ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်သေးသည့် ဖားစည်မြေ

ပဋိပက္ခစီးပွားရေးကနေဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါးပါးနေပါပြီ။ ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ပြည်သူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး မြောက်ပိုင်းရှမ်းပြည်မှာ ‘Voice, Exit, Loyalty’ အသံပေး ကန့်ကွက်ကြတာ၊ ဒီဒေသကိုစွန့်ခွာပြီး ထွက်သွားကြတာ၊ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတာတွေကို သုံးသပ်ဖော်ပြခဲ့ပါတယ်။ ကရင်ပြည်နယ်မှာရော ဘယ်လိုတွေဖြစ်နေလဲ။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဆွေးနွေးတင်ပြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။
By ISP Admin | March 12, 2026

▪️အယူအဆမှတ်စု

“ရေသောက်သူသည် ရေကို စောင့်ရှောက်ရမည်

မြေပေါ်မှာနေသူသည် မြေကို စောင့်ရှောက်ရမည်”

– ကရင်ရိုးရာစကားပုံ

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတာကတော့ ငွေရမယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးကွန်ရက်တွေ၊ အမြတ်အစွန်းတွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင် ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေး၊ လူမှောင်ခိုအပါအဝင် အခြားသော မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလိုပဋိပက္ခစီးပွားရေးစနစ်က ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခစီးပွားရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ISP-Myanmar က သုတေသနပြု လေ့လာနေပါတယ်။ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ ဆွေးနွေးပွဲအစီအစဉ်မှာတော့ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs) က နယ်မြေသစ်တွေကို ထိန်းချုပ်ပြီးနောက်ပိုင်းနဲ့ တဖွဲ့ချင်းနဲ့ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပဋိပက္ခစီးပွားရေးဟာ သိသိသာသာ ကြီးထွားလာတာကို ဆွေးနွေးခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ကရင်ပြည်နယ်က အခြေအနေတွေအကြောင်း ကနဦးလေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။

ကရင်ပြည်နယ်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ပြဿနာက အဖွဲ့အစည်းတွေ များပြားနေတာရယ်၊ မကြာသေးမီကာလမှာ ‘ကျားဖြန့်’ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် အားလုံးရောပြီး နာမည်ပျက်ကြရတာတွေပါပဲ။ ကရင်ပြည်နယ်အတွင်းက ပဋိပက္ခစီးပွားရေးအပေါ် အခြေခံတဲ့ မက်လုံးတွေ၊ အကျိုးစီးပွားတွေထဲမှာတော့ အာရှလမ်းမကြီးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေက ရရှိတဲ့ အခွန်ဝင်ငွေဟာ အဓိကကျပါတယ်။ ဒါကြောင့်ပဲ နယ်စပ်ကုန်သွယ်လမ်းမကြီးတွေကို စိုးမိုးနိုင်ဖို့ စစ်ပွဲတွေ ဆင်နွှဲခဲ့ကြတာကို သတိပြုမိနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ စီးပွားရေးဖြစ်တဲ့ သယံဇာတရောင်းချမှုနဲ့  နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းဖြစ်တဲ့ ကျားဖြန့်လို လုပ်ငန်းတွေဟာ ကရင်ပြည်နယ်အတွင်းက ကွဲပြားနေတဲ့ လက်နက်ကိုင်တွေ ဆက်လက်ရပ်တည်ရေးနဲ့ ကြီးထွားရေးအတွက် အထောက်အပံ့ပြုနေပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေဟာ စီးပွားရေးအရ အရေးပါတဲ့ နယ်မြေတွေကို သူနိုင်ကိုယ်နိုင် ထိန်းချုပ်ရေးကို ဦးတည်နေပါတယ်။ အကျိုးစီးပွားတွေ ညှိနှိုင်းခွဲဝေ ပြေလည်အောင် ဆွေးနွေးရေးက ဖြစ်နိုင်ခြေနည်းပါးသလို ပဋိပက္ခဟာ တအုံနွေးနွေးနဲ့ ရှည်ကြာမယ့် အနေအထားကို ဦးတည်နေပါတယ်။

မြောက်ပိုင်းရှမ်းပြည်နဲ့ တူညီချက်ကတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခစီးပွားရေးတွေကြောင့် ရပ်ရွာလူထုတွေအပေါ် ထိခိုက်သက်ရောက်မှုပါပဲ။ စစ်ကြောင့် အသက်အိုးအိမ်ပျက်စီးကြရသလို အိုးအိမ်စွန့်ခွာထွက်ပြေးလို့ ပြည်တွင်းဒုက္ခသည်တွေ ဖြစ်လာကြရပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ကရင်အချင်းချင်း စစ်မဖြစ်ရေးသဘောတူညီချက် ရှိနေသေးပေမဲ့လည်း အပစ်ရပ်-အပစ်မရပ် အပါအဝင် အကျိုးစီးပွားတွေကြောင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြားက အက်ကြောင်းဟာ ပိုဟလာပါတယ်။ မိုင်းတွင်းတွေ၊ သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ရပါတယ်။ သံလွင်မြစ်ရေဟာလည်း အဆိပ်သင့်တဲ့ အနေအထား ဖြစ်ခဲ့ရပါတယ်။ ကျားဖြန့်မြို့ကြီးတွေကို ချေမှုန်းနှိမ်နင်းပြီးနောက်ပိုင်း ငွေလိမ်ဂိုဏ်းတွေဟာ ကရင်ပြည်နယ်အတွင်းပိုင်းကို အစုငယ်လေးတွေအဖြစ် ဖြန့်ပြီးပြောင်းရွှေ့သွားကြပါတယ်။

ကရင်ပြည်နယ် စီးပွားရေးနဲ့ ကျားဖြန့်က ခွဲလို့မရအောင် ဂေဟဗေဒသဘော ချိတ်ဆက်မိသလို ဖြစ်လာပါတယ်။ ဒီအချိန်မှာ ရပ်ရွာအခြေပြု လူထုအဖွဲ့အစည်းတွေ ကိုယ်တိုင်က လုံခြုံရေးဖိအား၊ စီးပွားရေးဖိအား၊ လူမှုရေးဖိအားတွေအောက်မှာ ပြောရေးဆိုခွင့် နည်းလှပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ လူသားစာနာအကူအညီတွေ လျော့နည်းသွားတဲ့အတွက်ကြောင့်လည်း ရပ်တည်ရ ခက်လာနေပါတယ်။ စစ်ဘေးရှောင်တွေကို ပေးရမယ့် အကူအညီတွေတောင် မဝရေစာဖြစ်လာပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးအတွက် ဒီရေမြေ၊ ဒီမြစ်ချောင်း၊ ဒီတောတောင်၊ ဒီပြည် သူလူထု၊ ဒီယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ လူမျိုးသရုပ်သကန် ကြန်အင်လက္ခဏာတွေကို ရှင်သန်နိုင်ဖို့၊ ကာကွယ်ပေးနိုင်ဖို့ တောင်းဆိုခဲ့ကြ၊ သန္နိဋ္ဌာန်ချခဲ့ကြပါတယ်။ တော်လှန်ရေးစတင်ခဲ့ပြီးနောက် ဆယ်စုနှစ်ရှစ်ခုအကြာမှာတော့ ပဋိပက္ခစီးပွားရေးကြောင့် ကိုယ်ပိုင်ကြန်အင်လက္ခဏာတွေကို ပြန်ဖျက်ဆီးကြသလို ဖြစ်နေပါပြီ။ လုယူဖျက်ဆီး ခေါင်းပုံဖြတ်တတ်တဲ့ စနစ်ကြီးတခုကို ကြုံတွေ့လာရတာပါ။ 

ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ တချို့က ငွေနောက်လိုက်ကုန်ပါတယ်။ ရှင်သန်နိုင်ရေးအတွက် ငွေလိမ်ဂိုဏ်းမှာ လိုလိုလားလား အလုပ်သွားလုပ်ကြသူတွေရှိလာသလို တရားမဝင် မှောင်ခိုလုပ်ငန်းတွေ၊ ရာဇဝတ်မကင်းတဲ့ လုပ်ငန်းတွေထဲ ခြေချကြရသူတွေလည်း ရှိလာပါတယ်။ အိုးအိမ်စွန့်ပစ်ထွက်ပြေးကြရသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ခံစားနေကြရပါတယ်။ ပဋိပက္ခစီးပွားရေးကနေဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါးပါးနေပါပြီ။

ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ပြည်သူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး မြောက်ပိုင်းရှမ်းပြည်မှာ ‘Voice, Exit, Loyalty’ အသံပေး ကန့်ကွက်ကြတာ၊ ဒီဒေသကိုစွန့်ခွာပြီး ထွက်သွားကြတာ၊ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတာတွေကို သုံးသပ်ဖော်ပြခဲ့ပါတယ်။ ကရင်ပြည်နယ်မှာရော ဘယ်လိုတွေဖြစ်နေလဲ။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဆွေးနွေးတင်ပြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။



Leave a Reply

Your email address will not be published. Required fields are marked *