Photo – AFP
▪️ကာလ (Period)
၂၀၂၅ ခုနှစ် စက်တင်ဘာလ။
▪️သက်ဆိုင်သူများ (Stakeholders)
စစ်တပ်ထိပ်ပိုင်းအရာရှိများ။
▪️ဖြစ်စဉ်အကျဉ်း (Issue)
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၃ ရက်တွင် စစ်တပ်ထိပ်ပိုင်းရှိ ဒုတိယဗိုလ်ချုပ်ကြီး ခြောက်ဦးနှင့် ဗိုလ်ချုပ် ၁၀ ဦးခန့်ကို အနားပေးလိုက်သည်။ ထို့နောက် အထူးစစ်ဆင်ရေးအဖွဲ့မှူးနေရာများ အပြောင်းအလဲ လုပ်ခဲ့ပြီး လစ်လပ်ရာထူးများကို အစားထိုးခဲ့သည် (ပူးတွဲပါ ဒေတာအချက်အလက်များကိုရှုပါ)။
▪️ဆက်စပ်အခြေအနေ (Context)
စစ်ကော်မရှင်ကလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စစ်တပ်၏ ထိပ်ပိုင်းရာထူးအပြောင်း အလဲများ ဆက်တိုက်ပေါ်လာခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်က အမြင့်ဆုံးအာဏာကို ဆက်လက်ချုပ်ကိုင်ထားပြီး ၎င်းနှင့်မျိုးဆက်တူ စစ်တပ်၏ တတိယမျိုးဆက်ဝင် ထိပ်တန်းအရာရှိအများအပြားကို အနားယူစေခဲ့သည်။ အချို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သို့ စေလွှတ်၍ ရွေးကောက်ပွဲဝင်စေခဲ့သည်။ ထို့ နောက် စစ်တပ်၏ စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များကို နေရာပေးခဲ့သည်။ စစ် တပ်၏ စတုတ္ထမျိုးဆက်ဖြစ်လာနိုင်သော ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သည့် (DSA-35 ဆင်းနှင့် နောက်ပိုင်းအပတ်စဉ်များမှ) ဗိုလ်ချုပ်များက စစ်တပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက် ထိပ်ပိုင်းရာထူးများကို ရရှိလာကြသည်။
▪️သက်ရောက်နိုင်ခြေ (Implications)
စတုတ္ထမျိုးဆက်စစ်ဗိုလ်ချုပ်များ၏ လားရာဦးတည်ချက်ကို ခန့်မှန်းရန် ခက်ခဲနိုင်သေးသည်။ သို့သော် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ISP-Myanmar က သုံးသပ်ခဲ့သည့်အတိုင်း စတုတ္ထမျိုးဆက်စစ်ဗိုလ်ချုပ်များသည် (၁) တတိယမျိုးဆက်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်အောက်တွင် ဖြုတ်၊ ထုတ်၊ သတ် မခံရဘဲ ဆက်လက်ရှင်သန်နိုင်ရန် သစ္စာစောင့်သိမှုကို အစွမ်းကုန်ပြသနိုင်ရေး၊ (၂) တပ်မတော်ကို ပြန် လည်အားကောင်းအောင် ထူထောင်နိုင်ရေးနှင့် (၃) ဗမာအမျိုးသားရေး စိတ်ဓာတ်ဖြင့် ပြန်လည်ရှင်သန်ရေး စသော အကျိုးစီးပွားနှင့် တိမ်းညွတ်မှုလက္ခဏာများကို ပုံဖော်ကြမည်ဖြစ်သည် (ISP On Point အမှတ်-၂၇ ကိုရှုပါ)။ လတ်တလောတွင် နိုင်ငံတဝန်း စစ်ဆင်ရေးတာဝန်ယူရသော စစ်ဗိုလ်ချုပ်များအားလုံးမှာ စတုတ္ထမျိုးဆက် တပ်မ တော်၏ ဗိုလ်ချုပ်များဖြစ်လာကြသည်။ အသက်အရွယ်နှင့် အပတ်စဉ် များစွာငယ် သော ဗိုလ်ချုပ်များက စစ်ဆင်ရေးကွပ်ကဲမှုများကို တာဝန်ယူကြမည်ဖြစ်သဖြင့် နိုင်ငံတဝန်း စစ်ဆင်ရေးများအပေါ် သက်ရောက်မှုများ ရှိနိုင်သည်။
▪️ဆီလျော်မှု (Relevance)
ISP-Myanmar က ကြိုတင်သုံးသပ်ခဲ့သည့်အတိုင်း စစ်တပ်အတွင်း ‘စတုတ္ထမျိုးဆက်တပ်မတော်’၏အခန်းကဏ္ဍ ပို၍ ပုံပေါ်လာခြင်းဖြစ်သည်။ စစ်တပ်၏ စတုတ္ထမျိုးဆက် အပြောင်းအလဲကို လေ့လာခြင်းအားဖြင့် နေပြည်တော်၏ အာဏာအရွေ့ကို လွှမ်းမိုးနိုင်မည့် မဟာဗျူဟာများကိုလည်း ဖော်ထုတ်နိုင်ပါသည်။



Flash Updates
အာဏာဗဟိုချက်အနီးရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ
