
(ISP-Myanmar က ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို အောက်တိုဘာ ၂၉ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအပြောင်းအလဲများသည် ပြည်တွင်းရေးသာဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးဖြစ်စဉ်များတွင်လည်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂစင်မြင့်အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားများအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။
၂၀၂၄၊ အောက်တိုဘာ ၂၉ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းသင်တန်းဖွင့်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင်ဖော်ပြထားသည်။ ‘နိုင်ငံတော်၏ စံချိန်စံညွှန်းအသိအမှတ်ပြုစနစ် တည်ဆောက်မှု မြှင့်တင်ခြင်း’ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daobing) က စံနှုန်းမြင့် နည်းပညာဆန်းသစ်တီထွင်မှုများကို ပံ့ပိုးပေးနေကြောင်း၊ အရည်အသွေးမြင့်ဖွံံဖြိုးတိုးတက်မှုကို ဦးဆောင်ပေးနေကြောင်းနှင့် မြန်မာနိုင်ငံအပါအဝင် လန်ချန်-မဲခေါင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ချိတ်ဆက်မှုကို အကောင်အထည်ဖော်လိုကြောင်းနှင့် ဒေသတွင်းစီးပွားရေး အဆင့်အတန်းကို မြှင့်တင်ပေးလိုကြောင်း ပြောခဲ့သည်။ စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက စံချိန်စံညွှန်းအသိအမှတ်ပြုအဖွဲ့အစည်းစွမ်းရည်ကို အသုံးပြု၍ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းပြောခဲ့သည်။ သင်တန်းသို့ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ သင်တန်းသားသင်တန်းသူပေါင်း ၃၀ ဦး တက်ရောက်ကြပြီး ၎င်းတို့အနက်မှ ၁၅ ဦးကို တရုတ်နိုင်ငံသို့ သွားရောက်လေ့လာရန် ရွေးချယ်မည်ဖြစ်သည်။ ဖွင့်ပွဲသို့ တရုတ်နိုင်ငံ နိုင်ငံတော်စျေးကွက် စည်းမျဥ်းဥပဒေဆိုင်ရာ ကြီးကြပ်ကွက်ကဲရေးဌာန (State Administration for Market Regulation) ၏ ဖွံ့ဖြိုးတိုးတက်ရေးသုတေသနစင်တာ လက်ထောက်ညွှန်ကြားရေးမှူး မစ္စချန်းယွမ်ဟွာ (Ms. Chen Yunhua) တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၉ မြန်မာနိုင်ငံမှ ပါရာဂွန်အင်စတီကျု (Paragon Institute) နှင့် တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် သုတေသနနှင့်မူဝါဒရေးရာ အကြံပေးများနှင့် တွေ့ဆုံခဲ့ကြောင်း တိုင်ဟဲအင်စတီကျု (Taihe Institute) စာမျက်နှာတွင်ဖော်ပြထားသည်။ စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများဖြင့်ဖွဲ့စည်းထားသည့် ပါရာဂွန်အင်စတီကျု (Paragon Institute) သည် တရုတ်နိုင်ငံ၏ အစိုးရအထောက်အပံ့ဖြင့်ဖွဲ့စည်းထားသော Think Tank များဖြစ်သည့် တိုင်ဟဲအင်စတီကျု (Taihe Institute)နှင့် ချာဟာအင်စတီကျု (Chahar Institute) တို့နှင့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ အခြေအနေများနှင့် လုံခြုံရေးအခြေအနေများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်နှင့် မြန်မာအကြား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်ကို ပူးတွဲကျင်းပရန် ဆွေးနွေးခဲ့သည်။ စစ်ထောက်လှမ်းရေး အငြိမ်းစားဗိုလ်ချုပ်များဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့ တက်ရောက်ခဲ့သည်။ ပါရာဂွန်အင်စတီကျု၏ မြန်မာနိုင်ငံအတွင်းလှုပ်ရှားမှုများအပါအဝင် အခြားမည်သည့်လှုပ်ရှားမှုကိုမှ ယခင်က မတွေ့ခဲ့ရဖူးပေ။ ထို့အပြင် ဆိုရှယ်မီဒီယာနှင့် ဝဘ်ဆိုက်များတွင်လည်း အဖွဲ့အစည်းနှင့်ပတ်သက်၍ မျှဝေထားခြင်းမရှိပေ။ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေသည် စစ်ထောက်လှမ်းရေး (Military Intelligence-MI) တွင် နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၉ တရုတ်သိပ္ပံအကယ်ဒမီ (China Academy of Sciences – CAS)၏ ငွေကြေးနှင့် နည်းပညာ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာထိန်းသိမ်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုသုတေသန ၁၀ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့ကြောင်း တရုတ်အာဘော်ဆင်ဟွာသတင်းဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ အခမ်းအနားတွင် စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဇီဝမျိုးကွဲများထိန်းသိမ်းခြင်းလုပ်ငန်းများ ပူးတွဲအကောင်အထည်ဖော်မှုများကို ရှင်းပြခဲ့ပြီး သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူးမစ္စတာကျန်းကျိဟုန်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနအဖွဲ့အစည်းကို ထူထောင်ခဲ့ပြီး သိပ္ပံဆိုင်ရာ လေ့လာမှုကိုးခု၊ မျိုးစိတ်ပေါင်း တသောင်းကျော်နှင့် စာတမ်း ၁၀၀ ကျော် မှတ်တမ်းတင်ခဲ့ကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံတွင် သိပ္ပံပညာဆိုင်ရာ သုတေသနစွမ်းရည်များဖွံ့ဖြိုးစေလိုကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး မစ္စတာကျန်းကျိဟုန် (Mr. Zheng Zhihong) နှင့် တရုတ်သိပ္ပံအကယ်ဒမီ (CAS) မှ ကူမင်းအကယ်ဒမီခွဲဥက္ကဋ္ဌ မစ္စတာယောင်ယုံဂန်း (Mr. Yao Yonggang) နှင့် တရုတ်သိပ္ပံအကယ်ဒမီ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲမှု သုတေသနစင်တာဌာနမှူး မစ္စတာယန်ယုံပင်း (Mr. Yang Yongping)နှင့် ပါမောက္ခများ တက်ရောက်ခဲ့သည်။ တရုတ်သိပ္ပံအကယ်ဒမီ (CAS) သည် တရုတ်အစိုးရပိုင် Think Tank အဖွဲ့တခုဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၉ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပါတီမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁၀ ခုခန့်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားပြီး တွေ့ဆုံမှုများရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဖိတ်ကြားခံရသည့် ပါတီများတွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာသက်သက်ခိုင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေ၊ ကရင်ပြည်သူ့ပါတီမှ ဦးစောထွန်းအောင်မြင့်တို့ပါဝင်ပြီး တရုတ်နိုင်ငံတွင် တပတ်ကြာလေ့လာရေးခရီးသွားရောက်မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး နိုင်ငံရေးပါတီလေးခုမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ တပတ်ကြာ လေ့လာရေးခရီးသွားရောက်ခဲ့သေးသည်။ ထို့ပြင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၆ ကချင်လွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ထားသော တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ဖီမော်-ဖျင်မ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များက ပိတ်ခဲ့ကြောင်း ကချင်အခြေစိုက် ပြည်တွင်းသတင်းဌာနတွင် ဖော်ပြထားသည်။ နယ်စပ်ဂိတ်ပိတ်မှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားသော်လည်း တရုတ်ကုမ္ပဏီပိုင် ကျောက်ဖြူလုပ်ငန်းနှင့် သတ္တုလုပ်ငန်းမှ ကုန်ကားများကမူ ဝင်ထွက်နိုင်နေသည်။ KIA ထိန်းချုပ်နယ်မြေရှိ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ပန်ဝါ၊ လိုင်ဇာ၊ ခေါင်ရှောင်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုလည်း တရုတ်အာဏာပိုင်များက ပိတ်ထားပြီး ကုန်စည်တင်သွင်းခွင့် ကန့်သတ်ခဲ့သည်။ ဖီမော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်းများ၊ ဆီနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ကချင်ပြည်နယ်အတွင်းသို့ တင်ပို့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၆ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကထိန်သင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရေဘေးသင့်သော ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက်နေပြည်သူများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှတဆင့် ငွေကြေးလှူဒါန်းခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ဆရာတော်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၅ ‘ဝ’ဒေသအတွင်း ကုန်ပစ္စည်းများကို ဈေးတင်မရောင်းရန်၊ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းကစားခြင်း သို့မဟုတ် ကုန်ဈေးနှုန်း မြင့်တက်သည့် သတင်းများ ဖြန့်ဝေခြင်းတို့ ပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စသည့် အချက်ခုနစ်ချက်ပါဝင်သော ကြေညာချက်တစ်စောင်ကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ‘ဝ’ဒေသအတွင်း ဈေးကွက်စီးပွားရေး တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများကို ကာကွယ်ပေးရေးအပြင် ဈေးနှုန်းစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ‘ဝ’ပြည်နယ် ခရိုင်အသီးသီးရှိ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနကတဆင့် ခရိုင်အတွင်း ဟင်းသီးဟင်းရွက်၊ ဆန်၊ အသား၊ လူသုံးကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် ကုန်သည်များသည် ‘ဝ’ပြည်သူ့အစိုးရက ချမှတ်ထားသော စည်းကမ်းနှင့် ဥပေဒေကို လုံးဝလိုက်နာရမည်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးကိုလည်းထိန်းသိမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ဈေးနှုန်းမြှင့်တင်ခြင်းမပြုရန် သတိပေးထားသည်။ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် စည်းကမ်းချက်ထုတ်ပြန်ထားရှိပြီး မလိုက်နာသူများနှင့် ကောလာဟလ ဖြန့်သူများကို အရေးယူထားကြောင်း UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက် UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင် ကုန်ပစ္စည်းတင်သွင်းခွင့်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနက ပိတ်ပင်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၅ တရုတ်-မြန်မာ သတင်းမီဒီယာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူချင်းဆက်ဆံရေးဖလှယ်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မီဒီယာစနစ်ပြောင်းလဲမှုကို တိုးမြှင့်ဖော်ဆောင်ရန် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်စုံညီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ မီဒီယာနယ်ပယ်တွင် ပြည်သူအချင်းချင်း အပြန်အလှန်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံ ပြည်သူများစိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်သွားလိုပါကြောင်း ပြောခဲ့သည်။ ထို့နောက် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် လူထုအမြင်ကိုကောင်းမွန်စေလိုကြောင်းပြောခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၅ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ တရုတ်-မြန်မာ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံ စစ်သံမှူး စီနီယာ ဗိုလ်ချုပ်ကြီးချူကျယ် (Senior Colonel Qu Zhe) နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ခဲ့သည်။ စစ်ကောင်စီညှိနှိုင်းရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဗိုလ်ချုပ်ကြီးချူကျယ် (Senior Colonel Qu Zhe) တို့ စက်တင်ဘာ ၂၇ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သင်တန်းပေးရေးကိစ္စများအတွက် ဆွေးနွေးခဲ့သေးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၅ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၏ စစ်ဦးစီးချုပ် ဖုန်တာ့ရွှင်တို့ အောက်တိုဘာလအတွင်းတွင် ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတခုတွင် ဖော်ပြထားသည်။ ဖုန့်တာရွှင်၏ ကျန်းမာရေးအခြေအနေကိုစစ်ဆေးရန် တရုတ်နိုင်ငံသို့သွားရောက်သည့်အချိန်တွင် မစ္စတာတိန့်ရှီကျွန်းနှင့်တွေ့ဆုံခြင်းဖြစ်ပြီး အဆိုတွေ့ဆုံမှုနှင့်ပတ်သက်၍ နှစ်ဖက်လုံးက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပေ။ MNDAA ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်မှစ၍ တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့သည်။ မစ္စတာတိန့်ရှီကျွန်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ယာယီဥက္ကဋ္ ဌဗိုလ်ချုပ်ကြီးဂမ်ရှောင်နှင့် အောက်တိုဘာ ၁၇ ၏ရက်တွင်တွေ့ဆုံကာ တရုတ်အစိုးရ၏ သဘောထားအမြင်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် MNDAA နှင့် တရုတ်နိုင်ငံအကြား တွေ့ဆုံမှုသည် ဟိုင်ဂင်ဆွေးနွေးပွဲတွေ့ဆုံမှုအပါအဝင် လေးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၄ မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင် ကုန်ပစ္စည်းတင်သွင်းခွင့်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနက ပိတ်လိုက်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း၏ ပြောဆိုမှုကို ရှမ်းပြည်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစာတွင်ဖော်ပြထားသည်။ ထိုနယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားသုံးဆီ၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး၊ တရုတ်နိုင်ငံထုတ် မြေပုံများနှင့် ပိုစတာများ၊ မူးယစ်ဆေးဝါးနှင့် ဓာတုဆက်စပ်ပစ္စည်းတို့ကို ‘ဝ’ဒေသတွင်းသို့ တင်သွင်းခွင့်များကို ကန့်သတ်ထားသည်။ ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဩဂုတ် ၂၄ ရက်တွင် ပိတ်ထားပြီးနောက် ကျန်ရှိနေသည့် နယ်စပ်ဂိတ်များတွင်ပါ ကုန်ပစ္စည်းတင်သွင်းမှုကို ပိတ်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၃ စီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်နိုင်ငံဘက်က ပြန်လည်စတင်လိုကြောင်း ပြည်တွင်းသတင်းဌာနတခုတွင် ဖော်ပြထားသည်။ စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော် အသုံးပြုသွားမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက လာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ခရီးစဉ်အတွင်းတွင် NYDC စီမံကိန်းအတွက် စာလွှာကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် CCCC ဥက္ကဋ္ဌ မစ္စတာဆုန်ဟိုင်လီအန် (Mr. Song Hailiang) တို့က လဲလှယ်ခဲ့သည်။ ထိုစီမံကိန်းသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ရပ်တန့်သွားသည်။ (ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်းကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ အောက်တိုဘာ ၂၂ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်နင်းမြို့တွင် ငါးကြိမ်မြောက် အာဆီယံစိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့်နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ် (The 5th International Conference on Deepening ASEAN Cooperation of Agricultural Science and Technology) ကို ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံမှ ကွန်ဖရင့်သို့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဌာနနှင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကိုယ်စားလှယ်ကိုးဦး တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ ပညာရှင်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၂ တရုတ်နိုင်ငံက အဆိုပြုသည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company)ပူးပေါင်းတည်ထောင်နိုင်ရေးအတွက် အခြေခံလုပ်ငန်းများပြင်ဆင်ရန် အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် လုပ်ငန်းကော်မတီဖွဲ့စည်းခဲ့ကြောင်း ပြန်တမ်းထုတ်ပြန်ထားသည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးအတွက် ကုမ္ပဏီသည် လုပ်ငန်းတာဝန် ၁၂ ချက်ကို လုပ်ဆောင်ရမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းတာဝန်များတွင် ကုမ္ပဏီသည် အချုပ်ခြာအာဏာကို ထိပါးနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ မူဝါဒနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရန်၊ ကုမ္ပဏီတည်ထောင်ပြီးပါက နားလည်မှုစာချွန်လွှာရပ်စဲမည့်ကာလတွင် ကုမ္ပဏီကိုပါ ဖြတ်သိမ်းနိုင်မည့် အစီအမံကို သုံးသပ်ဖြည့်စွက်ရန် လို၊ မလို၊ ပြည်ပမှတင်သွင်းမည့် ဆက်သွယ်ရေးစက်များနှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများအတွက် ထိန်းချုပ်သုံးစွဲရမည်ကို စိစစ်ရန်၊ လုံခြုံရေး၊ နည်းပညာဆိုင်ရာ ကိစ္စများတွင် ကုမ္ပဏီက ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်ရန် ပါရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးကုမ္ပဏီပူးပေါင်းတည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးပါက အဆိုပါလုပ်ငန်းကော်မတီ၏ တာဝန်ပြီးဆုံးမည်ဖြစ်သည်။ လုပ်ငန်းကော်မတီကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အမြဲတမ်းအတွင်းဝန်၊ ဒုတိယရဲချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးမှ အရာရှိကြီးများ၊ မှုခင်းနှင့် ဥပဒေဌာနမှ ရဲအရာရှိများဖြင့် ဖွဲ့စည်းထားသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ကို ဖွဲ့စည်းရန်ကမ်းလှမ်းခြင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံရာတွင်လည်း တရုတ်နိုင်ငံသားများနှင့် တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို အာမခံပေးရန် မစ္စတာဝမ်ယိက တောင်းဆိုခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ-၁ မိုင်းလားနှင့် မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် တာလော့ဂိတ်နှင့် ဆင်ဖြူဂိတ်များကို တရုတ်အာဏာပိုင်များက ပိတ်ခဲ့သည်။ တရုတ်အာဏာပိုင်များက အခွန်ဆောင်ရှင်းလင်းပေးသော ကုမ္ပဏီများမှတဆင့် သွင်းကုန်ကုမ္ပဏီနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်တို့ကို အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့သည်။ ထိုအကြောင်းကြားစာတွင် တရုတ်နိုင်ငံထုတ် အိမ်သုံးကုန်ပစ္စည်း၊ လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘက်ထရီ၊ ဆိုလာပြား၊ အင်ဂျင်၊ မီးသီး၊ မီးအိမ်၊ စားသောက်ကုန်၊ စောင်၊ ဘိလပ်မြေနှင့် ကြာရှည်ခံစားသောက်ကုန်များ (ခေါက်ဆွဲခြောက်၊ အာလူး) အစရှိသည့် ကုန်စည်များကို မြန်မာဘက်သို့ တင်ပို့ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်းနှင့် မူဝါဒအပြောင်းအလဲရှိလျှင် ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။ မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များအနက် ကျင်စန်းကျော့-မက်မန့် (မူဆယ်)၊ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ်ကို တအန်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိသည်။ ၎င်းတို့အနက် ခြောက်ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ (ISP-Myanmar ကပြင်ရပ်ဝန်း၏ အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ် – (၆၅) ကိုရှုပါ။) |
၂၀၂၄၊ အောက်တိုဘာ ၂၁ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် အဆိုပါလုပ်ရပ်အပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် အလျင်အမြန်တုန့်ပြန်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုဖြစ်ရပ်အပေါ်ထိထိရောက်ရောက် စုံစမ်းစစ်ဆေးရန်၊ ကျူးလွန်သူအား တရားဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ အဖွဲ့အစည်းဌာနများ၊ စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ဘက်စုံတိုးမြှင့်ရန် အတွက်လည်း မစ္စတာလျင်ကျန့်က တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာဖက်က လိုအပ်သည့်အစီအမံများ လုပ်ဆောင်ထားပြီး နိုင်ငံတကာတရားဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား ဝန်ထမ်းများနှင့် အဖွဲ့အစည်းဌာနများ၏ လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ကြောင်း မြန်မာဖက်က တုန့်ပြန်မှုကို ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏သံတမန်ရေးရာအဆောက်အဦး တိုက်ခိုက်ခံရမှုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ထွက်ရှိသည့် ကြေးနီတင်ဆောင်လာသော ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်-၉ တပ်ရင်း Idiots Column စစ်ကြောင်းနှင့် ဘာမထီတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကြေးနီသယ်ယာဥ် ၃၇ စီးကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ယာဥ် ခြောက်စီးပါယာဥ်တန်းကို လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးကာ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၉ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေသည့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ကြောင်းနှင့် အကာအကွယ်ပေးရမည့် သံတမန်အဆောက်အအုံများကို တိုက်ခိုက်သည့်လုပ်ရပ်ကို ရှုတ်ချကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ မသိရပေ။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ သံတမန်ရေးရာအဆောက်အအုံ တိုက်ခိုက်ခံရမှုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။ ၁၉၆၇ ခုနှစ် တရုတ်-မြန်မာ အရေးအခင်းကာလအတွင်းတွင်လည်း တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရဖူးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၈ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုကြောင့် ကောင်စစ်ဝန်ချုပ်ရုံး ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ပေ။ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ထုတ်ပြန်ထားခြင်းမရှိပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က ထိုတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန်နှင့် လုပ်ဆောင်သူကို တရားဥပဒေအရ ပြင်းထန်စွာအပြစ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန်နှင့် ယခုဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန်လည်း သတိပေးခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ သံတမန်ရေးရာအဆောက်အအုံ တိုက်ခိုက်ခံရမှုမှာ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၈ ကချင်ပြည်နယ်အခြေစိုက် တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် လိုင်ဇာ၊ မိုင်ဂျာယန်၊ လိုင်စင်နှင့် ခါရှန်ဂိတ်များကို အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်နှင့် စစ်ဆေးရေးစနစ်များ အဆင့်မြှင့်တင်ရန် ပိတ်ထားခြင်းဖြစ်ကြောင်း ရင်ကျန်းအစိုးရ တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ထိုနယ်စပ်ဂိတ်များ၏ မြန်မာဘက်ခြမ်း ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ပြီးနောက်တွင် တရုတ်နိုင်ဘက်က နယ်စပ်ဂိတ်များကို ပိတ်ခဲ့ခြင်းဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်များကို ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် MNDAA က ထိန်းချုပ်ထားသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလား-တာလော့ နယ်စပ်ဂိတ်မှသာလျှင် တရားဝင် ပို့ဆောင်လျက်ရှိပြီး MNDAA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တနိုင်တပိုင်ကုန်စည်ကူးသန်းခွင့်ကိုသာ ဆောင်ရွက်နိုင်သေးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၈ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကန်ပိုက်တီ-ထိန်ချုန်းဂိတ်ကို တရုတ်အာဏာပိုင်များက ပိတ်ခဲ့သည်။ နယ်စပ်ဂိတ်ပိတ်ထားသောကြောင့် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်။ ကန်ပိုက်တီမြို့နှင့် အနီးတဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ ကန်ပိုက်တီမြို့ပေါ်အပါအဝင် ဝေမိုး၊ ဝေါ့ချုံ့၊ ရှန်ကျိုင်ရွာများမှ ဒေသခံ ၂၀၀၀ ခန့် တိမ်းရှောင်နေရသည်။ ကန်ပိုင်တီမြို့အနီး ရှန်ကျိုင်ရွာရှိ စစ်ကောင်စီ၏ အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်၏ စခန်းငါးခုကို အောက်တိုဘာ ၁၇ ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းယူခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၇ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် အပါအဝင် KIA ခေါင်းဆောင်များ ယူနန်ပြည်နယ် ရင်ချန်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ မစ္စတာတိန့်ရှီကျွန်းက တရုတ်-မြန်မာ နယ်စပ်ရှိ KIA ထိုးစစ်များကို ချက်ချင်းရပ်ရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တိုက်ပွဲများမဖြစ်ပွားရန် တောင်းဆိုခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို လက်ခံနိုင်သော်လည်း KIA အနေနှင့် တိုက်ပွဲများကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအကောင်အထည်ဖော်နေမှုတွင် KIA ၏ သဘောထားနှင့်ပါဝင်မှုနှင့်ပတ်သတ်၍ တရုတ်နိုင်ငံက မေးမြန်းရာတွင် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က KIA ထိန်းချုပ်ဒေသတွင် ရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ထိုတွေ့ဆုံမှုသည် KIA ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် မစ္စတာတိန့်ရှီကျွန်းတို့ အောက်တိုဘာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်ဟုဆိုသော်လည်း ပထမအကြိမ်တွေ့ဆုံမှုအတွက် တစုံတရာထုတ်ပြန်ချက်မရှိပေ။ တိုက်ပွဲဖြစ်ပွားနေစဉ်တွင် တရုတ်အာဏာပိုင်များက မြေရှားသတ္ထုတူးဖော်ရေး လုပ်ငန်းများအပါအဝင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုသာ တရုတ်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။ လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့အနီးတွင် ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၆ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ထိစပ်နေသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင် တရုတ်အာဏာပိုင်များက ကျန်းမာရေးစစ်ဆေးမှုပိုမိုတင်းကျပ်လာကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (စာအုပ်အနီ) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ အပြင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အစိမ်း) ကိုင်ဆောင်ထားသူများပါ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ပါက ဆီး၊ သွေး စစ်ဆေးခြင်းများကို ပြုလုပ်ရသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ချိန်မှစ၍ ပဋိပက္ခများဖြစ်ပွားခြင်း၊ မြေမြှုပ်မိုင်းအန္တရယ်ရှိခြင်းအပြင် ပြည်ထောင်စုလမ်းမကြီးကိုလည်း ပိတ်ထားခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေချိန်တွင် တရုတ်နိုင်ငံဘက်က ကျန်းမာရေး စစ်ဆေးမှုတင်းကျပ်လာပြီး ဝင်ခွင့်ပိတ်ပင်ခြင်းများကြောင့် အလုပ်အကိုင်ရှားပါးမှုများ ကြုံများ့နေရသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၆ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဟိုပန်၊ နမ့်တစ်မြို့မှတဆင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံနဲ့ သိန္နီမြို့နယ်အတွင်း ကုန်စည်သယ်ဆောင်ခွင့်ကို UWSA ဘက်က ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလမှစတင်ကာ ဟိုပန်မြို့နယ် ဖောင်ဆိပ်တံတားမှတဆင့် ကုန်စည်သယ်ဆောင်ခွင့်ကို ပိတ်ထားခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် UWSA မှအာဏာပိုင်များ ပူအာရ်မြို့တွင် ဆွေးနွေးပြီးနောက် ကုန်စည်တင်သွင်းခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၆ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က ယခုအချိန်တွင် သတင်းအချက်အလက်ထုတ်ပြန်ရန်မရှိကြောင်း တုံ့ပြန်ခဲ့သည်။ မဟာမဲခေါင်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ခေါင်းဆောင်အဖြစ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံနှင့် စစ်ကောင်စီတို့က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။ |
၂၀၂၄၊ အောက်တိုဘာ ၁၅ – ၁၇ တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် နင်းဘိုမြို့တွင် ပြုလုပ်မည့် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ နိုင်ငံတော်မဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဆရာတော်သည် တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဆရာတော် ရန်ကျုး (Yanjue) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား ဗုဒ္ဓဘာသာဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင်လည်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသသည် နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအတွက် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ သွားရောက်ခဲ့သေးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၅ တရုတ်-မြန်မာ နှစ်နိုင်ငံမှ အားကစားသမား ၁၄၀ ဦးပါဝင်သည့် ၂၀၂၄ ခုနှစ် ရပ်ဝန်းလမ်းကြောင်း အစီအမံ (Belt and Road) ခေါင်းစဉ်အောက်မှတဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရေးအားကစားပွဲတော်ကို ရွှေလီမြို့တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် ခြေတုလက်တု ၁၀ စုံ၊ နားကြားကိရိယာ ၁၅ စုံ၊ ဘီးတပ်ကုလားထိုင် ၁၀၀ စီးတို့ကို ထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ မသန်စွမ်းသူပေါင်း ၁၈ ယောက်အတွက် တွဲဖက်အထောက်အကူပစ္စည်းအသစ်ကိုလည်း ရွှေလီမြို့ မသန်စွမ်းသူများအသင်းက ထောက်ပံ့ပေးခဲ့သည်။ ရပ်ဝန်းလမ်းကြောင်းအစီအမံ (Belt and Road) သည် ၂၀၁၃ ခုနှစ်မှစတင်၍ နိုင်ငံပေါင်း ၆၀ ကျော်တွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်မှတဆင့် စီမံကိန်း ၃၈ ခုကို အကောင်အထည်ဖော်လျက်ရှိသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၅ ဟူပေပြည်နယ်အစိုးရ ပညာရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာကျိုးချီဟုန် (Mr. Zhou Qihong) နှင့် ချုံချင့်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ ဝူဟန်မြို့ရှိ ဟူပေပြည်နယ်ပညာရေးဌာနတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ် တက္ကသိုလ်များအကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဟူပေပြည်နယ် ဝူဟန်မြို့ရှိ တက္ကသိုလ်များသို့ မြန်မာပညာတော်သင်ကျောင်းသားများ ပိုမိုစေလွှတ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၅ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား ကဏ္ဍစုံပူးပေါင်းနိုင်ရေးအတွက် ဟူပေပြည်နယ်အစိုးရ နိုင်ငံခြားရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စကျန်းရှောင်မိန် (Ms. Zhang Xiaomei) နှင့် ချုံချင့်မြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မှုတိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့သည်။ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင် ကုန်သွယ်ရေးကဏ္ဍ၊ နည်းပညာဆိုင်ရာကဏ္ဍ၊ ပညာရေးကဏ္ဍများနှင့် ဟူပေပြည်နယ်ရှိ မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ဟူပေပြည်နယ်၏ မြို့တော် ဝူဟန်မြို့အခြေစိုက် ဝူဟန်တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုများရှိသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၄ မြန်မာနိုင်ငံတရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (China Enterprises Chamber of Commerce in Myanmar-CECCM)၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ရာဂီမုန်တိုင်းဒဏ်ခံရသော ဒေသများသို့ မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀ ကျော်လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထောက်ပံ့မှုဖြင့် CECCM က ဦးဆောင်ကာ ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေကြေး ထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးများအသင်းသုံးခုကလည်း ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ပြည်သူများကို ငွေကြေးနှင့် အရေးပေါ်ပစ္စည်းများ ထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်အရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၉၃ ဦးသေဆုံးပြီး ၈၉ ဦးပျောက်ဆုံးခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၄ တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရ ပြည်သူ့လုံခြုံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စလျောင်မင် (Mrs. Luo Meng) နှင့် ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီမြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ ဟူပေပြည်နယ် ပြည်သူ့လုံခြုံရေးဌာနတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဟူပေမြို့နယ်တွင် ဖမ်းဆီးစစ်ဆေးခံရသည့် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးနှင့် နေရပ်သို့ပြန်လည်လွှဲပြောင်းရေးအတွက်လည်း ဆွေးနွေးခဲ့သည်။ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင် ကုန်သွယ်ရေးကဏ္ဍ၊ နည်းပညာဆိုင်ရာကဏ္ဍ၊ ပညာရေးကဏ္ဍများနှင့် ဟူပေပြည်နယ်ရှိ မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ဟူပေပြည်နယ်၏ မြို့တော် ဝူဟန်မြို့အခြေစိုက် ဝူဟန်တက္ကသိုလ်နှင့် မြန်မာနိုင်ငံ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုများရှိသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၄ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ နိုင်ငံခြားရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလီကျွမ်း (Mr. Li Jun) နှင့် စစ်ကောင်စီ ချုံချင့်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ဟူပေပြည်နယ်အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့သည်။ ထို့အပြင် ဟူပေပြည်နယ်အစိုးရ ကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာချန်ဟွာရုံ (Mr. Chen Huarong) နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများတိုးမြှင့်ရန်အတွက်လည်း ဆွေးနွေးခဲ့သည်။ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင် ကုန်သွယ်ရေးကဏ္ဍ၊ နည်းပညာဆိုင်ရာကဏ္ဍ၊ ပညာရေးကဏ္ဍများနှင့် ဟူပေပြည်နယ်ရှိ မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ဟူပေပြည်နယ်၏မြို့တော် ဝူဟန်မြို့အခြေစိုက် ဝူဟန်တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုများရှိသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၀ တရုတ်-အာဆီယံ ချစ်ကြည်ရေးအသင်းခေါင်းဆောင်များ၏ လေးကြိမ်မြောက်အစည်းအဝေးကို ဘေဂျင်းမြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ ပြည်သူချင်းဆက်ဆံရေးကို တိုးမြှင့်ရန်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ရန်နှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအသစ်များကိုမြှင့်တင်ရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဦးက နှစ်နိုင်ငံအကြား ချစ်ကြည်ရေးသမိုင်းကို ဆွေးနွေးခဲ့ပြီး စစ်ကောင်စီအနေနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း ပြောခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံတကာချစ်ကြည်ရေးအသင်းခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁၂ ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းကို ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာတွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး မစ္စတာဝမ်ရှန်ကျုံး (Mr. Wang Xianzhong) က စီမံကိန်းသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆင်းရဲမွဲတေမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းခေါင်းစဉ်အောက်ရှိ ဦးစားပေးစီမံကိန်းဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာအပါအဝင် ဆင်းရဲမှုလျှော့ချရေးကဏ္ဍများတွင် အိမ်နီးချင်းနိုင်ငံများနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ စစ်ကောင်စီ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည် အခြေခံအဆောက်အုံ တည်ဆောက်ဖော်ဆောင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးခြင်း၊ လူနေမှုဘဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေခြင်း၊ ရွာသူရွာသားများ စွမ်းရည်မြှင့်တင်ပေးခြင်း စသည့် ကဏ္ဍများတွင် အကျိုးရှိစေကြောင်း ကျေးဇူးတင်စကားပြောခဲ့သည်။ စီမံကိန်းစတင်ခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဒေသခံကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၉ အာဆီယံအနေနှင့် မြန်မာ့အရေးဖြေရှင်းရာတွင် ငြိမ်းချမ်းစွာဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းဖြင့် အဖြေရှာခြင်းကို ထောက်ခံအားပေးကြောင်းနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်ကဲ့သို့သော နိုင်ငံကြီးများက မြန်မာ့အရေးအတွက် အကောင်းဆုံးအဖြေရှာရန် ကူညီစေလိုကြောင်း စင်ကာပူဝန်ကြီးချုပ် မစ္စတာလောရန့်စ်ဝမ်က တိုက်တွန်းခဲ့သည်။ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၄၄ ကြိမ်နှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်စဉ်တွင် ပြောခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးချက်မှတဆင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၈ တော်လှန်ရေးအစုအဖွဲ့များအနေနှင့် စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ရန် တရုတ်အစိုးရက သတိပေးမှုများ ရှိသော်လည်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက Myanmar Now သတင်းဌာနသို့ တုံ့ပြန်ဖြေကြားခဲ့သည်။ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းတို့၏ အစည်းအဝေးမှတ်တမ်းတွင် တရုတ်နိုင်ငံ၏ သဘောထားနှင့်ပတ်သက်၍ ဦးမိုးဇော်ဦးက တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏အခြေအနေကိုကြည့်ကာ မှန်မှန်ကန်ကန်ရပ်တည်စေလိုကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြဿနာအရင်းအမြစ်မှာ စစ်ကောင်စီဖြစ်သည်ကို အိမ်နီးချင်းနိုင်ငံများအနေနှင့် သဘောပေါက်စေလိုကြောင်းနှင့် နိုင်ငံရေးတွင် စစ်ကောင်စီပါဝင်နေပါက ရေရည်တည်တံ့သော အဖြေကိုရမည်မဟုတ်ကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၇ – ၁၁ မြန်မာနိုင်ငံ ကျန်းရှီးကုန်သည်ကြီးများအသင်းက ရန်ကုန်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့တွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ထို့နောက် မန္တလေးတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ထံသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၉၈၄ သိန်းခန့်ကို လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံ ကျဲ့ကျန်းကုန်သည်ကြီးများအသင်းနှင့် အန်းဟွေးကုန်သည်များအသင်းတို့ကလည်း ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ခဲ့သေးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၅ မြန်မာနိုင်ငံ အန်းဟွေးကုန်သည်များအသင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ဖောင်းတောကျေးရွာရှိ ရေဘေးသင့်ဒေသခံများကို ကူညီထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာကျပ်ငွေ သိန်း ၅၀၀ နှင့် အရေးပေါ်လိုအပ်သည့် ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆေးဝါးနှင့် အဝတ်အထည်များကို ထောက်ပံ့ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက ရေဘေးဒဏ်သင့်မှုအတွက် ထောက်ပံ့ခဲ့သည်။ China Arts and Crafts Association ကလည်း မြန်မာနိုင်ငံ၏ ရေဘေးသင့်ပြည်သူများအတွက် တရုတ်ယွမ်ငွေ ခုနစ်သိန်း (အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ကျော်) တန်ဖိုးရှိ ပစ္စည်းများကိုလှူဒါန်းခဲ့သေးသည်။ |
၂၀၂၄၊ အောက်တိုဘာ ၄ မြန်မာနိုင်ငံ ကျဲ့ကျန်းကုန်သည်ကြီးများအသင်းက ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁,၀၀၀ အတွက် ငွေကျပ်တန်ဖိုး သိန်း ၆၅၀ ရှိသော ဆန်၊ ဆီစသည့် စားသောက်ကုန်များကို လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)နှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့၏ လုပ်ငန်းခွဲဖြစ်သည့် အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီလီမီတက် (South East Asia Gas Pipeline Company Limited-SEAP) တို့က ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ခဲ့သေးသည်။ ထိုကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ကုမ္ပဏီများဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်အရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းအထိစာရင်းအရ လူပေါင်း ၂၉၃ ဦးသေဆုံးပြီး ၈၉ ဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။ (တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အကြောင်းကို ISP-Myanmar China Desk Special Issue တွင် ရှုပါ။) |
၂၀၂၄၊ အောက်တိုဘာ ၄ ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အထိ ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလာကာ ဒေသခံလူငယ်များကို အလုပ်ခေါ်နေကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနတွင် ဖော်ပြထားသည်။ ကျားဖြန့်လုပ်ငန်းများသည် မန်ပန်ပြည်သူ့စစ်ထိန်းချုပ်နယ်မြေ မန်ပန်ကျေးရွာအနီးတွင် တည်ရှိကြပြီး အဆိုပါလုပ်ငန်းများကို ပြည်သူ့စစ်က လုံခြုံရေးယူထားသည်။ ပြည်သူ့စစ်၏ ခွင့်ပြုချက်ဖြင့် လဲချားမြို့နှင့် ကျေးရွာများအနီးတွင် ကျားဖြန့်လုပ်ငန်းများ ကျယ်ပြန့်လာသည်။ လုပ်ငန်းလိုအပ်ချက်အရ ဒေသခံလူငယ်များကို ကျားဖြန့်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် ခေါ်ယူလျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တွင် ကျားဖြန့်တိုက်ဖျက်ရေးကို အကောင်အထည်ဖော်ခဲ့သော်လည်း ကျားဖြန့်လုပ်ငန်းများ ပပျောက်ခြင်းမရှိဘဲ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြောင်းရွှေ့အခြေစိုက်လာသည်။ |
၂၀၂၄၊ အောက်တိုဘာ ၃ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးကန်များတွင် မြန်မာ့ပနားမီးပုစွန်ဖြူကို တရုတ်နှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံသို့ ပြုတ်ပြီးသားပုဇွန်ဖြူများ တင်ပို့ပြီး ဂျပန်နိုင်ငံသို့ အေးခဲပုဇွန်ဖြူများ တင်ပို့သည်။ ပြည်ပဈေးကွက်တွင် အခြားနိုင်ငံများနှင့် ယှဥ်၍ တင်ပို့ရခြင်းကြောင့် အခွန်နှင့် အစာ ဝယ်ယူရသည့် ကဏ္ဍတွင် လိုင်စင်ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်စေလိုကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၃ တရုတ်နိုင်ငံက ဦးဆောင်ပြုလုပ်သည့် နယ်စပ်ဖြတ်ကျော် RMB ဆိုင်ရာ စီးပွားရေးဖိုရမ်ကို တရုတ်နိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (The Industrial and Commercial Bank of China–ICBC) ရန်ကုန်ဘဏ်ခွဲတွင် ကျင်းပခဲ့ကြောင်း တရုတ်အာဘော် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ ထိုဖိုရမ်ကို တရုတ်ယွမ်ငွေနှင့် ပတ်သက်သည့် မူဝါဒများနှင့် စနစ်များ အသုံးချမှုအခြေအနေများကို မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပိုင်းလုပ်ကိုင်နေသူများက ပိုမိုနားလည်စေရန်၊ တရုတ်နှင့် မြန်မာနိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ တရုတ်သံရုံးမှ စီးပွားရေးသံမှူး မစ္စတာအိုယောင်တောင်ပင်း (Mr. Ouyang Daobing)က ICBC ရန်ကုန်ဘဏ်ခွဲသည် နိုင်ငံတော်၏ နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ အုတ်မြစ်တည်ဆောက်ရာတွင် အရေးကြီးပြီး ရပ်ဝန်းလမ်းကြောင်းအစီအမံ၏ အရည်အသွေးကို မြှင့်တင်ပေးကြောင်းနှင့် တရုတ်နှင့် မြန်မာ ဘဏ္ဍာရေးလုပ်ကိုင်နေသူများအနေနှင့် တရုတ်ယွမ်ငွေကို ဖလှယ်ရန်တို့ကို တိုက်တွန်းခဲ့သည်။ ICBC အထွေထွေမန်နေဂျာ မစ္စတာလုမင်(Mr. Liu Ming) က ICBC သည် ၀န်ဆောင်လုပ်ငန်းများ၏ အားသာချက်များကို အသုံးပြု၍ နိုင်ငံတကာအသွင်ကူးပြောင်းမှုကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှု၊ ပြည်ပသို့ တံခါးဖွင့်လှစ်မှုအတွက် အဆင့်မြင့် ပံ့ပိုးမှုများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဖိုရမ်သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးတို့ တက်ရောက်ခဲ့သည်။ ICBC သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်၌ ရန်ကုန်ဘဏ်ခွဲမှတဆင့် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ယွမ်ငွေပေးချေမှုစနစ် (CIPS) ကို မြန်မာနိုင်ငံတွင် စတင်ခဲ့သည်။ |
၂၀၂၄၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံက ရည်ရွယ်ထားကြောင်း မန္တလေးမြို့အခြေစိုက် ကောင်စစ်၀န်ချုပ် မစ္စကောဖျင် (Ms. Gao Ping) က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး တိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ လာရောက်သော တရုတ်ခရီးသွားအရေအတွက် မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။ မစ္စကောဖျင် (Ms. Gao Ping) သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် မန္တလေးမြို့အခြေစိုက် ကောင်စစ်၀န်ချုပ်အဖြစ် တာ၀န်ထမ်းဆောင်ရန် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ အောက်တိုဘာ ၁ စင်ကာပူ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အဓိကရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာကိုးသန်းကျော် တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ရှစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များသည် လက်ရှိ ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု၊ ရေနံနှင့် သဘာ၀ဓာတ်ငွေ့၊ ဆက်သွယ်ရေး၊ လျှပ်စစ်ယာဥ်များတပ်ဆင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအစီအစဥ်သည် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၉၂၇ ခုကို ဖန်တီးနိုင်ရန် ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက အကြီးဆုံးရင်းနှီးမြှုပ်နှံသူအဖြစ်ဦးဆောင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော်ကို ရင်းနှီးမြှုပ်နှံထားသည်။ |
၂၀၂၄၊ အောက်တိုဘာ ၁ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄,၄၃၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ပြောခဲ့သည်။ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်ပြီး တရားမဝင်နိုင်ငံခြားသားများ၏ အလုပ်အကိုင်နှင့် ဝင်ရောက်လာမှုအကြောင်းအရာနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုခြင်းမရှိခဲ့ပါ။ ရှမ်းပြည်နယ် မြောက်ပိုင်းအခြေစိုက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သော တရုတ်နိုင်ငံသားများကို စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အသီးသီးက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။ |
၂၀၂၄ အောက်တိုဘာ ၁ မြန်မာနိုင်ငံမြောက်ပိုင်းရှိ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ယူနန်ပြည်နယ် ရွှေလီမြို့ နယ်စပ်ဂိတ်ပေါက်မှတဆင့် စစ်ကောင်စီက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်အာဘော် CRI သတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ပူးတွဲလုပ်ဆောင်မှုသည့် မူဆယ်မြို့ ဒုတိယအကြိမ် ပူးတွဲတိုက်ဖျက်မှုတွင် မြန်မာနိုင်ငံသား ၅၅၇ ဦးနှင့် တရုတ်နိုင်ငံသား ၃၁၃ ဦး စုစုပေါင်း ၈၇၀ ဦးကို ဖမ်းဆီးရခဲ့သည်။ နှစ်နိုင်ငံသဘောတူညီချက်အရ အဆိုပါ ဖမ်းဆီးရသူများအနက် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းခြင်းဖြစ်၍ မြန်မာနိုင်ငံသားများကို မြန်မာပြည်ဘက်မှ အရေးယူမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် မူဆယ်မြို့အခြေစိုက် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။ |
၂၀၂၄၊ စက်တင်ဘာ ၃၀ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် ကျားဖြန့်ရုံများပြန်လည်ဖွင့်လှစ်နေကြောင်း ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း ဖမ်းဆီးထားသော ကျားဖြန့်ရုံများကို အောက်တိုဘာလကုန်အထိ ပိတ်ထားရန် မူဆယ်မြို့မရဲစခန်းမှူးအပါအဝင် ရဲမြို့နယ်မှူးများနှင့် မူဆယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့များက ပြောခဲ့သည်။ သို့သော်လည်း အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများကို လိုင်းကြေးပေးသွင်းခြင်းမရှိသည့် ကျားဖြန့်နှင့်လောင်းကစားရုံများကို အရေးယူမည်ဖြစ်ကြောင်း မူဆယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူးက ပြောခဲ့သည်။ စက်တင်ဘာ ၂၅ ရက်တွင် မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်အိမ်ရာရှိ ကျားဖြန့်ရုံများကို ဝင်ရောက်ဖမ်းဆီးစဉ် မန့်ဘိမ်းပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြားသဘောတူညီချက်ဖြင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးမှုများရှိနေကြောင်း နှစ်နိုင်ငံ သတင်းဌာနနှင့် ဝန်ကြီးဌာနများတွင် ဖော်ပြထားသည်။ |
၂၀၂၄၊ စက်တင်ဘာ ၃၀ တရုတ်နိုင်ငံက အလိုရှိနေသော ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့်အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦးတို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားများကို တရုတ်-မြန်မာ နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့များ ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ထို့နောက် တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် စက်တင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန် ဆောင်ရွက်နေသည်။ ချန်တာဝေ့သည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားခံပြေးအဖြစ် တရားမဝင်ရောက်ရှိလာသူဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တွင် ကျားဖြန့်လုပ်ငန်းများကို အခြေစိုက်လုပ်ကိုင်သူဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၉ ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးရာ၀န်ကြီးဌာနအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားမစတင်မီ ချုံချင့်မြူနီစီပယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ Mr. Yuan Jia Jun နှင့် ချုံချင့်မြို့နှင့် ချိန်တူးမြို့အခြေစိုက် နိုင်ငံခြားကောင်စစ်၀န်ချုပ်ရုံးများမှ ကောင်စစ်၀န်ချုပ်များနှင့် သီးသန့် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဆွေးနွေးမှုများကို တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ စစ်ကောင်စီ မြန်မာကောင်စစ်၀န်ချုပ်ရုံး၊ ချုံချင့်မြို့ ကောင်စစ်၀န်ချုပ် ဦးကျော်ဇေယျာလင်း၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာယွမ်ကျားဂျွမ် (Mr. Yuan Jia Jun)၊ ချုံချင့်မြူနီစီပယ်အစိုးရ မြို့တော်ဝန် မစ္စတာဟန်းဟွာ (Mr. Henghua)၊ ဒုတိယမြို့တော်ဝန် မစ္စကျန်းဂေါင်ကျီ (Ms. Zhang Guozhi)၊ ချုံချင့်မြူနီစီပယ် ပါတီကွန်ဂရက် ဒုတိယဥက္ကဋ္ဌ မစ္စတာကျောက်ရှီချင် (Mr. Zhao Shiqing)၊ ချုံချင့်မြူနီ စီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်ဝန်း (Ms. Wang Wen) တို့ တက်ရာက်ခဲ့သည်။ |
၂၀၂၄ စက်တင်ဘာ ၂၉ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး China-ASEAN Expo (CAEXPO) ကို နန်နင်းမြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံသတင်းဌာနတွင် ဖော်ပြထားသည်။ ထိုအစည်းအဝေးတွင် စီမံကိန်း ၁၀၉ ခုအတွက် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါစီမံကိန်းများအနက် ၆၉ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့်ဆက်နွှယ်သည့် စီမံကိန်းများ ဖြစ်သည်။ CAEXPO အစီအစဥ်သည် အာဆီယံလုပ်ငန်းစုများအနေနှင့် တရုတ်နိုင်ငံဈေးကွက်သို့ ၀င်ရောက်လာနိုင်ရန် ဆက်သွယ်ပေးခြင်းဖြစ်၍ ၂၂ ကြိမ်မြောက် CAEXPO ကိုလည်း မြန်မာနိုင်ငံက ဦးဆောင်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပနိုင်ရန် စီစဥ်ထားသည်ဟု ဖော်ပြထားသည်။ ထိုပွဲသည် အာဆီယံနိုင်ငံများအတွင်း BRI (Belt and Road Initiative) စီမံကိန်းများလုပ်ဆောင်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ လာရောက်ပါ၀င်သူ ၂,၀၀၄ ဦးအပါအ၀င် လေ့လာသူ ၃,၃၀၀ ဦးနှင့် အာဆီယံနိုင်ငံများမှ လုပ်ငန်းစု ၇၄၀ မှ သက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၈ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမိုးဇော်ဦးက တရုတ်ဆန့်ကျင်ရေးလုပ်ငန်းများကို အကြမ်းဖက်စစ်ကောင်စီကသာ ပြုလုပ်နေခြင်းဖြစ်ကြောင်း Radio NUG ကတဆင့် တုံ့ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် အနောက်နိုင်ငံများ၏ အကူအညီယူ၍ တရုတ်ဆန့်ကျင်ရေးလုပ်နေသည်ဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်မှာ လုပ်ကြံခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် NUG နှင့် မဟာမိတ်ဖွဲ့၍ အမေရိကန်ထံမှ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေသည်ဟု စက်တင်ဘာ ၂၅ ရက်က စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် အမေရိကန်အနေနှင့် မြန်မာပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင်လုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ထိုးနှက်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ MNDAA အနေနှင့် NUG နှင့် ပူးပေါင်းခြင်းမရှိဘဲ ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ကြား၀င်စေ့စပ်မှုကို မျှော်လင့်ကြောင်း စက်တင်ဘာ ၄ ရက်တွင် ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖော်ပြခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၇ ရာဂိမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာကျပ်ငွေ သိန်း ၄၄၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အရေးပေါ်ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင်ဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကလည်း အမေရိကန်ဒေါ်လာ တသောင်း (မြန်မာကျပ်ငွေ သိန်း ၄၄၀ ခန့်)၊ မြန်မာကျပ်ငွေ သိန်း ၄,၀၀၀ နှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ခဲ့သည်။ China Arts and Crafts Association က မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့် ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ်ယွမ်ငွေ ခုနစ်သိန်း (အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ကျော်) တန်ဖိုးရှိ ပစ္စည်းများကို လှူဒါန်းခဲ့ပြီး တရုတ်-မြန်မာ ရေနံပိုက်လိုင်းကို အကောင်အထည်ဖော်နေသည့် တရုတ်ကုမ္ပဏီများကလည်း ထောက်ပံ့ရေးပစ္စည်းများကို လှူဒါန်းခဲ့သေးသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၇ ရှမ်းမြောက် ပဋိပက္ခများကို ရပ်တန့်ရန်အတွက် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံရန်ဖိတ်ကြားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို AFP သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသားများပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသားများကသာ ဦးဆောင်သည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အလေးထားပါကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် သက်ဆိုင်ရာအဖွဲ့အစည်းများကို အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာလိုကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှတဆင့် ဆွေးနွေးညှိနှိုင်းကာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေလိုကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၇ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia) အား ကြိုဆိုဧည့်ခံပွဲကို တရုတ်နိုင်ငံသံရုံးက ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်အာဘော်ဆင်ဟွာသတင်းဌာတွင် ဖော်ပြထားသည်။ မစ္စမာကျားက ၂၉ နှစ်ကြာပြီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများနှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်လာမှုကို အိမ်နီးနားချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးတွင် အရေးပါမှုအဖြစ် ထားရှိကြောင်းနှင့် တရုတ်-မြန်မာ ပြည်သူများလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို စဥ်ဆက်မပြတ် နက်ရှိုင်းစေခြင်းဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုအခမ်းအနားသို့ စစ်ကောင်စီအတွင်းမှူးဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်ကောင်စီ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးခင်မောင်ရီ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံအသီးသီးမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့ ကိုယ်စားလှယ်များ၊ တရုတ်လုပ်ငန်းကုမ္ပဏီ၊ တရုတ်နွယ်ဖွားများ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၇ လန်ချန်း-မဲခေါင် သစ်သီးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ ထိုပွဲတော်တွင် စိုက်ပျိုးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးစသည့်နယ်ပယ်များမှ တရုတ်ကုမ္ပဏီ၂၆ ခုနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှင့် စီးပွားရေးအသင်းအဖွဲ့ ၁၄ ခုမှ ကိုယ်စားလှယ်များသည် သစ်သီးကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ကိုယ်စားလှယ် မစ္စတာဖီယွန်ဟန် (Fei Yunhan) က နှစ်နိုင်ငံအကြား သစ်သီးဝလံကုန်သွယ်မှုသည် အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုစံပြဖြစ်ကြောင်းနှင့် လန်ချန်း-မဲခေါင် သစ်သီးပွဲတော် (မြန်မာ) သည် တရုတ်နှင့် မြန်မာနိုင်ငံနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ယဥ်ကျေးမှုကူးလူးဖလှယ်ရေးကို မြှင့်တင်ပေးသော အရေးကြီးသည့်လမ်းကြောင်းတခုဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ၊ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးမင်းသန်းမင်းဒင်က မြန်မာနိုင်ငံမှ သစ်သီးဝလံထုတ်ကုန်များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ကြောင်း၊ ထိုမှတဆင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကုန်သွယ်ရေးအခွင့်အလမ်းများကို ပံ့ပိုးပေးသည့် ချစ်ကြည်ရင်းနှီးမှုရရှိခဲ့ကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၇ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တရုတ်နိုင်ငံ စစ်သံမှူး စီနီယာဗိုလ်ချုပ်ကြီး ချူကျယ် (Senior Colonel Qu Zhe) တို့ တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိများနှင့် မြန်မာနိုင်ငံ တရုတ်စစ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်အနီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းကွပ်ကွဲမှုဌာနခွဲက ကြည်းတပ်၊ လေတပ်ဖြင့် လေးကြိမ်တိုင် စစ်ရေးလေ့ကျင့်ခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၇ ‘မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံ’ ခေါင်းစဥ်ဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုသည် မဟုတ်မှန်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ MNDAA သည် အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ဆက်သွယ်ခြင်းမရှိခဲ့ကြောင်း၊ MNDAA အနေနှင့် အမေရိကန်နိုင်ငံမှ ငွေကြေးအထောက်အပံ့အကူအညီ လက်ခံရယူခြင်းမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အပြင် စစ်ကောင်စီသည် MNDAA ကို အမေရိကန်နှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်းအဖြစ် မြင်လာအောင် ဆောင်ရွက်ကာ အထူးဒေသ-၁ အပေါ် အိမ်နီးချင်းနိုင်ငံများက ပိတ်ဆို့ခြလာအောင် လှုံဆော်ပေးနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံက TNLA နှင့် MNDAA တို့ကို ဖိအားပေးခြင်း၊ နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းစသည့် အရေးယူဆောင်ရွက်မှုများသည် တရုတ်နိုင်ငံအနေနှင့် အိမ်နီးချင်းကောင်းအနေဖြင့် မြန်မာနိုင်ငံအခြေအနေတည်ငြိမ်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် စစ်ကောင်စီမီဒီယာတွင် ဖော်ပြသည်။ MNDAA ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များအနက် တရုတ်ဘက်ခြမ်းဂိတ်များဖြစ်သော မန်တိန်၊ နမ့်ဆန်၊ ဝမ်တိန်၊ မက်မန့်၊ မန်ဟိုင်းဂိတ်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်မှစတင်ကာ တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၅ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဖွဲ့၍ အမေရိကန်ထံမှ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေသည်ဟု စစ်ကောင်စီသတင်းဌာနများက စွပ်စွဲသည်။ ‘မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံ’ ခေါင်းစဥ်ဖြင့် ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံသည် မြန်မာပြည်တွင်းရေး မတည်ငြိမ်စေရန်နှင့် တရုတ်နိုင်ငံကို ထိုးနှက်ရန် ရည်ရွယ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများရှိပြီး တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရန် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်ပေးကြောင်းနှင့် TNLA နှင့် MNDAA တို့ကို တရုတ်နိုင်ငံက ဖိအားပေးခြင်း၊ နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းစသည့် အရေးယူဆောင်ရွက်မှုများသည် တရုတ်နိုင်ငံအနေနှင့် အိမ်နီးချင်းကောင်းအနေဖြင့် မြန်မာနိုင်ငံအခြေအနေတည်ငြိမ်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၅ တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းနင်းမြို့၌ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများကို ကျင်းပခဲ့ကြောင်း တရုတ်အာဘော် China Daily သတင်းစာတွင် ဖော်ပြထားသည်။ ကုန်စည်ပြပွဲတွင် တရုတ်-အာဆီယံ အသိုင်းအဝိုင်း၏ အနာဂတ်ကိုမြှင့်တင်ကာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ ၃.၀ ကို အရှိန်မြှင့် လုပ်ဆောင်လိုကြောင်းနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုကို ပိုမိုနက်ရှိုင်းစေလိုကြောင်း CAEXPO အတွင်းရေးမှုး မစ္စတာဝေကျောက်ဟွေ (Mr. Wei Zhaohui) က ပြောသည်။ ပြပွဲတွင် ကုမ္ပဏီ ၃,၃၀၀ ကျော်ပါဝင်ခဲ့ပြီး နန်နင်းနှင့် ကွေ့လင်မြို့အခြေစိုက် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ၆၃ ခုနှင့် ခရီးသွားလုပ်ငန်း ၄၅ ခုပါဝင်ခဲ့သည်။ ပြပွဲတွင် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကွမ်ရှိးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာလန်ထန့်လီ (H.E. Mr. Lan Tian Li) နှင့်တွေ့ဆုံကာ မြန်မာ-ကွမ်ရှိီး ဆက်ဆံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထိုပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များအပါအဝင် ပြခန်းပေါင်း ၈၀ ကျော် ပြသခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျုရိုအမြဲတမ်းအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် မစ္စတာတိန့်ရှုရှန်း (H.E. Mr. Ding Xuexiang) နှင့် ကွမ်ရှီးဒေသမှ ပါတီနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ခဲ့သည်။ ထို့အပြင် အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ဝန်ကြီးများလည်း တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၅ ကရင်ပြည်နယ် မြဝတီအခြေစိုက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် ရထိုက်ရုံးလုပ်ငန်းကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာထားသော်လည်း မြေပြင်တွင် အမှန်တကယ်ရပ်ဆိုင်းမထားဘဲ ဆက်လက်လည်ပတ်နေကြောင်း ရထိုက်ရုံးဝန်ထမ်းများ၏ ပြောဆိုမှုကို ပြည်တွင်းသတင်းဌာနတခုတွင် ဖော်ပြထားသည်။ နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏ တောင်းဆိုမှုကြောင့် ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများအားလုံး အကန့်သတ်မရှိ ရပ်ဆိုင်းကြောင်း စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းရပ်တန့်မှုမရှိဘဲ ဆက်လက်လည်ပတ်နေပြီး လုပ်ငန်းအတွက် အဆောက်အအုံများ ဆက်လက်ဆောက်လုပ်လျက်ရှိသည်။ ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ငန်းအတွက် နိုင်ငံခြားသားများကို အဆောက်အအုံအသစ်များသို့ ရွှေ့ပြောင်းထားသည်။ ရွှေကုက္ကိုအပါအဝင် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေနှင့် အောက်တိုဘာလကုန်နောက်ဆုံးထား ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် BGF က ၂၀၂၄ ခုနှစ် မေလတွင် သတိပေးစာထုတ်ပြန်ခဲ့သည်။ ‘စစ်ဆေးရေး ၁၀၂၇’ နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကျားဖြန့်လုပ်ငန်းများမှာ ဘုရားသုံးဆူမြို့၊ ဝမ်ခနှင့် ရွှေကုက္ကိုမြို့သစ်သို့ ပြောင်းရွှေ့လာကြသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများ၏ပါဝင်လှူဒါန်းမှုနှင့်အတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခဲ့ကြောင်း တရုတ်အာဘော်ဆင်ဟွာသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ ဟန်ဒါကုမ္ပဏီလုပ်ငန်းစု (Handa Industries Group) ၏ အထွေထွေမန်နေဂျာ မစ္စပေါင်ဂန်မင် (Mr. Bao Gang Ming)က မြန်မာနိုင်ငံကို ကူညီချင်သော ဆန္ဒရှိပါကြောင်းပြောခဲ့သည်။ တောင်ငူမြို့အတွင်းရှိ ရေးဘေးသင့်ပြည်သူများ၊ မိဘမဲ့ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် မြန်မာငွေကျပ်သိန်း၂၅၀ ကျော်တန်ဖိုးရှိသော ရေသန့်၊ အစားအစာနှင့် ဆေးဝါးပစ္စည်းများအပြင် စက်ရုံမှ အဝတ်အထည်များကိုလည်း ထောက်ပံ့ခဲ့သည်။ ရေဘေသင့်ပြည်သူများအတွက် China Arts and Crafts Association က မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့်ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ်ယွမ်ငွေ ခုနစ်သိန်း (အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ကျော်) တန်ဖိုးရှိ ပစ္စည်းများကို စက်တင်ဘာ ၂၃ ရက်တွင် ထောက်ပံ့ခဲ့သေးသည်။ ဟန်ဒါကုမ္ပဏီလုပ်ငန်းစုသည် ဟောင်ကောင်အခြေစိုက် အထည်အလိပ်နှင့် အဝတ်အထည်များကို ထုတ်လုပ်သည့် နှစ် ၃၀ ကျော် သက်တမ်းရှိသည့် ကုမ္ပဏီလုပ်ငန်းစုဖြစ်သည်။ |
၂၀၂၄ စက်တင်ဘာ ၂၅ မူဆယ်မြို့၌ ကျားဖြန့်လုပ်ငန်းတခုကို ဝင်ရောက်ဖမ်းဆီးစဥ် မန့်ဘိမ်းပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။ ထိုနေရာကို စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နှစ်ရက်ကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၁၈၈ ဦး၊ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်း ၁၉၄ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၁၉၅ ဦး၊ စုစုပေါင်း ၃၅၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ဖုန်း ၅၈ လုံးအပါအဝင် တရုတ်ယွမ်ငွေ ခုနစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရရှိခဲ့သော တရုတ်နိုင်ငံသားများကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အညီ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းသွားမည်ဖြစ်သည်။ မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား သဘောတူညီချက်ဖြင့် နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုမိုးရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၄ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေစိုးမိုးရေးအာဏာပိုင်အဖွဲ့ (GlobE Network) ၏ ပဥ္စမအကြိမ်မြောက် စုံညီအစည်းအဝေး (The Fifth Plenary Meeting of the Global Operational Network of Anti-Corruption Law Enforcement Authorities – Globe Network) ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုပွဲတွင် ဖိုရမ်သို့တက်ရောက်လာသည့် နိုင်ငံအလိုက်ကိုယ်စားလှယ်များက တရုတ်နိုင်ငံက ဦးဆောင်ဆွေးနွေးသည့် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်ဆင့်၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်နှင့် ညွန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းတို့က အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၄ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ ယူနန််ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာလုယောင် (Mr. Liu Yong) တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထို့သို့တွေ့ဆုံရာတွင် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန်၊ နှစ်နိုင်ငံပြည်သူချင်းဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရန်နှင့် နှစ်နိုင်ငံအကျိုးစီးပွားကို မြှင့်တင်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄ စက်တင်ဘာ ၂၃ ၂၁ ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် ၂၀၂၄ ခုနှစ် ဒုတိယအကြိမ်မြောက် စီမံကိန်းဆိုင်ရာဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြောင်း တရုတ်အာဘော် China Daily သတင်းစာတွင်ဖော်ပြထားသည်။ တရုတ်-အာဆီယံ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး နန်နင်းမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် မြန်မာသံအမတ် ဦးတင်မောင်ဆွေက ၂၁ ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသည် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရေးပါကြောင်းနှင့် အာဆီယံနိုင်ငံများမှ ကုန်စည်များတိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်သည့် အခွင့်အလမ်းများ တိုးတက်ရရှိရန်မျှော်လင့်ပါကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နှင့် အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း ပြောခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး၊ ဖန်ချန်းဂန်မြို့တော်ပါတီအတွင်းရေးမှူး၊ အာဆီယံ-တရုတ်စင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်နှင့် ဖိလစ်ပိုင်နိုင်ငံ၏အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ တရုတ်နှင့်အာဆီယံနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း ၇၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၃ တရုတ်နိုင်ငံက ထောက်ပံ့သည့် ဆိုလာစွမ်းအင်သုံး လမ်းမီးနှင့် လမ်းမီးတိုင်အစုံ ၄၀ ကို စစ်ကောင်စီ ရန်ကုန်တိုင်း သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်အာဘော် ဆင်ဟွာသတင်းဌာနတွင်ဖော်ပြထားသည်။ ‘စိတ်ချင်းယှက်နွှယ် ယူနန်အစီအစဥ်’ ခေါင်းစဥ်အောက်မှတဆင့် လွှဲပြောင်းပေးအပ်ပွဲကို သာကေတမြို့နယ် အခြေစိုက် Yunnan Energy Investment ဓါတ်အားပေးစက်ရုံတွင် ကျင်းပခဲ့သည်။ ထိုအစီအစဥ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ဦးဆောင်၍ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ညအချိန်တွင် အလင်းရောင် ပိုမိုရရှိစေရေး၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များအား လျှော့ချပေးရေးနှင့် ရပ်ရွာလူထုအတွင်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးရေးတို့အတွက် ရည်ရွယ်သည့် အဆိုပါစီမံကိန်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ‘စိတ်ချင်းယှက်နွှယ် ယူနန်အစီအစဥ်’ စီမံကိန်း ၂၄ ခုကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့ ဆိုလာလမ်းမီးတိုင်စီမံကိန်းသည်လည်း တခုအပါအ၀င်ဖြစ်သည်။ လွှဲပြောင်းပေးအပ်ပွဲသို့ စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ စည်ပင်သာယာရေး၀န်ကြီး ဦးဗိုလ်ဌေး၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာလျူယုံ (Mr. Liu Yong)၊ မြန်မာနိုင်ငံဆိုင်ရာ ယူနန်ပြည်နယ် စီးပွါးရေးရာ ကိုယ်စားလှယ် မစ္စတာကောင်းဝေ၊ ယူနန်ပြည်နယ် စွမ်းအင်ဌာနညွှန်ကြားရေးမှူး မစ္စတာချန်ကျယ်၊ ယူနန်ပြည်နယ် စီးပွါးရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဟောင်ရီဆန်းနှင့် တာ၀န်ရှိသူများ၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၃ စစ်ကောင်စီ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦဉာဏ်ထွန်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာလျူယုံ (Mr. Liu Yong) တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာ တွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး အောင်မြင်စွာဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍဖွံဖြိုးရေးအတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယူနန်ပြည်နယ်နှင့် ဆက်လက်ဆောင်ရွက်လိုသော ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးအေးကျော်၊ ယူနန်ပြည်နယ် စီးပွားရေးရာဌာနနှင့် စွမ်းအင်ဌာနမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၃ China Arts and Crafts Association က မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့် ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ်ယွမ်ငွေ ခုနစ်သိန်း (အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ကျော်) တန်ဖိုးရှိ ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ ၅၀၀၊ အရေးပေါ်ကယ်ဆယ်ရေး ဆေးသေတ္တာ အစုံ ၂၀၀၊ သွားတိုက်ပစ္စည်း အစုံ ၆၀၀၊ အဝတ်အထည်အစုံ ၅၀၀ တို့ကို ထောက်ပံ့ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ကုမ္ပဏီများကလည်း ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၃ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သစ်တော၊ သတ္တုနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် စစ်ကောင်စီ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးခင်မောင်ရီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာလျှိုးယုံ (Mr. Liu Yong) တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ စစ်ကောင်စီ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်း၀န်နှင့် ဌာနအကြီးအကဲများ၊ တရုတ်သံရုံးမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၃ ကရင်ပြည်နယ် မြ၀တီမြို့၀န်းကျင်တွင် ကျားဖြန့်လုပ်ငန်း စီမံကိန်းသစ်နှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ ရွှေကုက္ကိုမြို့သစ်ရှိ ဇုန်နံပါတ်-၅ ဆောက်လုပ်ရေးစီမံကိန်းနှင့် မယ်ထော်သလေး ကျေးရွာနှင့် ဖလူးကျေးရွာအနီး ဧက ၁၀၀ ကျယ်၀န်းသော တရုတ်ပိုင်လောင်းကစား အိမ်ရာသစ်တခုကို ဆောက်လုပ်နေခြင်းဖြစ်ပြီး ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် မြန်မာအလုပ်သမားများလည်း ခေါ်ယူလျက်ရှိသည်ဟု ဖော်ပြထားသည်။ ကရင်ပြည်နယ် မြဝတီမြို့ရှိ တရုတ်ငွေလိမ်လုပ်ငန်းနှင့် လောင်းကစားလုပ်ငန်းများကို အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ်-၃ နှင့် တရုတ်ပိုင် ရထိုက်ကုမ္ပဏီတို့က ပြောထားသော်လည်း ယခုတိုင် ဆက်လက်လှုပ်ရှားဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။ (ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ISP-Myanmar ၏ Special Issue တွင်ရှုပါ။) |
၂၀၂၄၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ပြခန်းပေါင်း ၈၄ ခန်းဖြင့် ပြသမည့် ထိုကုန်စည်ပြပွဲ၌ ဆန်စပါး၊ အာရေဗီကာကော်ဖီ၊ ရေထွက်လုပ်ငန်း၊ သစ်သီးဝလံ၊ လက်ဖက်၊ ဟင်းခတ်အမွှေးအကြိုင်၊ သစ်သားထည်၊ လက်မှုပညာနှင့် ကျောက်မျက်ကဏ္ဍနှင့်ဆိုင်သော ပြခန်းများ ပါဝင်သည်။ ထို့အပြင် အဆိုပါပြပွဲကို တရုတ်-အာဆီယံ လွတ်လပ်သည့် ကုန်သွယ်မှုဒေသသုံးခု ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်နှင့် တရုတ်-အာဆီယံ ဒေသအတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းလည်းဖြစ်သည်။ ထိုပြပွဲသို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံအမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ယဥ်ကျေးမှုအဖွဲ့နှင့် ပြခန်းပြသမည့် တာဝန်ခံလုပ်ငန်းရှင် ၁၀၄ ဦး သွားရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံ သတင်းမီဒီယာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ သွားရောက်ခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုခရီးစဥ်အတွင်းတွင် သတင်းမီဒီယာကိုယ်စားလှယ်အဖွဲ့သည် ကွမ်ကျိုးနေ့စဥ်သတင်းစာ (Guangzhou Daily) နှင့်အတူ New Media ဒီဂျစ်တယ်လုပ်ငန်းဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ မီဒီယာကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံ The Northern Light Media ဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းတင်ကလည်း ကွမ်ကျိုးမြို့၏ ခေတ်မီမှုနှင့် ယဥ်ကျေးမှုအမွေအနှစ်များကိုလည်း အမှတ်ရနေစေပါသည်ဟု ပြောခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၀ ကမ္ဘာလုံးဆိုင်ရာယဥ်ကျေးမှုအစီအမံအောက်မှတဆင့် နှစ်နိုင်ငံအကြား ယဥ်ကျေးမှုဖလှယ်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သံမှူး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhiong)က မြန်မာနိုင်ငံတွင် တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ်ကျင်းပခြင်းသည် ကမ္ဘာလုံးဆိုင်ရာယဥ်ကျေးမှုအစီအမံ (GCI) ကို အကောင်အထည်ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲကဏ္ဍတွင် ကူးလူးဖလှယ်မှုမှတဆင့် ပိုမိုရင်းနှီးလာကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားလိုကြောင်းပြောခဲ့သည်။ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်သည် မြန်မာပရိသတ်များက နှစ်သက်ကြောင်း တုံ့ပြန်ခဲ့သည်။ ထိုပွဲကို တရုတ်သံရုံးက ဦးဆောင်၍ China Media Group (CMG)နှင့် ရန်ကုန်တရုတ် ယဥ်ကျေးမှုစင်တာတို့က တာဝန်ခံပြုလုပ်ခဲ့သည်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ပညာရေး၊ မီဒီယာနှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာယဥ်ကျေးမှုအစီအမံ (GCI) ကို တရုတ်သမ္မတရှီကျင့်ဖျင်က ၂၀၂၃ ခုနှစ် မတ်လတွင် စတင်အဆိုပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) အပြင် တတိယမြောက်အစီအမံဖြစ်သည်။ GCI သည် ကမ္ဘာ့ယဥ်ကျေးမှုများ ကွဲပြားခြားနားမှုကို လေးစားခြင်း၊ လူသားမျိုးနွယ်၏ ဘုံစံတန်ဖိုးကို တန်ဖိုးထားမြှင့်တင်ခြင်း၊ ယဥ်ကျေးမှုအမွေဆက်ခံမှုနှင့် ဆန်းသစ်မှုများကို အလေးထားခြင်း၊ နိုင်ငံတကာယဥ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားသော အစီအမံဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၀ စီချွမ်ပြည်နယ်၊ ချိန်တူးမြို့တွင် တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ၀န်ကြီးဌာန နိုင်ငံခြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဦးစီးဌာနက ဦးဆောင်၍ ဒုတိယအကြိမ် အာဆီယံ-တရုတ် ဒီဂျစ်တယ် စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးရာ၀န်ကြီးဌာနအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ အာဆီယံ-တရုတ် ဒီဂျစ်တယ် စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးနည်းပညာ နောက်ဆုံးပေါ်တိုးတက်မှုများကို ပြသခဲ့၍ တရုတ်ကုမ္ပဏီပေါင်း ၁၀၀ ကျော်နှင့် အခြား ခုနစ်နိုင်ငံမှ ကုမ္ပဏီ ၂၀ ကျော်က စိုက်ပျိုးရေးကဏ္ဍ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများကို ပြသခဲ့သည်။ ထို့အပြင် ကုမ္ပဏီပေါင်း ၁၄၀ ကျော်က ဒီဂျစ်တယ်စိုက်ပျိုးရေး စက်ကိရိယာများကို ပြသခဲ့ပြီး အာဆီယံနိုင်ငံများမှလည်း စိုက်ပျိုးရေးကဏ္ဍတိုးတက်မှု အတွေ့အကြုံများကို မျှဝေခဲ့သည်။ ရပ်ဝန်းလမ်းကြောင်းအစီအမံအောက်တွင် ဒီဂျစ်တယ်စိုက်ပျိုးရေးနည်းပညာများကို ဖော်ထုတ်၍ အရည်အသွေးမြင့် စိုက်ပျိုးရေးဖွံဖြိုးမှုကို ရရှိစေရန် ရည်ရွယ်သည့်အပြင် ခါးပတ်တကွင်း လမ်းတစင်းတွင်ပါ၀င်သော နိုင်ငံများနှင့် ပူးပေါင်းမှုမြင့်မားရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုပွဲသို့ စစ်ကောင်စီ ချုံချင့်မြို့ ကောင်စစ်၀န်ချုပ် ဦးကျော်ဇေယျာလင်း၊ စီချွမ်ပြည်နယ်အစိုးရ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန၊ စီချွမ်ပြည်နယ်အစိုးရအဖွဲ့ တာ၀န်ရှိသူများ၊ တရုတ်နိုင်ငံအခြေစိုက် သံရုံးနှင့် ကောင်စစ်၀န်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ ကောင်စစ်၀န်ချုပ်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၂၀ တရုတ်နိုင်ငံရှိပြည်နယ်များနှင့် နိုင်ငံတကာအကြား ယဥ်ကျေးမှုဖလှယ်ရန်၊ ကုန်သွယ်မှုချဲ့ထွင်ရန်ရည်ရွယ်၍ ၁၃ ကြိမ်မြောက် နိုင်ငံတကာယဥ်ကျေးမှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ချုံချင့်မြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးရာ၀န်ကြီးဌာနက ဖော်ပြသည်။ ထိုပြပွဲကို ချုံချင့်မြို့မြူနီစီပယ်အစိုးရ ပြည်သူ့၀န်ဆောင်မှုဌာနနှင့် ချုံချင့်မြို့ နိုင်ငံတကာကုန်စည်ပြပွဲဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ ချုံချင့်မြို့ကောင်စစ်၀န်ချုပ် ဦးကျော်ဇေယျာလင်းမှ ကုန်စည်ပြပွဲသည် ချုံချင့်မြို့သူများအတွက် မြန်မာနိုင်ငံအကြောင်း ပိုမိုနားလည်လာစေ၍ မြန်မာနိုင်ငံ၏ ရိုးရာလက်မှုထည်များနှင့် ယဥ်ကျေးမှုများကို မျှဝေရန် အခွင့်အရေးတခုဖြစ်သည်ဟု ပြောခဲ့သည်။ ထိုပွဲတွင် တရုတ်နိုင်ငံမှ ချုံချင့်မြူနီစီပယ်မြို့၊ ဟူပေပြည်နယ်၊ ကွမ်တုံပြည်နယ်နှင့် ပြည်ပနိုင်ငံများဖြစ်သည့် မြန်မာ၊ ဂျာမနီ၊ ဘီလာရု၊ ပါကစ္စတန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျနှင့် အခြားနိုင်ငံများ စုစုပေါင်း ၁၃ နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ ၁၃ ကြိမ်မြောက် နိုင်ငံတကာယဥ်ကျေးမှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြို့မှ စစ်ကောင်စီ ကောင်စစ်၀န်ချုပ် ဦးကျော်ဇေယျာလင်း၊ ချုံချင့်မြို့ မြူနီစီပယ်အစိုးရ ပြည်သူ့၀န်ဆောင်မှုဌာန၊ နိုင်ငံခြားရေးရာဌာန၊ စီးပွားရေးရာဌာန၊ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ တာ၀န်ရှိသူများ၊ ချုံချင့်မြို့နှင့် ချိန်တူးမြို့အခြေစိုက် ကောင်စစ်၀န်ချုပ်ရုံးများမှ ကောင်စစ်၀န်ချုပ်များနှင့် ကောင်စစ်၀န်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၉-၂၄ မြန်မာနိုင်ငံ သတင်းမိီဒီယာကိုယ်စားအဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံသို့ ခြောက်ရက်ကြာ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ခရီးစဥ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှင်ကျန်းနှင့် ချုံချင့်မြို့အခြစိုက် ရေလှောင်တမံများ၊ ပန်းခြံများ၊ ပြတိုက်များနှင့် ကုမ္ပဏီများထံသို့ သွားရောက်လေ့လာခဲ့သည်။ ထို့အပြင် ကွမ်ကျိုးနေ့စဥ်သတင်းစာ (Guangzhou Daily)၊ ချုံချင့်ရေဒီယိုအစီအစဥ် (Chongqing Broadcasting Group) နှင့် မြန်မာနိုင်ငံအကြား ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ New Media ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို မျှဝေသွားလိုကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်းပြောခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) နှင့် South East Asia Oil Pipeline – South East Asia Gas Pipeline ကုမ္ပဏီတို့က ရေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် စားသုံးဆီ၊ ခေါက်ဆွဲခြောက်နှင့် ဆန်အိတ်များလှူဒါန်းခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ကုမ္ပဏီ၏ ကယ်ဆယ်ရေးအဖွဲ့က ဒေသခံ ၂၀ ကျော်ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်အရှိန်ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းအထိ လူပေါင်း ၂၉၃ ဦးသေဆုံးပြီး ၈၉ ဦးပျောက်ဆုံးနေသည်။ အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်သည့် ကုမ္ပဏီများဖြစ်သည်။ |
၂၀၂၄ စက်တင်ဘာ ၁၉ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်မှုကြောင့် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က တရုတ်နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ တရားခံပြေး ချန်တာဝေ့ဦးဆောင်သော ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် ၂၀ ဦးကို ဇူလိုင်လတွင် ဖမ်းဆီးမိခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတို့အတွက် စစ်ကောင်စီရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာ ၀န်ကြီးဌာနတို့အကြား သတင်းဖလှယ်မှုများမှတဆင့် ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၇ တရုတ်ရိုးရာ လမုန့်ပွဲတော်ကို ရန်ကုန်ရှိ တရုတ်ယဥ်ကျေးမှုစင်တာတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ ပါ၀င်ဆင်နွှဲခဲ့ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဦးတင်မောင်ထွန်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံယဥ်ကျေးမှုများတွင် လပြည့်နေ့ကို အသိအမှတ်ပြုကြောင်းနှင့် လူမှုသဟဇာတဖြစ်မှုများကို အလေးထားမှုများပါဝင်ကြောင်း အမှာစကားပြောခဲ့သည်။ ပွဲတော်တွင် ကျောင်းသူကျောင်းသားများက ကဗျာရွတ်ဖတ်ခြင်း၊ ရိုးရာသီချင်းအစီအစဥ်များ၊ ပဟေဠိအစီအစဥ်များတွင် ပါ၀င်ခဲ့ပြီး မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီ၀န်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများအပါအ၀င် ၁၅၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၇ ၁၁ ကြိမ်မြောက် ဘေဂျင်းရှန်ကျင်းဖိုရမ် (11st Beijing Xiangshan Forum) ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ အဆိုပါဖိုရမ်တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ ကာကွယ်ရေးဆိုင်ရာနယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန်၊ စစ်ဘက်နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရန်နှင့် သင်တန်းသားများစေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာချန်းရှောင်တုန် (Mr. Chen Xiaodong) ၏ တရုတ်နိုင်ငံ နိုင်ငံတကာရေးရာဆောင်ရွက်မှုများဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်ကာ လေကြောင်း၊ နည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့လေယာဥ်ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အဆိုပါဖိုရမ်သို့ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိနေခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဒုတိယဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီး ၂၂ ဦး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁,၈၀၀ ကျော် တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၆ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးသန်းနေသည့် မန့်ဝန်း-ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျှော့ပြီး ဖွင့်လှစ်ပေးနေကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့်တွင် ဖော်ပြထားသည်။ ထိုဂိတ်သည် ယခင်က မနက်ရှစ်နာရီမှ ညနေ ခြောက်နာရီအထိ ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် မနက်ဆယ်နာရီမှ ညနေလေးနာရီအထိသာ ဖွင့်လှစ်ပေးနေသည်။ အဆိုပါဂိတ်သည် အဓိကအားဖြင့် တရုတ်နိုင်ငံဘက်မှ ဟင်းသီးဟင်းရွက်များ၊ တပိုင်တနိုင်ကုန်ပစ္စည်းများကို သယ်ယူသည့်နေရာလည်းဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ကြောင့် မူဆယ်-မန္တလေးလမ်းမကြီး ပြတ်တောက်သွားခဲ့ရာ တရုတ်နိုင်ငံဘက်က တင်သွင်းသည့် ကုန်စည်များကိုသာ အဓိကအားကိုးနေရသည့် ဒေသတခုလည်းဖြစ်သည်။ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို ကိုဗစ်ရောဂါထိန်းချုပ်ရန် နှစ်နိုင်ငံလူဝင်လူထွက်ပိတ်ထားခဲ့ရာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၆ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးဖြင့်ရောက်ရှိနေသော မြန်မာနိုင်ငံစာရေးဆရာအဖွဲ့က မြန်မာစာပေနှင့်ပတ်သက်သည့် စာပေဟာပြောပွဲကို ဘေဂျင်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် တရုတ်နိုင်ငံမှ စာပေပညာရှင်များ၏ စာပေလက်ရာများ၊ တရုတ်စာပေသမိုင်းအချက်အလက်များကို လေ့လာခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် စာရေးဆရာ အကြီးကိုကိုက ‘မြန်မာခေတ်ပေါ်ကဗျာရေစီးကြောင်း’ နှင့် ‘မြန်မာလူငယ်စာပေနှင့် အနာဂတ်ခရီး’ ခေါင်းစဥ်များဖြင့် ပြောခဲ့သည်။ ထိုပွဲသို့ ဘေဂျင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် လီဖန်းမင်နှင့် တာဝန်ရှိသူများ၊ မြန်မာစာအထူးပြုကျောင်းသားကျောင်းသူများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ တရုတ်နိုင်ငံ ယဥ်ကျေးမှုသံရုံး၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၅ ရက်မှ ၁၆ ရက်အထိ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၅ ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် ဖိအားပေးခံရသည်ဟု ယူဆရသော တရုတ်နိုင်ငံသားတယောက်သည် သံခြေကျင်းဖြင့် ထွက်ပြေးလာသည်ကို ထိုင်းတာ၀န်ရှိသူများက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတခုတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားသည် တရုတ်နိုင်ငံမှ လာအိုသို့ ရောက်ရှိလာခဲ့ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဘန်ကောက်မြို့မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်။ ဘုရားသုံးဆူမြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် ဖိအားပေးခဲ့ရသောကြောင့် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားများသည် လာအိုနှင့် ကမ္ဘောဒီးယားမှတဆင့် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် ဘုရားသုံးဆူသို့ ထိုင်းနယ်စပ်မှတဆင့် သွားရောက်ကြကြောင်းနှင့် အဆိုပါလမ်းကြောင်းသည် တရုတ်နိုင်ငံသားများအများဆုံးလုပ်ကိုင်သည့် ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်နေကြောင်း ထိုင်းနိုင်ငံ ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် မေလတွင် နိုင်ငံခြားသားများကို အောက်တိုဘာလအတွင်း ရွေ့ပြောင်းရန် ကရင်နယ်ခြားစောင့်တပ် BGF က ထုတ်ပြန်ပြီးနောက် ကျားဖြန့်လုပ်ငန်းများသည် ဘုရားသုံးဆူမြို့သို့ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။ ဘုရားသုံးဆူမြို့သည် ကရင်နယ်ခြားစောင့်တပ် BGF ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် မြို့ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများကိုလည်း အကာအကွယ်ပေးလျက်ရှိသည်။ (ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ISP-Myanmar ၏ Special Issue တွင်ရှုပါ။) |
၂၀၂၄၊ စက်တင်ဘာ ၁၅ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းရွာတွင်တည်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော တကောင်းတောင်နီကယ်စက်ရုံ တနှစ်ရပ်နားကြောင်း ပြည်တွင်းသတင်းဌာနတခုက ဖော်ပြသည်။ ထိုကဲ့သို့ တနှစ်ရပ်နားမှုအတွက် အလုပ်သမားတဦးလျှင် နစ်နာကြေးအဖြစ် ကျပ် ၂၄၀,၀၀၀ သာ လျော်ကြေးပေးခဲ့သည်။ ထို့အပြင် တကောင်းတောင်နီကယ်စက်ရုံသည် စစ်အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တော်လှန်ရေးအဖွဲ့များက စက်ရုံသို့ဓာတ်အားထုတ်လွှတ်သည့် ဓာတ်အားပေးလိုင်းများကို ဖောက်ခွဲဖျက်ဆီးမှုကြောင့် စက်ရုံရပ်နားခဲ့ရဖူးသည်။ ထိုတကောင်းတောင်နီကယ်စက်ရုံသည် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲတွင် တည်ရှိပြီး မန္တလေးတိုင်း သပိတ်ကျင်းနယ်တွင် သတ္တုတူးဖော်သည့်စက်ရုံ ဖြစ်သည်။ အဆိုပါတကောင်းတောင်နီကယ်တူးဖော်ရေး စီမံကိန်းသည် ၂၀၀၈ ခုနှစ်မှစတင်လုပ်ကိုင်ရန် တရုတ်နှင့် စစ်ကောင်စီတို့အကြား စာချုပ်ချုပ်ထားပြီး စီမံကိန်းကာလမှာ နှစ် ၂၀ ဖြစ်သည်။ |
၂၀၂၄ စက်တင်ဘာ ၁၅ အမေရိကန်ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ ဆန္ဒထုတ်ဖော်ပွဲကို အမေရိကန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း Anti Dictatorship in Burma – DC Metro Area မှ ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေနှင့် စစ်ကောင်စီကို ထောက်ခံခြင်းမပြုရန်၊ မြန်မာပြည်သူ၏ သဘောဆန္ဒကို လေးစားရန် ဆန္ဒထုတ်ဖော်ခဲ့သည်။ တရုတ်နိုင်ငံသည် စစ်ကောင်စီဗုံးကြဲရာတွင် အသုံးပြုနေသည့် လေယာဥ်နှင့် လေယာဥ်ဆီများကို ရောင်းချပေးနေခြင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်ခြင်းရှိနေသည်ဟု ဆန္ဒဖော်ထုတ်သူများက ပြောခဲ့သည်။ အဆိုပါ ဒီမိုကရေစီအရေးလှုပ်ရှားသူများအဖွဲ့သည် စစ်ကောင်စီဆန့်ကျင်ရေးနှင့် မြန်မာ့အရေးကို တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးအတွက် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဆန္ဒပြတောင်းဆိုလာသည့် အမေရိကန်အခြေစိုက်အဖွဲ့ဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၄ ၂၂ ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို တရုတ်နိုင်ငံ ရှီအမ်းမြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာတမ်းများ တက်ရောက်ခဲ့သည်။ |
၂၀၂၄ စက်တင်ဘာ ၁၄ တရုတ်နိုင်ငံသည် မြန်မ့ာပြည်တွင်းရေးကို စွက်ဖက်နေသည်ဆိုသည်မှာ အကြောင်းမဲ့ပြစ်တင်မှု ဖြစ်ကြောင်း တရုတ်သံရုံး၏ ပြောခွင့်ရပုဂ္ဂိုလ်၏တုံ့ပြန်မှုကို တရုတ်အာဘော် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဥ်အလာချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်၍ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတသားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးပါကြောင်း၊ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထား၍ မြန်မာပြည်သူကပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို လိုက်နာပါကြောင်းနှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် ပြည်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်၍ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်း ပြောခဲ့သည်။ |
၂၀၂၄ စက်တင်ဘာ ၁၃ ရန်ကုန်မြို့ သု၀ဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံတွင် အားကစားကဏ္ဍဖွံဖြိုးရေးအတွက် လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း တရုတ်အာဘော် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာနှင့် အားကစားကဏ္ဍဖလှယ်မှုကို အလေးထားကြောင်း၊ အားကစားရုံများ ကူညီတည်ဆောက်ခြင်း၊ အားကစားသမားများကို လေ့ကျင့်ပေးခြင်း စသော နည်းလမ်းများဖြင့် မြန်မာနိုင်ငံ အားကစားကဏ္ဍဖွံဖြိုးမှုကို ကူညီပေးလိုကြောင်း ဖော်ပြထားသည်။ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia) က ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံ အားကစားသမားများ လေ့ကျင့်ရေး၊ အားကစားအဖွဲ့ချုပ်များတိုးတက်မှုကို ကူညီ၍ တရုတ်-မြန်မာ အားကစားကဏ္ဍ ပူးပေါင်းမှုအတွက် ဖြစ်ကြောင်း ပြောခဲ့သည်။ လှူဒါန်းခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong)၊ သံမှူး မစ္စတာလီချွမ်ဂေါင် (Mr. Li Qianguo)၊ စစ်ကောင်စီ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်၊ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် အားကစားသမား ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၃ တရုတ်နိုင်ငံစာရေးဆရာအသင်း၏ ဖိတ်ကြားမှုအရ ရောက်ရှိလာသော မြန်မာစာရေးဆရာအဖွဲ့သည် တရုတ်နိုင်ငံစာရေးဆရာအသင်းမှ တာ၀န်ရှိသူများ၊ အထင်ကရစာရေးဆရာများနှင့် ဆွေးနွေးခဲ့ကြောင်း တရုတ်အာဘော် CRI Myanmar က ဖော်ပြသည်။ တရုတ်နိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး ဟူပန်းရှန့်က ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံစာရေးဆရာအသင်းအနေနှင့် ‘ခါးပတ်တကွင်း လမ်းတစင်း’ စာပေကွန်ရက်ကို အဆိုပြုဖွဲ့စည်းခဲ့ကြောင်း၊ စာပေကွန်ရက်တွင် မြန်မာနိုင်ငံအပါအ၀င် ရပ်ဝန်းလမ်းကြောင်းအစီအမံမိတ်ဖက်အဖွဲ့အစည်း နိုင်ငံ ၅၀ နီးပါးမှ စာရေးဆရာများပါ၀င်ကြောင်း၊ တရုတ်-မြန်မာအကြား နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုများတိုးလာသည်နှင့်အမျှ စာပေလက်ရာများကို ပိုမိုဖြန့်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌနှင့် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) က ပိုများသော ကူးလူးဖလှယ်မှုအခွင့်အရေးများမှ နှစ်နိုင်ငံစာပေ အတူတကွတိုးတက်မှုကို မျှော်လင့်ကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၃ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation For Rural Development- CFRD)က အကောင်အထည်ဖော်သည့် CITIC Star ပညာသင်ဆုပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ ထိုအခမ်းအနားတွင် စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပညာသင်ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို နှစ်နိုင်ငံချစ်ကြည်ရေးမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများအနေနှင့် လူမှုရေးတာဝန်များကို ထမ်းဆောင်နေကြာင်း၊ တရုတ်သံရုံးကလည်း နှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းလာစေရန် ထောက်ခံအားပေးတိုက်တွန်းလျက်ရှိကြောင်း ပြောခဲ့သည်။ ထို့နောက် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) မှ တာဝန်ရှိသူနှစ်ဦးသည် Strategic Agreement ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ CITIC Star ပညာသင်ဆုမှ မစ္စတာလျှန်ချွမ်းရှင်း (Mr. Liang Chuan Xin)၊ China Foundation For Rural Development ဒါရိုက်တာ Mr. Chen Hongtao၊ နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ရေကြောင်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စန္ဒာနိုင်နှင့် တရုတ်ယဥ်ကျေးမှုစင်တာမှ တာဝန်ရှိသူများ၊ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်း၊ မြန်မာ-တရုတ် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပညာသင်ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) ကို ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည့် CITIC Myanmar ၏ထောက်ပံ့မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ငွေကြေးထောက်ပံ့မှူများအပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ CITIC Star ပညာသင်ဆုဖြင့် နှစ်စဥ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရေကြောင်းပညာတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၄၀ ဦးကို နှစ်နှစ်တာ ပညာသင်ဆု ထောက်ပံ့ပေးမည်ဖြစ်သည်။ အဆိုပါ နှစ်နှစ်အတွင်းတွင် CITIC Myanmar သည် ဟောပြောပွဲများ၊ တီထွင်မှုဆိုင်ရာ ပရောဂျက်များ၊ ကွင်းဆင်းသုတေသနနှင့် အခြားသောလှုပ်ရှားမှုများမှတဆင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက်လည်း စီစဥ်လျက်ရှိသည်။ CITIC Myanmar သည် တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် ဒေသခံအဖွဲ့အစည်းတို့ ပူးပေါင်းကာ ၂၀၁၅ ခုနှစ်မှစတင်တာ လူမှုအကျိုးပြုစီမံကိန်းများကို ဆောင်ရွက်ခဲ့ကြသည်။ |
၂၀၂၄ စက်တင်ဘာ ၁၃ စာပေဖန်တီးမှုနှင့် ထုတ်ဝေရေးဖလှယ်မှု၊ စာပေဆွေးနွေးမှုများအတွက် မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် ကွမ်ရှီးပုံနှိပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းစုတို့နှင့် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် တွေ့ဆုံကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာစာရေးဆရာအဖွဲ့သည် ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ်သို့သွားရောက်ကာ မြန်မာစာပေနှင့် တရုတ်စာပေ ဘာသာပြန်ပူးပေါင်းဖလှယ်ရေး ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က စာပေယဥ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခြင်းမှသည် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးတိုးတက်လာစေကြောင်း ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲများသို့ ကွမ်ရှီးပုံနှိပ်ထုတ်ဝေရေးမီဒီယာလုပ်ငန်းစု ခေါင်းဆောင် လိလိုင်ယို၊ ကွမ်ရှီးစာရေးဆရာအသင်းဥက္ကဋ္ဌ ထျန်သိုက်လင်၊ တရုတ်စာရေးဆရာများဖြစ်သော လီယွဲ့လေ့၊ ကိန်ကျင်လု၊ လျိုဒီချိုင်၊ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ကောင်းရှင်းယွီ၊ အာဆီယံကောလိပ် အမြဲတမ်း ဒုတိယကျောင်းအုပ်ကြီးနှင့် လက်ထောက်ပါမောက္ခ ဟယ်ဆန်းယန့်၊ အရှေ့တောင်အာရှ ဘာသာစကားနှင့် ယဥ်ကျေးမှုကောလိပ်လက်ထောက်ပါမောက္ခ ဟွမ်ဝေစိန်တို့ တက်ရောက်ခဲ့ကြသည်။ မြန်မာဘက်မှ စာရေးဆရာ ဦးစိုးမြင့် (ရဲမင်းစိုး)၊ ဒေါ်ခင်ဝင့်ရည် (ဝတ်ရည်ခင်၊ ပဲခူး)၊ သီဟရတနာ ဦးသိန်းစိုးနှင့် တော်ကောင်းမင်းတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာစာရေးဆရာအဖွဲ့သည် တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဥ်ဖြင့် ရောက်ရှိနေကြခြင်းဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၁ တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး စီချွမ်ကောင်စီ (CCPIT Sichuan Council) က ဦးဆောင်၍ ၂၀၂၄ ခုနှစ် စီချွမ်-တောင်အာရှနှင့် အရှေ့တောင်အာရှစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ ဆွေးနွေးပွဲသို့ စီချွမ်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ SAARC ကုန်သည်ကြီးများအသင်း (SCCI)မှ တာဝန်ရှိသူများ၊ SAARCအဖွဲ့ဝင်နိုင်ငံများရှိ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ အရှေ့တောင်အာရှရှိ နိုင်ငံ ၁၈ နိုင်ငံမှ ကုန်သည်စက်မှုလုပ်ငန်းရှင်များ အသင်းများ၏ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ်စင်တာမှ တာဝန်ရှိသူများ၊ နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချူပ်များနှင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၀ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) တွင် မြန်မာနိုင်ငံပါ၀င်နေမှုနှင့်ပတ်သက်၍ တရုတ်သံအမတ် မစ္စမာကျားနှင့် စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာသက်ခိုင်၀င်းတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍပိုမိုမြှင့်တင်ရေး၊ ဆေးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်များပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်း၏ ဆောင်ရွက်မှုများနှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ ပို့ချနိုင်ရေး၊ နှလုံးဆေးပညာနှင့် နှလုံးသွေးကြောခွဲစိတ်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့သည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးအပါအဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ ကျန်းမာရေး၀န်ကြီးဌာန တာ၀န်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်တည်ထောင်ခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံ ဂိုဟာမြို့၌ SCO ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့် စာချွန်လွှာက်ို လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၁၀ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုအခြေအနေများကို ဆွေးနွေးရန် တရုတ်သံအမတ် မစ္စမာကျားနှင့် စစ်ကောင်စီပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ မြ၀တီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ပို့ဆောင်ဆက်သွယ်ရေး စီမံကိန်းများအကောင်အထည်ဖော်မှုအခြေအနေ၊ ပင်လယ်ကူးသင်္ဘော၀န်ထမ်းများ လေ့ကျင့်သင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေး၊ လေကြောင်းခရီးစဥ်များတိုးချဲ့ပျံသန်းရေး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးနှင့် နည်းပညာမျှဝေရေးတို့ကို ဆွေးနွေးခဲ့သည်။ အကောင်အထည်ဖော်နေသည့် စီမံကိန်းများ၏ သတင်းအချက်အလက်များကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ |
၂၀၂၄၊ စက်တင်ဘာ ၁၀ တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ (နန်နင်း) နယ်စပ်ဖြတ်ကျော် ဆောင်းဦးလလယ်ပွဲတော် (2024 China – ASEAN (Nanning) Cross Border Mid-Autumn Festival Gala) အတွက် မြန်မာကောင်စစ်ဝန်ချုပ်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည်။ နန်နင်းမြို့အခြေစိုက်သတင်းဌာနဖြစ်သည့် Nanning Integrated Media Center က မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအကြား ယဥ်ကျေးမှုဖလှယ်ခြင်းနှင့် ချစ်ကြည်မှုများတိုးမြှင့်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဒေါ်ခိုင်ဆုလင်းက ပြောသည်။ ၂၀၂၄ ခုနှစ်သည် တရုတ်-အာဆီယံ ပြည်သူများအကြား ဖလှယ်ရေးနှစ်လည်း ဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၈ – ၁၀ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ၀န်ကြီးဌာန ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို လျန်ယွင်ကန်မြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ ဖိုရမ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား အပြုသဘောဆောင်သည့် ကိစ္စရပ်များအတွက် စစ်ကောင်စီ ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ၀န်ကြီး မစ္စတာ၀မ်ရှောင်တို့ တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရာဇဝတ်ဂိုဏ်းအုပ်စုများကို နိုင်ငံပေါင်းစုံပူးပေါင်းတိုက်ဖျက်ရေး၊ ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွတိုက်ဖျက်ရေး စသည်တို့အတွက် ဆွေးနွေးခဲ့သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ် ငါးသန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာအသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြားရဲတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိပြီး သမားရိုးကျမဟုတ်သည့် ကျားဖြန့်ကဲ့သို့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ခေါင်းစဥ်အောက်တွင် အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ကြိုးပမ်းလျက်ရှိသည်။ |
၂၀၂၄၊ စက်တင်ဘာ ၇-၁၁ ၂၄ ကြိမ်မြောက် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 24th China International Fair For Investment and Trade-CIFIT) ကို တရုတ်နိုင်ငံ ရှမန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ ထိုပြပွဲတွင် ဒစ်ဂျစ်တယ်ဆိုင်ရာစီးပွားရေး၊ စွမ်းအင်နှင့် အစိမ်းရောင်ကဏ္ဍ တီထွင်ဆန်းသစ်မှုများပါရှိပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ၈၀ ကျော်ပါဝင်ခဲ့သည်။ စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဥ်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ ကိုဆွေးနွေးခဲ့သည်။ ထို့အပြင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအမံ (Regional Comrpehensive Economic Partnership- RCEP) ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအနေနှင့် RCEP တွင်ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။ ယခုပြပွဲသို့ ရပ်ဝန်းလမ်းကြောင်းအစီအမံ၏ မိတ်ဖက်အဖွဲ့အစည်း ၈၀ ရာခိုင်နှုန်းကျော် တက်ရောက်ခဲ့သည်။ စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နိုင်ငံ ၁၀၀ ကျော်၏အစိုးရအဖွဲ့အစည်းများမှ အဆင်မြင့်အရာရှိကြီးများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာတဝန်းရှိ နိုင်ငံတကာစီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသည့် လမ်းကြောင်းတခုဖြစ်လာခဲ့သော CIFIT ကို ၁၉၉၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည်။ |
၂၀၂၄ စက်တင်ဘာ ၆ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံယဥ်ကျေးမှုသံရုံး၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးရောက်ရှိနေသည့် မြန်မာနိုင်ငံစာရေးဆရာအသင်းက ကွမ်ကျိုးမြို့ရှိ ကွမ်တုံနိုင်ငံခြားဘာသာနှင့် ပြည်ပကုန်သွယ်ရေးတက္ကသိုလ်တွင် စာပေဟောပြောပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုပွဲတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်၊ ရန်ပိုင်ဥက္ကာ၊ မြမဥ္ဇူနှင့် စာရေးဆရာ တော်ကောင်းမင်းတို့က မြန်မာကဗျာ၊ မြန်မာစာနှင့်ပတ်သက်သည်များကို ဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကွမ်တုံနိုင်ငံခြားဘာသာနှင့် ပြည်ပကုန်သွယ်ရေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနမှူး မစ္စတာကျိုးဖုန်၊ အရှေ့တိုင်းဘာသာစကားနှင့် ယဥ်ကျေးမှုကောလိပ်မှ ပါမောက္ခ လျိုကျစ်ချန်၊ မြန်မာစာဘာသာဌာနမှူး ကျန်းဝေ့ကော၊ မြန်မာဘာသာဌာန မြန်မာစာကထိကဆရာမ ဝူတီ၊ မြန်မာစာဆရာ ကျောက်ချိုင်ကျွင်းနှင့် မြန်မာစာအဓိကသင်ယူလျက်ရှိသော တရုတ်လူမျိုး တက္ကသိုလ်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် တရုတ်နိုင်ငံသို့ လေ့လာရေးခရီးရောက်ရှိနေကြခြင်းဖြစ်သည်။ |
၂၀၂၄ စက်တင်ဘာ ၅-၇ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ ဘေဂျင်းမြို့ ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ ဌဟူရှုဖန် (Hu Xuefeng) ဦးဆောင်သည့် ဗုဒ္ဓဘာသာဗျူရိုအဖွဲ့သည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၏ ဖိတ်ကြားချက်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဘေဂျင်းမြို့ ဗုဒ္ဓဘာသာအသင်းသည် ရွှေတိဂုံစေတီတော်သို့သွားရောက်ခဲ့ပြီး အလှူငွေ ကျပ်ဆယ်သိန်း လှူဒါန်းခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့မှ ဆရာတော်များ၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက်မှ ဆရာတော်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)နှင့်တွေ့ဆုံကာ နှစ်နိုင်ငံအကြား ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ဘေဂျင်းမြို့ ဗုဒ္ဓဘာသာအသင်းသည် ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့သွားရောက်ခဲ့ပြီး ဘာသာရပ်များနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၅ တရုတ်အာဏာပိုင်များသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် ဆေးဝါးနှင့် ကုန်စည်တင်သွင်းမှုကို ကန့်သတ်ထားကြောင်း ပြည်တွင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ MNDAA က ထိန်းချုပ်ထားသည့် ရန်လုံးကျိုင်းနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ပြီးနောက် တရုတ်အာဏာပိုင်များက ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်မှစတင်ကာ ကုန်စည်တင်သွင်းခွင့်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၅ ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် တန့်ယန်းမြို့ မြောက်ပိုင်းကို သိမ်းယူပြီးနောက် တရုတ်နိုင်ငံ၏ နောင်ဖဆည်စီမံကိန်းနှင့် မန်တုံရေကာတာကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း ရှမ်းပြည်နယ်အခြေစိုက် ရှမ်းပြည်ရင်းနှီးမြှုပ်နှံမှုနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SSFIM) က ထုတ်ပြန်ခဲ့သည်။ မန်တုံဆည်စီမံကိန်းကို UWSA က တည်ဆောက်ခွင့်ပြုနေပြီး နမ့်မမြစ်ကမ်းနှစ်ဖက်စလုံးတွင် ရေကာတာအခြေခံအဆောက်အအုံများကို တည်ဆောက်ရန် စီစဥ်လျက်ရှိသည်။ ထို့အပြင် သံလွင်မြစ်ကမ်းနှစ်ဖက်စလုံးကို ထိန်းချုပ်ထားနိုင်သည့် UWSA သည် နောင်ဖဆည်ကို အရှိန်မြှင့်အကောင်အထည်ဖော်ရန်ရှိနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ၂၀၂၄ ခုနှစ် သြဂုတ်လ ဒုတိယပတ်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးသည် နောင်ဖဆည်စီမံကိန်းနေရာသို့ သွားရောက်လေ့လာခဲ့ကြသေးသည်။( |
၂၀၂၄၊ စက်တင်ဘာ ၄ တရုတ်နိုင်ငံကိုဆန့်ကျင်သော ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်မြို့တွင် လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် လေးဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ တော်လှန်ရေးသည် မြန်မာနိုင်ငံသားများသာ ပိုင်ဆိုင်ကြောင်းနှင့် တရုတ်နိုင်ငံအနေနှင့် ဖိနှိပ်မှု၊ အနိုင်ကျင့်မှုနှင့် နှောက်ယှက်မှုများ မပြုလုပ်ရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို မြန်မာပြည်မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းရန် ထုတ်ပြန်ချက် ပေးပို့ခဲ့ခြင်းအပေါ်တွင် သဘောထားတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ စက်တင်ဘာ ၄ စစ်ကောင်စီက ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် ပြန်လည်ကြေညာခြင်းသည် တရုတ်အစိုးရ၏ အပစ်ရပ်ရေးစေ့စပ်မှုကို လက်မခံကြောင်း ပြသလိုက်ခြင်းသာဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုံ့ပြန်ပြောဆိုခဲ့သည်။ စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်းကြောင်း စစ်ကောင်စီ မီဒီယာမှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄၊ စက်တင်ဘာ ၄ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ စစ်ရေးကော်မတီက လတ်တလောနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်သည်။ ထိုထုတ်ပြန်ချက်တွင် MNDAA အနေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဟူသည့် နိုင်ငံရေးရပ်တည်ချက်ကိုပြောင်းလဲမည် မဟုတ်ကြောင်းနှင့် နိုင်ငံမှ ခွဲထွက်ခြင်း၊ နိုင်ငံ့အာဏာရယူခြင်းနှင့် နိုင်ငံသစ်ထူထောင်ခြင်း လုပ်ရပ်များကို ပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်းနှင့် မဆက်ဆံခြင်းသည် MNDAA ၏ နိုင်ငံရေးစည်းမျဥ်းတခုဖြစ်ကြောင်းနှင့် အတိုက်အခံအစိုးရဖြစ်သည့် NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မန္တလေးနှင့် တောင်ကြီးမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်မည်မဟုတ်ကြောင်း ပါရှိသည်။ သို့သော်လည်း မိမိကိုယ်ကိုယ်ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေကို တရုတ်နိုင်ငံက ကြား၀င်စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နှင့် ပူးပေါင်းကာ နိုင်ငံရေးတွေ့ဆုံသော လမ်းစဥ်မှတဆင့် အဖြေရှာလိုကြောင်း ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄ စက်တင်ဘာ ၄ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စမာကျားနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးတို့ တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ဦးတင်ဦးက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းအနေနှင့် တရုတ်သံရုံးနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မည်ဖြစ်ကြောင်းပြောခဲ့သည်။ မစ္စမာကျားက တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသည့်အတွက် ပြည်သူများကို အကျိုးပြုသည့် လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။ မစ္စမာကျားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် မြန်မာနိုင်ငံသို့ ဩဂုတ်လတွင် ရောက်ရှိခဲ့ပြီးနောက် စစ်ကောင်စီဝန်ကြီးများနှင့် ဆက်တိုက်တွေ့ဆုံခဲ့သည့်အပြင် မြန်မာနိုင်ငံအခြေစိုက် တရုတ်-မြန်မာ အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။ |
၂၀၂၄ စက်တင်ဘာ ၄ အာဆီယံနှင့် တရုတ်တိုင်းရင်းဆေးစီမံကွပ်ကဲမှုအတွက် သက်ဆိုင်ရာ စည်းမျဥ်းနှင့် စံနှုန်းများ သတ်မှတ်နိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်) ပြည်နယ်၊ နန်နင်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲတွင် တိုင်းရင်းဆေးကွပ်ကဲမှုဆိုင်ရာမူဝါဒများ၊ နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေမှုစသည်တို့ကို ဆွေးနွေးခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးဦးစီးဌာနမှ ကိုယ်စားလှယ် နှစ်ဦးလည်းတက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသားဆေးဝါးကွပ်ကဲမှုအဖွဲ့၊ သိပ္ပံ၊ နည်းပညာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စဟီလိ (Ms. He Li)၊ ကွမ်ရှီးဒေသ အစိုးရရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မစ္စဆိုင်ကျွန်း (Mr. Cai Zhenjun)၊ မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆေးဝါးကွပ်ကဲမှုဗျူရိုမှ ညွှန်ကြားရေးမှူးဒေါက်တာပန်ချအုန်ချွိုင် (Dr. Peng Cheong Choi)၊ ကွမ်ရှီးဒေသဆေးဝါး ကွပ်ကဲမှုအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာဝိန်းဂွမ်ဟူ (Mr. Wei Guanghui) နှင့် နန်နင်းမြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄ စက်တင်ဘာ ၄ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဆုန် (Mr. Chen Song) ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရေးနှင့် ကဏ္ဍအစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဦးမျိုးမြင့်မောင်သည် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ယူခဲ့သည်။ |
၂၀၂၄ စက်တင်ဘာ ၄ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတွင် ဖော်ပြထားသည်။ စီမံကိန်းအတွင်းရှိ စစ်ကောင်စီစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း တရုတ်နိုင်ငံသားများနေထိုင်သည့် အဆောင်ကို ထိမှန်ခဲ့ပြီး ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုပြီးနောက် စီမံကိန်းကို စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် လုံခြုံရေးတိုးမြှင့်ထားသည်။ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့များဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။ လက်ပံတောင်းတောင်စီမံကိန်းသည် ဇူလိုင်လကတည်းက ပြန်လည်လည်ပတ်နေကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံက တရုတ်စီမံကိန်းနှင့် တရုတ်နိုင်ငံသား ဝန်ထမ်းများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနှင့်တွေ့ဆုံစဥ် ပြောခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုသည် ယခုအကြိမ်မှာ ၁၀ ကြိမ်မြောက်ဖြစ်သည်။ |
၂၀၂၄ စက်တင်ဘာ ၃ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia) သည် ဘေဂျင်းဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဆရာတော်ဟူရှုဖန် (Lama Hu XueFeng) နှင့် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်-မြန်မာ ဗုဒ္ဓဘာသာအစဥ်အလာတရားဓမ္မချစ်ကြည်ခိုင်မြဲရေး၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်းနီးစပ်မှု မြှင့်တင်ရေးတို့ကိုကို ဆွေးနွေးခဲ့သည်။ ဘေဂျင်းကိုယ်စားလှယ်အဖွဲ့၀င်များသည် ဘေဂျင်းမြို့အခြေစိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ လာရောက်ကြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အခြေစိုက် ဒေသခံဗုဒ္ဓဘာသာကျောင်းတိုက်နှင့် ပညာသင်ကောလိပ်များသို့ သုံးရက်ကြာ သွားရောက်မည်ဖြစ်သည်။ |
၂၀၂၄ ဩဂုတ် ၃၁ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါ၀င်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်း (Mr. Lin Jian) က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပဋိပက္ခအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးလျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနေနှင့် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် တည်ငြိမ်ရေးကို ပြီးဆုံးသည်ထိ အကောင်အထည်ဖော်သွားမည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာပြည်မြောက်ပိုင်း၌ ပဋိပက္ခအရှိန်လျှော့မည့် လုပ်ငန်းစဉ်ကို ထောက်ခံအားပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၃၁ တတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ရန်ုကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ပြုလုပ်ကြောင်း စစ်ကောင်စီ မြ၀တီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက တရုတ်-မြန်မာ ရင်းနှီးမှုတိုးတက်လာရန် မျှော်လင့်ကြောင်းနှင့် မြန်မာခရီးစဉ်တွင် နိုင်ငံခြားရေး၀န်ကြီး မစ္စတာ၀မ်ယိ (Mr. Wang Yi) က မြန်မာနိုင်ငံ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်တို့နှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။ ထို့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံနည်းပညာများ ကူညီပေးရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ ထိုပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia)၊ တရုတ်သံရုံးမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် သတင်းမီဒီယာမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့သည်။ တရုတ်-မြန်မာ မီဒီယာ တွေ့ဆုံမှုများကို၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်မှ ၂၈ ရက်တို့တွင်လည်း တရုတ်-မြန်မာ New Media Workshop ခေါင်းစဉ်ဖြင့် ခြောက်ရက်ကြာပြုလုပ်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၃၁ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးနှင့်ပတ်သက်၍ တတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုတွေ့ဆုံပွဲတွင် တရုတ်သံအမတ် မစ္စမာကျားက မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ံငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ပြောကြားခဲ့သည့် ‘ထောက်ခံအားပေးမှု သုံးချက်နှင့် ကန့်ကွက်မှုသုံးချက်’ ကို ဆက်လက်ကိုင်စွဲကာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံမီဒီယာများအနေနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတိုးမြှင့်ရေးနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၉ ရှမ်းမြောက်တွင် စစ်ဆင်ရေးဆင်နွှဲနေသည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနှင့် တိုက်ပွဲများရပ်တန့်၍ မြန်မာပြည်မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နှင့် ပူးပေါင်းရန် တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီမှ သဘောထားထုတ်ပြန်ချက်တစောင် ပေးပို့ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် တရုတ်နယ်စပ်ဒေသတွင်နေထိုင်သည့် အရပ်သားများ၊ မြန်မာပြည်တွင်းရှိ တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းများ၏ လုံခြုံမှုကို အာမခံပေးရန်၊ တရုတ်နိုင်ငံ၏ နယ်စပ်ဒေသ အေးချမ်း တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်နှင့် ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူများ ပပျောက်အောင် ဆောင်ရွက်ရမည်ဟု ထုတ်ပြန်ထားသည်။ သို့မဟုတ်ပါက တရုတ်ဘက်က သွန်သင်ဆုံးမမည့် နည်းလမ်းများကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်အားလုံးကို တအန်းတပ်မတော် TNLA ဘက်က တာဝန်ယူရမည်ဟု ဖော်ပြထားသည်။ |
၂၀၂၄၊ ဩဂုတ် ၂၉ တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးချုပ်ရုံးက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေးအကျိုးဖြစ်ထွန်းမှုများနှင့် မြန်မာ့ရိုးရာအစားအစာများကို မိတ်ဆက်ပြသရှင်းလင်းခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ ထိုတွေ့ဆုံမေးမြန်းမှုတွင် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက မြန်မာ့ရိုးရာအစားအစာများ ပြင်ဆင်ချက်ပြုတ်မှုကို ပြသခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများ၏ ထူးခြားမှုများ၊ စားသောက်ပုံဓလေ့နှင့် အလေ့အထများကို ရှင်းလင်းပြသခဲ့သည်။ ၂၀၂၄ ခုနှစ်သည် တရုတ်-အာဆီယံပြည်သူများအကြား ဖလှယ်ရေးနှစ်လည်းဖြစ်သည်။ ထို့အပြင် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) ကို တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိပြုလုပ်သွားမည်ဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၂၈ တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပေးအပ်သည့် ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် စီမံခန့်ခွဲရေးပညာရှင်များကို ကူညီမည်ဖြစ်ကြောင်း၊ နည်းပညာ၊ စီမံခန့်ခွဲမှုအတွေ့အကြုံနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်တို့ကို မျှဝေမည်ဖြစ်ကြောင်း၊ ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံနှင့်အတူ ကူးလူးဆက်ဆံမှုကို နက်ရှိုင်းစေလိုကြောင်း ပြောခဲ့သည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပညာသင်ဆုအစီအစဉ်သည် စီးပွားရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် နိုင်ငံရေးရာစီမံခန့်ခွဲမှုအတွက် အထောက်အကူဖြစ်စေကြောင်း၊ ပညာသင်ကာလအတွင်း ကျောင်းသားကျောင်းသူများအနေနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုများကို ပိုမိုနားလည်စေကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ တရုတ်သံရုံးမှ သံမှူး မစ္စတာအိုယောင်တောင်ပင်း (Mr. Quyang Daobing)၊ စစ်ကောင်စီဌာနအရာရှိများနှင့် ပညာသင်ဆုရရှိသည့်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဩဂုတ် ၂၈ တရုတ်-မြန်မာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်မှုအတွက် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းကဏ္ဍများတွင် အတူတကွ မြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြသည်။ မစ္စမာကျားသည် တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် စစ်ကောင်စီဝန်ကြီးအသီးသီးနှင့်တွေ့ဆုံကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် တည်ငြိမ်ရေး စသည့် ကဏ္ဍအသီးသီးအတွက် ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၈ ၂၀၂၃-၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသားကျောင်းသူများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီအနေနှင့် စစ်တပ်အမှုထမ်းများ၏ သားသမီးများထဲမှ ထူးချွန်သူများအား ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးပို့ဆောင်ခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ စေလွှတ်ခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ရပ်နားခဲ့သည်။ ယခု ၂၀၂၃-၂၄ ပညာသင်နှစ်မှသာ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၂၈ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းတို့ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ထိန်ချုံးတွင် တွေ့ဆုံခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မစ္စတာတိန့်ရှီကျွန်းက အချက်လေးချက်တောင်းဆိုခဲ့သည်။ (၁) အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် နီးစပ်သည့် ဆက်ဆံရေးမပြုလုပ်ရန်၊ (၂) ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်၊ (၃) နယ်စပ်တလျှောက် တိုက်ပွဲများ မဖော်ဆောင်ရန်နှင့် (၄) ပြည်တွင်းရှိ တရုတ်စီးပွားရေးများကို အနှောက်အယှက်မပြုရန်တို့ ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်က တရားဝင်ထုတ်ပြန်ကြေညာချက်မရှိပါ။ မစ္စတာတိန့်ရှီကျွန်းသည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့်လည်း သီးခြားစီတွေ့ဆုံမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်ရာ နယ်စပ်ဂိတ်များကို ပိတ်ချခြင်းနှင့် ကုန်စည်အဝင်အထွက် ကန့်သတ်မှုများကို တရုတ်နိုင်ငံဘက်က လုပ်ဆောင်လာသည်။ |
၂၀၂၄၊ ဩဂုတ် ၂၇ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနှင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မစ္စမာကျားက တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေသော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများအကြောင်းကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် သမ္မတရှီကျင့်ဖျင်၏ ခရီးစဥ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မကြာသေးမီက ခရီးစဉ်တို့တွင် ရရှိခဲ့သောရလဒ်များကို အကောင်အထည်ဖော်လိုကြောင်းနှင့် မြန်မာ့စီးပွားရေးနှင့် ပြည်သူလူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားလိုကြောင်းပြောကြားခဲ့သည်။ ထို့အပြင် ဒေါက်တာကံဇော်ကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုစာမျက်နှာအသစ်ကို ဆက်လက်ရေးသားသွားလိုကြောင်းပြောကြားခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၇ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွမ်းနှင့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ တရုတ်နိုင်ငံ ဖူအာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တရုတ်အာဏာပိုင်များအနေနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကုန်စည်တင်သွင်းမှုများ ပိတ်ဆို့ခြင်း (senction) ပြုလုပ်နေသော်လည်း ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတဆင့် ကုန်စည်တင်ပို့နေသောကြောင့် ပိတ်ဆို့မှုမအောင်မြင်ကြောင်းပြောခဲ့သည်။ ဆွေးနွေးရာတွင် မစ္စတာတိန့်ရှီကျွန်းက အချက်လေးချက်ကိုတောင်းဆိုခဲ့သည်။ (၁) မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို လက်နက်ရောင်းချခြင်းမပြုရန်၊ (၂) ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတဆင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ရန်၊ (၃) ‘ဝ’ပြည်နယ်အတွင်းမှတဆင့် ကိုးကန့်ဒေသ လူဝင်လူထွက်ကို စစ်ဆေးရန်နှင့် (၄) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို UWSA က ထောက်ပံ့နေခြင်းကို ရပ်တန့်ရန် ပါရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ စစ်ရေးစွမ်းရည် အားနည်းစေရန် ဖြတ်ငါးဖြတ်အဖြစ် လျှပ်စစ်၊ ရေ၊ အင်တာနက်၊ ထောက်ပို့လမ်းကြောင်းနှင့် လူအဝင်အထွက် ကန့်သတ်ပိတ်ဆို့ခဲ့သော်လည်း ‘ဝ’နှင့် မိုင်းလားဒေသများမှတဆင့် ထောက်ပံ့နေသောကြောင့် မအောင်မြင်ကြောင်း မစ္စတာတိန့်ရှီကျွန်းက ပြောခဲ့သည်။ မစ္စတာတိန့်ရှီကျွန်းက အဆိုပါပိတ်ဆို့မှုတွင် UWSA အနေနှင့် ပူပေါင်းပါဝင်ခြင်းမပြုပါက ‘ဝ’ဒေသကိုလည်း အလားတူပိတ်ဆို့မည်ဖြစ်ပြီး ‘ဝ’ဒေသ၏ သယံဇာတရောင်းချမှုများကိုပါ ပိတ်ပင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အစည်းအဝေးသို့ ‘ဝ’ပြည်နယ် ဗဟိုခေါင်းဆောင်များဖြစ်သည့် ကျောက်ကော်အန်းနှင့် ပေါက်အိုက်ခန်းတို့ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၇ တရုတ်-မြန်မာ နှစ်နိုင်ငံ စိုက်ပျိုးရေးပူးပေါင်းမှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနှင့် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းနောင်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် တရုတ်ပုံစံခေတ်မီမှု မြှင့်တင်ရေးမှတဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းမှု ကြာရှည်တည်တံ့လိုကြောင်း ပြောကြားခဲ့သည်။ ဦးမင်းနောင်က မြန်မာနိုင်ငံသည် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို အာမခံ၍ တောင်သူများ ဘ၀အဆင့်အတန်းမြှင့်တင်ရန် ကြိုးစားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံဈေးကွက်သို့ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၇ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia) တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုသို့တွေ့ဆုံရာတွင် မစ္စမာကျားက နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် အလေးအနက်ထားမှုကို ပေါ်လွင်စေခဲ့ကြောင်း၊ ဦးသန်းဆွေကလည်း မစ္စတာဝမ်ယိ (Mr. Wang Yi) ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နှစ်ဖက်စလုံးက မြန်မာနိိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်နှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးရန် မစ္စမာကျားက ထပ်မံတိုက်တွန်းခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၇ တရုတ်-မြန်မာနယ်စပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကြည်းတပ်၊ လေတပ်ဖြင့် ပူးတွဲစစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်းဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြားသည်။ လက်တွေ့စစ်ဆင်ရေးလေ့ကျင့်မည့်နေရာများမှာ ရွှေလီမြို့၊ ဝမ်တိန်မြို့အနီး၊ ကျန့်ခန်းခရိုင် မုန်သွေးကျေးရွာအနီး၊ တရုတ်-မြန်မာနယ်စပ် ရွှေလီ၊ တရုတ်-ကိုးကန့်ဒေသနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း ကိန်းမာ ခရိုင် မုန်တင့် နှင့် ကျန်းခမ်း ခရိုင် အနီးတို့တွင်ဖြစ်သည်။ ပူးတွဲစစ်ဆင်ရေးပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ တပ်ဖွဲ့များ၏ ကင်းထောက်နှင့် ကြိုတင်သတိပေးမှု၊ ထောင့်စုံပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးရန်၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကိုကာကွယ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်စဉ်လေ့ကျင့်ရေးအစီအစဥ်အရ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ |
၂၀၂၄ ဩဂုတ် ၂၆-၃၀ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းတွင် မြောက်ပိုင်းလက်နက်ကိုင်တပ်များနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် မစ္စတာတိန့်ရွှီကျင်းတို့ တဖွဲ့ချင်းအလိုက်သီးခြားစီတွေ့ဆုံခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ‘ဝ’ပြည်သွေးစည်ညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို ရွှေလီနှင့် ထိန်ချုံးမြို့တို့တွင် တွေ့ဆုံကာ ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့က တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ |
၂၀၂၄၊ ဩဂုတ် ၂၄ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှတဆင့် ကိုးကန့်ဒေသနှင့် တအန်းဒေသဘက် ကုန်စည်တင်သွင်းခွင့်ပိတ်ပင်ခြင်းကို ထိရောက်စေရန်ရည်ရွယ်၍ ‘ဝ’နှင့် တရုတ်အကြား နယ်စပ်ဂိတ်ဖြစ်သည့် နမ့်တစ်-မန်ခါးဂိတ်ကို တရုတ်အာဏာပိုင်များက ပိတ်ခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။ သို့သော်လည်း ‘ဝ’နှင့် တရုတ်နယ်စပ်ရှိ အခြားနယ်စပ်ဂိတ်များဖြစ်သည့် ပန်ဝိုင်၊ မုံးအနှင့် မန်ရှီးဂိတ်များကို ပိတ်ထားခြင်းမရှိပေ။ MNDAA နှင့် TNLA က ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များကိုလည်း ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်ကတည်းက တရုတ်အာဏာပိုင်များက ပိတ်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ဆက်တွဲတွင် တရုတ်အာဏာပိုင်များက တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို ပိတ်ပင်လာသည့်နည်းတူ အဆိုပါဒေသများကို ကုန်စည်တင်သွင်းနိုင်သည့် နယ်စပ်ဂိတ်များကိုပါ ပိတ်ပင်လာသည်။ |
၂၀၂၄၊ ဩဂုတ် ၂၃-၂၄ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပြုလုပ်သည့် ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ပုဂံမြို့တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ‘ကပ်ရောဂါအလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု’ ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ထိုဆွေးနွေးပွဲတွင် တရုတ်သံအမတ် မစ္စမာကျားက ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (Global Civilization Initiative – GCI) ကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။ ထို့အပြင် စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လန်ချန်း-မဲခေါင်နိုင်ငံမျာအကြား ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခရီးသွားလုပ်ငန်းများ ရပ်တည်နိုင်ရေးအတွက်ရေရှည်တည်တံ့သော ခရီးသွားမူဝါဒများနှင့် စီမံကိန်းများရေးဆွဲရေးတို့ကို ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ လန်ချန်း-မဲခေါင်နိုင်ငံအစိုးရဌာနဆိုင်ရာ အရာရှိများ၊ ပညာရှင်များ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာလူ့ယဉ်ကျေးမှုအစီအမံ (GCI) ကို တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ၂၀၂၃ ခုနှစ် မတ်လတွင် စတင်အဆိုပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) အပြင် တတိယမြောက်အစီအမံဖြစ်သည်။ GCI သည် ကမ္ဘာ့ယဉ်ကျေးမှုများ ကွဲပြားခြားနားမှုကို လေးစားခြင်း၊ လူသားမျိုးနွယ်၏ ဘုံစံတန်ဖိုးကို တန်ဖိုးထားမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုအမွေဆက်ခံမှုနှင့် ဆန်းသစ်မှုများကို အလေးထားခြင်း၊ နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားသော အစီအမံဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၂၂ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာတောင်ပင်ရှန်း (Mr. Tao Pingsheng) နှင့် ကူမင်းမြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုသို့တွေ့ဆုံရာတွင် ကွေ့ကျိုးပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်စေရန်၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိများ၏ ခရီးစဉ်များ တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၂ တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာရီကျန်းချွမ် (Ye Jianchun) နှင့် တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ် ဦးတင်မောင်ဆွေတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ တွေ့ဆုံရာတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံနယ်ပယ်များတွင် ကျန်ရှီးပြည်နယ်နှင့် ပိုမိုချိတ်ဆက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲသို့ ကျန်းရှီးပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာရှဝိန်ယောင် (Xia Wenyong) နှင့် ပြည်နယ်အစိုးရအတွင်းရေးမှူးချုပ် မစ္စတာရှုယန်ဘင် (Xu Yanbin) တို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဩဂုတ် ၂၁ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် မစ္စမာကျားက ၎င်း၏သံအမတ်ခန့်အပ်လွှာကို နေပြည်တော် သံတမန်ဆောင်ခန်းမ၌ ပေးအပ်ခဲ့ကြောင်း တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စမာကျားအနေနှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ဆွေးနွေးပွဲအရ တရုတ်အသွင်ခေတ်မီရေးကို ဖော်ဆောင်၍ တရုတ်နှင့် မြန်မာ အပြန်အလှန်အကျိုးရှိသော ဖွံဖြိုးမှုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေနှင့်လည်း တရုတ်၀န်ထမ်းများနှင့် စီမံကိန်းများကို ကာကွယ်ပေးပြီး ဘေးကင်းသော၀န်းကျင်ကို ဖန်တီးပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်-မြန်မာ စီမံကိန်းများကို ကာကွယ်၍ နယ်စပ်ဒေသ တည်ငြိမ်လုံခြံရေးကို ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်သော မည်သည့်ကိစ္စကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂၁ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် မစ္စမာကျား (Ms. Ma Jia) က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မစ္စမာကျားက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေးအပြင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံမှုကို ကာကွယ်ပေးရန်လည်း တောင်းဆိုခဲ့သည်။ ထို့ပြင် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာ့ခရီးစဉ်တွင် ရရှိခဲ့သော သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်လည်း မစ္စမာကျားက တိုက်တွန်း ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံအနေနှင့် ဘန်ဒေါင်းမူငါးရပ်ကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် ခရီးစဉ်တွင် ရရှိသည့် သဘောတူညီမှုများကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားထိခိုက်စေမှုကို ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုခဲ့သည်။ |
၂၀၂၄ ဩဂုတ် ၂၁ ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ရှမ်းပြည်နယ် ‘၀’ဒေသအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ဖမ်းဆီး၍ တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းခဲ့ကြောင်း တရုတ်အာဘော် Global Times သတင်းဌာနက ဖော်ပြသည်။ ဖမ်းဆီးရမိသည့် ၃၀၇ ဦးထဲမှ ၂၀ ဦးသည် တရုတ်နိုင်ငံက ဖမ်း၀ရမ်းထုတ်ထားသူများဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၇ နှင့် ၁၉ ရက်တို့တွင်လည်း အွန်လိုင်းကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ကိုးဦးကို ‘၀’တပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့ထံ ထပ်မံလွှဲပြောင်းခဲ့ပြီး ကိုးဦးအနက် သုံးဦးသည် ကိုးကန့်ဒေသ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်နေကြောင်းဖော်ပြထားသည်။ |
၂၀၂၄၊ ဩဂုတ် ၂၀ တရုတ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီး မစ္စတာ၀မ်ယိနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စဂျူလီဘစ်ရှော့ (Ms, Julie Bishop) တို့ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စတာ၀မ်ယိက တရုတ်နိုင်ငံအနေနှင့် မြန်မာပြည် ပြန်လည်တည်ငြိမ်ရေးကို မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစာကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ဘဲ မြန်မာပြည်သူများ ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အာဆီယံ၏ အခန်းကဏ္ဍကို ထောက်ခံ၍ အာဆီယံဘုံသဘောတူညီချက် ငါးချက်မှတဆင့် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကိုပါ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂအနေနှင့်လည်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးသောအခြေအနေနှင့်သမိုင်းကြောင်းကို နားလည်ပြီး ပါဝင်ဘက်အသီးသီးနှင့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ထောက်ခံပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရန်နှင့် ရေရှည်ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါ၀င်လိုသည်ဟု ပြေားခဲ့သည်။ မစ္စဂျူလီဘစ်ရှော့က မြန်မာ့အရေးကို စနစ်တကျကိုင်တွယ်ဖြေရှင်းရန်၊ ပဋိပက္ခကို ဆောလျင်စွာအဆုံးသတ်ရန်၊ လူသားချင်းကူညီမှုဆိုင်ရာများနှင့် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၁၈ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တွင် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် ကျားဖြန့်လုပ်ကိုင်သော တရုတ်နိုင်ငံသားများကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ပြည်ထဲရေး၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားလေးဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများထဲတွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်မှလည်း ပါ၀င်သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံမှတဆင့် ကျားဖြန့်လုပ်ကိုင်သူ ငါးသောင်းကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဗြူရိုက ထုတ်ပြန်ထားသည်။ |
၂၀၂၄၊ ဩဂုတ် ၁၆ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးပွဲပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ စစ်ကောင်စီကောင်စစ်ဝန်ချုပ်များနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာလုနင် (Mr. Liu Ning) က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နောင်ငါးနှစ်အတွင်းတွင် လုပ်ဆောင်မည့် ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်မည့်လုပ်ငန်းများ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပြောခဲ့သည်။ ထို့အပြင် စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့်လုပ်ငန်းများနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၁၆ မြန်မာ့အရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးစည်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တရုတ်-လာအို-မြန်မာ-ထိုင်းနိုင်ငံ လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် ပြောခဲ့သည်။ ထိုစည်းသုံးစည်းမှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွားလို့မရခြင်း၊ အာဆီယံမိသားစုလမ်းကြောင်းမှ ကင်းကွာသွားလို့မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ ဖြစ်သည်။ ထိုအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် အထွေထွေရွေးကောက်ပွဲမှဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံကို အမည်ဖျက်လိုသည့် မည်သည့်လုပ်ဆောင်မှုမျိုးမဆို ရှုတ်ချကြောင်း မစ္စတာဝမ်ယိက မြန်မာ့အရေးနှင့်ပတ်သက်၍ ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွက် ကောင်းမွန်စွာ ဖြေရှင်းလိုကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်သည့်အခြေခံမူအား လုံးဝသဘောတူပါကြောင်းနှင့် မြန်မာနိုင်ငံ၏ပြဿနာကို မြန်မာပြည်သူများကသာ ဖြေရှင်းနိုင်ကြောင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံဆိုင်းခွန်မဆစ် (Mr. Saleumxay Kommasith)၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စအက်စီရိပင်တာရူချီ (Ms. Eksiri Pintaruchi) တို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဩဂုတ် ၁၆ ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး၀န်ကြီးဌာနများအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မဲခေါင်-လန်ချန်း အဖွဲ့၀င်နိုင်ငံများအကြား အချင်းချင်းအပြန်အလှန်ချိတ်ဆက်နိုင်ရေး၊ ဒစ်ဂျစ်တယ်ဆိုင်ရာဆန်းသစ်တီထွင်မှုများနှင့် စိုက်ပျိုးရေးမြှင့်တင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများတားဆီးကာကွယ်ရေးနှင့် ခရီးသွားလုပ်ငန်းပိုမိုမြှင့်တင်နိုင်ရေးတို့တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်ပုံစံဖြင့် ခေတ်မီအောင် မြှင့်တင်ရန်ကြိုပမ်းမှုသည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများနှင့် အခွင့်အလမ်းအသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ ‘ရပ်ဝန်းလမ်းကြောင်းအစီအမံ’ အောက်မှတဆင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာယဥ်ကျေးမှုအစီအမံများကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မစ္စတာဝမ်ယိက အဆိုပြုချက်လေးခုကို တင်သွင်းခဲ့သည်။ (၁) ငြိမ်းချမ်းရေးနှင့် တည်ငြိမ်းရေးကို ထိန်းသိမ်းရန်၊ (၂) တီထွင်ဆန်းသစ်မှုအသစ်များမှတဆင့် ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန်၊ (၃) အပြန်အလှန်ဆက်နွှယ်မှုရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ရန်နှင့် (၄) ပြည်သူချင်း လန်ချန်း-မဲခေါင်ယဥ်ကျေးမှုဖလှယ်ရေးကို အာရုံစိုက်ရန်တို့ဖြစ်သည်။ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်းဘက်စုံပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများတိုက်ဖျက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုးမှုစီမံကိန်း ၁၁၈ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၁၄ မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးနိုင်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စတာဝမ်ယိက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှတဆင့် နိုင်ငံရေးအဖြေရှာရန်၊ ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြန်လည်စတင်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာ့အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှုကို ကာကွယ်ထိန်းသိမ်းခြင်းအား ထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စိမ့်ဝင်မှုကို အခိုင်အမာဆန့်ကျင်ကြောင်း ပြောခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) က တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် အကျိုးရလဒ်များရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ တွေ့ဆုံခဲ့သေးသည်။ ယခုတွေ့ဆုံမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ အရာရှိများနှင့် ဦးသန်းရွှေတို့အကြား စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၁၄ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးနှင့် တရုတ်နိုင်ငံမှ နည်းပညာအကူအညီပေးရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်းစစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေနှင့် အာဆီယံတွင် ပါဝင်မှု၊ ရွေးကောက်ပွဲပြုလုပ်နိုင်ရန်ပြင်ဆင်မှုများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်းကောက်ယူမှု၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီများဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်စေမည့် ကိစ္စရပ်များ လုပ်ဆောင်နေမှုကို လက်ခံမည်မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့အပေါ် အလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူမှုအတွက် လိုအပ်သည့် နည်းပညာအကူအညီများကို တရုတ်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက်လည်း တရုတ်နိုင်ငံက တိုက်တွန်းခဲ့သည်။ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စမာကျား၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။ မြန်မာဘက်မှ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၁၄ မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ‘တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်ပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း’ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံရာတွင် ပြောခဲ့သည်။ ထို့အပြင် မစ္စတာဝမ်ယိက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှတဆင့် လုပ်ငန်းစဉ်ငါးရပ်ကို အကောင်အထည်ဖော်ကာ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ ရပ်ဝန်းလမ်းကြောင်းအစီအမံအောက်မှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကြီးများ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်ရန်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ဆက်လက်ဆောင်ရွက်ရန်အတွက်လည်း တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန်နှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းလမ်းကြောင်းအစီအမံများကို အကောင်အထည်ဖော်ကာ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် တရုတ်နိုင်ငံ၏လုံခြုံရေးနှင့် အကျိုးစီးပွားထိခိုက်စေမည့် ကိစ္စရပ်များကို လက်မခံကြောင်း ပြောခဲ့သည်။ မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ |
၂၀၂၄၊ ဩဂုတ် ၁၃ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင်အခြေစိုက်လုပ်ကိုင်နေသည့် တရုတ်ကျားဖြန့်ကုမ္ပဏီ ရထိုက်လုပ်ငန်းစု ထွက်ခွာမည်ဖြစ်ကြောင်း ရထိုက်လုပ်ငန်းစုက ထုတ်ပြန်ခဲ့သည်။ ရွှေကုက္ကို ရထိုက်ရုံးနှင့် လုပ်ငန်းများအား ဖျက်သိမ်းပြီး မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး စက်တင်ဘာ ၂၀ ရက်တွင် အပြီးရွှေ့ပြောင်းပေးရမည်ဟု ရွှေကုက္ကိုရထိုက်စုပေါင်းရုံးက ကြေညာခဲ့သည်။ နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏တောင်းဆိုမှုကြောင့် မိမိတို့လက်ရှိလုပ်ကိုင်နေသော ဒေသဖွံ့ဖြိုးမှုဆိုင်ရာလုပ် ငန်းများအားလုံး အကန့်အသတ်မရှိရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် ထွက်ခွာမည့်သူအားလုံးသည် သြဂုတ် ၈ ရက် နောက်ဆုံးထား၍ ရထိုက်စုပေါင်းရုံးတွင် ကျသင့်ငွေ ၃၉,၉၉၉ ဘတ် ပေးဆောင်ပြီး လာရောက်စာရင်းသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ရွှေကုက္ကိုမှ ထွက်ခွာမည့်သူများသည် ရထိုက်လုပ်ငန်းစု၏ စီစဥ်ပေးမှုဖြင့် ထွက်ခွာရမည်ဖြစ်ပြီး မိမိအစီအစဥ်ဖြင့် ထွက်ခွာသူများကို ရထိုက်အနေနှင့် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များသို့ ကိုယ်ရေးအချက်အလက်များကို ပေးပို့သွားမည်ဟု ဆိုသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံခြားသားများ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က ၂၀၂၄ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၁၃ တရုတ်နိုင်ငံခြားရေး၀န်ကြီး မစ္စတာ၀မ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ တုံ့ပြန်မှုကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံခြားရေး၀န်ကြီး မစ္စတာ၀မ်ယိက ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကဏ္ဍအသီးသီးတို့ကို အကျိုးတူပူးပေါင်းမှုတိုးမြှင့်စေကြောင်းပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်မစွက်ဖက်ကြောင်းနှင့် မြန်မာနိုင်ငံတည်ငြိမ်ရေး စီးပွားရေးတိုးတက်ရေး၊ ပြည်သူအကျိုးပြုလုပ်ငန်းများကိုအာမခံရေးအတွက် ထောက်ခံကြောင်း၊ မြန်မာနိုင်ငံရှိ ဘက်အသီးသီးအနေနှင့် အခြေခံဥပဒေမူဘောင်အတွင်းမှ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်ကောင်စီခေါင်းဆောင်ဟောင်း ဦးသန်းဆွေနှင့်ပါ တွေ့ဆုံခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်အဖြစ်တာဝန်ထမ်းဆောင်သည့် မစ္စမာကျားသည် ၎င်း၏ သံအမတ်ခန့်လွှာကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စမာကျားက တရုတ်-မြန်မာဆက်ဆံရေးကို အလေးထားပါကြောင်း၊ ငြိမ်းချမ်းသော တရုတ်-မြန်မာအသိုက်အဝန်းကို တည်ဆောက်လိုကြောင်းနှင့် နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များတွက် အကျိုးတူပူးပေါင်းလိုကြောင်း ပြောခဲ့သည်။ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အပြုသဘောဆောင်သော မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ နယ်ပယ်အသီးသီးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်းနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားများကို သယ်ဆောင်လာပေးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများဖြစ်သည့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရန်လည်း ဦးသန်းဆွေက ပြောခဲ့သည်။ မစ္စမာကျားသည် ၂၀ ဦးမြောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရာထူးများတွင် အမျိုးသမီးများအား ခန့်အပ်လာခြင်းဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၁၂ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် ကူမင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် ယူနန်ပြည်နယ် ပြည့်သူ့လုံခြုံရေးဌာန နိုင်ငံတကာပူးပေါင်းဆက်သွယ်ရေးဌာနမှူး မစ္စတာလျိုထင်းလုံတို့ ကူမင်းမြို့ ယူနန်ပြည်နယ်ပြည်သူ့လုံခြုံရေးဌာနတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုတွေ့ဆုံမှုတွင် နယ်စပ်ဒေသစီမံခန့်ခွဲရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီနှိမ်နှင်းရေး၊ ယူနန်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများအရေး၊ ယူနန်ပြည်နယ်တွင် အလုပ်လုပ်လျက်ရှိကြသော မြန်မာအလုပ်သမားအရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်တွင် မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံတွင် နေထိုင်ခွင့်နှင့်အလုပ်လုပ်ကိုင်ခွင့်ရရှိရန်ကြိုးပမ်းချက်များကြောင့် တရုတ်နိုင်ငံအတွင်း ရက်လွန်နေထိုင်မှုများရှိလာသည်။ ထို့နောက် တရုတ်အာဏာပိုင်များက ရက်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခြင်းနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းများကို ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံသို့ တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အခြေအနေအတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၇ ရက်တွင် ကွမ်တုံတုန်းပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာန လူ၀င်လူထွက်စီမံခန့်ခွဲဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလုကောချင်းနှင့် နန်နင်းမြို့အခြေစိုက် စစ်ကောင်စီကောင်စစ်ဝန်ရုံး၏ ကောင်စစ်၀န်ချုပ် ဒေါ်ခိုင်ဆုလင်းတို့ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ |
၂၀၂၄၊ ဩဂုတ် ၁၂ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်၀န်ချုပ်အဖြစ် တာ၀န်ထမ်းဆောင်မည့် မစ္စကောဖျင် (Ms. Gao Ping) တို့ တွေ့ဆုံခဲ့ကာ ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာ – တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့သည်။ နေရာလစ်လပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နေရာတွင် မစ္စမာကျား (Ms. Ma Jia) ကို ဇူလိုင်လတွင် ခန့်အပ်ခဲ့သည်။ ၎င်းသည် ၁၉၉၅ မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့ တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရာထူးများတွင် အမျိုးသမီးများကို ခန့်အပ်လာသည်။ |
၂၀၂၄၊ ဩဂုတ် ၁၂ မစ္စမာကျားအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်အဖြစ် ခန့်အပ်ရန် တရုတ်နိုင်ငံအစိုးရ၏ အဆိုပြုချက်ကို စစ်ကောင်စီက သဘောတူပြီးဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်သည်။ မစ္စမာကျားသည် ၁၉၉၁ ခုနှစ်တွင် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး အာရှရေးရာဦးစီးဌာနတွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ သံအရာရှိနှင့် တတိယအတွင်းဝန်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် တတိယအတွင်း၀န်၊ ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၌ ဒုတိယအတွင်းဝန်၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် ဒုတိယအတွင်းဝန်၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် ပထမအတွင်းဝန်အဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ဗြိတိန်နှင့် မြောက်အိုင်ယာလန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် သံမှူး၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် သံမှူးနှင့် သံမှူးကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်၀န်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစကာ လက်ရှိရာထူးခန့်အပ်မခံရမီအထိ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။ မစ္စမာကျားမတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာချန်းဟိုင်မှာ တာဝန်ပြီးဆုံး၍ ၂၀၂၄ ခုနှစ် ဇူလိုင် ၈ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။ |
၂၀၂၄ ဩဂုတ် ၁၂ တရုတ်နိုင်ငံက ဦးဆောင်ပြုလုပ်သည့် အာဆီယံ-တရုတ် ရက်သတ္တပတ်-၂၀၂၄ (ASEAN-China Week) ကို တရုတ်နိုင်ငံ ရှန်းရှီး (Shanxi) ပြည်နယ် ချန်ကျိ (Changzhi) မြို့တွင် ပြုလုပ်ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံး ထုတ်ပြန်သည်။ အဆိုပါအခမ်းအနားတွင် အာဆီယံ-တရုတ် ချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဥ်ကျေးမှုဖလှယ်ရေးတို့အတွက် အဓိကဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်တက်ရောက်ခဲ့ပြီး အာဆီယံနှင့် တရုတ်နိုင်ငံအကြား ပြည်သူအချင်းချင်း ယဉ်ကျေးမှု၊ ဆက်သွယ်သွားလာမှုများ အပြန်အလှန်တိုးမြှင့်ခြင်းဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေးကို မြှင့်တင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန်မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် လူငယ်ဖွံဖြိုးရေးတွင် ခရီးသွားကဏ္ဍ၏ ကြားခံအဖြစ် ဆောင်ရွက်နိုင်မှုကို ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးခဲ့သည်။ ထို့အပြင် နိုင်ငံများအလိုက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေများကို ဆွေးနွေးရာ၌ စစ်ကောင်စီ တရုတ်နိုင်ငံဆိုင်ရာသံရုံးမှ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ရရှိမည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ မြေနှင့် အခြေခံအဆောက်အဦးဆိုင်ရာ အကျိူးခံစားခွင့်များကို ဆွေးနွေးခဲ့သည်။ အာဆီယံ-တရုတ် ရက်သတ္တပတ်-၂၀၂၄ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ရှန်းစီးပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာကျင်းရှန်းကျွင်း၊ အာဆီယံအသိုက်အဝန်းနှင့် ကော်ပိုရိတ် (Corporate) ရေးရာ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာနာရာယာအက်စ်ဆိုပရက်တို (Mr. Nararya S. Soeprapto) နှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့် (Mr. Shi Zhongjun)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များနှင့် စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဩဂုတ် ၁၁ အာဆီယံ-တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်နှင့် စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီး ဒေါက်တာသက်သက်ခိုင်တို့ တရုတ်နိုင်ငံ ရှန်းရှီးပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်အကြောင်း ပိုမိုနားလည်စေရေး၊ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ ဒေါက်တာသက်သက်ခိုင်သည် ရှန်းရှီးပြည်နယ် ချန်ကျိမြို့တွင်ပြုလုပ်သည့် အာဆီယံ-တရုတ် ရက်သတ္တပတ်-၂၀၂၄ (ASEAN-China Week) သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၉ မတူကွဲပြားသောယဥ်ကျေးမှုများ အတူယှဥ်တွဲနေထိုင်ရေးနှင့် အပြန်အလှန်အကျိုးပြုစေရေးတို့အတွက် ရည်ရွယ်ပြုလုပ်သည့် အခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်သည်။ ‘မင်္ဂလာအဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ’ ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း (Ms. Cao Jing) က တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ၀င်ရောက်ခရီးသွားရေး၊ အဆင်ပြေစွာ အလုပ်လုပ်ကိုင်ရန်နှင့် နေထိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအနေနှင့် လက်ဖက်ရည်ကို ကြားခံထားကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံအကျိုးစီးပွား ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စဝမ်ကျန်းကျန်း (Ms. Wang Jiangjiang)၊ စစ်ကောင်စီ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအခြေစိုက် သံတမန်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဩဂုတ် ၉ တရုတ်နိုင်ငံသည် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုအမြန်ဆုံးပြန်လည်ရရှိရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မိမိကိုယ်ပိုင်နည်းလမ်းဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အသီးသီးကို တိုက်ပွဲများရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်၊ နိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ဆောလျင်စွာရရှိအောင် ကြိုးပမ်းရန် တိုက်တွန်း အားပေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အပံ့ပေးခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးကို တတ်စွမ်းသမျှ တက်ကြွစွာ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်သည့်အချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါစစ်ဆင်ရေးနှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုမှုပေါင်း ၂၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၈ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစီအမံ၏ ၁၁ ကြိမ်မြောက် အဆင့်မြင့်အရာရှိအစည်းအဝေးကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန် (Mr. Sun Weidong) က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ တရုတ်န်ိုင်ငံသည် ဘက်စုံပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်၍ တရုတ်ပုံစံခေတ်မီမှုကို မြှင့်တင်လိုကြောင်းနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများနှင့်အတူ အေးအတူပူအမျှ အသိုက်အ၀န်းကို တည်ဆောက်လိုကြောင်း ပြေကြားခဲ့သည်။ ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး၏ ရလဒ်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ အစည်းအဝေးတွင် လန်ချန်း-မဲခေါင်နိုင်ငံများအကြား ဒုတိယအကြိမ်မြောက် ငါးနှစ်တာလှုပ်ရှားမှုအစီအစဉ်ကို အကောင်အထည်ဖော်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစီအမံ အဖွဲ့၀င်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစီအမံ ငါးနှစ်တာလှုပ်ရှားမှုအစီအစဉ် (၂၀၂၃-၂၀၂၇) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြုလုပ်ခဲ့သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစီအမံ လေးကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါငါးနှစ်တာလှုပ်ရှားမှုအစီအစဥ်တွင် နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှု စသည့် နယ်ပယ်များတွင် နောက်ငါးနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များ ပါရှိသည်။ |
၂၀၂၄၊ ဩဂုတ် ၈ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်ရေး၊ အွန်လိုင်းရာဇဝတ်မှုများနှိမ်နင်းရေး၊ တရားမဝင်လုပ်ငန်းများ ပပျောက်ရေး၊ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်အခြေအနေများနှင့် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ပြင်ဆင်မှုတို့ကို ဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယခုခရီးစဉ်သည် မစ္စတာတိန့်ရှီကျွန်း၏ ရှစ်ကြိမ်မြောက် နေပြည်တော်ခရီးစဉ်ဖြစ်သည်။ ဩဂုတ်လအတွင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ခြောက်ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲပြုလုပ်ရန် တရုတ်နိုင်ငံဘက်က ကြိုးပမ်းခဲ့သော်လည်း မဖြစ်မြောက်ခဲ့ပေ။ လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး ဩဂုတ် ၆ ရက်တွင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို တားဆီးပေးရန် တရုတ်နိုင်ငံကို အဓိကထား၍ နိုင်ငံတကာကို ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆိုသည့် သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၈ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံးမှ ပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ ကူမင်းမြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးက ချမှတ်ခဲ့သည့် မဟာဗျူဟာများ၊ မူဝါဒများအပေါ်မူတည်၍ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအတွက် ဦးသွင်ထက်လင်းက ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ကူမင်းမြို့အခြေစိုက် ကောင်စစ်၀န်ချုပ်ရုံးများမှ ကောင်စစ်၀န်ချုပ်များ၊ သံတမန်များ၊ နိုင်ငံခြားပညာသင်ကျောင်းသားများနှင့် ဆရာများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဩဂုတ် ၇ တရုတ်နိုင်ငံသို့ တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အခြေအနေအတွက် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်၀န်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်တုံပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာန လူ၀င်လူထွက်စီမံခန့်ခွဲမှုဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ လုကောချင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားဝင်နှင့် တရားမဝင် ဝင်ရောက်မှုအတွက် ကောင်စစ်ရုံးနှင့်သက်ဆိုင်သည့်ကိစ္စများ၊ နှစ်နိုင်ငံအကြား လူကုန်ကူးမှုနှင့် တရားမ၀င်အလုပ်လုပ်ကိုင်မှု တိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ကွမ်တုံးပြည်နယ် ဒုတိယဥက္ကဋ္ဌ မစ္စချီရွှမ် (Mrs. Chi Shuang) နှင့်တွေ့ဆုံကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်သွားရောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ သက်တမ်းလွန်နေသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်နီ) (TBP) ဖြင့်သော်လည်းကောင်း တပတ်ခံကတ် (စာအုပ်စိမ်း) ဖြင့်နေထိုင်ကာ တရုတ်နိုင်ငံအတွင်းတွင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကို တရုတ်နိုင်ငံက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၆ တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်၀န်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်တုံပြည်နယ် နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စချွမ်ဟုန်ကျယ် (Ms. Qian Hong Jie) ကို ကွမ်တုံပြည်နယ်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် ကွမ်တုံပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက်စေရန်၊ စီးပွားရေး၊ ပညာရေး၊ သာသနာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားကဏ္ဍများ၏ တိုးတက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၄ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (China Foundation for Rural Development-CFRD) ၏ Smiling Children Program ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်-၄၇ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ရန်ကုန်တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ပိုင်နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် မစ္စထန်ဖန်မိန် (Ms. Tang Fengmei) တို့ တက်ရောက်ခဲ့သည်။ CFRD ၏ Smiling Children Program ဖြင့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှစကာ လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်း ၁၀ ခုမှ ကျောင်းသား ကျောင်းသူ ၅,၀၀၀ ကျော်ကို ပညာသင်နှစ်တလျှောက် နေ့လည်စာကျွေးမွေးလှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် CFRD အနေနှင့် Smiling Children Program ကို မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး အဆိုပါအစီအစဥ်ဖြင့် ငတ်မွတ်မှုကင်းစင်ရေး၊ ပညာရေးမြှင့်တင်ရေးနှင့် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်မှုတိုးမြှင့်ပေးရေး စသည့် ကဏ္ဍများအတွက် အကူအညီများ ထောက်ပံ့လျက်ရှိသည်။ |
၂၀၂၄၊ ဩဂုတ် ၂ တရုတ်နိုင်ငံ၏ Care for the future အစီအစဉ်ဖြင့် မြန်မာနိုင်ငံရှိ စာသင်ကျောင်းခြောက်ကျောင်းအတွက် အားကစားပစ္စည်းများလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးမစ္စချောင်လီ (Ms. Qiao Li) က တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေသွားမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ခင်မင်မှုနှင့် နားလည်မှုတို့ကို တိုးမြှင့်လိုကြောင်း အမှာစကားပြောခဲ့သည်။ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒုတိယအထွေထွေအတွင်းရေးမှူး မစ္စတာလုကျန်ကျုံး (Mr. Liu Zhenzhong) ကလည်း ပညာရေးနယ်ပယ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံအရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင်လည်း Care for the Future အစီအစဉ်အောက်မှတဆင့် တရုတ်ယဉ်ကျေးမှုနှင့်ပတ်သက်သည့် စာအုပ်များကို ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ ကျောင်းသား ၂,၀၀၀ ကျော်အတွက် လှူဒါန်းခဲ့သည်။ အဆိုပါအစီအစဉ်ကို ဘေဂျင်းအခြေစိုက်အဖွဲ့အစည်းတခုဖြစ်သည့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Peace and Development-CFPD)၊ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့် ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ |
၂၀၂၄၊ ဩဂုတ် ၂ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ခြင်း နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချုံချင့်ရေဒီယိုနှင့် ရုပ်မြင်သံကြားသတင်းဌာနက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုအစီအစဥ်တွင် ပါဝင်ဖြေကြားခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုတွင် ချုံချင့်မြို့၌ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ပြီး နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့မှုများကို ဦးကျော်ဇေယျာလင်းက ဖြေကြားခဲ့သည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုအစီအစဥ်ကို ချုံချင့်ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းများတွင် အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ထုတ်လွှင့်ပြသခဲ့သည်။ |
၂၀၂၄၊ ဩဂုတ် ၂ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည့် တကောင်းနီကယ်စက်ရုံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီး လုံခြုံရေးဆောင်ရွက်နေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဇူလိုင်လကုန်တွင် စက်ရုံအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သား ၅၀ ဦးခန့်က ပြည်သူ့ကာကွယ်ရေးတပ်များထံ လက်နက်ချခဲ့သည်။ စီမံကိန်းတခုလုံးကို သိမ်းပိုက်ပြီးနောက် စက်ရုံအတွင်းရှိ အလုပ်သမားများနှင့် စက်ရုံလုံခြုံရေးကို ဆောင်ရွက်ပေးထားကာ တရုတ်နိုင်ငံနှင့် NUG အကြား စက်ရုံအနာဂတ်အတွက် ဆွေးနွေးမှုများရှိကြောင်း ဦးနေဘုန်းလတ်က ပြောခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို တရားဝင်ကြေညာချက် မရှိသေးပါ။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နီကယ်စက်ရုံကို ဆက်လက်လည်ပတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စက်ရုံကိုသွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စီမံကိန်းခေတ္တရပ်တန့်ခဲ့ပြီး ထိုနှစ် မေလတွင် လုပ်ငန်းပြန်လည်လည်ပတ်ခဲ့သည်။ တကောင်းနီကယ်စက်ရုံစီမံကိန်းမှာ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction ကုမ္ပဏီနှင့် စစ်ကောင်စီ အမှတ်-၃ သတ္တုတွင်းလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် စီမံကိန်းစတင်လည်ပတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈၅၅ သန်းရှိကာ နှစ် ၂၀ သက်တမ်းဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။ စီမံကိန်းမှ နှစ်စဥ် နီကယ်တန်ချိန် ၈၅,၀၀၀ ထုတ်လုပ်လျက်ရှိသည်။ |
၂၀၂၄၊ ဩဂုတ် ၂ ပြည်တွင်းကုမ္ပဏီသုံးခုက တင်သွင်းသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဥ်များနှင့် ခရီးသည်တင်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါမော်တော်ယာဉ်များကို စစ်ကောင်စီ၏ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Unitrust Enterprise Group, မန္တလာမင်းနှင့် Earth Renewable Energy ကုမ္ပဏီတို့က တင်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါလျှပ်စစ်ကားများကို တရုတ်နိုင်ငံပိုင် Chery, Weichai နှင့် Zhongtong ကုမ္ပဏီတို့က ထုတ်လုပ်ခြင်းဖြစ်သည်။ |
၂၀၂၄၊ ဇူလိုင် ၃၁ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy သို့ သုံးဖက်မြင်သင်ကြားရေး (Smart Boards) ၁၀ လုံး လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ထိုသင်ထောက်ကူပစ္စည်းများသည် သင်ကြားနည်းစနစ်ကို ပိုမိုထိရောက်စေကြောင်း၊ Naypyitaw State Academy (NSA) ကို နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရန် အထောက်အကူဖြစ်စေကြောင်း အဆိုပါလှူဒါန်းသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။ အခမ်းအနားသို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာအရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး မစ္စတာလီချန်ကော့ (Mr. Li Qianguo) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးအရာရှိချုပ် မစ္စတာတန်ဖန်မိန် (Mr. Tang Fengmei)၊ ဌာနေကိုယ်စားလှယ် မစ္စလင်းယွမ် (Ms. Lin Yuan)၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ NSA သည် စစ်ကောင်စီ၏ ဝန်ထမ်းများနှင့် သားသမီးများအတွက် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်၊ စီးပွားရေး၊ လူမှုရေး၊ ဥပဒေ၊ အားကစားနှင့် ဆေးပညာရပ်များကို သင်ကြားနိုင်ရန် ဖွင့်လှစ်ထားသည့် တက္ကသိုလ်ဖြစ်သည်။ |
၂၀၂၄၊ ဇူလိုင် ၃၁ ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်က ဦးဆောင်ပြုလုပ်သည့် မူဝါဒရှင်းလင်းပွဲသို့ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် ချုံချင့်မြူနီစီပယ်စီးပွားရေးကော်မရှင်မှ ၂၀၂၄ ခုနှစ်အတွက် ချုံချင့်မြူနီစီပယ်မြို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်သည့် မူဝါဒနှင့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ အဆိုပါမူဝါဒရှင်းလင်းပွဲသို့ ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်၊ ချုံချင့်မြို့အခြေစိုက် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဒုတိယကောင်စစ်ဝန်ချုပ်များ၊ ချုံချင့်မြို့ရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄ ဇူလိုင် ၃၁ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့် ဥပဒေများကို ဆွေးနွေးရန် တရုတ်နိုင်ငံ ကွမ်ရှီးစိုက်ပျိုးရေးနှင့် စက်မှုကုန်သည်များအသင်း (Guangxi Agricultural Industry Chamber of Commerce) ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာဝူဂွမ်ကျုံး (Mr. Wu Guanzong) နှင့် နန်နင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများ၊ မူဝါဒများ၊ သွင်းကုန်/ပို့ကုန်ဆိုင်ရာ ဥပဒေများနှင့် ဈေးကွက်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ စသည့် လယ်ယာထွက်ကုန်များ၊ သစ်သီးများနှင့် ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်သွင်းမှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု၌ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကွမ်ရှီးစိုက်ပျိုးရေးနှင့် စက်မှုကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာဝူဂွမ်ကျုံး၊ တရုတ်နိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုမ္ပဏီများ၊ သွင်းကုန် ပို့ကုန် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄ ဇူလိုင် ၃၀ တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ငါးရက်တာကြာမြင့်မည့် ‘မြန်မာအင်ဂျင်နီယာများ၏ တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်’ ဖွင့်ပွဲကိုပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် Highrise and Public Building Project Committee တို့မှ အငယ်တန်းအင်ဂျင်နီယာ ၁၀ ဦးသည် တရုတ်နိုင်ငံ၊ နန်နင်းမြို့နှင့် ကူမင်းမြို့တွင် လေ့လာမည်ဖြစ်သည်။ နန်နင်းမြို့ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက ခရီးစဉ်အတွေ့အကြုံများကို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံချနိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်နိုင်စေရန် တိုက်တွန်းခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် တရုတ်အင်ဂျင်နီယာအသင်း (Chinese Institue of Engineers) တို့အကြား နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်နိုင်ငံသိပ္ပံနှင့်နည်းပညာအဖွဲ့အစည်းတို့ကြား အသိအမှတ်ပြု သဘောတူညီချက် (MRA) ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်နိုင်ငံအင်ဂျင်နီယာများအဖွဲ့ (the Association of Chinese Engineers) တို့အကြား အင်ဂျင်နီယာများ၏ အရည်အသွေးမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၃၀ တရုတ်အစိုးရအနေနှင့် မြန်မာ့အရေးကို ဝင်မစွက်ဖက်ရန် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၊ နယူးယောက်နှင့် ဆန်ဖရန်စ္စကိုမြို့ရှိ တရုတ်သံရုံးများရှေ့တွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက တပြိုင်နက် ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ဂျပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံရှိ တရုတ်သံရုံးများတွင်လည်း မြန်မာ့အရေးကို ဝင်ရောက်မစွက်ဖက်ရန် မြန်မာနိုင်ငံသားများက တောင်းဆိုဆန္ဒပြခဲ့ကြသေးသည်။ |
၂၀၂၄ ဇူလိုင် ၃၀ တရုတ်အစိုးရအနေနှင့် စစ်ကောင်စီနှင့်မပူးပေါင်းရန် လန်ဒန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသား ၁၅၀ ခန့်က တောင်းဆိုဆန္ဒပြခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုဆန္ဒပြပွဲတွင် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံသားများဘက်မှ ရပ်တည်ရန်နှင့် စစ်ကောင်စီကို လက်နက်ရောင်းချခြင်းမပြုရန်လည်းတောင်းဆိုခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၃၀ စစ်ဆင်ရေးကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပျက်စီးစေခြင်းမှ ရှောင်ရှားရန်နှင့် အမျိုးသားဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲများကို ဆင်နွှဲရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့်ပတ်သက်၍ MNDAA ၏ စစ်ရေးကော်မတီက အချက်သုံးချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မဆုံးရှုံးစေရေး အတတ်နိုင်ဆုံးတားဆီးရန်နှင့် ပြည်သူလူထုနှင့် နိုင်ငံခြားသားများ၏ အသက်အိုးအိမ်ကိုကာကွယ်ပေးရန်ပါရှိသည်။ မဟာမိတ်များနှင့် ဆွေးနွေးပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများကို ထိခိုက်စေသည့် လုပ်ဆောင်ချက်များကို ဟန့်တားရန်နှင့် တွေ့ရှိပါက စစ်ရေးကော်မတီသို့ အကြောင်းကြားရန်လည်း ဖော်ပြထားသည်။ စစ်မြေပြင်တွင် ပိတ်မိနေသော တရုတ်နိုင်ငံသားများကို အချိန်မှီကယ်တင်ရန်နှင့် တိုက်ခိုက်ခံရသော တရုတ်နိုင်ငံသားများကို ကူညီရန်လည်း ပါရှိသည်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က တရုတ်စီမံကိန်းများ၊ လုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရန် ထပ်မံတောင်းဆိုခဲ့သေးသည်။ ISP-Myanmar ၏ အချက်အလက်များအရ တရုတ်စီမံကိန်းများ၏ တန်ဖိုး ၅၃ ရာခိုင်နှုန်းကျော်ကို EAOs များက ထိန်းချုပ်ထားသည်။ (တရုတ်စီမံကိန်းများကို EAOs များ ထိန်းချုပ်ထားမှုအခြေအနေကို ISP-Myanmar ကပြင်ရပ်ဝန်း၏ အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ် – ၄၃ တွင် ရှုပါ။) |
၂၀၂၄ ဇူလိုင် ၂၉ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်သည့် ၉၇ နှစ်မြောက်အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတရုတ်စစ်သံမှူးဗိုလ်ချုပ်ကြီးကျန်းဇီကျင်း (Senior Colonel Zheng Zijie)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံမစ္စချောင်ကျင်း (Ms. Cao Jing)၊ စစ်ကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအရာရှိများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်အနီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းကွပ်ကွဲမှုဌာနခွဲက ၂၀၂၄ ခုနှစ် ဧပြီလတွင် ကြည်းတပ်၊ လေတပ်ဖြင့် စစ်ရေးလေ့ကျင့်ခဲ့သေးသည်။ |
၂၀၂၄ ဇူလိုင် ၂၇ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးရေးမူဝါဒကို လိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မည်ဖြစ်ကြောင်း စစ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကျားဖြန့်ကျူးလွန်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိပါက အထူးဒေသရဲတပ်ဖွဲ့မှတဆင့် တရုတ်နိုင်ငံသို့လွှဲပြောင်းပေးမည်ဖြစ်ကြောင်းနှင့် ကျားဖြန့်လုပ်ငန်းများ ပပျောက်သည်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ လားရှိုးမြို့အတွင်းနေထိုင်သူများအနေနှင့် ကျားဖြန့်လုပ်ကိုင်သူများ၊ ရန်သူ့ထောက်လှမ်းရေးများနှင့် ရာဇဝတ်မှုကျူးလွန်သူများကို တွေ့ရှိပါက အကြောင်းကြားရန်လည်း တိုက်တွန်းထားသည်။ |
၂၀၂၄ ဇူလိုင် ၂၆ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြားကုန်သွယ်ရေးအတွက် မြန်မာ-တရုတ်(ချုံချင့်) စီးပွားရေးနှင့် ကုန်သွယ်ရေးမိတ်ဆက်ဆွေးနွေးပွဲကို ချုံချင့်မြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCC) နှင့် ချုံချင့်မြူနီစီပယ်မြို့ တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (China Council for the Promotion of International Trade – CCPIT Chongqing Committee) တို့ ဦးဆောင်ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၂၅ မြန်မာ-တရုတ် နှစ်နိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများက ဦးဆောင်၍ ဘန်ဒေါင်းမူငါးရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးမစ္စချောင်လီ (Mrs. Qiao Li)၊ သံရုံးယာယီတာဝန်ခံ မစ္စချောင်ဂျင်း (Ms. Cao Jing)၊ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုး၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချောချောစိန်နှင့် နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေအုပ်တို့ တက်ရောက်ခဲ့သည်။ ‘ဘန်ဒေါင်းမူငါးရပ်’ ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံအစိုးရက ဖိတ်ကြားမှုဖြင့် တက်ရောက်ခဲ့သည်။ ဘန်ဒေါင်းမူငါးရပ်ကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားတွင် ၁၉၅၄ ခုနှစ် ဇွန် ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၂၅ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ရှမ်းပြည်နယ် လားရှိုးမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်မှုအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံကို Reuters သတင်းဌာနက မေးမြန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အခြေအနေကို အစဉ်အမြဲလေ့လာလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့်အဖြေရှာရန်၊ ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်ရန်၊ ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် အဖြေရှာရန်၊ ပဋိပက္ခအရှိန်မြင့်လာမှုကို ရှောင်ကြဥ်ရန်တောင်းဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အဆိုပါစီမံကိန်းများတွင် လုပ်ကိုင်နေသာ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ထိခိုက်မှုမရှိစေရေးအတွက်လည်း တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် အဖြေရှာရန်ကိုလည်း တိုက်တွန်းခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းပဋိပက္ခနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုခြင်းသည် ယခုအကြိမ်မှာ ၂၅ ကြိမ်မြောက် ဖြစ်သည်။ |
၂၀၂၄ ဇူလိုင် ၂၄ မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိမ်းရှောင်နေသော တရုတ်နိုင်ငံက အလိုရှိသည့် သံသယရှိသူ ဝရမ်းပြေးသုံးဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတရားခံများကို မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော ပြစ်မှုများကြောင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံသည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် သံသယရှိသူ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ |
၂၀၂၄ ဇူလိုင် ၂၄ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တရုတ်နိုင်ငံပိုင် SPIC Yunnan International Power Investment Corporation-SPICYN သို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ သွားရောက်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနစာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် တရုတ်ကုမ္ပဏီ SPICYN ၏ ဦးဆောင်အဖွဲ့နှင့် ပူးပေါင်း၍ မြစ်ဆုံစီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကိုဆောင်ရွက်ရန် ရည်ရွယ်ကာ စစ်ကောင်စီက စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ SPICYN သည် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) ကို အမည်ပြောင်းလဲခဲ့သောကုမ္ပဏီဖြစ်ပြီး မြစ်ဆုံစီမံကိန်းတွင် ၈၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်သည့် အဓိကအစုရှယ်ယာဝင်ဖြစ်သည်။ (မြစ်ဆုံဆည်စီမံကိန်းအကြောင်းကို ISP-Myanmar China Desk Special Issue တွင် ရှုပါ)။ |
၂၀၂၄ ဇူလိုင် ၂၃-၂၈ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင်ပြုလုပ်သည့် ရှစ်ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် ၂၈ ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်၊ သွင်းကုန်ပြပွဲများသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ အဆိုပါကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဦးသန်းဆွေက တရုတ်နှင့် တောင်အာရှနိုင်ငံများမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ပြပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂,၀၀၀ ပါဝင်ပြသခဲ့ပြီး မြန်မာနိုင်ငံမှ ကုမ္ပဏီ ၈၈ ခုကလည်း ပြခန်း ၂၆ ခန်းဖြင့် ပါဝင်ပြသခဲ့သည်။ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဆိုပါကုန်စည်ပြပွဲများသို့ တရုတ်နိုင်ငံ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာတင်ကျုံးလီ (Mr. Ding Zongli) အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အစိုးရအရာရှိများလည်း တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄ ဇူလိုင် ၂၃ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo) နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄ ဇူလိုင် ၂၃ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ ၁၄ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာတင်ကျုံးလီ (Mr. Ding Zongli) နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ အဆင့်မြင့်အရာရှိများနှင့် အပြန်အလှန်ခရီးစဉ်များပိုမိုပြုလုပ်ရန်၊ နှစ်နိုင်ငံအကြား စီမံကိန်းများကို အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆန်စွာ ကူညီရန်၊ နှစ်နိုင်ငံနယ်စပ်ရှိ ရာဇဝတ်မှုများ တိုက်ဖျက်ရန်အတွက်လည်း ဆွေးနွေးခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၂၀-၂၇ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး နိုင်ငံရေးပါတီလေးခုမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ သွားရောက်ခဲ့ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလတွင် ပါတီချင်းဆက်ဆံရေးအနေဖြင့် ဖိတ်ကြားခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။ ထိုခရီးစဉ်အတွင်းတွင် ပါတီလေးခုသည် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနနှင့် တွေ့ဆုံခဲ့သည်။ ဦးကိုကိုကြီးက ပါတီချင်းဆက်ဆံရေးမှတဆင့် နိုင်ငံတည်ငြိမ်ရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေမှုအခြေအနေများကို တရုတ်အစိုးရအာဏာပိုင်များထံ ရှင်းလင်းတင်ပြရန် ရည်ရွယ်ကြောင်း Eleven Media Group နှင့်တွေ့ဆုံရာတွင် ပြောခဲ့သည်။ ထို့အပြင် ပါတီအသီးသီးနှင့် NP news ၏ တွေ့ဆုံမေးမြန်းမှုတွင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက လက်ရှိ ‘စစ်ဆင်ရေး ၁၀၂၇’ အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိတ်နေမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံလုံးနစ်နာကြောင်းနှင့် စီးပွားရေးလမ်းပွင့်စေရန် တရုတ်နိုင်ငံကို ပြောမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ပါတီချင်းဆက်ဆံခြင်းဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ မြန်မာ့စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်၊ ရွေးကောက်ပွဲအခြေအနေနှင့် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍကို ဆွေးနွေးရန်နှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် ပါတီငယ်သုံးခုအနေနှင့် ပါဝင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးရန်ရှိကြောင်း NP News ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေနှင့် နိုင်ငံရေးအကျပ်အတည်းကို တည်ငြိမ်စွာကျော်လွှားလိုသည့် ဆန္ဒရှိကြောင်း၊ နှစ်ပါတီဆွေးနွေးမှုမှတဆင့် အဖြေတခုကို ပေးနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိရောက်သည့်အကြံပြုချက်ပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးမောင်မြင့်က ယခုခရီးစဉ်သည် ပါတီအချင်းချင်းဆက်ဆံရေးသာဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား အပြန်အလှန်သွားလာသည့်ကိစ္စများရှိနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါခရီးစဥ်အတွင်း ဆွေးနွေးခဲ့သည့်အချက်အလက်များကိုမူ တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ။ |
၂၀၂၄ ဇူလိုင် ၁၉ တရုတ်နိုင်ငံ၏ တောင်းဆိုမှုကြောင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က အပစ်အခတ်ရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်ခဲ့ကြောင်း MNDAA စစ်ရေးကော်မတီက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် စစ်ပွဲများရပ်တန့်ရန် တောင်းဆိုထားသည့်အတွက် ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အထိ ၁၃ ရက်ကြာ အပစ်ရပ်ရန် ထုတ်ပြန်ချက်တွင်ပါရှိသည်။ MNDAA တပ်ဖွဲ့ဝင်များအနေနှင့် လက်ရှိရောက်ရှိနေသော နေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်နှင့် MNDAA ဖက်မှ ထိုးစစ်ဆင်ခြင်းကို ရပ်တန့်ရန် ဖော်ပြထားသည်။ ထို့အပြင် အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း လေကြောင်းရန်ကာကွယ်ရေးကို စီမံရန်နှင့် စစ်ဘေးရှောင်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်းပါရှိသည်။ ထိုထုတ်ပြန်ချက်ကို MNDAA ၏ ကွပ်ကဲရေးတပ်မှူးများ၊ အရာရှိများနှင့် စစ်သည်များအားလုံး တိကျစွာလိုက်နာရန်နှင့် အပစ်ရပ်ကာလအတွင်း စစ်ကောင်စီက တိုက်ခိုက်လာပါက MNDAA တပ်ဖွဲ့ဝင်များအနေနှင့် ပြန်လည်ခုခံပိုင်ခွင့်ရှိကြောင်းလည်း ပါရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဇူလိုင် ၁၄ မှ ၁၈ ရက်အထိ လေးရက်ကြာကျင်းပခဲ့ပြီး အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ စိုးရိမ်မှုကြောင့် ပထမအကြိမ်အဖြစ် MNDAA မှ အပစ်အခတ်ရပ်ဆဲခဲ့သည်။ ယခု ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အထိ အပစ်ရပ်မှုသည် ဒုတိယအကြိမ်ဖြစ်သည်။ |
၂၀၂၄ ဇူလိုင် ၁၇ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်းလုပ်ကိုင်နေသည့် တောင်ကိုရီးယားကုမ္ပဏီ POSCO ဒေဝူးကော်ပိုရေးရှင်းနှင့် တရုတ်ကမ်းလွန်ရေနံအင်ဂျင်နီယာကုမ္ပဏီ (Offshore Oil and Engineering Co.Ltd – COOEC) တို့အကြား ရွှေဓာတ်ငွေ့စီမံကိန်း အဆင့်-၄ အတွက် အင်ဂျင်နီယာ၊ ပစ္စည်းဝယ်ယူရေးနှင့် ဆောက်လုပ်ရေး (EPC) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရှန်ဟိုင်းစတော့အိတ်ချိန်းစာမျက်နှာတွင် ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိ စာချုပ်အရ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်း A-1 လုပ်ကွက်တွင် စီမံကိန်းအဆင့်-၄ တိုးချဲ့လုပ်ငန်းအတွက် COOEC က ကန်ထရိုက်တာအဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ အဆင့်-၄ တိုးချဲ့ဆောင်ရွက်မှုတွင် တွင်းအသစ်တူးဖော်ရန် လိုအပ်သည့် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်း၊ တူးဖော်ရေးပလက်ဖောင်းများကို ပြန်လည်ပြုပြင်ခြင်း၊ ရေအောက်ပိုက်လိုင်းနှင့် စက်ပစ္စည်းများတပ်ဆင်ခြင်း၊ လုပ်ငန်းမအပ်နှံခင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် စာချုပ်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုဆောက်လုပ်ရေးလုပ်ငန်း၌ ရေမီတာ ၁,၀၀၀ တွင် ဓာတ်ငွေ့တူးဖော်ရန် ပိုက်လိုင်း၊ စက်ရုံနှင့် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများပါရှိပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် အချိန်သုံးနှစ် သတ်မှတ်ထားသည်။ ဓာတ်ငွေ့တူးဖော်ခြင်းလုပ်ငန်းအတွက် စီမံကိန်းအဆင့်-၁ အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဓာတ်ငွေ့စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စီမံကိန်းအဆင့်-၂ ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့နောက် စီမံကိန်းအဆင့်-၃ ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးအချိန်တွင် အကောင်အထည်ဖော်ခဲ့ပြီး အဆင့်-၄ ကို ၂၀၂၄ ခုနှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းမှထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံထံ တင်ပို့ရောင်းချရေးအတွက် ဒေဝူးအင်တာနယ်ရှင်နယ်ကော်ပိုရေးရှင်း (လက်ရှိအမည် POSCO ဒေဝူးကော်ပိုရေးရှင်း) နှင့် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့အကြား ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်ကာ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် တရုတ်နိုင်ငံထံ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချနေသည်။ COOEC သည် တရုတ်နိုင်ငံပိုင် ကမ်းလွန်ရေနံကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲဖြစ်ပြီး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများသာမက လေအားလျှပ်စစ်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။ အာရှပစိဖိတ်တွင် အကြီးမားဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သည်။ (တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄ ဇူလိုင် ၁၇ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်းလုပ်ကိုင်နေသည့် တောင်ကိုရီးယားကုမ္ပဏီ POSCO ဒေဝူးကော်ပိုရေးရှင်းနှင့် တရုတ်ကမ်းလွန်ရေနံအင်ဂျင်နီယာကုမ္ပဏီ (Offshore Oil and Engineering Co.Ltd – COOEC) တို့အကြား ရွှေဓာတ်ငွေ့စီမံကိန်း အဆင့်-၄ အတွက် အင်ဂျင်နီယာ၊ ပစ္စည်းဝယ်ယူရေးနှင့် ဆောက်လုပ်ရေး (EPC) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရှန်ဟိုင်းစတော့အိတ်ချိန်းစာမျက်နှာတွင် ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိ စာချုပ်အရ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်း A-1 လုပ်ကွက်တွင် စီမံကိန်းအဆင့်-၄ တိုးချဲ့လုပ်ငန်းအတွက် COOEC က ကန်ထရိုက်တာအဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ အဆင့်-၄ တိုးချဲ့ဆောင်ရွက်မှုတွင် တွင်းအသစ်တူးဖော်ရန် လိုအပ်သည့် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်း၊ တူးဖော်ရေးပလက်ဖောင်းများကို ပြန်လည်ပြုပြင်ခြင်း၊ ရေအောက်ပိုက်လိုင်းနှင့် စက်ပစ္စည်းများတပ်ဆင်ခြင်း၊ လုပ်ငန်းမအပ်နှံခင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် စာချုပ်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုဆောက်လုပ်ရေးလုပ်ငန်း၌ ရေမီတာ ၁,၀၀၀ တွင် ဓာတ်ငွေ့တူးဖော်ရန် ပိုက်လိုင်း၊ စက်ရုံနှင့် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်းများပါရှိပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် အချိန်သုံးနှစ် သတ်မှတ်ထားသည်။ ဓာတ်ငွေ့တူးဖော်ခြင်းလုပ်ငန်းအတွက် စီမံကိန်းအဆင့်-၁ အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဓာတ်ငွေ့စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စီမံကိန်းအဆင့်-၂ ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့နောက် စီမံကိန်းအဆင့်-၃ ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးအချိန်တွင် အကောင်အထည်ဖော်ခဲ့ပြီး အဆင့်-၄ ကို ၂၀၂၄ ခုနှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းမှထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံထံ တင်ပို့ရောင်းချရေးအတွက် ဒေဝူးအင်တာနယ်ရှင်နယ်ကော်ပိုရေးရှင်း (လက်ရှိအမည် POSCO ဒေဝူးကော်ပိုရေးရှင်း) နှင့် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့အကြား ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်ကာ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် တရုတ်နိုင်ငံထံ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချနေသည်။ COOEC သည် တရုတ်နိုင်ငံပိုင် ကမ်းလွန်ရေနံကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲဖြစ်ပြီး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများသာမက လေအားလျှပ်စစ်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။ အာရှပစိဖိတ်တွင် အကြီးမားဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သည်။ (တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄ ဇူလိုင် ၁၆ မန္တလေးတိုင်း အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်ရှိ အယ်လ်ဖာဘိလပ်မြေ (Alpha Cement) စက်ရုံမှ စစ်ကောင်စီ၏ တပ်စခန်းနှင့် တောင်တံငါတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး၏ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အယ်လ်ဖာဘိလပ်မြေစက်ရုံ၏ တပ်စခန်းမှ ဆုတ်ခွာပြေးရာတွင် စက်ရုံအဆောက်အအုံများကို မီးရှို့သွားခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ အယ်လ်ဖာဘိလပ်မြေ (Alpha Cement) စက်ရုံကို မြန်မာကွန့်ရှ်စီးမန့် (မန္တလေး) ကုမ္ပဏီလီမိတက် (Myanmar Conch Cement (Mandalay) Co., Ltd.) က ပိုင်ဆိုင်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီကို တရုတ်နိုင်ငံ အန်ဟွေး (Anhui) ပြည်နယ် ဝူးဟူ (Wuhu) မြို့အခြေစိုက် အန်ဟွေးကွန်ရှ်စီးမန့် (Anhui Conch Cement Co., Ltd.) က အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ မြန်မာကုမ္ပဏီ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအုပ်စု (Myint Investment Group Co., Ltd.) က ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ချိန် ၂၀၁၈ ခုနှစ်တွင် စီမံကိန်း အကောင်အထည်ဖော်ခြင်းအတွက် စက်ရုံအနီးရှိ အောင်သပြေရွာမှ ဒေသခံများက မြေယာသိမ်းဆည်းခံရမှုများကြောင့် ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ဒေသခံများနှင့် ကုမ္ပဏီအကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒေသခံ ၃၀ ကျော် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။ |
၂၀၂၄ ဇူလိုင် ၁၅ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာရန်ဟွာကျန်း (Mr. Ran Huazhang) နှင့် ချုံချင့်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်အစိုးရ ပညာရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စဂျင်လင် (Ms. Jin Ling) နှင့်လည်း ချုံချင့်မြို့တွင်တွေ့ဆုံကာ မြန်မာနိုင်ငံ တက္ကသိုလ်များနှင့် ချုံချင့်မြို့ တက္ကသိုလ်များအကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၁၅ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အခြေစိုက် ယွန်တျန်ဟွာ (Yuntainhua) မြေဩဇာကုမ္မဏီမှ ငါးကြိမ်မြောက် ပညာသင်ဆုပေးခဲ့ကြောင်း ရွှေဇာမဏီဂျာနယ်တွင် ဖော်ပြထားသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူ ၁၀၇ ဦးကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ ပညာသင်နှစ်သုံးနှစ်အတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂၉,၀၀၀ ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၂ ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၁၃၂ ဦးတို့ကို ယွန်တျန်ဟွာကုမ္ပဏီက ပညာသင်ဆုပေးအပ်ခဲ့သည်။ ယွန်တျန်ဟွာကုမ္ပဏီနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အကြား ပညာသင်ဆုနှင့် ထူးချွန်ဆုများ ပေးအပ်ခြင်းဆိုင်ရာ ပညာသင်ဆုသဘောတူစာချုပ်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Quyang Daobing)၊ ယွန်တျန်ဟွာအုပ်စုကုမ္ပဏီ၏ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီခွဲ (Shwe Crop Nutrients Co.,Ltd) မှ ဒုတိယအထွေထွေမန်နေဂျာ မစ္စတာယွန်ဂျွန် (Mr. Yuan Jun) နှင့် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးမင်းနောင်တို့ တက်ရောက်ခဲ့ကြသည်။ ယွန်တျန်ဟွာကုမ္ပဏီသည် ဓာတ်မြေဩဇာနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ဖန်ချက်လုပ်ငန်းများကို အဓိကလုပ်ကိုင်ပြီး ရေနံ၊ ဖော့စဖိတ်သတ္တုတူးဖော်ခြင်း၊ ဓာတုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်သော တရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်သည်။ |
၂၀၂၄ ဇူလိုင် ၁၄ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပမည်ဖြစ်သည့်အတွက် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ အပစ်ရပ်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီအစည်းအဝေးကျင်းပမည်ကို ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ စိုးရိမ်မှုကို တုံ့ပြန်သည့်အနေဖြင့် အပစ်ရပ်ရန် ထုတ်ပြန်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရပါက ပြန်လည်ခုခံပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ထားပြီး အဆိုပါအပစ်ရပ်မှုကို တပ်ဖွဲ့ဝင်အားလုံး လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ လက်ရှိ MNDAA ၏ ထိုးစစ်ဆင်နေမှုကို ရပ်တန့်ပြီး ခံစစ်ပြင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မည်သည့်နေရာများတွင် အပစ်ရပ်မည်ဖြစ်ကြောင်း အတိအကျ ထုတ်ပြန်ထားခြင်းမရှိပါ။ MNDAA နှင့်အတူ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ အပစ်အခတ်ရပ်စဲထားသည်။ လတ်တလောတွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ထိုးစစ်ဆင်လျက်ရှိသည်။ |
၂၀၂၄ ဇူလိုင် ၁၃ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ကချင်ပြည်နယ် ကန်ပိုက်တီစခန်းမှတဆင့် တရုတ်နိုင်ငံဆီမှ စက်သုံးဆီတိုးမြှင့်တင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကောင်စီ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြောခဲ့သည်။ ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် စက်သုံးဆီတင်သွင်းမည့် ကုမ္ပဏီများအကြား စက်သုံးဆီတင်သွင်းရေးအတွက် အစည်းအဝေးပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးတိန့်ဆောင်သည် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဖြစ်သည်။ ကချင်ပြည်နယ်ရှိ တရားဝင်နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုအနက် လွယ်ဂျယ်စခန်းကို ဧပြီလမှစတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး ကန်ပိုက်တီစခန်းကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည်။ မြစ်ကြီးနားမြို့နှင့် ကန်ပိုက်တီစခန်းအကြား ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း ဝိုင်းမော်မြို့အကျော်မှ ဆဒုံးမြို့အထိ လမ်းပိုင်းကို KIA က ထိန်းချုပ်ထားသည်။ |
၂၀၂၄ ဇူလိုင် ၁၂ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာလီဖူချွမ် (Mr. Li Fu Quan) နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကျိုးအမြတ်မယူသော နိုင်ငံတကာလူမှုရေးအဖွဲ့အစည်း (Non-profit international social group service organization) အဖြစ်ဖွဲ့စည်းထားသည်။ အဆိုပါအဖွဲ့အစည်းကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်လာစေရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ (တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှု မြှင့်တင်ရေးအသင်းကို ISP-Myanmar ၏ China Desk တွင် ရှုပါ။) |
၂၀၂၄ ဇူလိုင် ၁၁-၁၃ တရုတ်နိုင်ငံဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI) နှင့် ဆက်စပ်ပြုလုပ်သည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ်မြောက် အဆင့်မြင့်ညီလာခံ (Second High-Level Conference of the Forum on Global Action for Shared Development) ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် နှစ်ရက်ကြာကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CRI သတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency-CIDCA) က ဦးဆောင်ပြုလုပ်သည့် အဆိုပါဖိုရမ်သို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်လည်း တက်ရောက်ခဲ့သည်။ ဖိုရမ်တွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ ရင်ဆိုင်နေရသည့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် စက်မှုဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နိုင်ငံအသီးသီးအကြား တူညီသည့်မျှော်မြင်ချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ခေတ်မီဖွံ့ဖြိုးရေးဖြစ်စဥ်တွင် မဟာဗျူဟာလမ်းကြောင်းများ ရှာဖွေနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ အွန်လိုင်းနှင့် အော့ဖ်လိုင်း (offline) ပုံစံဖြင့် ကျင်းပသည့် အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ (IGOs) များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI) ကို ကြေညာခဲ့ပြီး သုံးနှစ်နီးပါးကာလအတွင်းတွင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၆၀ မှ နိုင်ငံတကာအဖွဲ့အစည်းများ (IGOs) အပါအဝင် ကုလသမဂ္ဂအေဂျင်စီပေါင်း ၂၀ ကျော်နှင့် ပူးပေါင်းကာ စီမံကိန်းပေါင်း ၁၄၀ ကျော်ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စွမ်းရည်မြှင့်တင်သည့်အစီအစဉ်ပေါင်း ၁,၀၀၀ ကျော်ကို အကောင်အထည်ခဲ့ပြီး သင်တန်းသားလေးသောင်းကျော် တက်ရောက်ခဲ့သည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်သည် CIDCA ဥက္ကဋ္ဌမစ္စတာလော်ကျောင်းဟွေ (Mr. Luo Zhaohui)၊ ဒုတိယဥက္ကဋ္ဌ မစ္စတာယန်ဝေချွန်း (Mr. Yang Weiqun) တို့နှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံသဘောတူညီမှုများနှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI) ကို အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဒေါက်တာကံဇော်သည် ဖိုရမ်တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအမြဲတမ်းကော်မတီဝင် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်း (Mr. Ding Xuexiang) နှင့်လည်း တွေ့ဆုံခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၁၁ တာဝန်ပြီးဆုံးပြီဖြစ်သည့် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်း (Mr. Chen Chen) အား နှုတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်လည်း တက်ရောက်ခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၉-၁၃ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်ရန်နှင့် ချစ်ကြည်ရေးတည်ဆောက်နိုင်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်သည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် သံဃာတော် ၁၅ ပါး ပါဝင်ပြီး တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ဆရာတော် ရန်ကျုး (Yanjue) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေး ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းဒုတိယဥက္ကဋ္ဌ ဆရာတော် (ဟူရှဲဖန်လမ) Hu Xuefeng Lama၊ တရုတ်ဗုဒ္ဓဘာသာအကယ်ဒမီ (The Buddhist Academy of China) နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခင်လကလည်း ဘေဂျင်းမြို့ရှိ ဗုဒ္ဓစွယ်တော်ပင့်ဆောင်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံသံဃာတော်များ ဘေဂျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ |
၂၀၂၄ ဇူလိုင် ၉ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အကြား ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် စီချွမ်ပြည်နယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာတဲ့ယူခန် (Mr. Dai Yunkang) တို့ စီချွမ်ပြည်နယ် ချန်ဒူးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ တွေ့ဆုံရာတွင် ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ပုဂံမြို့နှင့် စီချွမ်ပြည်နယ် လဲ့ရှီးမြို့အကြား ညီအစ်မမြို့တည်ထောင်နိုင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း၊ စီချွမ်ပြည်နယ်ရှိ လဲ့ရှီးမြို့သည် ကမ္ဘာ့အမွေအနှစ် ဗုဒ္ဓရုပ်ပွားတော်တည်ရှိရာမြို့ဖြစ်ပြီး ခရီးသွားများ လာရောက်လည်ပတ်သော မြို့ဖြစ်သည်။ မန္တလေးမြို့နှင့် ကူမင်းမြို့ကိုလည်း ညီအစ်မမြို့များအဖြစ်သတ်မှတ်ထားပြီး ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုးပြီးပါက မြို့နှစ်ခုအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ |
၂၀၂၄၊ ဇူလိုင် ၉ ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များက တွေ့ဆုံညှိနှိုင်းခြင်းမရှိဘဲ ပိတ်ခဲ့ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောကြားချက်ကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်း၊ မုံးကိုးနှင့် နမ့်ခမ်း (နောင်တောင်း) နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က ပိတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မတ်လအတွင်း လေးကြိမ်မြောက်ဟိုင်ဂင်ဆွေးနွေးပွဲအပြီးတွင် နယ်စပ်ဖြတ်သန်းသွားလာနိုင်ရန် ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) ဂိတ်များကို MNDAA က ပြန်ဖွင့်ပေးခဲ့သည်။ နမ့်ခမ်းဂိတ်တွင်လည်း တရုတ်နိုင်ငံဘက်နှင့် တနိုင်တပိုင် ကုန်သွယ်မှုများရှိနေရာမှ တရုတ်နိုင်ငံဘက်မှ ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ MNDAA ၏ လားရှိုးထိုးစစ်စတင်သည့် ဇူလိုင် ၃ ရက် နောက်ပိုင်းတွင်လည်း လောက်ကိုင်မြို့သို့ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများကို တရုတ်နိုင်ငံဘက်က ပိတ်ပစ်ခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၉ မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ပေါ်ထွက်နိုင်ရန် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း ၂၀၂၂ ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံ (မူကြမ်း) နှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်စေရန် သုတေတနနည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးအသင်းအဖွဲ့များ (MSMEs) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဇူလိုင် ၉ စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ ချင်းတောင်ဟိုင်အလ်ကုမ္ပဏီ (Qingdao Haier Group) နှင့် Hisense ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာသို့ သွားရောက်လေ့လာခဲ့သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် Hisense ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ ဒုတိယမန်နေဂျာ မစ္စကျန်ဆိုင်ရှ (Ms. Zhen Cai Xia) နှင့် တွေ့ဆုံကာ လျှပ်စစ်ပစ္စည်းများ၊ သုတေသနများ၊ ထုတ်ကုန်အသစ်များနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။ ချင်းတောင်ဟိုင်အလ်ကုမ္ပဏီကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူသုံးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများကို ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ Hisense နည်းပညာကုမ္ပဏီသည် အီလက်ထရောနစ် သတင်းအချက်အလက်လုပ်ငန်းများ၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် နေအိမ်သုံး လျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချီသည့် ကုမ္ပဏီဖြစ်သည်။ |
၂၀၂၄ ဇူလိုင် ၉ ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ စစ်ကောင်စီသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တာချီလိတ်၊ မူဆယ်၊ မြဝတီ၊ ရွှေကုက္ကို စသည့် ကျားဖြန့်လုပ်ငန်းအခြေစိုက်သော ဒေသများမှ တရုတ်နိုင်ငံသား ၅၁,၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁,၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကျားဖြန့်ဖြိုခွင်းမှုများမှတဆင့် တရုတ်နိုင်ငံသား ၄၉,၀၀၀ ကျော်ကို မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံက လွှဲပြောင်းရယူပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ |
၂၀၂၄ ဇူလိုင် ၈ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ကြေးနီသယ်ဆောင်လာသော ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်-၁၁ တပ်ရင်း People’s Defence South Monywa က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီလုံခြုံရေးယူကာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ထွက်လာသည့် ကြေးနီတင်ယာဉ် ၂၅ စီးပါ ယာဥ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းမှထွက်လာသည့် ကြေးနီတင်ယာဥ် ကိုးစီးပါ ယာဥ်တန်းကိုလည်း ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်-၁၁ တပ်ရင်း People’s Defense Force – South Monywa၊ Youth Vigor Revolution Force၊ Black Hunter People’s Task Force၊ နွေဦးလူငယ် People’s Defense Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defense Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလတွင်လည်း ကြေးနီတင်ဆောင်လာသည့် ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၈ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်သည် တာဝန်ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ မစ္စတာချန်းဟိုင်သည် မထွက်ခွာမီတွင် မြန်မာနိုင်ငံမှ စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများကို တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ မစ္စတာချန်းဟိုင်သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်း အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၈ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) က တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့တွင်ကျင်းပသည့် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၏ အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်၊ အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ရေး၊ အစိမ်းရောင်ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားခဲ့သည်။ ဖိုရမ်သို့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရန့်၏ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့ (Ms. Shen Yueyue)၊ SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ စစ်ကောင်စီကိုယ်စားလှယ် အဖွဲ့တွင် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူလည်း ဖိုရမ်သို့တက်ရောက်ခဲ့သည်။ အဖွဲ့ဝင်ကိုးနိုင်ငံရှိသည့် SCO အဖွဲ့တွင် ၂၀၂၃ ခုနှစ် မေလမှစတင်ကာ မြန်မာနိုင်ငံသည် ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ SCO အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သုတေသန၊ နည်းပညာ၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဥ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ |
၂၀၂၄ ဇူလိုင် ၈ ၂ဝ၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနယ်ပယ်အသီးသီးသည် တရုတ်နှစ်သစ်ကူးနေ့ကို အလေးထားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နှစ်သစ်ကူးနေ့အား မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့ ပူးပေါင်းကျင်းပသည့် တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားများသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားများသို့ ရာထူးအမြင့်ဆုံးအနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသာ တက်ရောက်လေ့ရှိခဲ့သည်။ |
၂၀၂၄ ဇူလိုင် ၇ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ဘက်စုံမဟာဗျူမြောက် ပူးပေါင်းဆောင်ရွက်ရေးအတွက် စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့ (Ms. Shen Yueyue) တို့ တရုတ်နိုင်ငံ ချင်းတောင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် ဘန်ဒေါင်းမူငါးရပ်ကို အခြေခံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ စီမံကိန်းများ အကောင်အထည်ဖော်ရန် လုံခြုံရေးအပြည့်အဝရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ သတင်းအချက်အလက် ဖလှယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ရှန်တုန်းပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာလင်းဝူ (Mr. Lin Wu)၊ ရှန်တုန်းပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး မစ္စတာကျိုးနိုင်ရှောင် (Mr. Zhou Naixiang)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အိမ်နီးချင်းကောင်း၊ မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ မစ္စဆွေလီ (Ms. Cui Li)၊ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီသံအမတ် ဦးတင်မောင်ဆွေတို့လည်း တက်ရောက်ခဲ့ကြသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံ ချင်းတောင်မြို့တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယခုခရီးစဥ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဥ်လည်းဖြစ်သည်။ |
၂၀၂၄ ဇူလိုင် ၅ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) မှတဆင့် တရုတ်နိုင်ငံ ချုံချင့်မြို့နှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန်အတွက် ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာကျန်းယုန်ဝူ (Mr. Zhang Yongwu) နှင့် ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် ချုံချင့်မြို့၌ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်း အကောင်အထည်ဖော်မှု အခြေအနေများ၊ ဇူလိုင်လတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ ချုံချင့်မြို့သို့ လာရောက်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (International Land-Sea Trade Corridor-ILSTC) မှ တဆင့် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ILSTC လမ်းကြောင်းတလျှောက် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ်နိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌတို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ဆွေးနွေးခဲ့ကြသေးသည်။ ချုံချင့်မြို့သည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများကို ချိတ်ဆက်မည့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) ၏ ဗဟိုချက်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဒေသ၏ ကုန်သွယ်ရေးအချက်အချာနေရာလည်းဖြစ်သည်။ (တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ် သုံးသွယ်ကို ISP-Myanmar ကပြင်ရပ်ဝန်း၏ အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်-၁၀ တွင် ရှုပါ။) |
၂၀၂၄၊ ဇူလိုင် ၅ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီ သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ရေဝေရေလဲဒေသများကို ထိန်းသိမ်းခြင်းတို့တွင် ဒေသခံများ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ တာချီလိတ်မြို့နယ် ဝမ်ပုံ-စံဖူးကားလမ်းမ၊ မိုင်တိုင်အမှတ်-၃၆ နှင့် ၃၇ ကီလိုမီတာကြားရှိ မဲခေါင်မြစ် ရေဝေရေလဲဧရိယာအတွင်းတွင် မြို့နယ်အဆင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများ၊ ဆရာများနှင့် ကျောင်းသားများက ပျိုးပင်များကို စိုက်ပျိုးခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၅ တာဝန်ပြီးဆုံးသဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများဖြစ်သည့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အဆိုပါတွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံးတော့မည့် မစ္စတာချန်းဟိုင်သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းတို့နှင့်လည်း ၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့တွင် တွေ့ဆုံခဲ့သည်၊။ |
၂၀၂၄၊ ဇူလိုင် ၅ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုအခြေအနေများကို ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၄ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နိုင်ငံများ၏ မီဒီယာစကားဝိုင်းဆွေးနွေးပွဲ (Media Delegations Round Table Meeting) သို့ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ SCO အနေနှင့် ကန့်သတ်ပိတ်ဆို့မှုများ (sanctions) ကို ဆန့်ကျင်ကြောင်း၊ ကန့်သတ်ပိတ်ဆို့မှုများသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းမဟုတ်ကြောင်း၊ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ကမ္ဘာပေါ်ရှိ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ သေဆုံးနေကြရကြောင်း တရုတ်နိုင်ငံက ပညာရှင်များက အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် SCO နိုင်ငံများရှိ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် ကျွမ်းကျင်သင်တန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ SCO အိမ်နီးချင်းကောင်း စိတ်ဓာတ်၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (GNFCCSCO) အတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပ-အလယ်အာရှရေးရာဌာနမှ သံမှူးကြီး မစ္စကျန်းဝေ (Ms Zheng Wei)၊ ရှန်ဟိုင်းနိုင်ငံရေးသိပ္ပံအကယ်ဒမီမှ ပါမောက္ခ မစ္စတာပန်ဂေါင်း (Mr. Pan Guang)၊ တရုတ်နိုင်ငံ အမျိုးသားနိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ မစ္စတာလုကျွန်း (Mr. Liu Jun) တို့အပါအဝင် SCO အဖွဲ့ဝင်နှင့် ဆွေးနွေးဖက်နိုင်ငံများမှ မီဒီယာကိုယ်စားလှယ် စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ကြသည်။ GNFCCSCO ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ရန်ကုန်မီဒီယာအုပ်စု (Yangon Media Group) ၏ ဥက္ကဋ္ဌ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၄ တာဝန်ပြီးဆုံးတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်မှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးတွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုတို့ကို ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့လည်း တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၃-၅ တရုတ်နိုင်ငံ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညန်ချီမြို့တွင်ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဟိမန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) သို့ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဂေဟစနစ်ထိန်းသိမ်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေး၊ ရေခဲမြစ်များ ထိန်းသိမ်းကာကွယ်ရေး၊ ကုန်းမြင့်အားကစားလှုပ်ရှားမှုများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ရိုးရာတိုင်းရင်းဆေးနှင့် ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းရေးအတွက် အဆိုပါဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည်။ ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေနှင့် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ ဂေဟစနစ်တည်ငြိမ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများ၊ ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာကိစ္စများတွင်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖိုရမ်ကို ဟိမန္တာတောင်တန်းဒေသနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ လူသားနှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်သို့ နီပေါ၊ သီရိလင်္ကာ၊ ဘိုလီးဗီးယား၊ မြန်မာနှင့် တောင်ကိုရီယားအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်မှ အရာရှိများ၊ သံအမတ်များ၊ သတင်းထောက်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးခင်မောင်ရီသည် ဇူလိုင် ၄ ရက်တွင် ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ မစ္စတာစွန်းရှန်ကျုံး (Mr. Sun Xianzhong) နှင့်လည်း တွေ့ဆုံကာ သစ်တောနှင့် ဂေဟစနစ်ထိန်းသိမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၃ တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲဖြစ်သည့် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline Company Limited – SEAOP) သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်း ရေနံဆိပ်ကမ်းတွင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ SEAOP သည် ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရေလမ်းကြောင်းပြုပြင်ခြင်းကို ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။ SEAOP သည် မတ်လတုန်းကလည်း မဒေးကျွန်း ရေနံဆိပ်ကမ်းအနီးတွင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်ခဲ့သည်။ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်း၏ မဒေးကျွန်းရေနံဆိပ်ကမ်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရေနံသယ်ယူပို့ဆောင်ခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ပိုက်လိုင်းစီမံကိန်းတခုလုံးကို စတင်လည်ပတ်ခဲ့သည်။ (တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ISP-Myanmar China Desk ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄၊ ဇူလိုင် ၃ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့် စိုးရိမ်မှုများကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ဒေသခံများက ကန့်ကွက်လျက်ရှိကြောင်း ပြည်တွင်းသတင်းဌာနတခုက ဖော်ပြသည်။ ကျောက်မီးသွေးစက်ရုံစီမံကိန်းကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ရန်မှာ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ခက်ခဲနေကြောင်းလည်း ဒေသခံတဦး၏ ပြောကြားချက်ကို အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ဒရယ်ပေါက်မြစ်ကမ်းဘေးတွင် စက်ရုံတည်ဆောက်ရန် စစ်ကောင်စီက စီစဉ်နေပြီး ကလွီရွာနှင့် ဒရယ်ရွာကြားရှိ ဓနိတောဧက ၅၀ ဝန်းကျင်ကို ဝယ်ယူထားကြောင်းလည်း ဖော်ပြထားသည်။ ဇွန်လတွင် လာရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်၏ မော်လမြိုင်မြို့ခရီးစဥ်တွင်လည်း အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဇူလိုင် ၂ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံ၊ ကုလသမဂ္ဂ စသည့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် အဆိုပါတွေ့ဆုံမှုတွင် ဆွေးနွေးခဲ့သည်။ ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်းသည် မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ ပြန်လည်မထွက်ခွာမီ ဦးလွင်ဦးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ ဇူလိုင် ၁ တရုတ်နိုင်ငံပိုင် ရွှေလီလေကြောင်းလိုင်း (Ruili Airlines) က ရန်ကုန်-နန်နင်း-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို တပတ်လျှင်တကြိမ် အပတ်စဉ် တနင်္လာနေ့တိုင်း ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည်။ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်တင်လေကြောင်းခရီးစဥ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကလည်း ၂၀၂၄ ခုနှစ် မေလမှစတင်ကာ တပတ်လျှင် သုံးရက် ပြေးဆွဲလျက်ရှိသည်။ |
၂၀၂၄၊ ဇွန် ၂၈ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၉၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်ရှိ နေအိမ်တခုတွင် တရုတ်နိုင်ငံသားများနေထိုင်ပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေကာ တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၉၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ထို့အပြင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ အလုံး ၉၀၀ နှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်။ ဖမ်းဆီးရမိသည့် အဆိုပါ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန်နှင့် အရေးယူရန် ထုတ်ပြန်ချက်မရှိသေးပေ။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နေရာ ၁၀ ခုကို ဖြိုခွင်းနိုင်ခဲ့ပြီး ကျားဖြန့်ကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းမှုများမှတဆင့် တရုတ်နိုင်ငံသား ၄၉,၀၀၀ ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ လွှဲပြောင်းရယူပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ |
၂၀၂၄၊ ဇွန် ၂၇-၃၀ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ‘ဘန်ဒေါင်းမူငါးရပ်’ ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် သမ္မတဟောင်းဦးသိန်းစိန်သည် ဘေဂျင်းမြို့သို့ လေးရက်ကြာ သွားရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါခရီးစဉ်အတွင်း သမ္မတဟောင်းဦးသိန်းစိန်သည် ဘန်ဒေါင်းမူငါးရပ်ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာ့ပြည်တွင်းရေးအခြေအနေများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် မစ္စတာဝမ်ယိက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွက် လမ်းကြောင်းဖွင့်ပေးသည့်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်နှင့် ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စည်းရုံးပေးရန် တိုက်တွန်းခဲ့ကြောင်း သတင်းဌာနတချို့က ဖော်ပြထားသည်။ ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း ခရီးစဥ်တွင် လိုက်ပါခဲ့ကြသည်။ အဆိုပါခရီးစဉ်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဘောတူညီမှုဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး သမ္မတဟောင်းဦးသိန်းစိန်ကို ခရီးစဉ်အတွက် စစ်ကောင်စီက အထူးလေယာဉ် စီစဉ်ပေးခဲ့သည်။ ခရီးစဥ်မတိုင်မီ ဇွန် ၂၆ ရက်တွင်လည်း ဦးသိန်းစိန်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်က နေပြည်တော်တွင် တွေ့ဆုံပြီး မြန်မာ့ပြည်တွင်းရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်တွင်လည်း သင်္ကြန်အကြိုတွေ့ဆုံမှုအဖြစ် ဦးသိန်းစိန်နှင့် မစ္စတာချန်းဟိုင်တို့ တွေ့ဆုံခဲ့သေးသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်တွင် နိုင်ငံတိုင်း၏ နယ်မြေပိုင်နက်နှင့် အချုပ်အခြာအာဏာတည်တံ့ရေးကို အခြားနိုင်ငံက လေးစားရန်၊ တနိုင်ငံနှင့် တနိုင်ငံ ကျူးကျော်တိုက်ခိုက်ခြင်း မပြုရန်၊ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တန်းတူညီမျှမှုနှင့် အပြန်လှန်အကျိုးဖြစ်ထွန်းရန်၊ နိုင်ငံရေးဝါဒမတူညီသော်လည်း ငြိမ်းချမ်းစွာပေါင်းသင်းဆက်ဆံရန်ဆိုသည့် အချက်များ ပါရှိသည်။ ၁၉၅၄ ခုနှစ် ဇွန်လတွင် တရုတ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံခေါင်းဆောင်များက အဆိုပါမူငါးချက်ကို သဘောတူညီခဲ့ကြပြီးနောက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အခြေခံမူများ ဖြစ်လာခဲ့သည်။ |
၂၀၂၄၊ ဇွန် ၂၆-၂၈ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) အဖွဲ့ဝင်များ၏ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဖိုရမ် ဖွင့်ပွဲကို တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့တွင် ကျင်းပခဲ့ကြောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် သုံးစွဲနိုင်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာ စံသတ်မှတ်ခြင်းလုပ်ငန်း၊ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနှင့် ဆွေနွေးဖက်နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍတွင် တီထွင်ဆန်းသစ်မှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးပြောကြားခဲ့သည်။ အခမ်းအနားသို့ ကျန်းရှီးပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ ကျန်းရှီးပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဖိုရမ်ကို တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ၂၀၁၉ ခုနှစ်တွင် စတင်အဆိုပြုခဲ့သည်။ ဖိုရမ်တွင် နိုင်ငံအသီးသီးမှ ပညာရှင်များက တိုင်းရင်းဆေးပညာ၏ အားသာချက်များကို တင်ပြနိုင်ခြင်း၊ အတွေ့အကြုံများကို မျှဝေနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဥပဒေဘောင်၏ စံသတ်မှတ်ခြင်းများကို ဆောင်ရွက်နိုင်သည့်အတွက် ထိုဖိုရမ်မှာ ထင်ရှားသည်။ |
၂၀၂၄၊ ဇွန် ၂၆ စစ်ကောင်စီကပြုလုပ်သည့် ၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ စုပေါင်းမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး မစ္စတာဟွေယုံ (Mr. Hou Yong) တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားတွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အလေးထားကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် အတူတကွတိုက်ဖျက်ရန်လိုကြောင်း၊ တရုတ်နိုင်ငံအပါအဝင် ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသော သဝဏ်လွှာကို ပေးပို့ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စစ်ကောင်စီရဲအရာရှိများကို တရုတ်နိုင်ငံတွင် သင်တန်းတက်ရောက်နိုင်ရန် တရုတ်နိုင်ငံသံရုံးက ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံအနနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် ဆက်လက်ပံ့ပိုးရန် မျှော်လင့်ကြောင်းလည်း သဝဏ်လွှာတွင်ဖော်ပြထားသည်။ အခမ်းအနားတွင် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ဓာတုပစ္စည်း ၄၁ မျိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။ |
၂၀၂၄၊ ဇွန် ၂၆ ဟိုင်ဂင်သဘောတူညီချက် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အရှိန်အဟုန်ကို ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံရှိ ဘက်အသီးသီး၏ အကျိုးစီးပွားအရသာမက တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးအတွက်ပါ ကိုက်ညီသည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏သဘောထားကို AFP သတင်းဌာနမှ မေးမြန်းစဥ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးကို အမြန်ဆုံးပြန်လည်ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကူညီနိုင်သမျှအားလုံးကို ဆက်လက်လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဥ်ကို ပံ့ပိုးကူညီမည်ဖြစ်ကြောင်းလည်း မစ္စမော်နင်က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် ‘စစ်ဆင်ရေး ၁၀၂၇’ ၏ နောက်ဆက်တွဲကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်တပ်များက ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း စတင်ခဲ့ပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ |
၂၀၂၄၊ ဇွန် ၂၅ တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှ့င်ရေးအတွက် နန်နင်းမြို့တော်ဝန် မစ္စတာဟောင်ကန်း (Mr. Hou Gang) နှင့် နန်နင်းမြို့ စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် နန်နင်းမြို့နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ညီအစ်မမြို့တော် ဆက်ဆံရေးထူထောင်ထားသည့် နန်နင်းမြို့နှင့် ရန်ကုန်မြို့တို့အကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ ဇွန် ၂၄ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့်အဖွဲ့သည် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မော်လမြိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆိုပါတွေ့ဆုံမှုတွင် မစ္စတာချန်းဟိုင်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စရိတ်သက်သာသည့်အတွက် မွန်ပြည်နယ်တွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်လိုကြောင်း တိုက်တွန်းခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း၏ ၁၉၆၁ ခုနှစ် မော်လမြိုင်ခရီးစဉ်အတိုင်း လာရောက်ခြင်းဖြစ်ပြီး မွန်ပြည်နယ်နှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်လိုကြောင်းလည်း ပြောကြားခဲ့သည်။ စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်မှထွက်ရှိသည့် ဝဥနှင့် ပီလောပီနံအခြောက်များကို အမှုန့်ပြုလုပ်၍ တရုတ်နိုင်ငံသို့ တင်သွင်းနိုင်ရန်၊ ရော်ဘာပြားများကို အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံထံမှ နည်းပညာအကူအညီ တောင်းဆိုခဲ့သည်။ ထို့အပြင် မွန်ပြည်နယ်ရှိ ကျေးရွာများတွင် အိမ်သုံးဆိုလာပြားများကို ထောက်ပံ့စေလိုကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် တရုတ်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို ရှာဖွေပေးစေလိုကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါနည်းပညာအကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးဆိုင်ရာသံမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း မစ္စတာချန်းဟိုင်က ကတိပြုခဲ့သည်။ ခရီးစဉ်အတွင်း မစ္စတာချန်းဟိုင်သည် မော်လမြိုင်မြို့ရှိ တရုတ်နွယ်ဖွားများနှင့် တွေ့ဆုံခဲ့ပြီး မော်လမြိုင်မြို့အထက်တန်းကျောင်းနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းသို့လည်း သွားရောက်ခဲ့သည်။ မစ္စတာချန်းဟိုင် မွန်ပြည်နယ်သို့ သွားရောက်ခြင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသော်လည်း ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံမှုနှင့်ပတ်သက်၍မူ ဆွေးနွေးချက်အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။ |
၂၀၂၄၊ ဇွန် ၂၂ စိမ်းလန်းသောတီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ကူးလူးဆက်သွယ်မှု ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ မကာအိုမြို့တွင်ကျင်းပသည့် ၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) သို့ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဖိုရမ်တွင် ဦးမျိုးသန့်က မြန်မာနိုင်ငံရှိ အခြေခံအဆောက်အအုံဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နေသည့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများနှင့်တွေ့ဆုံခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများတွင် အစိမ်းရောင်ကဏ္ဍ တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကဏ္ဍများ အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာမျှဝေခြင်း၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် မကာအိုမြို့တွင် အကောင်အထည်ဖော်နေသော စွန့်ပစ်ပစ္စည်းများမှလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စီမံကိန်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့လည်း သွားရောက်လေ့လာခဲ့သည်။ IIICF သည် တရုတ်အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနတို့ ပူးပေါင်းပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံတည်ဆောက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်တခုဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အဆိုပါဖိုရမ်ကို စတင်ပြုလုပ်ခဲ့သည်။ |
၂၀၂၄၊ ဇွန် ၂၁ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်း (Nu Jiang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ တရုတ်-မြန်မာ နှစ်နိုင်ငံကျောင်းသားများသည် ချစ်ကြည်နှီးနှောဖလှယ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကျောင်းသားများက ရိုးရာအက၊ သီချင်းများနှင့် ယဥ်ကျေးမှုတို့ကို ဖလှယ်ခဲ့ကြသည်။ ထို့အပြင် လူရွှေ (Lu Shui) မြို့ ရှန့်ကျန်းမြို့နယ်ရှိ ကူလုံပ (Gulongba) စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး သရုပ်ပြကျေးရွာနှင့် နုကျန်းရှိ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်မှုဇုန်များသို့လည်း အတူတကွသွားရောက်လေ့လာခဲ့ကြသည်။ အခမ်းအနားသို့ နုကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ အလယ်တန်းတိုင်းရင်းသားသက်မွေးဝမ်းကျောင်းတွင် တက်ရောက်နေသည့် မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးနှင့် လူရွှေမြို့ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၂၁ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့တို့အကြား စီးပွားရေးနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်ဝန်း (Ms. Wang Wen) နှင့် ချုံချင့်မြို့ စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းကူးလူဖလှယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ရန်ကုန်မြို့နှင့် ချုံချင့်မြို့တို့အကြားချစ်ကြည်ရေး ညီအစ်မမြို့တည်ထောင်ရန် သဘောတူညီချက်ကို ၂၀၂၄ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၂၀ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဝိုင်းမော်-ကန်ပိုက်တီ လမ်းကြောင်းပေါ်တွင် ပိတ်မိနေသည့် ကုန်ကား ၁၀၀ ခန့်ကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဖွင့်လှစ်ခဲ့သည့် ဝိုင်းမော်-ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တရက်အကြာတွင် စစ်ကောင်စီက လမ်းကြောင်းပိတ်ခဲ့သည်။ လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကောင်စီက ထိန်းချုပ်ထားလျက်ရှိပြီး လမ်းပိုင်းပိတ်ထားမှုကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့တို့တွင် စက်သုံးဆီပြတ်လပ်လျက်ရှိသည်။ |
၂၀၂၄၊ ဇွန် ၂၀ တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်၏ မြန်မာနိုင်ငံဆိုင်ရာ ဟေလုံကျန်းကုန်သည်ကြီးများအသင်းချုပ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးနှင့် တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟေလုံကျန်းပြည်နယ်အစိုးရ နိုင်ငံခြားရေးရာရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလီရှန်ဘင် (Mr. Li Shengbin) က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့နှင့်ကုန်သွယ်ရာတွင် ဆန်နှင့် ပဲမျိုးစုံကို ကုန်သွယ်လိုကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဟေလုံကျန်း ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌ မစ္စတာဝူယွန်တောင်း (Mr. Wu Yuntong) (ခ) ဦးစိုင်းဇော်ထွန်း၊ စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဟေလုံကျန်းပြည်နယ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး ရုရှား၊ မြောက်ကိုရီးယားနိုင်ငံတို့နှင့် နီးစပ်သည့်ပြည်နယ်ဖြစ်သည်။ ဆန်စပါးနှင့် ပြောင်းတို့ အဓိကစိုက်ပျိုးပြီး ကျွန်းသစ်နှင့် မီးသွေးတို့ကိုလည်း တင်ပို့ရောင်းချကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်နယ်တချို့နှင့် ချိတ်ဆက်သော ကုန်သည်ကြီးများအသင်းချုပ် လေးခုကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ပြီး ကုန်သည်ကြီးများအသင်းချုပ် စုစုပေါင်း ရှစ်ခုအထိ ရှိလာပြီဖြစ်သည်။ |
၂၀၂၄၊ ဇွန် ၁၉ သတင်းစီးဆင်းမှုကို ဖြတ်တောက်နိုင်ရန် စစ်ကောင်စီကို နည်းပညာအရထောက်ပံ့ပေးနေသည့် တရုတ်ကုမ္ပဏီနှစ်ခုနှင့် မြန်မာကုမ္ပဏီအစုအဖွဲ့ကို နိုင်ငံတကာက အရေးယူရန် Justice for Myanmar အဖွဲ့က တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံပိုင် China National Electronics Import and Export Corporation (CEIEC)၊ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာကုမ္ပဏီအစုအဖွဲ့ Mascots Group of Companies တို့၏ အထောက်အပံ့ဖြင့် စစ်ကောင်စီသည် အင်တာနက်ထိန်းချုပ်မှုကို တိုးမြှင့်ရန်ရည်ရွယ်ကာ ဝက်ဘ်ဆိုဒ်စောင့်ကြည့်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းစနစ်ကို ၂၀၂၄ ခုနှစ် မေလတွင် စတင်အသုံးပြုခဲ့သည်။ ထိုစနစ်သည် ဝက်ဘ်ဆိုဒ်များနှင့် အပက်ပ်လီကေးရှင်းများကို ပိတ်ဆို့နိုင်သည့်အပြင် အဆိုပါဝက်ဘ်ဆိုဒ်များပိတ်ပင်မှုကို ကျော်လွှားနိုင်ရန် အသုံးပြုသည့် Virtual Private Networks (VPNs) များကိုလည်း စောင့်ကြည့်နိုင်သည်။ ထိုစနစ်တွင် တရုတ်ပုဂ္ဂလိကကွန်ရက်လုံခြုံရေးနှင့် ထောက်လှမ်းရေးကိရိယာများထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Jizhi (Hainan) နှင့် သတင်းအချက်အလက်နည်းပညာကုမ္ပဏီ Tiangou Secure Gateway (TSG) တို့၏ စောင့်ကြည့်လေ့လာသည့် စနစ်ကို ထည့်သွင်းအသုံးပြုထားကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |
၂၀၂၄၊ ဇွန် ၁၉ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရန် တရုတ်နိုင်ငံ၏ အမြဲတစေကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် NLD ပါတီကို အသိအမှတ်ပြုဆက်ဆံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အလေးထားကြောင်း၊ အကျဉ်းချခံနေရစဉ် တွေ့ဆုံခွင့်ရရန် အမြဲတစေကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အချက်ကိုးချက်ပါထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းလည်း ရေးသားထားသည်။ အာဏာသိမ်းမှုအလွန်တွင် တရုတ်နိုင်ငံအနေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရန် စစ်ကောင်စီထံ တောင်းဆိုမှုများရှိခဲ့သော်လည်း ယခုထိ တွေ့ဆုံခွင့်မရသေးပေ။ |
၂၀၂၄၊ ဇွန် ၁၉ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေး မူကြီးငါးချက်ဖြစ်သည့် ‘ဘန်ဒေါင်းမူငါးရပ်’ ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံသံရုံး သံမှူး မစ္စချောင်လီ (Mrs. Qiao Li) က ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေး မူကြီးငါးချက်သည် နိုင်ငံတကာဆက်ဆံရေးအခြေခံသတ်မှတ်ချက်နှင့် နိုင်ငံတကာဥပဒေများအတွက် အခြေခံမူဖြစ်လာကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပြည်သူများအတွက် အမြဲရပ်တည်နေပြီး မြန်မာ့စီးပွားရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အသီးသီးကလည်း မူကြီးငါးချက်ကို ဆက်လက်တည်မြဲအောင် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီး ဒေါ်သန်းသန်းနုအပါအဝင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းနှင့် ကုမ္ပဏီ ၄၀ ကျော်၊ ပညာရှင်များ၊ မီဒီယာများနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို အပြန်လှန်လေးစားရေး၊ မကျူးကျော်ရေး၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး၊ တန်းတူညီမျှမှုနှင့် အပြန်လှန်အကျိုးဖြစ်ထွန်းရေး၊ ငြိမ်းချမ်းစွာယှဥ်တွဲနိုင်ထိုင်ရေး စသည့် အချက်ငါးချက်ပါဝင်သည့် ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို ၁၉၅၃ ခုနှစ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာချုအင်လိုင်းက စတင်အဆိုပြုခဲ့သည်။ ၁၉၅၄ ခုနှစ် ဇွန်လတွင် အဆိုပါမူငါးချက်ကို တရုတ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ပြီး သုံးနိုင်ငံအကြား ဆက်ဆံရေးတွင် အခြေခံမူများအဖြစ် အတူတကွထုတ်ပြန်ခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၁၉ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂ စသည့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့သည်။ ယခုခရီးစဉ်သည် မစ္စတာတိန့်ရှီကျွန်း၏ သတ္တမအကြိမ်မြောက် နေပြည်တော်ခရီးစဉ်ဖြစ်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်သာ တွေ့ဆုံခဲ့သည်။ တဖက်တွင်လည်း ရှမ်းမြောက်အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ရရှိခဲ့ပြီးနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် တရုတ်နိုင်ငံအစိုးရက စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အား တွန်းအားပေးနေသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ မဟာဗျူဟာအကျိုးစီးပွားများ တည်ရှိနေသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲများရပ်တန့်နိုင်ရေး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှုများရှိကြောင်း AA ဘက်က မကြာသေးမီက ပြောကြားထားသည်။ |
၂၀၂၄၊ ဇွန် ၁၈-၂၂ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်း၏ ဖိတ်ကြားချက်အရ ဘေဂျင်းမြို့ ဗုဒ္ဓစွယ်တော်စံကျောင်းတော်သစ် နှစ် ၆၀ ပြည့်ဖွင့်ပွဲသို့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားသို့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအဂ္ဂသာမိတို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ အိမ်နီးချင်းဗုဒ္ဓဘာသာနိုင်ငံများမှ သံဃာတော် ၇၀ ခန့်နှင့် တရုတ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ၅၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓဘာသာအဓွန့်ရှည်တည်တံ့ရေးနှင့် နိုင်ငံအလိုက် သာသာနာရေးဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၁၈ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသူ တရုတ်နိုင်ငံသား ၁၅၀ ဦးကို မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးနိုင်ရန် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးဌာနများအကြား ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နေရာ ၁၀ ခုကို ဖြိုခွင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါဖြိုခွင်းမှုများအတွင်း ကျားဖြန့်ကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဖမ်းဆီးရမိသူများတွင် တရားခံပြေး ၁၄ ဦးပါဝင်ပြီး သံသယရှိသူများအားလုံးကို ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားခရိုင် တာလော့ဂိတ်မှတဆင့် မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့သည်။ အဆိုပါကျားဖြန့်ကျူးလွန်ကြောင်း သံသယရှိသူများသည် လက်နက်ကိုင်များအဖြစ်ဟန်ဆောင်ကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လိမ်လည်နေခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါဖမ်းဆီးရမိသူများကို ကွေ့ကျိုးပြည်နယ် ပြည်သူ့လုံခြုံရေးဗျူရိုက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကျားဖြန့်လုပ်ငန်းများကို ဖြိုခွင်းနိုင်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိပြီး အဆိုပါဖြိုခွင်းမှုများမှတဆင့် တရုတ်နိုင်ငံသား ၄၉,၀၀၀ ကျော်ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ လွှဲပြောင်းပြီးဖြစ်သည်။ ဖြိုခွင်းမှုများကြောင့် ကျားဖြန့်လုပ်ကိုင်သူများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မူဆယ်နှင့် တာချီလိတ်မြို့များသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြသည်။ |
၂၀၂၄၊ ဇွန် ၁၈ ဇွန် ၁၇ ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖွင့်လှစ်ခဲ့သည့် ဝိုင်းမော်-ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တရက်အကြာတွင် စစ်ကောင်စီက ပိတ်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ပိုက်တီမြို့နှင့် ၁၀ မိုင်အကွာ ဝေါ့ခရုန်းရွာနေရာမှစ၍ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ပြန်ပိတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ လမ်းပိတ်မှုကြောင့် ကန်ပိုက်တီမြို့တွင် ကုန်ကားအစီးရေ ၄၀၀ ခန့်ပိတ်မိလျက်ရှိပြီး အများစုမှာ စက်သုံးဆီသယ်ယူသည့် ကားများဖြစ်သည်။ ဝိုင်းမော်-ကန်ပိုက်တီ လမ်းကြောင်းပေါ်ရှိ ဆဒုံးဗျူဟာကုန်းအပါအဝင် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင် ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း၊ ဒိန်ဂါစစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၁၂ ရက်တွင် KIA က ထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲများကြောင်း ဝိုင်းမော်-ကန်ပိုက်တီ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သော်လည်း ဇွန် ၁၇ ရက်တွင် KIA က ပြန်ဖွင့်ပေးခဲ့သည်။ လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကောင်စီက ထိန်းချုပ်ထားလျက်ရှိပြီး လမ်းပိုင်းပိတ်ထားမှုကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့တို့တွင် စက်သုံးဆီပြတ်လတ်လျက်ရှိသည်။ |
၂၀၂၄၊ ဇွန် ၁၇-၂၀ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့်ရုပ်သံစီမံခန့်ခွဲရေးအဖွဲ့၊ ဗီယက်နမ်နိုင်ငံ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငါးကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ်ကို ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် လန်ချန်း-မဲခေါင် အဖွဲ့ဝင်ခြောက်နိုင်ငံအကြား ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်သံနှင့် အွန်လိုင်းရုပ်သံမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ယဉ်ကျေးမှုဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စစ်ကောင်စီဝန်ကြီးက စစ်ကောင်စီပိုင်မီဒီယာဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သည် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံပြည်သူ့ဆက်ဆံရေးရာဌာန၊ ဗီယက်နမ်နိုင်ငံ၏ Voice of Vietnam (VOV) အသံလွှင့်ဌာနအပါအဝင် တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနတို့နှင့် ပူးပေါင်းရေးထိုးထားသည့် သဘောတူညီချက်များအတိုင်း ဝန်ထမ်းများ အပြန်အလှန်စေလွှတ်ခြင်းနှင့် ရုပ်သံဇာတ်လမ်းတွဲများထုတ်လွှင့်ပြသနေမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန်ဦးဝင်းကျော်အောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇွန် ၁၇ တရုတ်နိုင်ငံ ချုံချင့်မြို့ တဇူခရိုင်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရန် တဇူခရိုင် ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင် မစ္စတာကျန်းမင် (Mr. Zhang Min) နှင့် ချုံချင့်မြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတို့ ချုံချင့်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် တဇူခရိုင်အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၁၇ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဝိုင်းမော်-ကန်ပိုက်တီလမ်းကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြန်ဖွင့်ပေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းကို ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ပြီး လမ်းကိုယာယီပိတ်ဆို့ခဲ့သည်။ စစ်ကောင်စီနှင့် KIA အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ကန်ပိုက်တီမြို့တွင် ကုန်ကားအစီးလေးရာခန့် ပိတ်မိလျက်ရှိသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်သည်။ လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။ |
၂၀၂၄၊ ဇွန် ၁၅-၁၈ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆေးဖက်ဝင်အပင်မျိုးစိတ်များ စုဆောင်းခြင်း၊ ပျိုးထောင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်း နည်းပညာအထောက်အကူပြုသင်တန်းကို ကျိုင်းတုံမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ကျိုင်းတုံ၊ မိုင်းယောင်းနှင့် တာချီလိတ်ခရိုင်များတွင် သဘာဝအလျောက်ပေါက်သည့် ဆေးဖက်ဝင်အပင်မျိုးကွဲများကို စာရင်းကောက်ယူပြီး သိပ္ပံနည်းကျ စစ်ဆေးရန်၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့အရ ဆေးဖက်ဝင်အပင်များကို လေ့လာရန်နှင့် ဆေးဖက်ဝင်အပင်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုကို သိပ္ပံနည်းကျလေ့လာရန် သင်တန်းက ရည်ရွယ်သည်။ ထို့အပြင် မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းတွင် အသုံးပြုသည့် ဆေးဖက်ဝင်အပင်မျိုးစိတ်များအကြောင်းကို စာအုပ်ထုတ်ဝေရန်၊ ထိုအပင်မျိုးစိတ်များကို စီမံအုပ်ချုပ်ရန်၊ မျိုးပွားစိုက်ပျိုးရန်နှင့် ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်သည်။ လေးရက်တာကြာမြင့်မည့် အဆိုပါ သင်တန်းသို့ ဒေသခံတိုင်းရင်းဆေးဆရာ ၂၀ ခန့် တက်ရောက်မည်ဖြစ်သည်။ |
၂၀၂၄၊ ဇွန် ၁၅ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GACC) တွင် မှတ်ပုံတင်ထားသည့် ရေငန်ပုစွန်မွေးမြူရေးကုမ္ပဏီလေးခုက မွေးမြူရေးရေငန်ပုဇွန် ၆၂၇ တန်အထိ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၉၅ သန်း ရရှိခဲ့သည်။ ယခင်က သဘာဝရေထွက်ကုန်များကိုသာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီနှင့် GACC အကြား မွေးမြူရေးရေထွက်ကုန်များတင်ပို့ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် မွေးမြူရေးရေထွက်ကုန်များကို GACC တွင် မှတ်ပုံတင်၍ တင်ပို့လာနိုင်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလအထိ ကုမ္ပဏီများက GACC သို့ မှတ်ပုံတင်လျှောက်ထားသည့် လျှောက်လွှာပေါင်း ၃,၀၀၀ ကျော်ခန့်ရှိပြီး ၁,၀၀၀ ကျော်သာ မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသည်။ |
၂၀၂၄၊ ဇွန် ၁၄ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၏ အကောင်အထည်ဖော်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ခုနှစ်ခုတွင် အကောက်အထည်ဖော်နေသည့် စီမံကိန်းများ၏ အခြေအနေကို တင်ပြခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအမံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အမေရိကန်ဒေါ်လာ လေးသန်းနီးပါးတန်ဖိုးရှိ စီမံကိန်း ၁၂ ခုကို စစ်ကောင်စီဝန်ကြီးဌာန ခြောက်ခုက အကောင်အထည်ဖော်မည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုစေသည့် တီထွင်ဆန်းစစ်မှုများ ဆောင်ရွက်နိုင်ရေး၊ သတင်းအချက်အလက်နည်းပညာနှင့် ယဥ်ကျေးမှုမြှင့်တင်ရေး စသည့်ကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၁၈ ခုကို အကောင်အထည်ဖော်ခွင့် ရရှိခဲ့သည်။ |
၂၀၂၄၊ ဇွန် ၁၃ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်နီ) (TBP) ဖြင့် နေထိုင်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကို တရုတ်နိုင်ငံက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နေကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရွှေလီမြို့တွင် စာအုပ်နီသက်တမ်းလွန်နေသူများနှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တပတ်ခံလက်မှတ်) (TBP) ဖြင့် နေထိုင်ကာ အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးခဲ့သည်။ အဆိုပါဖမ်းဆီးမှုများကြောင့် မူဆယ်မြို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) တွင် စာအုပ်အနီတိုကင်ရရှိရန် အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းခြင်းနှင့် ညအိပ်စောင့်ဆိုင်းခြင်းများလည်းရှိခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အလွန်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမည်ကို စိုးရိမ်မှုများကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှစကာ တရုတ်-မြန်မာနယ်စပ်မြို့များတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများမှာ တနှစ်သက်တမ်းရှိသည့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (စာအုပ်နီ) များကို ရရှိရန် ကြိုးပမ်းနေကြသည်။ |
၂၀၂၄၊ ဇွန် ၁၃ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကူးစက်ရောဂါများကို ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် မကူးစက်သောရောဂါများကို ကာကွယ်ကုသရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါနားလည်မှုစာချွန်လွှာတွင် တီဘီ၊ အိပ်ချ်အိုင်ဗီ (HIV)၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့် ကူးစက်ရောဂါများကို ထိန်းချုပ်ကာကွယ်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသည့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းများကိုဆောင်ရွက်ရန်တို့ ပါဝင်သည်။ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများကို လေ့လာရေးခရီးနှင့် သင်တန်းများစေလွှတ်ခြင်း၊ နှစ်နိုင်ငံအကြား ပူးတွဲသုတေသန ပြုလုပ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း ပြုလုပ်ရန် ရည်ရွယ်ထားသည်။ တရုတ်နိုင်ငံအကူအညီဖြင့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) ဆောက်လုပ်ပြီးစီးသည်နှင့်တပြိုင်နက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယခုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေးကောင်စစ်ဝန် မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daobing)၊ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့ တက်ရောက်ခဲ့သည်။ ထို့အပြင် လက်မှတ်ရေးထိုးပွဲအပြီးတွင် ရှစ်ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံကူးစက်ရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအလုပ်ရုံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) ကို တရုတ်နိုင်ငံ၏အကူအညီဖြင့် ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ ဇွန် ၁၃ တရုတ်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဆေးဝါးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) အဆောက်အအုံ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံး အဆောက်အအုံနှင့် ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3) ဓာတ်ခွဲခန်းတို့ ပါရှိသည်။ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်၊ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးသင်တန်းကျောင်း (CDC) စီမံကိန်းသည် ယွမ်သန်း ၄၀၀ ခန့်တန်ဖိုးရှိပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံအား အကူအညီပေးခဲ့သည့် အကြီးဆုံးစီမံကိန်းများအနက် တခုဖြစ်သည်။ |
၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ တရုတ်နိုင်ငံက ရောင်းချပေးထားသည့် ဒရုန်းအမြောက်အများကိုအသုံးပြု၍ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်မှုနှင့် မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့နေမှုအပေါ် ဘေဂျင်း၏မူဝါဒကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရိုက်တာသတင်းဌာနက မေးမြန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်း (Mr. Lin Jian) က တရုတ်နိုင်ငံသည် စစ်လက်နက်ပစ္စည်းများနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့်ပစ္စည်းများ တင်ပို့ခြင်းကို တာဝန်သိစွာနှင့် သတိရှိစွာ အမြဲတမ်းကိုင်တွယ်ကြောင်း ပြန်ဖြေကြားခဲ့သည်။ အာဏာသိမ်းမှုအလွန်တွင် တရုတ်နိုင်ငံသည် စစ်ကောင်စီထံသို့ တိုက်လေယာဥ်များတင်ပို့ခြင်း၊ ရေငုပ်သင်္ဘောနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ကင်းလှည့်ရေယာဥ်များကို ထောက်ပံ့ပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။ အာဏာသိမ်းမှုအလွန်၌ တရုတ်နိုင်ငံအနေနှင့် စစ်ကောင်စီအား အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်တန်ဖိုးရှိသည့် စစ်ဘက်သုံးပစ္စည်းများ ရောင်းချခဲ့ကြောင်း ၂၀၂၃ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အန်ဒရူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ |
၂၀၂၄၊ ဇွန် ၁၁ စစ်ကောင်စီရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံအစိုးရက ကင်းလှည့်ရေယာဉ်ခြောက်စီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ ရေကြောင်းပို့ဆောင်မှုဘေးကင်းစေရန်၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ထိန်းသိမ်းကာကွယ်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရန်ရည်ရွယ်ကာ အဆိုပါကင်းလှည့်ရေယာဉ်များကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါကင်းလှည့်ရေယာဉ်ခြောက်စီးတွင် ၂၈ မီတာကင်းလှည့်ရေယာဉ်နှစ်စီးနှင့် ၄၈ မီတာကင်းလှည့်ရေယာဉ်လေးစီးတို့ ပါဝင်သည်။ ရေယာဉ်များလွှဲပြောင်းခြင်းမှအစပြုကာ တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခြင်းအား တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေယာဉ်များလွှဲပြောင်းခြင်းအခမ်းအနားသို့ စစ်ကောင်စီရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့ တက်ရောက်ခဲ့သည်။ ကင်းလှည့်ရေယာဥ်များ ထောက်ပံ့ပေးရန် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဇွန်ကတည်းက တရုတ်နိုင်ငံကို အဆိုပြုထားခြင်းဖြစ်သည်။ ၂ဝ၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဆိုပါစီမံကိန်း၏ လဲလှယ်မှုစာလွှာကို လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄၊ ဇွန် ၁၁ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဝိုင်းမော်-ကန်ပိုက်တီ လမ်းကြောင်းပေါ်ရှိ ဆဒုံးဗျူဟာကုန်းအပါအဝင် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်း၊ ဒိန်ဂါစစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။ လဖိုင်ပြည်သူ့စစ်စခန်းသည် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် အနီးဆုံးရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းဖြစ်သည်။ စစ်ကောင်စီစခန်းများကို KIA က သိမ်းပိုက်ပြီးနောက်တွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုက်တီတွင် ကုန်သွယ်ရေးရပ်တန့်ခဲ့သည်။ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဝိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လမ်းကိုယာယီပိတ်ဆို့ခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကန်ပိုက်တီမြို့တွင် ကုန်ကားအစီးနှစ်ရာခန့် ပိတ်မိလျက်ရှိသည်။ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်သည်။ လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကောင်စီက ထိန်းချုပ်ထားလျက်ရှိသည်။ |
၂၀၂၄၊ ဇွန် ၁၀ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များစစ်ဆေးခြင်းအတွက် အသိပညာပေးအခမ်းအနားကို မန္တလေးတိုင်း ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမင်းနောင်က တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များတင်ပို့ရာတွင် ပုဂ္ဂလိကကုမ္ပဏီများအတွက် GACC ၏ သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ရန်၊ GACC သို့ မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကို မှန်ကန်စွာဖြည့်သွင်းနိုင်ရန်၊ စစ်ဆေးရာတွင် လျှောက်ထားသည့်ကုမ္ပဏီက ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို နားလည်ရန် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။ GACC နှင့် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားမှု၊ ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်း၊ ငှက်ပျော စသည်တို့အတွက် သဘောတူညီမှုလေးခု၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများတင်ပို့ခြင်းနှင့်သက်ဆိုင်သည့် သဘောတူညီမှုနှစ်ခုနှင့် ကျွဲ၊ နွား အရှင်များ ပို့ဆောင်ရေးအတွက် သဘောတူညီမှုတခု စုစုပေါင်း ခုနစ်ခုရှိကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် အခြားသောပို့ကုန်များအတွက်လည်း SPS Protocol များ ထပ်မံ၍ လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဦးမင်းနောင်က ပြောကြားခဲ့သည်။ အခမ်းအနားသို့ စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်း ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ တက်ဟုန်းခရိုင် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၁၀ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် လယ်ယာမြေများရောင်းချမည့် အိမ်ထောင်စု ၃၀၀ နီးပါးအတွက် အစားထိုးလယ်ယာများပြန်ပေးနိုင်ရန် စစ်ကောင်စီထံ တင်ပြထားကြောင်း ကျောက်ဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို NP News သတင်းဌာနတွင် ဖော်ပြထားသည်။ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် မြေဧက ၄,၈၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ပြီး လယ်ယာမြေ ဧက ၁,၀၀၀ ခန့်ကို ဒေသခံများထံမှ ပြန်လည်ဝယ်ယူမည်ဖြစ်သည်။ စီမံကိန်းကို စတင်အကောင်အထည်ဖော်ရာတွင် မြေဧက ၂၅၀ ခန့်မှ စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး အဆိုပါ ဧရိယာအတွင်း ဒေသခံများ၏ လယ်မြေများမှာ ဧက ၁၀၀ ခန့်ပါဝင်သည်။ မြေလျော်ကြေးကိစ္စအတွက် မူဝါဒချမှတ်ပြီးဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၂၃ ရက်တွင်ပြုလုပ်ခဲ့သည့် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးတွင် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။ အဆိုပါမြေဧရိယာများအတွက် မြေတဧကလျှင် မြန်မာကျပ်ငွေ သိန်း ၃၀၀ ခန့် လျှော်ကြေးငွေပေးချေမည်ဟု ဆိုထားသည်။ လျော်ကြေးငွေပေးချေပြီးနောက် အစားထိုးလယ်ယာမြေများကိုလည်း ပြန်လည်ပေးအပ်ရန် ကျောက်ဖြူမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီအာဏာပိုင်များထံ တင်ပြထားကြသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်ရန် စစ်ကောင်စီက ရည်ရွယ်ထားသည်။ တဖက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်းထန်နေချိန်အတွင်း စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ၂၀၂၄ ခုနှစ် ဇွန် ၈ ရက်မှ ၁၀ ရက်အထိ တရုတ်သံအမတ်နှင့်အဖွဲ့က လေးရက်ကြာသွားရောက်ခဲ့သည်။ |
၂၀၂၄၊ ဇွန် ၈-၁၀ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို စစ်ဆေးရန် တရုတ်သံအရာရှိများ ကျောက်ဖြူသို့ သုံးရက်ကြာလာရောက်ခဲ့ကြောင်း ဒေသခံများ၏ပြောဆိုမှုကို BBC သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်အပါအဝင် သံတမန်ရှစ်ဦးသည် မဒေးကျွန်းရှိ တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို သွားရောက်လေ့လာခဲ့ကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသော်လည်း တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအနီးတဝိုက်ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျောက်ဖြူစီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ ကျောက်ဖြူခရီးစဉ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က တရားဝင်ထုတ်ပြန်ခြင်းမရှိပါ။ ရခိုင်ပြည်နယ်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း၏ မဟာဗျူဟာကျစီမံကိန်းများဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းနှင့် ကားလမ်း၊ ကျောက်ဖြူ-အမ်းရထားလမ်း၊ နေပြည်တော်-မအီ-ကျောက်ဖြူကားလမ်းနှင့် လေအားလျှပ်စစ်စီမံကိန်းများ တည်ရှိနေသည့်အပြင် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများလည်း ရှိနေသည်။ (တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄၊ ဇွန် ၈ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား အပစ်ရပ်ရန် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးနေသော်လည်း တိုက်ပွဲရပ်တန့်ရန် အလွန်အခက်အခဲရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အွန်လိုင်းမှတဆင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။ စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် AA နှင့် တိုက်ပွဲဖြစ်ပွားမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသော်လည်း စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် တိုက်ပွဲရန်တန့်ရန် ခက်ခဲကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာတွေ့ဆုံအဖြေရှာရန် လိုလားပြီး ရခိုင်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏အကျိုးစီးပွားများကို အပြည့်အဝအကာအကွယ်ပေးစေလိုကြောင်းနှင့် နယ်စပ်ဒေသကို တည်ငြိမ်စေလိုကြောင်းလည်း ဦးခိုင်သုခက ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် မေ ၁၅ ရက်က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် AA အကြား ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ဆွေးနွေးပွဲပျက်ခဲ့ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇွန် ၃ ရက်တွင် VOA သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။ |
၂၀၂၄၊ ဇွန် ၈ မြစ်ဆုံဆည်တည်ဆောက်ရာတွင် အန္တရာယ်မရှိစေရန် မူလစီမံကိန်းတွင် ရေးဆွဲထားသော ရေကာတာအမြင့်ထက် နှိမ့်ပြီးဆောက်လုပ်ရန် တရုတ်နိုင်ငံဘက်က ညှိနှိုင်းထားကြောင်း စစ်ကောင်စီ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဌာနသို့ ပြောကြားခဲ့သည်။ ရေကာတာအမြင့် အတိအကျကိုမူ မသိရှိရသေးကြောင်းလည်း ပြောကြားခဲ့သည်။ ဧရာဝတီမြစ်ဆုံစီမံကိန်း (ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း) အတွက် စီမံကိန်းဦးဆောင်အဖွဲ့ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် စစ်ကောင်စီက ဖွဲ့စည်းခဲ့ပြီးနောက် စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် အားထုတ်လာသည်။ စီမံကိန်းအကောင်အထည်ဖော်မည့် အသေးစိတ်အချက်အလက်များကိုမူ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။ မူလစီမံကိန်းအချက်အလက်များအရ မြစ်ဆုံဆည်ကို မြေနေရာအကျယ်အဝန်း ၁၈,၀၀၀ စတုရန်းမိုင်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အထက်ရေလှောင်ကန်ကြီး ရေအမြင့် ၉၈၀ ပေ၊ ဆည်အမြင့် ၅၀၀ ပေ၊ အမြင့်ဆုံးထိန်းနိုင်သည့် ရေအမြင့် ၉၅၀ ပေ၊ ရေထု ၃၄ ဧကပေသန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ခန့်မှန်းထားသည်။ (မြစ်ဆုံဆည်စီမံကိန်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄၊ ဇွန် ၇ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်၏ တရုတ်နိုင်ငံဘက် အခြမ်းတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက နှစ်နိုင်ငံနယ်စပ်ဒေသ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံနယ်စပ်ရှိ နမ့်ဆေးချောင်းတွင် အမှိုက်ပိတ်ဆို့မှုမရှိစေရေး၊ နှစ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ရမည့်ကိစ္စများကို မူဆယ်နှင့် ရွှေလီ စည်ပင်သာယာအဖွဲ့များအချင်းချင်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ရွှေလီမြို့တော်ဝန် မစ္စတာဝမ်ယန် (Mr. Wen Yang)၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးရှင်ဖူတို့လည်း တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဇွန် ၆ တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၄ နှစ်ပြည့်အဖြစ် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတခုသို့ စာရေးကိရိယာနှင့် စားနပ်ရိက္ခာများလှူဒါန်းခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း ၂၃ ကျောင်းအနက် တကျောင်းဖြစ်သည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အမှတ်-၁၄ အခြေခံပညာအထက်တန်းကျောင်းတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသံရုံးက အဆိုပါကျောင်းအတွက် နှစ်ထပ်စာသင်ဆောင်ကို ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆရာ၊ ဆရာမများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစီစဉ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ |
၂၀၂၄၊ ဇွန် ၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး၏ စျာပနအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး မစ္စချောင်လီ (Ms. Qiao Li) က သံရုံးကိုယ်စားတက်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြခဲ့သည်။။ မစ္စချောင်လီက ကျန်ရစ်သူမိသားစုဝင်များနှင့်တွေ့ဆုံကာ နှစ်သိမ့်စကားပြောခဲ့ပြီး သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ အရေးပါသောနိုင်ငံရေးသမားဖြစ်ကာ တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၄၊ ဇွန် ၃ တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြှင့်တင်ရေးမိတ်ဆက်ရှင်းလင်းပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ပြပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာကျင်းပမည်ဖြစ်ကြောင်းနှင့် မြန်မာကုမ္ပဏီများအတွက် ပြခန်း ၈၄ ခန်း စီစဉ်ထားမည်ဖြစ်ကြောင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးချုပ်ရုံး အတွင်းရေးမှူး မစ္စဝေကျောက်ဟူ (Ms. Wei Zhaohui) က အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါပြပွဲသည် မြန်မာကုမ္ပဏီများအတွက် တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည် ဖော်လျက်ရှိသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (RCEP) နှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) တို့တွင် ပါဝင်ကာ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရန် ပလက်ဖောင်းတခုဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ကြသည်။ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် နန်နင်းမြို့၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြခန်း ၈၀ ခန်းဖြင့် ပါဝင်ပြသခဲ့သည်။ အဆိုပါပြပွဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး စသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပြင် ရေထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းများကို ပြသခဲ့သည်။ |
၂၀၂၄၊ ဇွန် ၃ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့၏ ကြေးနီထုတ်လုပ်မှုလုပ်ငန်းများကို ရပ်ဆိုင်းပေးရန် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါဆန္ဒပြမှုတွင် မြန်မာဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများလည်ပတ်ရန် ကြိုးပမ်းနေခြင်းကို တရုတ်နိုင်ငံအနေနှင့် ရပ်တန့်ရန် ဒေသခံများက တောင်းဆိုခဲ့ကြသည်။ စီမံကိန်းများသည် စစ်ကောင်စီ၏ စစ်စီးပွားရေးကို အထောက်အကူဖြစ်စေသောကြောင့် လုပ်ငန်းရပ်ဆိုင်းသည်အထိ ဆန္ဒပြမည်ဖြစ်ကြောင်း သပိတ်ကော်မတီဝင်တဦးက ပြောကြားခဲ့သည်။ စီမံကိန်းရပ်တန့်ရန် ဆန္ဒပြမှုများကို ၂၀၂၄ ခုနှစ် မေ ၇ ရက်မှစတင်ကာ နေ့စဥ်ပြုလုပ်နေခြင်းဖြစ်ပြီး တလနီးပါးရှိပြီဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလဆန်းတွင် စီမံကိန်းလုပ်ငန်းခွင်သို့ တရုတ်နိုင်ငံသား ၈၀ နီးပါး ရောက်ရှိလာပြီး စီမံကိန်းလည်ပတ်ရန် ကြိုးပမ်းနေကြောင်း ဒေသခံများက ပြောကြားကြသည်။ ထို့အပြင် မေလအတွင်းမှာပင် စီမံကိန်းမှ ကြေးနီများသယ်ဆောင်လာသော ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ စုပုံထားသော သတ္တုရိုင်းများကို ရွှေ့ပြောင်းခြင်း၊ အချိန်ကြာမြင့်စွာ အသုံးမပြုထားသည့် စက်ကိရိယာချို့ယွင်းမှုများကို ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဝမ်ပေါင်ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။ ထို့အပြင် မိုးရာသီတွင် သတ္တုတွင်းဧရိယာအတွင်း ရေကြီးရေလျံမှုကို ရှောင်ရှားနိုင်ရန် ရွှံ့နုန်းမြေများကို ရှင်းထုတ်ခြင်း၊ ပိုက်များပြင်ဆင်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်နေကြောင်းလည်း ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄၊ ဇွန် ၃ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အမှတ်-၄၂ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development – CFRD) က စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ CFRD ၏ Smiling Children Program အစီအစဥ်ဖြင့် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အစားအသောက်နှင့် စားနပ်ရိက္ခာများကို ကျွေးမွေးထောက်ပံ့ခဲ့သည်။ တရုတ်နိုင်ငံအခြေစိုက် CFRD သည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘေးအန္တရာယ်ကာကွယ်ရေးနယ်ပယ်များတွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး အီသီယိုးပီးယား၊ ကိုလံဘီယာ၊ မြန်မာ၊ နီပေါနှင့် ယူဂန်ဒါနိုင်ငံများတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ CFRD အနေနှင့် Smiling Children Program ကို မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး အဆိုပါအစီအစဥ်ဖြင့် ငတ်မွတ်မှုကင်းစင်ရေး၊ ပညာရေးမြှင့်တင်ရေးနှင့် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်မှုတိုးမြှင့်ပေးရေး စသည့်ကဏ္ဍများအတွက် အကူအညီများထောက်ပံ့နေသည်။ ထို့အပြင် အဆိုပါအစီအစဥ်ဖြင့် မြန်မာနိုင်ငံရှိ ကျောင်းပေါင်း ၅၄ ကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၂,၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်းလည်း ဖော်ပြထားသည်။ |
၂၀၂၄၊ မေ ၃၀- ဇွန် ၅ တရုတ်နိုင်ငံ၏ဖိတ်ကြားချက်ဖြင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ဘေဂျင်းမြို့များသို့ တပတ်ကြာ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါခရီးစဥ်အတွင်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာယန်ရှောင်ချန်း (Mr. Yang Shaocheng)၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလျန်ကျန်းကျွန်း (Mr. Liang Jianjun) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲများတွင် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ မြန်မာ-ယူနန် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ပြန်လည်ဖော်ဆောင်ရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများကို အရှိန်မြှင့်အကောင်အထည်ဖော်ရေး၊ ပြည်သူချင်းဆက်ဆံမှုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ မေ ၃၀ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းများ ဆက်လက်အကောင်ထည်ဖော်ရန်၊ ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် တရုတ်နိုင်ငံဘက်က ဆက်လက်အကူအညီပေးမည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။ ယခုနှစ် မေလအတွင်း မစ္စတာချန်းဟိုင်နှင့် ဦးသန်းဆွေတို့ တွေ့ဆုံသည်မှာ နှစ်ကြိမ်ရှိခဲ့ပြီး ပထမကြိမ်တွင် နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စကို အဓိကဆွေးနွေးခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ မေ ၂၉ – ဇွန် ၂ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်အာဏာပိုင်များ၏ ဖိတ်ကြားမှုအရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ကိုယ်စားလှယ်အဖွဲ့သည် ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများကို ဆွေးနွေးရန် တက်ဟုန်းခရိုင်သို့ ငါးရက်ကြာသွားရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ သူနာပြုဘာသာရပ်နှင့် တိုင်းရင်းဆေးပညာအတွက် ပညာတော်သင်များကို တရုတ်နိုင်ငံသို့ စေလွှတ်နိုင်ရန် အဆိုပါ ခရီးစဉ်အတွင်း တက်ဟုန်းခရိုင် အသက်မွေးဝမ်းကျောင်းကောလိပ်၌ ဆွေးနွေးခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။ |
၂၀၂၄၊ မေ ၂၈ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်ဂိုဏ်းများ (ကျားဖြန့်) နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို ရာထူးမှဖြုတ်ချခဲ့ပြီး ဗိုလ်ချုပ်ကိုလေးကို အစားထိုးခန့်အပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ လောက်ကိုင်အခြေစိုက် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် ဆက်စပ်ကြောင်း တရုတ်အစိုးရက ဖိအားပေးသည့်အတွက် ၂၀၂၄ ခုနှစ် မတ်လလယ်တွင် စစ်ကောင်စီက ဗိုလ်ချုပ်အောင်လင်းထွန်းကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ကျားဖြန့်လုပ်ငန်းများကို ဦးဆောင်သည့် ကိုးကန့်မိသားစုကြီးလေးခုမှ ပါဝင်ပတ်သက်သူများကို တရုတ်အာဏာပိုင်များက စစ်ဆေးပြီးနောက် ဗိုလ်ချုပ်အောင်လင်းထွန်းအပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) တို့တွင် တာဝန်ကျခဲ့သည့် အရာရှိများကို စစ်ကောင်စီက စုံစမ်းစစ်ဆေးကာ ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိ ချမှတ်ကာ အရေးယူခဲ့သည်။ |
၂၀၂၄၊ မေ ၂၆- ဇွန် ၄ တရုတ်နိုင်ငံမှကျောင်းများ၏ ပညာသင်ကြားမှုနှင့် လုပ်ငန်းလည်ပတ်မှုအတွေ့အကြုံများကို လေ့လာရန် မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများမှ လူငယ်ဆရာ၊ ဆရာမများသည် တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါခရီးစဥ်တွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများမှ ဆရာ၊ ဆရာမ ၁၇ ဦးသည် တရုတ်နိုင်ငံ ဘေဂျင်း၊ ရှန်ဟိုင်း၊ ကူမင်း စသည့်မြို့များရှိ အထက်တန်းနှင့် အလယ်တန်းကျောင်း ရှစ်ကျောင်းသို့ သွားရောက်လေ့လာခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက စာသင်ကျောင်းဆောင်များ တည်ဆောက်ပေးခြင်းနှင့် လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်လှူဒါန်းပေးထားသည့် မြန်မာနိုင်ငံရှိ အခြေခံပညာစာသင်ကျောင်းတချို့ကို တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများဟုသတ်မှတ် ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ဆုပေးအပ်ခြင်းနှင့် တရုတ်နိုင်ငံလေ့လာခရီးစဥ်များကို တရုတ်နိုင်ငံသံရုံးက လုပ်ဆောင်လေ့ရှိသည်။ |
၂၀၂၄၊ မေ ၂၅ မဲခေါင်မြစ်ဝှမ်းဒေသ တရားဥပဒေစိုးမိုရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို လေ့လာရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ သွားရောက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ခရီးစဉ်တွင် တရုတ်နိုင်ငံက အဓိကပံ့ပိုးပေးထားသည့် လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေဖြင့် တည်ဆောက်ထားသော စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ရှမ်းပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့ (ခွဲ) ဝမ်ပုံစခန်းသို့ သွားရောက်လေ့လာခဲ့သည်။ အဆိုပါစခန်းရှိ သက်ဆိုင်ရာ စစ်ကောင်စီ အရာရှိများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့် အွန်လိုင်းလောင်းကစား (ကျားဖြန့်) ပူးပေါင်းတိုက်ဖျက်ရေးတို့တွင် ကင်းလှည့်ယန္တရားကို အသုံးချသွားရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံကလှူဒါန်းထားသည့် ရေပေါ်ကင်းလှည့်ရေယာဉ်ဖြင့် ထိုင်း-မြန်မာ-လာအိုနယ်စပ် ရွှေတြိဂံဒေသ မဲခေါင်မြစ်တွင် လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုအခြေအနေကို ကြည့်ရှုခဲ့သည်။ မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ၂၀၁၁ ခုနှစ်မှစတင်ကာ တရုတ်၊ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ ပူးပေါင်းပြီး လေးနိုင်ငံပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ မေ ၂၄-မေ ၂၉ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ Huanghe S&T တက္ကသိုလ်တွင် ခြောက်ရက်ကြာကျင်းပသည့် ၁၁ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်အမျိုးသမီးပါမောက္ခချုပ်များ၏ဖိုရမ်သို့ မြန်မာနိုင်ငံက တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဖိုရမ်ကို Huanghe S&T တက္ကသိုလ်က ဦးဆောင်ကျင်းပခဲ့ပြီး အဆင့်မြင့်ပညာရေး၏ ပွင့်လင်းမြင်သာရှိမှု၊ လူသားမျိုးနွယ်နှင့် ပညာရေးအပေါ် ယေဘုယျသဘောထားအမြင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေးပုံစံများဆင့်ကဲပြောင်းလဲလာမှု၊ ကျောင်းဖွင့်လှစ်ခြင်း၏အတွေ့အကြုံနှင့် ပညာရေးဆိုင်ရာအသိပညာမျှဝေခြင်း၊ မတူညီသောယဥ်ကျေးမှုနောက်ခံများမှ အမျိုးသမီးများ၏ခေါင်းဆောင်မှု စသည့် ခေါင်းစဉ်ငါးခုကိုအခြေခံကာ စကားဝိုင်းဆွေးနွေးပွဲများ၊ ဖိုရမ်များကို ပြုလုပ်ခဲ့သည်။ ဖိုရမ်သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ၏ စီစဉ်မှုဖြင့် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူူမင်း တက်ရောက်ခဲ့ပြီး ပညာရေးကဏ္ဍအတွက် ဆွေးနွေးခဲ့သည်။ အဆိုပါဖိုရမ်သည် တက္ကသိုလ်များရှိ အမျိုးသမီးပါမောက္ခချုပ်များ၏ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးရန်၊ အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးခေါင်းဆောင်မှုနယ်ပယ် မြှင့်တင်ရေးအတွက် အတွေ့အကြုံနှင့် အသိပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်သည့် နိုင်ငံတကာဖိုရမ်တခုဖြစ်သည်။ ဖိုရမ်သို့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှ ကိုယ်စားလှယ် ၂၇ဝ ကျော် တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ မေ ၂၃ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျ စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် မြေလျော်ကြေးကိစ္စဆိုင်ရာ မူဝါဒချမှတ်ပြီးဖြစ်ကြောင်း မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးတွင် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်းစတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရမည်များကို လုပ်ဆောင်ရန်ကာလ (Long Stop Date) သက်တမ်း ၁၈ လထပ်မံတိုးမြှင့်ခဲ့ပြီး ကျန်ရှိနေသည့် ကာလအတွင်း ဆောင်ရွက်ရမည့်ကိစ္စများကို ဥပဒေနှင့်အညီ ပြီးပြတ်အောင်ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် သက်ဆိုင်ရာကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့်အတူ လုပ်ငန်းအစီအမံအတိုင်း ဆောင်ရွက်ရန်နှင့် Long Stop Date ကာလအတွင်း နှစ်ဖက်ဆောင်ရွက်ရမည့်ကိစ္စများကို အပြီးသတ်ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်တွင်လည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများကို တင်ပြသည့် အစည်းအဝေးကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP Myanmar Special Issue တွင် ရှုပါ)။ |
၂၀၂၄၊ မေ ၂၀-၂၄ ၁၀ ကြိမ်မြောက် အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင် ဖလှယ်ရေးအခမ်းအနား (10th ASEAN-China Young Leaders Exchange Festival) ကို နန်နင်းမြို့တွင် ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CRI သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို အာဆီယံနိုင်ငံမှ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ နိုင်ငံတကာအတွေ့အကြုံရှိစေရန်နှင့် လူငယ်ခေါင်းဆောင်များ ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့က အာဆီယံနှင့် တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များအား ပျူခေတ်အကများကို လေ့ကျင့်သင်ကြားခြင်း၊ တဦးချင်းဆီ တွေ့ဆုံဆွေးနွေးခြင်း၊ စုဖွဲ့လေ့ကျင့်မှုပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာပစ္စည်းများနှင့် အစားအသောက်များကို မျှဝေခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အဖြစ် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ တာဝန်ရှိသူ နှစ်ဦးနှင့် ကျောင်းသား ကျောင်းသူ ငါးဦးတို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄ ၊ မေ ၂၀ တရုတ်နိုင်ငံသို့ တင်ပို့သည့် သရက်သီးဈေးကွက်သည် ဈေးကောင်းမရရှိခြင်းကြောင့် အရှုံးပေါ်လျက်ရှိကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ စိန်တလုံးသရက်သီးများကို မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းလား-တာလော့ နယ်စပ်ဂိတ်မှတဆင့် တင်ပို့ရပြီး ဈေးကောင်းမရရှိခြင်းအပြင် ကုန်ကျစရိတ်မှာ ကားတစီးလျှင် မြန်မာကျပ်ငွေ သိန်း ၁၆၀ ခန့် ကုန်ကျလျက်ရှိသည်။ တရုတ်နိုင်ငံသို့ တင်ပို့သည့် သရက်သီးများသည် ၁၆ ကီလို တခြင်းလျှင် မြန်မာကျပ်ငွေ ခြောက်သောင်းခန့်ရရှိသော်လည်း သယ်ယူစရိတ်မြင့်မားသည့်အတွက် ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချနေကြောင်း ရေးသားထားသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်များကို ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် MNDAA က ထိန်းချုပ်ထားသည်။ ထို့ကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလား-တာလော့ နယ်စပ်ဂိတ်မှသာလျှင် တရားဝင် ပို့ဆောင်လျက်ရှိပြီး MNDAA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တနိုင်တပိုင်ကုန်စည်ကူးသန်းခွင့်ကိုသာ ဆောင်ရွက်နိုင်သေးသည်။ |
၂၀၂၄၊ မေ ၁၉ လန်းချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်တောကျေးရွာတွင် ကျပ် ၁၃၇ သန်းကျော်တန်ဖိုးရှိ ရေရရှိရေးစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ကျောက်တောကျေးရွာတွင် ရေတားတမံတည်ဆောက်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရွာတွင်းရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရေစစ်ကန်၊ ရေစုကန်တည်ဆောက်ခြင်းများကို စစ်ကောင်စီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ အကောင်အထည်ဖော်လျက်ရှိသည်။ စီမံကိန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အကောင်အထည်ဖော်လျက်ရှိပြီး စီမံကိန်း၏ ၈၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် လန်းချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ရေရရှိရေးစီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကွမ်းခြံ (ထက်၊ အောက်) ကျေးရွာများတွင်လည်း အကောင်အထည်ဖော်လျက်ရှိသည်။ |
၂၀၂၄၊ မေ ၁၈ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ငါးဦးကို အဂတိမှုဖြင့် ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိ ချမှတ်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒကစမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းတို့ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး စစ်ကောင်စီ ပုံနှိပ်လုပ်ငန်းတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တဦးကိုလည်း ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့သည်။ စစ်ကောင်စီအနေနှင့် တိုင်းမှူးများနှင့် ဒကစမှူးများကို စစ်ဆေးအရေးမယူခင်တွင် ရှမ်းမြောက်အခြေစိုက် ကျားဖြန့်လုပ်ငန်းများ၏ ဂိုဏ်းခေါင်းဆောင်များဟု တရုတ်နိုင်ငံကသတ်မှတ်ခဲ့သည့် ကိုးကန့်မိသားစုကြီးလေးခုမှ ပါဝင်ပတ်သက်သူများကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။ အဆိုပါကိုးကန့်မိသားစုလေးခုမှ ဖမ်းဆီးခံထားရသူများကို တရုတ်နိုင်ငံက စစ်ဆေးပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) တွင် တာဝန်ကျခဲ့သူများကို ကျားဖြန့်နှင့်ပတ်သက်ပြီး စစ်ကောင်စီက စုံစမ်းစစ်ဆေးကာ အရေးယူခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ မေ ၁၇ သန့်ရှင်းသောသောက်သုံးရေရရှိရန် ရည်ရွယ်၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အစီအမံခေါင်းစဉ်အောက်မှတဆင့် ရေရရှိရေးစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကွမ်းခြံ (ထက်၊ အောက်) ကျေးရွာများတွင် ရေသွယ်တန်းခြင်း၊ ရွာတွင်းရေပိုက်သွယ်တန်းခြင်း၊ ရေစစ်ကန်၊ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေတာတမံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရေရရှိရေးစီမံကိန်းကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ကျပ် ၁၀၁ သန်းကျော်ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်း၏ ၈၃ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊ ကျေးလက်ဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဥ်ကျေးမှုစသည့် ကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိသည်။ |
၂၀၂၄၊ မေ ၁၆ မြန်မာနိုင်ငံအနေနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ၏ ပြောကြားမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တရုတ်နိုင်ငံသံရုံးမှ သံမှူး ဒေါက်တာကျန်းကျိဟုန်တို့ တွေ့ဆုံမှုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို ထွန်းကားအေင် ဆက်လက်လုပ်ဆောင်မည့်ကိစ္စနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက် ကျင့်သုံးသွားမည့်အကြောင်းတို့ကို ဦးတင်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုသည် တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ပြဿနာထဲမှ တခုဖြစ်ပြီး နိုင်ငံအသီးသီးနှင့် သံတမန်ဆက်ဆံရေး၏ အခြေခံဖြစ်သော တရုတ်တနိုင်ငံတည်းမူဝါဒကို ထောက်ခံခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဒေါက်တာကျန်းကျိဟုန်က ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသံရုံး၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံမှ မီဒီယာကိုယ်စားလှယ်များလည်း တွေ့ဆုံပြီး ထိုင်ဝမ်အရေးအခင်းနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏သဘောထားကို ရှင်းလင်းပြောဆိုခဲ့သည်။ အဆိုပါမီဒီယာတွေ့ဆုံပွဲသို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာနှင့် People’s Daily သတင်းဌာနတို့မှ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်များလည်း တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ မည်သည့်မီဒီယာများ ပါဝင်သည်ကို စစ်ကောင်စီသတင်းစာများတွင် တရားဝင် ဖော်ပြထားခြင်းမရှိပေ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်သည် ၁၉၅၄ ခုနှစ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာချူအင်လိုင်း၏ အိန္ဒိယနှင့် မြန်မာခရီးစဉ်တို့တွင် စတင်ရေးဆွဲခဲ့ပြီး ၁၉၅၄ ခုနှစ် ဇွန် ၂၉ ရက်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည်။ ‘ဘန်ဒေါင်းမူငါးရပ်’ ဟုလည်း ခေါ်ဆိုသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် သဘောတူညီချက် နှစ် ၇၀ ပြည့်ရန် တလခန့်အလိုတွင် နှစ်နိုင်ငံအကြား အဆိုပါမူငါးရပ်ကို ဆက်လက်အကောင်အထည်ဖော်ရန် တွေ့ဆုံမှုများ ရှိလာခြင်းဖြစ်သည်။ |
၂၀၂၄၊ မေ ၁၆ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် (Cargo Flight) စတင်ပြေးဆွဲကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ပထမဆုံးခရီးစဉ်တွင် ရေထွက်ကုန်ပစ္စည်းများအဓိကပါပြီး ဂဏန်းနှင့် ငါးရှဉ့် ၁၆ တန်ကို တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါလေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင်သုံးကြိမ်ဖြင့် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ပျံသန်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ MNA မှ တက်ဟုန်း-ရန်ကုန် Cargo Flight ခရီးစဉ်ကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလမှစတင်ကာ ပြေးဆွဲလျက်ရှိသည်။ ညီအစ်မမြို့များအဖြစ် သတ်မှတ်ထားသည့် နန်နင်းမြို့နှင့် ရန်ကုန်မြို့အကြားတွင် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပြင် ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပူးတွဲအကောင်အထည်ဖော်လေ့ရှိသည်။ ထို့အပြင် နန်နင်းမြို့သည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် အချက်အချာကျသည့် နေရာလည်းဖြစ်သည်။ |
၂၀၂၄၊ မေ ၁၆ စစ်ကောင်စီ၏ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တရုတ်အစိုးရအာဘော်သတင်းဌာနဖြစ်သည့် ဆင်ဟွာ သတင်းအေဂျင်စီတို့ လုပ်ငန်းသဘောတူညီချက် (Service Provision Agreement) ကို ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါသဘောတူညီချက်တွင် သတင်းဝန်ဆောင်မှုအသုံးပြုခြင်း၊ မြန်မာ့အသံမှသတင်းများကို ဆင်ဟွာသတင်းဌာနမှ အခမဲ့အသုံးပြုရန်ဆောင်ရွက်ခြင်း စသည့် သဘောတူညီမှုအချက်အလက်များပါရှိသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် တရုတ်နိုင်ငံ ကွမ်ရှီးရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနနှင့်လည်း တရုတ်ရုပ်သံဇာတ်လမ်းတွဲများ ပြသရေး သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးထားသည်။ အဆိုပါစာချုပ်အရ တရုတ်ရုပ်သံဇာတ်လမ်းတွဲများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပုံမှန်ပြသလျက်ရှိသည်။ |
၂၀၂၄၊ မေ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်း-နောင်တောင်း (ပိန်းမိုင်) နယ်စပ်ဂိတ်မှတဆင့် ကုန်စည်တင်ပို့ရန် တရုတ်နိုင်ငံနှင့် တရားဝင်ကုန်သွယ်ခွင့်မရရှိသေးကြောင်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောခွင့်ရ လွေးယေဦးက ပြောခဲ့သည်။ ဒေသခံများ သွားလာရေးလွယ်ကူစေရန်နှင့် တနိုင်တပိုင်ကုန်စည်ပို့ဆောင်ရန် ရည်ရွယ်၍ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ်နိုင်ငံကမူ ကုန်စည်စီးဆင်းမှုနှင့် လူဝင်လူထွက်အတွက် တရားဝင်ခွင့်ပြုပေးခြင်းမရှိသေးပေ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် နမ့်ခမ်း-နောင်တောင်း (ပိန်းမိုင်) နယ်စပ်ဂိတ်ကို TNLA က ၂၀၂၄ ခုနှစ် ဧပြီ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နောင်တောင်းနယ်စပ်ဂိတ်မှတဆင့် တနိုင်တပိုင်ကုန်အဝင်အထွက်များကို ခွင့်ပြုလျက်ရှိပြီး နမ္မတူဘော်တွင်းသတ္တုတွင်းမှ သတ္တရိုင်းအချောထည်များကို အဓိကတင်ပို့ကာ တရုတ်နိုင်ငံဘက်အခြမ်းမှ ဘိလပ်မြေ၊ အုတ်၊ အိမ်ဆောက်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှစတင်ကာ TNLA က နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ |
၂၀၂၄၊ မေ ၁၄-၁၅ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပဉ္စမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယခုတကြိမ်တွေ့ဆုံမှုသည် စတုတ္ထအကြိမ်တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်လနီးပါးအကြာတွင် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။ နယ်စပ်ကုန်သွယ်မှုပြန်စရေးနှင့် နယ်မြေတည်ငြိမ်ရေးကိစ္စရပ်များအပြင် အာရက္ခတပ်တော် (AA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြချက်များရှိခဲ့သော်လည်း တရားဝင်ထုတ်ပြန်ချက် မရှိပေ။ ငါးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ယခင်ဦးဆောင်သူ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်အစား အဖွဲ့ဝင်သစ် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က ဦးဆောင်ဆွေးနွေးခဲ့သည်။ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဘက်မှ ပြင်ပဆက်ဆံရေးဌာနမှူး ဗိုလ်မှူးချုပ်ဖုန်းဝင်းနိုင်၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာမိုးဟိန်း၊ အာရက္ခတပ်တော် (AA) မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲအတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား သီးခြားတွေ့ဆုံမှုတခု ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ဘဲ ပြီးဆုံးသွားခဲ့ကြောင်းလည်း VOA သတင်းဌာနက ဖော်ပြခဲ့သည်။ |
၂၀၂၄၊ မေ ၁၄ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်နှင့် မုံးကိုးမြို့နယ်အတွင်းရှိ နယ်စပ်ဂိတ်များကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဝင်ထွက်ခွင့်မရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်ကို RFA သတင်းဌာနတွင် ဖော်ပြထားသည်။ MNDAA ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများအတွက် ရွှေလီ၊ မန်စီနှင့် ဝမ်တိန်မြို့သို့သွားရောက်နိုင်မည့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်များကို တရုတ်နိုင်ငံဘက်က သီးသန့်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုချက်များရှိသော်လည်း တရားဝင် ထုတ်ပြန်ကြေညာချက်မရှိသေးပေ။ လက်ရှိတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား လူဝင်လူထွက် ပြုလုပ်ရန်အတွက် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှသာ တရုတ်နိုင်ငံဘက်ကခွင့်ပြုပေးထားသည်။ ထို့အပြင် တရားဝင်နယ်စပ်ကုန်သွယ်ရေးကို ပြုလုပ်ခွင့်မပေးဘဲ နှစ်နိုင်ငံအကြား တနိုင်တပိုင်ကုန်သွယ်ရေးကိုသာ ခွင့်ပြုထားပြီး နယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ ကုန်ကားများဖြင့် ပြောင်းလဲပို့ဆောင်နေရသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်ကြသည့် ကြူကုတ်-ဝမ်တိန်နှင့် ချင်းရွှေဟော်-လင်ချန်းဂိတ်များကို MNDAA က မတ် ၁၁ ရက်တွင် MNDAA တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၄၊ မေ ၁၄ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ အုပ်ချုပ်နယ်မြေများအတွင်း ကျားဖြန့်လုပ်ငန်းများကို လုပ်ကိုင်နေပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်ကို SSPP/SSA အုပ်ချုပ်နယ်မြေအတွင်းရှိ တပ်မှူး၊ ဌာနမှူးနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူအားလုံး လိုက်နာရမည်ဖြစ်ကြောင်း၊ ကျားဖြန့်လုပ်ကိုင်သည့် ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ အုပ်ချုပ်နယ်မြေအတွင်း နေထိုင်ခွင့်မပြုကြောင်းနှင့် လုပ်ကိုင်သူများကို ဖမ်းဆီးရမိပါက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ SSPP/SSA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် ဂိုဏ်းတခုကို ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ မေ ၁၄ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ မြန်မာဝမ်ပေါင်နှင့် ယန်စီကြေးနီစီမံကိန်းတွင် စီမံကိန်းပြန်လည်ပတ်ရန် ပြင်ဆင်နေမှုအတွက် စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီကို စီမံကိန်းဝန်းအတွင်း စခန်းအဖြစ် နေရာပေးထားခြင်း၊ ကုမ္ပဏီသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုထားခြင်းတို့ကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ချက်ချင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရုတ်စီမံကိန်းများကို လည်ပတ်နိုင်ရန် လုံခြုံရေးခေါင်းစဉ်အောက်မှတဆင့် ပုသိမ်-မုံရွာကားလမ်းပိုင်းကို စိုးမိုးထားပြီး ဒေသခံလူထုကို ဖိအားပေးနေခြင်း၊ အဆိုပါဖိအားပေးမှုများကြောင့် ဒေသခံများ တိမ်းရှောင်ရခြင်း၊ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုမ္ပဏီက ဒေသခံများကို ငွေကြေးဖြင့် စည်းရုံးခြင်း၊ ဖိအားပေးခြင်းဖြင့် သတ္တုတွင်းစီမံကိန်းများကို ပြန်လည်ပတ်ရန် ကြိုးပမ်းခြင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအကြား ညီညွတ်မှုပြိုကွဲစေရန် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။ ထို့အပြင် တရုတ်နိုင်ငံအစိုးရနှင့် မြန်မာဝမ်ပေါင်၊ မြန်မာယန်စီကြေးနီစီမံကိန်း တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏အသံကို အလေးထားရန် တိုက်တွန်းထားသည်။ စစ်ကောင်စီတပ်များ၏ ပုသိမ်-မုံရွာလမ်းပိုင်းတွင် နေရာယူထားမှုကို ဆုတ်ခွာပေးနိုင်ရန်၊ ကြေးနီစီမံကိန်းများလည်ပတ်ကာ စစ်ကောင်စီကို ဝင်ငွေရရှိရန် လုပ်ဆောင်မှုများကို ရပ်တန့်ရန်၊ တရုတ်နိုင်ငံအစိုးရနှင့် ကုမ္ပဏီအနေနှင့် ပြည်သူလူထုအသံကို အလေးထားကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်သာ ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။ အဆိုပါသဘောထားထုတ်ပြန်ချက်ကို အဖွဲ့အစည်း ၄၄ ခု ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလဆန်းတွင် ကြေးနီစီမံကိန်းသို့ တရုတ်နိုင်ငံသား ၈၀ ဦးခန့် ရောက်ရှိလာပြီး စီမံကိန်းလည်ပတ်ရန် ကြိုးစားနေကြောင်း ဒေသခံများက မီဒီယာများသို့ ပြောကြားထားသည်။ |
၂၀၂၄၊ မေ ၁၃ မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ ပပျောက်ရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က RFA နှင့်တွေ့ဆုံမေးမြန်းစဉ်တွင် ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်တွင် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ အပြီးထွက်ခွာအောင်လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် သတိပေးချက်ထုတ်ပြန်ထားကြောင်း ပြောခဲ့သည်။ ကျားဖြန့်လုပ်ငန်းများကို တဖြည်းဖြည်းရှင်းလင်းလျက်ရှိကြောင်း၊ ကျားဖြန့်လုပ်ငန်းကွယ်ပျောက်ရန် ရည်ရွယ်၍ နိုင်ငံခြားသားများကို ထွက်ခွာစေခြင်းဖြစ်ကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားခဲ့သည်။ ထို့အပြင် သတိပေးချက်ထုတ်ပြန်ပြီးနောက် နိုင်ငံခြားသားထွက်ခွာမှုများရှိခဲ့ကြောင်း၊ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများကို နေရပ်ပြန်ရန် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းနှင့် ကျားဖြန့်လုပ်ငန်းများ ရုပ်သိမ်းရေးအတွက် ကြီးကြပ်စစ်ဆေးရန် အဖွဲ့ဖွဲ့စည်းထားကြောင်းလည်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသံရုံးနှင့် BGF အကြား ချိတ်ဆက်လုပ်ကိုင်ခြင်းဖြင့် တရုတ်နိုင်ငံသားများ ပြန်လည်လွှဲပြောင်းမှုများကိုလည်း ထည့်သွင်းဖြေကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအပါအဝင် ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံ သံရုံးများမှ မြန်မာနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသော ၎င်းတို့၏ နိုင်ငံသားများကို ပြန်ပို့ပေးရန် အကြောင်းကြားစာပေးပို့ကြောင်း၊ အဆိုပါသံရုံးများမှ တောင်းခံသည့်သူများကို BGF က လိုက်လံရှာဖွေကာ စစ်ကောင်စီရဲတပ်ဖွဲ့မှတဆင့် သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ |
၂၀၂၄၊ မေ ၁၂ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီ၏ သတ္တုတွင်းလုပ်ငန်းများ လည်ပတ်ရန်ကြိုးစားနေခြင်းကို ရပ်တန့်ရန် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်၍ ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့သည်။ သတ္တုတွင်းလည်ပတ်ရန် ကြိုးစားနေခြင်းနှင့် စစ်ကောင်စီနှင့် ပူးပေါင်းကာ မြန်မာပြည်သူများကို သတ်ဖြတ်နေခြင်းတို့ကို ရပ်တန့်ရန် သပိတ်က တောင်းဆိုခဲ့သည်။ မေ ၇ ရက်တွင်လည်း အဆိုပါသပိတ်ကော်မတီက ဝမ်ပေါင်ကုမ္ပဏီ၏ သတ္တုတွင်းလုပ်ငန်းများ ပြန်လည်တူးဖော်နေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့သေးသည်။ သတ္တုတွင်းရှိ စက်ပစ္စည်းများနှင့် အဆောက်အအုံများကို သံချေးစားခြင်းမှကာကွယ်ရန်အတွက် ပြန်လည်စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စုပုံထားသော သတ္တုရိုင်းများကို နေရာရွှေ့ပြောင်းခြင်းများသာ ဆောင်ရွက်လျက်ရှိကြောင်း ဝမ်ပေါင်ကုမ္ပဏီက ၂၀၂၄ ခုနှစ် မတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ စီမံကိန်းကို အကာအကွယ်ပေးရန် စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းကြောင့် စီမံကိန်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံတသောင်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကိုးကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ မေ ၁၁ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ထိန်းချုပ်ထားသော ဟိုပန်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်များအား UWSA က ငှားရမ်းလျက်ရှိကြောင်း ရှမ်းပြည်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရုံးအပါအဝင် ဝန်ထမ်းအိမ်ရာများကိုပါ ငှားရမ်းလျက်ရှိပြီး အဆိုပါ ငှားရမ်းခမှ ရရှိသည့် အခွန်ငွေများကို ဟိုပန်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် လစာပေးအပ်မည်ဖြစ်ကြောင်း UWSA တာဝန်ရှိသူတဦးက ပြောသည်။ အဆိုပါစစ်ကောင်စီရုံးများကို ဆိုင်ခန်းအဖြစ် ပြန်လည်ငှားရမ်းရာတွင် တခန်းလျှင် တရုတ်ယွမ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ နှစ်သိန်းခွဲကျော်) မှ တရုတ်ယွမ်ငွေ နှစ်ထောင် (မြန်မာကျပ်ငွေ ၁၀ သိန်းကျော်) အထိ စျေးအမျိုးမျိုးရှိသည်။ အဆိုပါဆိုင်ခန်းများကို တရုတ်လုပ်ငန်းရှင်များထံ ငှားရမ်းပြီးနောက်တွင် လောင်းကစားလုပ်ငန်းများနှင့် ပြည့်တန်ဆာလုပ်ငန်းများ ဟိုပန်မြို့တွင် ကျယ်ပြန့်လာကြောင်း ဒေသခံများကို ကိုးကားကာ ဖော်ပြထားသည်။ UWSA သည် ဟိုပန်မြို့နှင့် ပန်လုံမြို့ကို ‘စစ်ဆင်ရေး ၁၀၂၇’ အတွင်း ညီနောင်မဟာမိတ်အဖွဲ့များထံမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် လွှဲပြောင်းရရှိခဲ့သည်။ ဟိုပန်မြို့၏ အုပ်ချုပ်ရေးလုပ်ငန်းများကို UWSA ၏ တပ်မဟာ ၃၁၈ မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် ‘ဝ’ ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့်အခမ်းအနားကိုလည်း ဟိုပန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။ |
၂၀၂၄၊ မေ ၁၀ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမွန်အိမ်ရာအတွင်းတွင် တရုတ်နိုင်ငံသားများ ဦးဆောင်နေသည့် လောင်းကစားဝိုင်းကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ PAL Hotel တွင် လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံသားများနှင့် လာရောက်ကစားသည့် တရုတ်နိုင်ငံသားများအပါအဝင် စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးရမိသူများကို ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားပြီး ဆက်လက်အရေးယူရန်နှင့် ပြန်လည်လွှဲပြောင်းရန်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ |
၂၀၂၄၊ မေ ၁၀ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ကြေးနီများတင်ဆောင်လာသည့် ယာဉ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြင်းမူမြို့နယ်ရှိ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာအကြား တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကားနှစ်စီး ပျက်စီးခဲ့ကြောင်း မြင်းမူအခြေစိုက် ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ မေ ၁ ရက်တွင်လည်း စီမံကိန်းမှ ကြေးနီသယ်ဆောင်လာသည့် ယာဉ်တန်းသည် ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်အကြားရှိ ဂွေးပင်တောရွာအနီးတွင် တိုက်ခိုက်ခံခဲ့ရသေးသည်။ မေလတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည့် ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီက စီမံကိန်းကိုပြန်လည်စတင်ရန် တရုတ်နိုင်ငံသား ၈၀ ခန့် ရောက်ရှိလာကြောင်းဒေသခံများက ဆိုခဲ့သည်။ စီမံကိန်းရှိ စုပုံထားသော သတ္တုရိုင်းများရွှေ့ပြောင်းခြင်းကိုသာ လုပ်ဆောင်လျက်ရှိပြီး စက်ကိရိယာများကို ပြန်လည်ပြင်ဆင်နေကြောင်း ဝမ်ပေါင်ကုမ္ပဏီက ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ |
၂၀၂၄၊ မေ ၁၀ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကိုယ်စားလှယ်များပါဝင်သော တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် Familiarization Trip-FAM Trip အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် တရုတ်နိုင်ငံ ဘေဂျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်နှင့် ချုံချင့်မြို့အခြေစိုက် ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၁ ဦးပါဝင်သည်။ ခရီးစဥ်အတွင်း ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်နှင့် နေပြည်တော်သို့ လည်ပတ်ကြမည်ဖြစ်သည်။ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် အဆိုပါခရီးစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာ့ခရီးသွားဧည့်သည်များတွင် တရုတ်နိုင်ငံသားဝင်ရောက်မှုသည် အများဆုံးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ခရီးစဉ်များကို ပိုမိုနားလည်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားလာမှုမြှင့်တင်ရေးအဖွဲ့အစည်းဥက္ကဋ္ဌ မစ္စတာလုဝေ (Mr. Liuwei) က မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ ယဥ်ကျေးမှုရိုးရာဓလေ့များကို တရုတ်နိုင်ငံအား မိတ်ဆက်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှကိုယ်စားလှယ်အဖွဲ့အား စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များက ရန်ကုန်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ Trip-FAM ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံအကြားတွင် လည်းကောင်း၊ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများနှင့် ရှရှားနိုင်ငံအကြားတွင်လည်းကောင်း အကောင်အထည်ဖော်ပြီးဖြစ်သည်။ |
၂၀၂၄၊ မေ ၁၀ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် အသက် ၂၃ နှင့် ၃၁ နှစ်ကြား အမျိုးသားများကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက စိစစ်လျက်ရှိကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထို့အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အာဏာပိုင်များကလည်း မြန်မာဘက်မှ အထောက်အထားခိုင်လုံသူများကိုသာ နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Unique Identification Number Card (UID card) များကို ပြုလုပ်ရမည်ဖြစ်ပြီး UID ပါရှိမှသာလျှင် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် တရုတ်နိုင်ငံအတွင်း ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (တပတ်ခံကတ်) ဖြင့် ရက်လွန်နေထိုင်သူများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာဘက်သို့ ပြန်ပို့လျက်ရှိသည်။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထွက်ရှိပြီးနောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးက နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်မှုများအတွက် ဥပဒေအမျိုးမျိုးဖြင့် ကန့်သတ်လျက်ရှိသည်။ |
၂၀၂၄၊ မေ ၁၀ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြန်မာကျပ်ငွေ လေးဘီလီယံတန်ဖိုးရှိ ရေလှောင်ကန်နှစ်ခုကို မဒေးကျွန်းပေါ်တွင်တည်ဆောက်ရန် စီစဉ်နေကြောင်း စစ်ကောင်စီအာဘော် NP News တွင် ဖော်ပြထားသည်။ အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရာတွင် အဆိုပါရေလှောင်ကန်များကို အသုံးပြုမည်ဖြစ်ပြီး စစ်ကောင်စီ၏ အစိုးရရန်ပုံငွေ၏ အသုံးစရိတ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောကြားခဲ့သည်။ ရေလှောင်ကန်တည်ဆောက်မည့် မြေနေရာအတွက် လျော်ကြေးငွေပေးချေရန် ငွေကျပ်ခြောက်ဘီလီယံခန့်ကို သက်ဆိုင်ရာမြေပိုင်ရှင်များအား ပေးချေမည်ဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်ကလည်း စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသား အင်ဂျင်နီယာများနှင့် အလုပ်သမား ၃၀၀ ခန့် မဒေးကျွန်းသို့ရောက်ရှိလာခဲ့သည်။ စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများကိုလည်း စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သက်ဆိုင်ရာ ကုမ္ပဏီနှင့် ဝန်ကြီးဌာနများသို့ ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် စစ်ကောင်စီနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် CITIC ကုမ္ပဏီက အမြန်ဆုံးစတင်နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း အကောင်အထည်ဖော်မည့် ကျောက်ဖြူမြို့နယ်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ)။ |
၂၀၂၄၊ မေ ၉ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်နှင့် KK Park တွင် ခြေကုတ်ယူနေသည့် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်း (ကျားဖြန့်) များကို ထောက်ပံ့ပေးနေသော ထိုင်းအင်တာနက်လိုင်းများကို ထိုင်းနိုင်ငံအစိုးရက ဖြတ်တောက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မဲဆောက်မြို့နှင့် မယ်လမတ်မြို့မှတဆင့် ကျားဖြန့်လုပ်ငန်းများအတွက် သုံးစွဲနေသော အင်တာနက်လိုင်းများကို ထိုင်းအစိုးရက ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ၂၀၂၄ ခုနှစ် မေ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးချက်ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်တွင်လည်း ရွှေကုက္ကိုလ်မြို့သစ်ကို ထိုင်းနိုင်ငံဘက်မှ ပထမဆုံးအကြိမ်အဖြစ် အင်တာနက်ဖြတ်တောက်ခဲ့ပြီး လိုင်းပြတ်တောက်သွားသောကြောင့် ကာစီနိုလုပ်ငန်းများ၊ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ ရပ်တန့်ခဲ့ပြီးနောက် တပတ်အတွင်း အလုပ်သမား ၆၀ ဦးကျော်ကို အလုပ်မှ ရပ်နားခဲ့သည်။ |
၂၀၂၄၊ မေ ၉ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ASEAN-China Cooperation Fund – ACCF) ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ‘နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ’ ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး ဒေါက်တာကျန်းကျိဟုန်က (၂၆) ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးမှ ရရှိခဲ့သော သဘောတူညီချက်နှင့် ရလဒ်များကို အကောင်အထည်ဖော်မှု အခြေအနေများ၊ ဒေသတွင်း နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ တရုတ်နိုင်ငံနှင့် အာဆီယံအကြား နည်းပညာလွှဲပြောင်းခြင်းအတွက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ပြောကြားခဲ့သည်။ ထို့အပြင် နည်းပညာတီထွင်ခြင်း၊ လွှဲပြောင်းအသုံးချခြင်း၊ လူစွမ်းအားအရင်းအမြစ်ပျိုးထောင်ခြင်းဖြင့် အရည်အသွေးသစ် ထုတ်ကုန်များကို ထုတ်လုပ်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့သည်။ စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်က အာဆီယံနှင့် တရုတ်နိုင်ငံအကြား နည်းပညာလွှဲပြောင်းမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ယခုအကြိမ်ဆွေးနွေးပွဲသည် “တရုတ်-အာဆီယံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ၂၀၃၀ ပြည့်နှစ် ပန်းတိုင်” အတွက် အထောက်အကူဖြစ်စေကြောင်းနှင့် တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဆဒ်ဘင်ဒါဆင်းန် (Mr. Satvinder Singh)၊ အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဟောလ်ဆင်းန်ဟန်း (Dr. Hul Seingheng) အပါအဝင် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ACCF ကို စိုက်ပျိုးရေး၊ မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍအမျိုးမျိုးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပြီး စီမံကိန်း ၁၀၀ ကျော်ကို အာဆီယံနိုင်ငံများတွင် အကောင်အထည်ဖော်လျက်ရှိသည်။ |
၂၀၂၄၊ မေ ၉ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဆွေးနွေးထားသည့် ဟိုင်ဂင်သဘောတူညီမှုစာချုပ်ကို စစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ယေဦးက ရှမ်းပြည်အခြေစိုက် ရွှေဖီမြေသတင်းဌာနသို့ပြောခဲ့သည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများသည် အရပ်သားများကို ဦးတည်တိုက်ခိုက်သည့်ပုံစံဖြစ်ကြောင်း၊ ပစ်ခတ်သည့်အကြောင်းအရာကို မသိရှိရကြောင်းနှင့် တုံ့ပြန်ရန်ပြင်ဆင်ထားကြောင်း ဗိုလ်ယေဦးက တုန့်ပြန်ပြောဆိုခဲ့သည်။ စစ်ကောင်စီက မေ ၄ ရက်မှစတင်၍ TNLA စိုးမိုးထားသည့် ညောင်ကုန်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက် (Haigeng Agreement) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀-၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက် လက်မှတ်ရေးထိုးထားသော်လည်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး အာရက္ခတပ်တော်နှင့် စစ်ကောင်စီကြားတိုက်ပွဲများပြင်းထန်လျက်ရှိသည်။ |
၂၀၂၄၊ မေ ၇ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်နေသည့် တရုတ်နိုင်ငံသားများ နေရာရွှေ့ပြောင်းလျက်ရှိကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါတရုတ်နိုင်ငံသားများမှာ ပြည်သူ့စစ်ထိန်းချုပ်ထားသည့် လောင်းကစားဝိုင်းနှင့် ငွေလိမ်လုပ်ငန်းများမှဖြစ်ပြီး မေ ၇ ရက် ညပိုင်းမှစတင်ကာ နေရာရွှေ့နေခြင်းဖြစ်ကြောင်း ဒေသခံများကို ကိုးကားကာ ဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ရွှေ့ပြောင်းနေသည့် တရုတ်နိုင်ငံသားများမှာ အနည်းဆုံး ဦးရေ ၃၀၀ ခန့်ရှိကြောင်းလည်း ရေးသားထားသည်။ ထို့အပြင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ကွက်သစ်ရပ်ကွက်တွင် လောင်းကစားရုံအမည်ခံ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အများဆုံးရှိနေကြောင်း ဒေသခံများကပြောကြားသည်။ မူဆယ်အခြေစိုက် ငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးရန် WeChat တွင် ကျယ်ကျယ်ပြန်ပြန့် တိုက်တွန်းမှုများရှိလာပြီးနောက် ထိုသို့ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ဖြိုခွင်းပြီးနောက် မူဆယ်အခြေစိုက် ကျားဖြန့်လုပ်ငန်းများကိုလည်း စစ်ကောင်စီက ဖြိုခွင်းလာသည်။ ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် မူဆယ်မြို့အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၃၅၀ ကျော်ကို စစ်ကောင်စီက ပထမဆုံးအကြိမ်အဖြစ် ဖမ်းဆီးခဲ့ပြီး တရုတ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ မေ ၇ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် Unique Identification Number Card (UID card) များ ပြုလုပ်ရန် မြန်မာကျပ်ငွေသိန်းနှင့်ချီ၍ ပေးဆောင်ရပြီး တိုကင်နံပါတ်သောင်းဂဏန်းအထိ စောင့်ဆိုင်းနေရကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။ ထို့အပြင် UID ကဒ် ရရှိပြီးသော်လည်း နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အနီ) အတွက် ထပ်မံစောင့်ဆိုင်းရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရသည့်အတွက် တိုကင်နံပါတ်နေရာရောင်းခြင်း၊ ပွဲစားများနှင့် တဆင့်လုပ်ဆောင်ခြင်းများရှိနေပြီး အဆိုပါလုပ်ဆောင်ခြင်းများအတွက် မြန်မာကျပ်ငွေ နှစ်သိန်းမှ ၁၅ သိန်းအထိ ပေါက်စျေးရှိနေကြောင်း ဒေသခံများမှ ပြောကြားကြသည်။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်သွားလာခွင့်အတွက် UID ကဒ်ရှိမှသာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (TBP/BP) လက်မှတ်များကို ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးမှ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်တွင် ကြေညာခဲ့သည်။ |
၂၀၂၄၊ မေ ၇ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လည်ပတ်ရန်ကြိုးပမ်းနေခြင်းကို ရပ်တန့်ရန် ဒေသခံများက တောင်းဆိုဆန္ဒပြခဲ့ကြောင်း ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့က လုပ်ဆောင်နေသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ မေလဆန်းတွင် တရုတ်နိုင်ငံသား ၈၀ ခန့် ရောက်ရှိလာပြီး စီမံကိန်းလည်ပတ်နိုင်ရန် ကြိုးပမ်းနေကြောင်း ဒေသခံများက ပြောကြားကြသည်။ စီမံကိန်းလုပ်ငန်းခွင်အတွင်း စက်ရုံလေးရုံရှိပြီး ယခင်က တရုံချင်းစီလည်ပတ်နေရာမှ စက်ရုံလေးရုံလုံး လည်ပတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။ ထို့အပြင် စီမံကိန်းတည်ရှိရာနေရာတွင် စစ်ကောင်စီတပ်သားများက လုံခြုံရေးယူထားပြီး ဒေသခံများနေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြားသည်။ ကုမ္ပဏီက တူးဖော်ပြီးကြေးနီများကို ရန်ကုန်မြို့အထိသယ်ယူပြီး တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့နေကာ ထိုသို့သယ်ယူရန်အတွက် စစ်ကောင်စီက လုံခြုံရေးယူပေးခြင်း၊ လမ်းကြောင်းတလျှောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များမရှိစေရန် နယ်မြေရှင်းလင်းခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်းလည်း ဒေသခံများက ပြောကြားသည်။ ၂၀၂၄ ခုနှစ် မေ ၁ ရက်တွင် စီမံကိန်းမှ ကြေးနီတန်ချိန် ၅၄၀ ခန့်သယ်ဆောင်လာသော ယာဥ်တန်းသည် ချောင်းဦးမြို့နယ်နှင့် မြင်းမူမြို့နယ်အကြားရှိ ဂွေးပင်တောရွာအနီးတွင် တိုက်ခိုက်ခံခဲ့ရပြီး တရုတ်နိုင်ငံသားတဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကိုးကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ မေ ၇ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးဆွေးနွေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ၂၀၂၄ ခုနှစ် မတ် ၂၈ ရက်ကလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် မစ္စတာချန်းဟိုင်တို့ တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ မေ ၆ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၉၂ ဦးကို မြန်မာနိုင်ငံမြောက်ပိုင်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်-မြန်မာအာဏာပိုင်များ ပူးပေါင်းဖမ်းဆီးကာ တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဗြူရိုက ထုတ်ပြန်ခဲ့သည်။ အဆိုပါတရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ပူအာရ်မြို့ ပြည်သူ့လုံခြုံရေးဗြူရိုနှင့် မြန်မာနိုင်ငံဘက်မှအာဏာပိုင်များ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယူနန်ပြည်နယ် မုန့်လျန်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ မြေအောက်ခန်းတခုတွင် ပုန်းအောင်းကာ စစ်သားများဟန်ဆောင်၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးရမိသည့် ၉၂ ဦးအနက် ၁၄ ဦးမှာ တရုတ်နိုင်ငံက အလိုရှိကြောင်း ဝရမ်းထုတ်ပြန်ထားသည့်လူများဖြစ်ကာ ရှစ်ဦးမှာ အဓိကကြိုးကိုင်သူများဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို အွန်လိုင်းလိမ်လည်မှုဖြိုခွင်းရာတွင် နောက်ထပ်အထင်ကရအောင်မြင်မှုတခုအဖြစ် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဗြူရိုသည် ၂၀၂၃ ခုနှစ်မှစကာ မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ခြေကုတ်ယူထားသည့် အွန်လိုင်းလိမ်လည်မှုများကို ဖြိုခွင်းခဲ့ကြောင်း၊ သံသယရှိသူ တရုတ်နိုင်ငံသား ၄၉,၀၀၀ ဦးကို မြန်မာနိုင်ငံမှတဆင့် ပြန်လည်လွှဲပြောင်းရယူခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုများကို ပပျောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကာ တရုတ်ပြည်သူများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ |
၂၀၂၄၊ မေ ၄ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် လွယ်ဂျယ်စခန်းမှ ဝင်ရောက်လာသော ကုန်ကားများကို မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်က ဖမ်းဆီးမှုများရှိကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုသို့ဖမ်းဆီးမှုများဖြစ်ပေါ်ပြီး ကုန်ကားသွားလာမှုများ ရပ်တန့်သည့်အတွက် ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်လျက်ရှိသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထုတ်ပေးသည့် အခွန်ဆောင်ပြီးကြောင်းလက်မှတ် မပါရှိသောကြောင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါကုန်ကားများသည် လွယ်ဂျယ်နယ်စပ်ဂိတ်ကို ထိန်းချုပ်ထားသည့် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် ဆင်းလာကြခြင်းဖြစ်ပြီး စစ်ကောင်စီမှ ဖမ်းဆီးမှုများရှိသည့်အတွက် ကုန်ကားအများစုမှာ မံစီမြို့အလွန်ရှိ KIA ထိန်းချုပ်ထားသည့် ဟန်ထက်ရွာတွင် ပိတ်မိလျက်ရှိသည်။ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ၂၀၂၄ ခုနှစ် ဧပြီ ၉ ရက်မှစ၍ KIA က ထိန်းချုပ်ထားပြီး တိုက်ပွဲများကြောင့် မတ်လနောက်ဆုံးအပတ်မှစတင်ကာ ကုန်သွယ်မှုရပ်ဆိုင်းလျက်ရှိသည်။ (မြဝတီမြို့ကျပြီးနောက် နိုင်ငံတဝန်း နယ်စပ်ထိန်းချုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေကို ISP-Myanmar ကပြင်ရပ်ဝန်း မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက်တွင် ရှုပါ။) |
၂၀၂၄၊ မေ ၃ ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန် နယ်စပ်ဂိတ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (စာအုပ်အနီ) ဖြင့် ဝင်ထွက်ခွင့်မရသေးကြောင်း ရှမ်းပြည်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာဘက်ခြမ်းမှ ဝင်ထွက်ခွင့်မရသော်လည်း MNDAA ၏ တံဆိပ်တုံးဖြင့် တရုတ်နိုင်ငံ ဝမ်တိန်မြို့ဘက်ခြမ်းမှ ပန်ဆိုင်းမြို့သို့ အဝင်အထွက်ပြုလုပ်နိုင်ကြောင်း ပန်ဆိုင်းဒေသခံတဦးကို ကိုးကားကာ ဖော်ပြထားသည်။ အဆိုပါဂိတ်၌ နယ်စပ်ဖြတ်သန်းခွင့်ပြုရာတွင် MNDAA က အသုံးပြုမည့် စာအုပ်နှင့် တံဆိပ်တုံး မရရှိသေးခြင်းကြောင့် မြန်မာဘက်ခြမ်းမှ ဝင်ထွက်ခွင့်မပြုခြင်းဖြစ်ကြောင်းလည်း ရေးသားထားသည်။ တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ ရောက်ရှိနေသူများအနေနှင့် ကြူကုတ် (ပန်ဆိုင်း) မြို့သို့ ပြန်လာလိုပါက နယ်စပ်ဂိတ်ဖြတ်သန်းနိုင်မည့်ရက်များကို MNDAA က Wechat စာမျက်နှာ၌ ၂၀၂၄ ခုနှစ် မတ်နှင့် ဧပြီလတို့တွင် ကြေညာခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ၂၀၂၄ ခုနှစ် မတ် ၁ မှ ၃ ရက်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့တွင် လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်ရှိ စစ်ကောင်စီ၏ အကောက်ခွန်စစ်ဆေးရေးနှင့် လူဝင်မှုကြီးကြပ်ရေးတို့ကို ဆက်လက်ထားရှိပြီး MNDAA က တွဲဖက်တာဝန်ယူရန်နှင့် အကောက်ခွန်မှရရှိသော ဝင်ငွေကို ခွဲဝေယူရန် သဘောတူညီမှုများရှိခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲအပြီးတွင် သတင်းထွက်ပေါ်ခဲ့သည်။ သို့သော် နှစ်ဖက်တရားဝင်ထုတ်ပြန်ချက်များ မရှိသေးပါ။ ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် ပိတ်ထားခဲ့ရသည့် တရုတ်-မြန်မာနယ်စပ်ရှိ ကြူကုတ်(ပန်ဆိုင်း)နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် MNDAA က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ |
၂၀၂၄၊ မေ ၃ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ် မြဝတီမြို့နယ်ဒေသတဝိုက်နှင့် ရွှေကုက္ကိုလ်အပါအဝင် အွန်လိုင်းလုပ်ငန်းလုပ် ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် အောက်တိုဘာလကုန်နောက်ဆုံးထား ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် BGF က သတိပေးစာထုတ်ပြန်ခဲ့သည်။ အဆိုပါသတိပေးစာတွင် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ၂၀၂၄ ခုနှစ် မေ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း ထွက်ခွာရန် ရေးသားထားသည်။ လိုက်နာခြင်းမရှိသူမျာကို အရေးယူမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသားအများစုပါဝင်သည့် ကျားဖြန့်လုပ်ငန်းများကို ရှင်းလင်းရန်ရည်ရွယ်ကြောင်းနှင့် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ ဝင်ရောက်လာသူအားလုံး ထွက်ခွာရမည်ဖြစ်ကြောင်း Karen Information Center မှမေးမြန်းစဥ် BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ပြောကြားခဲ့သည်။ သတ်မှတ်ရက်ထက်ကျော်လွန်နေထိုင်သည့် နိုင်ငံခြားသားများကို BGF က အရေးယူမည်ဖြစ်သော်လည်း မိမိနိုင်ငံသို့ ပြန်လည်နေထိုင်ရန် အဆင်မပြေသော နိုင်ငံခြားသားများကို နီးစပ်ရာဒေသတွင် နေထိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသားများ တသောင်းခန့်ရှိပြီး သတိပေးစာထုတ်ပြန်ပြီးနောက် နိုင်ငံခြားသားအချို့ ထွက်ခွာခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ သို့သော် ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် လူသစ်ခေါ်ယူခြင်းများရှိနေပြီး ရှမ်းပြည်နယ်ဘက်ရှိ တရုတ်နိုင်ငံသားလုပ်ငန်းရှင်အချို့ ပြန်လည်ဝင်ရောက်မှုရှိခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ |
၂၀၂၄၊ မေ ၃ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်စေရန်၊ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်စေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ၏ အတွေ့အကြုံဝေမျှခြင်း စကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြသီတာက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူစေရန် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေးအတွက် ဆောင်ရွက်မှုအတွေ့အကြုံများကိုလည်း ဆွေးနွေးခဲ့သည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူဗဟိုပြုသည့်နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဧပြီ ၃၀ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများနှင့် စက်ပစ္စည်းများကို တင်ဆောင်လာသည့် သင်္ဘောသည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စီမံကိန်းတွင် အလုပ်လုပ်ကိုင်မည့် တရုတ်နိုင်ငံသားများသည် မဒေးကျွန်းနှင့် ကျောက်ဖြူမြို့သို့ နေ့ချင်းပြန်အလုပ်လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် ကျောက်ဖြူမြို့တွင် နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောခဲ့သည်။ စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသား ၃၀၀ ခန့်နှင့် စက်ပစ္စည်းများ၊ စားသောက်ကုန်များပါရှိသော သင်္ဘောတစင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းကို ဧပြီ ၂၈ ရက်တွင် ရောက်ရှိလာခဲ့သည်။ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံများအနေနှင့် ကျောက်ဖြူမြို့ကို စွန့်ခွာပြီး လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားသည်။ စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု Preliminary Geographical and Topographical Survey (PGTS) & Environmental Impact Assessment (EIA) များကို လုပ်ဆောင်ပြီးစီးခဲ့ပြီးဖြစ်သည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဧပြီ ၂၉ တရုတ်-မြန်မာနယ်စပ် နမ်ခမ်း-နောင်တောင်း (ပိန်းမိုင်) နယ်စပ်ဂိတ်ကို တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။ နောင်တောင်း (ပိန်းမိုင်) သည် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တောင်ဘက် ရွှေလီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိပြီး TNLA က နှစ်လနီးပါး ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် နောင်တောင်းနယ်စပ်ဂိတ်အနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာပြီးနောက်တွင် အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ TNLA နှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နမ်ခမ်း-နောင်တောင်း (ပိန်းမိုင်) ဂိတ်ကို ဧပြီ ၅ ရက်တွင် TNLA က ပိတ်ခဲ့သည်။ ထို့အပြင် မန်ဟောင်းနှင့် နောင်တောင်းရှိ စက်လှေဂိတ်များကိုလည်း ဧပြီ ၁၁ ရက်တွင် TNLA က ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ နယ်စပ်ဂိတ်၏ အခွန်ကောက်ခံမှုနှင့် အခွန်ခွဲဝေမှုတို့နှင့်ပတ်သက်၍ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပေ။ နောင်တောင်းနယ်စပ်ဂိတ်မှတဆင့် ကုန်အဝင်အထွက်များကို ခွင့်ပြုလျက်ရှိပြီး နမ္မတူဘော်တွင်းသတ္တုတွင်းမှ သတ္တရိုင်းအချောထည်များကို အဓိကတင်ပို့ကာ တရုတ်နိုင်ငံဘက်အခြမ်းမှ ဘိလပ်မြေ၊ အုတ်၊ အိမ်ဆောက်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။ နမ်ခမ်း-နောင်တောင်း (ပိန်းမိုင်) နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်ခဲ့သဖြင့် အဆိုပါနယ်စပ်ဂိတ်မှတဆင့် သီးသန့်တင်ပို့သည့် ကြံတင်ပို့ခွင့်ရပ်ဆိုင်းခဲ့ရပြီး ကြံတောင်သူများ နစ်နာဆုံးရှုံးခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် TNLA က ထိန်းချုပ်နိုင်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၂၉ မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအတွက် နန်နင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာလောင်ပင်ဟူ (Mr. Liao Pinhu) ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကွမ်ရှီး (ကျွမ့်) ဒေသတို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာ စသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် CAEXPO ကျင်းပပြုလုပ်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့တော် (Sister city) ဆက်ဆံရေးများ နက်ရှိုင်းစေရေးနှင့် မြို့တော်အသစ်များ တိုးမြှင့်တည်ထောင်ရေး တို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒေါ်ခိုင်ဆုလင်းက မြန်မာနိုင်ငံ၏အခြေအနေများ၊ စစ်ကောင်စီ၏ အွန်လိုင်းရာဇဝတ်မှုများ၊ လောင်းကစားမှုများ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ တရုတ်နိုင်ငံနှင့်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ ကိုဗစ်-၁၉ အလွန် တရုတ်-မြန်မာနှစ်နိုင်ငံအကြားကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ရည်ရွယ်၍ ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီးကျွမ့်ဒေသ၊ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီ ဥက္ကဋ္ဌ မစ္စယောင်ယန်းယန် (Ms. Yang Yanyan) တို့ ဧပြီ ၃ ရက်တွင်လည်း ဆွေးနွေးခဲ့ကြသေးသည်။ |
၂၀၂၄၊ ဧပြီ ၂၈ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသားပညာရှင်များ၊ စက်ပစ္စည်းများနှင့် စားသောက်ကုန်များပါရှိသော သင်္ဘောတစင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ ရောက်ရှိလာကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားတချို့သည် ကျောက်ဖြူမြို့ပေါ်တွင် နေထိုင်လျက်ရှိကြောင်းနှင့် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် မဒေးကျွန်းသို့ရောက်လာကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီအကြား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် အမ်း ၊သံတွဲ၊ မောင်တောမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခတပ်တော်၏ ၁၅ နှစ်မြောက် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ကျောက်ဖြူမြို့နယ်တဝိုက်တွင် တိုက်ပွဲပြင်းထန်နိုင်သဖြင့် ဒေသခံများအနေနှင့် မြို့ကိုစွန့်ခွာကာ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဧပြီ ၂၈ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ပပျောက်ရေးအတွက် တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ရဲတပ်ဖွဲ့ မစ္စတာလျိုကော်ကျိုး (Mr. Liu Guozhou) နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများပူးပေါင်းတိုက်ဖျက်ရေး၊ နယ်စပ်နေပြည်သူများ ဘေးကင်းလုံခြုံရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဝန်ကြီးအဆင့်သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရေး အတွက် ဆွေးနွေးခဲ့သည်။ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiao Hong) နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က ပြုလုပ်ခဲ့ကြသည်။ |
၂၀၂၄၊ ဧပြီ ၂၇ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရဲသင်တန်းကျောင်းများသို့ သွားရောက်လေ့လာခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရဲကောလိပ်တွင် သင်တန်းသားများ လက်တွေ့လေ့ကျင့်မှုများ၊ ကျားရှီးရဲစခန်းရှိ အမျိုးသားမှတ်ပုံတင်ကတ်ပြုလုပ်ခြင်း၊ ရဲလုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာခဲ့သည်။ ထို့အပြင် တိဗက်ပြည်နယ်အကြမ်းဖက်မှုနှိမ်နင်းရေးဌာနတွင် မိုင်းရှင်းလင်းရေးလေ့ကျင့်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စီးနင်းမှုလေ့ကျင့်ခန်းများနှင့် လက်ဖြောင့်တပ်သားများ၏ လေ့ကျင့်မှုများကိုလည်း လေ့လာခဲ့သည်။ တရုတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ကောင်စီလက်အောက်ခံ မြန်မာရဲတပ်ဖွဲ့အတွက် တရုတ်ယွမ်ငွေ ငါးသိန်းတန်ဖိုးရှိပစ္စည်းများ အကူအညီပေးအပ်ရေးအတွက်လည်း နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ပပျောက်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားရဲတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိပြီး သမားရိုးကျမဟုတ်သည့် ကျားဖြန့်ကဲ့သို့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ခေါင်းစဉ်အောက်တွင် အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ကြိုးပမ်းလျက်ရှိသည်။ |
၂၀၂၄၊ ဧပြီ ၂၆ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတွက် တရုတ််နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။ မစ္စတာချန်းဟိုင်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံရေးပါတီများ၏ ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမှုအခြေအနေများကို မေးမြန်းခဲ့သည်။ ဦးကိုကိုက စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဥပဒေနှင့် နည်းဥပဒေများအတွက် ဆောင်ရွက်မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများကြိုတင်ပြင်ဆင်နေမှု အခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြုခြင်းအခြေအနေနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေအသီးသီးကို ဆွေးနွေးခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန်ရှိကြောင်း ဧပြီလဆန်းပိုင်းက ရုရှားနိုင်ငံသတင်းဌာနတခုနှင့်တွေ့ဆုံရာတွင် ပြောခဲ့သည်။ စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေကို ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအသစ်အရ တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမပြုပါက ပါတီဖျက်သိမ်းခံရမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီရှိခဲ့သည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးပါတီ ၄၀ ကျော်ဖျက်သိမ်းခံရပြီး တိုင်းရင်းသားပါတီ တဝက်ကျော် ပါဝင်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၂၆ တရုတ်မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန် (China (Yunnan) Pilot Free Trade Zone တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ကူမင်းမြို့ စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်၌ဖွင့်လှစ်ထားသည့် မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်း) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မြန်မာကောင်စစ်ဝန်ရုံးသည်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြားခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့အပြင် ကူမင်းမြို့ အစိုးရရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနမှ ကိုယ်စားလှယ်က ကူမင်းမြို့၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခြေအနေများကိုလည်းကောင်း၊ တရုတ်-လာအိုနယ်စပ်ရှိ မိုဟန်-ဘိုတန်ကော်ပိုရေးရှင်းဇုန် (Mohan-Boten Corporation Zone) မှ ကိုယ်စားလှယ်က တရုတ်-လာအိုနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း အသီးသီးတင်ပြခဲ့သည်။ ထို့နောက် ကူမင်းမြို့မှ လုပ်ငန်းရှင်များက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မှုအခြေအနေများကို တင်ပြခဲ့သည်။ အခမ်းအနားသို့ ကူမင်းမြို့ မြူနီစီပါယ်ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာအာန်အန်ဖ (Mr. An Enfa)၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ကောင်စစ်ဝန်များ၊ ကူမင်းမြို့ မြူနီစီပါယ်ပြည်သူ့အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ကွမ်တုံ ပြည်သူ့အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ လုပ်ငန်းရှင်များ၊ ကူမင်းမြို့အခြေစိုက် လုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ ယူနန်ပြည်နယ်ကို တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ကုန်သွယ်ရေးတွင် အဓိကကျသည့် ဗဟိုချက်အဖြစ်ပြောင်းလဲရန် ရည်ရွယ်သည့် တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အဆိုပါကုန်သွယ်ရေးဇုန်သည် တရုတ်နိုင်ငံအစိုးရ၏ မဟာဗျူဟာကျစီမံချက်၏ အစိတ်အပိုင်းတခုဖြစ်သည်။ ယူနန်ပြည်နယ်နှင့် တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်မည့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း–ရေကြောင်းကုန်သွယ်ရေးစင်္ကြံ (International Land-Sea Trade Corridor – ILSTC) ကိုလည်း တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါကုန်သွယ်ရေးဇုန်တွင် ကူမင်း၊ ဟုန်ဟဲ (Honghe) နှင့် တယ်ဟုန်းဇုန်ဟူ၍ ကုန်သွယ်ရေးဇုန်သုံးခုရှိသည်။ တယ်ဟုန်းဇုန်သည် တယ်ဟုန်းခရိုင် ရွှေလီမြို့တွင်တည်ရှိပြီး နယ်စပ်ဖြတ်ကျော် ကုန်ထုတ်လုပ်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေရေးအတွက် အဓိကလုပ်ဆောင်သည်။ အဆိုပါတယ်ဟုန်းကုန်သွယ်ရေးဇုန်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကို ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ (မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အကြောင်းကို ISP China Desk Special Issue တွင် ရှုပါ)။ |
၂၀၂၄၊ ဧပြီ ၂၆ တရုတ်-မြန်မာနှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiao Hong) နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ လေးရက်ကြာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ လုံခြုံရေးတို့အတွက် အဓိကဆွေးနွေးခဲ့သည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ စွမ်းရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာစာမျက်နှာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ရပ်တည်ပေးရေး အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်အာဏာပိုင်များက စစ်ကောင်စီလက်အောက်ခံ မြန်မာရဲတပ်ဖွဲ့အတွက် တရုတ်ယွမ်ငွေ ငါးသိန်းတန်ဖိုးရှိ အကူအညီပစ္စည်းများ ပေးအပ်ရေးအတွက်လည်း နှစ်နိုင်ငံဝန်ကြီးဌာနများအကြား လက်မှတ်ရေးထိုးခဲ့သည်။ တွေ့ဆုံရာတွင် မစ္စတာဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးသည် ရလဒ်ကောင်းများရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ထဲထဲဝင်ဝင်တိုက်ဖျက်လိုကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများနှင့် တရုတ်စီမံကိန်းများ၏ လုံခြုံရေးအတွက်ပူး ပေါင်းဆောင်ရွက်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက်စွမ်းရည်တည်ဆောက်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် နှစ်နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆောင်ရွက်လိုကြောင်း ထပ်မံပြောခဲ့သည်။ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တရုတ်-မြန်မာနှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောခဲ့သည်။ တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သေးသည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အခြေအနေများဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လည်း ဧပြီ ၁ ရက်တွင် ဆွေးနွေးခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်သော နေရာများသာမက ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ကိုင်သော နေများကိုပါ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဖြိုခွင်းလာသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ဖော်ဆောင်စဉ်ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် တရုတ်နိုင်ငံ နန်ဆန်ရွာ၌လည်းကောင်း၊ ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်တွင် ကျန်းဟောင်မြို့၌လည်းကောင်း မြန်မာဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ခဲ့ခြင်း၊ နေအိမ်အဆောက်အအုံထိခိုက်ခြင်းများ ရှိခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၂၄ ၁၂ နှစ်ကြာရပ်တန့်နေသည့် ဧရာဝတီမြစ်ဆုံစီမံကိန်း (ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း) အတွက် စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ဦးဆောင်အဖွဲ့တွင် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ စစ်ကောင်စီ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဒုတိယအဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း တာဝန်ယူထားသည်။ စစ်ကောင်စီဦးဆောင်အဖွဲ့သည် ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီ SPICYN ၏ ဦးဆောင်အဖွဲ့နဲ့အတူ စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းအတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များအတွက် လိုအပ်သည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် SPICYN ၏ ဦးဆောင်အဖွဲ့နှင့်အတူ ပြုလုပ်မည်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တင်ပြရမည်ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များကို ဦးဆောင်အဖွဲ့မှတဆင့် ဖွဲ့စည်းနိုင်ရန်လည်း ရည်ရွယ်သည်။ စီမံကိန်းဦးဆောင်အဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးတိန့်ဆောင်သည် ဇခုန်တိန့်ယိန်းဦးဆောင်သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။ မြစ်ဆုံစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင် တခုအပါအဝင်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ၎င်း၏သမ္မတသက်တမ်းအတွင်း ရပ်ဆိုင်းကြောင်းကြေညာခဲ့သည်။ NLD အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံက တွန်းအားပေးမှုများရှိခဲ့သည်။ အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာတွင် စီမံကိန်းကို စတင်နိုင်ရန်အတွက် တရုတ်နိုင်ငံက ပြန်လည်တွန်းအားပေးလာခြင်းဖြစ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်မည့် SPICYN ကုမ္ပဏီသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရုံးများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့သေးသည်။ SPICYN သည် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) မှ အမည်ပြောင်းလဲခဲ့သော ကုမ္ပဏီဖြစ်ပြီး မြစ်ဆုံစီမံကိန်းတွင် ၈၅ ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်သည့် အဓိကအစုရှယ်ယာဝင်ဖြစ်သည်။ (မြစ်ဆုံစီမံကိန်းအကြောင်းကို ISP-Myanmar Special Issue တွင် ရှုပါ)။ |
၂၀၂၄၊ ဧပြီ ၂၄ တရုတ်နည်းပညာကို အသုံးပြု၍ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အတွက် (Pagoda Digital Directory) စနစ်ကို မြန်မာနိုင်ငံရှိ ဘုရား ၁၀ ဆူတွင် ဧပြီလအတွင်းမှစ၍ သုံးလအတွင်း တပ်ဆင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ Pagoda Digital Directory သည် ခရီးသွားများအတွက် လမ်းညွှန်ချက်အသေးစိတ် အချက်အလက်များကို လေ့လာနိုင်မည်ဖြစ်သည်။ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီနှင့် တွံတေးရွှေဆံတော်စေတီတို့တွင် Pagoda Digital Directory စနစ်ကိုတပ်ဆင်မည်ဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၂၃-၂၅ ၅၃ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ ကို ယူနန်ပြည်နယ် လီဂျန့်မြို့တွင် သုံရက်ကြာကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ကျင်းပခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးတည်ထောင်မှု သဘောတူစာချုပ် မူကြမ်းအတွက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ မူကြမ်းတွင် မဲခေါင်ခရီးသွားအွန်လိုင်းစာမျက်နှာတွင် အဖွဲ့ဝင်နိုင်ငံများ၏ သတင်းအချက်အလက်များဖြင့် လူမှုကွန်ရက်မှတဆင့် ဒေသတွင်းခရီးသွားလုပ်ငန်းများကို မြှင့်တင်ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးကို မဟာမဲခေါင်ဒေသခွဲအစိုးရများအတွက် နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရန် အချက်များပါရှိသည်။ ထို့အပြင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှ လုပ်ငန်းရှင်များနှင့် ပညာရှင်များက ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းပြန်လည်မြှင့်တင်ရန် ရည်ရွယ်၍ ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါင်းစည်းရန်နှင့် နိုင်ငံတကာနှင့်ပူးပေါင်းဆောာင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ဖိုရမ်တွင် တရုတ်နိုင်ငံ၊ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးမစ္စတာကီမီလီဟွာရှောင်ကျိုး (Mr. Kimi Liua Xiaozhou) က အမှာစကားပြောခဲ့ပြီး မဟာမဲခေါင်ဒေသမှ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အာဏာပိုင်များ၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဒေသတွင်းခရီးသွားလုပ်ငန်းများမှ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ ယူနန်ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီကော်မတီဝင်များ၊ ယူနန်ပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဖိုရမ်သို့ ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ် ၂၅၀ ကျော်တက်ရောက်ခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၅ ကို လာအိုနိုင်ငံတွင် ၂၀၂၅ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွင်ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား ၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုတွင် အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာနှင့် လက်နက်များကို စစ်ကောင်စီက သိမ်းဆည်းခဲ့သည်။ အဆိုပါဖမ်းဆီးမှုသည် လားရှိုးမြို့အတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးမှုဖြစ်သည်။ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) နှင့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဧပြီ ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းတိုက်ဖျက်ရန် မစ္စတာချန်းဟိုင်က တိုက်တွန်းခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၂၂-၂၈ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်ကျင်းပသည့် တရုတ်နိုင်ငံခြားဘာသာ ထုတ်ဝေဖြန့်ချိရေး လုပ်ငန်းဌာန တရုတ်နိုင်ငံတကာပြန်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ၏ ၂၀၂၄ ခုနှစ် တရုတ်-မြန်မာ New Media Workshop ကို ခြောက်ရက်ကြာ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ မီဒီယာပူးပေါင်းဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချရေး၊ ယဥ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံမှ စစ်ကောင်စီသတင်းစာများနှင့် တရုတ်အခြစိုက် မီဒီယာကိုးခုဖြစ်သည့် MRTV၊ The Global New Light of Myanmar၊ မြဝတီ၊ Skynet၊ Vidya၊ စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ ရွှေဇာမဏီ၊ MI Radio တို့မှ မြန်မာကိုယ်စားလှယ်များပါဝင်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ယူနန်နှင့် ဘေဂျင်းအခြေစိုက် သတင်းဌာနများဖြစ်သည့် China Review Studio၊ Kwai ကုမ္ပဏီ၊ Tencent ကုမ္ပဏီ၊ CCTV၊ China Media Group များကို လေ့လာခဲ့သည်။ China Review Studio တွင် နိုင်ငံတကာထုတ်လွှင့်ပြသမှုများအတွက် ဆွေးနွေးခြင်း၊ စီးရီးဗီဒီယိုများ စီစဉ်ခြင်းနှင့် Vlog ရိုက်ကူးသည့် အတွေ့အကြုံများကို လေ့လာခဲ့သည်။ Kwai ကုမ္ပဏီတွင် တိုက်ရိုက်ထုတ်လွှင့်သည့် စတူဒီယိုအခန်းများ (Live studio) နှင့် တိုက်ရိုက်ထုတ်လွှင့်ကာ ဈေးရောင်းချခြင်း (live sale) များကိုလည်းကောင်း၊ Tencent ကုမ္ပဏီတွင် မိုဘိုင်းအင်တာနက်၊ ဒေတာ၊ ညဏ်ရည်တုနည်းပညာများကိုလည်းကောင်း လေ့လာခဲ့သည်။ ထို့နောက် CCTV ၏ ညဏ်ရည်တုတည်းဖြတ်မှုဌာနသို့ လေ့လာခဲ့ပြီး China Media Group ၏ မီဒီယာဝန်ဆောင်မှုများနှင့် ပြန်ကြားရေးစနစ်တို့ကို လေ့လာခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ဆက်သွယ်ရေးတက္ကသိုလ်တွင် မီဒီယာပေါင်းစည်းမှုနှင့် ဆက်သွယ်ရေးအတွက် တရုတ်မီဒီယာဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှုများကို နားထောင်ခဲ့ပြီး ညဏ်ရည်တုနည်းပညာ (AI) ဖြင့် ပြုလုပ်ထားသည့် ဒစ်ဂျစ်တယ်ထုတ်ကုန်များကို လေ့လာခဲ့သည်။ ထို့နောက် မြန်မာမီဒီယာအဖွဲ့သည် ယူနန်အခြေစိုက် တရုတ်သတင်းဌာနတခုဖြစ်သည့် Yunnan Daily မီဒီယာညွှန်ကြားစီမံရေးစင်တာတွင် ‘Yun News’ အက်ပလီကေးရှင်းမှတဆင့် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာရုပ်သံလိုင်းအသစ်များကိုလေ့လာခဲ့သည်။ ယူနန်တက္ကသိုလ်သတင်းအတတ်ပညာကျောင်းတွင် တရုတ်-မြန်မာ သတင်းပညာကျွမ်းကျင်လူတော်လူချွန်များ ပူးတွဲပျိုးထောင်ရေးအတွက်လည်း ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၂၄ ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာတွေ့ဆုံပွဲကို မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့သေးသည်။ |
၂၀၂၄၊ ဧပြီ ၂၂ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Unique Identification Number Card (UID card) များ ပြုလုပ်ရန် တရုတ်-မြန်မာနယ်စပ် မူဆယ်ဒေသခံ ထောင်နှင့်ချီ စောင့်ဆိုင်းနေရကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များအတွက် UID ပါရှိမှသာလျှင် လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို UID card ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ ပြန်ပို့မည်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့်အပြင် ရက်လွန်နေထိုင်သူများကို ဖမ်းဆီကာ မြန်မာဘက်သို့ ပြန်ပို့လျက်ရှိသည်။ |
၂၀၂၄၊ ဧပြီ ၂၂ မြန်မာနိုင်ငံသားများကို ပေးအပ်သည့် ရပ်ဝန်းလမ်းကြောင်းအစီအမံပညာသင်ဆု (Belt and Road Scholarship- Myanmar) ပေးအပ်သည့်အခမ်းအနားကို ဟောင်ကောင်အခြေစိုက် တရုတ်ကုန်သည်ကြီးများအသင်း (Chinese General Chamber of Commerce) က ဦးဆောင်၍ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် ဟောင်ကောင်အခြေစိုက် စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်က ဆယ်စုနှစ်တခုကျော်လွန်သည့် ရပ်ဝန်းလမ်းကြောင်းအစီအမံသည် နိုင်ငံများအကြား စီးပွားရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု၊ ပြည်သူချင်းချိတ်ဆက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပညာသင်ဆုရရှိသူများအနေနှင့် သက်ဆိုင်ရာပညာရပ်နယ်ပယ်များတွင် ကြိုးစားကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်ဒေသအကြား ပြည်သူချင်းဆက်ဆံရေးနှင့် ကဏ္ဍအသီးသီးတွင် ချိတ်ဆက်မှုတိုးလာရေးအတွက် ဆောင်ရွက်စေလိုကြောင်းနှင့် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်၊ ဟောင်ကောင်အထူးဒေသအကြား လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာ မူဘောင်အောက်တွင် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လည်း ပြောခဲ့သည်။ ရပ်ဝန်းလမ်းကြောင်းအစီအမံပညာသင်ဆုသည် မြန်မာနိုင်ငံမှကျောင်းသားများအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ပေးအပ်ခဲ့ပြီး ယခုတွင် မြန်မာနိုင်ငံမှ ကျောင်းသားဆယ်ဦးကို ပညာသင်ဆုပေးခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၁၉ တရုတ်နိုင်ငံအတွင်း ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (တပတ်ခံကတ်) ဖြင့် ရက်လွန်နေထိုင်သူများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာဘက်သို့ ပြန်ပို့လျက်ရှိကြောင်း ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ရက်လွန်နေထိုင်သူများအနေနှင့် မေလနောက်ဆုံးထား၍ တရုတ်နိုင်ငံအတွင်းမှထွက်ခွာရန်နှင့် မထွက်ခွာပါက ဇွန်လမှစတင်ပြီး ဖမ်းဆီးထောင်ချမည်ဖြစ်ကြောင်း တရုတ်ရဲများက သတိပေးထားသည်။ တရုတ်ရဲများက ဖမ်းဆီးပြီး မြန်မာဘက်သို့ပြန်ပို့ခံရသူများကို စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဌာနက ဒဏ်ကြေးနှစ်သိန်း တောင်းခံကြောင်း ဒေသခံများကပြောခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်တွင် ပြည်ပသို့ ထွက်ကာ အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာသာည်။ |
၂၀၂၄၊ ဧပြီ ၁၇ တရုတ်-မြန်မာ နယ်စပ်အနီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းကွပ်ကွဲမှုဌာနခွဲက ကြည်းတပ်၊ လေတပ်ဖြင့် စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ စစ်အင်အားနှင့် စစ်ရေးလေ့ကျင့်မည့် ကြာမြင့်ချိန်ကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်နေရာကိုလည်း အတိအကျထုတ်ပြန်ခြင်းမရှိပါ။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များအတွက် ပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ လေကြောင်းရန်ကာကွယ်ရေးတိုက်ခိုက်မှုများအတွက် စစ်ရေးလေ့ကျင့်မှုများပါဝင်မည်ဖြစ်ကြောင်း PLA ၏ ပြောရေးဆိုခွင့်ရှိသူ တောင်ပိုင်းစစ်ဌာနကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ထျန်ကျွမ်းလီ (Senior Colonel Tian Junli) က ပြောခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်အနီးတွင် PLA ၏ စစ်ရေးလေ့ကျင့်မှုသည် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်းတွင် တတိယအကြိမ်မြောက် ဖြစ်သည်။ ဧပြီ ၂ ရက်နှင့် ၃ ရက်တွင်လည်း တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် လွယ်ဂျယ်နှင့် လိုင်ဇာမြို့များနှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်အခြမ်းတွင် PLA က စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၁၇ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင်ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေနှင့် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ကြားဝင်စေ့စပ်နှိုင်းပေးရန် ရှိ၊ မရှိကို ရိုက်တာသတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်း (Mr. Lin Jian) က တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာနှင့် မပြောင်းလဲရပ်တည်ပေးလျက်ရှိကြောင်းပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးတွင် ကြားဝင်စေ့စပ်ပေးရာ၌ အရေးပါသော ဇာတ်ကောင်အဖြစ် ရပ်တည်နေလျက်ရှိကြောင်း ရိုက်တာသတင်းဌာနက မှတ်ချက်ပြုခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို ရိုက်တာသတင်းဌာနက မေးမြန်းခဲ့သော်လည်း မစ္စတာလင်ကျန်းက မှတ်ချက်ပြုခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံသည် မြန်မာ့အရေးနင့်ပတ်သက်၍ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ဥပဒေဘောင်အတွင်းမှတဆင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့်အဖြေရှာရန် တိုက်တွန်းထားကြောင်းပြန်လည်း တုံ့ပြန်ခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဧပြီလအတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် ဧပြီ ၁ ရက်တွင် တွေ့ဆုံခဲ့သေးသည်။ |
၂၀၂၄၊ ဧပြီ ၁၆ စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ကို လက်လွှတ်လိုက်ရသည့်အခြေအနေနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက မေးမြန်းမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မစ္စတာလင်ကျန်း (Mr. Lin Jian) က တွေ့ဆုံဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာဖြေရှုင်းခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။ မစ္စတာလင်ကျန်းက အဆိုပါဖြစ်ရပ်ကိုသတိပြုမိကြောင်း၊ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေနှင့် ချက်ချင်း အပစ်ရပ်စဲရန်၊ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရန်နှင့် အခြေအနေကို ပိုမိုတင်းမာအောင်ပြုလုပ်ခြင်းကို ရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်။ မြဝတီမြို့တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး အာရှလမ်းမကြီးတလျှောက်ရှိ ကော့ကရိတ်မြို့အထွက်မှ သင်္ကန်းညီနောင်အထိ KNU နှင့် PDF များက ထိန်းချုပ်ထားသည်။ ထို့အပြင် မြဝတီနယ်စပ်စခန်းကို ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် KNLA နှင့် KNA (BGF) တို့က ထိန်းချုပ်နိုင်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သည့် မူဆယ်စခန်း၊ ချင်းရွှေဟော်စခန်းများကို MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များ ကထိန်းချုပ်နိုင်ခဲ့သည်။ (စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား နယ်စပ်ထိန်းချုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို ISP-Myanmar ကပြင်ရပ်ဝန်း၏ မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက် အမှတ်-၁ ကိုရှုပါ။) |
၂၀၂၄၊ ဧပြီ ၁၅ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်သို့ မြန်မာအလုပ်သမားများကို MOU ဖြင့် ပထမဆုံးအကြိမ်အဖြစ် တရားဝင်စေလွှတ်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် အာဏာပိုင်တို့အကြား သဘောတူထားကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၏ ပြောဆိုမှုကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တက်ဟုန်းခရိုင်အပါအဝင် ခရိုင်ငါးခုမှ အထူးစီးပွားရေးဇုန်များရှိ စက်ရုံနှင့် အလုပ်ရုံများ၏ အလုပ်သမားလိုအပ်ချက်အရ မြန်မာအလုပ်သမားများကို အလုပ်လုပ်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ အလုပ်ခေါ်စာများကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနသို့လည်း တင်ပြပြီးဖြစ်ပြီး ထိုမှတဆင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ဟုန်းခရိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုပြီးစီးပြီးနောက် တရားဝင်စေလွှတ်မည့် အလုပ်သမားများအတွက် ဗီဇာပြုလုပ်ခြင်းနှင့် သင်တန်းပေးခြင်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ပထမအကြိမ်စေလွှတ်ရာတွင် အလုပ်သမား ၂၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး စက်ရုံများအပေါ်မူတည်၍ လစာငွေ တရုတ်ယွမ် ၁,၂၀၀ မှ ၂,၀၀၀ (မြန်မာကျပ်ငွေ ၆၂၀,၀၀၀ ကျပ်မှ ၁,၀၄၀,၀၀၀) အကြား ရရှိနိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (PJ) နှစ်နှစ် ရရှိမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါ အလုပ်သမားများ၏ ပြည်ဝင်ခွင့်နှင့်ပတ်သက်၍ မေလဆန်းတွင် နှစ်နိုင်ငံအာဏာပိုင်များက ညှိနှိုင်းရန် စီစဉ်ထားသည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြားတွင် နယ်စပ်ဂိတ်များမှတဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို အသုံးပြု၍ ဝင်ရောက်လုပ်ကိုင်သည့် တရားမဝင်အလုပ်သမားများအနေနှင့် လုပ်ခလစာမရရှိခြင်း၊ ငွေကြေးလိမ်လည်ခံရခြင်းများ ရှိနေပြီး တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံအတွင်းသို့ ပြန်လွှတ်ခြင်းများလည်း ရှိနေသည်။ အာဏာသိမ်းမှုအလွန် စစ်မှူထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်တွင် တရုတ်-မြန်မာနယ်စပ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်လိုသူများ များပြားလာပြီး နယ်စပ်ဖြတ်ကျော်ခွင့်ရရှိရန် ထောင်နှင့်ချီစောင့်ဆိုင်းနေကြသူများရှိသည်။ |
၂၀၂၄၊ ဧပြီ ၁၃ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်လမ်းကို ပိတ်ထားကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဧပြီ ၉ ရက်တွင် KIA က တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်-လိုင်းရင်းဂိတ်ကို ပြန်ဖွင့်ပေးခဲ့သော်လည်း ကုန်တင်ကားများ ဝင်ထွက်ခွင့်မရသေးခြင်းဖြစ်သည်။ တရုတ်ဘက်အခြမ်းတွင် ပိတ်မိနေသည့် ကုန်တင်ကားများကို လွယ်ဂျယ်နယ်စပ်ဂိတ်မဖွင့်ခင်သောကြောင့် မိုင်ဂျာယန်မှ ထုတ်ပေးခဲ့ပြီး ထိုမှတဆင့် ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်ရှိ ပိတ်မိနေသော ကားများကို အင်ဘာပါ၊ မံစီ၊ ဗန်းမော်မှ မန္တလေးသို့ လမ်းကြောင်းပြောင်း၍ ဆင်းလာကြောင်း ဒေသခံများက ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်မှ စတင်၍ ဗန်းမော်-လွယ်ဂျယ်လမ်းတလျှောက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လွယ်ဂျယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ငှက်ပျောနှင့် ဖရဲ တင်ပို့မှုများ ရပ်ဆိုင်းခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၁၂-၁၈ ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ယဉ်ကျေးမှုအမွေအနှစ် ရက်သတ္တပတ် China-ASEAN (Nanning) Intangible Cultural Heritage Week ကို တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ခြောက်ရက်ကြာ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြထားသည်။ အဆိုပါ ယဉ်ကျေးမှုအမွေအနှစ် ရက်သတ္တပတ်တွင် မြန်မာယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့က ဖျော်ဖြေခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ကွမ်ရှီးဒေသ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဝူယွီကျွမ်း (Mr. Wu Yujun)၊ နန်နင်းမြို့ ကွန်မြူနစ်ပါတီအမြဲတမ်း ကော်မတီအဖွဲ့ဝင် မစ္စတာကျောက်ယုန်ဖု (Mr.Zhao Yongfu)၊ နန်နင်းမြို့ ဒုတိယမြို့တော်ဝန် မစ္စတာကောဝေ (Mr. Guo Wei)၊ ကမ္ဘောဒီးယား ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် အာဆီယံဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် နန်နင်းမြို့အခြေစိုက် ထိုင်းနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်တို့အပါအဝင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၁၂ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းအကြား အလုပ်သဘော သဘောတူညီချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အလုပ်သဘော သဘောတူညီချက် (Working Protocol) ကို မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာလီဖုချွမ် (Mr. Li Fu Quan) တို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်တွင် ပါဝင်သည့် အချက်အလက်များကို စစ်ကောင်စီဘက်မှ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီနှင့် MISIS တို့အကြား Think-tank အဖွဲ့အစည်းအဖြစ် ပထဆုံးအကြိမ် ပူးပေါင်းဆောက်ရွက်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် MISIS သည် တရုတ်ဦးဆောင်အစီအမံဖြစ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စများအတွက် အွန်လိုင်းငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတရပ်ကိုလည်း ကျင်းပခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၁၁ တရုတ်-မြန်မာနှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ တရုတ်သံအမတ် မစ္စတာချန်းဟိုင်သည် မြန်မာပြည်တွင်းပဋိပက္ခများရပ်တန့်ရန်နှင့်၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကောင်အထည်ဖော်ရန် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်လည်းကောင်း၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတိုက်ဖျက်ရန် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်လည်းကောင်း ဧပြီ ၁၀ ရက်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်တွင် စစ်ကောင်စီနှင့် ရှမ်းမြောက်လက်နက်ကိုင်တပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီအကြားလည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် လွယ်ဂျယ်နှင့် လိုင်ဇာမြို့များနှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်နှင့် လေတပ်တို့က ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၁၀ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာပြည်တွင်းပဋိပက္ခများရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကောင်အထည်ဖော်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း မစ္စတာချန်းဟိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့တွေ့ဆုံမှုမှာ ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။ ဟိုင်ဂင်သဘောတူညီမှုဖြင့် ယာယီအပစ်အခတ်ရပ်စဲရန် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား သဘောတူညီခဲ့ကြသော်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)၊ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြားတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ |
၂၀၂၄၊ ဧပြီ ၁၀ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက နေပြည်တော်ရှိ စာသင်ကျောင်းငါးကျောင်းသို့ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းစာအုပ်များ လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ အခမ်းအနားသို့ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌ ဦးသစ္စာ (မစ္စတာ လီဖော်ဖော (Mr. Li Bobo)၊ စစ်ကောင်စီ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းနှင့် စာသင်ကျောင်းငါးကျောင်းမှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၁၀ ဘေဂျင်းအခြေစိုက်အဖွဲ့အစည်းတခုဖြစ်သည့် China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့ပူးပေါင်း၍ မြန်မာကျပ် ၃၅ သိန်းတန်ဖိုးရှိ စာအုပ်များနှင့် တရုတ်ယဥ်ကျေးမှုကုန်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ “Road People to People Connectivity Care for the Future” အစီအစဉ်အောက်မှတဆင့် တရုတ်ယဉ်ကျေးမှုထုတ်ကုန် ၅၀၀၊ စာအုပ်တွဲ ၁၀၀ နှင့် ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀ ကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ကျောင်သား ၂,၀၀၀ ကျော်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ CFPD မြန်မာရုံးမှ ကိုယ်စားလှယ် မစ္စတာဝမ်လိန် (Mr. Wang Lei)၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌဦးသစ္စာ (မစ္စတာ လီဖော်ဖော (Mr. Li Bobo)၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်သံရုံးနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၉ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြည့်အဝထိန်းချုပ်လိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်ကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၁၄၂ မှ စစ်သားများ ဧပြီ ၂၈ ရက် ညပိုင်းတွင် စခန်းကို စွန့်ခွာခဲ့ကြောင်းနှင့် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သိမ်းပိုက်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၈ ရက် ည ၁၀ နာရီခန့်တွင် KIA ထံလက်နက်ချခဲ့ပြီး တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းပေါ်တွင် တည်ရှိသော ယောယုံ၊ စိန်လုံ၊ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက လွယ်ဂျယ်မြို့ကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် KIA ကြားတိုက်ပွဲဖြစ်ပွားမှုများကြောင့် လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ကုန်သွယ်မှုမှာ ရပ်ဆိုင်းနေသော်လည်း မကြာမီတွင် ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်းနှင့် အရပ်ဘက်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းတချို့ ပြန်လည်စတင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။ တရုတ်-မြန်မာနယ်စပ်မြို့အနီးတွင် KIA က ကချင်အလံကိုလွှင့်ထူထားခဲ့ပြီး နယ်စပ်ဂိတ်အနီးရှိ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံးတွင်လည်း KIA က သိမ်းပိုက်စိုးမိုးထားကြောင်း ကချင်၊ မြန်မာ နှစ်ဘာသာဖြင့် စာကပ်ထားခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၈ ဇီဝမျိုးကွဲများတည်ရှိခြင်းကို လေ့လာရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်၍ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ဆက်လက်ချုပ်ဆိုခဲ့ကြောင်း တရုတ်အာဘော် CRI သတင်းဌာနက ဖော်ပြထားသည်။ တရုတ်သိပ္ပံပညာတံခွန်အသင်းကြီး စစ်ဆောင်ပနား အပူပိုင်း ရုက္ခပင်ဥယျာဉ်နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောလုပ်ငန်း ဦးစီးဌာနတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှ ဇီဝမျိုးကွဲများတည်ရှိရေးကို ရည်ရွယ်၍ သုတေသနစင်တာမှတဆင့် ဇီဝမျိုးကွဲများကို လေ့လာခြင်း၊ ထိန်းသိမ်းခြင်း၊ ဝန်ထမ်းများကို ပျိုးထောင်ပေးခြင်း၊ နည်းပညာဖလှယ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၈ ‘အခွင့်အရေးနှင့်တရုတ်နိုင်ငံ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲကို မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းတွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စာမျက်နှာတွင်ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ကုန်ထုတ်စွမ်းအား၊ တရုတ်ကုမ္ပဏီများ၏ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားပေးခြင်း၊ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကား၊ ကုန်သွယ်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲနှင့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး ဒေါက်တာကျန်းကျိဟုန်က (Dr. Zheng Zhihong) က တရုတ်နိုင်ငံ၏ ပြည်လုံးဆိုင်ရာ အစည်းအဝေးနှစ်ရပ်ကိုကျင်းပခဲ့မှုအခြေအနေများကို မိတ်ဆက်ခဲ့ပြီး အစည်းအဝေးမှတဆင့် တရုတ်နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်နှင့် မူဝါဒများကို ချမှတ်ပေးခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ငါးရာခိုင်နှုန်းကျော်တိုးလာကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် အလားအလာရှိပြီး စွမ်းရည်မြင့်မားကာ ကုန်ထုတ်စွမ်းအားကို တိုးတက်စေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာကဲ့သို့ အိမ်နီးချင်းနိုင်ငံများကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဒေါက်တာကျန်းကျိဟုန်က အမှာစကားပြောခဲ့သည်။ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ မစ္စတာလျိုမင် (Mr. Liu Ming) က မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း လုပ်ငန်းအခြေအနေများကို တင်ပြခဲ့ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံမီဒီယာများက မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများအကြောင်းကို တင်ဆက်မည်ဖြစ်ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို အဓိက အကြောင်းအရာအဖြစ် တင်ဆက်လိုကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများဖြစ်သည့် အထည်ချုပ်၊ လျှပ်စစ်၊ လျှပ်စစ်ကားကုမ္ပဏီကိုယ်စားလှယ်များက မြန်မာနိုင်ငံရှိ စက်ရုံလည်ပတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တင်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ဖန်တီးပေးခြင်းဖြင့် နှစ်နိုင်ငံအကျိုးစီးပွားမြှင့်တင်လိုကြောင်း တရုတ်ကုမ္ပဏီကိုယ်စားလှယ်များက ဆိုခဲ့သည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မီဒီယာကိုယ်စားလှယ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များရရှိစေကြောင်းနှင့် နှစ်နိုင်ငံလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် မီဒီယာများ၏ ရှုထောင့်မှတဆင့် ဆောင်ရွက်ပေးလိုကြောင်း အသီးသီးအမှာစကားပြောခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင် မီဒီယာကဏ္ဍကူးလူးဖလှယ်ရေးအတွက် မြန်မာမီဒီယာများမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ဘေဂျင်းမြို့၊ ဟန်ကျိုးမြို့နှင့် ရှန်ဟိုင်းမြို့များသို့ လေ့လာရေးခရီးစေလွှတ်ခြင်း၊ နှစ်နိုင်ငံအကြား မီဒီယာပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ဖိုရမ်ကျင်းပခြင်းများကို တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၈ လန်ချန်း-ခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါများ၊ လူနှင့် တိရစ္ဆာန်များအကြား ကူးစက်နိုင်သော ရောဂါများအတွက် ကာကွယ်ဆေးထုတ်လုပ်မည့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးထုတ်လုပ်ခြင်းစီမံကိန်းပြီးမြောက်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ အထူးရန်ပုံငွေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်နှင့် လူအကြား အပြန်အလှန်ကူးစက်တတ်သောရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ အပြင်အအေးခန်းသိုလှောင်ရုံ ငါးခု၊ အရန်မီးစက် ငါးလုံးနှင့် ကာကွယ်ဆေးစမ်းသပ်မည့် တိရစ္ဆာန်သိုလှောင်ရုံ နှစ်ခု တို့ကို ဆောက်လုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောခဲ့သည်။ ဆေးစမ်းတိရစ္ဆာန်များကို ဇီဝလုံခြုံမှုကောင်းမွန်စွာ animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူ စမ်းသပ်နိုင်ခဲ့ပြီး ကာကွယ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကိုလည်း အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်းပြောဆိုခဲ့သည်။ အဆိုပါ စီမံကိန်းသည် စစ်ကောင်စီ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စတုတ္ထအကြိမ်မြောက်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့်ဖော်ဆောင်သည့် စီမံကိန်းလေးခုထဲမှ တခုဖြစ်ပြီး စစ်ကောင်စီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်တရုတ်သံရုံးမှ တရုတ်သံမှူး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၆ စီးပွားရေးစင်္ကြံ စီမံကိန်းတွင် မဟာဗျူဟာကျစီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများကို တင်ပြသည့် အစည်းအဝေးတရပ်ကျင်းပခဲ့ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကဲဖြတ်မှု (Preliminary Geographical and Topographical Survey (PGTS) & Environmental Impact Assessment (EIA)) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် EIA လုပ်ငန်းစဉ် အခြေအနေများ၊ စစ်ကောင်စီ ဝန်ကြီးဌာနအသီးသီး၏ ဆန်းစစ်အကြံပြုချက်များ၊ EIA ဆန်းစစ်ချက်များအပေါ်မူတည်၍ စီမံကိန်းဒီဇိုင်းရေးဆွဲရန်နှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ EIA လုပ်ဆောင်ခဲ့သော သက်ဆိုင်ရာ ကုမ္ပဏီများဖြစ်သည့် CCCC-FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမ္မဏီတို့က စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်တွင် စီမံကိန်း၏အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေးအတွက် CITIC group နှင့် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ တွင် ချုပ်ဆိုခဲ့ပြီး လေးရက်အကြာ ဒီဇင်ဘာ ၃၀ ရက်တွင် ကန်ထရိုက်တာများကို ရွေးချယ်ကာ စီမံကိန်းဧရိယာဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီများက စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုပမ်းချက်များရှိနေသော်လည်း အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်မည့် ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် သိမ်းပိုက်ခဲ့သည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဧပြီ ၅ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ Wechat စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် သမ္မတဟောင်းဦးသိန်းစိန်၊ မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနု၊ တရုတ်-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင်တို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။ အဆိုပါတွေ့ဆုံမှုသည် မြန်မာနှစ်ကူးကာလဖြစ်သည့် သင်္ကြန်အကြိုကာလအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် တရုတ်နိုင်ငံမှ ကူညီလိုကြောင်းနှင့် နှစ်နိုင်ငံရင်းနှီးမှု ပိုမိုနက်ရှိုင်းစေလိုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယခုတွေ့ဆုံမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ အရာရှိများနှင့် ဦးသန်းရွှေတို့အကြား တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၄ စီးပွားရေးစင်္ကြံစီမံကိန်းတွင် တခုအပါအဝင်ဖြစ်သည့် မဟာဗျူဟာကျ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည့် China International Trust and Invest Corporation (CITIC) Group Myanmar Co.,Ltd. နှင့် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် စီမံကိန်းဖော်ဆောင်ရာ၌ အဓိကအခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေး၊ စီမံကိန်းပြီးစီးပါက ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ ဒေသတွင်းပြည်သူများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးနှင့် တရုတ်-မြနမာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စီမံကိန်းအတွက် တရုတ် CITIC ကုမ္ပဏီနှင့် နှစ်ဖက်ကြိုတင်ပြင်ဆင်ရမည့်အချက်များကို သတ်မှတ်အချိန်အတွင်းပြီးစီးစေရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုက်တွန်းခဲ့သည်။ ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။ စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ချုပ်ဆိုခဲ့သည်။ ထိုသို့ စစ်ကောင်စီနှင့် တရုတ်နိုင်ငံက စီမံကိန်းကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေသော်လည်း စီမံကိန်းကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အပြင် ၂၀၂၄ ခုနှစ် မတ်လတွင် AA က ရမ်းဗြဲမြို့ကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဧပြီ ၄ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများနှင့်ပတ်သက်၍ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် စစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးနေကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစာတွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်လင်းထွန်းကို ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ခြေကုတ်ယူနေသည့် တရုတ်နိုင်ငံသားအများစုပါဝင်သည့် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသူအဖြစ် စစ်ဆေးခံနေရသည်။ ထို့အပြင် ကိုးကန့်ဒေသရှိ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များဟု တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သော ပယ်၊ ဝေ၊ မီနှင့် လျှိုမိသားစုများနှင့်လည်း ဆက်ဆံရေးရှိသည်ဟု ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အခြေအနေများကို ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် တွေ့ဆုံခဲ့ကြသေးသည်။ ထို့အပြင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို စစ်ကောင်စီနှင့် ထိုင်း၊ တရုတ် အာဏာပိုင်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မတ် ၂၁ ရက်တွင် ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၉၇ ဦး ကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၃ ကိုဗစ်-၁၉ အလွန် တရုတ်-မြန်မာနှစ်နိုင်ငံအကြားကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ရည်ရွယ်၍ နန်နင်းမြို့၊ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီဥက္ကဋ္ဌ မစ္စယောင်ယန်းယန် (Ms. Yang Yanyan) တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်စေရန်၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးနှင့် ကုန်သွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ စက်တင်ဘာလတွင်ပြုလုပ်မည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် (Chinese-ASEAN Business Investment Summit (CABIS)) တွင် မြန်မာကောင်စစ်ဝန်ချုုပ်က ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ မစ္စယောင်ယန်းယန်က ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးများ၊ တရုတ်-အာဆီယံအဖွဲ့ဝင်ခေါင်းဆောင်များ၏ စကားဝိုင်းဆွေးနွေးပွဲများ၊ တရုတ်-အာဆီယံ ဖိုရမ် စသည့် အစီအစဉ်များအပြင် ကုန်သွယ်မှုကဏ္ဍတွင် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ဖိုရမ်၊ စက်မှုကွင်းဆက်လုပ်ငန်းဆိုင်ရာဖိုရမ်များကိုလည်း ပြုလုပ်မည်ဖြစ်သည်။ အဆိုပါဖိုရမ်များတွင် မြန်မာနိုင်ငံကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ ပို့ကုန်များဖြစ်သည့် ဆန်ကွဲ၊ ဝါ၊ ချည်၊ တိုင်းရင်းဆေး၊ သစ်သီးဝလံများကို ကွမ်ရှီးဒေသသို့ တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဧပြီ ၃ ယူနန်ပြည်နယ် တက်ဟုန်းခရိုင် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျမ်းစမ်း (Mr. Jian Shan) နှင့် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးကိစ္စရပ်များအပြင် အခြေခံအဆောက်အအုံကဏ္ဍဖြစ်သည့် လမ်း၊ တံတားဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဧပြီ ၃ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲအခြေစိုက် ကော်ဖီလုပ်ငန်းရှင်များ နည်းပညာမျှဝေရန်နှင့် ကော်ဖီအပါအဝင် အခြားကုန်စည်များ၏ ကုန်သွယ်မှုတိုးတက်စေရန်ရည်ရွယ်သည့် ကော်ဖီကုမ္ပဏီများ၏ စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ တက်ဟုန်းပြည်နယ်ခွဲပါတီကော်မတီအတွင်းရေးမှုး မစ္စတာကျန်းစမ်းက တက်ဟုန်းကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များကိုရှင်းပြခဲ့သည်။ ထို့နောက်စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မြန်မာ့ကော်ဖီကို ဈေးကွက်ထိုးဖောက်နိုင်ရန်နှင့် ကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်လာရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် မေ ၁၀ ရက်တွင်လည်းကောင်း၊ ကော်ဖီကို ပို့ကုန်တခုအဖြစ်တင်ပို့နိုင်ရန်၊ ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် ကော်ဖီနှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် ဦးထွန်းအုံက ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ အကောင်အထည်မည့် အစီအစဉ်များကို ရေးဆွဲရန်၊ အာဆီယံနိုင်ငံများသို့ သွားရောက်လေ့လာနိုင်ရန်၊ ဈေးကွက်ဖွံ့ဖြိုးရေးကုန်စည်ဒိုင်တည်ထောင်ရေးအဆိုပြုရန်၊ လုပ်ငန်းအဖွဲ့အချင်းချင်းကော်ဖီဗဟိုအဖွဲ့ကို အထောက်အကူပြုရန် ပြုလုပ်လျက်ရှိကြောင်း အစီအစဉ်များကို ရှင်းပြခဲ့သည်။ ထို့အပြင် တက်ဟုန်းပြည်နယ်သည်လည်း ကော်ဖီထွက်ရှိရာဒေသဖြစ်သဖြင့် မြန်မာကော်ဖီထုတ်လုပ်မှုအတွက် နည်းပညာနှင့် အသိပညာမျှဝေရန်ကိုလည်း ဦးထွန်းအုံက တိုက်တွန်းခဲ့သည်။ ပြပွဲတွင် တက်ဟုန်းကော်ဖီကုမ္ပဏီရှစ်ခုမှ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ခြောက်တို့ကိုပြသခဲ့ပြီး မြန်မာနိုင်ငံမှ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြပွဲများပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ ကော်ဖီအပါအဝင် ကုန်သွယ်မှုကဏ္ဍအသီးသီးတွင် မြန်မာကော်ဖီလုပ်ငန်းရှင်များ၊ ညီနောင်လုပ်ငန်းရှင်အသင်းများအနေနှင့် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့သည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြန်မာ့ကော်ဖီကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချမှုများကို ဆွေးနွေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ပြုလုပ်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို ကျင်းပခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ စိုက်ပျိုးရေးပညာရှင်များက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ပို့ချခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၃ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်စည်အပြန်အလှန်ပို့ဆောင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်၍ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ရန်ကုန်-မန်စီ-ရန်ကုန် ကုန်စည်လေယာဉ် စတင်ပျံသန်းခြင်းအခမ်းအနားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင် မန်စီလေဆိပ်တွင် ကျင်းပခဲ့ကြောင်း တရုတ်အာဘော်သတင်းဌာနဖြစ်သည့် ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြထားသည်။ ရန်ကုန်-မန်စီ-ရန်ကုန် cargo flight ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် cargo flight များဖြင့် ကုန်စည်ပို့ဆောင်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်လာခြင်းဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၂-၃ တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် လွယ်ဂျယ်နှင့် လိုင်ဇာမြို့တို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံဘက်အခြမ်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်းတပ်နှင့် လေတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု စတင်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်ပြုလုပ်လျက်ရှိသည့် လေ့ကျင့်မှုဖြစ်ပြီး နှစ်ရက်ကြာပြုလုပ်မည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုသည် PLA အနေနှင့် အရေးပေါ်အခြေအနေများကို တပ်ဖွဲ့များအနေဖြင့် ပိတ်ဆို့ထိန်းချုပ်နိုင်ရန်၊ တပ်ဖွဲ့များ၏ ပူးတွဲတိုက်ခိုက်မှုစွမ်းရည်များကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လေ့ကျင့်ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဌာနကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ထျန်ကျွမ်းလီ (Senior Colonel Tian Junli) က ပြောခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် PLA သည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဝမ်တိန်မြို့တွင် လက်တွေ့စစ်ရေးလေ့ကျင့်ခဲ့ပြီး အရေးပေါ်အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန်၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန်အတွက် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ မတ် ၇ ရက်တွင် စတင်ကာ တိုက်ပွဲပြင်းထန်လျက်ရှိပြီး KIA က လမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဧပြီ ၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၂ တရုတ်နိုင်ငံ၊ ချုံချင့်မြို့မှ စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးသွင်ထက်သည် ချုံချင့်နှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ချုံချင့်နေ့စဉ်သတင်းစာဌာန၏တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံမေးမြန်းမှုတွင် ကောင်စစ်ဝန်အတွေ့အကြုံများ၊ လုပ်ငန်းအခြေအနေများ၊ ချုံချင့်မြို့၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို ဖြေကြားခဲ့ပြီး ချုံချင့်မြို့နှင့် မြန်မာနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု အခြေအနေများ တိုးမြှင့်လုပ်ဆောင်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ |
၂၀၂၄၊ ဧပြီ ၂ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်တို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တက်ဟုန််းခရိုင် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် တက်ဟုန်းခရိုင်တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တွေ့ဆုံစဥ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ပြပွဲများတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းများ လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး၊ နယ်စပ်ဖြတ်ကျော်ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ကုန်ပစ္စည်းအမယ်များ တိုးချဲ့ကုန်သွယ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်တွင်လည်း တယ်ဟုန်းခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာဝေကန်း (Wei Gang) မြန်မာနိုင်ငံသို့လာရောက်ကာ တက်ဟုန်းခရိုင်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတန်ဖိုးစုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်နိုင်ခဲ့သည်။ (နယ်စပ်ထိန်းချုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို ISP-Myanmar ကပြင်ရပ်ဝန်း ‘မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက်’ တွင် ရှုပါ။) |
၂၀၂၄၊ ဧပြီ ၂ အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ဖြစ်ပေါ်တိုးတက်မှုများနှင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူနေစဉ် ဦးစားပေးဆောင်ရွက်မည့် ကိစ္စများကို ဆွေးနွေးရန် ၂၅ ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များက ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလတွင် ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ်များ၊ အာဆီယံပေါင်းစည်းရေးအစီအမံ လုပ်ငန်းအစီအစဥ်-၄ (Initiative for ASEAN Integration Work Plan IV) အကောင်အထည်ဖော်မှု၊ အာဆီယံစမတ်မြို့များကွန်ရက် (ASEAN Smart Cities Network) ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ်များ (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှု၊ ၂၆ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အကောင်အထည်ဖော်ရန်နှင့် အာဆီယံ-တရုတ် ပြည်သူချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရန် အစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် မစ္စဟွေရန်ချီ (Mrs. Hou Yanqi) နှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ယူထားသည့် စစ်ကောင်စီ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က အစည်းအဝေးပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး အာဆီယံဆိုင်ရာ တီမောလက်စ်တေအဖွဲ့ရုံးက လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ တာဝန်ယူထားပြီး ယခုနှစ် ဇူလိုင်လတွင် အဆိုပါတာဝန်ကို မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ |
၂၀၂၄၊ ဧပြီ ၁ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင် အရေးပါသော စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ ကျောက်ဖြူရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အုန်းချောင်းနှင့် ပြင်ချောင်တောင်ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကိုကိုးကားကာ ဖော်ပြထားသည်။ ထို့အပြင် မတ် ၂၉ ရက်မှစကာ ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်းရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်းလည်း ရေးသားထားသည်။ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ AA က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောာင်အထည်ဖော်မည့် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့ကို ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဧပြီ ၁ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် စစ်ကောင်စီ နှစ် ၆၀ ကျော်တပ်စွဲထားခဲ့သည့် စိန်လုံဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားချက်ကို ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်လမ်း၏ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဧပြီ ၁ ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ စိန်လုံဗျူဟာကုန်းသည် စစ်ကောင်စီအတွက် အရေးပါသော ရှေ့တန်းဗျူဟာစခန်းကုန်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို စိုးမိုးထားသည့် တပ်စခန်းဖြစ်သည်။ လွယ်ဂျယ်-မိုးမောက်လမ်းကြောတလျှောက်ရှိ စစ်ကောင်စီစခန်းများကို ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်ကောင်စီက ၃၉ နှစ်ကြာထိန်းချုပ်ထားသည့် ယောယုံစခန်းအပါအဝင် ဖလန်ဘွမ်စခန်း၊ လော့ဒန်စခန်း၊ လော့မွန်စခန်း၊ ဘန်ရောင်စခန်းနှင့် ရှန်တိုင်းစခန်းများကို KIA ကသိမ်းယူနိုင်ခဲ့သည်။ ထို့အပြင် လွယ်ဂျယ်မြို့ကိုလည်း KIA က ဝိုင်းရံပိတ်ဆို့ထားသည်။ |
၂၀၂၄၊ ဧပြီ ၁ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အခြေအနေများကို ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း (Mr. Deng Xijun) နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများ၊ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ်အတွင်း မစ္စတာတိန့်ရှီကျွန်းနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခြင်းသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဥ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် မစ္စတာတိန့်ရှီကျွန်းသည် နေပြည်တော်သို့လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လေးကြိမ်တွေ့ဆုံခဲ့သလို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ |
၂၀၂၃ မတ် ၃၁ China Entrepreneurs Thought Club (CETC) အဖွဲ့က ဦးဆောင်ကျင်းပသည့် မြန်မာ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် (၂၀၂၄) (2024 Myanmar Business and Investment Forum & CETC Think Tank News Media Seminar) ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ စစ်ကောင်စီမြန်မာသံရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွင်ဖော်ပြထားသည်။ ဖိုရမ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိုရည်ရွယ်၍ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာရှိပြီး ရင်းနှီးမြှုပ်နှံသူများကို အကျိုးဖြစ်ထွန်းစေမည့် ပတ်ဝန်းကျင်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း စစ်ကောင်စီ သံအမတ်ဦးတင်မောင်ဆွေက မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ ဘေဂျင်းမြို့၊ မြန်မာ့စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရန် စီစဉ်ထားမှုအခြေအနေများ၊ e-Commerce platform ကဲ့သို့ ကုန်သွယ်ရေးပလက်ဖောင်းများမှတဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချက်အလက်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို အခြေခံ၍ သင့်တင့်လျောက်ပတ်သော လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့သည်။ တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့်ခရီးသွားလာမှုမြှင်တင်ရေးအဖွဲ့မှ မစ္စတာလျိုဝိန် (Mr. Liu Wei) က မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာများနှင့် ယဥ်ကျေးမှုများကိုရှင်းပြခဲ့ပြီး တရုတ်ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းများသည်မှန်ကန်မှုမရှိကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလည်ပတ်သည့်နေရာများသည် တရုတ်ခရီးသွားများ ဘေးကင်းလုံခြုံရေးအတွက် အလေးထားကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ CETC Think Tank News Media Seminar ကိုပါ ကျင်းပခဲ့သည်။ CETC သည် တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် မဟာဗျူဟာကျအကြံပေးမှုများ၊ သီအိုပိုင်းရီပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပြုလုပ်ပေးနေသောအဖွဲ့ဖြစ်ပြီး ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ဖိုရမ်သို့ CETC ၏ နာယက မစ္စတာရုလျှန်ချင်း (Mr. Xu Liangqing)၊ CETC ၏ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးချုပ် မစ္စတာယုရန်ကျုန်း (Mr. Yu Yan Zhong) နှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စစ်ကောင်စီက ဖိတ်ခေါ်လျက်ရှိသကဲ့သို့ ရက္ခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကလည်း ၂၀၂၄ မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ငွေကြေးလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအကြောင်းရိုက်ကူးထားပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရုံတင်ခဲ့သော ‘No More Bets’ ရုပ်ရှင်ကြောင့် မြန်မာနိုင်ငံသည် ကျားဖြန့်လုပ်ငန်းများအပါအဝင် လူကုန်ကူးမှုများ အခြေတည်ရာနေရာအဖြစ် တရုတ်နိုင်ငံ၏ လူမှုကွန်ရက်တွင် ပြန့်နှံ့လျက်သည်။ |
၂၀၂၄၊ မတ် ၃၁ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်း ၆၀ ခုခန့်ကို စစ်ကောင်စီနှင့် တရုတ်ရဲတပ်ဖွဲ့တို့က ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းဖြိုခွင်းခဲ့ကြောင်း တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဗြူရိုက ထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသား ၃၅၂ ဦးနှင့် မြန်မာနိုင်ငံသား ၄၅၅ ဦး စုစုပေါင်း ၈၀၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ သုံးရက်ကြာမြင့်ခဲ့သော အဆိုပါဖြိုခွင်းမှုတွင် ငွေကြေးထောက်ပံ့သူများ၊ အဓိကကြိုးကိုင်သည့် ခေါင်းဆောင် ၂၁ ဦးနှင့် သံသယရှိသူ ၅၁ ဦး ကို ဖမ်းဆီးနိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား အာဏာပိုင်များ၏ သဘောတူညီချက်များအရ တရုတ်နိုင်ငံသားများကို ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံသားများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ အဆိုပါ ပူးပေါင်းဖြိုခွင်းမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေပြီး နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်လိမ်လည်မှုများကို ဖြိုခွင်းရာတွင် ပြတ်သားသည့် ရည်ရွယ်ချက်ကို မြင်သာစေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုရေးဗြူရိုသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တရုတ်နိုင်ငံသားများပါဝင်သော နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံမှ အာဏာပိုင်များ၊ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံသား ၄၈,၀၀၀ ဦး ဖမ်းဆီးရခဲ့ကြောင်းပါရှိသည်။ ထိုသို့ဖြိုခွင်းမှုများလုပ်ဆောင်ခဲ့သော်လည်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ကျန်ရှိနေသည့်အတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဗြူရိုနှင့် စစ်ကောင်စီ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဆွေးနွေးပွဲများ၊ စကားဝိုင်းများမှတဆင့် သဘောတူညီမှုများရယူကာ ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့က သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ဒေသဆိုင်ရာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ ငွေကြေးလိမ်လည်မှုများကို ဖြိုခွင်းမည်ဖြစ်ကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုများကို ပြတ်ပြတ်သားသားကိုင်တွယ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများအနေဖြင့် လက်ရှိဖြိုခွင်းမှုအခြေအနေများကို နားလည်သဘောပေါက်ပြီး တရုတ်နိုင်ငံသို့အမြန်ဆုံးပြန်လာရန်နှင့် တရားဥပဒေမူဘောင်အောက်သို့ ဝင်ရောက်ရန်လည်း တိုက်တွန်းထားသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့်သာမက တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ ပူးပေါင်းဆောင်ရွက်ကာ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရယူခဲ့သည်။ ထို့အပြင် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံပူးပေါင်း၍ ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုဒေသတွင် ခြေကုပ်ယူထားသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) က ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။ (အပူတပြင်းချေမှုန်းလာသော ဆိုက်ဘာကျွန်ပြုမှုများကို ISP-Myanmar ကပြင်ရပ်ဝန်း၏ Insight Email အမှတ်-၂၈ တွင်ရှုပါ။) |
၂၀၂၄၊ မတ် ၃၁ တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် (China (Yunnan) Pilot Free Trade Zone) တွင် မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) ကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါကုန်သွယ်ရေးစင်တာကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဌာန ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကြီးကြပ်ခဲ့ပြီး ကူမင်းမြို့ပြည်သူ့အစိုးရ ကွမ်တုရပ်ကွက် ပြည်သူ့အစိုးရနှင့် တရုတ် (ယူနန်) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းစု ((Yunnan) Pilot Free Trade Zone International Trade Enterprise Cluster Park) နှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပံ့ပိုးခဲ့သည်။ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) သည် မြန်မာနိုင်ငံမှ AJ Myanmar Co.Ltd နှင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ Kunming Aosidi International Trade Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်။ ထို့အပြင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရန်၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ပိုမိုဝင်ရောက်ရန်၊ မြန်မာ့စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ရန်အတွက် ရည်ရွယ်ကာ အဆိုပါကုန်သွယ်ရေးစင်တာကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စင်တာဖွင့်ပွဲသို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်မှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှုူချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် မစ္စတာတန်ဝေ (Mr. Tang Wai)၊ ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တုပြည်သူ့အစိုးရညွှန်ကြားရေးမှုး၊ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့သည်။ AJ Myanmar ကုမ္ပဏီသည် သစ်တော၊ တွင်းထွက်နှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာနှင့် ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၂၃ ခုနှစ် မေ ၂၈ ရက်တွင် တရုတ်နိုင်ငံမှ Shenyang Tianfeng Bio-Pharm ကုမ္ပဏီတို့အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄၊ မတ် ၂၉ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းရန်အတွက် ကြီးကြပ်ရေးဗဟိုကော်မတီအစည်းအဝေးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို စိစစ်ရန်၊ တရားစွဲအရေးယူရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ရန်အတွက် ကြီးကြပ်ရေးဗဟိုကော်မတီကို စစ်ကောင်စီ၏ အမိန့်ကြေညာစာအမှတ် ၂၂၈/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ပြောခဲ့သည်။ ထို့အပြင် လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီနှင့် ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့တို့ကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဗဟိုကော်မတီအနေနှင့် သက်ဆိုင်ရာဌာနများ၊ သံရုံးများဖြင့် သံတမန်လမ်းကြောင်းမှတဆင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား ၅၃,၀၈၉ ဦးကို ပြည်နှင်ခဲ့ပြီး အဆိုပါနိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ၅၁,၀၁၀ ဦး ပါဝင်ခဲ့သည်ဟုသည်။ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြားရှိ ချစ်ကြည်ရေး၊ တရားမဝင်ဝင်ရောက်လာသူများသည် ရာဇဝတ်မှုများကို ဖိအားပေးခိုင်းစေခံရသူများဖြစ်သည့်အတွက် အရေးယူခြင်းမပြုဘဲ ပြည်နှင်လွှဲပြောင်းခြင်းကိုသာ လုပ်ဆောင်ခဲ့ကြောင်းနှင့် ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ရွှေကုက္ကိုဒေသတွင် ဖမ်းဆီးရမိသူများကို အမှတ်-၂ ချစ်ကြည်ရေးတံတားမှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။ ထို့အပြင် ကြီးကြပ်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တွဲဖက်အတွင်းရေးမှူး-၁ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးတို့က ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံးလွှဲပြောင်းပေးမှု အခြေအနေများကို ရှင်းပြခဲ့သည်။ ရွှေကုက္ကိုဒေသတွင် အခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသားများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ်-၂ ချစ်ကြည်ရေးတံတားမှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းမှုသည် အွန်လိုင်းငွေကြေးလိမ်လည်မှုများဖြိုခွင်းရန် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ၏ ပထမဆုံးပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ |
၂၀၂၄၊ မတ် ၂၉ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်များက အပစ်အခတ်မရှိဘဲ ဆုတ်ခွာနိုင်ရန်နှင့် စစ်ကောင်စီ ပညာရေး၊ ကျန်းမာရေး၊ လူဝင်မှူကြီးကြပ်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ အကောက်ခွန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများကို တရုတ်အစိုးရမှတဆင့် တာဝန်ရှိသူများက တရုတ်နယ်စပ်မြို့ဖြစ်သည့် ကျန်းဖုန်းသို့ ဝင်ခွင့်ရရန် တောင်းဆိုခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်ကို ဖွင့်ပေးခဲ့သည်။ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်-မိုးမောက်လမ်းကြောတလျှောက်ကို ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ၃၉ နှစ်ကြာထိန်းချုပ်ထားသည့် ယောယုံစခန်းအပါအဝင် ဖလန်ဘွမ်စခန်၊ လော့ဒန်စခန်း၊ လော့မွန်စခန်း၊ ဘန်ရောင်စခန်းနှင့် ရှန်တိုင်းစခန်းများကို KIA ကသိမ်းယူနိုင်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားစဥ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုင်ဂျာယန်မြို့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများက မိုးမောက်မြို့သို့ တိမ်းရှောင်နေကြသည်။ |
၂၀၂၄၊ မတ် ၂၈ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် သီးနှံသစ်တော ရောနှာစိုက်ပျိုးခြင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် ‘သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းမြှင့်တင်ရေးစီမံကိန်း’ ကို အကောင်အထည်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းပြီစီးကြောင်း အခမ်းအနားတွင် တရုတ်သံမှူးကြီးမစ္စတာကျန်းကျိဟုန်က စီမံကိန်းတွင် စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများတွင် ဂေဟစနစ်နှင့် စီးပွားရေးအကျိုးအမြတ်များ ရရှိနိုင်ကြောင်း၊ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးတွင် တရုတ်နိုင်ငံက ပါဝင်ကူညီလိုကြောင်း ပြောခဲ့သည်။ ထို့နောက် စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ကြောင်း၊ မြန်မာ့လက်တွေ့အခြေအနေနှင့်ကိုက်ညီသည့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ခေါင်းစဉ်ဖြင့် လန်ချန်း-မဲခေါင် ကျေးလက်ဒေသ ဖွံံဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထိုစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသရှိ ကျေးရွာသုံးရွာတွင် အကောင်အထည်ဖော်ခဲ့ပြီး ထိုကျေးရွာများ၏ ဧက ၇၀၀ ခန့်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စမ်းသပ်ဇုန်ကို အကောင်အထည်ဖော်ခဲ့သည်။ လန်ချန်း-မဲခေါင်အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်မည့် ‘မြန်မာနိုင််ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း’ ၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်တွင် ကျင်းပခဲ့သည်။ သတ္တမအကြိမ်မြောက် ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ ကို ကျင်းပပြုလုပ်ပြီးနောက်တွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ပိုမိုအကောင်အထည်ဖော်ခဲ့သည်။ |
၂၀၂၄၊ မတ် ၂၈ တရုတ်နိုင်ငံက ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း တည်ထောင်ခြင်း ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာနှင့် တရုတ်သံရုံးစာမျက်နှာတို့တွင် ဖော်ပြထားသည်။ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတွင် ပံ့ပိုးကူညီပေးခဲ့သည့် တရုတ်နိုင်ငံနှင့် စစ်ကောင်စီ၏ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကို ကျေးဇူးတင်စကားပြောခဲ့သည်။ ထို့အပြင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်ဆက်စပ်အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေးများနှင့် အစီအစဉ်များအနက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အအောင်မြင်ဆုံးအစီအစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် ကာလအတွင်း ဝန်ကြီးအဆင့်အစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ကြောင်းနှင့် စတုတ္တကြိမ်မြောက်ကျင်းပသည့် လန်ချန်း-မဲခေါင် ခေါင်းဆောင်များအစည်းအဝေးတွင် အရေးပါသည့် ‘နေပြည်တော်ကြေညာစာတမ်း’၊ ‘မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)’ နှင့် ‘လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုစင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်’ တို့ကို အတည်ပြုခဲ့ကြောင်း ဦးသန်းဆွေက တင်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ကိုထောက်ပံ့ခဲ့ပြီး စီမံကိန်း ၁၀၆ ခုကို လက်ခံရရှိခဲ့ကြောင်း ကျေးဇူးတင်စကားဆိုခဲ့သည်။ ထို့နောက် စီမံကိန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်စွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိပူးတွဲဥက္ကဋ္ဌထိုင်းနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး စစ်ကောင်စီသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည့် တရုတ်သံအမတ် မစ္စတာချန်းဟိုင်၏ ဆောင်းပါးကိုလည်း ဂုဏ်ပြုစကားဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့ကြောင်း၊ အကောင်ထည်ဖော်ခဲ့သည့် ရှစ်နှစ်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အထူးရန်ပုံငွေဖြင့် စီမံကိန်းစုစုပေါင်း ၇၀၀ ကျော်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း တရုတ်သံအမတ် မစ္စတာချန်းဟိုင်က ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံနှင့် အခြား လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများကိုပါ အခွင့်အလမ်းသစ်များရရှိစေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ခုနစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်သီတင်းပတ်အတွက် တရုတ်သံအမတ်မစ္စတာချန်းဟိုင်က စစ်ကောင်စီသတင်းစာများတွင် ဆောင်းပါးရေးသားခဲ့သလို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူး မစ္စတာကျန်းကျိဟုန်ကလည်း မြန်မာ့ရုပ်သံဌာနတခုဖြစ်သည့် One News ရုပ်သံလိုင်းတွင် တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခဲ့သည်။ ထို့ပြင် ခုနစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်သီတင်းပတ်အတွင်း စီမံကိန်း ၁၀ ခုကျော်ကိုလည်း နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်ခဲ့သည်။ အခမ်းအနားသို့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချူပ်ကြီးမြထွန်းဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ မတ် ၂၈ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးချက်များ၊ ‘ဟိုင်ဂင်သဘောတူညီမှု’ အကောင်အထည်ဖော်ဆောင်သည့် အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့သည်။ တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) က မြန်မာ့ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန်၊ တရုတ်နိုင်ငံအနေနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်သောကဏ္ဍမှဆက်လက်ပါဝင်ရန် တိုက်တွန်းခဲ့သည်။ ထို့နောက် NSPNC ၏ အတွင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က မြန်မာနိုင်ငံသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းနှင့် အဆိုပါကြိုးပမ်းမှုများအတွက် တရုတ်နိုင်ငံနှင့်အ တူညှိနှိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရုတ်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် ပတ်ဝန်းကျင်ရရှိရန်၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးကိစ္စများနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မတ် ၂၈ ရက်တွင် တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ‘ဟိုင်ဂင်သဘောတူညီမှု’ ချုပ်ဆိုပြီးနောက်တွင် စစ်ကောင်စီ တာဝန်ရှိသူများနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကိစ္စများအတွက် ၂၀၂၄ ခုနှစ် မတ် ၁ ရက်တွင် သုံးရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ‘ဟိုင်ဂင်သဘောတူညီမှု’ ရရှိခဲ့သော်လည်း လက်တလောတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတည်ရှိရာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင်လည်း စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိသည်။ |
၂၀၂၄၊ မတ် ၂၈ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြားတိုက်ပွဲပြင်းထန်နေချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာနှင့် ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရန်၊ နယ်စပ်ဖြတ်ကျော်သွားလာမှုများကို စီမံခန့်ခွဲရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုများကို ညှိနှိုင်းရန်၊ မြန်မာနိုင်ငံတွင်း တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်မည့် ပတ်ဝန်းကျင်ရရှိစေရန်နှင့် နိုင်ငံတကာစာမျက်နှာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ဆွေးနွေးခဲ့သည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများက တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များနှင့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များပြုလုပ်ရန် ကြိုပမ်းလျက်ရှိကြပြီး တရုတ်အာဏာပိုင်များကလည်း ရက်လွန်နေထိုင်နေသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးကာ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ပို့ဆောင်လျက်ရှိသည်။ တဖက်တွင်လည်း စစ်ကောင်စီနှင့် KIA အကြားတွင် မတ် ၇ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ် ၂၆ နှင့် ၂၇ ရက်များတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းပေါ်ရှိ ရှန်းတိုင်း၊ ဘန်ယောင်း၊ လော့မွန်၊ ဖလန်းနှင့် ယောယုံတပ်စခန်းတို့ကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။ |
၂၀၂၄၊ မတ် ၂၇ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ-၄ ဆီလူးခရိုင် မိုင်းလားမြို့ရှိ ‘မွမ်းဆစ်အဲစာသင်ကျောင်း’ သို့ တရုတ်နိုင်ငံ ပရဟိတအဖွဲ့အစည်းတခုဖြစ်သည့် ‘China Dream’ က စာရေးကိရိယာများကို လှူဒါန်းခဲ့ကြောင်း မိုင်းလားသတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ‘China Dream’ တာဝန်ခံမစ္စတာအားချိန်းနှင့် မိုင်းလားမြို့မှ အလှူရှင်များက တရုတ်ယွမ်ငွေ သုံးသောင်းကျော် (မြန်မာကျပ်ငွေ ၁၅၄ သိန်းကျော်)တန်ဖိုးရှိ စာရေးကိရိယာများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ‘မွမ်းဆစ်အဲစာသင်ကျောင်း’သည် ဒေသခံကျောင်းသား ၅၇၀ ဦးကို အခမဲ့ပညာသင်ပေးလျက်ရှိပြီး ‘China Dream’ အဖွဲ့သည် စာသင်ကျောင်းအား ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ခုနစ်နှစ်ကြာ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ |
၂၀၂၄၊ မတ် ၂၇ မိုင်ဂျာယန်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံနယ်နိမိတ်ဖြစ်သည့် ကျန်းဟောင်မြို့အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်က KIA တပ်မဟာ-၃ ဌာနချုပ်တည်ရှိရာ မိုင်ဂျာယန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အချိန်တွင် တရုတ်နိုင်ငံ ကျန်းဟောင်းမြို့ဘက် နယ်စပ်မှတ်တိုင်-၄၆ အနီး ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားများထိခိုက်မှုမရှိခဲ့ကြေင်း ဒေသခံများက ဆိုထားသည်။ ၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင်လည်း လိုင်ဇာမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရားဝင်တုံပြန်ပြောဆိုမှု မရှိပေ။ စစ်ကောင်စီနှင့် KIA တို့အကြားတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်ကုန်သွယ်ရေးလမ်းတလျှောက်တွင် မတ် ၂၆ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် မိုင်ဂျာယန်ဂိတ်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခဲ့သည်။ |
၂၀၂၄၊ မတ် ၂၇ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်-ဗန်းမော် လမ်းကြောင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားနေကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA က မတ် ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်းရှိ လော့မွန်၊ ဘန်ရောင်၊ ရှန်တိုင်းဘွမ် စသည့် စစ်ကောင်စီ၏ ဗျူဟာစခန်း ၁၀ ခုခန့်ကို KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့သော ကုန်ကားအစီးတရာခန့် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ပိတ်မိလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးမှာလည်း ရပ်တန့်လျက်ရှိသည်။ ပိတ်မိလျက်ရှိသည့် ကုန်ကားများတွင် မြန်မာနိုင်ငံဘက်မှ တင်ပို့မည့် မြေပဲ၊ ပြောင်းဆံ၊ နှမ်း၊ တစ်ရှူးငှက်ပျောနှင့် တရုတ်နိုင်ငံဘက်မှတင်သွင်းသည့် အထည်နှင့် လူသုံးကုန်များပါရှိပြီး မိုးမောက်မြို့မှ လာရောက်သော ကုန်ကားများပါဝင်သည်။ |
၂၀၂၄၊ မတ် ၂၆ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်ရန်ရည်ရွယ်၍ သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း တရုတ်သံရုံးမျက်နှာစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုအတွက် ပုဂံမြို့ရှိ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်၏ လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ ပြုပြင်ခြင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့မှုတို့နှင့်ပတ်သက်၍ မစ္စတာချန်းဟိုင်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် သန်လျင်မင်းကျောင်းဆရာတော်အား တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကိုလည်း ဆက်ကပ်ခဲ့သည်။ သံမှူး မစ္စတာ ပန်ဖန်(Mr. Pan Feng)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဦးစိန်မော်နှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ မတ် ၂၄ ရက္ခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ဒေသအတွက်အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုကြိုဆိုကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ ဆက်လက်လည်ပတ်ရန်အတွက် ရက္ခိုင့်တပ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ အနာဂတ်တွင် နိုင်ငံတကာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ULA က ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်မှုရရှိရန် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် ရက္ခိုင်ပြည်သူများ၏ အကျိူးစီးပွားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်နှင့် ပလက်ဝဒေသများကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများအနက် အရေးပါသော စီမံကိန်းများဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတိို့က အရှိန်မြှင့်တင်လျက်ရှိသည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ မတ် ၂၃ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ‘တတိယအကြိမ် လန်ချန်း-မဲခေါင် ဒေသခွဲဆိုင်ရာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖိုရမ်’ (Security Collaboration in Building Lancang-Mekong Community with a Shared Future) ကို ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနစာမျက်နှာတွင် ဖော်ပြထားသည်။ ဖိုရမ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများကို ပိုမိုဖွင့်လှစ်ရန်နှင့် အခြားပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ရဲသင်တန်းကျောင်းတွင် လေ့ကျင်နေမှုများကို စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လေ့လာခဲ့သည်။ ဆွေးနွေးပွဲသို့ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှုး၊ လန်ချန်း-မဲခေါင် ဒေသရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ သက်ဆိုင်ရာကောင်စစ်ဝန်ချုပ်များနှင့် အခြားတာဝန်ရှိသူများတက်ရောက်ခဲ့သည်။ နှစ်နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၂၃ မတ်လတွင် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး စိုးထွဋ်ထံသို့ တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ တွေ့ဆုံခဲ့ကြသည်။ |
၂၀၂၄၊ မတ် ၂၂ လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကောင်စီပြန်လည်ဝင်ရောက်လာသဖြင့် ဒေသခံများက တိမ်းရှောင်နေရကြောင်း ပြည်တွင်သတင်းဌာနများတွင် ဖော်ပြထားသည်။ စီမံကိန်းကို အကာအကွယ်ပေးရန် စစ်ကြောင်းထိုးနေခြင်းကြောင့် စီမံကိန်းအနီးပတ်ဝန်းကျင်ရှိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ပေကုန်းနှင့် ထန်းတောကြီးရွာ အပါအဝင် ဆားလင်းကြီးမြို့နယ်မှ ဒုန်းတော၊ ရွာသာ၊ ဂုဏ်တော စသည့်ကျေးရွာများမှ ဒေသခံ တသောင်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဝမ်ပေါင်ကြေးနီစီမံကိန်းကိုအကြောင်းပြု၍ ဒေသခံများအား စစ်ကောင်စီက ဖိနှိပ်ခြင်း၊ သတ်ဖြတ်နေခြင်းနှင့် နေအိမ်မီးရှို့ဖျက်ဆီးခြင်းများကို ရပ်တန့်ရန် ဒေသခံများက ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကိုးကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ မတ် ၂၀-၂၁ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ-၄ ၏ ပညာသင်ကြားရေးနယ်ပယ်တွင် နှစ်နိုင်ငံတိုးတက်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်စေရန်ရည်ရွယ်၍ တရုတ်နိုင်ငံ မိုင်းဟိုင်းခရိုင် ပြင်ပချစ်ကြည်ရေးအသင်း လေ့လာရေးအဖွဲ့က မိုင်းလားမြို့ရှိစာသင်ကျောင်းများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း အထူးဒေသ-၄ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည်။ ပညာရေးနှင့်အားကစားဦးစီးဌာန ဌာနမှူး ဦးဟော်လီရှင်းနှင့် ပြင်ပချစ်ကြည်ရေးအသင်းလေ့လာရေးအဖွဲ့နှင့် တွေ့ဆုံကာ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဥ်ကျေးမှုစာသင်ကျောင်းနှင့် ဆီလူးခရိုင်ချစ်ကြည်ရေးစာသင်ကျောင်းများသို့ ကွင်းဆင်းလေ့လာခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့အား စာသင်ကျောင်းဆောက်လှုပ်မှုအခြေအနေနှင့် ပညာရေးလုပ်ငန်းများနှင့် ဆက်စပ်စီမံကိန်းများကိုရှင်းလင်းပြောပြခဲ့သည်။ စာသင်ကျောင်းများ၏ သင်ကြားရေးအစီအစဥ်များကို လေ့လာခဲ့ပြီး ကြုံတွေ့နေရသည့်အခက်အခဲများကို ဆွေးနွေးတိုင်ပင်ခြင်းနှင့် ဒေသတွင်းပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အကြံပြုချက်များပေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ မိုင်းလားဒေသနှင့် တရုတ်နိုင်ငံ၊ မိုင်းဟိုင်းခရိုင်အကြား ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြောခဲ့သည်။ မိုင်းဟိုင်းခရိုင် ပြင်ပချစ်ကြည်ရေးအသင်းမှ အတွင်းရေးမှူး ဦးအိုက်ခမ်းပီး၊ ခရိုင်ပညာရေးနှင့် အားကစား ဦးစီးဌာန ဒုတိယဌာနမှူး ဦးယွီစိချွမ်း၊ ယူနန်ပြည်နယ် ချန်ဟေပညာသင်ကြားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဥက္ကဋ္ဌ မစ္စတာဝူယုံချွမ်း၊ ဒုတိယမန်နေဂျာချုပ်နှင့် မိုင်းဟိုင်းအလယ်တန်းကျောင်း ဒုတိယကျောင်းအုပ် ဦးကျိုးချန်ပိုးတို့ လာရောက်လေ့လာခဲ့သည်။ |
၂၀၂၄၊ မတ် ၂၀ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော ကျောင်းတိုက်များနှင့်အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက်က ငွေကြေးလှူဒါန်းခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်ယွမ်ငွေ ၁၂,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀ ကျော်တန်ဖိုးရှိ)ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှတဆင့် စစ်ကောင်စီ သာသနာရေးနှင့် ယဥ်ကျေးမှူဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ချီးရှားကျောင်းတိုက်သည် စာသင်တိုက်များရှိ စာသင်သားများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် တရုတ်ယွမ်ငွေ ၈၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၀ ကျော်)ကို စာရေးကိရိယာများအတွက် ၂၀၂၃ ခုနှစ် ဇွန်လတွင် လှူဒါန်းခဲ့သေးသည်။ |
၂၀၂၄၊ မတ် ၁၉ ရန်ကုန်မြို့မှ တရုတ်နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ-၄ မိုင်းလားမြို့သို့ ကုန်တင်ပို့သည့် ၁၂ ဘီးကားများအတွက် သယ်ယူစရိတ်မှာ မြန်မာငွေကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ အထိရှိနေကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို BETV Bussiness သတင်းဌာနက ဖော်ပြထားသည်။ ဖရဲနှင့် သခွားတင်ပို့သည့် ၁၂ ဘီကားများမှာ ရန်ကုန်မှ မိုင်းလားသို့အသွားအပြန် ကုန်စည်ရရှိခြင်းကြောင့် ယင်းလမ်းကြောင်းကို ပိုမိုရွေးချယ်လာကြသည်။ မိုင်းလားနယ်စပ်ကုန်သွယ်ရေးအဖွဲ့မှ ဖရဲ၊ သခွား၊ ပြောင်းများကို တရုတ်နိုင်ငံသို့တင်ပို့ပြီး ဆေးဝါး၊ စိုက်ပျိုးရေးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးဆေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို တရုတ်နိုင်ငံမှတဆင့် ပြန်လည်တင်သွင်းလျက်ရှိသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)- ဝမ်တိန်ဂိတ်၊ ချင်းရွှေဟော်ဂိတ်များကို ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် MNDAA က ထိန်းချုပ်ထားသည်။ |
၂၀၂၄၊ မတ် ၁၉ လန်ချန်း-မဲခေါင်အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်မည့် မြန်မာနိုင််ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို နေပြည်တော်ရှိ စစ်ကောင်စီ သယံဇာတနှင့်သစ်တောဦးစီးဌာနရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ နှစ်နှစ်ကြာ အကောင်အထည်ဖော်မည့် အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်တို့တွင် ပြုလုပ်မည်ဖြစ်သည်။ စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင်အပင်များကို လေ့လာခြင်း၊ မှတ်တမ်းပြုစုခြင်း၊ မျိုးသုဥ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များ၊ ဒေသမျိုးရင်းများနှင့် စီးပွားရေးအရ အရေးပါသည့်မျိုးစိတ်များကို ထိန်းသိမ်းခြင်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်သည်။ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သုတေသနတွေ့ရှိချက်များကို မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database တခုတည်ဆောင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ဌာနေတိုင်းရင်းသားများ၊ စစ်ကောင်စီ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဆေးဖက်ဝင်အပင်များကို စနစ်တကျ ထိန်းသိမ်းကာကွယ်နည်းများကို ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်မည့် သုတေသနလုပ်ငန်းစဉ်များနှင့် ကနဦးလေ့လာတွေ့ရှိချက်များကိုလည်း ဖွင့်ပွဲတွင် ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်တွင်ကျရောက်မည့် သတ္တမအကြိမ်မြောက် ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ ခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီဝန်ကြီးဌာနကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လျက်ရှိသည်။ |
၂၀၂၄၊ မတ် ၁၉ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းခေါင်းစဥ်အောက်မှတဆင့် ကျေးရွာရေရရှိရေးနှင့် ဆင်းရဲမွဲမှုလျှော့ချရေးဆိုင်ရာစီမံကိန်းများ အတွေ့အကြုံမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင်ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲကို စစ်ကောင်စီသမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ကျင်းပပြီး လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမွဲတေမှုလျှော့ချခြင်း၊ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းနှင့် ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့်အိမ်သွယ်ရေတိုင်စနစ်ပါရှိသည့် ကျေးရွာရရှိရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ စစ်ကောင်စီသမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ကြားဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် မူဝါဒလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအဖွဲ့၏ စဥ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (SDGs)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်(MSDP)ပါ ချိတ်ဆက်ဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ (NCDP) နှင့် ချိတ်ဆက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် ထိုစီမံကိန်းတွင် ပြည်ထောင်စုရန်ပုံငွေ၊ အစိုးရရန်ပုံငွေအပြင် နိုင်ငံတကာအလှူရှင်များနှင့် မိတ်ဖတ်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ အထောက်အပံ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (၂၀၂၂) ရန်ပုံငွေဖြင့် စီမံကိန်းလေးခုကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆိုခဲ့သည်။ ထိုစီမံကိန်းလေးခုအနက် ပဲခူးတိုင်း ရွာသစ်ကျေးရွာတွင် ‘မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း’ နှင့် ဧရာဝတီတိုင်းရှိ ကျေးရွာသုံးရွာတွင် ‘ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း’ တို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ နှစ်နှစ်ကြာ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း ဦးမြင့်စိုးက ပြောခဲ့သည်။ ထို့နောက် စီမံကိန်းတာဝန်ရှိသူများက ဆွေးနွေးခြင်းနှင့် အဖွဲ့အစည်းများက အကြံပြုဆွေးနွေးခြင်းများကို လုပ်ဆောင်ခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန် မစ္စတာဝန်ရှန်ကျုန်း (Mr. Wang Xianzhong)၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများ တက်ရောက်ခဲ့သည်။ သတ္တမအကြိမ်မြောက် ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ ခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လျက်ရှိသည်။ |
၂၀၂၄၊ မတ် ၁၉ စီးပွားရေးစင်္ကြံစီမံကိန်းတွင် အရေးပါသော စီမံကိန်းဖြစ်သည့် မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီအာဘော် NP News သတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းအတွက် China Railway Eryuan Engineering Group က စီမံကိန်းဖြစ်တန်ခြေလေ့လာမှုအတွက် အစီရင်ခံစာနှင့် ဘဏ္ဍရေးအတွက်လေ့လာသုံးသပ်ရမည့် အချက်အလက်များကို စစ်ကောင်စီထံတင်ပြထားသည်။ ဘဏ္ဍရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီကို စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ကြီး ဦးအောင်မြိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားသည်။ အဆိုပါကော်မတီသည် CREEG က တင်ပြသည့်အစီအရင်ခံစာပါ ဒီဇိုင်း-ဆောက်လုပ်-ငွေကြေး-လည်ပတ် (DBFOT) ဖြင့်ဆောင်ရွက်ခြင်း၊ Special Purpose Vehicle (SPV) ကို ဖွဲ့စည်းခြင်းများ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာဆန်းစစ်ခြင်း၊ SPV ဖွဲ့စည်းရာတွင် မြန်မာဖက်မှ မြေငှားရမ်းခအပါအဝင် ဘဏ္ဍာငွေ၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများပါဝင်ရေး၊ ချေးငွေအခြေအနေ၊ ဆိုင်းငံ့ကာလ၊ ပြန်ဆပ်ကာလများ အပါအဝင် အကျိုးအမြတ်ရရှိမှုတို့ကို သုံးသပ်ရမည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်မည့် လမ်းကြောင်းတလျှောက်ရှိ မြေယာနှင့် အဆောက်အအုံများအတွက် လျော်ကြေးငွေပေးအပ်ရမည့် စံနှုန်းများကို လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရန်၊ ရထားလမ်းတလျှောက် လျှပ်စစ်ဓာတ်အားသွယ်တန်းရာတွင် ကျသင့်မည့် ကုန်ကျစရိတ်အခြေအနေများကို တွက်ချက်ရန်အတွက်လည်း ကော်မတီက လေ့လာသုံးသပ်ရမည်ဖြစ်သည်။ ထို့ပြင် စီမံကိန်းကုန်ကျစရိတ်များသည် မြေပြင်အခြေအနေနှင့်ကိုက်ညီမှု ရှိ၊ မရှိ၊ ပြည့်စုံမှု ရှိ၊ မရှိ၊ စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်ဒီဇိုင်းအချက်အလက်များကို တရုတ်နိုင်ငံ၏ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နိုင်ရန်၊ သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေရရှိရန်နှင့် စီမံကိန်းမှတဆင့် ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်းပေးအပ်နိုင်ရန်၊ အခြားစီမံကိန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီအစိုးရအဖွဲ့က တောင်းဆိုထားသည်။ ထို့ပြင် စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရချင်း (Government to Government) ညှိနှိုင်းဆောင်ရွက်ရေးမူဘောင်ကို အတည်ပြုရေးဆွဲနိုင်ရန် စီစဥ်နေသည်။ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မူဆယ်မြို့တို့အကြား မန္တလေးမြို့မှတဆင့် ချိတ်ဆက်ရန်ရည်ရွယ်ပြီး တဖန် တရုတ်နိုင်ငံရှိ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားနှင့်ချိတ်ဆက်မည်ဖြစ်ရာ ကုန်းတွင်းပိတ်ယူနန်ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ရရှိစေမည့် မဟာဗျူဟာကျ စီမံကိန်းတခုဖြစ်သည်။ သို့သော်လည်း စစ်ရေးအရှိန်မြင့်တက်နေပြီး ပဋိပက္ခများဖြစ်ပေါ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်မှာ စိန်ခေါ်မှုတရပ်ဖြစ်နေသည်။ (မူဆယ်-မန္တလေး မီးရထားလမ်း ကို ISP-Myanmar China Desk ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄၊ မတ် ၁၇ ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မည့် ၂၃၀ ကေဗွီ ဓါတ်အားရှိ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို Chinese Working Group က တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီအာဘော်သတင်းဌာနတခုဖြစ်သည့် NP သတင်းဌာနတွင် ဖော်ပြထားသည်။ ၂၀၂၉ ခုနှစ်တွင် ပြီးဆုံးမည့် ငါးနှစ်ကြာ စီမံကိန်း၏ ပထမအဆင့်ကို ယူနန်ပြည်နယ်မှ ၁၀၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီဓာတ်အားလိုင်းဖြင့် မူဆယ်မြို့နယ်သို့ သွယ်တန်းမည်ဖြစ်ပြီး စုစုပေါင်း ၄၀ ကီလိုမီတာခန့်ရှည်လျားမည်ဖြစ်သည်။ ယူနန်ပြည်နယ်တွင် ၁၀ ကီလိုမီတာကျော်ရှိပြီး မြန်မာဘက်တွင် ၂၉ ကီလိုမီတာရှိမည်ဖြစ်ပြီး ဓာတ်အားလိုင်းနှင့်ချိတ်ဆက်နိုင်မည့် မူဆယ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားခွဲရုံအဝင်လမ်း တို့ကိုပါ CWG က ဆောက်လုပ်သွားမည်ဖြစ်သည်။ ထို့အပြင် တာဝါတိုင်တည်ဆောက်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်မည့်မြို့ရွာများကို စစ်တမ်းကောက်ခြင်းနှင့် ဓာတ်အားလိုင်းများသွယ်တန်းခြင်းတို့ကိုလည်း ပူးတွဲအကောင်အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ကို စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပေးပြီးဖြစ်သည်။ စစ်ကောင်စီသည် မြန်မာ့ဓာတ်အားလိုအပ်ချက်ပြည့်မီရန်ရည်ရွယ်၍ လာအို-မြန်မာ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဆွေးနွေးခဲ့ကြသေးသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ အရပ်သားအစိုးရအကြား သဘောတူညီချက် ၃၃ ချက်တွင် နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်တွင် စွမ်းအင်ဆက်သွယ်မှု ဆက်သွယ်ရေးစီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု နားလည်မှုစာချွန်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း စီမံကိန်းအတွက် နှစ်နိုင်ငံအကြား သဘောတူညီချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ တရုတ်ကုမ္ပဏီများက နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်ရန်အတွက် ယူနန်ပြည်နယ် လုံချွမ်းခရိုင်မှ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ချိတ်ဆက်မည့် လမ်းကြောင်းနှင့် ယူနန်ပြည်နယ် ရွှေလီမြို့မှ ရှမ်းပြည်နယ် မူဆယ်မြို့သို့ ချိတ်ဆက်မည်ဖြစ်သည်။ ယခုစီမံကိန်းလမ်းကြောင်းမှာ ဒုတိယလမ်းကြောင်းဖြစ်ပြီး ‘စစ်ဆင်ရေး ၁၀၂၇’အပြီး ပဋိပက္ခများ မြင့်တက်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ရန်မှာ ကြီးမားသော စိန်ခေါ်မှုတခုအနေဖြင့်ရှိနေသည်။ (မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် တရုတ်၏ပါဝင်မှု ကို ISP-Myanmar China Desk ၏ Special Issues တွင်ရှုပါ။ ) |
၂၀၂၄၊ မတ် ၁၅ တရုတ်နိုင်ငံ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ ကျင်းဟုန်မြို့နယ် မိုင်းလုံမြို့တွင် နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကျင်းပသည့် ပထမအကြိမ် နယ်စပ်ပြည်သူ့ဈေးရောင်းပွဲတော်ကို တရုတ်ဘက်ခြမ်း မိုင်းလုံမြို့ မန်ဖေ့ကျေးရွာတွင် ကျင်းပခဲ့ကြောင်း အထူးဒေသ-၄ သတင်းပြန်ကြားရေးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်ဆောင်ပန်းနားပြည်နယ်ခွဲမှ အာဏာပိုင်များ၏ ဖိတ်ကြားချက်အရ ဈေးရောင်းပွဲတော်သို့ မိုင်းလားမြို့ (အထူးဒေသ-၄) မှ လယ်ယာထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာဝတ်စုံများ၊ မြန်မာ့ကျောက်ပန်ချီကားများကို ပြသခဲ့သည်။ တရုတ်နိုင်ငံနှင့် မိုင်းလား အထူးဒေသ-၄ အကြား စီးပွားရေးအခွင့်အလမ်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်တွင် ပါရှိသည်။ ဈေးရောင်းပွဲတော်သို့ အထူးဒေသ-၄ မှ ဒုဥက္ကဋ္ဌဦးလော်အေးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ မတ် ၁၅ တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်သက်မွေးပညာကောလိပ် (Chongqing Vocational Education Evaluation College) တွင် ၂၀၂၄ ခုနှစ် တရုတ်-အနောက်တိုင်းသက်မွေးပညာ ညီလာခံကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုညီလာခံတွင် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်က မိန့်ခွန်းပြောရာ သက်မွေးပညာကဏ္ဍတွင် ဆန်းသစ်တီထွင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အတွေ့အကြုံများကို ထည့်ပြောခဲ့သည်။ ထို့နောက် သက်မွေးပညာ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ရန်ကိုလည်း ၎င်းက အားပေးခဲ့သည်။ တရုတ်နိုင်ငံ ချုံချင့်မြူနီစပယ်အစိုးရ ပညာရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်များ၊ တရုတ်နှင့် နိုင်ငံတကာမှ တာဝန်ရှိသူများနှင့် ဧည့်သည်များလည်း တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ မတ် ၁၃ မြန်မာနိုင်ငံ မြဝတီမြို့တွင် ခြေကုပ်ယူကာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၈၀၀ ကျော်ကို ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဗြူရိုက ထုတ်ပြန်သည်။ တရုတ်၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံအာဏာပိုင်များ ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် အဆိုပါ လွှဲပြောင်းမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသား ၉၉၇ ဦး ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးသည်။ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို သုံးနိုင်ငံပူးပေါင်း၍ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခြင်းသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် စစ်ကောင်စီအနေနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သည့် တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသလို လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကလည်း တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ မတ် ၁၂ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ‘စွန့်ပစ်ပစ္စည်းပြန်လည်လည်ပတ်အသုံးချမှု နည်းပညာဆိုင်ရာ သုတေသီများတွေ့ဆုံပွဲနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး’ကို မန္တလေး နည်းပညာတက္ကသိုလ်တွင်ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ခဲ့ပြီး စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုရရှိစေရေးအတွက် အထောက်ကူပြုသော သုတေသနရလဒ်များရရှိရန် အဆင့်မြှင့်တင်ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ စစ်ကောင်စီ မန္တလေးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခနှင့်အတူ ဌာနဆိုင်ရာပါမောက္ခများနှင့် သုတေသီများလည်း တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ မတ် ၁၂ စစ်ကောင်စီ၏ အုပ်ချုပ်မှုတည်ရှိနေသရွေ့ တရုတ်-မြန်မာနှစ်နိုင်ငံအကျိုးစီးပွား ရေရှည်တည်တံ့ရန် မဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက VOA သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံအကျိုးစီးပွားကို စစ်ကောင်စီက ခြိမ်းခြောက်နေသည်ဟုလည်း ၎င်းကပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ကောင်စီကို အမြစ်ပြုတ်ဖယ်ရှားသင့်ကြောင်း၊ နိုင်ငံ၏ စနစ်ပြောင်းလဲမှသာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားလုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာပြည်သူလူထုကြုံတွေ့နေရသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်အတွက် လူထုဆန္ဒနှင့် ကိုက်ညီသည့် လုပ်ငန်းစဥ်များကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်းနှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို မြန်မာလူထုကသာပိုင်ဆိုင်သဖြင့် ပြည်သူများ၏ သဘောတူညီချက်ဖြစ်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသတချို့ကို တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်နိုင်ခြင်းသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခြင်းဖြစ်ပြီး အဆိုပါနယ်မြေစိုးမိုးနိုင်ခြင်းသည် တော်လှန်ရေးအင်အားစုများ၏ အချုပ်အခြာအာဏာ တည်မြဲနေခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဆောင်ရွက်သည့် ဆွေးနွေးပွဲများသည် နွေဦးတော်လှန်ရေးကို ထိခိုက်မှုမရှိစေကြောင်းနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြားနှင့် နွေဦးတော်လှန်ရေးအဖွဲ့များအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စတုတ္တအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ |
၂၀၂၄၊ မတ် ၁၁ ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်ကြသည့် ကြူကုတ်-ဝမ်တိန်နှင့် ချင်းရွှေဟော်-လင်ချန်းဂိတ်များကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။ MNDAA တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဝင်ထွက်ခွင့်လက်မှတ် (စာအုပ်အနီ) ရှိသူများ ဝင်ထွက်နိုင်ကြောင်း MNDAA သတင်းပြန်ကြားရေးတာဝန်ခံ လီကျားဝင်း၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။ သို့သော်လည်း သက်ဆိုင်ရာ စာရွက်စာတမ်းများ၊ တံဆိပ်တုံးရိုက်ခြင်းနှင့် ကုန်ပစ္စည်းအဝင်အထွက် စသည့် ပို့ကုန်သွင်းကုန် လိုင်စင်ကိစ္စများနှင့် အခွန်နှင့်ပတ်သက်သည့်ကိစ္စများကို အတိအကျထုတ်ပြန်ခြင်းမရှိသေးပေ။ ထို့အပြင် တရုတ်နိုင်ငံကလည်း မြန်မာဘက်မှ ပို့ကုန်သွင်းကုန်များကို လက်ခံခြင်း ရှိ၊ မရှိ မတုံ့ပြန်သေးသဖြင့် နယ်စပ်ကုန်သည်များက ဒေသတွင်းကုန်သွယ်မှုသာရှိမည်ဟု မျှော်လင့်နေကြသည်။ အဆိုပါဂိတ်များမှာ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ကုန်သွယ်မှုရပ်တန့်နေခြင်းဖြစ်ပြီး ငါးလနီးပါးအကြာ ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကိစ္စများအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ရိပ်သာတွင် ၂၀၂၄ ခုနှစ် မတ် ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာဆွေးနွေးခဲ့ပြီးနောက် MNDAA က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ မတ် ၁၁ တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းတွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြစ်သည့် တပတ်ကတ်များ(စာအုပ်အစိမ်း)ဖြင့် ရက်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်နေကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံဘက်မှ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးကလည်း ရက်လွန်ကြေးထပ်မံကောက်ခံနေလျက်ရှိကြောင်း သတင်းတွင် ပါရှိသည်။ တရုတ်နိုင်ငံမှ ပြန်လည်ပို့ဆောင်ခံရသူများသည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသခံများအပြင် စစ်ကိုင်း၊ မကွေးနှင့် ပဲခူး စသည့် မြန်မာနိုင်ငံအနှံအပြားမှလာရောက်သူများလည်း ပါဝင်ပြီး ထောင်နှင့်ချီရှိနေသည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ လူငယ်များသည် နယ်စပ်ဒေသသို့ စုပြုံရောက်ရှိလာကြပြီး နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရရှိရန် တန်းစီစောင့်ဆိုင်းလျက်ရှိသည်။ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (စာအုပ်အနီ) ကို မူဆယ်နှင့် နမ့်ခမ်းမြို့အတွက်သာ ထုတ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသော မြို့နယ်များအတွက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အစိမ်း) ကိုသာ ထုတ်ပေးခြင်းကြောင့် ရက်လွန်နေထိုင်ခြင်းဖြင့် တရုတ်ရဲများ၏ ဖမ်းဆီးခြင်းကို မကြာခဏခံရသည်။ တဖက်တွင်လည်း တရုတ်အာဏာပိုင်များက ရွှေလီမြို့အတွင်း အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားအလုပ်သမားများကို လက်မခံရန် လုပ်ငန်းရှင်များကို တိုက်တွန်းခဲ့သည့်အတွက် လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။ |
၂၀၂၄၊ မတ် ၉ တရုတ်နိုင်ငံက ဦးဆောင်၍ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အစားအသောက်များနှင့် ရိုးရာယဥ်ကျေးမှုများကို ဖလှယ်သည့် International Food Fair ပြပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကူမင်းအပြည်ပြည်ဆိုင်ရာ အကယ်ဒမီ (Kumming International Acadmey) တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ပြပွဲတွင် ကူမင်းအခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးမှတာဝန်ရှိသူများ၊ နိုင်ငံ ၁၆ နိုင်ငံမှ အစားအသောက်များ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအကများ၊ ယဥ်ကျေးမှုနှင့် အနုပညာလက်ရာများ၊ အားကစားများကို ပါဝင်ပြသခဲ့သည်။ ပြပွဲတွင် စစ်ကောင်စီကောင်စစ်ဝန်ချုပ်လည်း ရိုးရာအစားအစားများ၊ ယဥ်ကျေးမှုအကများ၊ အနုပညာလက်ရာများနှင့် ပန်းချီပန်းပုများကို ဝင်ရောက်ပြသခဲ့သည်။ |
၂၀၂၄၊ မတ် ၉ တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများအကြား ချစ်ကြည်ရင်းနှီးမှုမြင့်တက်စေရန် ရည်ရွယ်၍ ဘေဂျင်းမြို့ အာဆီယံကော်မတီ (ACB) တွင် ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အာဆီယံနိုင်ငံသံရုံးများ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာနအတွင်းရေးမှူးချုပ်ရုံး (ACC) တို့အကြား စည်းလုံးညီညွတ်မှုမြင့်တက်စေရန်၊ ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ်ပြည်သူများကြား ဖလှယ်မှု မြင့်တက်စေရေးနှင့် အာဆီယံ-တရုတ် အနာဂတ်အသိုက်အဝန်းကို အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း စစ်ကောင်စီ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေက ဖွင့်ပွဲတွင် ပြောခဲ့သည်။ အဆိုပါဘိုလင်းပြိုင်ပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာန အတွင်းရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ဘရုနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယယ်နမ်နိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် လာအိုနိုင်ငံက ပထမဆု၊ ကမ္ဘောဒီးယားနိုင်ငံက ဒုတိယဆုနှင့် ဖိလစ်ပိုင်နိုင်ငံက တတိယဆုတို့ ရရှိခဲ့သည်။ |
၂၀၂၄၊ မတ် ၉ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) ဖြင့် လုပ်ဆောင်မည့် ‘မြန်မာနိုင်ငံ၏ ဒေသကြက်များ မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများရှာဖွေဖော်ထုတ်ခြင်းဖြင့် ဒေသကြက်မွေးမြူထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း’ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ‘ဒေသကြက်မျိုးမြှင့်တင်ရေးအတွက် ကြက်သားစပ်ခြင်းနှင့် ဒေသကြက်ရောဂါစူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’ ကို နေပြည်တော် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ခန်းမတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ အခမ်းအနားတွင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာကြက်စားသုံးသူများပြားလာခြင်းနှင့် ဈေးကွက်ရရှိလာခြင်းတို့ကြောင့် ကြက်မွေးမြူခြင်းကို တနိုင်တပိုင်မှ စီးပွားဖြစ်မွေးမြူခြင်းအထိ ဆောင်ရွက်လာကြောင်း၊ မြန်မာကြက်မွေးမြူရေးတွင် ကြုံတွေ့သည့် ‘ကြက်လည်လိမ်ရောဂါ’ စသည့် ကူးစက်ရောဂါများကို တားဆီးနိုင်ရန် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းခဲ့သည်။ စစ်ကောင်စီ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးရဲထွဋ်အောင်က လူဦးရေတိုးပွားလာသည်နှင့်အမျှ ကြက်မွေးမြူရေးကို တိုးမြှင့်နိုင်ရန်လိုအပ်လျက်ရှိပြီး ဒေသကြက်များကို မျိုးရိုးဗီဇအဆင့်မြှင့်ခြင်းနှင့် ကူးစက်ရောဂါရှာဖွေဖော်ထုတ်ခြင်း သုတေသနစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ စီမံကိန်းတွင် ဒေသကြက်မျိုးရင်းများထက် ကြီးထွားနှုန်းမြန်ဆန်၍ အသားနူးညံ့သည့် ဒေသကြက်မျိုးများရရှိရန်နှင့် ရောဂါများကို စနစ်တကကြိုတင်ကာကွယ်ရန် လုပ်ဆောင်မည်ဖြစ်သည်။ ထို့ပြင် အင်ပင်ဝ၊ လည်ပြောင်၊ စစ်တကောင်း စသည့် မြန်မာကြက်မျိုးရင်းများကိုလည်း မျိုးရိုးဗီဇ ထိန်းသိမ်းစောင့်ရှောက်ရန် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းမှတဆင့် စစ်ကောင်စီ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်းများ၏ လက်တွေ့သင်ကြားမှုကို အထောက်အပံ့ဖြစ်ရန်၊ ကျမ်းပြုစုရန် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း ဒေါက်တာရဲထွဋ်အောင်က ပြောသည်။ စီမံကိန်းမိတ်ဆက်ခြင်း အခမ်းအနားသို့ စစ်ကောင်စီ ဒုတိယဝန်ကြီးများ၊ အမြဲတန်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများနှင့် တိုက်ရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်းမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ မတ် ၈ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် (Myanmar’s Tariff Reduction Schedule with HS 2022 Version under ASEAN – China Free Trade Area) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်-အာဆီယံ အာဏာပိုင်များက တရုတ်-အာဆီယံ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (China Free Trade Area) ၏ ကုန်သွယ်မှု သဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူစာချုပ်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် စတင်အသက်ဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် တရုတ်-မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အကောက်ခွန်ကင်းလွတ်ခွင့်နယ်မြေသည် တရုတ်နိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။ |
၂၀၂၄၊ မတ် ၇ တရုတ်နိုင်ငံအနေနှင့် မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် သမိုင်းဝင်ကြားဝင်စေ့စပ်မှုကို ဆော်ဒီအာရေးဗျနိုင်ငံနှင့် အီရန်နိုင်ငံကြားတွင်လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေး ကြားဝင်စေ့စပ်မှုကို မြန်မာနိုင်ငံမြောက်ပိုင်းအဖွဲ့များနှင့် စစ်ကောင်စီအကြားတွင် ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း မစ္စတာဝမ်ယိက မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ပဋိပက္ခများကို နိုင်ငံရေးအရဖြေရှင်းရန်အတွက် ထောက်ခံအားပေးကြောင်း၊ အင်အားသုံးအနိုင်ယူသည့် ကိစ္စများကိုတရုတ်နိုင်ငံအနေနှင့် ပြတ်သားစွာဆန့်ကျင်ကြောင်း၊၊ တရုတ်နိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံံဖြိုးတိုးတက်ရေးများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံသည် သံတမန်ရေးမှတဆင့် နိုင်ငံ၏ ဖွံ့ဖြိုတိုးတက်ရေးနှင့်တည်ငြိမ်ရေးတို့ကိုလည်း ပံ့ပိုးကူညီမည်ဖြစ်သည်ဟုလည်း ဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် နိုင်ငံတကာပြဿနာများကို ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန် တာဝန်ရှိကြောင်းလည်း မ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ တရုတ်နိုင်ငံ၏ သံတမန်နည်းအရ ကြားဝင်စေ့စပ်ဆွေးနွေးခြင်းကြောင့် ဆော်ဒီအာရေးဗျနှင့် အီရန်နိုင်ငံအကြားတွင်လည်းကောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခတွင်လည်းကောင်း အောင်မြင်ရသည့် အကြောင်းအရင်းများကို Baijing Youth Daily သတင်းစာကလည်း မေးမြန်းခဲ့သည်။ မေးမြန်းရာတွင် မစ္စတာဝမ်ယိက နိုင်ငံတကာမှ ပဋိပက္ခဖြေရှင်းနည်းများကို တရုတ်နည်းတရုတ်ဟန်ဖြင့် ပြန်လည်ချဥ်းကပ်၍ ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ကတိကဝတ်လေးချက်ဖြင့် ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ပထမဆုံးအချက်မှာ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူဝါဒဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် သက်ဆိုင်ရာနိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် နိုင်ငံများ၏ လိုအပ်ချက်များကိုအလေးထားကြောင်းနှင့် ကုလသမဂ္ဂပဋိညာဥ်စာတမ်းနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအချက်အနေဖြင့် ပဋိပက္ခများကို နိုင်ငံရေးအရ ပြေလည်စေရန် ကတိကဝတ်ပြုခဲ့သည်။ သဘောထားကွဲလွဲမှုများနှင့် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခြားနိုင်ငံများကို ဖိအားပေးခြင်း၊ ပိတ်ဆို့ဒဏ်ခတ်ခြင်းများကို ခွင့်မပြုသင့်ကြောင်းနှင့် ယင်းတို့အစား စေ့စပ်ဆွေးနွေးခြင်းဖြင့် အဖြေရှာရန်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဘုံသဘောတူညီချက်ကို ရှာဖွေရန် လိုအပ်သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် ပြဿနာများကို ပိုမိုကြီးထွားအောင် ချဲ့ကားမည်မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် အဖြေရှာရန်တိုက်တွန်းမည်ဖြစ်သည်ဟုလည်း ဆိုသည်။ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံသည် ဘက်မလိုက်သည့် နိုင်ငံတခုဖြစ်ကြောင်း ကတိပြုခဲ့သည်။ တရုတ်နိုင်ငံသည် ဖြစ်ရပ်အသီးသီး၏ အခြေအနေများနှင့် အားသားချက်များအပေါ် အခြေခံ၍ နိုင်ငံ၏ ရပ်တည်ချက်ကို ပုံဖော်မည်ဖြစ်ကြောင်း၊ ထို့ပြင် မျက်နှာသာပေးခြင်းနှင့် မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုးရှိမည်မဟုတ်ရုံမျှသာမက နိုင်ငံ၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားကို အလေးပေးမည်မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောခဲ့သည်။ စတုတ္ထအချက်အနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ပြဿနာအရင်းအမြင်ကို ရှာဖွေဖြေရှင်းရန်အတွက် ကတိပြုခဲ့သည်။ ပြဿနာများကို စနစ်တကျဖြေရှင်းရန်နှင့် အငြင်းပွားမှုများကို လျှော့ချရန်အရေးကြီးကြောင်းနှင့် ရေတိုဖြေရှင်းခြင်းသည် ထိရောက်သောဖြေရှင်းနည်းမဟုတ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် ‘ဟိုင်ဂင်သဘောတူညီမှု’ ရရှိခဲ့သည်။ သို့သော်လည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့အနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ |
၂၀၂၄၊ မတ် ၆ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်မြေရှင်းလင်းရေးအထူးစီမံချက် အကောင်အထည်ဖော်ပြီး တလအကြာ၌ အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့်ဆက်စပ်သူ ၂၆၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ အွန်လိုင်းငွေလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား ၂၀၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦးနှင့် မြန်မာနိုင်ငံသား ၄၈ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် အွန်လိုင်းငွေလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သံသယရှိသူ ၁၈၄ ဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို ဖြိုခွင်းရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ခဲ့သော အထူးစီမံချက်သည် ၂၀၂၄ ခုနှစ် မတ် ၅ ရက်တွင် ပြီးဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ |
၂၀၂၄၊ မတ် ၅ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းသို့ တပတ်ကဒ်ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထောက်ခံချက်လက်မှတ်ဖြင့် ဝင်ရောက်ရန် တရုတ်နိုင်ငံ ကျယ်ဂေါင်နိုင်ငံခြားသားဝန်ဆောင်မှုအုပ်ချုပ်ရေးဌာနက ကန့်သတ်ခဲ့ကြောင်း ရှမ်းမြောက်အခြေစိုက် သတင်းဌာနဖြစ်သည့် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ ကျယ်ဂေါင်မြို့ရှိ နိုင်ငံခြားသားဝန်ဆောင်မှုရုံးများတွင် နယ်စပ်ဖြတ်သန်းခွင့်ထောက်ခံချက်ပြုလုပ်ပြီးမှသာ ရွှေလီမြို့အတွင်းသို့ ဝင်ရောက်ခွင့်ပြုပြီး QR Code ပါရှိသည့် စာရွက်ထုတ်ပေးခြင်းဖြစ်သည်။ QR Code စာရွက်အတွက် တရုတ်ယွမ်ငွေ ၉၅ ယွမ် (မြန်မာငွေ လေးသောင်းနီးပါး) ပေးဆောင်ရပြီး အဆိုပါစာရွက်မပါရှိပါက တရုတ်နိုင်ငံဘက်ခြမ်း စစ်ဆေးရေးရုံးက ဖမ်းဆီးကြောင်း ဒေသခံများကပြောခဲ့သည်။ အဆိုပါ ထောက်ခံချက်စာရွက်ပါရှိမှသာလျှင် အလုပ်ရှာခြင်း၊ ဧည့်စာရင်းတိုင်ခြင်း၊ အလုပ်သမားကတ်နှင့် ကျန်းမာရေးကတ်များကို လုပ်ဆောင်ခွင့်ရမည်ဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ရွှေလီမြို့အတွင်းသို့ မြန်မာအလုပ်သမားများ ဝင်ရောက်မှုများပြားသောကြောင့် အလုပ်အကိုင်ရှားပါးခြင်း ပြဿနာများဖြစ်ပေါ်လျက်ရှိသည်။ |
၂၀၂၄၊ မတ် ၅ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃) ဖြင့် ဖော်ဆောင်မည့် ‘လန်ချန်း-မဲခေါင်နိုင်ငံများအကြား စိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်ရေးစီမံကိန်း’ မိတ်ဆက်ခြင်းအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်းစစ်ကောင်စီ သတင်းစာ တွင်ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ အကောင်ထည်ဖော်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်းရရှိထားပြီး ၂၀၂၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် စီမံကိန်းလေးခုကို အကောင်ထည်ဖော်မည်ဖြစ်ကြောင်း အခမ်းအနားတွင် စစ်ကောင်စီ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။ ထို့အပြင် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် လက်မှတ်ရေးထိုးထားသော အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ် (SPS Protocol) များအရ စိုက်ပျိုးသီးနှံထုတ်ကုန်များ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ၊ ကျွဲ၊ နွားအရှင်များအပြင် အခြားသောပို့ကုန်များအတွက် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေကြောင်း ပြောဆိုခဲ့သည်။ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအဆင်ပြေစေရန်နှင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ‘အမျိုးသားအရည်အသွေး ထောက်ခံချက်စနစ်’ကို အကောင်ထည်ဖော်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံမှူး မစ္စချောင်လီ (Ms. Qiao Li) က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောခဲ့သည်။ |
၂၀၂၄၊ မတ် ၅-၁၀ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ငါးရက်ကြာ ကျင်းပခဲ့ကြောင်း CPPCC ၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီ အစီရင်ခံစာနှင့် ၂၀၂၄ ခုနှစ်အတွက် စီမံကိန်း မူကြမ်းတို့ကို ဆွေးနွေးခဲ့သည်။ နိုင်ငံအနေနှင့် အခက်အခဲများရှိနေခဲ့သော်လည်း ၎င်း၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ရည်မှန်းထားသည့်အတိုင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အစိုးရအစီအရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၂ သန်းကျော်ကို ဖန်တီးပေးနိုင်ခဲ့ပြီး မြို့ပြရှိ အလုပ်လုက်မဲ့နှုန်း ငါးရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတင်ပြခဲ့သည်။ အစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) မှ တာဝန်ရှိသူများ၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) မှ တာဝန်ရှိသူများ၊ စစ်ကောင်စီ သံအမတ် ဦးတင်မောင်ဆွေ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း လူ ၂,၉၀၀ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ မတ် ၅ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် (ACWF) က နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရုံးသုံးပစ္စည်းများကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ထံ လှူဒါန်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ရုံးသုံးပစ္စည်းများအဖြစ် ကွန်ပျူတာ၊ ပရိုဂျက်တာ (Projector)၊ ပရင်တာ (Printer) များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးရေးရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ |
၂၀၂၄၊ မတ် ၄ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးနှစ်ရပ် (Two Sessions) နှင့်ပတ်သက်၍ ‘လေ့လာသုံးသပ် တရုတ်-မြန်မာ စီးပွားရေးအခွင့်အလမ်းသစ်’ စကားဝိုင်းကို ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သည်။ စကားဝိုင်းတွင် တရုတ်သံရုံး စီးပွားရေးဌာနမှ အတွင်းဝန် မစ္စဖန့်ရီရီ (Ms. Fan Yiyi) က တရုတ်အသွင်ဒီမိုကရေစီနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးသည် အစည်းအဝေးကြီးနှစ်ရပ်မှတဆင့် တရုတ်အသွင်ဒီမိုကရေစီနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းပြည်ပမူဝါဒများကို ပိုမိုနားလည်စေကြောင်း ပြောသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အယူဝါဒအသစ်ဖြင့် အခင်းအကျင်းအသစ် တည်ဆောက်ရေးကို အရှိန်မြှင့်တင်မည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖော်ဆောင်မည်ဖြစ်ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေနှင့် ‘ရပ်ဝန်းလမ်းကြောင်းအစီအမံ’ အတူအတကွတည်ဆောက်ရေးနှင့် စီးပွားရေးစင်္ကြံစီမံကိန်းတည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးမည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ငွေရေးကြေးရေးစသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နှစ်စဥ်ကျင်းပသည့် တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress) နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရန့် (Chinese People’s Political Consultative Conference) အစည်းအဝေးနှစ်ရပ်ကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အစည်းအဝေးဖွင့်ပွဲသို့ စစ်ကောင်စီ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေအပါအဝင် နိုင်ငံတကာသံတမန်များကို ဖိတ်ကြားခဲ့သည်။ |
၂၀၂၄၊ မတ် ၄ ဟိုင်ဂင်ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်းကိစ္စသာပါရှိပြီး ရခိုင်ဒေသနှင့် သက်ဆိုင်မှုမရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ဟိုင်ဂင်သဘောတူညီမှုသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်သာလျှင်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရက္ခိုင့်တပ်တော်နှင့်သာသက်ဆိုင်ပြီး ရခိုင်ပြည်နယ်တွင်းရှိ တိုက်ပွဲများအပေါ်သက်ရောက်မှုမရှိကြောင်း ၎င်းက ဆိုသည်။ ဆွေးနွေးပွဲတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲအခြေအနေများကို ဆက်လက်ဆွေးနွေးခဲ့ပြီး စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့တဖွဲ့ချင်း ဆွေးနွေးရမည့် ကိစ္စရပ်များနှင့် တရုတ်နိုင်ငံက တောင်းဆိုသည့်အချက်များကို အဓိကဆွေးနွေးခဲ့သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဆွေးနွေးရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေး၊ တရုတ်-မြန်မာစီမံကိန်းများကို ကာကွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှုများ နှိမ်နင်းရေးအတွက် အဓိကဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄၊ မတ် ၁-၃ စစ်ကောင်စီ တာဝန်ရှိသူများနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်သည်။ ဆွေးနွေးခဲ့သည့် အချက်ခုနစ်ချက်ကို စစ်ကောင်စီသတင်းစာမှတဆင့် ထုတ်ပြန်သည်။ အဆိုပါ အချက်ခုနစ်ချက်မှာ နိုင်ငံပိုင်နယ်နိမိတ်သည် ခိုင်မြဲနေမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်စီမံခန့်ခွဲရေးနှင့် ကုန်သွယ်ရေးတို့သည် နှစ်နိုင်ငံအာဏာပိုင်များ၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကျိုးစီးပွားများကို စစ်ကောင်စီက အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ‘စစ်ဆင်ရေး ၁၀၂၇’ ၏ အဓိကရည်မှန်းချက်ဖြစ်သည့် အွန်လိုင်းလိမ်လည်မှုများ (ကျားဖြန့်) တိုက်ဖျက်ရေးအတွက်ကိုလည်း တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်း၊ မြန်မာပိုင်နက်ကိုအသုံးပြု၍ အိမ်နီးချင်းနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်မှုများကို ကန့်ကွက်ကြောင်းနှင့် ကြားဝင်စေ့စပ်ပေးသည့် တရုတ်နိုင်ငံကိုကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးရန်ကျန်ရှိနေသည့် အချက်အလက်များကို ထိခိုက်မှုမရှိစေရေးအတွက် ဆွေးနွေးပွဲပါ အချက်အလက်များကို နှစ်ဦးနှစ်ဖက်မှ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များက အသိပေးခဲ့ပြီး တရုတ်နိုင်ငံကလည်း လေးကြိမ်မြောက်ဆွေးနွေးပွဲအတွက် တရားဝင်ထုတ်ပြန်ချက်မရှိခဲ့ပေ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီပြီးနောက်တွင် လေးကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လုနီးပါးဖြစ်နေသည့်အချိန်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘိုနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့၏ နယ်မြေပိုင်းခြားမှုကို စစ်ကောင်စီအား သဘောတူစေလိုကြောင်း၊ ရပ်တန့်နေသည့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များအား ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း၊ ဆက်ဆံရေးရုံးများကို အပြန်အလှန်ထားရှိစေလိုကြောင်း ကြားဝင်စေ့စပ်ပေးသည့် တရုတ်နိုင်ငံက တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက်များကို စစ်ကောင်စီက လိုက်လျောနိုင်ခြင်းမရှိခဲ့ပါ။ အဆိုပါဆွေးနွေးပွဲတွင် ကိုးကန့်ဒေသကို အထူးဒေသ-၁ အဖြစ်သာလက်ခံကြောင်း စစ်ကောင်စီကဆိုခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့အဖွဲ့ဝင်များဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့၏ နယ်မြေပိုင်ဆိုင်မှုကိုလည်း ဆွေးနွေးခြင်းမရှိခဲ့သည့်အပြင် လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသည့် ရက္ခိုင့်တပ်တော် (AA) အတွက် ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၉ ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၉၇ ဦး ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Khaosod English သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားများကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်-၂ မှ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းအာဏာပိုင်များကတဆင့် တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အခြေတည်ရာနယ်မြေများဖြစ်သည့် ရွှေကုက္ကို၊ KK Park တို့တွင် လုပ်ကိုင်နေကြသူများဖြစ်ပြီး လွှဲပြောင်းခံရသူ အများစုမှာ ငွေကြေးလိမ်လည်ရန် ဖိအားပေးခိုင်းစေခံရသူများဖြစ်သည်။ ယခုအကြိမ်လွှဲပြောင်းမှုသည် မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံအကြား ပထမဆုံးအကြိမ် တိုက်ရိုက်လွှဲပြောင်းပေးမှုဖြစ်သည်။ (ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar China Desk ၏ Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၉ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ဆောင်ရွက်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအတွက် လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်း စီမံကိန်းပြီးစီးခြင်း အခမ်းအနားကို နေပြည်တော်တွင်ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ နှစ်နှစ်ခွဲကြာ ပြုလုပ်ခဲ့သော အဆိုပါ ‘နယ်စပ်ဖြတ်ကျော် မီးခိုမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း’ တွင် လေထုအရည်အသွေးတိုင်းတာသည့် Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာသည့် စက်ပစ္စည်းများကိုဝယ်ယူခြင်း၊ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်းများ၊ စက်ကိရိယာကိုင်တွယ်အသုံးပြုခြင်းသင်တန်းများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးသင်တန်းများကို ပို့ချခဲ့ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ပွင့်လင်းရာသီ၌ ဖြစ်ပွားတတ်သည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်သည့် မီးခိုးညစ်ညမ်းမှုပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်း စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောခဲ့သည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသင်တန်းများနှင့် လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာရေးကိရိယာကိုင်တွယ်ခြင်း သင်တန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၈ မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့သွားရောက်မှုများ များပြားလာမှုကြောင့် နယ်စပ်ဝင်ခွင့်လက်မှတ် (စာအုပ်အနီ) တိုကင်ရရှိရန် တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် သျှမ်းသံတော်ဆင့်တွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အနီ) ရရှိရန် တရက်လျှင် ၅၀၀ ဦးကိုသာ ခွင့်ပြုခြင်း၊ သက်တမ်းတိုးရန် အချိန်ကြာမြင့်ခြင်း၊ စာအုပ်ရရှိရန် တဦးလျှင် တရုတ်ယွမ်ငွေ ၁,၀၀၀ ကျော် (မြန်မာကျပ်ငွေ ငါးသိန်းမှ ရှစ်သိန်းကြား) ပေးဆောင်ရခြင်းတို့ကြောင့် တန်းစီစောင့်ဆိုင်းနေရသည်။ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တွင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို ထုတ်ပေးနေခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် TBP (တပတ်ခံကတ်များ) ဖြင့် ဝင်ရောက်၍ ရက်လွန်နေထိုင်သူများကိုလည်း တရုတ်ရဲများကဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရမည်ကို စိုးရိမ်မှုများကြောင့် တနှစ်သက်တမ်းရှိသည့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များကို ရရှိရန် လုပ်ဆောင်နေကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၆-၂၈ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Regional Comprehensive Economic Partnership – RCEP) ကို ပိုမိုနားလည်စေရန်နှင့် အသုံးပြုမှုမြင့်မားစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို နေပြည်တော်တွင် သုံးရက်ကြာကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းစာတွင်ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) က RCEP ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွက် အကျိုးရှိစေကြောင်း၊ တရုတ်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံများအတွက် အကြီးမားဆုံးစီးပွားဖက်နိုင်ငံဖြစ်ပြီး ‘တံခါးဖွင့်၍ ဖွံ့ဖြိုးတိုးတက်မှု အယူအဆ’ ကို ကိုင်စွဲ၍ RCEP သဘောတူစာချုပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ဈေးကွက်ဖွင့်လှစ်ရေး၊ အကောက်ခွန်လျှော့ချရေးများအပြင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီမြှုပ်နှံမှုအဆင်ပြေချောမွေ့စေရေး၊ ဒေသတွင်းစီးပွားရေးကို အဆက်မပြတ်မြှင့်တင်နိုင်ရေးနှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်နိုင်ရေးကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ တရုတ်-အာဆီယံအကြား ကုန်သွယ်မှုသည် RCEP သဘောတူစာချုပ်အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့် စာချုပ်အသက်ဝင်ပြီး ၂၀၂၃ ခုနှစ် နှင့်နှိုင်းယှဉ်ပါက တရုတ်ယွမ်ငွေ ၁၂ ထရီလီယံကျော် တိုးလာကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် တရုတ်-အာဆီယံနိုင်ငံများအကြား တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် တရုတ်ယွမ်ငွေ ခြောက်ထရီလီယံကျော် ရောက်ရှိလာကြောင်း ဒေါက်တာကျန်းကျိဟုန်က ပြောကြားခဲ့သည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က RCEP သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းများဖြင့် ကုန်သွယ်ရေးစနစ်တခုဖြစ်ပြီး ဒေသတွင်းကုန်သွယ်မှုအခွင့်အလမ်းသစ်များကိုဖန်တီးကာ စီးပွားရေးပြန်လည်ထူထောင်မှုကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် သဘောတူစာချုပ်တွင်ပါရှိသည့် အကောက်ခွန်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများကို ပိုမိုနားလည်ခြင်းဖြင့် အကောက်ခွန်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ အတွေ့အကြုံများမှတဆင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖွဲ့ဝင်နိုင်ငံများကြား ပြည်သူများနှင့် ပုဂ္ဂလိကဌာနဆိုင်ရာ စွမ်းရည်တည်ဆောက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး RCEP သဘောတူစာချုပ်ကို လက်တွေ့ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံအားလုံးသည် RCEP တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများ၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆင့်မြင့်ကုန်သွယ်မှုဥပဒေများဖြင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်နိုင်ရန်ရည်ရွယ်၍ တရုတ်-အာဆီယံ ကုန်သွယ်မှုဥပဒေဖိုရမ် (China-ASEAN Commercial Law Forum) နှင့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင်ကျင်းပခဲ့သည်။ RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစဩေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးသည့် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၅ တရုတ်နိုင်ငံပိုင် Bank of China ရန်ကုန်ဘဏ်ခွဲမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါပညာသင်ထောက်ပံ့ကြေးစီမံကိန်းကို ၂၀၂၂ ခုနှစ်မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အယောက် ၁၀၀ ကို နှစ်စဥ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်နေခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း (Ms. Cao Jing)၊ မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပညာသင်ထောက်ပံံ့ကြေးရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ Bank of China ရန်ကုန်ဘဏ်ခွဲသည် တရုတ်-မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် ယွမ်ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဘဏ်တခုဖြစ်သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၅ တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကို ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါစီမံကိန်းအရ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် သုံးခုနှင့် ကျေးရွာသုံးရွာအတွက် ဆိုလာရေမော်တာစက်၊ ရေသန့်စင်စက်၊ ရေလောင်ကန်နှင့် ရေပိုက်ကွန်ရက်များကို တည်ဆောက်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ မျှဝေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူနေမှုဘဝ မြင့်မားရေးအတွက် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daoping)က အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့လည်း တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၃ တာချီလိတ်မြို့အခြေစိုက်၍ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသား တဦး၊ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ မြန်မာနိုင်ငံသား ၅၄၀ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တာချီလိတ်မြို့အခြေစိုက်ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၄၉၇ ဦးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံသားများနှင့် အိမ်နီးချင်းနိုင်ငံများကိုထိခိုက်စေသည့် အွန်လိုင်းလိမ်လည်မှုများကို သက်ဆိုင်ရာနိုင်ငံများနှင့်အတူ အမြစ်ပြတ်ချေမှုန်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ကတိပြုခဲ့သည်။ ထို့အပြင် နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသားများကို ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ရန် တရုတ်နိုင်ငံလုံခြုံရေးဗြူရိုက သတိပေးထားသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၂-၂၃ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၃ ဖြင့်ဆောင်ရွက်မည့် ‘စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းမိတ်ဆက်အခမ်းအနား’ကို နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စားသောက်ကုန်လုပ်ငန်းအတွက် စက်ရုံများတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲနိုင်ရေးမှတဆင့် ထုတ်လုပ်မှုစရိတ်လျော့ကျစေရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောခဲ့သည်။ အမျိုးသားအဆင့်စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒအောက်မှတဆင့် စက်မှုကဏ္ဍ၊ အဆောက်အအုံကဏ္ဍ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စွမ်းအင်စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍနှင့် စွမ်းအင်အသုံးချကဏ္ဍ စသည့် ကဏ္ဍလေးခုကို အကောင်အထည်ဖော်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် ယခုစီမံကိန်းသည် စက်မှုကဏ္ဍများတွင် စွမ်းအင်သုံးစွဲမှုနှင့် စက်ရုံ၊ အလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ်များကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်သံရုံးမှ သံမှူး ဒေါက်တာကျန်းကျိဟုန်က စီမံကိန်းများ၏ အခြေအနေများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ စစ်ကောင်စီ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အကြံပေး အသီးသီးက စားသောက်ကုန်လုပ်ငန်းတွင်စွမ်းအင်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဖော်ဆောင်မည့် စီမံကိန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်များ လှူဒါန်းခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ‘စိတ်ချင်းယှက်နွယ် ယူနန်အစီအစဥ်’ ခေါင်းစဥ်အောက်တွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် သာကေတမြို့နယ်ရှိလမ်းများ၌ အသုံးပြုရန် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၄၀ ကို လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။ အခမ်းအနားသို့ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ‘စိတ်ချင်းယှက်နွယ် ယူနန်အစီအစဥ်’ သည် အိမ်နီးချင်းနိုင်ငံများတွင် ပြည်သူဗဟိုပြုသော အသေးစားစီမံကိန်းများကို ဖော်ဆောင်သည့် အစီအစဥ်တခုဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် စီမံကိန်း ၉၂ ခုကို အကောင်အထည်ဖော်ခဲ့ပြီး အကျိုးသက်ရောက်သည့် ရပ်ကွက်ကျေးရွာ ၄၈ ခု၊ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ပေါင်း ၁၅၃ ခုနှင့် လူဦးရေ ၂ ဒသမ ၆ သန်းရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါအစီအစဥ်ဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့် သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့် ကဏ္ဍများတွင် စီမံကိန်း ၂၄ ခုကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁ စစ်ကောင်စီနှင့် ညီနောက်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီမှုဖြင့် ယာယီအပစ်ရပ်ဆဲထားသော်လည်း တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခြင်းမရှိကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အကြီးဆုံးကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်-ချင်းရွှေဟော် ကုန်သွယ်ရေးဂိတ်တွင် ကုမ္ပဏီများနှင့် ကိုယ်စားလှယ်များမရှိတော့သဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး ကုမ္ပဏီအများစုမှာ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းလားမြို့တို့သို့ ရောက်ရှိသွားကြောင်း မူဆယ်ဒေသခံများက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်ရန်ရည်ရွယ်၍ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့်ကွန်မြူနစ်ပါတီဒုတိယအတွင်းရေးမှူး မစ္စတာဝမ်ယူဘို (Mr. Wang Yubo) တို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တွင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်းစသည့် မြို့ကြီး ငါးမြို့ကို ညီနောင်မဟာမိတ်အဖွဲ့မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့စသည့် တရုတ်-မြန်မာနယ်စပ်ဂိတ် လေးခုကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တဖက်တွင် စစ်ကောင်စီက မူဆယ်မြို့ ၁၀၅-မိုင် ကုန်သွယ်ရေးစခန်းကို တစိတ်တပိုင်းထိန်းချုပ်ထားလျက်ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်၊ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းလားနယ်စပ်ဂိတ်များမှတဆင့် တင်ပို့လျက်ရှိသော်လည်း စစ်ဆင်ရေးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၉၁ ရာခိုင်နှုန်းရပ်တန့်ခဲ့သည်။ (ISP-Myanmar ၏ Insight Email အမှတ် ၂၉၊ ‘ကျနေဦးမည့်စီးပွားရေး’ ကိုရှုပါ။) |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁ တာချီလိတ်မြို့၌အခြေစိုက်၍ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၄၉၇ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းတွင် ဖော်ပြထားသည်။ ထိုဖမ်းဆီးရမှုသည် တရုတ်အာဏာပိုင်များနှင့် စစ်ကောင်စီ ရဲတပ်ဖွဲ့တို့အကြား ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းတိုက်ဖျက်မှုဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို တိုက်ဖျက်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် China Central Television (CCTV) မှတဆင့် ပြောခဲ့သည်။ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ စုစုပေါင်း ၄၆,၀၀၀ ဦးကို မြန်မာနိုင်ငံမှ လွှဲပြောင်းပေးပြီး နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသားများအနေနှင့် ရာဇဝတ်မှုများကို ရပ်တန့်ပြီး တရုတ်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ခြေကုပ်ယူထားသော အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် ခေါင်းဆောင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် စစ်ကောင်စီမှတဆင့် ဖမ်းဆီးခဲ့ပြီးဖြစ်သည်။ (ISP-Myanmar ၏ Explainer-09 ပယ်မိသားစုကြမ္မာငင်ချိန် ကို၌ရှုပါ။) |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၀ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yu Bo) နှင့် စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် ကုန်စည်များအဆင်ပြေစွာစီးဆင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ စစ်ကောင်စီဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပြင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံဘက်မှ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်ပြီးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၉၁ ရာခိုင်နှုန်းရပ်တန့်ခဲ့သည်။ (ISP-Myanmar ၏ Insight Email အမှတ် ၂၉၊ ‘ကျနေဦးမည့်စီးပွားရေး’ ကိုရှူပါ။) |
၂၀၂၄၊ ဖေဖော်ဝါရီ ၂၀ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်နိုင်ငံအကူအညီဖြင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်များ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှစ်နိုင်ငံဆက်လက်ပူပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ယူနန်ပြည်နယ်မှ နည်းပညာအကူအညီပေးအပ်ရေးနှင့် တရုတ်-မြန်မာ ရထားလမ်းတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စွမ်းအင်နှင့် ပန်းမန်စိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ပထမအပတ်တွင် လာရောက်ခဲ့သည့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင် (Mr. Wang Ning) ၏ ခရီးစဥ်ပြီးနောက် မစ္စတာဝမ်ယုဘို၏ ယခုခရီးစဥ်သည် ယူနန်ပြည်နယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တဦး၏ ဒုတိယအကြိမ်မြောက် နေပြည်တော်ခရီးစဥ်ဖြစ်သည်။ ထို့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ပထမဆုံးလာရောက်သည့် ယူနန်ပြည်နယ် ထိပ်တန်းအရာရှိတဦး၏ ခရီးစဥ်လည်းဖြစ်သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများ၏ ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်ကူးပွဲတော်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါနှစ်ကူးအခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ တရုတ်ပြည်သူများနှင့် တကမ္ဘာလုံးရှိ တရုတ်နွယ်ဖွားများအတွက် နှစ်သစ်ဆုတောင်းစကားပြောခဲ့သည်။ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကျယ်ပြန့်လာကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးကြောင်း၊ မြန်မာ့အရေးကိစ္စတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့မှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ရပ်တည်ပေးမှုနှင့် တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှတဆင့် ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒနှင့် တရုတ်နိုင်ငံမှ ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းများ၊ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည်ဖော်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) က နှစ်သစ်တွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတွက် ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ယူနန်ပြည်နယ် တယ်ဟုန်းခရိုင်နှင့် ထိန်ချုံးမြို့တို့မှ အနုပညာအဖွဲ့များ၊ မြန်မာနိုင်ငံမှ အနုပညာအဖွဲ့များက အဆိုအက၊ ဝူရှုး၊ တရုတ်စီချွမ်အော်ပရာပြဇာတ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံတမန်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) နှင့် မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ စစ်ကောင်စီကကျင်းပသည့် ရွှေနဂါးတရုတ်နှစ်ကူးပွဲတော်ကို တရုတ်နှစ်သစ်ကူးနေ့အပြီး ရှစ်ရက်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၁၆ တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကျင်စန်းကျော့-မက်မန့် (မူဆယ်) ဂိတ်တွင် ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် သွင်းကုန်ကားများ ပိတ်မိနေသည့် ကုန်သည်များက ကုန်ချမပေးသဖြင့် သွင်းကုန်ယာဉ်ပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း ယာဥ်ပိုင်ရှင်များကို ကိုးကားကာ Voice of Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ဆင်ရေးဖော်ဆောင်နေသည့် လေးလနီးပါးအတွင်း တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများသည် ကုန်တင်ယာဉ်ပေါ်တွင် ပိတ်မိနေပြီး ကုန်သည်များက တာဝန်ခံမှုမရှိခြင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသောကြောင့် ကုန်ကားပိုင်ရှင်များမှာ အခက်အခဲကြုံတွေ့လျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ် (၁၀၅-မိုင်) တွင် ပို့ကုန်သွင်းကုန် ကားအစီး ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ကုန်တင်ကားများ နယ်စပ်ဂိတ်တွင် ပိတ်မိလျက်ရှိသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၁၅ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာစေရေးနှင့် ထုတ်ကုန်များအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပြန်ရေးစနစ်ကို အကောင်အထည်ဖော်ရေး စီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါစီမံကိန်းသည် အမျိုးသားအဆင့် အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရန်၊ ထုတ်ကုန်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ထုတ်လုပ်မှုနည်းစနစ်များတွင် အရည်အသွေးထောက်ခံချက်စနစ်ကို အကောင်အထည်ဖော်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး မစ္စချောင်လီ (Ms. Qiao Li) က တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်အဆိုပြုခဲ့သည့် အေးအတူပူအမျှအသိုက်အဝန်းတွင် အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း (Economy Globalization) ကို အားပေးကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ ချိတ်ဆက်မှုသည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းအတွက် အရေးပါကြောင်းနှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံ၏ အဆိုပြုချက်တွင် အပြန်အလှန်ချိတ်ဆက်မှုသည် အရေးပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်အတူ စံချိန်စံညွှန်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးစီမံခန့်ခွဲမှုများကို နိုင်ငံအသီးသီးနှင့် မျှဝေသွားမည်ဖြစ်ကြောင်းနှင့် မဲခေါင်မြစ်တလျှောက်ရှိ နိုင်ငံများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ထုတ်လုပ်မှုနည်းစနစ်များအတွက် ‘အမျိုးသားအရည်အသွေးထောက်ခံချက်စနစ်’ ကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုန်ပစ္စည်းများ၏စံချိန်စံညွှန်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်ထောက်ခံမှုနှင့် ချိတ်ဆက်မှုကိုမြှင့်တင်ပေးရန်၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအဆင်ပြေစေရန်နှင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါစနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မစ္စချောင်လီမှ ထည့်သွင်းပြောကြားခဲ့သည်။ စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာတို့မှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် နယ်စပ်ဖြတ်ကျော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်စွမ်းရည်မြင့်မားလာမှု၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တွန်းအားတခုဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၁၃ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ KNU အနေနှင့် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင်ကာစီနိုလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရားမဝင်ကာစီနိုလုပ်ငန်းများမှ တိုက်ရိုက်အကျိုးအမြတ်ရရှိနေပြီး နောက်ကွယ်မှ အကာအကွယ်ပြုလုပ်ပေးခြင်း၊ ထောက်ခံပေးခြင်းတို့ကြောင့် လူမှုဒုက္ခများနှင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။ ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်တွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာ နယ်မြေများဖြစ်သည့် ရွှေကုက္ကို၊ KK Park နှင့် ကျောက်ခက်ကာစီနိုများ တည်ရှိနေပြီး အဆိုပါနယ်မြေများကို ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) နှင့် ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA) တို့က ထိန်းချုပ်ထားသည်။ (ရွှေကုက္ကိုမြို့သစ်စီမံကိန်း ကို ISP-Myanmar ၏ Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဖေဖော်ဝါရီ ၉ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံနှင့်အကောင်အထည်ဖော်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများ၊ ရေနံနှင့် ဓာတုစက်ရုံများ တည်ဆောက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်။ အဆိုပါ စီးပွားရေးဇုန်များတွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အရေးရရှိမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေးဇုန်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်၊ စီမံကိန်းအလိုက် လုပ်ငန်းပြီးစီးမှုများကို ပြန်လည်သုံးသပ်ရန်လည်း ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဦးအောင်နိုင်ဦးနှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၈ တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် မလေးရှားနိုင်ငံသံရုံးက ဦးဆောင်ကျင်းပကာ ဘေဂျင်းမြို့ အာဆီယံကော်မတီ (ASEAN Committee in Beijing – ACB) ၏ ၂၀၂၄ ခုနှစ် ပထမအကြိမ်အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အစည်းအဝေးတွင် ဘေဂျင်းမြို့အခြေစိုက် အာဆီယံသံအမတ်များက တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး မလေးရှားနိုင်ငံသံအမတ် မစ္စတာနော်မန်မူဟာမတ် (Mr. Norman Muhamard) က စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေထံ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးခဲ့သည်။ ဦးတင်မောင်ဆွေက ၎င်းတာဝန်ယူနေသည့်ကာလအတွင်း ဆောင်ရွက်မည့်ကိစ္စများကို ပြောကြားခဲ့ပြီး အာဆီယံသံရုံးများအကြား ထိတွေ့ဆက်ဆံရန်နှင့် ပြည်သူများအကြား ဖလှယ်မှုမြှင့်တင်ရေးနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၄ ခုနှစ်တွင် တရုတ်-အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ပြည်သူများအကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် ရည်ရွယ်၍ ‘၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြားဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ’ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တရုတ်နိုင်ငံ ဖူကျိုးမြို့၌ကျင်းပခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၈ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင်အရေးပါသော စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့်အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်သို့လည်း လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်သို့ ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြားတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်မှစတင်ကာ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ဓညဝတီရေတပ်ဌာနချုပ်သည် တရုတ်စီမံကိန်းဖြစ်သည့် ‘ရွှေ’ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သင်္ဘောများအဝင်အထွက်ပြုလုပ်သည့် လမ်းကြောင်းပေါ်တွင်တည်ရှိပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ငါးမိုင်ခန့်ကွာဝေးသည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ပြီးနောက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ (Implementation Plan) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်းကို ချိတ်ဆက်မည့် ပေါင်းကူးတံတားနှင့် ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ရန် ရည်ရွယ်ထားသည်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။) |
၂၀၂၄၊ ဖေဖော်ဝါရီ ၈ အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများနှင့် မြန်မာနိုင်ငံတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား အများဆုံးပါဝင်သော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁,၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနှင့် လာအိုနိုင်ငံသား ၁၈ ဦးတို့အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀,၆၁၉ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးအနေနှင့် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်သည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၆ မြန်မာနိုင်ငံအတွင်းက အခြေအနေများကို ဟောင်ကောင်ဒေသအခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့ အုပ်ချုပ်ရေးဝန်ကြီး မစ္စတာအဲရစ်ချန်ကွခ်ကီ (Mr. Eric Chan Kwok-ki) နှင့် တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် ဟောင်ကောင်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးအခြေအနေများ၊ ဆက်ဆံရေးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်ကိစ္စများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၆ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် အထည်မှာယူမှုများမရှိခြင်းကြောင့် မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံ ခြောက်ရုံခန့်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့သို့ ရွှေ့ပြောင်းနေကြောင်း ရွှေလီမြို့ရှိ မြန်မာလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို VOA သတင်းဌာနတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ကုန်ကြမ်းရရှိရန်ခက်ခဲခြင်း၊ အထည်မှာယူမှုမရှိခြင်းနှင့် လုပ်ခလစာတိုးမြှင့်မပေးနိုင်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများသည် အဆိုပါစက်ရုံများသို့ ရွှေ့ပြောင်း၍ အလုပ်လုပ်ကိုင်နေကြောင်းလည်း ရေးသားထားသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ရရှိရန် လျှောက်ထားသည့် မြန်မာနိုင်ငံသားအရေအတွက်မှာ တရက်လျှင် တသောင်းနီးပါးရှိနေသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၆ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု သံသယရှိသူ ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်သည်။ ၎င်းတို့ကို တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးတွင် ဖမ်းဆီးရမိပြီး နိုင်ငံခြားသားမှုခင်းစုံစမ်းရေးဌာနသို့ လွှဲပြောင်းစစ်ဆေးမည် ဖြစ်သည်ဟု ဆိုသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို ဖမ်းဆီးရရှိရန် အထူးဒေသနယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ MNDAA က အကောင်အထည်ဖော်လျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ နိုင်ငံခြားသား ၅၀ ဦးကို စိီမံချက်စတင်ပြီး ခြောက်ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၅ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ အဆိုပါသံသယရှိသူများကို လောက်ကိုင်မြို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်း BP-125 မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို တိုက်ဖျက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများကို အထူးစီမံချက်ဖြင့် MNDAA က လုပ်ဆောင်လျက်ရှိသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၅ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရှမ်းပြည်နယ် အေးသာယာမြို့တွင် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ယခုစင်တာသည် တိုင်းရင်းသားလူမျိုးစုများအတွက် မြန်မာ့ပထမဆုံး သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သက်မွေးဝမ်းကျောင်းနည်းပညာဆိုင်ရာ လူရည်ချွန်များ မွေးထုတ်ပေးမည့် နေရာဖြစ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အရေးပါသော စင်တာဖြစ်လာမည်ဖြစ်ကြောင်း တရုတ်သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) က အမှာစကားပြောကြားခဲ့သည်။ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက သက်မွေးပညာသင်တန်းစင်တာသည် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေနှင့် နိုင်ငံတော်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများကို ဆွေးနွေးဖလှယ်ခြင်း၊ အသိပညာမျှဝေခြင်းများကို ဆောင်ရွက်နိုင်ရန်၊ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားများ၏ လူမှုဘဝတိုးတက်စေရန် သက်မွေးပညာသင်တန်းများ၊ ရိုးရာလက်မှုပညာ သင်တန်းများကို ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါစင်တာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ခေါင်းစဥ်အောက်တွင် အစားအစာ၊ စိုက်ပျိုးရေး၊ သမားရိုးကျမဟုတ်သည့် လုံခြုံရေးကဏ္ဍ၊ လူမှုရေးနှင့်ယဥ်ကျေးမှု ကဏ္ဍများနှင့် သက်ဆိုင်သည့် စင်တာပေါင်း ကိုးခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၅ တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြု ဝါးစိုက်ပျိုးခြင်း၊ မျှစ်ထုတ်ကုန်များလက်တွေ့ပြုလုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းသင်တန်းတွင် စီမံကိန်းဧရိယာမှ ဒေသခံများအား ရေရှည်တည်တံ့သော မျှစ်ထုတ်ယူခြင်း၊ ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်ရောင်းချခြင်းနှင့် စျေးကွက်ချိတ်ဆက်ခြင်း ဆိုင်ရာနည်းစနစ်များကို ငါးရက်သင်တန်းပို့ချမည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်းသည် လေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာရန်၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစောင့်ကြည့်လေ့လာခြင်းစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၆၂ ဦးကို သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၄ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည်ဟု သံသယရှိသူ ၃၆ ဦးကို ဖမ်းဆီးထားကြောင်း MNDAA ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ သံသယရှိသူများကို လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်နှင့် စွမ်ဟော့ချိန်ရပ်ကွက်အတွင်း ဖေဖော်ဝါရီ ၃ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး လက်ကိုင်ဖုန်းအပါအဝင် လက်နက်များကို MNDAA အထူးရဲဌာနသို့ အပ်နှံထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းတို့သည် မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုများ ပပျောက်စေရန်ရည်ရွယ်၍ MNDAA က အထူးဒေသနယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကိုးကန့်ဒေသအတွင်း တရားဝင်နေထိုင်သည့် နိုင်ငံခြားသားများကိုလည်း မှတ်ပုံတင်နှင့် ယာယီနေထိုင်ခွင့်လက်မှတ်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း MNDAA မှကြေညာခဲ့သည်။ ဟိုင်ဂင်သဘောတူညီချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် တရုတ်နိုင်ငံသားများကို တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုသို့ စစ်ကောင်စီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက လွှဲပြောင်းပေးလျက်ရှိသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၄ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်ခဲ့ကြောင်း တရုတ်အာဘော် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ အသိုက်အဝန်းကို ပူးပေါင်းတည်ထောင်ရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကျေးဇူးများကို ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သံအမတ် မစ္စတာချန်းဟိုင်က ကတိပြုခဲ့သည်။ အခမ်းအနားတွင် တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကများ၊ ဝူရှူးဖျော်ဖြေပွဲများနှင့် အခြားလှုပ်ရှားမှူများပါဝင်သည့် ယဉ်ကျေးမှုပြခန်းကိုပြသခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၃ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်၍ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ၏ နှစ်သစ်ကူးစကားဝိုင်းကို တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်သံမှူး မစ္စတာပန်ဖန့် (Mr. Pan Feng) က တရုတ်နှစ်ကူးပွဲတော်ကို နိုင်ငံပေါင်း (၂၀၀) ကျော်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများအနေနှင့် နှစ်နိုင်ငံကြား ပြည်သူများအတွက် ပညာတော်သင် အတွေ့အကြုံများနှင့် ချစ်ကြည်ရေးကို အလေးထားပြောစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် စင်ကာပူဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက တရုတ်ပညာတော်သင်အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး ပညာတော်သင် ကျောင်းသားများအနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ပညာတော်သင်ကျောင်းသားများကလည်း ၎င်းတို့အတွေ့အကြုံများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပြန်လည်မျှဝေခဲ့ပြီး တရုတ်ရိုးရာယဥ်ကျေးမှူပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ နှစ်ကူးစကားဝိုင်းသို့ တရုတ်ပညာတော်သင်ကျောင်းသားများ၊ စစ်ကောင်စီ ရန်ကုန် အထက်တန်းကျောင်း၊ အခြေခံပညာရေးကျောင်း၊ တရုတ်ဘာသာပညာရေး အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ နီးပါး တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၃ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောစာချုပ် (RCEP) အဖွဲ့ဝင်နိုင်ငံများအကြား စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ပိုမိုနားလည်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးပိုက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင်ပြုလုပ်ခဲ့သည့် နယ်စပ်ဖြတ်ကျော်စက်မှုလုပ်ငန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို ပြန်လည်မျှဝေခဲ့သည်။ RCEP အဖွဲ့ဝင်နိုင်ငံများရှိ ပုဂ္ဂလိက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ််ငန်းများ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များအကြား လွတ်လပ်သော စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းနှင့် ကုမ္ပဏီဥပဒေဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်း (Online)၊ အော့ဖ်လိုင်း (Offline) ဖြင့် တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၁-၂ တရုတ်နှင့် အာဆီယံပြည်သူများအကြား နားလည်မှုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနားသို့ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည််ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ပြည်သူချင်း အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေးကို ထောက်ခံကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ထုံးတမ်းစဉ်လာများနှင့် မတူကွဲပြားမှုများသည် အာဆီယံဒေသ အတွက် အရေးပါကြောင်းနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ပြည်သူချင်းအပြန်အလှန် နားလည်မှုမြှင့်တင်ရေးကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ဦးတင်ဦးလွင်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ်အစီအစဉ်မှတဆင့် မတူကွဲပြားသော လူမှုအဖွဲ့အစည်းများအကြား လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ အခမ်းအနားဖွင့်ပွဲသို့ တရုတ်နိုင်ငံတော်အကြံပေး မစ္စရှန်းရင်ချင် (Shen Yiqin)၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဖေဖော်ဝါရီ ၁ တရုတ်-မြန်မာစီးပွားရေးစင်္ကြတွင် ဦးစားပေးအကောင်အထည်ဖော်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ ကျောက်ဖြူမြို့နယ် မလကျွန်း၊ ပြင်ရှည်ရွာသစ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီိ၏ ဓညဝတီရေတပ်ဌာနချုပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ငါးမိုင်ခန့်အကွာရှိ ဂုံးချွိန်တိုက်နယ် အူချေကျေးရွာမှ အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး တောင်ပိုင်းအထိလည်း တိုက်ပွဲများကျယ်ပြန့်လာနေသည်။ တဖက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းအကောင်အထည်ဖော်မည့် CITIC ကုမ္ပဏီနှင့် စစ်ကောင်စီအကြား စီမံကိန်းနောက်ဆက်တွဲစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထို့အပြင် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၁ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးများကို ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ အာဏာပိုင်များနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်များ၏ ကုန်သွယ်ရေးအခြေအနေများ၊ နယ်စပ်ဒေသကျည်ကျော်ကျရောက်မှုမရှိစေရေး၊ ဒေသခံများထိခိုက်မှုမရှိစေရေး ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများမှတဆင့် စစ်ဆင်ရေးများပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ကိုးကန့်ဒေသသည် ယခင်အချိန်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ကာစီနိုဝိုင်းများရှိသည့် နေရာများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာမှတဆင့် နိုင်ငံခြားသားများ တရားမဝင်ရောက်ရှိလာကြောင်းနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) များကို တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းနှိမ်နင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားများကိုလည်း KNU က လုပ်ဆောင်လျက်ရှိကြောင်းလည်း စွပ်စွဲပြောကြားခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့သည် နယ်စပ်ဒေသများတွင် တိုက်ပွဲဖော်ဆောင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းလျက်ရှိသည့်အတွက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှိမ်နင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်။ တရားမဝင်ရောက်ရှိနေသော တရုတ်နိုင်ငံသား ၄၈,၂၁၀ ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ စစ်ကောင်စီက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၁ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် လာအိုကောင်စစ်ဝန်ချုပ်ရုံးက ပြုလုပ်သည့် အာဆီယံကောင်စစ်ဝန်ချုပ်များ နေ့လည်စာစားပွဲသို့ ဟောင်ကောင်ဒေသ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါ နေ့လည်စာစားပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အကောက်ခွန်ဌာန ကော်မရှင်နာ မစ္စလွိစ်ပီအက်စ်ဟို (Ms. Louise P S Ho) လည်း တက်ရောက်ခဲ့ပြီး ဟောင်ကောင်အကောက်ခွန်ဌာနနှင့် အာဆီယံနိုင်ငံများ၏ အကောက်ခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် မတ်လတွင် ပြုလုပ်မည့် WCO 6th Global Canine Forum နှင့် Regional High-level Conference on Intellectual Property တို့ကို အာဆီယံနိုင်ငံများအနေနှင့် ပါဝင်တက်ရောက်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၀ – ၃၁ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daobing) နှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အရာရှိများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းများရှိ တရုတ်နိုင်ငံသားဝန်ထမ်းများ၏ လုံခြုံရေး၊ ကုန်သွယ်မှုချောမွေ့ရေး၊ ပြည်သူအကျိုးပြု ကူညီထောက်ပံ့ရေးကိစ္စများ၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၁ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်သည်ဟု သံသယရှိသည့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ဝရမ်းထုတ်ပြန်ထားသည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို ချက်ချင်းဖမ်းဆီးရန် UWSA မှ အမိန့်ထုတ်ပြန်ခဲ့သည်။ ရှောင်တိမ်းနေသည့် UWSA မှ မိုင်းလင်းခရိုင်မှူး အိုက်ဟော့နှင့် ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းတို့ကို သတင်းအချက်အလက်ရရှိသည့် မည်သည့်နေရာမဆို၊ လက်ခံထားသည့် မည်သူ့ကိုမဆို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ရှာဖွေစစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ အဆိုပါအရာရှိနှစ်ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးနိုင်ရေးအတွက် တရုတ်ယွမ်ငွေ ငါးသိန်း ဆုငွေထုတ်ခဲ့သည်။ ထို့အပြင် UWSA ကလည်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ပျက်ပြားစေကြောင်း အကြောင်းပြချက်ဖြင့် အဆိုပါအရာရှိနှစ်ဦးကို အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါအရာရှိနှစ်ဦးသည် ‘ဝ’ ဒေသအတွင်းမှ ထွက်သွားခြင်းမရှိသေးကြောင်းနှင့် စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိလျှင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၀ အာဆီယံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကြား ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်၍ ဟောင်ကောင်ဒေသအစိုးရအဖွဲ့၊ ကုန်သွယ်ရေးနှင့်စက်မှုဌာနနှင့် Invest Hong Kong တို့ ပူးတွဲ၍ ‘ဟောင်ကောင်ဒေသနှင့် အာဆီယံ ချိတ်ဆက်ခြင်း’ ခေါင်းစဉ်ဖြင့် နေ့လယ်စာစားပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အာဆီယံနှင့်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ဆောင်ရွက်နေမှုများကို ဟောင်ကောင်ဒေသအစိုးရအဖွဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာအလ်ဂါနွန်ယောင် (Mr. Algernon Yau) က အဆိုပါနေ့လည်စာစားပွဲတွင် ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါနေ့လည်စာစားပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်၊ အခြားအာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ပြည်ပကုန်သည်ကြီးများအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၀ စစ်ကောင်စီနှင့် ချုပ်ဆိုသည့် မည်သည့်စာချုပ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနှင့် တာဝန်ခံမည်မဟုတ်ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်းတို့၏ သဘောထားကို VOA သတင်းဌာနက မေးမြန်းရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်အပေါ် သဘောထားမှတ်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း NUG က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီနှင့် ချုပ်ဆိုသည့် မည်သည့်စာချုပ်ကိုမဆို တာဝန်ခံမည်မဟုတ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာ့ပဋိပက္ခအပေါ် တရုတ်နိုင်ငံက ချဥ်းကပ်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံသည် ယခင်စစ်အာဏာသိမ်းမှုများနှင့် မတူညီသည့် တုံ့ပြန်မှုများရှိကြောင်းနှင့် အဆိုပါအချက်သည်ပင် တော်လှန်ရေးအင်အားစုများအတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် အစဥ်အလာမဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ပြီး တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ပြုတ်ကျကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို အားပေးသည့် မည်သည့်နိုင်ငံနှင့်မဆို ဆက်သွယ်ဆောင်ရွက်ရန် အသင့်ရှိကြောင်းကိုလည်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံအကြား သဘောတူစာချုပ်များကို တာဝန်ယူဆက်ခံမည်ဆိုသည့်အချက် အပါအဝင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကာအကွယ်ပေးမည်ဟုဆိုသည့် အချက် ၁၀ ချက်ပါ တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်ကို ဇန်နဝါရီ ၁ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၃၀ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်ဒေသတွင်း ဩဇာကြီးမားသည့် မိသားစုကြီးသုံးခုမှ မိသားစုဝင်များအပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ စစ်ကောင်စီနှင့် နီးစပ်သည့် အဆိုပါကိုးကန့်ဒေသခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များကို နေပြည်တော်လေဆိပ်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁၀ ဦးတွင် ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ပယ်ရင်ချန်၊ အမှတ်-၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝေဆန်း၊ ဝေမိသားစုပိုင် ဟိန်းလီလုပ်ငန်းစုဥက္ကဋ္ဌ ဝေယုံ၊ ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ လျိုအားပေါက်အပါအဝင် မြီမိသားစုပိုင် ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ်ဝင်းအတွင်း သေနတ်ပစ်ခတ်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ လေးဦးတို့ ပါဝင်ခဲ့သည်။ အဆိုပါ ၁၀ ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခုလွှဲပြောင်းမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့များ၏ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရာတွင် အထင်ကရ အောင်မြင်မှုတခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၄,၀၀၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ငွေကြေးထောက်ပံ့သူနှင့် အဓိကကြိုးကိုင်သူ ၁၇၁ ဦး၊ တရားခံပြေး ၂,၉၀၈ ဦးတို့ ပါဝင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့၏ ဟိုင်ဂင်သဘောတူညီချက် ချုပ်ဆိုပြီးနောက်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အဓိကကြိုးကိုင်သူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ (ပယ်မိသားစု ကြမ္မာငင်ချိန် ကို ISP-Myanmar ၏ Explainer-09 တွင် ရှုပါ။) |
၂၀၂၄၊ ဇန်နဝါရီ ၂၉ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် ‘မုန့်ဖုတ်နည်းလေ့ကျင်ရေး’ စီမံကိန်းသင်တန်းဖွင့်ပွဲနှင့် ဆရာဖြစ်သင်တန်း အမှတ်စဉ်-၆ ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ခရီးသွားပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်သည့် အဆိုပါသင်တန်းတွင် တရုတ်သံမှူး မစ္စတာပန်ဖန့် (Mr. Peng Feng) က နိုင်ငံတကာအဆင့်မီစားသောက်ကုန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် အရည်အသွေးတိုးမြင့်လာစေရန် ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်မှ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း၊ အထူးရန်ပုံငွေများကို အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် အသုံးချမည်ဖြစ်ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျတို့က မိန့်ခွန်းပြောခဲ့သည်။ ထိုစီမံကိန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အကောင်အထည်ဖော်ခဲ့ပြီး အခြေခံသင်တန်း ၁၀ ကြိမ်နှင့် ဆရာဖြစ်သင်တန်း ငါးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၂၈ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား အပစ်အခတ်ရပ်ဆဲရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ရန်ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သတင်းဌာနများတွင် ရေးသားထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာယောင်ဝမ် (Mr. Yao Wen) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟက်ဆန်မာမတ် (Dr Hasan Mahmud) တို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် မြန်မာပြည်မြောက်ပိုင်းပဋိပက္ခတွင် သဘောတူညီချက်များရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အတွက်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိစေလိုကြောင်း မစ္စတာယောင်ဝမ် (Mr. Yao Wen) က ပြောခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ရပ်တန့်နေသော်လည်း ပိုမိုယုံကြည်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီနှင့် AA အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် AA က ထိုးစစ်ဆင်လျက်ရှိသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၂၆-၂၉ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီဘာဟီဒါနူကာရာ (Mr. Parnpree Bahiddha Nukara) တို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပထဝီနိုင်ငံရေးအရ အရေးပါသော ကိစ္စရပ်များ၊ မြန်မာ့အရေးကိစ္စများအတွက် ဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအမံများဖြစ်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအမံအတွက်လည်း သဘောထားအမြင်များ ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၂၅ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များဆွေးနွေးရန် တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr.Chen Hai) နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမျက်နှာစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးကိစ္စရပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကိုလည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းများအကောင်အထည်ဖော်မှုကို အရှိန်မြှင့်ဖော်ဆောင်သွားရန်ပြောဆိုခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၂၄ တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍများမှတဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆက်လက်ထောက်ခံအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhinhong) က တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့ကြောင်း Eleven Media News တွင် ရေးသားထားသည်။ ထိုမီဒီယာတွေ့ဆုံပွဲကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်က တရုတ်သမ္မတရှီကျင့်ဖျင်၏ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်းအဝေးတွင် ပြောကြားခဲ့သော အမှာစကားများကို ပြန်လည်ပြောကြားသည်။ သမ္မတရှီကျင့်ဖျင်သည် အေးတူပူမျှ အသိုက်အဝန်းတည်ဆောက်ခြင်းဖြင့် တရုတ်သံတမန်ဆက်ဆံရေး တည်ဆောက်လိုကြောင်း၊ တန်းတူညီမျှဖြစ်သော နိုင်ငံအားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း (Economic Globalization) ကို တင်ပြခဲ့ကြောင်း ဒေါက်တာကျန်းကျိဟုန်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင်ဒေါက်တာကျန်းကျိဟုန်က မြန်မာနိုင်ငံသည် အေးတူပူအမျှ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးပါသော အဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးတွင်လည်း တိုးတက်မှုများရှိခဲ့ကြောင်းနှင့် ရပ်ဝန်းလမ်းကြောင်း အစီအမံခေါင်းစဉ်အောက်မှတဆင့် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများတိုးလာကြောင်း မိန့်ခွန်းပြောခဲ့သည်။ တရုတ်နိုင်ငံသည် ဗဟိုကော်မတီ၏ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေးမှ လမ်းညွှန်ချက်များဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကိုခိုင်မာစေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့နောက် မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖလှယ်ခဲ့ကြပြီး မီဒီယာများက တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပြန့်ပွားစေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ တွေ့ဆုံပွဲသို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ စစ်ကောင်စီ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်၊ စစ်ကောင်စီအာဘော်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ The Global New Light of Myanmar၊ ပြည်တွင်းသတင်းဌာနများဖြစ်သည့် စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ Myanmar Insider၊ One News စသည့် မြန်မာမီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာ ကိုယ်စားလှယ်များနှင့် သံရုံးမှ လူငယ်သံတမန်များ၊ စုစုပေါင်း လူ ၃၀ ခန့် တက်ရောက်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် ဒေါက်တာကျန်းကျိဟုန်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (Global Security Initiative – GSI) နှင့်ပတ်သက်သော အဆိုပြုချက်များကို ပြန်လည်မျှဝေရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များ တွေ့ဆုံခဲ့သေးသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၂၃ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် သောင်းဂဏန်းကျော်သောဒေသခံများ တန်းစီစောင့်ဆိုင်းနေရကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရက်လျှင် လူဦးရေ ၆၀၀ ခန့်ဝင်ခွင့်ပြုခဲ့သော်လည်း ယခုအချိန်တွင် တပတ်လျှင် လူဦးရေ ၁,၀၀၀ ခန့်သာ ဝင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောကြားချက်များကို ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ကတ်များကိုလည်း တပတ်လျှင် တကြိမ် သို့မဟုတ် ဆယ်ရက်လျှင် တကြိမ်သာပေးအပ်သဖြင့် အလုပ်လုပ်ကိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။ ထို့အပြင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပါက ယခင်က တရက်လျှင် ယွမ်ငွေ ၈၀ ခန့် (မြန်မာကျပ်ငွေ ၃၇,၅၀၀ ကျပ်ခန့်) ရရှိသော်လည်း ‘၁၀၂၇ စစ်ဆင်ရေး’နောက်ပိုင်းတွင် လမ်းခရီးအဆက်အသွယ်ပြတ်တောက်မှုများကြောင့် တရက်လျှင် ယွမ်ငွေ ၄၀ ခန့် (မြန်မာကျပ်ငွေ ၁၉,၀၀၀ ကျပ်ခန့်) အထိ ဝင်ငွေထက်ဝက်လျော့ကျခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဓိက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိပြီး နေ့စဥ် ပျမ်းမျှကုန်သွယ်ရေးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါးရှိနေသည်။ (ISP OnPoint အမှတ် – ၁၈ တွင်ရှုပါ)။ |
၂၀၂၄၊ ဇန်နဝါရီ ၂၁ ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ် အစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ အစည်းအဝေးတွင် ချုံချင့်မြူနီစီပယ်အစိုးရ မြို့တော်ဝန် မစ္စတဟူဟန်ဟွာ (Mr. Hu Heng Hua) က ချုံချင့် မြူနီစီပယ်အစိုးရ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့သည်။ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်၊ ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အရာရှိများ၊ ကိုယ်စားလှယ်များနှင့် ချုံချင့်မြို့နှင့် ချိန်တူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့သည်။ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်သည် ‘ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယအကြိမ် အစည်းအဝေး’ သို့လည်း တက်ရောက်ခဲ့သေးသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ‘ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယအကြိမ် အစည်းအဝေး’ ကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မစ္စတာဝမ်ရှင်းချင်း (Mr. Wang Xin Qing) နှင့် မစ္စလီဂျင်း (Ms. Li Jing) တို့က ချုံချင့်မြူနီစပယ်အစိုးရ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် အဆိုပြုချက်များကို တင်သွင်းသည်။ ဖွင့်ပွဲသို့ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်၊ ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အရာရှိများ၊ ကိုယ်စားလှယ်များအပြင် ချုံချင့်မြို့နှင့် ချိန်တူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၇ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအခြေအနေများကို ဆွေးနွေးရန် ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရီလီနာ (Mrs. Ye Lina) နှင့် ချုံချင့်မြို့ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်ရန် အတွက် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၇ နန်နင်းမြို့ Guangxi Minzu University တွင် မြန်မာ့ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါမြန်မာ့ယဉ်ကျေးမှုဖလှယ်ပွဲ သို့ စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက မြန်မာဘာသာအထူးပြုကျောင်းသားများကို မြန်မာ့ယဉ်ကျေးမှုအကြောင်းအရာများဆွေးနွေးခဲ့ပြီး မြန်မာဘာသာဌာနမှ ဧည့်ပါမောက္ခ ဒေါ်ဝတီလွင်က လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။ ပါတီကော်မတီအတွင်းရေးမှူး မစ္စဝေရွေ့ဖန် (Mrs. Wei Xuefang)၊ Guangxi Minzu University မှ နိုင်ငံတကာဆက်ဆံရေးဌာနမှူး မစ္စတာဖန်ဂေါင်ဟို (Mr. Feng Guanghuo)၊ ဒုတိယဌာနမှူး မစ္စတာကျန်းဇုဟန် (Mr. Zhang Yuzhen)၊ အရှေ့တောင်အာရှဘာသာစကားနှင့် ယဉ်ကျေးမှုကောလိပ် ပါတီအတွင်းရေးမှူး မစ္စတာဟီဘို (Mr. He Bo) နှင့် မြန်မာဘာသာသင်ကျောင်းသားများ စုစုပေါင်း ၃၀ ကျော်တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၇ တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ်ကျင်းပသော ‘နှလုံးသားမှ ပိုးလမ်းမှ (Care for the future) လှူဒါန်းမှုအစီအစဉ်’ နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး ယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး မစ္စချောင်လီ (Mrs. Qiao Li) မှ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်မှ နှစ်နိုင်ငံကြားပညာရေးဆွေးနွေးမှုများနှင့် နေအုပ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးနေအုပ်က နှစ်နိုင်ငံကြား လူမှုရေးပူးပေါင်းဆောင်ရွက်မှုများ စသည့် ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့သည်။ China Foundation for Peace and Development မှ အတွင်းရေးမှူး မစ္စတာရွှီးကျင့်ဂေါ်က ရန်ကုန်မြို့ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) အတွက် ကျပ်သိန်းတရာတန်ဖိုးရှိ စာရေးကိရိယာများ၊ မီးလုံးများနှင့် အားကစားပစ္စည်းများကို လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဗဟို ဥက္ကဋ္ဌ၊ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုနာယက ပြည်ထောင်စုစာရင်းစစ်ချုပ် (ငြိမ်း) ဦးတင်ဦး တို့တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၇ စီးပွားရေးစင်္ကြံစီမံကိန်းတွင် ဦးစားပေးစီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ (Implementation Plan) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြန်မာဘက်မှ ကြိုတင်ပြင်ဆင်ရမည့် စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံများတည်ဆောက်ရန်နှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ရန် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန-၂ မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောခဲ့သည်။ အစည်းအဝေးသို့ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီကိုယ်စားလှယ်တို့အကြား နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၆ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်စေရန် ရည်ရွယ်၍ နှစ်နိုင်ငံချစ်ကြည်ရေးဂုဏ်ပြု ညစာစားပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ‘မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိိတ်ချရသော အိမ်နီးချင်းဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား အေးတူပူအမျှ အသိုက်အဝန်းတည်ဆောက်ကာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲလိုကြောင်းနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို မလိုလားသူများမှ သတင်းမှားများဖြန့်ဝေလျက်ရှိကြောင်း ညစာစားပွဲတွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မောင်အုန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ ညစာစားပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးမစ္စချောင်လီ (Mrs. Qiao Li)၊ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ မစ္စတာရွီးကျန့်ဂေါ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးနာယက ဦးတင်စိုးတို့တက်ရောက်ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၅ မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်တစိုက်ထောက်ခံကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထွတ်မရသော အစိတ်အပိုင်းအဖြစ် မှတ်ယူကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားကြေညာချက်ထုတ်ပြန်သည်။ ထိုင်ဝမ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများကို ဆန့်ကျင်ကြောင်း သဘောထားဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁၄ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းနှင့် အအေးခန်းသိုလှောင်ရုံကို မိတ်ဆက်ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာတွင် ဆိုလာဓာတ်အားပေးရေးနှင့် ရေရရှိရေး စီမံကိန်းနှင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာတွင် ဆိုလာဓာတ်အားပေးစနစ်နှင့် ရေထွက်ကုန်များအတွက် အအေးခန်းသိုလှောင်ရုံစီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။ စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း ယင်းအခမ်းအနားတွင် ပြောသည်။ ထို့ပြင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျေးလက်လူမှုဘဝမြင့်မားရေး၊ ကျေးလက်ထုတ်ကုန်များ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်ဟုလည်း ဆိုသည်။ အမေရိကန်ဒေါ်လာ ရှစ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ အဆိုပါ ဆိုလာစီမံကိန်းများသည် အသေးစားဆိုလာဓာတ်အားပေးစနစ်နှင့် ရေထွက်ပစ္စည်းအတွက် အအေးခန်းစနစ်စီမံကိန်းသည် ရေပေးဝေရေးလုပ်ငန်းများအပြင် ပင်လယ်စာထွက်ကုန်များကို အအေးခန်းသိုလှောင်ရုံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ်သည်။ ထို့ပြင် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများတွင် လျှပ်စစ်မီးအသုံးပြုနိုင်ရန် ရည်ရွယ်ကာ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက တရုတ်အာဘော် ဆင်ဟွာသတင်းဌာနသို့ ပြောသည်။ မိတ်ဆက်ရှင်းလင်းပွဲသို့ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြိမ်မဲတောင်ကျေးရွာ မီးလင်းရေး ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဒေသခံများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၁၂ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင် (Ms. Mao Ning) က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ “တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA) အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ “နှစ်ဖက်ကြား ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် အဆိုပါသဘောတူညီမှုတွင် ပါဝင်ကြောင်းနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံရန်” တို့ကိုလည်း တောင်းဆိုခဲ့သည်။ “မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် စေ့စပ်ညှိနှိုင်းပေးမှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ညှိနှိုင်းပေးမှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေကြောင်း” မစ္စမော်နင်က ရှင်းလင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာရန်နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် မျှော်လင့်ကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် “တရုတ်နိုင်ငံသည် မြန်မာ့ပဋိပက္ခတွင် ဆက်လက်ကူညီထောက်ပံ့ရန် ဆန္ဒရှိကြောင်းနှင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၁၁ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ဘေဂျင်းမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရည်မှန်းချက်များဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအသိုက်အဝန်းကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံအကြား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်လည်း ပြောခဲ့သည်။ အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာနုန်ရုန် (Mr. Nong Rong)၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်ရှန့်ဝေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သံရုံးတာဝန်ခံများ တက်ရောက်ခဲ့သည်။ ထို့ပြင် အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ တာဝန်ရှိသူများ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၁၀-၁၁ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက် (Haigeng Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ ကူမင်းမြို့၌ တတိယအကြိမ် ဆွေးနွေးမှုအပြီးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်တပ်ဖွဲ့များအနေနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစ၍ ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်တပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်နှင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် သဘောတူညီခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လုံခြုံရေးနှင့် တရုတ်နိုင်ငံသားများ၏လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်နှင့် အခြားကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် ကတိပြုခဲ့ကြသည်။ ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေနှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ရန်နှင့် စစ်ကောင်စီကလည်း ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသောနေရာများကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ မပြုလုပ်ရန်အတွက်လည်း အပြန်လှန်သဘောတူခဲ့ကြသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၉ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်လျက်ရှိသည့် သက်မွေးစီးပွားရေးမြှင့်မားရေးစီမံကိန်းများ အကောင်အထည်ဖော်နေမှုအား စစ်ကောင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ပဲခူးတိုင်း ရွာသစ်ကျေးရွာတွင် အကောင်အထည်ဖော်လျက်ရှိသည့် ကျွဲမွေးမြူရေး၊ ငါးမွေးမြူရေး၊ ဘဲမွေးမြူရေးလုပ်ငန်းများနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းများ၏ အခြေအနေကို လေ့လာခဲ့သည်။ ထို့နောက် လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထားသည့် စိုက်ခင်းများကိုလည်း စစ်ဆေးခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၉ မြန်မာပြည်မြောက်ပိုင်းတွင် အခြေစိုက်လုပ်ကိုင်နေသော အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သည်ဟု သံသယရှိသူ ၄၁,၀၀၀ ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။ တရုတ်နိုင်ငံသားများကို ထိခိုက်စေသော အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို တရုတ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမှ အာဏာပိုင်များ ပူးပေါင်း၍ အကြိမ်ပေါင်းများစွာ ဖြိုခွင်းခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် တရုတ်-မြန်မာနယ်စပ်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပပျောက်ရေးအတွက်ဟုဆိုကာ ဆင်နွှဲသည့် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက တရုတ်နိုင်ငံ အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၇ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် မစ္စတာကျန်းမင်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ၇၆ နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြား မိတ်ဖက်ဆက်ဆံရေး တိုးတက်ပြီး ဒေသတွင်းအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ ခုနစ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်တည်ထောင်ခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံ ဂိုဟာမြို့၌ SCO ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့် စာချွန်လွှာက်ို လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၆ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သော ‘မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း’ အတွက် အလုပ်ရုံဖွင့်လှစ်ခြင်း အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြသည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အလုပ်ရုံဖွင့်ပွဲတွင် အခြောက်ခံစက်၊ လေစုပ်အိတ်ပိတ်စက်၊ နှီးဖြာစက်၊ မျှစ်လှီးစက်များကို အလုပ်ရုံတွင် ထားရှိပေးပြီး လုပ်ငန်းလည်ပတ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းမှတဆင့် ကျေးရွာတရွာ ထုတ်ကုန်တမျိုး ထုတ်လုပ်နိုင်သည်ထိ ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် ဆင်းရဲမှုလျှော့ချရေး၊ ဝါးသစ်တောများကို စနစ်တကျသုံးစွဲနိုင်ရေး၊ သစ်တောများ ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက်ပါ ဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောခဲ့သည်။ ထို့နောက် အလုပ်ရုံဖွင့်ပွဲတွင် ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပေးခဲ့ပြီး စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) က တောင်သူကိုယ်စားလှယ်များနှင့် သမဝါယမအသင်းများအား လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) မှ တောင်သူကိုယ်စားလှယ်များ၊ အလင်းရောင်သမဝါယမအသင်း၊ ငွေမြိုင်သမဝါယမအသင်း၊ နေပြည်တော် ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံတို့ တက်ရောက်ခဲ့သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်သားများသည် ဒေသခံများကို စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်၏ ဖြေကြားချက်ကို RFA သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီအနေနှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝမ်ပေါင်ကြေးနီစီမံကိန်းကို တိုက်ခိုက်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှာ ယခုအကြိမ်မှာ ကိုးကြိမ်မြောက် ဖြစ်သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၅ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ရပ်ဝန်းလမ်းကြောင်းအစီအမံခေါင်းစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွမ်းဝေတုန်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံတွေ့ဆုံရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ စီမံကိန်းများကို အရှိန်မြှင့်တင်ရန်၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ အာဆီယံနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အစီအမံခေါင်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတကာစာမျက်နှာတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရန် ဆွေးနွေးခဲ့ကြသည်။ တရုတ်ဦးဆောင်သော ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်ရှိ စီမံကိန်းများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်ရှိ စီမံကိန်းများကို အရှိန်မြှင့်အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရန် တရုတ်နိုင်ငံက ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း တွန်းအားပေးလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်တည်ငြိမ်ရေးအတွက် မီဒီယာများမှတဆင့် တိုက်တွန်းလျက်ရှိသည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၅ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) နှင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ထုတ်ပြန်သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံပေးရန်လည်း တောင်းဆိုခဲ့သည်။ နယ်စပ်ဒေသလုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) နှင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အလွတ်သဘော တွေ့ဆုံခဲ့သေးရာ ယခုတွေ့ဆုံမှုသည် ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၅ တရုတ်-မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိိုးမြှင့်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်အာဘော်သတင်းစာဖြစ်သည့် China Daily သတင်းဌာနတွင် ဖော်ပြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ စီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်ရှိ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ ထို့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု လုပ်ငန်းများဖြစ်သည့် အွန်လိုင်းမှတဆင့်ငွေကြးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရန်၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်လည်း ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန်ရှီကျွန်း (Mr. Deng Xijun)၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ မစ္စတာဝမ်ရှောင်ဟုန်နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် စစ်ကောင်စီခေါင်းဆောင်နှင့် တရုတ်နိုင်ငံမှ ဝန်ကြီးများနှင့်တွေ့ဆုံမှုသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ |
၂၀၂၄ ၊ ဇန်နဝါရီ ၅ စီးပွားရေးစင်္ကြံစီမံကိန်းတွင် ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည့် မူဆယ်-မန္တလေးရထားလမ်း စီမံကိန်းကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း တရုတ်အာဘော် သတင်းဌာနဖြစ်သည့် ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြထားသည်။ ရထားလမ်းစီမံကိန်းအတွက် နိုင်ငံတော်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ (Project Steering Committee) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီကို စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရေးမူဘောင်ကို အတည်ပြုရေးဆွဲမည်ဖြစ်သည်။ ထို့အပြင် ရထားလမ်းစီမံကိန်းတွင် တံတား ၁၂၄ စင်း၊ ဥမင် ၆၀ ခု ပါဝင်မည်ဖြစ်ပြီး လျှပ်စစ်ရထားလမ်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းကိုလည်း အကောင်အထည်ဖော်မည်ဖြစ်သည်။ မူဆယ်-မန္တလေး အမြန်ရထားလမ်းနှင့် ချိတ်ဆက်မည့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် မြေပြင်တိုင်းတာမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာမီးရထားလမ်းနှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းများကို အကောင်အထည်ဖော်မှု အရှိန်မြှင့်ရန်အတွက် စစ်ကောင်စီအား တရုတ်နိုင်ငံမှ တွန်းအားပေးလျက်ရှိသည်။ (မူဆယ်-မန္တလေး မီးရထားလမ်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။) |
၂၀၂၄၊ ဇန်နဝါရီ ၄ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အထိ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သူ ၃၉၁,၀၀၀ ဦးကို ဖမ်းဆီခဲ့ကြောင်း တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။ ရာဇဝတ်မှုကျူးလွန်သူများတွင် ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ဆက်သွယ်ရေးလိမ်လည်မှုတို့အပြင် အခြားသော တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးလိမ်လည်သူများပါဝင်ပြီး ငွေကြေးထောက်ပံ့သူ၊ အဓိကကြိုးကိုင်သူ၊ ခေါင်းဆောင်များ အပါအဝင် ၂၆၃ ဦး နှင့် သံသယရှိသူ ၇၉,၀၀၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အခြားပါဝင်ပတ်သက်နေသည့် နိုင်ငံတွင်းရှိ ရာဇဝတ်မှုကျုးလွန်သူများကိုပါ ဖော်ထုတ်နိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၃,၀၀၀ ဦးကိုပါ ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြည်သူ့လုံခြုံရေးဗျူရိုမှတဆင့် ယူနန်ပြည်နယ်နှင့် အခြားသောပြည်နယ်များတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီများကို နေရာချထားပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေတည်ကာ ငွေကြေးလိမ်လည်မှု ကျုုးလွန်နေသည့် ဂိုဏ်းများနှင့် ကွန်ရက်များကို ဖြိုခွင်းနိုင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တရုတ်နိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှူတိုက်ဖျက်ရေးဗဟိုဌာနက အွန်လိုင်းလိမ်လည်မှုကိုတားဆီးနိုင်ရန် သတိပေးကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး ငွေကြေးလိမ်လည်သည့် တယ်လီဖုန်းခေါ်ဆိုမှုများနှင့် စာတိုများမှတဆင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ကို ကြားဖြတ်တားဆီးနိုင်ခဲ့သည်။ ထို့ပြင် ပြည်သူ့လုံခြုံရေးဗျူရိုသည် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများကို အထူးစစ်ဆင်ရေးများဖြင့် ဆက်လက်ဖြိုခွင်းမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားများ၏ တရားဝင်လူ့အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုအကျိုးစီးပွားများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ငွေကြေးလိမ်လည်မှုကျုးလွန်သည့် ဂိုဏ်းခေါင်းဆောင်များဖြစ်သော မင်မိသားစုခေါင်းဆောင် မင်ရှုကျန်း (ကွယ်လွန်)၊ ပယ်မိသားစု ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ဝေမိသားစုခေါင်းဆောင် ဝေဟွေ့ရန် (ဗိုလ်မှုးကြီး ဝေဆန်း) နှင့် လျိုမိသားစုခေါင်းဆောင် လျိုကျိန်ရှန်း တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ (ပယ်မိသားစု ကြမ္မာငင်ချိန် ကို ISP-Myanmar ကပြင်ရပ်ဝန်း၏ Explainer 09 တွင် ဖတ်ရှုနိုင်သည်။) |
၂၀၂၄၊ ဇန်နဝါရီ ၄ ကိုးကန့်ဒေသ လောက်ကိုင်မြို့နှင့်ကပ်လျက်တွင်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်ဆန် (Nansan) ရွာတွင် မြန်မာဘက်မှပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝန်းပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့လည်း အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားထားပြီး တရုတ်နိုင်ငံအနေနှင့် ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေသော ဖြစ်ရပ်များကို ရပ်တန့်ရန်နှင့် ခိုင်မာသည့် အရေးယူဆောင်ရွက်ချက်များပြုလုပ်ရန် မစ္စတာဝမ်ဝန်းပင်းက တောင်းဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် လိုအပ်သည့်ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံအနေနှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ လက်နက်ကြီး ကျရောက်မှုနှင့်ပတ်သက်၍ AFP သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ယူနန်ပြည်နယ် နန်ဆန်ရွာ၌ မြန်မာဘက်ကပစ်လိုက်သည့် လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ငါးဦး ထိခိုက်ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသားများအနေနှင့် လက်နက်ကြီးကျရောက်မှုကြောင့် မိမိတို့ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်းနှင့် နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအတွက် ဒေသခံများအနေနှင့် ဒုက္ခမရောက်သင့်ကြောင်း ဒေသခံများက တရုတ်သတင်းဌာနများသို့ ပြောခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများက မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ချက်ချင်းအပစ်ရပ်ရန်နှင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းလျက်ရှိသည်။ ၂၀၁၅ ခုနှစ် မေလတွင် မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ နန်ဆန်ရွာသို့ လက်နက်ကြီးကျရောက်ခဲ့သေးသည်။ |
၂၀၂၄၊ ဇန်နဝါရီ ၄ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံလွှင့်တင်ခြင်းအခမ်းအနားကို တရုတ်နိုင်ငံ နန်နင်းမြို့ရှိ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နန်နင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးသို့ ကွမ်ရှီး(ကျွမ့်)ဒေသ အစိုးရရုံး၊ ကွမ်ရှီး(ကျွမ့်)ဒေသ နိုင်ငံခြားရေးရုံး၊ နန်နင်းမြို့အစိုးရရုံး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (ကွမ်ရှီးကော်မတီ)၊ တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် ဘရူနိုင်း-ကွမ်ရှီးကုန်သည်ကြီးများအသင်းတို့ကလည်း ဂုဏ်ပြုပန်းခြင်းများ ပေးပို့ခဲ့သည်။ |
၂၀၂၄၊ ဇန်နဝါရီ ၁ နှစ်နိုင်ငံကြား စစ်မှန်သည့် ‘ဆွေမျိုး-ပေါက်ဖော်’ ဆက်ဆံရေးကို တည်ဆောက်ပြီး မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏လုံခြုံရေးကို ကာကွယ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံဆိုင်ရာသဘောထားကို ထုတ်ပြန်ကြေညာသည်။ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည့် သဘောထားအပါအဝင် တရုတ်နိုင်ငံဆိုင်ရာ သဘောထား ၁၀ ခုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သဘောထားကြေညာချက်တွင် NUG အနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပြည်သူချင်းဆက်ဆံမှုကို အလေးထား၍ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကိုလည်း ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များအပါအဝင် နှစ်နိုင်ငံအကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူဆက်ခံမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အွန်လိုင်းငွေလိမ်မှု(ကျားဖြန့်)များ၊ လောင်းကစားလုပ်ငန်းများ၊ လူကုန်ကူးမှုလုပ်ငန်းများ၊ မူးယစ်ဆေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း စသည်တို့လည်း ပါဝင်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်မြောက်ပိုင်းပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ချက်ချင်းအပစ်ရပ်ရန်၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကို အာမခံပေးရန်အတွက် တောင်းဆိုလျက်ရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ဦးစားပေးစီမံကိန်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိပြီး စီမံကိန်းကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် တရုတ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည်။ NUG ၏ ယခုထုတ်ပြန်ချက်သည် အဆိုပါလက်မှတ်ရေးထိုးမှုနှင့်လည်း တိုက်ဆိုင်နေသည်။ |
(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)