Tracker

KIO အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုကို ဒွန်တွဲယူလာသော မြေရှားသတ္တုသိုက်

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု စံချိန်တင် လျော့ကျခဲ့ပြီးနောက် KIO အပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိခဲ့ပြီး KIO ၏ သယံဇာတအုပ်ချုပ်မှု (Resource Governance) မှာ နိုင်ငံရေးညှိနှိုင်းမှုနှင့် အာဏာထိန်းချုပ်ရေးအတွက် အရေးပါလာခဲ့သည်။
By ISP Admin | September 25, 2025

Photo – AFP


▪️ကာလ (Period)

၂၀၂၅ ခုနှစ် ဇူလိုင်-ဩဂုတ်။


▪️ဒေသ (Region)

ကချင်ပြည်နယ်ရှိ KIO/KIA ထိန်းချုပ်ရာ ဒေသများ။


▪️ပါဝင်ဖက်အဖွဲ့အစည်း (Actor Involved)

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)။


▪️ဖြစ်စဉ်အကျဉ်း (Issue)

ကချင်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ထိန်းချုပ်ထားသော မြေရှားသတ္တုထွက်ရာ ဒေသကို KIO က သိမ်းယူထားသည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု စံချိန်တင်လျော့ကျခဲ့ပြီး KIO အပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိလာသည်။ KIO ၏ သယံဇာတအုပ်ချုပ်မှု (Resource Governance) သည် နိုင်ငံရေးညှိနှိုင်းမှုနှင့်   အာဏာထိန်းချုပ်ရေးအတွက် အရေးပါလာသည်။ တဖက်တွင်လည်း မြေရှားတိုးချဲ့ထုတ်ယူမှုများကြောင့် ရေအရင်းအမြစ်ညစ်ညမ်းထိခိုက်မှု၊ သစ်တောပြုန်းတီးခြင်းနှင့် လူသေဆုံးခြင်းအထိဖြစ်သော ကျန်းမာရေးထိခိုက်မှုကို ဒေသခံများခံစားနေရသည်။


▪️ဖြစ်ပေါ်ပြောင်းလဲမှုများ (Development)

KIO သည် ၎င်းတို့သိမ်းယူထားသော ဒေသများရှိ မြေရှားသတ္တုတွင်းများအား လိုင်စင်ထုတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်းနှင့် လမ်းကြောင်းလုံခြုံရေးပေးခြင်းကဲ့သို့ စီမံအုပ် ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။ မြေရှားသတ္တုတင်ပို့ရာတွင်လည်း တတန်လျှင် ပျမ်းမျှအခွန်ငွေယွမ် ၃၅,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၈၀၀ ဝန်းကျင်) ကောက်ခံနေသည်။ မြေရှားတင်ပို့မှုလျော့ကျခဲ့သဖြင့် တရုတ်အစိုးရ၏ ဖိအားပေးမှုများ ရှိလာချိန်၌ မြန်မာ့မြေရှားကို အမေရိကန်ပြည်ထောင်စုက စိတ်ဝင်စားသည့်အရိပ်အယောင် များ တွေ့ရသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲလည်း ဩဂုတ် လအတွင်းက မြစ်ကြီးနားသို့ သွားခဲ့သည်။ ထို့အပြင် အိန္ဒိယဘက်ကလည်း မြန်မာနှင့်ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးကို ပြန်လည်ပြုပြင်သွားမည်ဟု ပြောလာသည်။ မြန်မာ့မြေရှားကို အိန္ဒိယကတဆင့် အမေရိကန်သို့တင်ပို့မည်ဟူသော သတင်းများလည်း တွင်တွင််ကျယ်ကျယ် ပေါ်ထွက်နေသည့်အပြင် တရုတ်ဘက်ကလည်း အိန္ဒိယအပေါ် မြေရှားသတ္ထုတင်ပို့ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ရုပ်သိမ်းခဲ့သည်။


▪️သက်ရောက်နိုင်ခြေ (Implications)

KIO ၏ မြေရှားသယံဇာတ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပထမစိန်ခေါ်ချက်မှာ တော်လှန် ရေးတပ်ဖွဲ့နှင့် နိုင်ငံတကာမျက်နှာစာအကြား ဆက်ဆံရေးဖြစ်သည်။ အရေးပါသော သယံဇာတများကို ထိန်းချုပ်ထားသဖြင့် နိုင်ငံတကာအင်အားစုများနှင့် စေ့စပ်ညှိနှိုင်းနိုင်စွမ်းကို အားကောင်းလာနိုင်ခြေရှိသည်။ သို့သော် တရုတ်နိုင်ငံအပြင် အခြားသော နိုင်ငံများနှင့် ကုန်သွယ်ရေးအတွက် ကြီးမားသော သယ်ယူပို့ဆောင်ရေးစိန်ခေါ်ချက် ရှိနေမည်။ ဒုတိယစိန်ခေါ်ချက်မှာ တော်လှန်ရေးတပ်ဖွဲ့နှင့် လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေးမျက်နှာစာဖြစ်သည်။ ဒေသတွင်းလူထု၏ အကျိုးစီးပွား၊ ရှင်သန်ရပ်တည်ရေးအတွက် စိန်ခေါ်မှုများ ရှိလာနိုင်သည်။




ISP Governance Tracker

KIO အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုကို ဒွန်တွဲယူလာသော မြေရှားသတ္တုသိုက်






Leave a Reply

Your email address will not be published. Required fields are marked *