▪️အယူအဆမှတ်စု
“တောင်ပေါ်မြေရဲ့ တခြားတဖက် တမျက်နှာမှာ …
ဘာတွေရှိမှန်း မသိကြပေ …
မြင်စရာတွေ တကယ်တမ်းပြောပြစရာတွေ …
ပုံလို့သာနေ …”
တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ
တေးရေး – စိုင်းခမ်းလိတ်၊ တေးဆို – စိုင်းထီးဆိုင်
သဘာ၀(၁၉၇၃) တေးစီးရီးမှ။
ညီနောင်သုံးဖွဲ့ရဲ့ “စစ်ဆင်ရေး ၁၀၂၇” ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး ရှမ်းမြောက်ဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာသွင်ပြင်က အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ မြန်မာစစ်တပ်လည်း မရှုမလှ စစ်ရေးရှုံးနိမ့်မှုနဲ့အတူ နယ်မြေအများအပြား ဆုံးရှုံးသွားပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဖိအားနဲ့အတူ ‘မချစ်သော်လည်း အောင့်ကာနမ်း’ နှစ်ဖွဲ့ချင်း ယာယီအပစ်ရပ်စဲရေးတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာရော တိုင်းရင်းသား လက်နက်ကိုင် (EAOs) တပ်ဖွဲ့တွေက နယ်မြေသစ်တွေကို ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာပါ ရှမ်းပြည်နယ်အတွင်း စစ်စီးပွားရေး(တနည်း) ပဋိပက္ခစီးပွားရေးက သိသိသာသာကြီးထွားလာခဲ့ပါတယ်။
ပဋိပက္ခစီးပွားရေးဆိုတဲ့သဘောက စီးပွားရေးလုပ်ဆောင်မှုတွေ ထိန်းသိမ်းထားဖို့နဲ့ အဲဒီစီးပွားရေးလုပ်ငန်းကွန်ရက်တွေနဲ့ အမြတ်အစွန်းတွေဟာ လောင်အားကောင်းနေတဲ့ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင်တဲ့ ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေးအပါအဝင် မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလုပ်ငန်းတွေက လက်နက်ကိုင်ဆောင်ထားကြသူတွေအဖို့ မတည်ငြိမ်မှုတွေ ဖန်တီးနေရင်း ဘဏ္ဍာဝင်ငွေနဲ့ အမြတ်အစွန်းကြီးကြီးမားမားကို ရရှိနေကြပါတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေ ရရှိနိုင်ကြပါတယ်။ ဒီလုပ်ငန်းတွေက တရားဝင် အုပ်ချုပ်စီမံမှုနဲ့ ဝန်ဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်မလာဘဲ တဖက်မှာ ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။
ဒီနေရာမှာ အထူးတလည် ထိခိုက်နစ်နာရသူတွေကတော့ ဒေသခံတွေနဲ့ နိုင်ငံတခုလုံးက ပြည်သူလူထုတွေပါပဲ။ ရေတိုမှာ မြိုးမြိုးမြက်မြက် ငွေရနိုင်ရေးအတွက် လည်သလိုလုပ်ကြရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေက လုပ်ပိုင်ခွင့်ရကြပါတယ်။ ပြည်သူလူထုအဖို့ ပြောရေးဆိုခွင့်မရှိ ‘အသံမဲ့’တွေပါ။ တိုင်ကြားစောဒကတက်တာတွေကို နား ထောင်တဲ့သူ မရှိသလို၊ ဆိုးရွားတဲ့အဖြစ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံကြရပါတယ်။ ဖမ်းဆီးခံရလို့ လူပျောက်သွားရသူတွေရှိသလို၊ နစ်နာတဲ့ ရပ်ရွာက ဆန္ဒပြဆန့်ကျင်ကန့် ကွက်နိုင်တဲ့ အခင်းအကျင်းမျိုးလည်း များသောအားဖြင့် မရှိပါဘူး။ သွယ်ဝိုက်ပြီး ဖြစ်ပျက်လာတဲ့ အခင်းအကျင်းမှာ ရာဇဝတ်မှုထူပြောလာသလို၊ တရားဥပဒေစိုးမိုးရေး ပျက်သွားပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ညစ်ညမ်းမှုကိုလည်း အထူးတလည်ခံကြရပါတယ်။
တောင်ပေါ်သား ဒေသခံလူထုတွေရဲ့နစ်နာမှုကို အကြောင်းခံလို့ ပေါ်ပေါက်လာကြတဲ့ EAOs အဖွဲ့တွေအဖို့ ဒီရေမြေ၊ ဒီမြစ်ချောင်း၊ ဒီတောတောင်၊ ဒီပြည်သူ၊ ဒီယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက သူတို့ တန်ဖိုးကြီးကြီးပေးထားရတဲ့ သရုပ်သကန် ကြန်အင်လက္ခဏာ ဖြစ်ခဲ့ကြပါတယ်။ ခုတော့ ပဋိပက္ခစီးပွားရေးကြောင့် ကိုယ်ပိုင်ကြန်အင်လက္ခဏာတွေကို ပြန်ဖျက်ဆီးကြသလို ဖြစ်နေပါပြီ။ လုယူဖျက်ဆီး ခေါင်းပုံဖြတ်တတ်တဲ့ စနစ်ကြီးတခုကို ကြုံ တွေ့လာရတာပါ။
သိပ်မကြာသေးခင် ကာလအတွင်း ကရင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက ပဋိပက္ခစီးပွားရေးနဲ့ သက်ရောက်မှုတွေကို ISP-Myanmar က သုတေသနပြု လေ့လာခဲ့ပါတယ်။ သုတေသနတွေ့ရှိချက်တွေထဲကနေ အဓိကထား ဖော်ပြချင်တာတခုက ရပ်ရွာ-လူထုတွေအပေါ် ပဋိပက္ခစီးပွားရေးရဲ့ ထိခိုက်သက်ရောက်မှုပါပဲ။ စစ်ကြောင့် အသက်အိုးအိမ် ပျက်စီးကြရသလို၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ရှမ်းမြောက်ကို ဥပမာပြရရင် ဒီနှစ်များမှာ လားရှိုး၊ မူဆယ်ဒေသတွေမှာ သယံဇာတတူးဖော်မှုတွေ တင်းကြမ်းဖြစ်နေပါတယ်။ ကျောက်မဲဒေသဆိုရင် ရေတွေညစ်ထေးလို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကြုံနေရပါတယ်။ တန့်ယန်းနဲ့ ဟိုပုံးဒေသတွေမှာ ရွှေ့ပြောင်းအခြေချလာတဲ့ ငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သိန္နီလိုမြို့တွေမှာတော့ မြေယာ၊ အိုးအိမ် မတရားသိမ်းပိုက်မှုတွေအပြင် စီးပွားရေးအင်အားကြီးတွေ ကျူးကျော်ထိုးဖောက် အခြေချလာတာမျိုးတွေ ကြုံနေကြရပါတယ်။ ဘယ်သူ၊ ဘယ်အာဏာပိုင်ကို တိုင်ကြားစောဒကတက်ရမယ်ဆိုတာမျိုးလည်း မသိနိုင်ကြတော့ပါဘူး။
ဒီလို ဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ တချို့က ငွေနောက်လိုက်ကုန်ပါတယ်။ ရှင်သန်နိုင်ရေးအတွက် ငွေလိမ်ဂိုဏ်းမှာ လိုလိုလားလား အလုပ်သွားလုပ်ကြသူတွေ ရှိလာသလို၊ တရားမဝင် မှောင်ခို၊ ရာဇဝတ်မကင်းတဲ့ လုပ်ငန်းတွေထဲ ခြေချကြရသူတွေလည်း ရှိလာပါတယ်။ အိုးအိမ်ပိုင်ဆိုင်မှု သိမ်းပိုက်ခံရတာ ကြုံရသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ခံစားနေကြရပါတယ်။ အသစ်သောပုံမှန်အခြေအနေ (New normal) လို သဘောထား ရှင် သန်နေကြရပါတယ်။ ပဋိပက္ခစီးပွားရေးကနေ ဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါး ပါးနေပါပြီ။
ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ လူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး နာမည်ကျော် နိုင်ငံရေးသိပ္ပံပညာရှင် အယ်လ်ဘတ်ဟာ့ချ်မင် (Albert O. Hirschman, 1970) ပြောခဲ့တဲ့ “Voice, Exit, Loyalty” မူဘောင်က စိတ်ဝင်စားဖွယ်ပါ။ လူတွေဟာ အခုလို ဆိုးရွားတဲ့အခြေအနေတွေကြုံရရင် မကျေနပ်ကြောင်း ဖော်ပြကြပါတယ်။ အသံပေးကန့်ကွက်ကြပါတယ်။ ဖြစ်မလာတဲ့အခါ ဒီဒေသကို စွန့်ခွာပြီး ထွက်သွားကြတော့တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတော့တာပါပဲ။ ချဉ်ဖတ်အိုးထဲကျတဲ့ ဟင်းသီးဟင်းရွက်တွေလို သူလည်းချဉ်ပြီး ရရစားစား၊ ငွေနောက်လိုက်၊ အလုပ် ဖြစ်အောင် လုပ်နေကြရပါတော့တယ်။ အခုလို ပဋိပက္ခစီးပွားရေးစနစ်တွေကြောင့် ပြည်သူတွေခံစားနေကြရတာကို ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀”အစီအစဉ်မှာ ဆွေးနွေးတင်ပြပါမယ်။ ဒီတပတ်မှာတော့ ရှမ်းမြောက်အကြောင်း အဓိကထားမှာဖြစ်ပြီး နောက်အစီအစဉ်မှာ ကရင်ပြည်နယ်က ပဋိပက္ခစီးပွားရေး သက်ရောက်မှုတွေကို ဆက်ပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။
