချက်များထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ခေါင်းစဉ်ဖြစ်သော ‘ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ…’ စာသားကို အဉ္ဇလီမောင်မောင် ရေးသားခဲ့ပြီး အဆိုတော် ခင်မောင်တိုး သီဆိုထားသည့် ‘ကြိုးကြာသံ’(၁၉၈၅) တေးသီချင်းကနေ ကောက်နုတ်ထားပါသည်။
▪️အယူအဆမှတ်စု
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ သူ့အတွက် ‘ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး’ ကိုပဲ စစ်ကော်မရှင်က ဦးစားပေးခဲ့ပါတယ်။ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးနဲ့ အများပြည်သူကောင်းကျိုးချမ်းသာ (public goods) အတွက် ရည်သန်လုပ်ဆောင်မှုတွေဟာလည်း ထင်သလောက် ရလဒ်မပေါက်ခဲ့ပါဘူး။ အာဏာမသိမ်းခင် ဆယ်စုနှစ်အတွင်း ဖြစ်တည်ခဲ့တဲ့ စီးပွားရေးတံခါးဖွင့် လွတ်လပ်ပွင့်လင်းခြင်းနဲ့အတူ အလျင်အမြန်ဖွံ့ဖြိုးလာမှု ရလဒ်တွေလည်း ကပြောင်းကပြန် ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်ပြီးကြုံတွေ့ရပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှု ဖြစ်လာတဲ့အခါ ပြည်ပသွင်းကုန်တွေ ကန့်သတ်တာ၊ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အိမ်ပြန်ပို့ငွေ (remittances) ရနိုင်ဖို့ နည်းပေါင်းစုံသုံး အတင်းအကျပ်လုပ်ခဲ့တာ၊ နိုင်ငံခြားငွေလဲနှုန်းတွေကို ထိန်းချုပ်ပြီး နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ကုန်စည်တွေကို ထိန်းချုပ်ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ စီးပွားရေးမူဝါဒ ကျင့်သုံးမှုဟာ စီးပွားရေးစနစ်ကြီးတခုလုံး အလျဉ်ပြတ်စေတဲ့အပြင် ကမောက်ကမပေါင်းစုံလည်း ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ကုန်သွယ်ရေးလမ်းမကြီးတွေ အပိုင်းပိုင်းပြတ်တောက်ခဲ့ပြီး တရားဝင် ကုန်စည်စီးဆင်းမှုတွေဟာ ကာလရှည် ရပ်ဆိုင်းကုန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဖိအားပေးဖို့ တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့တဲ့ ဖြတ်ငါးဖြတ်မူဝါဒကလည်း ကုန်သွယ်စီးပွား ပြတ်လပ်မှုတွေအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။
ဒီလိုအခြေအနေတွေဟာ နဂိုကတည်းက ဆိုးရွားနေတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေသလဲ၊ ပြည်သူတွေ ဘယ်လိုရုန်းကန်ရင်ဆိုင်နေကြရသလဲ၊ အားကိုးထိုက်စရာ ဘယ်လိုဘယ်ပုံ အကူအညီများ ရနေသေးသလဲဆိုတာ လေ့လာအပ်လှပါတယ်။ ဒါတွေကိုသိရှိနိုင်ဖို့ ISP-Myanmar က စစ်တမ်းငယ်တခု ကောက်ယူခဲ့ပါတယ်။ နိုင်ငံအနှံ့ မြို့နယ် ၈၅ မြို့နယ်က ဖြေဆိုသူ ၁,၀၁၅ ဦးကို မေးမြန်းကောက်ယူခဲ့တာပါ။ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေအပါအဝင် မြို့ပြ-ကျေးလက်၊ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေပါမကျန် အားလုံးလွှမ်းခြုံနိုင်အောင် မေးခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပေါင်း ၆၀ အတွင်း ကုန်သွယ်စီးပွားပြတ်လပ်မှုတွေနဲ့ သက်ရောက်မှုတွေ ဘယ်လိုရှိခဲ့သလဲဆိုတာ သိနိုင်ဖို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ကြသူတွေရှိသလို ဆက်ပြီးရုန်းကန်ဖို့ ရင်ဆိုင်နိုင်သေးတယ်ဆိုပြီး အားတင်းပြောကြသူတွေလည်း ရှိခဲ့ပါတယ်။
ထူးခြားတာကတော့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို မြင်ကြရတာပါပဲ။ အုပ်ချုပ်မှုစနစ်၊ အဖွဲ့အစည်းစနစ် (အင်စတီကျူးရှင်း) တွေရဲ့ ညံ့ဖျင်းကျရှုံးခြင်းတွေကြောင့် အခုလို ပြတ်လပ်မှုတွေ ကြုံတွေ့နေရတာပါ။ ဒါပေမဲ့ ဒီလိုအဖွဲ့အစည်းစနစ်တွေက မှီခိုအားထားရာ မပေးနိုင်တဲ့အပြင် ရေနစ်သူဝါးကူထိုးတာမျိုးတွေတောင် ရှိနေတာပါ။ ပြည်သူတဦးချင်းစီကပဲ တကိုယ်ရေရင်ဆိုင်ရုန်းကန်ကြရတာ၊ ရပ်ရွာအသိုက်အဝန်းအတွင်း အချင်းချင်းဖေးမ ကူညီပြီး ရုန်းကန်နေရကြတာမျိုးကိုပဲ အများဆုံးတွေ့ခဲ့ရပါတယ်။ တခါ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူအများစုဟာ ပေးစာကမ်းစာအကူအညီကိုပဲ မျှော်လင့်အားထားမနေပါဘူး။ အလုပ်အကိုင် လိုချင်ကြတယ်၊ ဝင်ငွေ ရချင်ကြတယ်၊ ဒါတွေရှိရင် သူတို့ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အင်စတီကျူးရှင်းတွေကြောင့် ဖြစ်လာရတဲ့ လူမှုဒုက္ခအဖုံဖုံကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဟာ ပျော့ညံ့ခြင်းကို ပြသနေတာမဟုတ်၊ သူတို့ရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းနဲ့ ဂုဏ်မာနကို ဖော်ပြနေကြတာဖြစ်ပါတယ်။ ဒါကို ‘ကြိုးကြာသံ’တေးသီချင်းမှာ သရုပ်ဖော်ထားတဲ့ ‘အားနဲ့ မာန်’ ဖော်ကျူးချက်အတိုင်း တင်စားချင်တာပါ။ ‘အား’ဆိုတာ စွမ်းဆောင်ရည် capacity ကို ညွှန်းဆိုတာဖြစ်ပြီး ‘မာန်’ကတော့ စိတ်ဓာတ်ခွန်အား တောင့်ခံနိုင်မှု mental strength အဖြစ် နားလည်မှတ်ယူပါတယ်။ ဒါပေမဲ့ ဒီ အားနဲ့ မာန် ဟန်ချက်ညီမှသာ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းဆိုတဲ့ resiliency ဂုဏ်ရည်ကို အနှစ်သာရရှိရှိ၊ မြဲမြဲတည်အောင် အားယူရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပြည်တွင်း ကုန်သွယ်စီးပွားပိတ်ဆို့မှုများအကြားက ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းပေါ် စစ်တမ်းဒေတာအချက်အလက်တွေကို အခြေခံပြီး သုတေသနရှုထောင့်ကနေ ဆွေးနွေးတင်ပြထားပါတယ်။
‘ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ’ – လူမှုစီးပွားဒဏ်ကို တောင့်ခံနေသည့် ပြည်သူများ
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများအားလုံး မင်္ဂလာပါ။ ကျနော်က ဇော်ထက်ပါ။ ဒီနေ့အစီအစဉ်မှာအခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော်တို့ ဒီနေ့ဆွေးနွေးသွားမယ့် ခေါင်းစဉ်နဲ့ပတ်သက်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ ‘ရှိသင့်တဲ့ အားနဲ့မာန်၊ ဟန်နိုင်မှ’ – ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့သော လမ်းများနှင့် လူမှုစီးပွားဒဏ်ကို တောင့်ခံနေသော ပြည်သူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ‘ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ’ ဆိုတဲ့ စာသားက ကျနော်တို့အားလုံးနီးပါး ရင်းနှီးထားတဲ့ ‘ကြိုးကြာသံ’ သီချင်းကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီသီချင်းကိုတေးရေးဆရာ အဉ္ဇလီမောင်မောင်ကရေးပြီး အဆိုတော် ခင်မောင်တိုးက သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ ဒီနေ့အစီအစဉ်မှာ အဓိကဆွေးနွေးသွားမယ့် panelist တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေ ဖြစ်ကြတဲ့ မရည်မွန်၊ ကိုခန့်နဲ့ မစုလင်းဟန်တို့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Panelists တွေရဲ့ တင်ပြချက်တွေအပြီးမှာ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေရဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ နောက် Live မေးတာအပြင် Chat နဲ့ Q&A ကနေလည်း မေးမြန်းနိုင်ပါတယ်။ ပွဲချိန်အကန့်အသတ်ကြောင့် မဖြေလိုက်ရတဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို အီးမေးလ်ကနေတဆင့် ပြန်လည်ပေးပို့ပြီး ဖြေကြားပေးပါမယ်။ မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့တခုကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ်မှာ အမုန်းပွားတာမျိုးတွေ အမုန်းစကားတွေ မပြောဖို့ပါပဲ။ ဒီအချက်တွေကို ကျနော်တို့ Chat ကနေလည်း ပေးပို့ထားပါတယ်။ ဒီအစီအစဉ်ကို DVB ရုပ်သံသတင်းဌာနအပြင် ISP-Myanmar ရဲ့ဆိုရှယ်မီဒီယာနဲ့ ဝက်ဘ်ဆိုက်တွေကလည်း တိုက်ရိုက်ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးမှုကို စတင်ပါတော့မယ်။ panelists တွေက စပြီး ဆွေးနွေးပေးကြပါဦးခင်ဗျာ။
ဒီနေ့အစီအစဉ်ကို တက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများအားလုံး မင်္ဂလာပါဗျ။ အခုလိုမျိုး အချိန်ပေးတက်ရောက်တဲ့အတွက် ကျေးဇူးတင်ကြောင်း ကနဦး ပြောပါရစေ။ အာဏာသိမ်းမှု လေးနှစ်ကျော်ကြာလာတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ ကြုံနေရတဲ့ဒုက္ခတွေဟာ အလွန်များပါတယ်။ ဒီဒုက္ခတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်နေကြတာကလည်း အံ့မခန်းပါပဲ။ တဖက်မှာ ဒီဒုက္ခတွေကနေ လွန်မြောက်နိုင်မယ့် လမ်းစရှာဖို့လည်း ခက်နေတုန်းပါပဲ။ အခုချိန်ထိလည်း စစ်ကိုင်း-မန္တလေး ငလျင်ကြီးလို သဘာဝဘေးဒုက္ခတွေ၊ စစ်ရေးပဋိပက္ခလို လူလုပ်ဘေးတွေရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ အထွေထွေကျပ်တည်းမှုတွေနဲ့ ကုန်သွယ်စီးပွား ဖြတ်တောက်ပိတ်ဆို့ခံရတာတွေကလည်း လူထုအပေါ်မှာ ကြီးကြီးမားမား ဖိစီးနေပါတယ်။ တပူပေါ် နှစ်ပူဆင့်ပေါ့နော်။ စီးပွားရေးကျပ်တည်းမှုတွေအပြင် ပြည်တွင်းမှာ အခြေခံကုန်စည်ကိုတောင်စိတ်ရှိတိုင်း သုံးလို့မရ၊ ငွေရှိတိုင်း ဝယ်လို့မရတဲ့ အခြေအနေလည်း ဆိုက်နေပါတယ်။ စစ်ကော်မရှင်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေကလည်း မြွေပူရာ ကင်းမှောင့်ပါပဲ။ ဒီလို အကျပ်အတည်းကာလအတွင်း အထူးသဖြင့် ကုန်သွယ်စီးပွားလမ်းကြောင်း ဖြတ်တောက်ခံနေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့စားဝတ်နေရေးက ဘာတွေဖြစ်နေလဲ၊ နောက် ဘယ်လိုတွေရုန်းကန်နေရတာလဲ၊ ဘယ်က အကူအညီတွေများ ရနေကြလဲ။ ဒါတွေကို သိနိုင်ဖို့အတွက် ISP-Myanmar က နိုင်ငံအနှံ့က လူတထောင်ကျော်ကို မေးမြန်းပြီးစစ်တမ်းငယ်တခု ကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းရလဒ်တွေကို အခြေခံပြီး ဒီဆွေးနွေးပွဲမှာ တင်ပြသွားပါမယ်ဗျ။
ဒီလိုတင်ပြတဲ့အခါမှာ ကျနော်တို့ အပိုင်း သုံးပိုင်းနဲ့ တင်ဆက်သွားမှာပါ။ ပထမတပိုင်းကတော့ လူထုရင်ဆိုင်နေရတဲ့ လက်ငင်းဒုက္ခတွေနဲ့ စနစ်ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကို ဆွေးနွေးသွားပါမယ်။ ဒုတိယတပိုင်းမှာတော့ သက်ရောက်မှုနဲ့ ခံနိုင်စွမ်းရည် မတူညီကြပုံကို တင်ဆက်သွားပါမယ်ဗျ။ နောက်တတိယအပိုင်းမှာတော့ ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနေရလဲဆိုတဲ့ ဖြေရှင်းပုံဖြေရှင်းနည်းကို မီးမောင်းထိုးသွားပါမယ်ဗျ။ ဒီအချက်တွေက တဦးချင်းစီရဲ့ လက်ငင်းဒုက္ခတင်မကပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ထိခိုက်နိုင်တဲ့အထိ သက်ရောက်မှုတွေ ရှိနေပါတယ်။ အခု ဒီပထမတပိုင်းမှာတော့ လက်ငင်းဒုက္ခနဲ့ စနစ်ရဲ့အရင်းခံပြဿနာကို ကျနော် စပြီးတော့ ဆွေးနွေးချင်ပါတယ်ဗျ။
ကျနော်တို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေ ရင်ဆိုင်နေကြရလဲဆိုတာကို ကျနော်တို့ ISP-Myanmar ကနေပြီးတော့မှ ထုတ်ခဲ့တဲ့ စစ်တမ်းကို အခြေခံပြီးတော့ အရင်ဆုံးဆွေးနွေးချင်ပါတယ်။
အခု slide မှာ မြင်ကြရတဲ့အတိုင်း ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ပြည်ပသွင်းကုန် ပြတ်လပ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့သူက ၈၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာဆိုရင် လူတထောင်မှာ ၈၅၀ ဦးက ဒီပြဿနာတွေကို ရင်ဆိုင်ခဲ့ရတာပါ။ မိသားစုစားဝတ်နေရေးအပေါ်မှာလည်း သက်ရောက်မှုကြီးခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ကြည့်မယ်ဆိုရင် ၉၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။ ကုန်စျေးနှုန်း မြင့်တက်တာကတော့ အကုန်လုံးလည်း ပြောနေကြတာပဲပေါ့နော်။ ကုန်ဈေးနှုန်း မြင့်တက်မှုကဆိုရင် တဆခွဲကနေ သုံးဆ၊ လေးဆကျော်အထိ တက်သွားတာမျိုးတွေတောင် ရှိပါတယ်။ ဘယ်ပစ္စည်းတွေ ပြတ်လပ်သွားသလဲ၊ ဈေးတက်သွားသလဲဆိုတာကို ကျနော်တို့ အခု slide မှာ တွေ့နိုင်ပါတယ်။
အများဆုံးကတော့ လူသုံးကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်တွေပါပဲ။ ဒီမှာဆိုရင်လည်း ဆေးဝါးပြတ်လပ်မှုကလည်း ကြီးကြီးမားမား ဖြစ်ပေါ်နေတယ်ဆိုတဲ့ အချက်ကိုလည်း တွေ့ရပါတယ်။ ဒီအချက်တွေကတော့ အားလုံးအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဒါတွေအပြင်ပေါ့နော် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ဆက်စပ်ပြီးဖြစ်တဲ့ ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့မှုလို အကျပ်အတည်းတွေကြောင့် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ အခု slide မှာ မြင်ကြရတဲ့အတိုင်း ဆေးဝါးဝယ်ယူဖို့အတွက်တောင်မှ အခက်အခဲ ကြုံနေရတဲ့သူက ၇၄ ရာခိုင်နှုန်းရှိပါတယ်။ ဒါဆိုရင် ကျနော်တို့ နာမကျန်းဖြစ်တဲ့အခါ၊ နေမကောင်းဖြစ်တဲ့အခါ၊ ဒီလိုမျိုး အခြေအနေတွေမှာဆိုရင် ဆေးရုံဆေးခန်းတွေကိုရော အလွယ်တကူ သွားကြနိုင်သေးရဲ့လားပေါ့နော်။ အများစုက သူတို့ ဒီလိုအခြေအနေတွေမှာ သွားနိုင်သေးတယ်လို့ ဖြေကြပေမဲ့ တခါတလေမှ သွားနိုင်တော့တာမျိုးပေါ့နော်။ တချို့ဆို ခက်ခက်ခဲခဲ သွားကြရတာမျိုးပေါ့နော်။ ဒီလိုအခြေအနေတွေတောင် ရှိလာပါတယ်။ ဒါကိုလည်း ကျနော်တို့ ဒီ slide မှာ ဖော်ပြထားပါတယ်ဗျ။
နောက် နိုင်ငံအနှံ့မှာရှိနေတဲ့ ကျနော်တို့ သုတေသီတွေနဲ့ တွေ့ဆုံဆွေးနွေးကြည့်တဲ့အခါပညာရေးမှာ တော်တော်လေး အခက်အခဲဖြစ်နေတာကိုလည်း သွားတွေ့ရပါတယ်။ ပညာရေးထက် စားဝတ်နေရေးက ပိုအရေးကြီးလို့ ကျောင်းမထားနိုင်တော့တာ၊ ကျောင်းတက်မဲ့အစား အလုပ်ခိုင်းပြီးတော့ ငွေရှာခိုင်းတာတွေမျိုးတွေလည်း ပိုများလာပါတယ်။ စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကို ကြောက်လို့ ကျောင်းမသွားနိုင်တော့တာ၊ ကျောင်းပိတ်ထားရတာ ဒီလိုအခြေအနေတွေလည်း ရှိတယ်ပေါ့နော်။ နောက် ဒီကြားထဲမှာစစ်မှုထမ်းဥပဒေရယ်၊ နောက် စစ်သားစုဆောင်းခံရမှာ ကြောက်လို့ဆိုပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ လူငယ်တွေကလည်း ဒုနဲ့ဒေးပဲပေါ့နော်။ ဒီလိုမျိုး အခြေအနေတွေကို ကြည့်မယ်ဆိုရင် တိုင်းပြည်အတွက်ရော၊ တဦးချင်းစီရဲ့ အနာဂတ်ကိုပါ ဆိုးကျိုးဖြစ်စေနိုင်တဲ့ ရေရှည်ဒုက္ခတွေကို အခုကြုံနေရတဲ့ လက်ငင်းဒုက္ခတွေနဲ့အပြိုင် ဖြစ်နေတာကို ကျနော်တို့ တွေခဲ့ရပါတယ်ဗျ။
ဆိုလိုချင်တာတော့ ပြည်သူတွေက လက်ငင်းဒုက္ခတွေကို တဦးတယောက်ချင်းစီ ရင်ဆိုင်ဖြေရှင်းနေရတယ်။ တချိန်တည်းမှာပဲ ကိုယ့်အနာဂတ်၊ ကိုယ့်တိုင်းပြည်အနာဂတ်ကို ပျက်သုဉ်းစေမယ့်၊ လူ့အဖွဲ့အစည်းတခုလုံးအပေါ်မှာပါ သက်ရောက်မှုရှိစေမယ့် ရေရှည်ဒုက္ခတွေကိုလည်းပဲ ခါးစည်းခံနေရတယ်ပေါ့နော်။ တဖက်မှာလည်း ကိုယ့်ရဲ့ ရပ်ရွာအသိုက်အမြုံအတွင်းမှာ ပေါင်းစည်းညီညွတ်မှု ဂေဟစနစ်က ပျက်သုဉ်းသွားတယ်။ ဝေးကွာပျက်စီးသွားပြီးတဲ့နောက်မှာတော့ မိဝေးဖဝေး၊ သားတကွဲမယားတကွဲ ကြုံတွေ့နေရတဲ့၊ ရင်ဆိုင်နေရတဲ့ ရင်နာစရာ အဖြစ်အပျက်တွေကလည်း ကျနော်တို့ မကြားချင်မှအဆုံး အမြဲတမ်း ကြားနေရတယ်။
ဒီဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါမှာ တဦးနဲ့ တဦး၊ တနယ်နဲ့ တနယ်ပေါ့နော်၊ ခံနိုင်ရည်အစွမ်းတွေလည်း မတူကြပါဘူး။ ဒီပြဿနာတွေကို ဖြေရှင်းနေကြတဲ့ ဖြေရှင်းပုံတွေလည်း ကွဲပြားပါတယ်ဗျ။ ဒါတွေကို ဒုတိယပိုင်းမှာ ကိုခန့်က ဆက်ပြီး ဆွေးနွေးတင်ပြသွားပါမယ်ဗျ။
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ မရည်မွန် အရှေ့မှာ ဆွေးနွေးခဲ့တာကတော့ လက်ငင်းဒုက္ခတွေနဲ့ စနစ်အရင်းခံပြဿနာအကြောင်းပေါ့နော်။ ဆက်လက်ပြီး ကျနော်က ဒီအခြေအနေတွေရဲ့ သက်ရောက်ပုံနဲ့ ခံနိုင်စွမ်းရည် မတူညီကြပုံတွေကို ပြောပြပေးသွားချင်ပါတယ်။ ကျနော်တို့ လုပ်ခဲ့တဲ့ စစ်တမ်းမှာ ဖြေဆိုခဲ့တဲ့သူတွေက နိုင်ငံအနှံ့ မြို့နယ် ၈၅ မြို့နယ်မှာ နေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ဖြေဆိုချက်တွေအပြင် ကျနော်တို့ သုတေသီတွေနဲ့ပါတွေ့ပြီးဆွေးနွေးကြည့်တဲ့အခါမှာ ထင်ထင်ရှားရှား တွေ့ရတာက ဘာလဲဆိုရင် ဒုက္ခတွေရဲ့ သက်ရောက်ပုံနဲ့ ဒီလိုမျိုး ခံနိုင်စွမ်းရည်တွေက မတူညီကြတာဖြစ်တယ်ပေါ့နော်။ ဒီနေရာမှာ ဒေသတခုနဲ့တခု မတူတာ၊ နောက်ပြီး ကျေးလက်နဲ့မြို့ပြ မတူတာ၊ ပဋိပက္ခပြင်းထန် သက်ရောက်မှု မတူတာ စတာတွေကို အခြေခံပြီးတော့မှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းက ကွဲပြားကြပါတယ်ပေါ့နော်။ ဆိုတော့ အခု ဒီ slide မှာမြင်ကြရတဲ့အတိုင်းပါပဲ။
ဥပမာ- ဒီးမော့ဆိုတို့၊ ချောင်းဦးတို့လိုမျိုး ပဋိပက္ခပြင်းထန်တဲ့ဒေသတွေမှာဆိုလို့ရှိရင် ကုန်စည်ရရှိမှုနဲ့ ကုန်စျေးနှုန်းတက်မှုဟာ အဆိုးဝါးဆုံးပါပဲ။ ပါးစပ်ထဲက ခေါ်စျေးတွေနဲ့ အထိန်းအကွပ်မဲ့လို့တောင် ပြောလို့ရပါတယ်။ ဒါကို ဖြေရှင်းကြတဲ့နည်းတွေကလည်း မသေရုံတမယ်၊ မငတ်ရုံတမယ်ပဲပေါ့နော်။ တချို့ဆိုလို့ရှိရင်လည်း သူများပေးစာကမ်းစာလို့ဆိုရမယ့် လူသားစာနာ အကူအညီတွေပေါ်မှာ မူတည်ပြီးတော့မှ မှီခိုနေကြရပါတယ်။ ဒုတိယအနေနဲ့ မူဆယ်တို့၊ မြဝတီတို့လိုမျိုး ကုန်သွယ်လမ်းကြောင်းတွေနဲ့ လမ်းသင့်တဲ့ဒေသတွေ၊ နယ်စပ်ဒေသတွေမှာတော့ အလယ်အလတ်အနေအထားလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း နယ်စပ်တွေပိတ်လိုက်တဲ့အခါမျိုး၊ မူဝါဒတွေတင်းကျပ်သွားတဲ့အခါမျိုးတွေမှာ ဆိုလို့ရှိရင်တော့ သူတို့တွေလည်း ဒုက္ခခံကြရတာပဲပေါ့နော်။ နည်းပေါင်းစုံသုံးပြီးတော့ ကြံဖန်ဖြေရှင်းနိုင်သေးတာမို့ တော်သေးတယ်လို့တော့ ပြောလို့ရပါတယ်။
နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေကတော့ အတော်အသင့် ခံသာသေးတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံခြားထုတ်ပစ္စည်းတွေနဲ့ ဆေးဝါးရှားပါးပြတ်လပ်မှုတွေကိုတော့ အားလုံးနည်းတူ ရင်ဆိုင်နေကြရတာမျိုးပါပဲ။ ခံသာတာတခုကတော့ ပြည်တွင်းထုတ်ကုန်တွေ ရှိနေသေးတာမျိုး ဖြစ်ပါတယ်။ ဒါတောင်မှပဲ သယ်ပို့စရိတ်တွေနဲ့ ငွေကြေးတန်ဖိုးပေါ် မူတည်ပြီး စျေးကြီးပေး ဝယ်နေကြရတာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ကုန်သည်တွေကျတော့ ပစ္စည်းတွေကို သိုလှောင်ထားပြီးတော့ အရေးပေါ် အခြေအနေရောက်မှ ထုတ်ရောင်းတာမျိုး ဒီလိုမျိုးနည်းလမ်းတွေ သုံးကြတာမျိုးလည်း ရှိတယ်။ ဒီအခါမှာတော့ ဝယ်တဲ့သူတွေက ဈေးကြီးကြီးပေးပြီးတော့ ဝယ်ရတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီအခါမှာ အရှေ့မှာ မရည်မွန် ပြောပြခဲ့သလိုမျိုးပဲ ကုန်စျေးနှုန်းတွေက အဆမတန်ဖြစ်ကုန်တာမျိုးတွေ ဖြစ်ကုန်ရော။ ဒေသအလိုက် သက်ရောက်ပုံတွေက ကွဲပြားပါတယ်။ ဒီလိုမျိုးပဲ သက်ရောက်ပုံကွဲပြားတဲ့ကြားကပဲ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို ပြောရမယ်ဆိုရင် ကြံ့ကြံ့ခံနိုင်စွမ်းက အကန့်အသတ်မဲ့ မဟုတ်ဘူးဆိုတာကို သတိချပ်ဖို့လိုပါတယ်။ တနည်းအားဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း (resiliency) လို့ ဆိုတဲ့အခါမှာလည်း အတိုင်းအတာသတ်မှတ်ထားတဲ့ မျက်နှာကြက်လိုမျိုး (ceiling) ရှိတယ်ပေ့ါနော်။ ဒါကို ကျနော်တို့ စစ်တမ်းမှာပါတဲ့ ရလဒ်တွေနဲ့ ရလဒ်နှစ်ခုနဲ့ ချိန်ထိုးပြီးတော့မှ ပြောချင်ပါတယ်။ ပထမတခုကတော့ အရင်နှစ်နဲ့ ယှဉ်လို့ရှိရင် ကိုယ်နဲ့ ကိုယ့်မိသားစုမှာ ဖူလုံလာသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီ slide မှာကြည့်မယ်ဆိုရင် ၈၉ ရာခိုင်နှုန်းသော ဖြေဆိုသူတွေက ဖူလုံတယ်လို့ မခံစားရကြောင်း ဖြေခဲ့ကြပါတယ်။ ဒါကြောင့် အခုဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လို မြင်သလဲလို့ ကျနော်တို့ ထပ်မေးခဲ့ပါတယ်။ ဒီအခါမှာတော့ ၄၂ ရာခိုင်နှုန်းက မျှော်လင့်ချက်မဲ့အခြေအနေလို့ ဖြေပါတယ်။ ၅၃ ရာခိုင်နှုန်းကတော့ ဆက်ပြီးတော့ ရုန်းကန်နိုင်ဦးမယ်လို့ ဖြေခဲ့ကြတာမျိုးရှိပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းက ရှိနေသေးတယ်။ ဒါပေမဲ့လည်း ဒီဟာကို ပေါ့ပေ့ါတန်တန် သဘောထားလို့တော့ မရပါဘူး။ အချိန်မရွေး ပြိုလဲသွားနိုင်တယ်ဆိုတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ အဓိကမြင်နိုင်တဲ့အချက်က နှစ်ချက်ရှိပါတယ်။
ပထမတချက်က ကျနော်တို့ကောက်ယူခဲ့တဲ့ စစ်တမ်းဟာ လူတဦးတယောက်ချင်းစီရဲ့ သဘောထားအမြင်ကို မေးခဲ့တာဖြစ်လို့ relative နှိုင်းရသဘောဆန်တယ်ပေါ့နော်။ စစ်တမ်းဖြေဆိုသူတွေဟာ သူတို့အနေနဲ့ အခြေအနေဆိုးကို ရင်ဆိုင်နေရတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာက တခြားသူတွေလည်း သူတို့နဲ့မခြား အခက်အခဲဖြစ်နေတာကို မြင်ကြတယ်ပေါ့နော်၊ သိကြတယ်။ ဒီအခါမှာ ကိုယ့်ရဲ့ဒုက္ခက ဘာဟုတ်သေးလဲလို့ တွေးပြီးတော့ အခက်အခဲတွေကို ထုတ်မပြောတာမျိုးလည်း ဖြစ်ပါတယ်။ ကိုယ့်အခက်အခဲက မထူးခြားဘူးလို့ သတ်မှတ်လိုက်တာမျိုးပေါ့နော်။ တချို့ဆို ကိုယ့်ထက် ပိုဆိုးတဲ့သူတောင်ရှိတယ်ဆိုပြီးကိုယ့်ဒုက္ခကို နှစ်သိမ့်လိုက်တာမျိုး၊ ဖြေသိမ့်လိုက်တာမျိုးတွေလည်း ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ပျော့ညံ့သူလို့ အထင်မခံချင်ကြတာပါ။ ဒါက ကျနော်တို့ လူမှုစံနှုန်းတွေကနေ ဖွင့်ဆိုကြတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအပေါ်မှာ သတ်မှတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဖိအားနဲ့လည်း သက်ဆိုင်ပါတယ်။ ဥပမာအားဖြင့် ‘မင်းက ယောက်ျားပဲ၊ ဘာလို့ငိုနေတာလဲပေါ့။ ယောက်ျားဆိုတာ ငိုလို့မရဘူး’ဆိုတာမျိုးပေါ့။ ကိုယ်က ကြံ့ကြံ့ခံနိုင်စွမ်းမရှိဘူး၊ အားနည်းတယ်လို့ ပြလိုက်မယ်ဆိုရင် ပျော့ညံ့တယ်လို့ အမြင်ခံရမှာစိုးပြီးတော့မှ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြနေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ ကိုယ် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထုတ်မပြောတော့ဘဲနဲ့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်သီလဘောင်ထဲမှာပဲ ပိတ်မိသွားသလိုမျိုးလို့ ပြောလို့ရတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းကို ကျနော်တို့ ပြောတဲ့အခါမှာဆိုရင် အတိုင်းအတာတခုအထိ ရှိတယ်၊ စိုးရိမ်ရေမှတ်ကို ကျော်လာတဲ့အခါ အချိန်မရွေး ပြိုလဲသွားနိုင်တယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်။ အခုထိဆွေးနွေးခဲ့တာကတော့ လက်ငင်းဒုက္ခတွေအပေါ်မှာ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါမှာ တဦးနဲ့တဦး၊ ဒေသတခုနဲ့တခုက ခံနိုင်စွမ်းရည်တွေက မတူညီကြဘူး။ လက်ငင်း၊ လက်ရှိ အကျပ်အတည်းကာလမှာ ဆက်ပြီးရုန်းကန်နိုင်သေးတယ်လို့ ယူဆတဲ့သူတွေက ရှိတယ်ဆိုပေမဲ့လည်း မျှော်လင့်ချက်မဲ့ အခြေအနေဖြစ်နေပြီလို့ ယူဆတဲ့သူ အများစုလည်း ရှိနေတယ်ဆိုတာကို ဘက်အသီးသီးက မူဝါဒချမှတ်တဲ့သူတွေအနေနဲ့ သတိချပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် လူထုရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းက အတိုင်းအတာတခု ရှိပါတယ်။ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ အခြေအနေထဲရောက်နေကြလို့ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှ အခုလက်ရှိမှာ လူထုတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းနေကြလဲဆိုတာကိုတော့ မစုလင်းဟန်က ဆက်ပြီးတော့ ဆွေးနွေးပါလိမ့်မယ်။
ဟုတ်ကဲ့၊ ကျေးဇူးပါ ကိုခန့်။ အခုလို အမှောင်ခေတ်ကြီးထဲမှာ ကျမတို့ ပြည်သူတွေသူတို့ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဘယ်လိုမျိုး ဖြေရှင်းကြလဲ။ သူတို့ရဲ့ ရုန်းထလိုစိတ်ကရော ဘယ်ပုံဘယ်နည်းမှာ ရှိကြလဲ။ နိုင်ငံရဲ့အဖွဲ့အစည်းစနစ် တနည်းအားဖြင့် အင်စတီကျူးရှင်း(institution) ရဲ့ လုပ်ပေးနိုင်စွမ်းကရော ဘယ်လိုမျိုး ရှိနေသလဲ။ ကျမ ဒီအပိုင်းတွေကို ဆွေးနွေးသွားမှာပါရှင့်။
ဒီနေရာမှာ စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ ဝတ္ထုခေါင်းစဉ်နှစ်ခုကို ပေါင်းပြီးတော့ ပြောပြချင်ပါတယ်။ ‘မြန်မာပြည်မှာ နေကြသည်’။ ဒါပေမဲ့လည်း ‘ပျောက်သောလမ်းမှာ စမ်းတဝါးဝါး’ပေါ့လေ။ ဒီလိုဆိုပေမဲ့လည်း ကျမတို့ ပြည်သူတွေဟာ လိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်များတွေ့မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အားမလျှော့ဘဲ လမ်းစရှာနေကြရပါတယ်။ နည်းမှန်တာ၊ မမှန်တာတွေထက် ကိုယ့်ရဲ့ ရှင်သန်ရပ်တည်ရေးအတွက်ပဲ ဦးစားပေးနေရတယ် ဆိုတာကို ကျမတို့တွေ့ရပါတယ်။ ကျမတို့ကောက်ယူခဲ့တဲ့ စစ်တမ်းမှာဆိုရင် ပြည်သူတွေဟာ သူတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဘယ်လိုမျိုး ဖြေရှင်းနေကြသလဲ ဆိုတာကို မေးမြန်းခဲ့ပါတယ်ရှင့်။
အခု slide မှာ မြင်ကြရတဲ့အတိုင်းပါပဲ။ သူတို့ရဲ့ စားသောက်မှုပုံစံတွေ ပြောင်းလဲကြရတယ်။ ထမင်းတနပ်လျှော့စားကြရတယ်၊ အသီးအရွက်တွေ ပိုစားကြရတယ်၊ နောက်ပြီးတော့ ဈေးပိုချိုတဲ့ အစားအသောက်တွေကို ရွေးဝယ်စားသုံးကြရတယ်။ ဒါတွေကို ပိုပြီး လုပ်လာကြရတယ်။ ဒါတောင်မှ အကြွေးကင်းတယ်ဆိုတာ မရှိဘူးရှင့်။ နောက်ပြီးတော့ လူတဦးချင်းစီရဲ့ ကျန်းမာကြံ့ခိုင်ရေးဆိုတာကလည်း စိတ်ကူးယဉ်ဖို့တောင် မလွယ်ပါဘူး။ အလုပ်အကိုင်ကလည်း မရှိဘူး။ တရားဥပဒေစိုးမိုးရေးကလည်း ပျက်ပြားနေတယ်။ ဒါ့အပြင် နှစ်လုံး၊ သုံးလုံး၊ စလော့ဂိမ်းလိုမျိုး လောင်းကစားလုပ်ငန်းတွေကလည်း ထွက်ပေါက်လို ဖြစ်လာကြတယ်ပေါ့နော်။ ဒီလိုနဲ့ အကြွေးနွံထဲ ထပ်ပြီးတော့ နစ်ရပြန်ပါတယ်။ ပိုဆိုးတာကလေ ကိုယ်ကိုယ်တိုင်က မကောင်းဘူးဆိုတာသိသိနဲ့ရရာအလုပ်တွေကို လုပ်လာရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာတခုနဲ့ပြောရမယ်ဆိုရင် ကျားဖြန့်လုပ်ငန်းဆိုတာက ငွေလိမ်ဂိုဏ်းမှန်းလည်း သိတယ်၊ လူမဆန်တဲ့ ဒုစရိုက်လုပ်ငန်းဆိုတာလည်း သိတယ်။ ဒီလိုသိသိကြီးနဲ့ကို ကျားဖြန့်လုပ်ငန်းတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ ရွေးချယ်လုပ်ရတဲ့အထိပေါ့လေ။ အရင်ကဆိုရင် ဖားကန့်မှာ လူတွေစုနေပြီ၊ အခုဆိုရင် ကျားဖြန့်မှာ လူတွေစုနေပြီလို့တောင် ပြောလို့ရတယ်ပေါ့နော်။
ဒါနဲ့တဆက်တည်းပဲ ပြည့်တန်ဆာလိုမျိုးတွေ၊ date girl လိုမျိုး အလုပ်တွေ၊ ဒီလိုအလုပ်တွေကိုလည်း အရွယ်သုံးပါးမရွေး လုပ်လာကြရပါတယ်။ ပဋိပက္ခ ပြင်းထန်ဒေသတွေမှာဆိုရင် တချို့မိဘတွေက အသက်မပြည့်သေးတဲ့သူတို့ရဲ့ သားသမီးတွေကို KTV မှာ အလုပ်လုပ်ဖို့ဆိုပြီး ပို့လိုက်ကြတယ်ဆိုတာကို ကျမတို့ ကြားသိရပါတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့ မိသားစုတွေ စားဝတ်နေရေးအတွက် ဒီ date girl လိုမျိုး ခန္ဓာကိုယ်ကိုရင်းပြီး အလုပ်လုပ်ကြရပါတယ်ရှင့်။ ဆိုတော့ နာဂစ်အလွန်ကာလမှာ ဧရာဝတီတိုင်းက တချို့အမျိုးသမီးငယ်တွေ ရင်ဆိုင်ခဲ့ရတဲ့ဘဝမျိုးကို အခုဆို နေရာအနှံ့က အမျိုးသမီးတွေပါ ရင်ဆိုင်လာရတယ်လို့ ပြောလို့ရပါတယ်ရှင့်။ ကျမတို့ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲဒုက္ခတွေကို ဘယ်သူတွေကများ ကူညီဖြေရှင်းပေးနေကြသလဲလို့ မေးခွန်းထုတ်မိကြမယ်ဆိုပါစို့။
ပြထားတဲ့ slide မှာ မြင်ရတဲ့အတိုင်းပေါ့လေ။ ကျမတို့ ကောက်ယူထားတဲ့ စစ်တမ်းအရ ဘယ်သူမှ မဖြေရှင်းပေးကြဘူးဆိုတာကို အများဆုံး ဖြေထားတာ တွေ့ရပါတယ်။ ကိုယ့်အချင်းချင်းပဲ ဖေးမကူညီကြရတယ်။ ဒေသခံ ပရဟိတအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့တွေ သူတို့ကလည်း ကူနိုင်တယ်ဆိုပေမဲ့လည်း အင်နဲ့အားနဲ့ ကူနိုင်တာမျိုး မဟုတ်ဘူးရှင့်။ ပိုဆိုးတာက အင်စတီကျူးရှင်းရဲ့ အခန်းကဏ္ဍပေါ့လေ။ တည်ဆဲအစိုးရလို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်နေတဲ့ စစ်ကော်မရှင်အဖွဲ့တွေရဲ့ ကူညီနိုင်စွမ်းကလည်း အတော်လေး နည်းတယ်ဆိုတာကို ကျမတို့တွေ့ရတယ်။ ဒါ့အပြင် EAO လိုအဖွဲ့တွေ၊ PDF, LPDF နောက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့တွေရဲ့ ကူညီပေးနိုင်တဲ့ အစွမ်းကလည်း အကန့်အသတ်နဲ့ ရှိနေပြန်ပါတယ်။ ဒီတော့ ကျမတို့ ပြည်သူတွေမှာ အင်စတီကျူးရှင်းကို အားကိုးဖို့ဆိုတာ ဝေလာဝေးပေါ့လေ။ တော်လှန်ရေးမှာ ငွေအား၊ လူအား ဖြည့်တင်းပေးရတာကလည်း ဒီပြည်သူပဲ၊ ဖြစ်လာတဲ့အခက်အခဲတွေကို ခါးစည်းခံကြရတာကလည်း ဒီပြည်သူပဲ။ ဆိုတော့ ကျမတို့ ပြည်သူမှာ ပြည်သူအချင်းချင်းပဲ ရှိကြတယ်ဆိုရင်တောင်မှ ဘယ်အချိန်ထိများ ကျမတို့ ရှိနိုင်ကြမလဲပေါ့လေ။ ကျမတို့ ပြည်သူအချင်းချင်း ကူဖို့ ကယ်ဖို့ဆိုတာကလည်း တဖြည်းဖြည်းနဲ့ ခက်ခဲလာကြပါတယ်။ ဒါပေမဲ့ ကျမတို့ ပြည်သူအများစုမှာတော့ မာန်နဲ့ ရုန်းထလိုစိတ် ရှိနေကြတယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ ဒါကို ကျမ ဥပမာတခုနဲ့ ထပ်ပြီးတော့ ဆွေးနွေးချင်ပါတယ်ရှင့်။ ကျမတို့ ကောက်ခဲ့တဲ့စစ်တမ်းမှာဆိုရင် ဒီလိုမျိုး အခက်အခဲတွေနဲ့ ကြုံရတဲ့အချိန်မှာ ဘယ်လိုအကူအညီတွေ လိုအပ်သလဲလို့ မေးမြန်းခဲ့ပါတယ်။ အများစုက အလုပ်အကိုင် အခွင့်အလမ်းလို့ ဖြေကြပါတယ်ရှင့်။
အခုပြထားတဲ့ PowerPoint slide မှာ မြင်ကြရတဲ့အတိုင်းပေါ့လေ။ ပညာရေးကိုတောင်မှ ဦးစားမပေးနိုင်ဘဲနဲ့ အလုပ်အကိုင်ရရှိရေးက နံပါတ်တစ်ဦးစားပေးလိုမျိုး ဖြစ်နေတာကို တွေ့ရတယ်။ ဒါက ဘာကိုပြနေလဲဆိုရင် ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတခုမှာ နေနေကြတဲ့ ကျမတို့ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးလိုစိတ် မြင့်မားတယ်ဆိုတာ ကျမတို့ သတိပြုမိပါတယ်။ အခုဆိုရင် နေရာအများစုမှာ နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ၊ အထောက်အပံ့တွေက လိုအပ်နေတယ်။ ဒါပေမဲ့ ဒီအထောက်အပံ့တွေကို ကျမတို့ ပြည်သူတွေ မျှော်လင့်နေကြတာ မဟုတ်ဘူးရှင့်။ သူများ လာကူမှ၊ ကယ်မှ ပြေလည်နိုင်မယ့် မှီခိုအားထားမှုမျိုးကို ကျမတို့ ပြည်သူတွေက မျှော်ကိုးနေကြတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ဖို့ကိုပဲ မျှော်လင့်နေကြတာ ဖြစ်ပါတယ်ရှင့်။
ဒီမှာ ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ပြည်သူတွေက ကိုယ်ကြုံရတဲ့ ဒုက္ခအခက်အခဲတွေကို ကိုယ့်နည်းကိုယ်ဟန်နဲ့ နည်းလမ်းပေါင်းစုံသုံးဖြေရှင်းကြရတယ်။ ဥပမာဆိုရင် ဒီကျားဖြန့်တွေမှာ အလုပ်လုပ်ရတဲ့အထိပေါ့လေ။ ကိုယ်ကိုယ်တိုင်က ဒုက္ခတွင်းဆုံး ရောက်နေရင်တောင်မှ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းဖို့ကိုပဲ အားတင်းထားတယ်ဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ကျမတို့ အခုလိုကြုံရတဲ့ ဒုက္ခ အခက်အခဲပေါင်းစုံတွေကလည်း စစ်အာဏာသိမ်းမှုနဲ့ ဒီအင်စတီကျူးရှင်းတွေရဲ့ စနစ်ပျက်ယွင်းမှုကြောင့် ဖြစ်လာတာပါ။ တဖက်မှာလည်း ဒီအင်စတီကျူးရှင်းက ကျမတို့ ပြည်သူတွေကို ဘာမှ မကူနိုင်ဘူးဆိုတာ ကျမတို့ တွေ့ရတယ်။ ဒါပေမဲ့လည်း ကျမတို့ ပြည်သူတွေက မာန်မလျှော့ပါဘူးရှင့်။ အလုပ်အကိုင်လိုချင်တယ်။ ဝင်ငွေရချင်တယ်။ ဒါတွေသာ ပြေလည်ခဲ့မယ်ဆိုရင် သူတို့ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သူတို့ယုံကြည်ထားကြပါတယ်။ ဒါက ဘာကို ပြနေလဲဆိုရင် ကျမတို့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းနဲ့ သူတို့ရဲ့ ဂုဏ်မာနကို ဖော်ပြနေကြတာလို့ ပြောရင်းနဲ့ပဲ ကျမရဲ့ ဆွေးနွေးမှုကို ဒီမှာပဲ အဆုံးသတ်ပါရစေရှင့်။
ဆွေးနွေးပေးသွားကြတဲ့ panelist တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျနော်တို့ အမေးအဖြေကဏ္ဍကို ဆက်သွားချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကပြင်ရပ်ဝန်းကို ပေးပို့လာတဲ့ မေးခွန်းတွေထဲက နှစ်ခုကို ထုတ်နုတ်ဆွေးနွေးလိုပါတယ်။
မေးခွန်းနံပါတ်-၁ ကို ကျနော် ဖတ်ပြပါ့မယ်။ ပြည်သူတွေမှာ ကြံ့ကြံ့ခံနိုင်စွမ်းရှိသေးတယ်လို့ ပြောထားတာ တွေ့ရပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့လေ ခံနိုင်ရည် ရှိသေးတယ်ဆိုတာထက် လုပ်နိုင်တာ ဘာမှမရှိတော့လို့ အလိုက်သင့် နေလိုက်ကြတော့တာထင်တာပဲ။ ဒီလို အလိုက်သင့် နေလိုက်တာကိုရော ကြံ့ကြံ့ခံနိုင်တယ်လို့ ပြောလို့ရရဲ့လားဗျ။ ဆိုတော့ ဒါနဲ့ပတ်သက်ပြီး တော့လည်း ကျနော်တို့ panelist တွေက ဆွေးနွေးပေးကြပါဦးခင်ဗျ။
ဟုတ်ကဲ့၊ ဒီမေးခွန်းကို ကျနော်ဖြေလိုက်ပါ့မယ်။ ကြံ့ကြံ့ခံနိုင်စွမ်းလို့ ပြောမယ်ဆိုလို့ရှိရင် အားနဲ့မာန်က မျှဖို့လိုတယ်ပေါ့နော်။ ဆိုတော့ အားဆိုတဲ့နေရာမှာလည်း တဦးတယောက်ချင်းစီရဲ့ အားအပြင် ရပ်ရွာအစုအဖွဲ့၊ ပြီးရင် အင်စတီကျူးရှင်းရဲ့ စုပေါင်းအားကို ဆိုလိုချင်တာ ဖြစ်ပါတယ်။ မာန်ဆိုတာကတော့ ဒီလိုအခက်အခဲတွေ ကြုံတဲ့အခါမှာ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စိတ်သန်မာမှုကို ကျနော်တို့ပြောချင်တာ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာလည်း ပြန်ပြီးကြည့်ကြည့်ဦးမယ်ဆိုလို့ရှိရင် ဆက်လက်ရုန်းကန်နိုင်ဦးမယ်လို့ ဖြေဆိုထားတဲ့သူက ၅၀ ရာခိုင်နှုန်းကျော်လောက်ကို ရှိတယ်ပေါ့နော်။ ဒါက မာန်ကို တင်းထားကြတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ပြည်သူတွေရဲ့အားဟာ အကန့်အသတ်ကို ရောက်ရှိနေပြီလို့ ပြောလို့ရတယ်ပေါ့နော်။ တဦးတယောက်ချင်းစီအနေနဲ့ကတော့ အားတင်းပြီး ရင်ဆိုင်ဖြေရှင်းနေတယ်ဆိုပေမဲ့ရပ်ရွာအထောက်အပံ့အနေနဲ့ဆိုရင်လည်း အားနည်းနေတဲ့အခြေအနေ ရောက်လာတယ်။ အင်စတီကျူးရှင်းရဲ့ ထောက်ပံ့မှုဟာလည်း ကျနော်တို့ အားကိုးလောက်စရာမရှိတဲ့ အနေအထားတခုကို ဖြစ်နေတာမျိုး ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ရှေ့မှာ ပြောခဲ့သလိုမျိုးပဲ ကြံ့ကြံ့ခံနိုင်စွမ်းဆိုတာကအကန့်အသတ်ရှိပါတယ်။ ဒီမေးခွန်းကို ပြန်ပြီးတော့ ကောက်ရမယ်ဆိုလို့ရှိရင် လက်ရှိမှာ ပြည်သူတွေက လက်ငင်းပြဿနာတွေကို ဖြေရှင်းနေနိုင်သေးတဲ့သူတွေ၊ အလိုက်သင့် ဖြေရှင်းနိုင်သေးတဲ့သူတွေ ရှိနေသေးတယ်ဆိုပေမဲ့လည်း အချိန်မရွေးမျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို ရောက်သွားနိုင်တယ်ဆိုတာမျိုးကို မြင်မိပါတယ်လို့ပဲ သုံးသပ်ချင်ပါတယ်ဗျ။
ဟုတ်ကဲ့၊ ဖြေပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်တို့ မေးခွန်းနံပါတ်-၂ ကို ဆက်ပြီး သွားလိုက်ပါ့မယ်။
အခုလက်ရှိမှာ အလုပ်အကိုင်အတော်ရှားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ပေးထားတဲ့ အယူအဆမှတ်စုကို ဖတ်ကြည့်တဲ့အခါမှာ ကြံ့ကြံ့ခံနိုင်စွမ်းက ရှိသေးတယ်လို့ ပြောထားတာတွေ့တယ်။ ဒါဆိုရင် လူတွေက ဘာတွေလုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြလို့ ကြံ့ကြံ့ခံနေနိုင်ကြသေးတာလဲဆိုတာ သိချင်ပါတယ်လို့ မေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ panelist တွေက ဆွေးနွေးပေးကြပါဦးခင်ဗျ။
ဟုတ်ကဲ့၊ ကျမ ဒီမေးခွန်းကို ဖြေလိုက်ပါ့မယ်။ မေးခွန်းအတွက် ကျေးဇူးပါရှင့်။ အခုဆိုရင် ပြည်သူတွေက သူတို့ရင်ဆိုင်နေရတဲ့ ဒီဒုက္ခတွေကို သူတို့နည်း သူတို့ဟန်နဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ဖြေရှင်းကြရတယ်ပေါ့နော်။ ကျမ ခုနက ပြောခဲ့သလိုပဲ ကျားဖြန့်တွေမှာ အလုပ်သွားလုပ်ရတယ်။ date girl လိုမျိုးအလုပ်တွေ လုပ်ရတယ်။ ပြီးသွားရင် ဒီတဖက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းဆိုတာ တော်တော်လေးကို ရှားပါတယ်။ နောက်ပြီးလောင်းကစားလုပ်ငန်းတွေ ဆိုတာကလည်း မှိုလိုပေါက်လာတယ်ပေါ့လေ။ ဒီနေရာမှာ ပြည်တွင်းက ဒေသခံသုတေသီတွေနဲ့ ဆွေးနွေးရင်း သိခဲ့ရတဲ့ အဖြစ်အပျက်တခုကို ပြန်ပြီးတော့ မျှဝေပေးချင်ပါတယ်ရှင့်။
ဒီအဖြစ်အပျက်မှာဆိုရင် နယ်က သာမန်လက်လုပ်လက်စား အမျိုးသားတယောက်ပေါ့။ သူ့မှာ မီးဖွားခါနီး အမျိုးသမီးတဦး ရှိတယ်။ နောက်ပြီး သူ့မှာ အလုပ်အကိုင်လည်းမရှိဘူး။ အကြွေးကလည်း တင်နေသေးတယ်ပေါ့လေ။ ဆိုတော့ သူ့အမျိုးသမီး မီးဖွားဖို့နဲ့ အကြွေးတွေပြန်ဆပ်နိုင်ဖို့ သူ ဘယ်လိုဖြေရှင်းရမလဲလို့ အမြန်ဆုံး စဉ်းစားကြည့်တဲ့အခါမှာ စစ်မှုထမ်းစာရင်းမှာပါပြီးတော့ မလိုက်ချင်တဲ့ သူတွေကိုယ်စား လိုက်သွားမယ်ဆိုတဲ့ဟာမျိုးပေါ့လေ။ ပြောရမယ်ဆိုရင် လူကြီးတွေဆီ သွားပြီးတော့ စစ်မှုထမ်းစာရင်းပါပြီးတော့ မလိုက်ချင်တဲ့သူတွေရှိရင် ကျနော့်ကိုပြော၊ ကျနော် ကိုယ်စားလိုက်ပေးပါ့မယ်ပေါ့နော်။ တဖက်မှာလည်း ကျနော့်မိသားစုအတွက် လိုနေတဲ့ငွေပမာဏ ဘယ်လောက်ဘယ်လောက်ကိုတော့ လူကြီးတွေအနေနဲ့ တောင်းဆိုပေးပါပေါ့။ ပေးပေးပါပေါ့။ ဒါက ဒီလို စစ်မှုထမ်းဈေးကွက်တွေ ပေါ်လာတဲ့အခါအန္တရာယ်များတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြတာကို ကျမတို့ တွေ့ရတယ်။ အလားတူပဲ ပြည်သူတွေဟာ ပြဿနာတွေ၊ ဒုက္ခတွေကို ရင်ဆိုင်ကြတဲ့အခါ တပွဲတိုးနည်းလမ်းတွေနဲ့ ဖြေရှင်းပြီးတော့ ကြံ့ကြံ့ခံရင်ဆိုင်ကြတယ်ဆိုတာ ကျမတို့တွေ့ရတယ်လေ။ ဒါ့အပြင် ကျမတို့ လူတဦးချင်းစီအတွက်ရော နောက် တိုင်းပြည်ရဲ့ အနာဂတ်အတွက်ရော အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ပိုပြီးတော့ လိုနေသေးတယ်လို့ ပြောရင်းနဲ့ပဲ ကျမရဲ့အဖြေကို အဆုံးသတ်ပါရစေရှင့်။
ဟုတ်ကဲ့၊ ဖြေပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတခေါက်မှာတော့ ကျနော်တို့ အခုတက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကနေပြီးတော့ မှတ်ချက်တခုကို ဖိတ်ခေါ်ချင်ပါတယ်။ ဆိုတော့ Raise Hand button သုံးပြီးတော့ မှတ်ချက်ပြုပေးလို့ ရပါတယ်။ ကျနော်တို့ဘက်မှာ Raise Hand button ပေါ်လာတဲ့သူကို မိုက်ဖွင့်ပြီးတော့ ဆွေးနွေးခွင့်ပြုသွားပါမယ်။ လက်ထောင်ပေးလို့ ရပါတယ်ခင်ဗျ။ လောလောဆယ်တော့ ကျနော်တို့ Raise Hand လုပ်ထားသူ မတွေ့ရသေးဘူးဆိုတော့ Chat ထဲမှာပို့ထားတဲ့ မေးခွန်းတခုကို ကျနော် panelist တွေကို မေးချင်ပါတယ်။
မေးထားတဲ့မေးခွန်းကတော့ ဒီဇင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲအပြီးမှာ ဒီအကျပ်အတည်းတွေကနေ ပြေလည်နိုင်မှာလားလို့ မေးထားတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး panelist တွေက ဆွေးနွေးပေးစေလိုပါတယ်ခင်ဗျ။
ဒီမေးခွန်းကို ကျနော်ဖြေလိုက်ပါ့မယ်ဗျ။ ကျနော်တို့ အခုဆွေးနွေးပွဲက လူမှုစီးပွားရေးရှုထောင့်ကနေပြီးတော့ ဆွေးနွေးတာ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ မူဝါဒရှုထောင့်တွေကနေ ဖြေဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကတော့ အခုကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူးဗျ။ ရွေးကောက်ပွဲအလွန်ကာလမှာဆိုရင် ပဋိပက္ခတွေက ပိုတိုးပြီးတော့တောင်မှ ဖြစ်သွားနိုင်ပါသေးတယ်။ ရွေးကောက်ပွဲ လုပ်ပြီးလို့ နိုင်ငံတကာအမြင်မှာ ဒီမိုကရေစီအရေးတို့၊ တရားဝင်အစိုးရတို့ ဆိုတာထက် တက်လာတဲ့အစိုးရက လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အာမခံနိုင်လား၊ စီးပွားရေးဖွံ့ဖြိုးလာအောင် လုပ်နိုင်လားဆိုတာကိုပဲ စောင့်ကြည့်ရမယ် ထင်ပါတယ်။ ကျေးဇူးပါ။
ဟုတ်ကဲ့၊ ဖြေပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျနော်တို့ထပ်ပြီးတော့ ဒီနေ့တက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကနေပြီးတော့ မေးခွန်းနဲ့ မှတ်ချက်တခုလောက်စီ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ Raise Hand button သုံးပြီးတော့ မေးမြန်းလို့ရပါတယ် ခင်ဗျာ။ လက်ထောင်ထားတဲ့သူများ ရှိလားခင်ဗျ။ ကျနော်တို့ Chat ထဲက မေးခွန်းတခုကိုလည်း ဖတ်ပြချင်ပါတယ်။
ဖြေရှင်းကြတဲ့ နည်းလမ်းတွေမှာ ပြည်တွင်းဖြစ်တွေ ပြောင်းသုံးလာကြတယ်ဆိုတာ တွေ့လိုက်တယ်။ ဒါဆို ပြည်တွင်းအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ ပိုအဆင်ပြေပြီးတော့ စီးပွားရေး ကောင်းမလာနိုင်ဘူးလားလို့ Chat ထဲမှာ မေးခွန်းမေးထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း panelist တွေက ဆွေးနွေးပေးပါဦးခင်ဗျ။
ဒီမေးခွန်းကို ကျမ ဖြေလိုက်ပါ့မယ်ရှင့်။ မေးမြန်းပေးတဲ့အတွက် ကျေးဇူးပါနော်။ အခုလို အခြေအနေတွေကို ကျမတို့ လေ့လာကြည့်တဲ့အခါမှာ အခုဆိုရင် ထိုင်းဘက်က သွားတိုက်ဆေးတို့၊ ဆပ်ပြာမှုန့်တို့ ကျမတို့နိုင်ငံကို မဝင်တော့ဘူးပေါ့၊ ပစ္စည်းပြတ်သွားတယ်။ အဲဒီအခါ ပြည်တွင်းဖြစ် သွားတိုက်ဆေးတို့လို ပြည်တွင်းဖြစ်တွေကိုပဲ ကျမတို့ သုံးလာရတယ်ပေါ့နော်။ ဒါပေမဲ့ ကျမတို့ သတိပြုသင့်တာက အဲဒီလို ပြည်တွင်းဖြစ် ထုတ်ကုန်တွေရဖို့အတွက် ကုန်ကြမ်းကို ပြည်ပကနေတင်သွင်းဖို့ လိုတယ်လေ။ ဆိုတော့ ဒီနေရာမှာ ဒေသခံသုတေသီတွေနဲ့ အုပ်စုဖွဲ့ဆွေးနွေးမှုကတဆင့် သိရှိခဲ့ရတဲ့ အဖြစ်အပျက်တခုကို ဥပမာအနေနဲ့ ပြန်ပြီးတော့ ဖြေချင်ပါတယ်ရှင့်။ ရန်ကုန်မြို့က ကိတ်မုန့်လုပ်ငန်း ပိုင်ရှင်တယောက်ပေ့ါလေ။ အခုဆိုရင် သူ့ရဲ့ ကိတ်မုန့်လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်း၊ ပြည်ပက ကုန်ကြမ်းပစ္စည်းတွေကို သူ့အနေနဲ့ ဝယ်လို့မရတော့ဘူး။ ဆိုတော့ကာ သူ့လုပ်ငန်းလည်း လည်ပတ်ဖို့အတွက် အဆင်မပြေ ဖြစ်လာတယ်ပေါ့လေ။ ဒါနဲ့ပဲ အရည်အသွေးကောင်းတဲ့ ပြည်ပ ကုန်ကြမ်းပစ္စည်းတွေကို သူ့အနေနဲ့ မသုံးနိုင်ဘူး၊ မသုံးနိုင်တော့ဘူးဆိုရင် စားသုံးသူတွေ လျော့သွားမှာပေါ့၊ သူ့အနေနဲ့ စိုးရိမ်လာရတယ်။ တဖက်မှာလည်း သူ့ရဲ့ ဒီလိုအခြေအနေနဲ့သာဆိုရင် သူ့ရဲ့ ကိတ်မုန့်လုပ်ငန်းကလည်း လအနည်းငယ်အတွင်း ရပ်သွားနိုင်တယ်ပေါ့လေ။ ဆိုတော့ ဒီဥပမာကို ကြည့်ကြည့်မယ်ဆိုရင် လောလောဆယ်မှာတော့ ကျမတို့ ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းတွေနဲ့ အဆင်ပြေနိုင်တယ် ဆိုသော်ငြားလည်း အချိန်တခုရောက်ရင်တော့ ဒီလုပ်ငန်းတွေက လည်ပတ်ဖို့အတွက် အခက်အခဲရှိလာတာကို တွေ့ရတယ်ရှင့်။ ဟုတ်ကဲ့၊ ကျမ ဒီလောက်ပဲ ဖြေချင်ပါတယ်ရှင့်။
ဟုတ်ကဲ့၊ ဆွေးနွေးပေးသွားကြတဲ့ panelist တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဒီနေ့အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်ချင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပေါ့လေ ကျနော်တို့ panelist တွေကနေ နောက်ဆုံးဆွေးနွေးချင်တာမျိုးများ ရှိပါသလားခင်ဗျ။
ဟုတ်ကဲ့၊ ကျနော်တို့ ဆွေးနွေးခဲ့တာကို ပြန်ချုပ်ပြီးတော့ အချက်သုံးချက်နဲ့ ပြောချင်ပါတယ်။ ပထမဦးဆုံးအချက်ကတော့ ဒီလေးနှစ်ကျော်ကာလမှာ ပြည်သူတွေဟာလက်ငင်းဒုက္ခများစွာကို ရင်ဆိုင်နေရပါတယ်။ ဒီဒုက္ခတွေဟာ ရေတိုတင်မကပါဘူး၊ ရေရှည်ဖြစ်တဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေက အားမလျှော့ထားဘူး။ ကိုယ့်အားကိုယ်ကိုးစိတ်နဲ့ ဆက်ပြီးတော့ ဖောက်ထွက်နိုင်ဦးမယ်လို့ ယုံကြည်နေတာမျိုး ဖြစ်တယ်ပေါ့နော်။
ဒုတိယတချက်ကတော့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေဟာဆိုရင် အာဏာသိမ်းမှုနဲ့ အင်စတီကျူးရှင်းစနစ်ကြောင့်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒါတွေကိုလည်း အင်စတီကျူးရှင်းတွေကိုယ်၌က ကူညီပေးနိုင်စွမ်းကင်းမဲ့တာကိုထင်ထင်ရှားရှား မြင်ရတယ်ပေါ့နော်။ ဒီအခြေအနေမှာဆိုရင်လည်း လူထုက မာန်တင်းထားပါသေးတယ်။ နောက်ဆုံး တတိယအချက်ကတော့ ပြည်သူတွေမှာ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်မယ့် ‘အားနဲ့ မာန်’ကတော့ ရှိနေသေးတာကို သတိပြုမိတယ်ပေါ့နော်။ ဒီနေရာမှာ ‘အား’ဆိုတာက အရှေ့မှာလည်း ကျနော်တို့ ပြောခဲ့သလိုပဲ ဖြေရှင်းနိုင်စွမ်းတွေကို အဓိကထောက်ပံ့ပေးနိုင်မယ့် ရေခံမြေခံလိုမျိုး၊ အရင်းအမြစ်လိုမျိုး၊ ထောက်ပံ့ပေးနိုင်တဲ့ ‘စွမ်းဆောင်ရည်ခွန်အား’လိုမျိုးကို ပြောချင်တာ ဖြစ်ပါတယ်။ ‘မာန်’ကတော့ စိတ်ဓာတ်သန်မာမှု၊ တောင့်ခံနိုင်မှုကို အဓိကပြောချင်တာပါ။ ပြည်သူတွေရဲ့ တဦးချင်း‘အား’နဲ့ ဆက်လက်ရုန်းကန်နိုင်တယ်ဆိုပေမဲ့လည်း လူ့အဖွဲ့အစည်းရဲ့ ‘အား’ကလည်း အခုအချိန်မှာ လျော့နည်းလာတယ်။ အင်စတီကျူးရှင်းရဲ့ပံ့ပိုးမှု ‘အား’ကချည့်နဲ့နေတဲ့အနေအထားလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့။ အရှေ့မှာ ကျနော်ပြောခဲ့သလိုပဲ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းဆိုတာကလည်း အကန့်အသတ်ရှိပါတယ်။ ဆိုတော့ ဒါကို ယုတ်လျော့မသွားအောင်၊ မြဲမြဲတည်နိုင်အောင် အားယူရှင်သန်နိုင်ဖို့ဆိုလို့ရှိရင် အားရောမာန်ရော၊ အားနဲ့ မာန်က ဟန်ချက်ညီနေမှသာ ဖြစ်နိုင်လိမ့်မယ်လို့ပဲ သုံးသပ်ရင်းနဲ့ ကျနော်တို့ နိဂုံးချုပ်ချင်ပါတယ်ဗျ။
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။ ဒီနေ့အစီအစဉ်မှာ အချိန်အကန့်အသတ်ကြောင့် မဖြေလိုက်ရတဲ့ မေးခွန်းတွေကို အီးမေးလ်ကနေတဆင့် ပြန်လည်ဖြေကြားသွားပါ့မယ်ခင်ဗျာ။ နောက်ပြီးတော့ ဒီနေ့ဆွေးနွေးတဲ့ အစီအစဉ်မှာ အဓိကပြောခဲ့တဲ့စစ်တမ်းကိုလည်း မကြာခင်မှာ အပြည့်အစုံထုတ်ဝေသွားဖို့ ရှိပါတယ်။ ဒီလိုဆွေးနွေးချက်တွေ၊ နောက် တခြားသော သုတေသနတွေ့ရှိချက်တွေကို ISP-Myanmarရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်တဲ့ ispmyanmar.com နဲ့ social media တွေမှာ အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲအစီအစဉ်ကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောရင်းနဲ့ ကျနော်တို့ ဒီနေ့အစီအစဉ်ကို ဒီမှာပဲ ရပ်နားပါရစေခင်ဗျ။
▪️နောက်ဆက်တွဲမေးခွန်းနှင့် ဖြေဆိုချက်
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် ပြုလုပ်ချိန်အတွင်း စာဖြင့် ရေးသားမေးမြန်းခဲ့သော မေးခွန်းကို ပြန်လည်ဖြေဆိုထားခြင်း ဖြစ်ပါသည်။
❓
ISP-Myanmar က လုပ်တဲ့ဆွေးနွေးပွဲတွေက အချိန်တိုတိုနဲ့ လိုတိုရှင်းလေးဖြစ်တာကောင်းပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တခုမေးချင်တာက ဒီသုတေသနမှာ လူ ၁,၀၀၀ တောင် မေးတာက တဦးချင်းစီကို လူတွေ့မေးမြန်းတာလား၊ အင်တာနက်ကနေ မေးတာလား သိချင်ပါတယ်။ ကျေးဇူးပါ။
🔻
ဟုတ်ကဲ့ပါဗျ။ အခုစစ်တမ်းကို ရှေ့မှာလည်း ပြောခဲ့သလိုပဲ ပြည်နယ်နဲ့ တိုင်း ၁၄ ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့နယ် ၈၅ မြို့နယ်မှာ တမြို့နယ်ကို လူ ၁၂ ဦးစီနဲ့ ကောက်ယူခဲ့တာဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီး ဖြေဆိုသူအချိုး မျှတအောင်၊ မြို့ပြ၊ ကျေးလက်အပြင် စစ်ရှောင်စခန်းနဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေပါ ပါအောင် မေးမြန်းခဲ့ပါတယ်။ စစ်တမ်းကိုတော့ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ အဖွဲ့အစည်းရဲ့သုတေသနကွန်ရက်မှာရှိတဲ့ မြို့နယ်အသီးသီးက သုတေသီတွေက လူတွေ့ ဒါမှမဟုတ် ဖုန်းကနေတဆင့် ကောက်ယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပါဝင်ဖြေဆိုသူတွေမှာလည်း အခြေခံလုပ်ခလစာထက် လျော့နည်းတဲ့ ဝင်ငွေရှိသူတွေကအစ အလွှာစုံ၊ ကဏ္ဍစုံမှာ ရှိနေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေနဲ့ အိမ်ရှင်မတွေပါမကျန် မေးမြန်းခဲ့ပါတယ်။ ပြည့်စုံလုံလောက်တယ်တော့ မယူဆပါဘူး။ ပိုပြီးစုံလင်တဲ့ လေ့လာမှုတွေ ထပ်လုပ်ရပါဦးမယ်။
