၂၀၂၆ ခုနှစ် မေလ ၂၃ ရက်တွင် ‘စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’(30 Minutes with the ISP) အစီအစဉ် အမှတ်-၁၄ ၏ ဆွေးနွေးချက်များကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ယခုဖော်ပြချက်တွင် ပါဝင်သော အကြောင်းအရာများသည် ISP-Myanmar ၏ လူမှုစီးပွားဆိုင်ရာလေ့လာမှု (Socioeconomic Studies) သုတေသနပြုလေ့လာချက်များထဲက တစိတ်တပိုင်းဖြစ်ပါသည်။
▪️အယူအဆမှတ်စု
မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းခဲကြရတာဟာ ဒေသတွင်း စွမ်းအင်လောင်စာအကျပ်အတည်းနဲ့ စားနပ်ရိက္ခာလုံခြုံမှု ပြဿနာတွေ ဖြစ်ပါတယ်။ စွမ်းအင်လောင်စာအကျပ်အတည်းက ၂၀၂၆ ခုနှစ် အီရန်စစ်ပွဲနဲ့အတူ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုနောက်ပိုင်း ဖြစ်လာခဲ့တာပါ။ အာဆီယံနိုင်ငံတွေရဲ့ ရေနံတင်သွင်းမှု အများစု (၅၆ ရာခိုင်နှုန်းခန့်) ဟာ တင်းမာမှုဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးလာနေရတာပါ။ ဒီလိုနဲ့ လောင်စာစျေးနှုန်း မြင့်တက်မှု၊ ရောင်းဝယ်မှုနဲ့ စွမ်းအင်ပြတ်လပ်မှု ဖြစ်လာပါတယ်။
နိုင်ငံအလိုက် သက်ရောက်ထိခိုက်မှုတွေမှာ ဖိလစ်ပိုင်နိုင်ငံက အဆိုးဆုံးထိခိုက်ခံရတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။ ရေနံ ၉၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ တင်သွင်းပြီး သိုလှောင်နိုင်စွမ်းက ရက်အနည်းငယ်ပဲရှိပါတယ်။ “တနိုင်ငံလုံး စွမ်းအင် အရေးပေါ်အခြေ အနေ”လို့ မတ် ၂၄ ရက်မှာ ကြေညာထားပါတယ်။ မြန်မာနိုင်ငံအဖို့ စွမ်းအင်အကျပ်အတည်းက အပူပေါ်အပူဆင့်တဲ့ နောက်တိုးပြဿနာပါပဲ။ နိုင်ငံဟာ မတည်ငြိမ်မှုနဲ့ ချည့်နဲ့ပြိုကွဲလွယ် အခြေအနေဖြစ်နေတာမို့ ဆတိုးထိခိုက်မှုတွေ ပိုကြုံလာရဖွယ် ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အချည့်နဲ့ဆုံးနိုင်ငံတွေထဲပါနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက ပိုဆိုးလာနေပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခမီး ဆက်လက်တောက်လောင်နေဆဲပါ။ နိုင်ငံ စီးပွားရေးကလည်း ချည့်နဲ့နေပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စီးပွားဖွံ့ဖြိုးမှု နှစ်ရာခိုင်နှုန်းကျုံ့သွားပါတယ်။ လာမယ့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးမယ် ဆိုပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေး မတိုင်မီကာလ စီးပွားရေးဖွံ့ဖြိုးမှုကိုမှီဖို့ အတော်ရုန်းကန်ရပါဦးမယ်။ စစ်ကိုင်း-မန္တလေး ငလျင်ကြီးဒဏ်သင့်ခဲ့လို့ ထိခိုက်နစ်နာရတာတွေလည်း ရှိခဲ့ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု ကျဆင်းနေရဆဲဖြစ်ပြီး ရေနံလောင်စာရှားပါးမှုနဲ့အတူ သွင်းအားစု ဓာတ်မြေဩဇာရဖို့လည်း ခက်ခဲတဲ့အပြင် ဈေးနှုန်းကြီးမြင့်တာကိုလည်း ရင်ဆိုင်ရဦးမှာပါ။ ပြင်းထန်တဲ့ရာသီဥတုကြောင့် ပိုလို့ ထိခိုက်နစ်နာဖွယ်အကြောင်း ရှိနေပါသေးတယ်။ အဲဒါအပြင် မူဝါဒအရ ကုန်သွယ်မှုတွေ တင်းကျပ်ပိတ်ဆို့ထားမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အဆိုးတွေချည်း စုပြုံပြီးကြုံကြရတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ မူလကတည်းက ဆင်းရဲမွဲတေမှု မြင့်မားနေတာရယ်၊ နိုင်ငံတကာပြစ်ဒဏ်ခတ်မှုနဲ့ အထီးကျန်မှုတွေကြောင့်လည်း ပိုပြီး ထိခိုက်သက်ရောက်နိုင်ပါတယ်။
ဒီအခြေအနေဆိုးကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေကြရသလဲဆိုတာကို ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆန်းစစ်လေ့လာခဲ့ပါတယ်။ အခုကြုံနေရတဲ့ လောင်စာအကျပ်အတည်းကြောင့် အခြေခံလူတန်းစားတွေ ပိုလို့ထိခိုက်နစ်နာနေကြပါတယ်။ သက်ရောက်မှုတွေကတော့ ကြီးပါတယ်။ စီးပွားရေးတိုးတက်မှု ပိုနှေးကွေးလာပြီး ဆင်းရဲနွမ်းပါးမှု ပိုတိုးလာနိုင်ပါတယ်။ စီးပွားရေးပြိုလဲမှုနဲ့ ရေရှည် စီးပွားရေး ကျုံ့ဝင်နိမ့်ကျမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ပဋိပက္ခမီး ပြန်တောက်လောင်လာနိုင်သလို အလုပ်လက်မဲ့များလာပြီး အိုးအိမ်စွန့်ပစ် ပြောင်းရွှေ့အခြေချမှုတွေလည်း မြင့်မားလာနိုင်ပါတယ်။ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ လုံခြုံမှုကိုလည်း သက်ရောက်နိုင်ပါတယ်။ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးနိုင်ပါတယ်။ မတည်ငြိမ်မှု ပိုများလာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုတွေလည်း ပိုကြုံနိုင်ပါတယ်။ ပြောရရင်တော့ လောင်စာအကျပ်အတည်းကနေ ချည့်နဲ့နေတဲ့ နိုင်ငံတခုမှာ အကျပ်အတည်းပေါင်းစုံ (polycrisis) အထိကို ဖြစ်စေနိုင်ပါတယ်။ လွယ်ကူတဲ့ မူဝါဒအဖြေတွေတော့ ရှိမနေပါဘူး။ လူထုရဲ့ဒုက္ခက ဘာတွေလဲဆိုတာနဲ့ ဘယ်လို ရုန်းကန်ရှင်သန်ကြမလဲဆိုတာကို ဒီတပတ် ‘ISP နှင့်အတူ မိနစ် ၃၀’အစီအစဉ် (အမှတ် ၁၄) မှာ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေက ဆွေးနွေးခဲ့ကြပါတယ်။


ဇော်ထက်
Event Host
ISP-Myanmar
‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေအားလုံး မင်္ဂလာပါ။ ကျနော်ကတော့ ဇော်ထက်ပါ။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်ကတော့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ၁၄ ကြိမ်မြောက် ဆွေးနွေးမှုအစီအစဉ်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “စွမ်းအင်လောင်စာအကျပ်အတည်း ဘယ်လိုရှင်သန်ကြမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
ဒီနေ့ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးကြမယ့် ISP-Myanmar ရဲ့ လူငယ်သုတေသီတွေကတော့ ကိုချမ်း၊ ကိုခန့်နဲ့ မမေရီတို့ ဖြစ်ပါတယ်။ လူငယ်သုတေသီတွေရဲ့ဆွေးနွေးမှုအပြီးမှာ ကပြင်ရပ်ဝန်းကို ကြိုတင်ပေးပို့လာတဲ့ မေးခွန်းတွေအပြင် အခု တက်ရောက်လာတဲ့ လူတွေဆီကလည်း မေးခွန်းနဲ့ မှတ်ချက်တွေကို လက်ခံဖြေကြားပေးဖို့ ရှိပါမယ်။ Live မေးတာအပြင် chat နဲ့ Q and A တွေကလည်း မေးမြန်းလို့ရပါတယ်။ အစီအစဉ်အချိန်အကန့်အသတ်ကြောင့်မို့လို့ မေးခွန်းအားလုံးကို မဖြေလိုက်နိုင်ဘူးဆိုရင်လည်း ကျနော်တို့ အီးမေးလ်ကနေတဆင့် နောက်ပိုင်းမှာ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မေးခွန်းနဲ့ မှတ်ချက်တွေမှာ အထူးသတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင်မတူမှု စတာတွေအပေါ်မှာ ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ ပြောလို့မရပါဘူး။ ဒီအချက်တွေကို Chat ကနေလည်း ပေးပို့ထားပါတယ်ခင်ဗျာ။ ဒီနေ့အစီအစဉ်ကို DVB ရုပ်သံသတင်းဌာနအပြင် ISP-Myanmar ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ အခု ကျနော်တို့ ဆွေးနွေးမှုအစီ အစဉ်ကို စတင်ပါတော့မယ်။ ကိုချမ်းက စပြီး ဆွေးနွေးပေးပါဦးခင်ဗျာ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ် ကျေးဇူးပါ ကိုဇော်ထက်၊ အားလုံးပဲ မင်္ဂလာပါ။ အမေရိကန်-အီရန်စစ်ပွဲနောက်ဆက်တွဲ ဒီလောင်စာဆီအကျပ်အတည်းက ကျနော်တို့ တကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တယ်။ ကျနော်တို့မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကလည်း ဒီဒုက္ခကို အကြီးအကျယ် ခံစားခဲ့ရတယ်။ ဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ တိုက်ပွဲတွေလည်း ရှိနေတယ်၊ သဘာဝဘေးအန္တရာယ်ကိုလည်း အလူးအလဲ ခံခဲ့ရတယ်ပေါ့။ ဒီအခြေအနေမှာ ကျနော်တို့နိုင်ငံက ပိုပြီးတော့ ရုန်းကန်ရတယ်။ ဆိုတော့ မတ်လအတွင်းကို ကြည့်မယ်ဆို ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေက လိုက်မမီလောက်အောင် ခုန်တက်သွားခဲ့တယ်။ EIU ရဲ့ပုံမှာကြည့်မယ်ဆိုရင်လည်း ကျနော်တို့နိုင်ငံက အာဆီယံနိုင်ငံမှာဆို ထိပ်ဆုံးရောက်ခဲ့တယ်ပေါ့။ လက်ရှိမှာဆိုရင် ဒီအကျပ်အတည်းကြီးက နှစ်လကျော်ခဲ့ပြီ။ လူထုက ဒုက္ခဝေနေဆဲဖြစ်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကိုလည်း ဈေးကြီးပေးပြီးတော့ ကျနော်တို့ ဝယ်နေရဆဲဖြစ်တယ်။ တချိန်တည်းမှာ ကုန်ဈေးနှုန်းကလည်း တရိပ်ရိပ်တက်နေတယ်။ နောက်တခုကကျတော့ မနက် မိုးလင်းတာနဲ့ မီးပြတ်၊ ရေပြတ် ဒီလိုမျိုးဒုက္ခတွေကို ကျနော်တို့က တလှိုင်းပြီးတလှိုင်း ခံနေရတဲ့ ပုံစံမျိုးရှိနေတယ်ပေါ့။ ဒါကြောင့် အခုဖြစ်နေတဲ့ ဒီလောင်စာဆီ အကျပ်အတည်းထဲမှာရော ကျနော်တို့ ဘယ်လိုရှင်သန်ရမလဲဆိုတာက မေးစရာ ဖြစ်လာတယ်။
ဒါကြောင့် ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံက ဘာလို့ ဒီလိုမျိုး ပိုပြီးတော့ ခံနေရတာလဲ၊ လက်ရှိ နေပြည်တော်မှာ ရှိနေတဲ့ အုပ်စိုးသူတွေကရော ဘာတွေလုပ်နေလဲ၊ နောက်တခါ နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက် ဘာတွေထိခိုက်မှုရှိနေလဲ၊ နောက်ဆုံးမှာ လက်တွေ့ရော ကျနော်တို့ ဘာလုပ်နိုင်သေးလဲ၊ ဘာတွေလုပ်နိုင်တာရှိမလဲ ဒါတွေကို ကျနော်တို့ ဆွေးနွေးသွားဖို့ရှိမယ်။ ပထမပိုင်းအနေနဲ့ ဆွေးနွေးချင်တာကတော့ ကျနော်တို့နိုင်ငံက ဘာလို့ ဒီဒဏ်ကို ပိုပြီးတော့မှ ခံနေရတာလဲပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ကိုခန့် ဆွေးနွေးပေးပါဦးခင်ဗျ။

ကိုခန့်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့၊ ကျနော် မြင်တာကတော့ နှစ်ချက် ရှိတယ်ပေ့ါနော်။ ပထမတချက်ကတော့ ပြည်တွင်းလောင်စာဆီ လိုအပ်ချက်အတွက်က ပြည်ပကို အများကြီးမှီခိုနေရတယ်ဆိုတဲ့ အနေအထားတခု ဖြစ်ပါတယ်။ ဆိုတော့ ပြည်တွင်းမှာဆိုရင်လည်း ထုတ်လုပ်နိုင်စွမ်းက သုံးရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်နိုင်တဲ့အနေအထားပေါ့နော်။ ကျန်တဲ့၊ လိုအပ်တဲ့ ၉၇ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေဆီကနေပြီးတော့ ကျနော်တို့ တင်သွင်းနေရတဲ့အနေအထား ဖြစ်တယ်ပေါ့နော်။ ဥပမာအားဖြင့် စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့လိုမျိုး ပြည်ပနိုင်ငံတွေကို အဓိကမှီခိုနေရတာ ဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၀၄၅/၂၀၂၆ (ISP-DM2026-045) ကိုရှုပါ]။ ဘယ်လောက်ပမာဏလောက်ထိ တင်သွင်းနေရလဲဆိုတာကိုလည်း အခု ကျနော်တို့ ၂၀၂၃ ခုနှစ် အထိ ရခဲ့တဲ့ဒေတာတွေနဲ့ ဆွေးနွေးချင်ပါတယ်ခင်ဗျာ။ တနှစ်ဆိုတာ စုစုပေါင်းသွင်းကုန်တန်ဖိုးရဲ့ သုံးပုံတပုံလောက်က လောင်စာဆီအတွက်ကို ဖြစ်နေတယ်ပေါ့နော်။ တန်ဖိုးအားဖြင့်ဆိုလို့ရှိရင်လည်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံလောက်အထိ ရှိပါတယ် [ISP ဒေတာအချက်အလက် ၀၄၆/၂၀၂၆ (ISP-DM2026-046) ကိုရှုပါ]။ အခုဆိုလို့ရှိရင် တင်သွင်းစရိတ်တွေက ဒီထက်တောင် ပိုပြီးတော့ပဲ များဖို့အနေအထား ရှိတယ်ပေါ့နော်။ မြေပြင်မှာက ကုန်သည်မှုလုပ်ငန်းတွေကလည်း ဆက်ပြီးတော့ ဖြစ်နေဦးမယ့် အနေအထား ဖြစ်ပါတယ်။


နောက် ဒုတိယတချက်က ကြိုပြီးတော့ မပြင်ထားနိုင်တဲ့ အခြေအနေကြောင့် ဖြစ်တယ်ပေါ့နော်။ အကျပ်အတည်းတခု ဖြစ်လာမယ်ဆိုရင် ဘာလုပ်ကြမလဲပေါ့။ ဥပမာပြောရရင်တော့ ရန်ပုံငွေနဲ့ ပတ်သက်တဲ့ကိစ္စပေါ့နော်။ ကျနော်တို့နဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ ဒီလိုမျိုးအကျပ်အတည်း ကြုံလာလို့ရှိရင် ထုတ်သုံးဖို့ဆိုပြီး အရန်ဆီ ရန်ပုံငွေဆိုပြီးတော့မှ သီးသန့်ထားတာမျိုး ရှိတယ်ပေါ့။ ဆိုတော့ ဒီလိုမျိုးရန်ပုံငွေရှိထားတော့ အကျပ်အတည်း ဖြစ်ဖြစ်ချင်းမှာ ဓာတ်ဆီစျေးတွေက ချက်ချင်းမတက်သွားဘဲနဲ့ ထိန်းထားနိုင်တဲ့ အနေအထားတခုကို ရှိတယ်။ နောက်အစိုးရကလည်း လူထုတွေ ဒုက္ခမဖြစ်အောင်လို့၊ အကျပ်အတည်း သက်သာအောင်လို့ ဆိုပြီးတော့ နည်းလမ်းပေါင်းစုံကို သုံးပြီး ဖြေရှင်းတာမျိုးတွေလည်း ရှိပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ ဒီလိုလုပ်ဆောင်နိုင်တာမျိုး မရှိဘူးပေါ့နော်။ ဆိုတော့ သီးသန့်ရန်ပုံငွေထဲကလည်း မရှိဘူး။ အစိုးရကလည်း လူထု မနစ်နာအောင်ဆိုပြီးတော့မှ အိတ်စိုက်ပြီး လုပ်ပေးနိုင်တဲ့အနေအထားမျိုး မရှိဘူးပေါ့။ ဆိုတော့ ဈေးကွက်မှာ ပြန်ကြည့်လို့ရှိရင်ကလည်း အမြတ်ထုတ်မယ့် စီးပွားရေးသမားတွေကပဲ သတင်းကြားတာနဲ့ ချက်ချင်း စျေးကို အဆမတန် တက်သွားတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီအကျပ်အတည်းဖြစ်ဖြစ်ချင်းမှာဆိုရင် ဓာတ်ဆီ တလီတာကို အရင်က ကျပ် ၄,၀၀၀ ကျော်လောက် ရှိခဲ့တာကနေ တကယ် ဝယ်တဲ့နေရာမှာ ကျပ် ၁၂,၀၀၀ လောက်အထိကို ရောက်ခဲ့တဲ့အနေအထားမျိုးလည်း ရှိတယ်ပေါ့နော်။ ပြန်ပြီးချုံ့ကြည့်ရလို့ရှိရင် ပြည်ပလောင်စာဆီတင်သွင်းမှုအပေါ်မှာ အများကြီး မှီခိုနေရတာရယ်၊ နောက်တခုက စနစ်ရဲ့လိုအပ်ချက်တွေကြောင့် လိုတာထက်ပိုပြီးတော့မှ ကျပ်တည်းတယ်၊ ခံရတယ်ဆိုပြီးတော့ ကျနော်တို့ မြင်ပါတယ်ဗျ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော် ထပ်ပြီးတော့မှ ကိုခန့်ပြောတာကို ဆက်ပြီး ဆွေးနွေးချင်တာကတော့ မဖြစ်မနေပြောရမယ့် အရင်းခံအကြောင်းတရားပါ။ ဒါကတော့ နှစ်ခု ရှိပါတယ်။ ပထမတခုကတော့ ဒီအာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အကျိုးသက်ရောက်တဲ့ ဆိုးကျိုးလို့ပဲ ပြောရမယ်။ နောက်တခုကတော့ နိုင်ငံတကာရဲ့ ကန့်သတ်မှုလို့ ပြောလို့ရတယ်။ အာဏာသိမ်းပြီးတဲ့နောက် ကျနော်တို့ရဲ့စီးပွားရေးက ပိုပြီးဆိုးရွားလာတယ်။ အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေက အကုန်လုံးနီးပါး ထွက်သွားတယ်။ ကျနော်တို့ ISP-Myanmar ရဲ့ အချက်အလက်တွေမှာဆိုရင် ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုက ၇၄ ရာခိုင်နှုန်းထိတောင်မှ ကျဆင်းသွားတာရှိတယ် [ISP ဒေတာအချက်အလက် ၀၄၇/၂၀၂၆ (ISP-DM2026-047) ကိုရှုပါ]။ ဆိုတော့ အဲဒီလိုမျိုး ကျဆင်းသွားတဲ့အခါ၊ ဒီလိုမျိုးအကျပ်အတည်းဖြစ်တဲ့အခါမှာ ခုသာခံသာ မရှိတော့ဘူး။ စီးပွားရေးက ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ငွေကြေးမရှိတဲ့အခါမှာ ပိုဆိုးသွားတဲ့ အခြေအနေပေါ့။

ပြန်ကြည့်မယ်ဆိုရင် အာဏာမသိမ်းခင်ကတော့ ကျနော်တို့နိုင်ငံမှာ စွမ်းအင်ကဏ္ဍက ရင်းနှီးမြှုပ်နှံမှု အများဆုံးလို့ ပြောလို့ရမယ်။ တိုးတက်မှုကောင်းတဲ့ အလားအလာရှိတယ်လို့လည်း ဆိုလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ ၂၀၃၀ ပြည့်နှစ်မှာ တနိုင်ငံလုံး မီးလင်းရေး ဆိုတဲ့မူဝါဒ ရှိခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ဒီနောက်ဆက်တွဲမှာ စွမ်းအင်အရင်းအမြစ်ကဏ္ဍကို ကျနော်တို့ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ဒါပေမဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ဒီကဏ္ဍက ပိုပြီးတော့မှ အားနည်းသွားတယ်ပေါ့။ ကုမ္ပဏီတွေကလည်း ထွက်သွားတယ်ပေါ့။ နောက်တခု ရိုက်နှက်ချက်ကတော့ ကျနော်တို့တတွေ ဒီငွေကြေးခဝါချမှုနဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့နိုင်ငံက black list သွင်းခံရတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရှိနေတဲ့ စစ်ကောင်စီအစိုးရက နိုင်ငံခြားငွေ ကန့်သတ်တာတွေ၊ သွင်းကုန်ကန့်သတ်တာတွေ ရှိတယ်။ ဒီလိုအခြေအနေတွေကြောင့် ပိုပြီးတော့မှ ဆိုးရွားသွားတယ်လို့ ပြောလို့ရတယ်။
လက်ရှိကို ကြည့်မယ်ဆိုရင် ကျနော်တို့နိုင်ငံက international isolation ပေါ့။ ဆိုတော့ နိုင်ငံတကာရဲ့ အကူအညီပေးမှုတွေကနေ အကန့်အသတ်ခံရတဲ့အခါမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ ကူကယ်ရာမဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိလစ်ပိုင်နိုင်ငံကို တချက်ကြည့်မယ်ဆိုရင် သူတို့အကျပ်အတည်းကို ကျော်သွားတဲ့အခါမှာ အမေရိကန်တို့၊ ဂျပန်နိုင်ငံတို့၊ မလေးရှားနိုင်ငံတို့စတဲ့ ဒီနိုင်ငံတွေက ကူညီတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာတော့ ဒီလိုမျိုးအကူအညီတွေ မရခဲ့ဘူး။ ဆိုတော့ ကိုခန့်ပြောတဲ့အချက်တွေအပြင် ဒီနှစ်ချက်ကလည်း အရေးကြီးတယ်။ ပထမတချက်က အာဏာသိမ်းနောက်ဆက်တွဲ စီးပွားရေးကျဆင်းတာ၊ နောက်တခုက နိုင်ငံတကာကနေ ကန့်သတ်ခံရတာ ဒီနှစ်ချက် ရှိတယ်ပေါ့။
ဆိုတော့ ဒီအခြေအနေမှာ ကျနော် ထပ်ပြီးဆွေးနွေးချင်တာကတော့ နေပြည်တော်မှာ ရှိနေတဲ့ အုပ်စိုးသူတွေက လက်ရှိ ဘာတွေ တိတိပပလုပ်နေလဲ ဆိုတာကို ဆွေးနွေးဖို့ လိုလာတယ်၊ ပြောဖို့ လိုလာတယ်ပေါ့နော်။ ဒီအကျပ်အတည်း စဖြစ်တဲ့အခါမှာ လောင်စာဆီ ဘယ်လောက် ရန်ထားလဲ၊ ရက်ဘယ်နှရက်စာ လှောင်ထားလဲဆိုတာတွေကို မပြောဘဲနဲ့ စုံ-မစနစ် လုပ်ခဲ့တာမျိုး ရှိတယ်။ ဒါကြောင့်မို့လို့ ဒီလူထုက အပြေးအလွှားတန်းစီပြီး ဝယ်ရတာမျိုး ရှိခဲ့တယ်။ ဒါကတော့ ပထမ အဆင့်ပေါ့။ နောက်ပိုင်းမှာ QR စနစ်တွေ၊ နောက်တခုကကျ ခွဲတမ်းတွေနဲ့ ရောင်းဖို့လုပ်တယ်ပေါ့။ ဆိုတော့ ဒီနှစ်ခုကလည်း ခုနက ပြောသလို စုံ-မစနစ်ရယ်၊ ဒီဘက်ခွဲတမ်းတွေနဲ့ လုပ်တဲ့ဟာတွေကလည်း ရောပြီးတော့မှ ရှုပ်နေတယ်ပေါ့။
နောက်တပိုင်းမှာတော့ စိုက်ပျိုးရေးကို ဦးစားပေးပြီး လုပ်ဆောင်နေတာမျိုးတွေ ကျနော်တို့ တွေ့ရတာမျိုး ရှိတယ်ပေါ့။ ဥပမာအားဖြင့်ဆိုရင် ကျနော်တို့လယ်သမားတွေကို ဆီတဂါလံ တသောင်းနဲ့ ရောင်းပေးတာမျိုးရှိတယ်။ ဒါပေမဲ့လည်း တချို့ဆီတွေက ပြည်တွင်းမှာ ထုတ်တယ်။ ထုတ်တဲ့အတွက်ကြောင့်မို့လို့ ဒီစက်ကြီးတွေကို ကျနော်တို့ လည်ပတ်နိုင်တာမျိုး မရှိဘူးပေါ့လေ။ နောက်တခုကကျတော့ ကျနော်တို့တတွေ ဒီလယ်သမားတွေအတွက် ဓာတ်မြေသြဇာတွေ၊ နောက်တခါ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ တင်သွင်းတဲ့အခါမှာ အခွန်ကင်းလွတ်ခွင့် ပေးတာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့လည်း ဒါတွေက နည်းနည်းပါးပါး ဖြစ်နေတယ်။ နောက်တခုကျတော့ ကျနော်တို့ တင်သွင်းခွင့်တွေ လျှောက်တဲ့အခါမှာ အချိန်ကြန့်ကြာဖို့ ရှိတယ်။ ဒီလိုမျိုးတွေ ကျနော်တို့ တွေ့ရတယ်ပေါ့။ ရှင်းရှင်းပြောရရင် နေပြည်တော်မှာရှိတဲ့ အုပ်စိုးသူတွေ လက်ရှိလုပ်နေတာက ပြည်သူတွေကို တပူပေါ်တပူဆင့်ပုံစံမျိုး တွေ့ရတာမျိုး ရှိတယ်။ ဆိုတော့ ကျနော့်အနေနဲ့တော့ လက်ရှိမူဝါဒ ဖြေရှင်းနေတဲ့ပုံကို ဒီလိုမြင်တယ်။ ဒီသုံးချက်ပေါ့လေ။ ဒီသုံးချက်က တကယ်အလုပ်ဖြစ်လား၊ မဖြစ်ဘူးလားဆိုတာကို ကျနော်တို့အနေနဲ့ ဆန်းစစ်သင့်တယ်လို့ ထင်ပါတယ်ဗျ။

မမေရီ
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ပါတယ်၊ ကျမလည်း ဒီအပိုင်းနဲ့ပတ်သက်လို့ ဆက်ပြီး ဖြည့်စွက်ဆွေးနွေးချင်ပါတယ်။ ဆီပြဿနာ စဖြစ်တဲ့အချိန်မှာ စုံ-မကိစ္စနဲ့ မပြေလည်မှုတွေကကျတော့ ဆိုရှယ်မီဒီယာမှာ အများဆုံး မြင်ရတဲ့အပိုင်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကားပိုင်တဲ့သူတွေရဲ့ မပြေလည်မှုတွေ၊ အဆင်မပြေမှုတွေ၊ နောက်ပြီး လူလတ်တန်းစားအများစုရဲ့ ဒုက္ခတွေနဲ့ ရင်ဖွင့်သံပေါ့လေ။ ကျမကတော့ ဒီဒုက္ခတွေအပြင် အခြေခံလူတန်းစားတွေရဲ့ ဒုက္ခတွေကို ပြောချင်ပါတယ်။
အခုစွမ်းအင်အကျပ်အတည်းထဲကနေ ဒီတပူပေါ်တပူဆင့်ဆိုသလို ပြဿနာတွေက ဆက်တိုက်ဖြစ်နေတယ်။ အစောပိုင်းမှာ ကိုချမ်း ပြောခဲ့သလိုပဲ မ်ိုးလင်းတာနဲ့ မီးပြတ်၊ ရေပြတ် ဖြစ်ရတယ်။ အဲ့ဒီဒုက္ခတွေအပြင်မှာ တခုပြီးတခု ခံစားနေရပြီး ရင်ဆိုင်နေရတယ်။ ဆိုတော့ တရက်ချင်း တရက်ချင်း ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာကိုပဲ တွေးပူနေရတဲ့အခြေအနေတွေ ဖြစ်နေတယ်။ ဒါတွေကို လက်တွေ့မှာ မကျေမနပ်ဖြစ်ပေမဲ့လည်း ဘယ်သူ့ကို တိုင်တန်းလို့ တိုင်တန်းရမယ်မှန်း မသိတဲ့အခြေအနေ ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်နည်းကိုယ်ရှာပြီး ကြိတ်မှိတ်ဖြေရှင်းနေရပါတယ်။
ဆိုတော့ လူလတ်တန်းစားတွေအတွက်ဆိုရင် စုံ-မကိစ္စက ဆီမရတာ၊ အပြင်ထွက်လို့ မရတာတွေက ပြဿနာဆိုပေမဲ့ နေ့တိုင်း အပြင်ထွက်ဖို့ လိုအပ်တဲ့ အခြေခံလူတန်းစားတွေအတွက်ဆိုရင်တော့ ဒီဆီမရတာတွေက တော်တော့်ကို ပြဿနာ ဖြစ်စေတာပါ။ ဥပမာအားဖြင့် ကယ်ရီသမားတွေကို ကြည့်လို့ရတယ်ပေါ့နော်။ သူတို့မှာဆိုရင်လည်း လိုင်စင်မရှိကြတာက များတယ်။ လိုင်စင်မရှိတော့ ဆီထုတ်မရတော့ဘူး။ နောက်တနေ့ လုပ်ခရငွေကိုတောင်မှ စားဖို့အရေး မှောင်ခိုစျေးနဲ့ရောင်းတဲ့ ဆီတွေကို ဒီကြားကနေ လုဝယ်နေရတာမျိုးကကျတော့ တော်တော့်ကို အဆင်မပြေတာပါ။ ဆိုတော့ အဲဒီမှာလည်း သူတို့ရှာထားသမျှလည်း ကုန်တာပေါ့လေ။ ရှိတဲ့သူတွေကျပြန်တော့လည်း ဆီတန်းစီတာနဲ့တင် သူတို့အလုပ်တွေ ပျက်ကုန်တယ်ဆိုတော့ ဒီ owner ကြေးတောင်မှ မနည်းပြန်ရှာနေရတဲ့ အခြေအနေတွေ ဖြစ်ကုန်တယ်။
နောက်ထပ်တခုက အခုဆိုရင် မိုးဝင်ခါနီးကာလလည်း ဖြစ်လာပြီပေါ့နော်။ အခုဆိုရင်တော့ ဒီအချိန်မှာ ပန်းရံဆရာတွေ၊ လက်သမားဆရာတွေ အလုပ်များတဲ့အချိန်တွေ ဖြစ်တယ်။ ဒါပေမဲ့လည်း ဆီတွေမရတာ၊ လိုင်စင်မရှိတာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အလုပ်တွေ ရှိရင်တောင်မှ အလုပ်ကို သွားလို့မရတဲ့အခြေအနေတွေ ဖြစ်ကုန်တာပေါ့။ တဆက်တည်းမှာပဲ ဒီရွာမှာရှိတဲ့ လူတွေလည်း မြို့တက်ပြီး ပစ္စည်း လာမဝယ်နိုင်တော့တာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီစျေးသည်တွေလည်း ဈေးမရောင်းရတော့ဘူး။ ဒီလိုပဲ အဘက်ဘက်ကနေ နှစ်ဦးနှစ်ဖက်နစ်နာတဲ့ ကဏ္ဍတွေလည်း မြင်တွေ့ရမှာပါ။ နောက်ကွယ်မှာလည်း ဒီသိုလှောင်ထားတဲ့ဆီတွေကို မှောင်ခိုစျေးနဲ့ အပြင်ကို ပေပါလိုက် ပြန်ထုတ်ရောင်းတာတွေမှာ အမြတ်ထုတ် လက်ဝါးကြီးအုပ်နေတယ်လို့တော့ ကျမတော့ ယူဆမိပါတယ်။ ဆိုတော့ ဒီမူဝါဒအမှားတွေကြောင့်ပဲ မှောင်ခိုဈေးက ပိုပြီးကြီးထွားလာတဲ့အပြင် ပြည်သူတွေကပဲ ကြားထဲကနေ မနစ်နာသင့်ဘဲ နစ်နာနေရတယ်လို့ ကျမ သုံးသပ်ချင်ပါတယ်။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ပါတယ်။ ဒါတွေကတော့ ခုတ်ရာတခြား ရှရာတခြား ပုံစံမျိုးပါ၊ မူဝါဒချမှတ်နေတာနဲ့ တကယ်လက်ရှိမြေပြင်မှာ ဖြစ်နေရတဲ့ ကွာခြားချက်ပေါ့။ နောက်တပိုင်းအနေနဲ့ ကျနော်တို့ ဆက်ဆွေးနွေးချင်တာကတော့ ဘယ်လိုကဏ္ဍတွေ၊ ဘယ်လိုနယ်ပယ်တွေကရော လောင်စာဆီရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေ ရှိနေလဲပေါ့။ ဒါကိုတော့ ကျနော်တို့ ဆက်ဆွေးနွေးကြပါမယ်။

ကိုခန့်
လူငယ်သုတေသီ
ISP-Myanmar
ကျနော့်အမြင်မှာတော့ ဒီအကျပ်အတည်းက ကဏ္ဍအစုံမှာ သက်ရောက်မှုတော်တော်လေးကို ကြီးပါတယ်။ ဆိုတော့ ဒီထဲကမှ ကဏ္ဍသုံးခုကို ကျနော် ရွေးပြီးတော့ ဆွေးနွေးချင်တယ်။ အဓိကအားဖြင့် သက်ရောက်မှုအများဆုံးဖြစ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ နောက် စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးပေါ့နော်။ ဒီကဏ္ဍသုံးခုမှာ သက်ရောက်မှုက တော်တော်လေး ကြီးပါတယ်။ ပထမဦးဆုံး ဒီပို့ဆောင်ဆက်သွယ်ရေးကို ကြည့်ကြည့်မယ်ဆိုရင် ဒီကဏ္ဍက တော်တော်လေး အမြင်သာဆုံးကဏ္ဍလို့ ပြောလို့ရတယ်ပေါ့နော်။ လောင်စာအကျပ်အတည်း ဖြစ်ဖြစ်ချင်းမှာပဲ ဒီအဝေးပြေးကားလက်မှတ်တွေ၊ နောက် လေယာဉ်လက်မှတ်တွေက ချက်ချင်းကို တက်သွားတယ်ပေါ့။ အကျပ်အတည်း ဖြစ်ဖြစ်ချင်းမှာပဲ အဝေးပြေးကားခတွေက နှစ်ဆ၊ သုံးဆလောက်ထိ တက်သွားတယ်လို့ ကျနော်တို့ မြင်ရသိရပါတယ်။ တဆက်တည်းမှာပဲ ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာလည်း သက်ရောက်မှုက တော်တော်လေး များပြားပါတယ်။ ဒုက္ခတွေလည်း များရတယ်။ မြေပြင်မှာဆိုရင် ရွာကနေ မြို့ကို ကုန်စိမ်းတွေ သယ်ပြီးတော့မှ ရောင်းချရတာမျိုးတွေ ရှိတယ်။ နောက်မြို့ကနေမှ ရွာကိုပြန်ပြီး ကုန်စည်သယ်ယူပို့ဆောင်တာတွေရှိတယ်။ ဒီနေရာမှာ စရိတ်စက အရမ်းများလာတဲ့အခါ ကုန်သည်တွေအတွက် တော်တော်လေးကို တွက်ခြေမကိုက်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။
ဒုတိယကဏ္ဍအနေနဲ့ ဆိုလို့ရှိရင် စိုက်ပျိုးရေးကဏ္ဍပေါ့။ စိုက်ပျိုးရေးကဏ္ဍကို ကျနော်တို့ ကြည့်မယ်ဆိုလို့ရှိရင် လယ်ယာသုံးပစ္စည်းတွေမှာ သုံးဖို့လိုအပ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေရဲ့ စျေးတွေကလည်း အရမ်းမြင့်တယ်၊ ဝယ်ဖို့ကလည်း တော်တော်လေး ခက်ခဲတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ နောက်တပိုင်းအနေနဲ့ကတော့ ဓာတ်မြေသြဇာတွေက တော်တော်လေးကို စျေးတက်လာတဲ့ အနေအထားမျိုး ဖြစ်တယ်။ အခုလက်ရှိဆိုလို့ရှိရင် စိုက်ပျိုးရေးကာလ ဖြစ်တယ်ပေါ့။ ဒီကာလမှာ ပြန်ကြည့်ရင် ပြီးခဲ့တဲ့ လေးလလောက်က ရှိခဲ့တဲ့ ဓာတ်မြေဩဇာဈေးက အခုအခါမှာ တဆခွဲ၊ နှစ်ဆလောက် တက်လာတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ နောက်ပြီး စျေးကွက်ထဲမှာ ဆိုလို့ရှိရင် အတုတွေ ပေါ်လာတယ်။ ရောနှောပြီးတော့မှ ရောင်းချတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။
နောက်ဆုံးကဏ္ဍအနေနဲ့ ကျနော် ဆွေးနွေးချင်တာကတော့ ကုန်ထုတ်လုပ်ရေးကဏ္ဍပေါ့။ ဒီကဏ္ဍထဲမှာ ဆိုလို့ရှိရင် အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း – MSME တွေ အပါအဝင် ဒီလိုလုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်မှုတွေက တော်တော်လေးကို ကျပ်တည်းနေတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အများဆုံးပေးနိုင်တာကလည်း ဒီလိုမျိုး MSME လုပ်ငန်းတွေပဲ အများဆုံးပေးနိုင်တဲ့ အနေအထားတခု ဖြစ်တယ်ပေါ့လေ။ ကျနော်တို့ဒေတာအနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက ပျမ်းမျှအားဖြင့် ၉၄ ရာခိုင်နှုန်းက SME လုပ်ငန်းတွေ ဖြစ်တယ်။ ဆိုတော့ ဒီလိုလုပ်ငန်းတွေက ကျပ်တည်းလာတဲ့အခါမှာ တနိုင်ငံလုံးရဲ့ စီးပွားရေးလည်ပတ်မှုကို အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒီလိုသက်ရောက်မှုတွေနဲ့အတူ MSME လုပ်ငန်းတွေကို မှီခိုနေရတဲ့ ဆက်စပ်လုပ်ငန်းတွေဟာလည်း အများကြိီး နစ်နာရတယ်၊ ထိခိုက်ရတယ်။ ဥပမာအားဖြင့် ကုန်ကြမ်းပေးသွင်းသူတွေ၊ ဒီလိုမျိုးလုပ်ငန်းတွေကနေ ပြန်ပြီး လက်လီလက်ကား ရောင်းချတဲ့သူတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်တဲ့သူတွေပေါ့နော်။ ဒီလိုကဏ္ဍတွေမှာတော့ အကျပ်အတည်း များပါတယ်။ ဒီလိုမျိုးသက်ရောက်မှုတွေကြောင့် ပြည်တွင်းမှာဆိုလို့ရှိရင် စားနပ်ရိက္ခာလုံခြုံမှုက တော်တော်လေးကို အခြေအနေဆိုးရွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း အများကြီး ရှိပါတယ်။ ဆိုတော့ တခြားကဏ္ဍတွေမှာလည်း သက်ရောက်မှုတွေက တော်တော်များတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ကတော့ ဒီကဏ္ဍသုံးခုကို အဓိကထားပြီးတော့ ဆွေးနွေးချင်ပါတယ်ဗျ။

မမေရီ
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ပါတယ်။ ကျမလည်း ထပ်ဖြည့်ဆွေးနွေးချင်တာ ရှိပါတယ်။ အထူးသဖြင့် ကျမတို့ ISP-Myanmar ရဲ့ လူငယ်သုတေသီတွေနဲ့ ကျမတို့ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ သိခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ၊ မမျှော်လင့်ထားတဲ့ ကဏ္ဍတွေမှာ သက်ရောက်တဲ့ ဖြစ်ရပ်တွေပေါ့နော်။ ဆိုတော့ ဒီသက်ရောက်မှုတွေကကျတော့ အများကြီးရှိတယ်။ မထင်ထားတဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိခဲ့တယ်။ နေ့စဉ်ဘဝလူနေမှုမှာ သက်ရောက်တာအပြင် ကျန်းမာရေးနဲ့ တရားမျှတမှု၊ အခြေခံရပိုင်ခွင့်တွေအထိ ဘက်ပေါင်းစုံကနေ ထိခိုက်နေတာပါ။
ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင်လည်း ဒီထိလွယ်ရှလွယ်တဲ့အုပ်စုတွေ ရှိတယ်ပေါ့နော်။ အထူးသဖြင့် ပုံမှန်ဆေးစစ်ဖို့လိုတာ၊ ပုံမှန်ဆေးသောက်ဖို့လိုတဲ့ HIV နဲ့ တီဘီလူနာတွေအပေါ်မှာ အများကြီး သက်ရောက်မှုတွေ ရှိနေတယ်။ ဆိုတော့ သူတို့ဆိုရင် ဆေးရုံ၊ ဆေးခန်းကို မသွားနိုင်တော့ဘဲနဲ့ အိမ်မှာပဲ ဒီအတိုင်း ပစ်ထားလိုက်ရတဲ့အခြေအနေတွေအထိပါ ဖြစ်နေရတာပါ။ နောက်ထပ်အနေနဲ့က ရေလမ်းပေါ့နော်။ ရေလမ်းကို အဓိကအားကိုးနေရတဲ့ဒေသတွေဆိုရင်လည်း ဆီခက်ခဲလို့ ခရီးစဉ်တွေ လျှော့ချလိုက်ရတာတွေ၊ ခရီးစဉ်တွေ ဖြတ်လိုက်ရတာတွေ၊ တချို့လူနာဆိုရင်လည်း ဆေးရုံအချိန်မီရောက်ဖို့ လိုအပ်ပေမဲ့ ဆေးရုံကို အချိန်မီမရောက်နိုင်ဘဲ လမ်းမှာပဲ သေသွားတာတွေလည်း ကျမတို့ ကြားသိရပါတယ်။ ဆိုတော့ ဒီလိုဆီဖိုး မတတ်နိုင်လို့ အလောင်းတောင် ပြန်သယ်ဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ကြုံနေရတာပါ။ ဒီလိုရင်နာစရာ အဖြစ်အပျက်တွေက အများကြီးရှိနေတာပါ။
ဒီထဲမှာမှ ရင်နင့်စရာဖြစ်ရပ်တခုဆိုရင် အခုနားထောင်နေရတဲ့သူတွေအတွက်ပါ တကယ့်ကို စိတ်ထိခိုက်စရာဖြစ်စေမှာပါ။ ဒီ case မှာဆိုရင် ဧရာဝတီတိုင်းမှာဖြစ်ခဲ့တဲ့ မုဒိမ်းမှု (rape case) ပေါ့နော်။ ကျူးလွန်ခံရတဲ့ အမျိုးသမီးကို ရောဂါမရအောင်၊ ကိုယ်ဝန်မရအောင် ဆရာဝန်က ချိန်းတယ်ပေါ့နော်။ အဲဒီအချိန်မှာ သူတို့ကလည်း မရှိရှိတာတွေ ရောင်းပြီး ကုသမှုလုပ်ဖို့အတွက် မြို့ကိုတက်တယ်။ ဒါပေမဲ့လည်း ဒုတိယအကြိမ်မှာကျတော့ အမှုအတွက် ချိန်းတဲ့အခါမှာ ထပ်မသွားနိုင်တော့ဘူးပေါ့နော်။ ဒီဆီစျေးတက်တာတွေ၊ ပြီးလို့ရှိရင် စဉ်းစားကြည့်မယ်ဆိုရင် သူတို့အများကြီး ကုန်ကျနိုင်တာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်က မတရားပြုကျင့်ခံရပေမဲ့လည်း အခြေအနေအမျိုးမျိုးနဲ့ မသွားနိုင်တာတွေ ရှိတဲ့အတွက်ကြောင့်၊ ကိုယ့်ကို အနိုင်ကျင့်တဲ့သူတွေကိုလည်း သိတယ်၊ ဒါပေမဲ့လည်း အဲ့ဒီလူကို အရေးယူနိုင်ဖို့၊ ဒီတရားမျှတမှုကိုဖော်ဆောင်နိုင်ဖို့ ဒီလိုလုပ်တဲ့အချိန်မှာ ဆက်ပြီး မသွားနိုင်တော့ဘူးပေါ့နော်။ ခရီးစရိတ်၊ လမ်းစရိတ်တွေ မတတ်နိုင်လို့ ဘာမှဆက်ပြီး လုပ်လို့မရတော့တဲ့ အခြေအနေတွေ ဖြစ်ကုန်တာပေါ့။ ရပ်ထဲရွာထဲက ကူညီမယ့်သူလည်း ပေါ်မလာဘူး။ အမှုက ဒီအတိုင်းပဲ ဖြစ်သွားတယ်။ ဆိုတော့ ဘယ်လောက်များ ရင်နာစရာကောင်းလိုက်တဲ့ဖြစ်ရပ်လဲ။ ဒါက ကျမတို့ ကြား သိရတဲ့ဖြစ်စဥ်တခုပဲ ရှိပါသေးတယ်။ ဒီလိုရင်နာစရာ ဖြစ်ရပ်တွေက နေရာအနှံ့မှာ အမြဲတမ်း ကြုံတွေ့နေရတဲ့ ဒီလိုအခြေအနေတွေက ရှိနေတာပါ။ ဆိုတော့ ဒါတွေကိုလည်း ကျမတို့ လေ့လာတွေ့ရှိရတာပေါ့နော်။ ဒီဆီပြတ်လပ်တာက ကျမတို့ပြည်သူတွေကို အခုလောက်အထိ အကျပ်ရိုက်စရာတွေ၊ ဆိုးဝါးတဲ့ဒီလိုဇာတ်လမ်းတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူထင်မှာလဲ။ ဒါပေမဲ့ ဒါတွေက မြေပြင်မှာ တကယ်ကိုရှိနေတဲ့ အဖြစ်အပျက်တွေပါဆိုတာ ကျမက ဖြည့်ပြောချင်တာပါ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်တယ်နော် ဒီလိုမျိုးစိတ်မကောင်းစရာဖြစ်ရပ်တွေ အများကြီး ရှိခဲ့မှာပဲ။ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ဆွေးနွေးခဲ့တာ အပိုင်းသုံးပိုင်း ရှိခဲ့ပြီဆိုတော့ အခုနောက်ဆုံးတပိုင်းအနေနဲ့ ကျနော်တို့ ဆက်ပြီးဆွေးနွေးချင်တာကတော့ နေပြည်တော်မှာရှိတဲ့ အုပ်စိုးသူတွေ၊ ဒါမှမဟုတ် ကျနော်တို့ နိုင်ငံအနေနဲ့ ဘာလုပ်နိုင်တာရှိလဲ၊ ဘာတွေလုပ်လို့ရသေးလဲပေါ့။ ကျနော် ဒီအပိုင်းကို ဆွေးနွေးရမယ်ဆိုရင် နှစ်ပိုင်းခွဲပြီး ဆွေးနွေးချင်ပါတယ်။ ပထမတပိုင်းကတော့ ရေတိုလုပ်ဆောင်လို့ရတဲ့ အပိုင်းတချို့နဲ့ နောက်တပိုင်းမှာတော့ ကျနော်တို့ ဘာတွေ စဉ်းစားလို့ရတာလဲပေါ့။ ရေတိုအနေနဲ့ ပထမဆုံးပြောချင်တာကတော့ လူထုကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သတင်းစကားပေးဖ်ို့ လိုတယ်၊ ဘာလို့လဲဆိုတော့ အကျပ်အတည်း အစပိုင်းကို ပြန်ကြည့်မယ်ဆိုရင် လူထုက အပြေးအလွှား ဝယ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီအုပ်စိုးသူတွေက ရှင်းရှင်းရှင်းလင်း သတင်းစကား မပေးနိုင်လို့ပဲ။ တခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း ဒီဟာကို အဓိကထားပြီးတော့မှ လုပ်တာရှိတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံကို ကြည့်မယ်ဆိုရင် ဖြစ်ဖြစ်ချင်းမှာ ချက်ချင်း ဆီစျေးမတက်ပါဘူးဆိုပြီး ရှင်းရှင်းလင်းလင်း သတင်းစကား ပေးနိုင်တာရှိတယ်။ တချိန်တည်းမှာပဲ သူတို့ task force တို့ ဘာတို့လုပ်ပြီးတော့မှ ဒီဟာကို စနစ်တကျ ကိုင်တွယ်တာမျိုး ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာဆိုရင် လက်ရှိအထိ ဘယ်သူက ပြောရေးဆိုခွင့်ရှိပြီး ဘယ်သူက မရှိသူလဲဆိုတာကိုတော့ မသိရသေးပါဘူး။
နောက်တခုတွေ့ရတဲ့အချက်ကတော့ ကျနော်တို့ ဆီစျေးတက်တာတို့၊ ဆီရှားတာတို့ ဒီလိုမျိုးကိစ္စတွေထက် ကျနော်တို့ မမြင်တဲ့၊ သိပ်မပြောကြတဲ့အပိုင်းက စီမံခန့်ခွဲမှုအပိုင်းမှာ ပြဿနာ ရှိနေတာ၊ အကန့်အသတ် ရှိနေတာလို့ ပြောလို့ရတယ်။ ဥပမာ – လယ်သမားတယောက် ဆီဝယ်မယ်ဆိုရင် စာရွက်စာတမ်း အများကြီးလိုနေတာ၊ နောက်တခုက ဆီတင်သွင်းမယ် ဆိုရင်လည်း process တွေက ကြာနေတာ။ ဒီလိုမျိုး စီမံခန့်ခွဲမှု ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ပိုက်ဆံမကုန်ဘဲနဲ့ ချက်ချင်း ရေတိုမှာ ဖြေရှင်းလို့ရတယ်။ အရေးကြီးဆုံးတခုကတော့ ကျနော်တို့နိုင်ငံမှာ နိုင်ငံခြားငွေက နည်းတယ်။ အကျပ်အတည်းရှိတယ်။ ဒီလိုမျိုး အကျပ်အတည်းကြားမှာ ဘာကိုဦးစားပေးမလဲဆိုတဲ့ဟာက အရေးကြီးလာတယ်။ လက်ရှိ လေယာဥ်ဆီတို့၊ ပြည်သူဒုက္ခရောက်မယ့်ကိစ္စတွေကို ဦးစားမပေးဘဲနဲ့ လူမှုစီးပွားရေး ပိုပြီးတော့မှ အဆင်ပြေအောင် ဒီကိစ္စတွေကို လုပ်ဖို့ လိုလာတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပြောချင်တယ်။ ရေရှည်အနေနဲ့ဆိုရင် အရေးကြီးတာကတော့ ဒီငါးနှစ်အတွင်းမှာ စီးပွားရေးက ဆိုးရွားပြီးရင်း ဆိုးရွားလာတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးက နာလန်ထူဖို့ လိုတယ်။ ဒါပေမဲ့ လက်ရှိမှာ စိတ်မကောင်းစရာကတော့ စီးပွားရေးက ဒီဆယ်စုနှစ်အတွင်းမှာတော့ ပြန်ပြီးတော့မှ နာလန်ထူဖို့ ခက်ခဲဦးမယ်ဆိုပြီးတော့ ခန့်မှန်းချက်တွေ ရှိတယ်။ ဒီအချက်အလက်တွေကိုလည်း ကျနော်တို့ကြည့်ရင် တွေ့နိုင်ပါတယ်။ နောက်တခု ကျနော်တို့ ရေရှည်မှာ လုပ်လို့ရတဲ့တခုကတော့ ဒီစွမ်းအင်လုံခြုံရေး-ကဏ္ဍတခုလုံးစာကို ကြည့်ဖို့လိုတယ်။ အဲဒီမှာ ဘာတွေပါမလဲဆိုတော့ တခြားနိုင်ငံတခုတည်းကို ကျနော်တို့ မှီခိုနေရတာ ဒါက ပြဿနာရှိတယ်။ အဲ့ဒါဆို ကျွန်တော်တို့က ဘာလုပ်မလဲ။ အရင်းအမြစ်တွေကို ဖြန့်ကြက်ဖို့ လိုတယ်။ ပြည်တွင်းထုတ်နိုင်စွမ်းတွေကို တိုးတက်အောင် လုပ်ဖို့ကျတော့ အရန်ဆီထားတာတို့၊ အရန်ရန်ပုံငွေထားတာတွေကို လုပ်ဖို့လိုပါမယ်။ ဒီလိုမူဝါဒဆိုင်ရာဖြေရှင်းချက်တွေ၊ စဉ်းစားချက်တွေ လိုမယ်လို့ သုံးသပ်ရင်းနဲ့ ကျနော်တို့ ဒီပထမပိုင်းကို နိဂုံးချုပ်ချင်ပါတယ်။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ ဆွေးနွေးပေးသွားတဲ့ ISP-Myanmar က လူငယ်သုတေသီတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ရဲ့ ပထမပိုင်းဆွေးနွေးမှုအစီအစဉ်ကတော့ ပြီးသွားပြီ ဖြစ်ပါတယ်။ အခုကတော့ အမေးအဖြေကဏ္ဍကို ဆက်သွားချင်ပါတယ်။ ဒီနေ့အစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ မေးခွန်းတခုနဲ့ မှတ်ချက်တခုကို ဖိတ်ခေါ်ဆွေးနွေးသွားပါ့မယ်။ raise hand button ကို သုံးပြီးတော့ မေးခွန်း မေးမြန်းလို့ရပါတယ်။ ဆွေးနွေးလို့ ရပါတယ်။ ကျနော် စပြီးတော့မှ ခေါ်ပါ့မယ်ခင်ဗျာ။ လက်ထောင်ထားတဲ့သူများ ရှိပါသလား ခင်ဗျာ။ ဒီဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ မေးမြန်းချင်တာ၊ အကြံပြုချင်တာ၊ ဆွေးနွေးလိုတာ ရှိလို့ရှိရင် ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။
ဟုတ်ကဲ့၊ အခု chat ထဲမှာတော့ ကိုဖြိုးသူလွင် ဆိုတဲ့ အကောင့်တခုကနေ လက်ထောင်ထားပါတယ်။ ဆိုတော့ ကျနော်တို့ဘက်ကနေ mic ဖွင့်ပေးလိုက်ပါမယ်။ အစီအစဉ် အချိန်အကန့်အသတ်ကြောင့် မေးမြန်းချက်တွေ၊ ဆွေးနွေးချက်တွေကို မိနစ်ပိုင်းအတွင်းနဲ့ ဆွေးနွေးပေးဖို့လည်း ကျနော်တို့ဘက်က တခါတည်း မေတ္တာရပ်ခံလိုပါတယ်။
ဟုတ်ကဲ့ ဆရာတို့ မင်္ဂလာပါ။ ကျနော်တို့အနေနဲ့ဆိုရင်တော့ လက်ရှိ ဒီဆီအခက်အခဲမှာဆိုရင် ကျနော်တို့ အဓိကပြောချင်တာက အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတွေရဲ့ အဓိက ပြဿနာကို ဆွေးနွေးချင်တယ်ပေါ့နော်။ ကျနော်တို့ ဒီလက်ရှိပုံမှာဆို ကြုံတွေ့ရတဲ့ပြဿနာတွေ ရှိတယ်ပေါ့နော်။ ကျနော်တို့ အလယ်အလတ်လူတန်းစားတွေမှာဆို ဥပမာ – ရုံးသွားရတဲ့သူတွေ၊ ဆီအခက်အခဲကြောင့် တချို့လူတွေဆို ရုံးကို ပုံမှန်မတက်နိုင်တဲ့သူတွေ ရှိတယ်။ ဒီစုံ-မ ပြဿနာတွေကြောင့် လမ်းပေါ်မှာ တက်ဖမ်းတဲ့ ပြဿနာတွေ ရှိတယ်။ ဒဏ်ငွေ ဆောင်ရတာတွေ ရှိတယ်။ မြို့ပြနေလူတန်းစားတွေဆိုရင် သူတို့အနေနဲ့ တော်တော်လေး အကျပ်ရိုက်တဲ့ ပြဿနာပေါ့။ ဆီဆိုလည်း လုံလောက်အောင် မရတဲ့အတွက် တချို့ကုမ္ပဏီတွေဆိုရင်လည်း ဒီလောင်စာဆီပြဿနာကြောင့် ထုတ်လုပ်မှုတွေဆိုရင် တချို့ဆို ၅၀ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရတယ်။ အဲဒီအတွက်လည်း ဝန်ထမ်းတွေမှာဆိုရင် လစာလည်း ထိခိုက်တယ်။ တချို့ကုမ္ပဏီဘက်မှာဆိုရင်လည်း လစာဆို ၅၀ ရာခိုင်နှုန်းလောက်ပဲ ပေးနေတဲ့သူတွေလည်း ရှိကြတယ်ပေါ့။ ဒါကလည်း ကျနော်တို့ နေ့စဉ်ဘဝပြဿနာကို တော်တော်ထိခိုက်နေတဲ့ ပြဿနာလို့လည်း မြင်တယ်ပေါ့နော်။ ဒါကတော့ ကျနော်တို့ transportation ပိုင်းမှာဆို တော်တော်လေးကို ထိခိုက်တယ်။ သွားလို့လာလို့မရတဲ့ အခက်အခဲတွေအတွက်လည်း ဒီကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကို မြင်ရတယ်ပေါ့။ နောက်တခု taxi တွေ၊ Grab တွေစီးမယ်ဆိုရင် software ထဲမှာပါတဲ့ စျေးအတိုင်း မယူကြဘဲနဲ့ သတ်သတ် ထပ်ပေးရတဲ့ပုံစံမျိုးတွေလည်း ကြုံရတယ်ပေါ့နော်။ လက်ရှိ ကျနော်တို့ အခြေခံလုပ်သားတွေမှာဆိုလည်း ပုံမှန််လက်ရှိဆီအခက်အခဲကြောင့် အစိုးရ သတ်မှတ်ထားတဲ့ ဥပဒေတွေမှာဆိုရင် လိုင်စင်ပါရမယ်၊ ဦးထုပ်ပါရမယ် စသဖြင့်ပေါ့နော်။ ကန့်သတ်ချက်တွေ အများကြီးကြောင့် တချို့ဆို အလုပ်ကိုမသွားနိုင်ဘဲနဲ့ ဆီကို black market ကနေ အပြင်မှာ တသောင်းခွဲ၊ နှစ်သောင်း ပေးဝယ်နေရတဲ့ ပြဿနာတွေကြောင့် အဆမတန် ဒုက္ခရောက်နေရတဲ့ အပိုင်း ကျနော်တို့ မြင်ရတယ်ပေါ့နော်။ ဒါကတော့ လက်ရှိကြုံနေရတဲ့ပြဿနာတွေပေါ့။
ပြီးတော့ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင်လည်း လက်ရှိအစိုးရအနေနဲ့က စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူတွေအပေါ်မှာလည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတာတွေ မရှိတဲ့အတွက် သူတို့ဆို ထုတ်လုပ်မှုတွေမှာဆိုရင်လည်း လက်ရှိအခြေအနေမှာ အရမ်းကို အခက်အခဲဖြစ်ကြတယ်ပေါ့နော်။ ဒါတွေကတော့ ကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေပေါ့နော်။ ဒီပြဿနာတွေမှာပေါ့နော် အစိုးရဘက်ကနေပြီးတော့ လက်ရှိအချိန်ထိ ဘယ်အချိန်မှာတော့ ဘယ်လိုအခြေအနေဖြစ်သွားနိုင်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေလည်း တစုံတရာ မတွေ့ရသေးဘဲ ဒီအတိုင်းအခြေအနေမှာ နေနေတာပေ့ါနော်။ ကျနော်တို့ ဒီအခြေအနေမှာဆိုရင် မြို့ပြနဲ့ ကျေးလက်ကိုပဲ အဓိကထားပြောမယ်ဆိုရင် မြို့ပြနေ လူတန်းစားတွေက တဖြည်းဖြည်းနဲ့ ဆီတွေမှာဆိုရင် ပိုပြီးရလာတဲ့ အနေအထားတွေမှာလည်း ရှိတဲ့အတွက် နည်းနည်း stable ဖြစ်ပေမဲ့ ကျေးရပ်လူတန်းစားတွေမှာ စိုက်ပျိုးရေး လုပ်တဲ့သူတွေကတော့ ပိုပြီးခက်ခဲနေတာကို ကျနော် မြင်ရတယ်။ ဘာလို့လဲဆို သူတို့မှာ ဆီဆိုင်သွားဖို့ ဆိုရင်လည်း တချို့ဆို မိုင် ၃၀ လောက် ဝေးတဲ့ နေရာကိုသွားပြီး ဆီတန်းစီရတာတွေလည်း ရှိကြတယ်ဆိုတော့ ဒီအတွက်လည်း သူတို့ အဆင်မပြေဘူး။ လက်ရှိအချိန် သူတို့ဟာ Black Market ကိုပဲ စျေးကြီးပေးဝယ်နေရတဲ့ ပြဿနာတွေ ရှိတယ်။ ပြီးတော့ တောင်သူတွေမှာ ဆိုရင်လည်း ဒီ Black Market ပဲ အားကိုးနေပြီတော့ စိုက်ပျိုးရေးကဏ္ဍကို မရပ်တန့်သွားအောင်ပေါ့နော်။ လုပ်ဆောင်နေရတဲ့ အခြေအနေတွေ ကျနော်တို့ အများကြီးကြုံရတယ်ပေါ့။ နိဂုံးချုပ်အနေနဲ့ကတော့ ကျနော်တို့ ဒီလက်ရှိအစိုးရကိုပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပိုကောင်းတဲ့ ဥပဒေ ထုတ်ပြန်သင့်လဲပေါ့၊ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာပါခင်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ မှတ်ချက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခုတော့ ကျနော်တို့ နောက်ထပ် လက်ထောင်ထားတဲ့သူတယောက်ကိုလည်း ထပ်ပြီးဖိတ်ခေါ်ချင်ပါတယ်။ ချစ်မင်းနွဲ့ကြည်ဆိုတဲ့ အကောင့်က လက်ထောင်ထားတာ ရှိပါတယ်။ ဆိုတော့ အစီအစဉ် အချိန်အကန့်အသတ်ကြောင့်မို့လို့ လိုတိုရှင်းဖြေပေးဖို့၊ ဆွေးနွေးပေးဖို့လည်း ထပ်ပြီးမေတ္တာရပ်ခံပါတယ်။ ကျနော်တို့ဘက်က Mic ဖွင့်ပေးလိုက်ပါမယ်ခင်ဗျ။
ဟုတ်ကဲ့၊ မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။ ကျနော်အနေနဲ့ လိုရင်းထိမိပါပဲ။ ဒီအကျပ်အတည်းကပေ့ါနော်၊ အခု ဒါက အမေရိကန်နဲ့ အီရန်က စလာတာပေါ့နော်၊ ဟော်မုဇ်ရေလက်ကြားကနေပြီးတော့။ ဒီအကျပ်အတည်းက ဘယ်အချိန်လောက်မှာ အဆုံးသတ်မယ်လို့ ဆရာ၊ ဆရာမတို့ ယူဆသလဲပေါ့နော်။ နောက်ပြီးတော့ ဘယ်အကြောင်းအရာက ဒီဟာကို အဆုံးသတ်နိုင်မလဲပေါ့။ ကျနော်တို့ မြန်မာနိုင်ငံကရော ဒီဟာကနေ ထွက်ပေါက်က ဘာဖြစ်မလဲပေ့ါနော်။ ဟုတ်ကဲ့၊ ဒါတွေနဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်၊ မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လူငယ်သုတေသီတွေက ဆွေးနွေးပေးပါအုံးဗျ။

ကိုချမ်း
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ဗျ၊ ကျနော် နားလည်လိုက်တာကတော့ ဘယ်အချိန်ပြီးမလဲဆိုတဲ့ဟာကတော့ ကျနော်တို့ တကမ္ဘာလုံးမေးနေတဲ့မေးခွန်းပဲ ဖြစ်ရမယ်။ ဆိုတော့ ကျနော်တို့က ဘယ်ချိန်ပြီးမလဲလို့ကို စောင့်နေတာလည်း ကျနော်တို့ဒီကာလမှာ ဘယ်လောက်ကာလရှည်သွားရင်တော့ ကျနော်တို့နိုင်ငံ ဘယ်လိုဖြစ်နိုင်တယ်လို့ scenario မျိုးစုံနဲ့၊ scenario ဆိုတာ ဖြစ်တန်ခြေပေါ့။ ဘယ်ဖြစ်တန်ခြေ မှာ ဘာဖြစ်နိုင်လဲ။ ဒီဖြစ်တန်ခြေမှာ ဘာဖြစ်နိုင်လဲ။ အဲဒီလိုနှစ်ခု၊ သုံးခုလောက် ကျနော်တို့နိုင်ငံ အနေနဲ့ စဉ်းစားသင့်တယ်။
အဲဒါကတဆင့် အဲ့အပေါ်မှာ အခြေခံပြီးတော့မှ ကျနော်တို့က ပထမ ဘယ်လောက်ကျရင်တော့ ဘာလုပ်သင့်လဲ၊ ဘယ်လောက်ကြာရင်တော့ ဘာလုပ်သင့်လဲ ဒီလိုမျိုး ကျွန်တော်တို့က စနစ်တကျ ပြင်ဆင်ထားဖို့လိုတယ်။ တခုခုဖြစ်မှကောက်ပြီးတော့ ဟိုဒီတခုခုထုတ်တာမျိုးဘာညာထက် ကြိုပြီးတော့မှ proactive ဖြစ်တယ်ပေါ့၊ ကြိုတင်ပြီးတော့မှ စဉ်းစားထားတဲ့ ပုံစံမျိုး လိုတယ်ပေါ့။ ဆိုတော့ လက်ရှိ ကျနော် လေ့လာမိသလောက်တော့ ဒီလိုမျိုးကြိုးစားနေတယ်။ တရုတ်နိုင်ငံကို သွားပြီးတော့မှ စွမ်းအင်နဲ့ပတ်သက်တဲ့ ပူးပေါင်းမှု လုပ်ဆောင်နိုင်မလား။ ရုရှားကိုသွားပြီးတော့ လုပ်ဆောင်နိုင်မလား။ ဒါတွေလုပ်နေတာမျိုးတော့ ရှိတယ်ပေါ့။ ဒါပေမဲ့လည်း လက်ရှိမှာတော့ ဒီဟာတွေက ချက်ချင်းအဖြေပေါ်ဖို့တော့ ခက်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီနှစ်လ သုံးလအတွင်းမှာ ဘာလုပ်လို့ရလဲဆိုတဲ့ဟာကို ရေတိုစဉ်းစားချက်တွေတော့ ဒီထက်ပိုခိုင်မာအောင် လုပ်ဖို့လိုတယ်လို့ ကျနော်အနေနဲ့တော့ ဖြေကြားချင်တယ်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်၊ ဆွေးနွေးပေးသွားတဲ့ ကိုချမ်းကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ ကျနော်တို့ အစီအစဉ် အချိန်အကန့်အသတ်ကြောင့်မို့လို့ အမေးအဖြေကဏ္ဍကို ဒီမှာပဲရပ်နားလိုက်ပါမယ်။ ဆိုတော့ ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ panelist တွေက နောက်ဆုံး နိဂုံးချုပ် ဆွေးနွေးချင်တာများ ရှိပါသေးလားခင်ဗျ။

ကိုခန့်
လူငယ်သုတေသီ
ISP-Myanmar
ဟုတ်ကဲ့ပါဗျ။ ဒီနေ့ဆွေးနွေးမှုကို ကျနော်တို့ ပြန်ပြီးတော့ နိဂုံးချုပ်ရလို့ရှိရင်ကတော့ ဒီလိုမျိုး လောင်စာဆီအကျပ်တည်းဆိုတာ တခြားနိုင်ငံတွေလည်း ခံစားနေရတယ်ပေါ့နော်။ ဒါပေမဲ့ ဘာဖြစ်လို့ ကျနော်တို့နိုင်ငံတွေက ပိုပြီးတော့မှ ဆိုးဆိုးရွားရွား ခံစားနေရလဲဆိုတဲ့ အခြေအနေတွေ၊ အရင်းအမြစ်တွေကို ပိုပြီးတော့သေသေချာချာနဲ့ သုံးသပ်ဆင်ခြင်ကြည့်ဖို့ လိုတယ်လို့ မြင်မိပါတယ်ဗျ။ ဒီနေရာမှာ ကျနော့်အနေနဲ့ အဓိကအလေးပေးပြောချင်တာ နှစ်ချက်ရှိတယ်ပေါ့နော်။ ပထမတချက်ကတော့ ဒီလိုမျိုး စွမ်းအင်အကျပ်အတည်းကကျတော့ တပူပေါ်တပူဆင့်နဲ့ ထပ်တိုးပြဿနာလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ ဒါမူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်တွေ စီမံခန့်ခွဲမှုအားနည်းချက်တွေနဲ့ နောက်တခုက ကြိုတင်ပြင်ဆင်မှုမရှိတဲ့ ကိစ္စရပ်တွေကြောင့်လို့ မြင်လို့ရတယ်ပေါ့လေ။ နောက်ဒုတိယတချက်အနေနဲ့ ကျနော်တို့နိုင်ငံ လက်ရှိအခြေအနေဟာ အဘက်ဘက်ကနေ ချည့်နဲ့ပြီးတော့မှ အလွယ်တကူ ပိုပြီးပျက်စီးလွယ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ဆိုလို့ရှိရင် ပဋိပက္ခတွေက နိုင်ငံတကာအနေနဲ့ဆိုလို့ ရှိရင်လည်း ကန့်သတ်ပိတ်ဆို့မှုတွေက ရှိနေပြန်တယ်ပေါ့။ အဲ့အပြင်ကို ပြည်သူတွေကလည်း ဆင်းရဲမွဲတေမှုတွေက ပိုပြီးတော့ များလာတဲ့ အနေအထားမျိုး ဖြစ်လာတယ်ပေါ့လေ။ ဆိုတော့ ဒီလိုအနေအထားမှာ ဒီတိုင်းပြည်အနေနဲ့က ပြန်လည်ပြီးတော့ နာလန်ထူနိုင်ဖို့အတွက်ဆို အချိန် တော်တော်ကြာမယ်ဆိုတဲ့ အနေအထားမျိုးတခုကို ရောက်နေတယ်လို့ သုံးသပ်မိတယ်ပေါ့နော်။ ဆိုတော့ အခုဒီလိုဖြစ်တဲ့ ဆီပြဿနာမှာ ကြည့်မယ်ဆိုလို့ရှိရင်ကလည်း စုံ-မကိစ္စမျိုးတွေလို ဒီကျပ်တည်းမှုတွေကို အသံထွက်ပြီးတော့ ပြောတာ ဆိုလို့ရှိရင်ကတော့ ဒါလူလတ်တန်းစားတွေကတော့ အများစု ပိုဖြစ်တယ်ပေါ့နော်။ သူတို့ကတော့ ရုန်းကန်နိုင်သေးတဲ့ အနေအထားဖြစ်တယ်။ ဒါပေမဲ့ တဖက်မှာက အသံတောင် မထွက်နိုင်တော့ဘဲနဲ့ ကြိတ်ခံရင်း တနေ့တနေ့ လှုပ်ရှားရုန်းကန်ပြီးတော့မှ နေ့စဉ်ဘဝကို ဖြတ်သန်းနေရတဲ့ အခြေခံလူတန်းစားတွေလည်း ရှိတယ်ဆိုတာကို ကျနော်တို့ မမေ့သင့်ဘူးပေါ့နော်။ သူတို့တွေအားလုံးလည်း ပြန်ပြီးတော့မှ ရုန်းထနိုင်ဖို့အတွက်ကို ဘယ်လိုမျိုး ဘက်အသီးသီးက ဖြေရှင်းလို့ ရနိုင်မလဲဆိုတာကို အပူတပြင်း အဖြေရှာဖို့ လိုအပ်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ပဲ ကျနော်တို့ ဆွေးနွေးရင်းနဲ့ ဒီနေ့ဆွေးနွေးမှုကို နိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။

ဇော်ထက်
Event Host
ISP-Myanmar
ဟုတ်ကဲ့၊ နိဂုံးချုပ်ဆွေးနွေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့လို သုတေသန အချက်အလက်တွေအပြင် တခြားသောတွေ့ရှိချက်တွေကို ကျနော်တို့ ISP-Myanmar ရဲ့ website ဖြစ်တဲ့ www.ispmyanmar.com နဲ့ social media တွေမှာ အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီနေ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို အချိန်ပေးပြီး တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတဦးချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်း ပြောရင်းနဲ့ ဒီနေ့အစီအစဉ်ကို ဒီမှာပဲ ရပ်နားပါရစေခင်ဗျ။
