၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ‘ပဋိပက္ခစီးပွားရေး၏ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၂ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယခုဖော်ပြချက်တွင် ပါဝင်သော အကြောင်းအရာများသည် ISP-Myanmar ၏ ပဋိပက္ခစီးပွားရေးလေ့လာမှု (Conflict Economy Studies) သုတေသနပြုလေ့လာချက်များထဲက တစိတ်တပိုင်းဖြစ်ပါသည်။
▪️အယူအဆမှတ်စု
“တောင်ပေါ်မြေရဲ့ တခြားတဖက် တမျက်နှာမှာ …
ဘာတွေရှိမှန်း မသိကြပေ …
မြင်စရာတွေ တကယ်တမ်းပြောပြစရာတွေ …
ပုံလို့သာနေ …”
တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ
တေးရေး – စိုင်းခမ်းလိတ်၊ တေးဆို – စိုင်းထီးဆိုင်
သဘာ၀(၁၉၇၃) တေးစီးရီးမှ။
ညီနောင်သုံးဖွဲ့ရဲ့ “စစ်ဆင်ရေး ၁၀၂၇” ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး ရှမ်းမြောက်ဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာသွင်ပြင်က အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ မြန်မာစစ်တပ်လည်း မရှုမလှ စစ်ရေးရှုံးနိမ့်မှုနဲ့အတူ နယ်မြေအများအပြား ဆုံးရှုံးသွားပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဖိအားနဲ့အတူ ‘မချစ်သော်လည်း အောင့်ကာနမ်း’ နှစ်ဖွဲ့ချင်း ယာယီအပစ်ရပ်စဲရေးတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာရော တိုင်းရင်းသားလက်နက်ကိုင် (EAOs) တပ်ဖွဲ့တွေက နယ်မြေသစ်တွေကို ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာပါ ရှမ်းပြည်နယ်အတွင်း စစ်စီးပွားရေး(တနည်း) ပဋိပက္ခစီးပွားရေးက သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။
ပဋိပက္ခစီးပွားရေးဆိုတဲ့သဘောက စီးပွားရေးလုပ်ဆောင်မှုတွေ ထိန်းသိမ်းထားဖို့နဲ့ အဲဒီစီးပွားရေးလုပ်ငန်းကွန်ရက်တွေနဲ့ အမြတ်အစွန်းတွေဟာ လောင်အားကောင်းနေတဲ့ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင်တဲ့ ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေးအပါအဝင် မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလုပ်ငန်းတွေက လက်နက်ကိုင်ဆောင်ထားကြသူတွေအဖို့ မတည်ငြိမ်မှုတွေ ဖန်တီးနေရင်း ဘဏ္ဍာဝင်ငွေနဲ့ အမြတ်အစွန်းကြီးကြီးမားမားကို ရရှိနေကြပါတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေ ရရှိနိုင်ကြပါတယ်။ ဒီလုပ်ငန်းတွေက တရားဝင် အုပ်ချုပ်စီမံမှုနဲ့ ဝန်ဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်မလာဘဲ တဖက်မှာ ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။
ဒီနေရာမှာ အထူးတလည် ထိခိုက်နစ်နာရသူတွေကတော့ ဒေသခံတွေနဲ့ နိုင်ငံတခုလုံးက ပြည်သူလူထုတွေပါပဲ။ ရေတိုမှာ မြိုးမြိုးမြက်မြက် ငွေရနိုင်ရေးအတွက် လည်သလိုလုပ်ကြရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေက လုပ်ပိုင်ခွင့်ရကြပါတယ်။ ပြည်သူလူထုအဖို့ ပြောရေးဆိုခွင့်မရှိ ‘အသံမဲ့’တွေပါ။ တိုင်ကြားစောဒကတက်တာတွေကို နားထောင်တဲ့သူ မရှိသလို၊ ဆိုးရွားတဲ့အဖြစ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံကြရပါတယ်။ ဖမ်းဆီးခံရလို့ လူပျောက်သွားရသူတွေရှိသလို၊ နစ်နာတဲ့ ရပ်ရွာက ဆန္ဒပြဆန့်ကျင်ကန့်ကွက်နိုင်တဲ့ အခင်းအကျင်းမျိုးလည်း များသောအားဖြင့် မရှိပါဘူး။ သွယ်ဝိုက်ပြီး ဖြစ်ပျက်လာတဲ့ အခင်းအကျင်းမှာ ရာဇဝတ်မှု ထူပြောလာသလို၊ တရားဥပဒေစိုးမိုးရေး ပျက်သွားပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ညစ်ညမ်းမှုကိုလည်း အထူးတလည်ခံကြရပါတယ်။
တောင်ပေါ်သား ဒေသခံလူထုတွေရဲ့နစ်နာမှုကို အကြောင်းခံလို့ ပေါ်ပေါက်လာကြတဲ့ EAOs အဖွဲ့တွေအဖို့ ဒီရေမြေ၊ ဒီမြစ်ချောင်း၊ ဒီတောတောင်၊ ဒီပြည်သူ၊ ဒီယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေက သူတို့ တန်ဖိုးကြီးကြီးပေးထားရတဲ့ သရုပ်သကန် ကြန်အင်လက္ခဏာ ဖြစ်ခဲ့ကြပါတယ်။ ခုတော့ ပဋိပက္ခစီးပွားရေးကြောင့် ကိုယ်ပိုင်ကြန်အင်လက္ခဏာတွေကို ပြန်ဖျက်ဆီးကြသလို ဖြစ်နေပါပြီ။ လုယူဖျက်ဆီး ခေါင်းပုံဖြတ်တတ်တဲ့ စနစ်ကြီးတခုကို ကြုံတွေ့လာရတာပါ။
သိပ်မကြာသေးခင်ကာလအတွင်း ကရင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက ပဋိပက္ခစီးပွားရေးနဲ့ သက်ရောက်မှုတွေကို ISP-Myanmar က သုတေသနပြု လေ့လာခဲ့ပါတယ်။ သုတေသနတွေ့ရှိချက်တွေထဲကနေ အဓိကထား ဖော်ပြချင်တာတခုက ရပ်ရွာ-လူထုတွေအပေါ် ပဋိပက္ခစီးပွားရေးရဲ့ထိခိုက်သက်ရောက်မှုပါပဲ။ စစ်ကြောင့် အသက်အိုးအိမ် ပျက်စီးကြရသလို၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ရှမ်းမြောက်ကို ဥပမာပြရရင် ဒီနှစ်များမှာ လားရှိုး၊ မူဆယ်ဒေသတွေမှာ သယံဇာတတူးဖော်မှုတွေ တင်းကြမ်းဖြစ်နေပါတယ်။ ကျောက်မဲဒေသဆိုရင် ရေတွေညစ်ထေးလို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကြုံနေရပါတယ်။ တန့်ယန်းနဲ့ ဟိုပုံးဒေသတွေမှာ ရွှေ့ပြောင်းအခြေချလာတဲ့ ငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သိန္နီလိုမြို့တွေမှာတော့ မြေယာ၊ အိုးအိမ် မတရားသိမ်းပိုက်မှုတွေအပြင် စီးပွားရေးအင်အားကြီးတွေ ကျူးကျော်ထိုးဖောက် အခြေချလာတာမျိုးတွေ ကြုံနေကြရပါတယ်။ ဘယ်သူ၊ ဘယ်အာဏာပိုင်ကို တိုင်ကြားစောဒကတက်ရမယ်ဆိုတာမျိုးလည်း မသိနိုင်ကြတော့ပါဘူး။
ဒီလို ဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ တချို့က ငွေနောက်လိုက်ကုန်ပါတယ်။ ရှင်သန်နိုင်ရေးအတွက် ငွေလိမ်ဂိုဏ်းမှာ လိုလိုလားလား အလုပ်သွားလုပ်ကြသူတွေ ရှိလာသလို၊ တရားမဝင် မှောင်ခို၊ ရာဇဝတ်မကင်းတဲ့ လုပ်ငန်းတွေထဲ ခြေချကြရသူတွေလည်း ရှိလာပါတယ်။ အိုးအိမ်ပိုင်ဆိုင်မှု သိမ်းပိုက်ခံရတာ ကြုံရသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ခံစားနေကြရပါတယ်။ အသစ်သောပုံမှန်အခြေအနေ (New normal) လို သဘောထား ရှင်သန်နေကြရပါတယ်။ ပဋိပက္ခစီးပွားရေးကနေ ဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါး ပါးနေပါပြီ။
ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ လူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး နာမည်ကျော် နိုင်ငံရေးသိပ္ပံပညာရှင် အယ်လ်ဘတ်ဟာ့ချ်မင် (Albert O. Hirschman, 1970) ပြောခဲ့တဲ့ “Voice, Exit, Loyalty” မူဘောင်က စိတ်ဝင်စားဖွယ်ပါ။ လူတွေဟာ အခုလို ဆိုးရွားတဲ့အခြေအနေတွေကြုံရရင် မကျေနပ်ကြောင်း ဖော်ပြကြပါတယ်။ အသံပေးကန့်ကွက်ကြပါတယ်။ ဖြစ်မလာတဲ့အခါ ဒီဒေသကို စွန့်ခွာပြီး ထွက်သွားကြတော့တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတော့တာပါပဲ။ ချဉ်ဖတ်အိုးထဲကျတဲ့ ဟင်းသီးဟင်းရွက်တွေလို သူလည်းချဉ်ပြီး ရရစားစား၊ ငွေနောက်လိုက်၊ အလုပ်ဖြစ်အောင် လုပ်နေကြရပါတော့တယ်။ အခုလို ပဋိပက္ခစီးပွားရေးစနစ်တွေကြောင့် ပြည်သူတွေခံစားနေကြရတာကို ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’အစီအစဉ်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒီတပတ်မှာ ရှမ်းမြောက်အကြောင်း အဓိကထား ဆွေးနွေးထားပါတယ်။


စုလင်းဟန်
Event Host
ISP-Myanmar
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများအားလုံး မင်္ဂလာပါရှင့်။ အခုလို အချိန်ပေးပြီး တက်ရောက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျမကတော့ စုလင်းဟန်ပါ။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ‘ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း’ ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်ရှင့်။
ပါဝင်ဦးဆောင်ဆွေးနွေးကြမယ့် Panelist တွေကတော့ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေဖြစ်တဲ့ ကိုထက်ရှိန်၊ မရည်မွန်နဲ့ မနန်းကြည်တို့ပဲ ဖြစ်ပါတယ်။ Panelist တွေရဲ့ ဆွေးနွေးမှုအပြီးမှာတော့ ကျမတို့ရဲ့ ဒီနေ့ပွဲစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ မေးခွန်းနဲ့ မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Live ကနေလည်း ဆွေးနွေးလို့ရသလို Chat ဒါမှမဟုတ် Q&A ကနေလည်း မေးခွန်းနဲ့ မှတ်ချက်တွေကို ပေးပို့ထားလို့ရပါတယ်။ အစီအစဉ်အချိန်အကန့်အသတ်ကြောင့် ကျမတို့ဘက်က မေးခွန်းအားလုံးကို မဖြေလိုက်နိုင်ဘူးဆိုရင် ဒီမေးခွန်းတွေကို အီးမေးလ်ကနေ ပြန်လည်ပေးပို့ပြီး ဖြေကြားသွားပါမှာ ဖြစ်ပါတယ်။
မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ မပါဝင်ဖို့ဘဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို Chat ကနေလည်း ပေးပို့ထားပါတယ်ရှင့်။ ဒီနေ့အစီအစဉ်ကို DVB ရုပ်သံသတင်းဌာန၊ ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ပြန်လည်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကျမတို့ရဲ့ ဆွေးနွေးပွဲ စတင်ပါတော့မယ်ရှင့်။ Panelist ဖြစ်တဲ့ ကိုထက်ရှိန်က ဦးဆောင်ဆွေးနွေးပေးပါဦးရှင့်။

ထက်ရှိန်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျာ။ ပထမဆုံးအနေနဲ့တော့ ဒီနေ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို အချိန်ပေးပြီးရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျ။ ကျနော်တို့ ISP-Myanmar အနေနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ ပဋိပက္ခစီးပွားရေးအကြောင်းကို ၂၀၂၅ ခုနှစ်ကနေစပြီး သုတေသနပြုလေ့လာခဲ့ပါတယ်။ ပဋိပက္ခတွေပြင်းထန်နေတဲ့ နေရာတွေမှာ၊ မတည်ငြိမ်တဲ့နေရာတွေမှာ ရွှေ၊ မြေရှားသတ္ထု၊ ကျောက်မီးသွေး၊ ဒီလိုတန်ဖိုးကြီး သယံဇာတတွေကို ဘယ်သူက ဘယ်လောက် တူးဖော်ပြီးတော့ ဘယ်လောက် အကျိုးအမြတ်ရနေလဲ၊ နယ်စပ်ကုန်သွယ်ရေးကို ဘယ်သူတွေက ထိန်းချုပ်ထားလဲ၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်ကုန်သွယ်ရေးကနေ ကျားဖြန့် လုပ်ငန်းတွေအထိ ဒါတွေကို ကျနော်တို့လေ့လာခဲ့ကြပါတယ်။ အထူးသဖြင့် ရှမ်းမြောက်ဒေသနဲ့ ကရင်ဒေသကို ကျနော်တို့ လေ့လာခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ရှမ်းမြောက်ဒေသရဲ့ ပဋိပက္ခစီးပွားရေးအခြေအနေ အကြောင်းကို ကျနော်တို့ဆွေးနွေးတင်ပြချင်တာပါ။ နောက်လာမယ့် အစီအစဉ်တွေမှာလည်း ကရင်ဒေသအကြောင်း ကျနော်တို့ဆွေးနွေးတင်ပြဖို့ရှိပါတယ်ခင်ဗျ။ ဒီနေ့ဆွေးနွေးပွဲကိုတော့ အပိုင်းသုံးပိုင်းခွဲပြီး တင်ပြချင်ပါတယ်။ ပထမအပိုင်းမှာက ရှမ်းမြောက်ဒေသမှာရှိတဲ့ ပဋိပက္ခစီးပွားရေးရဲ့ အကျိုးဆက်ကြောင့် လူထုက ဘယ်လိုအကျိုးရလဒ်တွေ ခံစားနေရတာလဲ၊ ဒုတိယပိုင်းမှာတော့ ဒီအကျိုးဆက်တွေကို လူထုက ဘယ်လိုတုံ့ပြန်နေကြလဲနဲ့ တတိယအပိုင်းမှာ ဒါတွေဘာကြောင့်ဖြစ်နေရလဲဆိုတာကို ကျနော်တို့ ဆွေးနွေးပြောပြချင်တာပါ။
ဒါတွေကို မပြောပြခင်မှာ ကျနော် ပထမဆုံးအနေနဲ့ ရှမ်းမြောက်ဒေသမှာရှိတဲ့ ပဋိပက္ခစီးပွားရေးအခင်းအကျင်းအကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ်။ ရှမ်းမြောက်ဒေသမှာဆိုလို့ရှိရင် စီးပွားရေးအရ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ အများအပြားရှိပါတယ်။ ဒီထဲမှာမှ ကျနော်တို့ရဲ့ သုသေတနတွေ့ရှိချက်တွေအရဆိုလို့ရှိရင် တပ်ဖွဲ့အသီးသီးက အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ အခြေခံအဆောက်အအုံက အရေအတွက်အနေနဲ့ဆို စုစုပေါင်း ၃၂၂ ခု ထက်မနည်းရှိပါတယ် [ISP ဒေတာအချက်အလက် ၀၂၉/၂၀၂၆ (ISP-DM2026-029) ကိုရှုပါ]။ ဒီရှမ်းမြောက်ဒေသမှာရှိနေတဲ့ စီးပွားရေးအခြေခံအဆောက်အအုံတွေကို အများဆုံးထိန်းချုပ်ထားနိုင်တာကတော့ တအာင်းတပ် TNLA ပါဘဲ။ စစ်ကောင်စီကတော့ ဒုတိယနေရာမှာရှိပါတယ်။ ကိုးကန့်တပ် MNDAA ကတော့ တတိယအများဆုံးပါပဲ။ ဒီစီးပွားရေးအခြေခံအဆောက်အအုံ ၃၂၂ ခု ထဲကနေပြီးတော့မှ စီးပွားရေးအရ၊ လုံခြုံရေးအရ ပြီးတော့ တည်နေရာအရ အရေးပါတဲ့ အဆောက်အအုံတွေကို စစ်ထုတ်ကြည့်လိုက်မယ်ဆိုရင်အရေအတွက်အားဖြင့် ၄၇ ခု ရှိပါတယ်။ ဒီမှာတော့အပြောင်းအလဲတချို့ကို မြင်နိုင်ပါတယ် [ISP ဒေတာအချက်အလက် ၀၃၀/၂၀၂၆ (ISP-DM2026-030) ကိုရှုပါ]။ အရေးပါဆုံး အခြေခံအဆောက်အအုံတွေကို အများဆုံးထိန်းချုပ်ထားတာက ကိုးကန့်တပ် MNDAA ပဲဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၄၂ ရာခိုင်နှုန်းရှိပါတယ်။ ဒုတိယအများဆုံးထိန်းချုပ်ထားတာကတော့ စစ်ကော်မရှင်ပါပဲ၊ ၂၅ ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ နောက်တခုက သယံဇာတတွင်းထွက်တွေအကြောင်းပါ [ISP ဒေတာအချက်အလက် ၀၃၁/၂၀၂၆ (ISP-DM2026-031) ကိုရှုပါ]။ ရှမ်းမြောက်ဒေသမှာဆိုရင် သယံဇာတတွင်းထွက်တွေ တူးဖော်နေတဲ့လုပ်ကွက်ပေါင်းက အနည်းဆုံး ၃၁ ခု ထက်မနည်း ရှိပါတယ်။ ဒီလုပ်ကွက်အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းက TNLA ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ ရှိပါတယ်။ အခုကျနော်ပြောပြခဲ့တာကတော့ ရှမ်းမြောက်ဒေသမှာရှိတဲ့ ပဋိပက္ခစီးပွားရေး အခင်းအကျင်းထဲကမှ အရေးကြီးတဲ့အချက်တချို့ကို ထုတ်နုတ်ပြီးတော့မှ ပြောပြခဲ့တာပါ။ ဆိုတော့ အခုဆက်လက်ပြီး ရှမ်းမြောက်ဒေသမှာ ပဋိပက္ခစီးပွားရေးကြောင့် အခြေခံလူထုက၊ ဒေသခံလူထုက ဘယ်လို အကျိုးဆက်တွေ ခံစားနေရလဲဆိုတာကို မရည်မွန်က ဆက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။




ရည်မွန်
လူငယ်သုတေသီ
ISP-Myanmar
ကိုထက်ရှိန်ကတော့ ရှမ်းမြောက်မှာရှိနေတဲ့ စီမံကိန်းကြီးတွေ နောက်ပြီးတော့ ပဋိပက္ခစီးပွားရေးရဲ့ နောက်ခံအချက်အလက်တွေကို အကျဉ်းချုံ့ ပြောပြခဲ့ပါတယ်။ ကျနော်ကတော့ ဒီစီမံကိန်းကြီးတွေနဲ့ ပဋိပက္ခစီးပွားရေးရဲ့ သက်ရောက်မှုကို အပိုင်းသုံးပိုင်းနဲ့ ဆွေးနွေးချင်ပါတယ်။ ပထမတပိုင်းကတော့ ဒေသခံတွေရဲ့ စီးပွားရေးအခြေအနေတွေ၊ နောက်သူတို့ကြုံနေရတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေနဲ့ နောက်ဆုံးတပိုင်းကတော့ လူမှုရေးဆိုင်ရာ အခြေအနေတွေ ဆိုပြီးတော့မှ ဆွေးနွေးသွားပါ့မယ်။
စီးပွားရေးအခြေအနေတွေမှာဆိုရင် ပဋိပက္ခစီးပွားရေးရဲ့ ရှင်သန်အားကောင်းလာတာက ဒေသခံတွေရဲ့ လက်ငုတ်လက်ရင်းလုပ်ငန်းတွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်။ ရှမ်းပြည်နယ်ဆိုတာက လက်ဖက်စိုက်ခင်းတွေရှိတယ်၊ ကြံစိုက်ခင်းတွေရှိတယ်ပေါ့နော်။ လက်ရှိ အခြေအနေမှာတော့ သူတို့ရဲ့လုပ်ငန်းတွေဖြစ်တဲ့ ဒီစိုက်ခင်းတွေဟာ အပြည့်အဝ မလည်ပတ်နိုင်သေးပါဘူး။ ဥပမာပြောရမယ်ဆိုရင် သီပေါမြို့နယ်ထဲက လက်ဖက်စိုက်ခင်းတွေမှာ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူငယ်တွေဟာ ဒီမှာ အလုပ်မလုပ်တော့ဘဲနဲ့ အခြားပြည်နယ်တွေ အခြားမြို့တွေကို ပြောင်းရွေ့သွားတာ၊ နောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေပေါ့နော်။ အဲဒီမှာ အလုပ်တွေ ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့ အခြေအနေတွေလည်း ရှိတယ်ပေါ့နော်။ ပြည်တွင်းထဲမှာ ဆက်ပြီးနေကြတယ် ဆိုပေမဲ့လည်း ဒီကျားဖြန့်ရုံတွေလို၊ လောင်းကစားရုံတွေလို စသဖြင့် ငွေကို များများနဲ့ လွယ်လွယ်ရနိုင်မယ့်အလုပ်တွေကို ရွေးချယ်လုပ်ကိုင်လာကြတယ်။ အရင်က ဒီအလုပ်တွေဆိုတာ အပြစ်တင်ချင်စရာ နှာခေါင်းရှုံချင်စရာတွေပေါ့နော် ဒါပေမဲ့လည်း လက်ရှိအခြေအနေတွေမှာ ဒါကို သမားရိုးကျ လုပ်ငန်းတခုလို၊ ရုံးလုပ်ငန်းတခုလိုမျိုး ပြောင်းပြီးတော့မှ မြင်လာကြပါပြီ။ အများမိုးခါးရေသောက်လို့ သောက်ရတယ်ဆိုတာထက် ရွေးချယ်စရာ မကျန်တော့လွန်းလို့ကို လိုက်သောက်ရတဲ့အထိ ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။
နောက် ရှမ်းမြောက်မှာ တရုတ်နိုင်ငံဖက်က နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ပြီလို့ဆိုကြတယ်။ ဒါပေမဲ့ အခုမြေပုံပေါ်မှာ ပြထားသလိုပဲ ပင်မကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ မူဆယ်-မန္တလေး လမ်းကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးရဲ့ ထိန်းချုပ်မှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ် [ISP ညွှန်းပြမြေပုံ ၀၀၇/၂၀၂၆ (ISP-M2026-007) ကိုရှုပါ]။ ရှမ်းမြောက်ဒေသခံတွေနဲ့ ပြန်ပြီး ဆွေးနွေးကြည့်တဲ့အခါမှာဆိုရင်လည်း တိုက်ပွဲမဖြစ်ခင် အခြေအနေနဲ့ ပြန်ပြီး နှိုင်းယှဉ်ကြည့်တဲ့အခါမှာဆိုရင် ကုန်သွယ်ရေးဟာ အရင်အခြေအနေရဲ့လေးပုံတပုံလောက်၊ ငါးပုံတပုံလောက်ပဲ ပြန်ပြီးလည်ပတ်နိုင်သေးတယ်လို့ ဆိုကြပါတယ်။ လက်တွေ့မှာဆိုရင်လည်း ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်မှာ အခွန်ဂိတ်တွေများတာ၊ အခွန်နှုန်းထားတွေ မြင့်တာ နောက်ပြီး အဖွဲ့တွေအများကြီးနဲ့ ပြောဆိုဆက်ဆံရတာ ဒီအခက်အခဲတွေကလည်း ရှိနေဆဲပါ။ နောက်ပြီး မြို့ထဲမှာလည်း အခွန်နှုန်းထားကလည်း မြင့်လာတယ်။ နမ့်ခမ်းမှာဆိုရင် အခွန်နှုန်းထားတွေ များလို့ ဈေးဆိုင်တွေ ပြန်မဖွင့်နိုင်သေးတာ စီးပွားရေးလုပ်ငန်းတွေ ခဏရပ်ထားရတာ စတဲ့ အခြေအနေတွေဆိုရင် ၂၀၂၅ ကတည်းကတိုင် ရှိတယ်ပေါ့နော်။ နောက် မြို့အဝင်အထွက်တွေမှာ ဆိုရင်လည်း အခွန်နှုန်းထားများလို့ ဒေသခံတွေက တနေရာနဲ့ တနေရာ သွားရတာလာရတာ ဒီလိုအခက်အခဲတွေလည်း ရှိနေပါတယ်။

ဒုတိယတပိုင်းကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုပါ။ ရှမ်းမြောက်ဟာ တွင်းထွက် အမျိုးအစား တဒါဇင်ထက်မနည်း ထွက်တဲ့ ပြည်နယ်ပါ။ ကျနော်တို့ မြေပုံပေါ်မှာဆိုရင်လည်း မြင်နိုင်ပါတယ် [ISP ညွှန်းပြမြေပုံ ၀၀၈/၂၀၂၆ (ISP-M2026-008) ကိုရှုပါ]။ မြေပုံပေါ်မှာဆိုရင် ကျနော်တို့က မိုင်းတွင်းတွေရဲ့ အခြေအနေတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှု အခြေအနေတွေကို ကျနော်တို့ မြင်နိုင်ပါတယ်ဗျ။ အဓိကထွက်တာကတော့ ရွှေတို့၊ ကျောက်မီးသွေးတို့၊ ခဲတို့ ရှိတယ်ပေါ့နော်။ ဒီလုပ်ငန်းတွေကို နယ်မြေထိန်းချုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီမှာ ဆိုင်ရာပိုင်ရာ ကုမ္ပဏီတွေက အခွန်ဆောင်ပြီး လုပ်ကိုင်ကြပါတယ်။ အဓိကကတော့ တရုတ်နိုင်ငံက ကုမ္ပဏီတွေပေါ့နော်။ ဥပမာဆိုရင် နမ့်ခမ်းက တရုတ်ကုမ္ပဏီတွေကနေတဆင့် စီလီကွန်ကျောက်တူးဖော်တဲ့ လုပ်ငန်းတွေရှိတယ်။ နောက် ကျောက်မဲ၊ သိန္နီဖက်မှာဆိုရင် ကျောက်မီးသွေးတူးတာတွေ နောက်တန့်ယန်းမြို့နယ်ထဲမှာဆိုရင် စီလီကွန်ကျောက် (သလင်းကျောက်ဖြစ်ရမှာ) တူးဖော်တဲ့ လုပ်ငန်းတွေရှိပါတယ်။ ဒီလိုတွင်းထွက်တွေ အများကြီးရှိတယ် မိုင်းတွင်းတွေ အများကြီးရှိတယ် ဆိုပေမဲ့လည်း မိုင်းတွင်းတွေက အကျိုးအမြတ်တွေကိုတော့ ဒေသခံအများစုက မစံစားရပါဘူး။ ဒါပေမဲ့လည်း မိုင်းတွင်းတွေကရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကိုတော့ ဒေသခံတွေကပဲ သက်ရောက်မှုတွေကို အများဆုံးခံရတာပါ။ ဥပမာပြောရရင် ကုမ္ပဏီတွေက ဒေသခံတွေရဲ့နေရာတွေ၊ မြေနေရာတွေကို လာငှားကြ၊ လာဝယ်ကြတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဒေသခံတွေက မသိရှိကြပါဘူး။ ကျနော်ပြောချင်တာက ရေထုညစ်ညမ်းလာတာ၊ လေထု ညစ်ညမ်းလာတာ စတဲ့ အခြေအနေတွေပေါ့။ အရင်က ထင်းရှုးတောတွေရှိခဲ့တဲ့ ရှမ်းပြည်မှာ ဒါမိုင်းတွင်းတွေ ဖြစ်နေပြီပေါ့။ ကျောက်မဲတဝိုက်မှာဆိုရင် သယံဇာတတူးဖော်မှုတွေကြောင့် ရေထုညစ်ညမ်းလာတဲ့ အခြေအနေတွေလည်း အများကြီးရှိတယ်။ တောင်ကျရေတွေ အရောင်ပြောင်းလာတယ်၊ ရေတွေမဲပြီး ညစ်သွားတယ်။ ဒီလိုမျိုးအခြေအနေတွေပါ။ တန့်ယန်းမြို့နယ်ထဲမှာဆိုရင် ဒီလထဲမှာ သလင်းကျောက်တူးလို့ ရေညစ်ညမ်းလာမှာ၊ နောက် ဒေသခံတွေရဲ့ လက်ငုတ်လက်ရင်း လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရေအရင်းအမြစ်ပျောက်ဆုံးလာမှာ ဒီအခြေအနေတွေကို ဒေသခံတွေက စိုးရိမ်နေကြပါပြီ။ ဒီလိုမျိုးဖြစ်ရပ်တွေနဲ့ပတ်သတ်လို့ ဒေသခံတွေက ဘယ်လိုမျိုးတွေ တုံ့ပြန်ခဲ့သလဲပေါ့နော်။ ဒီမှာဆိုရင်တော့ ဒီလထဲမှာပဲ မန်စယ်ထဲမှာ ရွှေတူးဖော်တာကို ဆန့်ကျင်ဆန္ဒပြတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ မနှစ်က TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ဆီလီကွန်ကျောက် တူးဖော်တာကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိပါတယ်။

တတိယအချက်ဆိုရင် ပဋိပက္ခစီးပွားရေးဟာ ဒေသခံတွေရဲ့ လူမှုပတ်ဝန်းကျင်ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ စစ်ဆင်ရေးအပြီးမှာ ရှမ်းမြောက်က ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေက အပြောင်းအလဲတွေ ကြုံလာတယ်ပေါ့နော်။ အုပ်ချုပ်သူ အပြောင်းအလဲတွေရဲ့ နောက်ဆက်တွဲမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်တွေ ပိုများလာတာ။ သူနဲ့နောက်ဆက်တွဲ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ပိုများလာတယ်၊ လောင်းကစားရုံတွေ ပိုများလာတယ်ပေါ့နော်။ ဒီလိုမျိုး အခြေအနေတွေအပြင် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ တရုတ်လုပ်ငန်းရှင်တွေ ပိုများလာတယ်ပေါ့။ တရုတ်လုပ်ငန်းရှင်တွေ ပိုများလာတဲ့အတွက် တရုတ်နိုင်ငံရဲ့ ဩဇာသက်ရောက်မှုတွေက ပိုကြီးလာတယ်။ သိန္နီမြို့ထဲမှာလည်း တရုတ်စာ၊ တရုတ်စကားကို အဓိကထားပြီးတော့ ပြောဆိုလာကြတယ်။ နောက် သိန္နီမြို့ထဲမှာ ဈေးကအစ သိန္နီစော်ဘွားရဲ့ ဟော်နန်းဆိုင်းဘုတ်အထိ တရုတ်လိုမျိုးတွေ ရေးလာတဲ့အတွက် ဒေသခံတွေအဖို့ သူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ သူတို့ရဲ့ အမွေအနှစ်တွေနဲ့ သူတို့ရဲ့သရုပ်သကန်တွေ ကျိုးပျက်သွားမှာကို စိုးရိမ်နေကြပါပြီ။ ကိုယ်မွေးဖွာရာ ကိုယ့်ဇာတိမှာ၊ ကိုယ့်မြေကိုယ့်ရေမှာ ဆက်ပြီး နေနေကြပေမဲ့လည်း ဒီပဋိပက္ခနောက်ဆက်တွဲရဲ့အပြောင်းအလဲတွေကြောင့် ကိုယ့်မြေကိုယ့်ရေ ကိုယ်ကြီးပြင်းရာ ဌာနေကို ပိုပြီး လွမ်းဆွတ်နေရတဲ့ အနေအထားကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။
ဆိုတော့ ကျနော်တို့ ဆွေးနွေးခဲ့တာကို ပြန်ပြီးတော့ ချုပ်ရရင် အုပ်ချုပ်သူ အပြောင်းအလဲဖြစ်သွားပေမဲ့ ဒီဒေသတွေမှာက အခက်အခဲတွေ၊ အကျပ်အတည်းတွေနဲ့ ဒေသခံတွေကတော့ ရင်ဆိုင်နေရတုန်းပါပဲ။ ဒီလိုမျိုး ဒဏ်ရာဒဏ်ချက်တွေနဲ့ ရှမ်းပြည်က ပြည်သူတွေက ဘယ်လိုမျိုး ရင်ဆိုင်နေကြရလဲ၊ ဘယ်လိုမျိုး ဖြေရှင်းနေကြရလဲဆိုတာ မနန်းကြည်က ဆက်ပြီး ဆွေးနွေးပေးပါဦးခင်ဗျ။

နန်းကြည်
လူငယ်သုတေသီ
ISP-Myanmar
ရှေ့မှာတော့ မရည်မွန်က ဒီရှမ်းမြောက်ဒေသခံတွေ ဘာတွေ ကြုံတွေ့ခံစားနေရလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့ ပြောပြဆွေးနွေးခဲ့တယ်ပေါ့နော်။ ကျနော်က ဒီအခက်အခဲတွေကို ဒေသခံတွေက ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာ ဆက်လက်ဆွေးနွေးချင်ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် လူတွေက ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုစီးပွားရေးနဲ့ ပတ်သက်ပြီး မခံနိုင်လောက်စရာ အခက်အခဲတွေ ကြုံလာပြီဆိုရင် စနစ်ထဲမှာ ရှိနေတဲ့ ပလက်ဖောင်းမျိူးစုံကနေ ကိုယ်ရဲ့အသံကို ထုတ်ဖော်ဖို့ ကြိုးစားကြတယ်ပေါ့နော်။ ပြောရရင်တော့ ကိုယ့်နယ်မြေကို ကိုယ်စားပြုတဲ့ အမတ်တွေကနေတဆင့် လွှတ်တော်မှာ ဖြေရှင်းတာပဲ ဖြစ်ဖြစ်၊ ဆွေးနွေးဖြေရှင်းတာပဲ ဖြစ်ဖြစ်၊ တရားရုံးကို လျှောက်ထားတာဖြစ်ဖြစ်၊ ကိုယ့်ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေကို အာဏာရှိသူတွေ၊ ဖြေရှင်းနိုင်သူတွေ အာရုံစိုက်လာအောင် သိလာအောင် ဆန္ဒပြတောင်းဆိုတာ၊ မီဒီယာတွေမှာ ဖြေကြတာ စတာတွေ လုပ်ကြပါတယ်ခင်ဗျ။ ဒါပေမဲ့ အခုချိန်မှာတော့ ဒီလိုလုပ်စရာ ပလက်ဖောင်းတွေ အထူးသဖြင့် formal institution တွေက ရှိမနေတာကိုလည်း တွေ့နေရပါတယ်ဗျ။ ရှိနေတဲ့ လက်နက်ကိုင်တပ်တွေရဲ့ အုပ်ချူပ်ရေးယန္တရားတွေ၊ ဥပဒေပြဋ္ဌာန်းချက်တွေကလည်း ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ထင်ဟပ်မှု အရောင်ပြန်မှု ရှိရဲ့လားဆိုတာကလည်း မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ဒီလူထုတွေ တခြားဘယ်လိုနည်းလမ်းတွေနဲ့ တုံ့ပြန်ကြသလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာ တုံ့ပြန်မှု လေးမျိုးကို ကျနော်တို့ တွေ့လိုက်ရပါတယ်ခင်ဗျ။
ပထမဆုံးတွေ့လိုက်ရတဲ့ဟာက ထိပ်တိုက်ရင်ဆိုင်တဲ့ တုံ့ပြန်မှုမျိုးပါ။ ပြောရရင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ၊ ကိုယ်မကျေနပ်တာ၊ ကိုယ့်အခက်အခဲတွေကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်လိုက်တာမျိုးတွေပါ။ ဒါပေမဲ့လည်း ဒီလိုတုံ့ပြန်ပုံမျိုးက တွေ့ရတာ အတော်နည်းပါတယ်၊ ဘာလို့လဲဆိုတော့ ဒီလိုမျိုး မကျေနပ်ကြောင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖော်ထုတ်လိုက်ရတဲ့ဟာက သူတို့အတွက် သိပ်ကို စွန့်စားရတာ များပါတယ်။ ဒါပေမဲ့လည်း သူတို့ ဒီတသက်လုံး စိုက်လာတဲ့ ဒီတောင်ယာတွေ မြေတွေ လုပ်ကိုင်စားလို့မရတော့တဲ့အခါမှာဆိုရင်၊ သူတို့ တနိုင်တပိုင်စိုက်လာတဲ့၊ တနိုင်တပိုင်တူးလာတဲ့ ရွှေလုပ်ကွက်တွေ လုပ်ကိုင်လို့မရတော့တဲ့အခါမှာဆိုရင် သူတို့ရဲ့ အထူးသဖြင့် နေ့စဉ်ဘဝရဲ့ လူမှုစီးပွားဟန်ချက်တွေကို ပျက်သွားအောင် ထိခိုက်လာတဲ့အခါမျိုးမှာ မခံမရပ်နိုင်ဖြစ်ပြီး ဒီနည်းလမ်းကို ဆုံးဖြတ်ရွေးချယ်ကြပါတယ်။ ဥပမာအနေနဲ့ ကြည့်ရမယ်ဆို ဒီလအတော်အတွင်းမှာ ဖြစ်ခဲ့တဲ့ MNDAA ရဲ့ ရွှေတူးဖော်မှုကို မကျေနပ်လို့ ဆန္ဒပြတဲ့ လားရှိုးမြို့နယ်ထဲက ဒေသခံ ၃၆ ယောက်အကြောင်းကို ကြည့်မယ်ဆိုရင် သူတို့တွေပဲ ထိန်းသိမ်းခံရတယ်၊ အဖမ်းခံရတယ်၊ အရိုက်အနှက်ခံရတယ်။ ၁၅ ရက်လောက်အကြာမှာ သူတို့ပြန်လွတ်လာတယ် ဆိုပေမဲ့ ဒီဖြစ်စဉ်ကို နမူနာယူပြီး ကြည့်ရင် ဒီလူတွေပဲ အဖမ်းခံရတယ်၊ အရိုက်ခံရတယ် ဆိုတော့ ဒီရွှေတူးဖော်မှုတွေ၊ ရွှေကွက်တွေက လုပ်မြဲလုပ်ဆဲပေါ့နော်။ ရပ်သွားလားဆိုတော့ မရပ်ဘူး။ ဒါကြောင့်မလို့ ဒီနည်းလမ်းတွေက ဒီပြည်သူတွေ ဒီလူထုတွေက အရမ်းကို စွန့်စားရတယ်ပေါ့နော်။
ဒုတိယပုံစံအနေနဲ့ ကျနော်တို့ တွေ့လိုက်ရတာက အသာငြိမ်နေလိုက်ပြီး လိုက်လျောညီထွေနေလိုက်တဲ့ ပုံစံမျိုးပေါ့နော်။ ပြောရရင်တော့ ချဉ်ဖက်အိုးထဲ ခုန်ဆင်းပြီး ကိုယ်ပါရောချဉ်လိုက်သမျိုးပါ။ ဒါကလည်း ကိုယ့်ရဲ့ရှင်သန်ရပ်တည်ရေးအတွက် ဦးစားပေးပြီး နေရတာလို့ပဲ ကျနော်သုံးသပ်ချင်ပါတယ်ခင်ဗျ။ ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင် အဖွဲ့ပေါင်းစုံရှိနေတဲ့ ဒီနယ်မြေထဲမှာ ဟိုအဖွဲ့ကိုလည်း အခွန်ပေး၊ ဒီအဖွဲ့ကိုလည်း အခွန်ပေး စတာတွေလည်း ပါသလို EAOs ထိန်းချုပ်နယ်မြေထဲမှာ စိုက်ပျိုးရေးတွေကို လုပ်ဆောင်တာ တူးဖော်ရေးတွေကို လုပ်ဆောင်တာ တခါ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ပြန်ရောင်းတာမျိုးတွေပေါ့နော်။ ကူးသန်းသွားလာရင်းနဲ့ အဖွဲ့ပေါင်းစုံနဲ့ထိတွေ့ရတယ် ထိတွေ့တဲ့အခါမှာ သူတို့ကို ပေးစရာရှိတာပေးလိုက်တယ်၊ သူတို့ကို မဆန့်ကျင်ဘဲနဲ့ ကိုယ့်ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် လိုက်လျောညီထွေ မဖြစ်ဖြစ်အောင် လိုက်ပြီး ပြောင်းလဲ adapt လုပ်နေရတဲ့ တုံ့ပြန်မှုမျိုးကိုလည်း ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။
တတိယတုံ့ပြန်မှုကတော့ ပထမဆုံးပေါ့နော် ဒီစွန့်စားရလွန်းတဲ့ ထိပ်တိုက်တွေ့တာမျိုးကိုလည်း သူတို့က မရွေးချယ်ဘူး ဒုတိယပုံစံမျိုးဖြစ်တဲ့ ရှင်သန်ရပ်တည်ရေးကိုလည်း မရွေးချယ်ဘဲနဲ့ ဒီနေရာ ဒီအရပ်ကနေ ထွက်ခွာသွားဖို့ ရွေးချယ်လိုက်တဲ့ တုံ့ပြန်မှုမျိုးကိုလည်း ကျနော်တို့ တွေ့ရပါတယ်ဗျ။ ကျနော်တို့ ရှေ့မှာပြောခဲ့သလို ထိပ်တိုက်တွေ့ဖို့က သိပ်စွန့်စားရလွန်းတဲ့အခါမျိုးမှာဆိုရင် ကြုံသလို လှော်ခတ်ရင် လှော်ခတ် မဟုတ်ရင် ဒီမြို့ဒီရွာတွေထက် ပိုပြီးတော့ လုံခြုံစိတ်ချရတယ်လို့ဆိုတဲ့ ထင်တဲ့ တခြားမန္တလေးလို တောင်ကြီးလိုနေရာမှာ ပြောင်းရွှေ့သွားကြတာပါ။ ဒီပြောင်းရွှေ့နေတဲ့သူတွေဟာ တိုက်ပွဲတွေကြောင့် ပြောင်းရွေ့သွားကြတဲ့ စစ်ရှောင်တွေလည်း ရှိသလို ကိုယ့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းစရာလမ်းစ မရှိတော့လို့ ဒီကနေ ထွက်သွားဖို့ ရွေးချယ်လိုက်ကြသူတွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ကြည့်ရမယ်ဆိုရင် အခုနောက်ပိုင်းမှာဆိုရင် လက်နက်ကိုင်တပ်အသီးသီးကအစ အပြိုင်အဆိုင် စစ်သားစုဆောင်းလာကြတယ်။ စစ်မှုထမ်းခေါ်တဲ့အခါမှာ လူငယ်တွေက ဒီနယ်မြေကနေ ရှောင်သွားကြတယ်၊ သူတို့ဒီနေရာမှာ ဘယ်လိုမှ ဆက်လက်လုပ်ကိုင်စားသောက်လို့ မရတော့တဲ့ အခြေအနေကြောင့်မို့လို့ ဒီနယ်မြေကနေ ထွက်သွားဖို့ ဆုံးဖြတ်ကြတဲ့ တုံ့ပြန်မှုမျိုးကိုလည်း ကျနော်တို့ တွေ့ရတယ်ပေါ့နော်။
နောက်ဆုံးတခုကတော့ သိပ်စွန့်စားရတဲ့ ထိပ်တိုက်တွေ့တာကိုလည်း မလုပ်တော့ဘူး ထုတ်မပြောတော့ဘူး။ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ မှတ်တမ်းကျန်အောင် လုပ်နေကြတဲ့ လူအချို့လည်း ကျနော်တို့တွေ့ရပါတယ်ခင်ဗျ၊ ဒါကတော့ အထူးသဖြင့် အခုထိကို ရှမ်းမြောက်ဒေသထဲမှာ ရှိနေသေးတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပေါ့နော်။ သူတို့တွေဟာ သူတို့ လုံခြုံရေး၊ လူမှုစီးပွားရေး အခက်အခဲ အမျိုးမျိုးကြားကနေပြီးတော့ပဲ ဒီဒေသမှာ ဆက်ရှိနေပြီးတော့ ဒီဒေသခံလူထုတွေ ဘာတွေကြုံတွေ့ခံစားနေရလဲဆိုတာ ချက်ချင်းထုတ်မပြောပေးနိုင်ဘူး၊ ချက်ချင်းတရားမျှတမှုကို မပေးနိုင်သေးဘူးဆိုရင်တောင် ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အတိအကျ မှတ်တမ်းထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့ လူတချို့လည်း ရှိနေပါတယ်ပေါ့နော်။
ဒါကတော့ ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် ပဋိပက္ခစီးပွားရေးကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို ပြည်သူတွေက ဘယ်လိုတုံ့ပြန်နေကြသလဲဆိုတဲ့ တုံ့ပြန်ချက် လေးခုကို ဆွေးနွေးသွားဖြစ်ပါတယ်။ ဆက်ပြီးတော့ ကိုထက်ရှိန်က ဘာကြောင့် ဒီလိုအကျိုးဆက်တွေကြုံနေရတာလဲဆိုတာကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

ထက်ရှိန်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ပါ၊ ဆိုတော့ ကျနော်တို့ပြောခဲ့တာတွေကို ပြန်ချုပ်ကြည့်မယ်ဆိုရင် ရှမ်းမြောက်ဒေသမှာ ပဋိပက္ခစီးပွားရေးက အရှိန်ကောင်းနေတယ်၊ ပြီးတော့ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံလူထုကြားထဲမှာ အကျိုးစီးပွားကွာဟချက်တွေရှိနေတယ်ပေါ့နော်။ အဲဒါကြောင့်ပဲ ပဋိပက္ခစီးပွားရေးရဲ့ အကျိုးအမြတ်ကိုကြတော့ လူထုက မခံစားရဘဲနဲ့ ဒီပဋိပက္ခစီးပွားရေးကရတဲ့ ဆိုးကျိုးတွေကိုပဲ လူထုကခံစားနေရတယ်။ ဒါကဘာလို့ ဒီလိုဖြစ်နေရတာလဲဆိုတဲ့ အကြောင်းကို ကျနော် အချက် နှစ်ချက်နဲ့ ဆွေးနွေးချင်ပါတယ်။ ပထမဆုံးတချက်ကတော့ မူဝါဒနဲ့လက်တွေ့အခြေအနေ ကွာဟချက်ပေါ့။ လက်နက်ကိုင်တပ်တွေက သူတို့ရဲ့နယ်မြေထဲမှာ စီးပွားရေးကို အကောင်အထည်ဖော်ဖို့အတွက်ဆိုရင် ဒေသခံတွေရဲ့လူမှုစီးပွားဘဝထက်စာရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးရှေ့တန်းတင်ကြပါတယ်။ ဥပမာပြောရရင် ဒီ ၂၀၂၅ ခုနှစ်ထဲမှာ MNDAA ကချမှတ်ခဲ့တဲ့ စီးပွားရေးမူဝါဒလိုမျိုးပေါ့။ ဒီမှာဆိုရင် MNDAA က သူ့ရဲ့ထိန်းချုပ်နယ်မြေထဲမှာ စီးပွားရေးကို မောင်းနှင်ဖို့အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဗဟိုပြုပြီး စဉ်းစားထားတာတွေ့ရပါတယ်။ ယူနန်ပြည်နယ်နဲ့ ကုန်သွယ်ရေးတွေ၊ ယူနန်ပြည်နယ်ထဲကနေ လာမယ့်ရင်းနှီးမြှုပ်နှံမှုတွေ၊ ဒါတွေကို ဗဟိုပြုပြီး ဒီဒေသရဲ့ စီးပွားရေးတွေကို မောင်းနှင်ဖို့ သူတို့စဉ်းစားထားတာပေါ့နော်။ ဆိုတော့ အဲဒါကြောင့်ပဲ MNDAA က သူတို့ရဲ့ထိန်းချုပ်ရာဒေသက နိုင်ငံခြားလုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်နှံမှု စိတ်ချရတဲ့အကြောင်း၊ တည်ငြိမ်တဲ့အကြောင်း၊ ဒါတွေကို သက်သေပြဖို့ ကြိုးစားပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အရှေ့မှာ မရည်မွန် ပြောခဲ့သလိုပဲ ဒေသခံတွေရဲ့ မိရိုးဖလာ စိုက်ပျိုးမြေတွေ ဒါတွေကို လုပ်ငန်းရှင်ကြီးတွေဆီမှာ ဖိအားပေးပြီး ငှားရမ်းလိုက်ရတာမျိုး၊ နောက် စီးပွားဖြစ်စိုက်ခင်းကြီးတွေအဖြစ် အသွင်ပြောင်းလိုက်ရတာမျိုး၊ ဒီလို အကျိုးဆက်တွေ ရှိလာပါတယ်။ ဒေသခံလူထုက စစ်ပွဲကြောင့် ဒီအရပ်ကနေပြီးတော့ စွန့်ခွာထွက်ပြေးသွားရတယ်။ ဒီစစ်ပွဲတွေ မရှိတော့ဘူးဆိုရင်တောင်မှ သူတို့မှာ ပြန်လာစရာ အိမ်တွေ၊ ခြံတွေ မရှိတော့ဘူး။ အဲ့ဒီအိမ်တွေ၊ ခြံတွေက လုပ်ငန်းရှင်ကြီးတွေဆီမှာ ငှားထားပြီးသွားပြီ။ အဲဒီလိုငှားတာကလည်း သူတို့ဆီကနေ ငှားတာမဟုတ်ဘူး။ ဒီလိုပေါ့နော်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဗဟိုပြုပြီးတော့ စီးပွားရေးလည်ပတ်ဖို့ စဉ်းစားတဲ့အခါမှာ အုပ်ချုပ်သူလက်နက်ကိုင်တွေနဲ့ ဒေသခံလူထုကြားထဲမှာ ပိုပြီးတော့ ‘ပြဒါးတလမ်း သံတလမ်း’ ဖြစ်လာတယ်ပေါ့။
နောက်ဒုတိယအချက်ကတော့ သယံဇာတအကြောင်းပါ၊ အရင်းအမြစ်ထိန်းချုပ်ရေးနဲ့ အမြတ်ထုတ်မှုပေါ့။ ရှမ်းမြောက်မှာ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေကို ကြည့်လိုက်ရင် သယံဇာတတွင်းထွက်တွေရှိတဲ့ လုပ်ကွက်တွေနားမှာ အပြိုင်အဆိုင် ပဋိပက္ခတွေဖြစ်ကြတာကို တွေ့ရပါတယ် [ISP ညွှန်းပြမြေပုံ ၀၀၉/၂၀၂၆ (ISP-M2026-009) ကိုရှုပါ]။ ဒီသယံဇာတတွေကို တူးဖော်ဖို့၊ တူးဖော်မှုတွေကနေ အခွန်ကောက်နိုင်ဖို့ပေါ့နော်၊ ဒီသယံဇာတထွက်တဲ့နေရာတွေကို အပြိုင်အဆိုင်ထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်းနဲ့ ပဋိပက္ခတွေ ဖြစ်ကြတာပါ။ အဲဒီအခါကြတော့ ဒီတွင်းထွက်လုပ်ငန်းတွေကို မူဝါဒခိုင်ခိုင်မာမာနဲ့ ဒေသခံလူထုကို အကျိုးရှိအောင် ဆောင်ရွက်ရမယ့်အစား၊ တဖွဲ့ထက်တဖွဲ့ အပြိုင်အဆိုင်ပေါ့၊ များများတူးနိုင်ဖို့၊ မြန်မြန်ရောင်းနိုင်ဖို့၊ ဒါကိုပဲ ဦးစားပေးပြီးတော့ ပြိုင်ဆိုင်နေကြရပါတယ်။ အကျိုးဆက်ကတော့ ဒီပြိုင်ဆိုင်မှုတွေကြားထဲမှာ ဒေသခံတွေရဲ့ လက်ငုတ်လက်ရင်း လုပ်ကွက်တွေကပါ မြေစာပင်အဖြစ်နဲ့ ဝါးမြိုခံရပါတယ်။
ဆိုတော့ နိဂုံးချုပ်အနေနဲ့ပြောရရင် လက်နက်ကိုင်အဖွဲ့တွေက ပဋိပက္ခစီးပွားရေးကနေရတဲ့ အကျိုးအမြတ်ကို ရှေ့တန်းတင်ထားကြတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေ အလိုကျအောင် ကိုယ့်အဖွဲ့က တခြားတဖွဲ့ထက် ပိုပြီးတော့ များများတူး၊ မြန်မြန်ရောင်းနိုင်အောင်၊ ဒါတွေကိုပဲ ဦးစားပေးပြီးတော့ ဒေသခံလူထုရဲ့လူမှုစီးပွားဘဝကို မြှင့်တင်ဖို့ကြတော့ အခုချိန်ထိ ဦးစားပေးနေရာမှာထားတာ ကျနော်တို့ မတွေ့ရသေးပါဘူး။ ဆိုတော့ ဒီလို အကျိုးစီးပွားကွာဟချက်မြင့်လာတာနဲ့အမျှ ဒေသခံလူထုကပဲ ဆိုးကျိုးတွေကို ခါးစည်းခံရပြီးတော့ အုပ်ချုပ်သူလက်နက်ကိုင်တပ်တွေနဲ့ ဒီလူထုရဲ့ကြားထဲမှာ ဆုံချက်ပျောက်ဆုံးလာတာဖြစ်ပါတယ်။ အခု ကျနော်တို့ဆွေးနွေးခဲ့တာကတော့ ဒါရှမ်းမြောက်ဒေသမှာရှိနေတဲ့ ပဋိပက္ခစီးပွားရေးရဲ့ အကျိုးဆက်တွေကို လူထုက ဘာတွေခံစားရသလဲ၊ ဒီအကျိုးဆက်တွေ လူထု ဘယ်လိုတုံ့ပြန်ဖို့ ကြိုးစားလဲ၊ ဒီအခင်းအကျင်းတွေက ဘာလို့ဖြစ်နေရတာလဲဆိုတာကို ဆွေးနွေးခဲ့တာပါဗျ။


စုလင်းဟန်
Event Host
ISP-Myanmar
ဟုတ်ကဲ့ ဆွေးနွေးပေးသွားတဲ့ Panelist တွေကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျမတို့ရဲ့ ပဏာမဆွေးနွေးမှုကတော့ ပြီးသွားပြီဖြစ်ပါတယ်ရှင့်။ ဆက်လက်ပြီးတော့ အမေးအဖြေကဏ္ဍကို သွားချင်ပါတယ်။ အခုပွဲစဉ်ကို တက်ရောက်လာကြတဲ့ participant တွေဆီကနေ မေးခွန်းနဲ့မှတ်ချက်တွေကို လက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။ ဒါ့အပြင် ဒီနေ့ဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ participant တွေရဲ့ မှတ်ချက်စကားသံတွေကိုလည်း ကျမတို့ နားထောင်ချင်ပါတယ်ရှင့်။ ဒါကြောင့်မို့လို့ raise hand button လေးကို သုံးပြီး ကိုယ့်ရဲ့အမြင်ကို ဆွေးနွေးဖလှယ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဟုတ်ကဲ့၊ ဒါဆို ကျမ အခုကစပြီး ဖိတ်ခေါ်ပါတော့မယ်ရှင့်။ လက်ထောင်ပြီး မေးခွန်းမေးမြန်းချင်တဲ့သူ၊ ဒါမှမဟုတ် ဆွေးနွေးချင်တဲ့သူများ ရှိပါသလားရှင့်။ ဟုတ်ကဲ့၊ ကျမ ဆက်ပြီး ဖိတ်ခေါ်ပါမယ်ရှင့်။ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး particpant တွေအနေနဲ့ ဘာများထပ်ပြီးတော့ ဆွေးနွေးချင်ပါသေးသလဲရှင့်။ ဟုတ်ကဲ့ပါရှင့်၊ chatbox မှာ မေးခွန်းတခုပို့ထားပါတယ်ရှင့်။ ကျမ ဒီမေးခွန်းကို ဖတ်ပြချင်ပါတယ်။
လက်ရှိဖြစ်နေတဲ့ ထိခိုက်နစ်နာမှုတွေကို အထိအခိုက်နည်းအောင်၊ သက်သာအောင်၊ ဒါကို ဘယ်လိုပြင်ရင် ပိုကောင်းလာမယ်လို့ ထင်ပါသလဲ။

နန်းကြည်
လူငယ်သုတေသီ
ISP-Myanmar
အချိန်ကြာဦးမှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်ပြီး ဖြေရမယ်ဆိုရင် ဒီရေတိုကာလမှာ ချက်ချင်းအပြောင်းအလဲ တခုခုကို မြင်ရဖို့တော့ လွယ်မယ်တော့ မထင်ပါဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ နယ်မြေက မတည်ငြိမ်တာတွေ ရှိနေသေးတာ တကြောင်းရယ် လက်နက်ကိုင်တွေ အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေ ရှိနေတာ တကြောင်းရယ်ပေါ့နော်။ နောက် ကုန်သွယ်ရေးလမ်းမကြီးကလည်း အခုချိန်ထိ ပြန်မလည်ပတ်နိုင်သေးတာတွေကြောင့် ချက်ချင်း အပြောင်းအလဲကတော့ မြင်ရဦးမယ်လို့ မတွေ့ရသေးပါဘူးပေါ့နော်။ ဖြေရှင်းနိုင်မဲ့ နည်းလမ်းကောရှိလားဆိုတဲ့ ဒီမေးခွန်းအပေါ်မှာတော့ ဒီလူထုတွေ အသံတွေ လူထုတွေ လိုလားချက်တွေကို လုံလုံခြုံခြုံနဲ့ ဖော်ပြနိုင်တဲ့ ပလက်ဖောင်းတွေ ရှိလာမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ခံစားနေရတဲ့ အကျိုးဆက်တွေကို လျော့ချနိုင်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်လာဖို့ဆိုရင်တော့ formal institution တွေက အလုပ်ဖြစ်ရင်ဖြစ် မဟုတ်ရင် အခုရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်နေရာမှာ သူတို့ ဥပဒေပြုရေးတွေ ပြီးတော့ သူတို့ စီမံအုပ်ချုပ်ရေး ယန္တရားတွေက ပြည်သူတွေရဲ့ အသံတွေ လိုအပ်ချက်တွေကို တံခါးဖွင့်ပေးပြီး နားထောင်မှသာ ဖြစ်လာမယ်လို့ ပြောချင်ပါတယ်ဗျ။

စုလင်းဟန်
Event Host
ISP-Myanmar
ဟုတ်ကဲ့ပါ၊ ဆွေးနွေးပေးသွားတဲ့ မနန်းကြည်ကို ကျေးဇူးတင်ပါတယ်ရှင့်။ ဒါဆိုရင် ကျမ ဆက်ပြီးတော့ live ကို မေးခွန်းနဲ့၊ ဆွေးနွေးမှတ်ချက်စကားသံတွေကို ဖိတ်ခေါ်ပါမယ်နော်။ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ particpant တွေရဲ့ သဘောထားအမြင်ကို ကျမတို့ နားထောင်ချင်ပါတယ်။ ဒါကြောင့်မို့လို့ participant တွေအနေနဲ့ raise hand button လေးကို သုံးပြီးတော့ ကိုယ့်ရဲ့အမြင်ကို လွတ်လွတ်လပ်လပ် ဆွေးနွေးဖလှယ်ပေးဖို့လဲ ဖိတ်ခေါ်ချင်ပါတယ်ရှင့်။
ဟုတ်ကဲ့၊ လက်ထောင်ပြီးတော့ မေးခွန်းမေးမြန်းချင်တဲ့သူ၊ ဒါမှမဟုတ်ရင်လဲ၊ မှတ်ချက်စကားသံ ပြောချင်တဲ့သူများ ရှိပါသလားရှင့်။ ဟုတ်ကဲ့၊ ကျမ ဆက်ပြီး ဖိတ်ခေါ်ပါမယ်နော်။ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ particpant တွေရဲ့ အမြင်သဘောထား မျှဝေချင်တဲ့သူများရှိပါသလားရှင့်။ Raise hand button လေးကို သုံးပြီးတော့ ကိုယ့်ရဲ့အမြင်သဘောထားကိုလဲ မျှဝေလို့ရသလို သိချင်တာကိုလဲ မေးခွန်းမေးလို့ရပါတယ်နော်။
ဟုတ်ကဲ့ပါရှင့်၊ လောလောဆယ် chatbox မှာပို့ထားတဲ့ မေးခွန်းတခုရှိပါတယ်။ ဒီမေးခွန်းကို ကျမ ဖတ်ပြချင်ပါတယ်ရှင့်။
ဒေသခံတွေက မြန်မာစစ်တပ်အောက်မှာပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေအောက်မှာပဲ ဖြစ်ဖြစ် အခံဘက်ကချည်းပဲ ဖြစ်နေတယ်။ ဒါဆိုရင် စစ်တပ်ရော လက်နက်ကိုင်တွေရော ဘာမှ မထူးဘူးလို့များ ပြောချင်တာလားရှင့်။

ထက်ရှိန်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့၊ ဒီမေးခွန်းကို ကျနော် ဆွေးနွေးကြည့်ပါမယ်။ သေချာတာကတော့ စစ်တပ်မှာက လူထုထောက်ခံမှု လုံးဝမရှိဘူးပေါ့နော်။ ဒါ့ကြောင့်ပဲ ဒီရှမ်းမြောက်ဒေသမှာ စစ်ဆင်ရေး ၁၀၂၇ စတဲ့အချိန်၊ လက်နက်ကိုင်တပ်တွေက စစ်တပ်ကိုတိုက်ကြတဲ့အချိန်ကြတော့ လူထုက ဒီလက်နက်ကိုင်တပ်တွေအပေါ်ကို အပြည့်အဝထောက်ခံကြတယ်။ အရမ်းဖိနှိပ်လွန်းတဲ့ စစ်တပ်ကိုတိုက်ခိုက်တာ၊ နောက် အချိန်တိုအတွင်းမှာ အောင်ပွဲတွေအများကြီးရတာ၊ ဒီလို စစ်ရေးစွမ်းဆောင်ချက်တွေကြောင့် အဲ့ဒီအချိန်မှာတော့ လက်နက်ကိုင်တပ်တွေက လူထုထောက်ခံမှုအပြည့်အဝ ရှိတယ်ပေါ့။ ဒါပေမဲ့ အခုချိန်မှာကြတော့ စစ်ဆင်ရေးကာလလို မဟုတ်တော့ဘဲနဲ့ ဒီဒေသအတွက် အုပ်ချုပ်ရေးတွေ၊ စီမံရေးတွေ၊ နောက် ဝန်ဆောင်မှုပေးဖို့၊ နောက်တော့ တရားဥပဒေစိုးမိုးရေးကို ပုံဖော်ဖို့၊ ဒီတာဝန်တွေပါ လက်နက်ကိုင်တပ်တွေဆီမှာ ရှိလာတယ်ပေါ့။ ဆိုတော့ စစ်တပ်နဲ့ ဒီလက်နက်ကိုင်တပ်တွေတူတူဘဲလားဆိုရင်၊ ခုနက ကျနော်အရှေ့မှာ ပြောခဲ့တဲ့ကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင်တပ်တွေက စွမ်းဆောင်ရည် ဘယ်လိုရှိလဲ။ နောက်ဒီကဏ္ဍတွေမှာ သူတို့ရဲ့ စွမ်းဆောင်လုပ်ကိုင်မှုတွေက ဒေသခံတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာတွေကို၊ ဒီအကျိုးအဆက်ကို တကယ်ခံစားရတဲ့ ဒေသခံတွေကိုယ်တိုင်ကဘဲ ဆုံးဖြတ်ပေးနိုင်မှာပါ။ ကြားထဲက တဖွဲ့ဖွဲ့တယောက်ယောက်က ဝင်ပြီးတော့ ကွာတယ်၊ မကွာဘူးပြောစရာမလိုဘဲနဲ့ ဒီဒေသခံတွေကိုယ်တိုင်ကပဲ၊ ကျနော်ရှေ့ကပြောခဲ့တဲ့အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်ပေးလိမ့်မယ်လို့ပဲ ဆွေးနွေးချင်ပါတယ်။

စုလင်းဟန်
Event Host
ISP-Myanmar
ဟုတ်ကဲ့ပါ၊ ဆွေးနွေးပေးသွားတဲ့ ကိုထက်ရှိန်ကို ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ကျမ live ကိုဆက်ပြီးတော့ မေးခွန်းနဲ့ မှတ်ချက်စကားသံတွေ ဖိတ်ခေါ်ပါမယ်ရှင့်။ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ participant တွေအနေနဲ့ ကိုယ့်ရဲ့အမြင်ကို ဆွေးနွေးဖလှယ်ချင်တဲ့သူများ ရှိပါသလားရှင့်။ Raise hand button လေးကိုသုံးပြီးတော့ မေးခွန်းမေးမြန်းလို့ရပါတယ်။ ဒါမှမဟုတ်ရင်လဲ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့သဘောထားအမြင်ကိုလဲ ဆွေးနွေးဖလှယ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်။ ဟုတ်ကဲ့၊ လက်ထောင်ပြီး ဆွေးနွေးချင်တဲ့သူ၊ မေးခွန်းမေးမြန်းချင်တဲ့သူများ ရှိပါသလားရှင့်။ ဟုတ်ကဲ့ပါရှင်၊ ကျမ chatbox ထဲမှာ participant ရဲ့မေးခွန်းတခုကိုတွေ့ပါတယ်ရှင့်။ ဒီမေးခွန်းကို ကျမ ဖတ်ပြချင်ပါတယ်။
ဒီလိုသူများကို လိမ်ဖို့သွားတဲ့ လူတွေကို ကယ်ဖို့ သင့်လို့လား။ ဘယ်လိုပဲဖြစ်နေနေ မရိုးသားတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်သင့်ဘူးမလား။

ရည်မွန်
လူငယ်သုတေသီ
ISP-Myanmar
ဒီမေးခွန်းကို ကျနော် ဖြေလိုက်ပါ့မယ်ဗျ။ ကျားဖြန့်လုပ်ငန်းကို ဆိုလိုချင်တယ်လို့ ကျနော် ယူဆပါတယ်ဗျ။ ကျားဖြန့်လုပ်ငန်းတွေမှာ အလုပ်သွားလုပ်ကြတယ်။ ဒီလုပ်ငန်းတွေက သမာရိုးကျဖြစ်လာတယ်ပေါ့နော်။ ဒီဟာတွေမှာ ပြန်စဉ်းစားလိုက်မယ်ဆိုရင် ဘာကြောင့်သွားလုပ်တာလဲဆိုတဲ့ အကြောင်းအရင်းခံတခုကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ ကျနော်တို့လည်း ရှေ့မှာ ဆွေးနွေးခဲ့တယ်ပေါ့နော်။ ကျားဖြန့်လုပ်ရတယ်ဆိုတာ ပြည်တွင်းမှာ စီးပွားရေးအခြေအနေတွေ ငွေကြေးအကျပ်အတည်းမှုတွေပေါ့နော် ဒီလိုမျိုး အကြောင်းအရင်းတွေကြောင့် လုပ်ကြရတာများပါတယ်။ ပုံမှန်ရုံးလုပ်ငန်းတွေမှာ ပုံမှန်လစာတွေပေးနေရင် အလုပ်သမား အခွင့်အရေးတွေရနေရင် ဒီလို အခွင့်အရေးတွေရှိနေရင်တော့ ကိုယ့်ကိုယ်ကျင့်တရားကိုကော လုံခြုံရေးကိုကော အာမခံချက်မရှိတဲ့ အလုပ်တွေကို ရွေးချယ်ပြီးတော့ မလုပ်လောက်ဘူးလို့ ကျနော် ယူဆပါတယ်။ ကျနော် မေးခွန်းပြန်ကောက်ရမယ်ဆိုရင် ဒီကျားဖြန့် လုပ်ငန်းတွေမှာသွားလုပ်ကြတယ် လုပ်တယ်မလုပ်ဘူးဆိုတာထက် သူတို့ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ထည့်ပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်ဗျ။ နောက် ဒီလိုဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို နားလည်နိုင်မှသာ ဒီလိုအခြေအနေတွေ ဒီလိုလူမှုရေးအဖြစ်အပျက်တွေကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို ကျနော်တို့ ပိုကြိုးပမ်းနိုင်မယ်လို့ ယူဆပါတယ်ခင်ဗျ။

စုလင်းဟန်
Event Host
ISP-Myanmar
ဟုတ်ကဲ့ပါ၊ မေးခွန်းဖြေပေးသွားတဲ့ မရည်မွန်ကို ကျေးဇူးတင်ပါတယ်။ ကျမတို့ရဲ့ အစီအစဉ်အချိန် အကန့်အသတ်ကြောင့် အမေးအဖြေကဏ္ဍကို ဒီလောက်နဲ့ပဲ ရပ်နားပါရစေရှင့်။ ဒီနေ့ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ panelist တွေအနေနဲ့ ဘာများထပ်ပြီးတော့ ဖြည့်စွက်ချင်ပါသေးသလဲရှင့်။

ထက်ရှိန်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့၊ ကျနော်တို့ ဒီနေ့ ဆွေးနွေးခဲ့တာတွေကို အနှစ်ချုပ်ပြီးတော့ အချက်သုံးချက်လောက် ပြောပြချင်ပါတယ်။ ပထမဆုံးတခုကတော့ ဒီစစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်းမှာ ရှမ်းမြောက်ဒေသမှာ အုပ်ချုပ်သူအပြောင်းအလဲဖြစ်သွားတယ်ပေါ့နော်။ အဲဒါနဲ့တပြိုင်နက်ပဲ ဒီဒေသထဲမှာ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ စီးပွားရေးက အရှိန်အဟုန်ကောင်းလာတယ်ပေါ့။ ဆိုတော့ ဒီအမြတ်အစွန်းကို ဗဟိုပြုတဲ့ ဒီပဋိပက္ခစီးပွားရေးက ဒီဒေသမှာ အရှိန်အဟုန်ကောင်းလာတယ်၊ အကျိုးဆက်အနေနဲ့ကြတော့ ဒေသခံလူထုက လူမှုစီးပွား၊ ရိုးရာဓလေ့နဲ့ သဘာဝပတ်ဝန်းကျင်တွေအပေါ်မှာ သက်ရောက်တဲ့ဆိုးကျိုးတွေကို ဒေသခံတွေက ခံစားရတယ်ပေါ့။ လက်နက်ကိုင်တပ်တွေက ဒီပဋိပက္ခစီးပွားရေးကနေ အကျိုးအမြတ်တွေရနေပေမဲ့၊ တဖက်က ဒေသခံတွေကတော့ မိရိုးဖလာနေထိုင်ကျင့်သုံးလာတဲ့ လူမှုစီးပွားဟန်ချက်တွေ ပျက်ကုန်တာ၊ အခွန်တွေ ပိုတိုးပေးရတာအပြင် လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေတွေဟာ အခုထိရှိနေတုန်းပါပဲ။ ပြီးတော့ ဒီအိမ်နီးချင်းနိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်လာတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်ကောင်းလာတာကလည်း ဒေသခံတွေရဲ့ ကိုယ်ပိုင်သရုပ်သကန်၊ သူတို့ရဲ့ဘာသာစကား၊ သူတို့ရဲ့ ရိုးရာဓလေ့တွေ ခြိမ်းခြောက်ခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်မျိုး ဒေသခံတွေဆီမှာ ပိုပြီးတော့ ကဲလာပါတယ်။ လက်နက်ကိုင်တွေ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင်တူးဖော်နေကြတဲ့ သယံဇာတ လုပ်ကွက်တွေကလည်း ဒေသခံတွေအတွက် ပြာနဲ့ နှုန်းတွေပဲ ချန်ထားနိုင်ခဲ့ပါတယ်။
ဒုတိယတချက်အနေနဲ့ လူထုရဲ့ ရွေးချယ်စရာ နည်းပါးနေတာကိုလည်း သတိပြုစေချင်တာပါ။ ရှေ့မှာလည်း ကျနော်တို့ ပြောခဲ့သလိုပဲ ဒီပဋိပက္ခစီးပွားရေးကြောင့် ကြုံရတဲ့ အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် ဒေသခံလူထုမှာ တရားဝင်လုပ်ထုံးလုပ်နည်းတွေ ပလက်ဖောင်းတွေ ရှိမနေဘူးပေါ့နော်။ မခံမရပ်နိုင်လောက်အောင် ဖြစ်လာတော့မှသာ စွန့်စားမှုကြီးကြီးပေးပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ရွေးကြပါတယ်။ ဒီလိုရွေးချယ်တာတောင်မှ ဒေသခံလူထုက လိုလားတဲ့ ရလဒ်မျိုးထွက်လိမ့်မယ်ဆိုတာ မသေချာဘူးပေါ့။ အဲဒီတော့ ရှင်သန်ရပ်တည်ရေးကိုပဲ ဦးစားပေးပြီးတော့ ကြုံသလို လှော်ခတ်ရင် လှော်ခတ်။ မဟုတ်ရင်လည်း ကိုယ့်မွေးရပ်ဒေသကို စွန့်လိုက်ဖို့ပဲ ရွေးကြရပါတယ်။
နောက်တတိယအချက်ကတော့ ဒီစစ်စီးပွားရေးရဲ့ဆိုးကျိုးဒဏ်ကို လူထုက ခါးစည်းခံနေရတဲ့ အကြောင်းအရင်းကို သတိချပ်စေချင်တာပေါ့။ လက်နက်ကိုင်တပ်တွေအနေနဲ့ ဘဏ္ဍာရေးတောင့်တင်းဖို့ အငြင်းပွားနေဆဲ သယံဇာတနယ်မြေတွေမှာ မြန်မြန်တူးနိုင်ဖို့ များများရောင်းနိုင်ဖို့ပဲ အာရုံစိုက်နေတာ၊ နိုင်ငံတကာလုပ်ငန်းရှင်တွေကိုပဲ မျက်နှာမူပြီး စီးပွားရှာလို့ကောင်းတဲ့ အခင်းအကျင်းကို ဖန်တီးပေးနေတာ။ ဒါတွေက ဒေသခံလူထုရဲ့ အကျိုးစီးပွားနဲ့ လူနေမှုဓလေ့ကို လုံးလုံးမျက်ကွယ်ပြုသလိုဖြစ်နေပါတယ်။ ဒီလုပ်ရပ်တွေက ဒေသခံတွေရဲ့ စားဝတ်နေရေးလို ရုပ်ဝတ္ထုအကျိုးစီးပွားတင်မဟုတ်ဘဲ သူတို့ရဲ့ဘာသာစကားတွေ၊ သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေ၊ တန်ဖိုးထားမှုတွေကိုပါ ထိခိုက်စေပါတယ်။ ရှမ်းမြောက်မှာ အုပ်ချုပ်သူက ပြောင်းသွားပေမဲ့ ဒေသခံတွေအတွက်ကတော့ ရှေ့ဘုန်းကြီးခေါက်တာရော နောက်ဘုန်းကြီးခေါက်တာရော ဖူးယောင်အောင် ခံရင်းနဲ့ပဲ တရက်ချင်းစီ အသက်ဆက်နိုင်ဖို့ ရုန်းကန်ရှင်သန်နေရတုန်းပါပဲ ဆိုတာပြောရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။

စုလင်းဟန်
Event Host
ISP-Myanmar
နိဂုံးချုပ်ဆွေးနွေးပေးသွားတဲ့ ကိုထက်ရှိန်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့တင်ပြခဲ့တဲ့ အချက်အလက်တွေအပြင် တခြားသောသုတေသန တွေ့ရှိချက်တွေကိုလည်း ISP-Myanmar ရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာလည်း အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။ ကျမတို့ရဲ့ ‘ISPနှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသား တဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ဒီနေ့အစီအစဉ်ကို ဒီလောက်နဲ့ပဲ ရပ်နားပါရစေရှင့်။
