Photo – AFP
▪️ကာလ (Period)
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်။
▪️သက်ဆိုင်သူများ (Stakeholders)
စစ်ကော်မရှင်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချခံထားရသူများနှင့် အမှုဖွင့် တရားစွဲဆိုခံထားရသူများ။
▪️ဖြစ်စဉ်အကျဉ်း (Issue)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူ၊ တရားစွဲဆိုထားသူ ၈,၆၆၅ ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်နှင့် သက်သာခွင့်များ ပေးခဲ့သည်။ ထိုအထဲတွင်
- ပုဒ်မ ၅၀၅-က တခုတည်းဖြင့် အကျဉ်းချထားသူ ၇၂၄ ဦးကို ပြန်လွှတ်ခဲ့သည်၊
- ပုဒ်မ ၅၀၅-က အပြင် အခြားပုဒ်မများဖြင့်ပါ ပြစ်ဒဏ်ချထားသူ ၂,၃၆၁ ဦးကိုမူ (ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ချမှတ်ထားမှုများအတွက်) လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်၊
- ပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅,၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲအမှုများကိုလည်း ပိတ်သိမ်းပေးခဲ့သည်။
▪️ဆက်စပ်အခြေအနေ (Context)
ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရန်အတွက် လွတ်ငြိမ်းနှင့် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ယင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ အခြားဆက်စပ်နေသော အခြေအနေနှစ်ရပ် ရှိပါသည်။ ပထမတခုမှာ မြန်မာနိုင်ငံသားများအပေါ် အမေရိကန်ပြည်ထောင်စုက ယာယီခိုလှုံခွင့်ပြုသည့် (TPS) အစီအစဉ်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ ထိုသို့ဖျက်သိမ်းရာတွင် မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် အောင်မြင်သော အပစ်အခတ်ရပ်စဲမှုဖြစ်နေခြင်း၊ ရွေးကောက်ပွဲအစီအစဉ်များရှိနေခြင်းနှင့် အရေးပေါ်ကာလပြီးဆုံး၍ နိုင်ငံသားများ ဘေးကင်းစွာနေရပ်ပြန်နိုင်ခြင်း စသည်တို့ကို အကြောင်းပြချက်ပေးထားသည်။ ဒုတိယတခုမှာ စစ်ကော်မရှင်၏ ဥရောပမဟာမိတ်တဦးဖြစ်သော ဘယ်လာရုစ်သမ္မတ မစ္စတာအလက်ဇန္ဒားလူကာရှန်ကို နေပြည်တော်သို့ လာရောက်ချိန်နှင့် တိုက်ဆိုင်နေပါသည်။ ဘယ်လာရုစ်သမ္မတ၏ နေပြည်တော်ခရီးစဉ်သည် အာဏာသိမ်းမှုအလွန် ငါးနှစ်နီးပါးကာလအတွင်း (၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန် နေပြည်တော်လာရောက်ခဲ့ပြီးနောက်ပိုင်း) မြန်မာနိုင်ငံသို့ ဒုတိယမြောက်လာရောက်သော နိုင်ငံ့ခေါင်းဆောင်တဦး၏ ခရီးစဉ်ဖြစ်သည်။
▪️သက်ရောက်နိုင်ခြေ (Implications)
စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၈ ကြိမ်ကြေညာခဲ့ပြီး အကျဉ်းသူအကျဉ်းသား ၁၁၂,၉၂၆ ဦးကို ပြန်လွှတ်ခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၅,၄၄၄ ဦးပါဝင်သည်။ နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိခဲ့ပါသည် (ISP-DM2025-197 ကိုရှုပါ)။ မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ တူညီဆန္ဒများထဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေးတိုက်တွန်းချက်မှာ အကြောင်းအချက်တခု ဖြစ်ပါသည်။ စစ်ကော်မရှင်၏ ယခုလွတ်ငြိမ်းသက်သာခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ ပါဝင်လာခြင်းမရှိသေးသဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများ ဆက်ရှိနေနိုင်ပါသည်။
▪️ဆီလျော်မှု (Relevance)
ရွေးကောက်ပွဲအလွန် နိုင်ငံရေးနှင့် စစ်ရေးအခြေအနေ ပြင်ဆင်နိုင်မှု၊ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီနှင့် အပစ်အခတ်ရပ်စဲရေး စစ်ကော်မရှင်က ကြိုးပမ်းနေခြင်း၊ တရုတ်နိုင်ငံ၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း စသည်တို့သည် ရွေးကောက်ပွဲအလွန်ကာလ၌ အရေးပါပြီး စောင့်ကြည့်လေ့လာသင့်သော ကိစ္စရပ်သုံးခုအဖြစ် ISP-Myanmar က အကဲဖြတ်ပါသည်။ ယခုကဲ့သို့ လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းတို့သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအလွန် မဟာဗျူဟာကို လေ့လာရာ၌ အထောက်အကူ ဖြစ်နိုင်ပါသည်။


Flash Updates
လွတ်ငြိမ်း ၁၈ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာ ပါဝင်
