Timeline

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ)

By ISP Admin | January 1, 2025

(ISP-Myanmar က ၂၀၂၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအပြောင်းအလဲများသည် ပြည်တွင်းရေးသာဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးဖြစ်စဉ်များတွင်လည်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂစင်မြင့်အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားများအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။

(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
၂၀၂၅၊ ဖေဖော်ဝါရီ ၂၈  

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျစီမံကိန်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် CITIC ကုမ္ပဏီအကြား နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) အတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Development Plan) နှင့်ပတ်သက်၍ ခေတ်နှင့်အညီရေးဆွဲရန် အကြံပြုခဲ့သည်။ ထို့အပြင် စီမံကိန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ပြုလုပ်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို အချိန်ကာလသတ်မှတ်ကာ ပြုလုပ်နေကြောင်းလည်း ပြောကြားခဲ့သည်။ CITIC ကုမ္ပဏီကတာဝန်ရှိသူများက နှစ်ဖက်ကြိုတင်ပြင်ဆင်ရမည့်အချက်များ (Conditions Precedent) အရ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် နှစ်ဖက်ကြိုတင်ပြင်ဆင်ရမည့်အချက်များအနက် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကဲဖြတ်မှု (EIA/SIA) နှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Development Plan) အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ CITIC Consortium Myanmar Port Investment Limited က ဥက္ကဋ္ဌ မစ္စတာလျန်ချွမ်းရှင်း (Mr. Liang Chuanxin)၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ၊ စစ်ကောင်စီ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲကော်မတီက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent) အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း စစ်ကောင်စီနှင့် CITIC ကုမ္ပဏီအကြား ဆွေးနွေးခဲ့ကြသေးသည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။) 
၂၀၂၅၊ ဖေဖော်ဝါရီ ၂၈  

အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် ရည်ရွယ်၍ ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံ ဝန်ကြီးများအဆင့်အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ကြောင်း တရုတ်အာဘော် Global Times သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးတွင် သုံးနိုင်ငံအကြား ကျားဖြန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာဥပဒေကတဆင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျားဖြန့်လုပ်ငန်းခွင်များကို ဖြိုခွင်းရန်နှင့် ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာဖော်ထုတ်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရန်လည်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ (Mr. Liu Zhongyi)၊ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်ကျော်ကျော်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa တို့ တက်ရောက်ခဲ့ကြသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည်ဟု သံသယရှိသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းနိုင်‌ရေးအတွက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံက ဝန်ကြီးများသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၂၇  

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက ထွက်ရှိသည့် ကြေးနီသယ်ဆောင်လာသော ယာဉ်တန်းကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ကောင်စီ လုံခြုံရေးယာဥ် ၁၅ စီးအပါအဝင် စုစုပေါင်း ၄၈ စီးပါသည့် အဆိုပါယာဥ်တန်းကို စစ်ကိုင်းတိုင်း ချောင်းဦးနှင့် မြင်းမူမြို့နယ်အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုကြောင့် ကြေးနီသယ်ယာဥ်တစီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသည့် ယာဥ်တစီး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ဝမ်ပေါင်ကြေးနီစီမံကိန်းယာဥ်တန်း တိုက်ခိုက်ခံရခြင်းသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငါးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။ ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် အသုံးပြုရန် ဆာလ်ဖျူရစ်အက်ဆစ် တင်ဆောင်လာသည့် ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့သေးသည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၂၆  

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကို၊ KK Park နှင့် မယ်ထော်သလေး နယ်မြေများတွင် တရားမဝင်အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။  ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၂၇၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် ၆၇၃ ဦးကို ထိုင်းနိုင်ငံကတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စစ်ကောင်စီက လွှဲပြောင်းပေးခဲ့သည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄,၈၆၀ ဦးအပါအဝင် နိုင်ငံ ၂၉ နိုင်ငံက နိုင်ငံခြားသား ၇,၁၄၁ ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ထိန်းသိမ်းထားသော်လည်း နေရပ်ပြန်ပို့ရေး ကြန့်ကြာနေကြောင်း BGF က ဒုတိယဗိုလ်မှုးကြီးနိုင်မောင်ဇော်က ပြောကြားခဲ့သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဖေဖော်ဝါရီ ၂၆  

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ပညာရှင်များနှင့် ကျောင်းသားများသည် နေပြည်တော်ရှိ မြို့နယ်ငါးမြို့နယ်က ကျေးရွာများတွင် နွားမွေးမြူရေးအတွက် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ပညာရှင်များနှင့် ကျောင်းသားများက နွားများကို ကျန်းမာရေးစောင့်ရှောက်ခြင်း၊ မျိုးအောင်နှုန်းတိုးမြင့်အောင် ကုသခြင်း၊ နွားသားအောင်နှုန်းကိုလေ့လာခြင်းနှင့် အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရှင်များနှင့် ကျောင်းသားများက နွားမွေးမြူသည့်တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၂၄ – မတ် ၂  

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ပြုလုပ်သည့် သီးနှံအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါသင်တန်းတွင် သီးနှံကိုအခြေခံသည့် ယို၊ ဖျော်ရည်နှင့် သီးနှံခြောက်ထုတ်လုပ်သည့် နည်းပညာများ၊ ထုတ်ပိုးမှုနည်းပညာနှင့် စားသောက်ကုန် ဘေးအန္တရယ်ကင်းရှင်းစေရေးတို့ကို သင်ကြားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သင်တန်းတွင် သင်တန်းသား ၁၅ ဦးကို တပတ်ကြာသင်ကြားမည်ဖြစ်သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၂၄  

မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့အကြား ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ချုံချင့်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် မစ္စတာကျွန်းယန် (Mr. Jun Yang) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် တက္ကသိုလ်များအကြား သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာများနှင့် ကျောင်းသားများအကြား အပြန်အလှန်ဖလှယ်ရေးနှင့် ချုံချင့်တက္ကသိုလ်က ပညာသင်ဆုပေးအပ်ရန် တိုးမြှင့်လုပ်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ချုံချင့်တက္ကသိုလ်ကို ၁၉၂၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သိပ္ပံပညာရပ်အတွက် ဌာနခြောက်ခုဖွင့်လှစ်ထားကာ လူမှုရေးသိပ္ပံ၊ သဘာဝပတ်ဝန်းကျင်၊ နည်းပညာ၊ သတင်းအချက်အလက်နည်းပညာတို့ကို အဓိကသင်ကြားပေးသည့် တက္ကသိုလ်တခုဖြစ်သည်။ ချုံချင့်တက္ကသိုလ်သည်  နိုင်ငံပေါင်း ၂၀ ကျော်က အဖွဲ့အစည်း ၂၀ ကျော်နှင့် အဆင့်မြင့်ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ စစ်ကောင်စီနှင့် ချုံချင့်မြိုအာဏာပိုင်များအကြားတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဥ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေးတို့ကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်မှုများရှိနေသည်။ ချုံချင့်မြို့သည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများကို ချိတ်ဆက်မည့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) ၏ ဗဟိုချက်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဒေသ၏ ကုန်သွယ်ရေးအချက်အချာနေရာလည်းဖြစ်သည်။ (တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ် သုံးသွယ်ကို ISP-Myanmar ကပြင်ရပ်ဝန်း၏ အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်-၁၀ တွင် ရှုပါ။)
၂၀၂၅၊ ဖေဖော်ဝါရီ ၂၂-၂၈  

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ပြုလုပ်သည့် ‘မဲခေါင်-လန်ချန်း ယဉ်ကျေးမှုအစီအစဥ် (၂၀၂၄) မြန်မာနိုင်ငံ’ ကို ပုဂံမြို့တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ တပတ်ကြာပြုလုပ်သည့် အဆိုပါအစီအစဉ်တွင် ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးအတွက်ရည်ရွယ်ကာ လန်ချန်း-မဲခေါင်အဖွဲ့ဝင်ခြောက်နိုင်ငံက လူငယ်များကိုဖိတ်ခေါ်၍ ရိုးရာပန်းချီကား ဖန်တီးခြင်း၊ ပန်းချီအနုပညာဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ အနုပညာပြပွဲပြုလုပ်ခြင်းနှင့် လေ့လာရေးခရီးစဉ် သွားရောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါအစီအစဥ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကောင်စီ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စမာကျား (Ms. Ma Jia)၊ စစ်ကောင်စီ မန္တလေးတိုင်း လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများက ပန်းချီပညာရှင်များနှင့် မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များ အစည်းအရုံးက ပန်းချီပညာရှင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၂၂  

အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတွင် လူကုန်ကူးခံခဲ့ရသည့် တရုတ်နိုင်ငံသား ၁၁၁ ဦးနှင့် ထိုင်းနိုင်ငံသားတဦးကို မြန်မာ-ထိုင်း အမှတ်-၂ ချစ်ကြည်ရေးတံတားကတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စစ်ကောင်စီက ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်ပြီး မြဝတီမြို့ရှိ ရွှေကုက္ကိုနှင့် KK Park တို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ကိုင်ရန် ဖိအားပေးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ စစ်ကောင်စီရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်တင်ကိုကို၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလျှိုနင်နင် (Mr. Liu Ning Ning)၊  ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် အမှတ်-၃ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယဌာနမှူး ရဲမှူးကြီးပလုန်ခလင်းပယုံ (Ploen Klinpayom) တို့ တက်ရောက်ခဲ့ကြသည်။ ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် မြန်မာ၊ တရုတ်နှင့် ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနေကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၂၀  

‘ဝ’ပြည် သွေးစည်းညီညွတ်‌ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရုတ်နိုင်ငံသားတဦး ဦးဆောင်သည့် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ ၁၀၅ ဦးကို UWSA က ဖမ်းဆီးခဲ့ကြောင်း ‘ဝ’ ကို​ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် သတင်းဌာနတွင် ဖော်ပြထားသည်။ ဖမ်းဆီးရမိသူ ၁၀၅ ဦးတွင် ‘ဝ’၊ ကိုးကန့်နှင့် ရှမ်းလူမျိုးများ အများစုပါဝင်ပြီး ဦးဆောင်သူ တရုတ်အမျိုးသားမှာ လွတ်မြောက်သွားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တန့်ယန်းမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁,၀၀၀ ကျော်ကို UWSA က ဖမ်းဆီးခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၂၀   

မြဝတီမြို့ရှိ ရွှေကုက္ကိုနှင့် KK Park တွင် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သည်ဟု သံသယရှိသည့် တရုတ်နိုင်ငံသား ၂၀၀ ဦးကို အမှတ်-၂ ချစ်ကြည်ရေးတံတားကတဆင့် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကတဆင့် တရုတ်နိုင်ငံသို့ ဆက်လက် ပို့ဆောင်မည်ဖြစ်သည်။ အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ စစ်ကောင်စီရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်တင်ကိုကို၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလျှိုနင်နင် (Mr. Liu Ning Ning) နှင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာနာရုံချိုင်ဇင်ဒါဖန် (Mr. Narongchai Jindaphan) တို့ တက်ရောက်ခဲ့ကြသည်။  တရုတ်နိုင်ငံသားများ လွှဲပြောင်းနိုင်ရေး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ (Mr. Liu Zhong Yi) အပါအဝင် စစ်ကောင်စီနှင့် ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်များ မြဝတီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဖေဖော်ဝါရီ ၁၉ 
 
တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် အသုံးပြုရန် ဆာလ်ဖျူရစ်အက်ဆစ် တင်ဆောင်လာသည့် ယာဥ်တန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း BBC သတင်းဌာနတွင် ‌ဖော်ပြထားသည်။ အဆိုပါယာဥ်တန်းတွင် အက်ဆစ်တင်တွဲကားများနှင့် စစ်ကောင်စီတပ်သားများ လုံခြုံရေးလိုက်ပါလာသော ကားများအပါအဝင် စုစုပေါင်း ကားအစီးရေ ၅၀ ကျော်ပါဝင်သည်။ အဆိုပါယာဥ်တန်းကို ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် တကြိမ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် တကြိမ် ဒေသခံကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်မှုကြောင့် ယာဥ်တန်းပါကားတချို့ ထိခိုက်ခဲ့ပြီး စစ်ကောင်စီ ဝန်ထမ်းသုံးဦး ဖမ်းဆီးခံရကြောင်းလည်း ဖော်ပြထားသည်။ တိုက်ခိုက်မှုများကို ကျောက်ဆည်ခရိုင် အမှတ်-၂ တပ်ရင်း၊ တပ်ခွဲ-၄ လက်ရုံးတပ် (Brave Heart Army- BHA)၊ Chindwin Fighter Group (CFG)၊ Golden Peacock Attack Force နှင့် မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ စစ်ကောင်စီထိပ်ပိုင်းနှင့် တရုတ်နိုင်ငံအတွက်သာ အကျိုးရှိပြီး စစ်ကောင်စီ၏ ထောက်တိုင်စီမံကိန်းဖြစ်သောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဝမ်ပေါင်ကြေးနီစီမံကိန်း အနီးတဝိုက်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှာ ၁၀ ကြိမ်ထက်မနည်းရှိပြီဖြစ်ပြီး ကြေးနီစီမံကိန်းယာဥ်တန်း တိုက်ခိုက်ခံရမှုမှာ လေးကြိမ်ထက်မနည်း ရှိပြီဖြစ်သည်။ ယခုအကြိမ်တိုက်ခိုက်မှုမှာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းပြီး တရက်အကြာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်တွင်  တိုက်တွန်းခဲ့သည်။ ထို့အပြင် မစ္စတာဝမ်ယိခရီးစဥ်ပြီးနောက်တွင် တရုတ်နိုင်ငံက အဆိုပြုထားသည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးတွဲလုပ်ကိုင်မည့် လုံခြုံရေးကုမ္ပဏီတည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီကိုလည်း စစ်ကောင်စီဘက်က ဖွဲ့စည်းထားသည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၁၇   

မြဝတီမြို့ရှိ ရွှေကုက္ကိုနှင့် KK Park တို့တွင် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သည်ဟု သံသယရှိသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းနိုင်‌ရေးအတွက် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်များ မြဝတီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် သုံးနိုင်ငံ ကျားဖြန့်နှိမ်နင်းရေးစနစ် ဖော်‌ဆောင်ရေးနှင့် မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများ ပပျောက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို စစ်‌ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး  မစ္စတာလျှိုကျုံးရီ (Mr. Liu Zhong Yi) နှင့်  ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး Trisak Indararusmi တို့ ဦးဆောင်တက်ရောက်ခဲ့ကြသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက အာဆီယံနိုင်ငံများက သံတမန်များနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်၌ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံ၍ ပြောကြားခဲ့သည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၁၇  

မြဝတီမြို့နှင့်အနီးတဝိုက်ရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများတွင် လူကုန်ကူးခံရသူများနှင့် လုပ်ငန်းလုပ်ကိုင်သည်ဟု သံသယရှိသူများကို တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီ (Liu Zhoung yi) က တွေ့ဆုံခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောခဲ့သည်။ BGF က ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ကိုင်သူများကို တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး BGF နှင့် သီးသန့်တွေ့ဆုံခြင်းမရှိခဲ့ပါ။   မစ္စတာလျိုကျုံးရီသည် BGF က ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား တထောင်ကျော်အနက် တရုတ်နိုင်ငံသား ၈၀၀ ကျော်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မစ္စတာလျိုကျုံးရီသည် စစ်‌ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် တွေ့ဆုံကာ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သူ နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက် ဆွေးနွေးခဲ့သေးသည်။ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ကိုင်သူ နိုင်ငံခြားသား ၁,၀၃၀ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၁၆-၁၇  

တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် တအာင်း(တအန်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ ရောက်ရှိနေသည့်နေရာကစ၍ အပစ်ရပ်ရန်၊ နှစ်ဖက်ထိုးစစ်ဆင်ခြင်းမပြုရန်၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းမပြုရန် စသည့် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဒေသခံများ၏ စားဝတ်နေရေးကိစ္စနှင့် ဆေးဝါးများ သယ်ဆောင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ TNLA က ဒုတိယဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီးတာမိုးဟိန်းနှင့် ကိုယ်စားလှယ်ကိုးဦးတို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က ကစထ-၁ မှုးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲမှာ ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့သည်။ ပြည်သူများကိုငဲ့ညှာခြင်းနှင့် ကြားဝင်ဆောင်ရွက်ပေးနေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားခြင်းတို့ကြောင့် စစ်ရေးပဋိပက္ခများကို အဆုံးသတ်ရန် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် TNLA က ထုတ်ပြန်ခဲ့သည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၁၄   

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်ပြည်သူ့လုံခြုံရေး လက်‌ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ (Mr. Liu Zhong Yi) တို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ  ပူးပေါင်းနှိမ်နင်းရေးအတွက် နေပြည်တော်တွင်  တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။  ထိုဆွေးနွေးပွဲတွင် မြဝတီဒေသရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) များ တိုက်ဖျက်ရေး၊ ကျားဖြန့်လုပ်ငန်းများတွင် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားများကို ကယ်တင်ရေး၊ ပြန်လည်လွှဲပြောင်းရေးနှင့် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ပြည်နှင်လွှဲပြောင်းရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံက အလိုရှိသော တရားခံပြေးများ လွှဲပြောင်းရေးနှင့် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးအတွက် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ အစည်းအဝေးပြုလုပ်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျား (Ms. Ma Jia) လည်း တက်‌ရောက်ခဲ့သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၁၄  

မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် နယ်စပ်ဒေသရှိ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှုများကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရေးနှင့် လောင်းကစားနှင့် လိမ်လည်မှုကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊  နိုင်ငံတကာအပါအဝင် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့ တက်ရောက်ခဲ့သည်။ တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးမစ္စတာလျိုကျုံးရီ (Mr. Liu Zhongyi)  ဦးဆောင်သည့် တရုတ်အာဏာပိုင်များက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လာရောက်ခဲ့ပြီး မြဝတီအခြေစိုက် ကျားဖြန့်လုပ်ငန်းများ၏ အခြေအနေကို ထိုင်းနိုင်ငံ အာဏာပိုင်များနှင့်ဆွေးနွေးခဲ့သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၁၁   

စီးပွားရေးစင်္ကြံစီမံကိန်းတွင် တခုအပါအဝင်ဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဖြည့်ဆည်းရမည့်အချက်များကို ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း  စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံတကာရန်ပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(China International Trust and Invest Corporation-CITIC) နှင့် စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဒေါက်တာကံဇော်က ၂၀၂၅ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည့် ‘စီမံကိန်းစတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရမည်များကို လုပ်ဆောင်ရန်ကာလ’ (Long Stop Date) သက်တမ်းမတိုင်မီ လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းခဲ့သည်။ စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက စီမံကိန်းမစတင်မီ ‌မြန်မာဘက်က ဆောင်ရွက်ရမည့် အချက် ၁၀ ချက်နှင့် မြန်မာ-တရုတ် ပူး‌ပေါင်းဆောင်ရွက်ရမည့် အချက်လေးချက်တို့ကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ‘စီမံကိန်းစတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရမည်များကို လုပ်ဆောင်ရန်ကာလ’ (Long Stop Date) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း ၁၈ လ တိုးမြှင့်ခဲ့သည်။ ဆွေးနွေးပွဲကို စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်ကို လက်ရှိတွင် စစ်ကောင်စီက ထိန်းချုပ်ထားပြီး အာရက္ခတပ်တော် (AA) က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။) 
၂၀၂၅၊ ဖေဖော်ဝါရီ ၁၁   

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်မဟာ-၁ ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်ပိုင် ကျောက်ခက်စီမံကိန်းတွင် ပိတ်မိနေသော နိုင်ငံခြားသား ၁၆၀ ဦးကျော်ကို ပြန်လွှတ်ပေးရန် စီစဥ်နေကြောင်း DKBA အမှတ်-၁ စစ်ဒေသကွပ်ကဲရေးမှုးက ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူများမှာ ပါကစ္စတန်နိုင်ငံသား အများစုဖြစ်ပြီး နီပေါ၊ အာဖရိကနှင့် ဖိလစ်ပိုင်တို့ကလည်း ပါဝင်သည်။ အဆိုပါ ဖမ်းဆီးခံရသူများကို စစ်ကောင်စီနှင့် ထိုင်းအစိုးရတို့၏ အစီအစဥ်ဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းမည်ဖြစ်သည်။ ကျောက်ခတ်စီမံကိန်းသည် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးရှိ ကျောက်ခတ်ကျေးရွာအနီးတွင် တည်ရှိပြီး DKBA ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသုံးဆူမြို့ထဲရှိ တရုတ်လူမျိုးများကို ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားထွက်ခွာရန် DKBA က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၁၀-၁၅  

တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး တိုးမြှင့်ရန်နှင့် တရုတ်ကုမ္ပဏီများနှင့် သတ္တုတူးဖော်သည့် မန်ဆိုင်း သတ္တုတွင်းကို ပြန်လည်ဖွင့်လှစ်ပေးရန် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ၂၀၂၄ ခုနှစ် ဗဟိုလုပ်ငန်းနှစ်ချုပ်အစည်းအဝေးတွင် ပြောခဲ့ကြောင်း ‘ဝ’ပြည်သတင်းဌာန (Wa State TV – WSTV) က ထုတ်ပြန်ခဲ့သည်။ နှစ်ချုပ်အစည်းအဝေးတွင် အချက်ကိုးချက်ပါ ရှေ့ဆက်လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ပြီး အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း ပြီးမြောက်မှုများကို သုံးသပ်ကာ ၂၀၂၅ ခုနှစ်အတွက် ဆက်လက်လုပ်ဆောင်ရမည့်အချက်များကို ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပေါင်းအိုက်ခမ်းက တင်ပြခဲ့သည်။ ဆက်လက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ် အချက်ကိုးချက်မှာ နိုင်ငံရေး စနစ်ပြုပြင်ပြောင်းလဲမှုများ ဆက်လက်အကောင်အထည်ဖော်ခြင်း၊ မန်ဆိုင်သတ္တုတွင်း ပြန်လည်ဖွင့်လှစ်ခြင်း၊ လွှတ်တော်အတွင်း လွှတ်တော်အကြီးအကဲများ၊ တရားမဝင်လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိန်းချုပ်စိစစ်ခြင်း၊ နိုင်ငံခြားဆက်ဆံရေးကို တိုးမြှင့်ခြင်း၊ သဘာဝစွမ်းအင်များဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကတဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကိုမြှင့်တင်၍ တောင်သူများ၏ဝင်ငွေ တိုးမြှင့်ခြင်း၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးစနစ်တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ဖြစ်သည်။ အစည်းအဝေးကို ပန်ဆန်းမြို့တွင် ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၅ ရက်အထိ ငါးရက်ကြာကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် စစ်ဦးစီးချုပ် ပေါက်ယိုချမ်း၊ ဒုတိယစစ်ဦးစီးချုပ် စစ်ဦးစီးဌာန စစ်ဦးစီးမှူး ကျောက်ကျုံတန်၊  ပြင်ပဆက်ဆံရေးဌာနမှူး  ကျောက်ကော်အန်း၊ ဘဏ္ဍာရေးဌာနမှူး  ပေါက်ယိုလျန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပေါက်အိုက်ခမ်း၊ ဗဟိုကော်မတီဝင်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းစဉ်ကိုးချက်အနက်  မန်ဆိုင်သတ္တုတွင်းက သံဖြူသတ္တု ပြန်လည်တူးဖော်မည့် လုပ်ငန်းစဥ်ကို ချမှတ်ခဲ့သည်။ မန်ဆိုင်သတ္တုတွင်းသည် UWSA ၏ အုပ်ချုပ်မှုနယ်မြေဖြစ်သော မိုင်းလင်းခရိုင်တွင်တည်ရှိပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစတင်၍ တူးဖော်ခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။  UWSP ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မန်ဆိုင်သတ္တုတွင်း ပြန်လည်ဖွင့်လှစ်ရန် စိစစ်မှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ‘ဝ‌’ ဒေသသည် တရုတ်နိုင်ငံ၏ သံဖြူလိုအပ်ချက် ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့သံဖြူထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို ဖြည့်တင်းနေခြင်းဖြစ်သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၉   

ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်တွင် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၂၁ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မိုင်းရယ်မြို့နယ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦးနှင့် ကျားဖြန့်ဂိုဏ်းကို လုံခြုံရေးပေးထားသူ ငါးဦး စုစုပေါင်း ၁၀၂ ဦးတို့ကို ဖေဖော်ဝါရီ ၅ ရက်ကနေ ၉ ရက်အထိ ဖမ်းဆီးရမိထားပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ ထိုကျားဖြန့်ရုံကို ဝင်ရောက်စီနင်းစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း မိုင်းဟဒေသခံများက ရွှေဖီမြေသတင်းဌာနသို့ပြောခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရွှေကုက္ကိုနှင့် KK Park တို့ရှိ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၉ ဦးအပါအဝင် ခုနစ်နိုင်ငံက ၆၁ ဦးကို စစ်ကောင်စီက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၉  

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့သို့ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီလကုန်တွင် အပြီးထွက်ခွာရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကစတင်ကာ ဘုရားသုံးဆူမြို့သို့ လျှပ်စစ်နှင့် လောင်စာဆီ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းခြင်းဖြင့် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ပေးရန် ဖိအားပေးခဲ့သည်။ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများ၏ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၇   

ပုသိမ်ကြီးမြို့နယ် တဲကုန်းကျေးရွာက အမျိုးသမီးတဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် လုပ်ဆောင်ခဲ့သူများကို စစ်ကောင်စီက လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြထားသည်။ တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ပါက တင်‌တောင်းငွေအဖြစ် တရုတ်ယွမ် ၄၀,၀၀၀ (မြန်မာကျပ်ငွေ ၂၄၅ သိန်းခန့်) ရရှိမည်ဟု တရားခံ နန်းထွေးနှင့် မြင့်မြင့်စန်းတို့က ပြောဆိုစည်းရုံးခဲ့သည်။ တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု မက်လုံးပေးခံရပြီး တရုတ်ဇနီးမယားအဖြစ် လိမ်လည်ရောင်းစားခံရသူအများစုမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)က အများစုဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့က အမျိုးသမီးများလည်းပါဝင်ကြောင်း Kachin Women Association Thailand အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၅၊ ဖေဖော်ဝါရီ ၇  

တရုတ်နိုင်ငံအနေနှင့် ပြည်တွင်းရေးဝင်မစွက်ဖက်မူဝါဒကို ကျင့်သုံးကြောင်းနှင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အလေးထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းက အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။  ထို့အပြင် နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေသော မြန်မာနိုင်ငံရှိ  အဖွဲ့အစည်းများကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အာဆီယံအတွင်း စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းရေး၊ မြန်မာ့အရေးစေ့စပ်ညှိနှိုင်းရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်နိုင်ရေးနှင့် မြန်မာ့အရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီမှု ငါးချက်အတိုင်း တည်ငြိမ်ရေးနှင့် ပဋိပက္ခလျော့ကျရေးတို့တွင် ပါဝင်မည်ဖြစ်ကြောင်းပြောခဲ့သည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၆  

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြို့သစ်တွင် ရာဇဝတ်မှုကျူးလွန်သူများကို လက်မခံကြောင်းနှင့် အစိုးရအပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့က ရွှေကုက္ကိုမြို့သစ်တွင် လူကုန်ကူးခြင်း၊ ကျားဖြန့်လုပ်ကိုင်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းတို့ကို လက်မခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်ကစ၍ လူကုန်ကူးခံရသူ ၂,၀၀၀ ကျော်ကို နိုင်ငံတကာနှင့်ပူးပေါင်း၍ သက်ဆိုင်ရာနိုင်ငံများကို ပြန်ပို့ပေးမည်ဖြစ်ကြောင်း၊ BGF အနေနှင့် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများတွင် အကျိုးတူပါဝင်မှုမရှိကြောင်းနှင့် တရားမဝင်လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းရှင်များကတဆင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း ငြင်းဆိုထားသည်။ တရုတ်ကျားဖြန့်ဂိုဏ်းများ ဦးဆောင်နေသည့် ထိုင်း-မြန်မာ နယ်စပ် မြဝတီအခြေစိုက် လုပ်ငန်း ၃၆ ခုကို နှိမ်နင်းရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီ (Mr. Liu Zhongyi) က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပြောခဲ့သည်။ ထို့အပြင် ကျားဖြန့်နှင့် လူကုန်ကူးကုပြဿနာများ ဖြေရှင်းရန် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အရေးပေါ်အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် ထိုသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဖေဖော်ဝါရီ ၆  

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စပေထုန်တန်တွေ့ဆုံရာတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။  ထိုင်းနိုင်ငံသည် ခရီးသွားများ၏ လုံခြုံရေးကို အလေးထားကြောင်းနှင့် ထိုင်းနိုင်ငံကို ကြားခံ၍ မြန်မာနိုင်ငံသို့ လူကုန်ကူးခံရမှုများသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေကြောင်း မစ္စပေထုန်တန်က ပြောခဲ့သည်။ မစ္စတာရှီကျင့်ဖျင်က အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ လုပ်ဆောင်ချက်ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တရားစီရင်ရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့သည်။ ကျားဖြန့်လုပ်ငန်းများအခြေအနေကို ကြည့်ရှုနိုင်ရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးမစ္စတာလျိုကျုံးရီ (Mr. Liu Zhongyi)  ဦးဆောင်သည့် တရုတ်အာဏာပိုင်များက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လာရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်းနိုင်ငံက မြဝတီသို့ လျှပ်စစ်နှင့် လောင်စာတင်ပို့မှု ရပ်တန့်ခဲ့သည်။  
၂၀၂၅၊ ဖေဖော်ဝါရီ ၆  

ကရင်ပြည်နယ် မြဝတီမြို့အခြေစိုက် ရွှေကုက္ကိုနှင့် KK Park တွင် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ကိုင်ရန် လူကုန်ကူးခံခဲ့ရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား  ၆၁ ဦးကို ထိုင်း-မြန်မာ အမှတ်-၂ ချစ်ကြည်ရေး တံတားကတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စစ်ကောင်စီက ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ လူကုန်ကူးခံရသူများသည် ထိုင်းနိုင်ငံတွင် လစာမြင့်မားသော အလုပ်ရရှိမည်ဟု မက်လုံးပေးခံရပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့ကတဆင့် မြဝတီမြို့နယ်အတွင်းသို့ လူကုန်ကူးခံရခြင်းဖြစ်သည်။ ကျားဖြန့်တိုက်ဖျက်ရေးအတွက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးပြီးနောက် မြဝတီမြို့နှင့်အနီးတဝိုက်ရှိ ကျားဖြန့်လုပ်ငန်းခွင်များတွင် လူကုန်ကူးခံရသူများကို စစ်ကောင်စီက ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဖေဖော်ဝါရီ ၆  

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ‘ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနား’ ကို ရှမ်းပြည်နယ်ရှိ  ကျေးရွာသုံးရွာတွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်အောက်ကတဆင့် ကလောခရိုင် ကုန်းခြံကျေးရွာ၊ တောင်ကြီးခရိုင်ရှိ ဆင်တောင်ရွာနှင့် ရွာငံမြို့နယ်ရှိ ကျောက်တောရွာတွင် ရေပေးဝေရေးစနစ် တည်ဆောက်ပေးခဲ့ကြောင်းပြောခဲ့သည်။ ထို့အပြင် မစ္စမာကျားက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ကျေးလက်သောက်သုံးရေပြဿနာကဏ္ဍတွင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ‘ရေအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်အသုံးချရေး’ အတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အများပြည်သူဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ မြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။  စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားသို့ ကျေးရွာကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူဦးရေ ၂၅၀ ခန့် တက်ရောက်ခဲ့သည်။ 
၂၀၂၅၊ ဖေဖော်ဝါရီ ၅  

မြန်မာ-ထိုင်းနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အခြားသက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းအဖြေရှာခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်း (Mr. Lin Jian) က တုံ့ပြန်ခဲ့သည်။ ကျားဖြန့်ရုံများသို့ တင်ပို့နေသည့် လျှပ်စစ်နှင့် လောင်စာဆီကို ထိုင်းနိုင်ငံက ဖြတ်တောက်ခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို Bloomlerg သတင်းဌာနက မေးမြန်းရာတွင် ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။  တရုတ်နိုင်ငံသည် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့် တရားဥပဒေအရပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများ၏ လုံခြုံရေး၊ အခွင့်အရေးများနှင့်အကျိုးစီးပွားများကို ကာကွယ်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် အခြား သက်ဆိုင်ရာနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ရာ နေရာငါးနေရာသို့ ထိုင်းနိုင်ငံက လျှပ်စစ်နှင့် လောင်စာတင်ပို့မှု ရပ်တန့်ခဲ့သည်။  
၂၀၂၅၊ ဖေဖော်ဝါရီ ၃   

ကျားဖြန့်နှိမ်နင်းရေးအတွက် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုနှင့် KK Park သို့ပေးနေသည့် လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်း လျှော့ချမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး  Phumtham Wechayachai ကပြောကြားခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြထားသည်။ အပြစ်မဲ့အရပ်သားများအပေါ် လူသားချင်းစာနာသည့်အနေဖြင့် ၅၀ ရာခိုင်နှုန်းသာ ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့်  မြဝတီရှိ ကျားဖြန့်လုပ်ငန်းများကို မြန်မာအာဏာပိုင်များက အရေးမယူပါက လျှပ်စစ်ဓာတ်အား အကုန်ဖြတ်တောက်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ လျှပ်စစ်ဓာတ်အား လျှော့ချမည့်အကြောင်းနှင့်ပတ်သက်၍ ထိုင်းဘက်က အသိပေးခဲ့သော်လည်း စစ်ကောင်စီက အကြောင်း မပြန်ခဲ့ကြောင်း Phumtham Wechayachai ကပြောကြားခဲ့သည်။ လျှပ်စစ်ဓာတ်အားကို မဖြတ်တောက်မီ ကျားဖြန့်ဂိုဏ်း များရှိသည်ဟု သံသယရှိသည့် နေရာများကို သွားရောက်စစ်ဆေးရန်နှင့်  အခြားသက်ဆိုင်ရာ အချက်အလက်များကို ထိုင်းအစိုးရအနေနှင့် ထည့်သွင်းစဥ်းစားရန် လိုအပ်ကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (National Security Council) အတွင်းရေးမှုးချုပ် Chatchai Bangchuad ကပြောကြားခဲ့သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဖေဖော်ဝါရီ ၃   

အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ထိရောက်စွာအရေးယူခဲ့ကြောင်း၊ စစ်ကောင်စီ အနေနှင့် နိုင်ငံတကာနှင့်ပူးပေါင်းကာ ကျားဖြန့်တိုက်ဖျက်ရေးဆောင်ရွက်နေကြောင်း နေပြည်တော်တ္ငင် ပြုလုပ်သည့် စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးနယ်မြေအလိုက် ကျားဖြန့်လုပ်ငန်းများနှင့် အခြားဒုစရိုက် လုပ်ငန်းများကို အရေးယူရန်နှင့် တာဝန်ရှိသူများပါဝင်ပတ်သက်နေပါက ထိရောက်စွာအရေးယူရန် တိုက်တွန်းခဲ့သည်။ ရွှေကုက္ကိုနှင့် KK Park တွင် ကျားဖြန့်လုပ်ကိုင်သော တရုတ်နိုင်ငံသား ၅၃,၃၈၈ ဦးကို ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ Provincial Electricity Authority (PEA) ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများ အခြေစိုက် သည့် နေရာငါးနေရာကို ဓာတ်အားဖြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဇန်နဝါရီ ၃၁  

မြန်မာနိုင်ငံ၏ အကျပ်အတည်းဖြေရှင်းနိုင်ရေး ၂၀၀၈ အခြေခံဥပဒေအောက်ကကျင်းပသည့် ရွေးကောက်ပွဲကတဆင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို သွားရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တရုတ်နိုင်ငံတို့က တိုက်တွန်းမှုကို လက်မခံကြောင်း သောင်ရင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်။ ‘နွေဦးတော်လှန်ရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် သောင်ရင်းဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင်ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် မည်သည့်ပြည်ပနိုင်ငံများ၏ လွှမ်းမိုးချယ်လှယ်မှုကို လက်မခံကြောင်းအပါအဝင် သဘောတူညီချက် ၁၀ ချက်ပါဝင်သည့် သောင်ရင်းဆွေးနွေးပွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေသည့် တော်လှန်ရေးအင်အားစုများ၏ အသံနှင့် ရပ်တည်ချက်များကို ဆက်လက်ထုတ်ပြန်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံရသူများနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆောင်ရွက်ရန်နှင့် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးနည်းလမ်းနှင့် စစ်ရေးနည်းလမ်းများအတွက် အင်အားစုအားလုံးက ဆက်နွှယ်ရာဒေသအလိုက် မဟာမိတ်စုဖွဲ့ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲကို နွေဦးတော်လှန်ရေးတွင်ပါဝင်သည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ CDM အင်အားစုများ၊ သမဂ္ဂများ၊ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅၊ ဇန်နဝါရီ ၃၁

ကရင်ပြည်နယ် မြဝတီမြို့နှင့်အနီးတဝိုက်တွင် အခြေစိုက်သည့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ၊ ဂိမ်းဆိုင်များနှင့် လောင်းကစားဝိုင်းများကို ပိတ်သိမ်းရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်  (DKBA) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် တပ်ဖွဲ့ဝင်များအားလုံး သက်သာချောင်ချိရေးအတွက် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို အပြီးတိုင် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဖိအားပေးလာပြီးနောက်တွင် မြဝတီမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ လောင်းကစားဝိုင်းများကို စတင်ပိတ်သိမ်းလာသည်။ ထို့အပြင် ကျားဖြန့်လုပ်ငန်းခွင်များကို လျှပ်စစ်မီးထောက်ပံ့နေသည့် ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်အာဏာပိုင် (Provincial Electricity Authority – PEA) ကလည်း ဓာတ်အားဖြတ်တောက်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၉  

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရသူ ဗိုလ်မှူး နိုင်မောင်ဇော်ကပြောခဲ့သည်။ ရွှေကုက္ကိုမြို့သစ်နဲ့ အင်ကြင်းမြိုင် (KK Park) က တရုတ်နိုင်ငံသား ၃၉ ဦးအပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံသားများအနက် တရုတ်အစိုးရဘက်က အလိုရှိနေသည့် ရာဇဝတ်မှုကျုးလွန်သူများလည်းပါရှိသည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးမစ္စတာလျိုကျုံးရီ (Mr. Liu Zhongyi)  ဦးဆောင်သည့် တရုတ်အာဏာပိုင်များက ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လာရောက်ပြီးနောက် ထိုသို့လွှဲပြောင်းရန် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖြိုခွင်းနိုင်ရန် ‘စင်ရော်စစ်ဆင်ရေး’ ကို အကောင်အထည်ဖော်မည်ဟု ကြေညာပြီး တပတ်ခန့်အကြာတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးက  မဲဆောက်မြို့အထိ ရောက်ရှိခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၉  

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အနေနှင့် တရုတ်နှစ်သစ်ကူးအပြီးတွင် ၎င်းတို့ထိန်းချုပ်ထားသည့် လားရှိုးမြို့မှ ဆုတ်ပေးရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တရုတ်ကိုယ်စားလှယ်အဖွဲ့ကပြောခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ သို့သော်လည်း MNDAA ၏ ပြန်လည်ထူထောင်ရေးတာဝန်ခံက လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာမည်မဟုတ်ကြောင်းနှင့် မြို့တွင်းတွင် ပုံမှန်လည်ပတ်လျက်ရှိကြောင်း ပြောခဲ့သည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ တရုတ်ကြားဝင်မှုဖြင့် အဖွဲ့အစည်းနှစ်ခုအကြား အပစ်ရပ်စဲရေးသဘောတူညီစာချုပ်ကို ဇန်နဝါရီ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးပြီးနောက် ကိုးကန့်ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်းမတိုက်ခိုက်ရန်နှင့် အဖွဲ့အစည်းနှစ်ခုလုံးက ထိုးစစ်ဆင်ခြင်းမပြုရန် ပါရှိသည်။ လားရှိုးမြို့ကို ပူးတွဲအုပ်ချုပ်ရန်နှင့် ရွေးကောက်ပွဲပြီးသွားသည့်နောက်တွင် နိုင်ငံရေးအရ ညှိနှိုင်းရန် တရုတ်ဘက်က တိုက်တွန်းထားသည်။ အပစ်ရပ်သဘောတူညီမှုတွင် ပါဝင်သည့် အကြောင်းအရာများကို စစ်ကောင်စီနှင့် MNDAA တို့က တရားဝင်ကြေညာခြင်း မရှိသေးပေ။ 
၂၀၂၅၊ ဇန်နဝါရီ ၂၈  

တရုတ်ကျားဖြန့်ဂိုဏ်းများ ဦးဆောင်နေသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီအခြေစိုက် လုပ်ငန်း ၃၆ ခုကို နှိမ်နင်းရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးမစ္စတာ လျိုကျုံးရီ (Mr. Liu Zhongyi) က ပြောခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ထိုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူ လူတသိန်းကျော်ရှိပြီး ထိုင်းနိုင်ငံ တာခ့်ခရိုင်မှတဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် တရုတ်နိုင်ငံသားများကို  ဖိအားပေးခိုင်းစေမှုများရှိနေကြောင်း မစ္စတာလုကျုံရီက ပြောခဲ့သည်။ မစ္စတာလုကျုံရီက ထိုင်းနိုင်ငံတွင်းနေထိုင်သည့် ဂိုဏ်းခေါင်းဆောင်များကို အမြန်ဆုံးဖမ်းဆီးပေးရန်နှင့် တရုတ်နိုင်ငံသား ဝမ်ရှင်းလူကုန်ကူးခံရမှုတွင် ပါဝင်သည့်သံသယရှိသူ ၂၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ထိုင်းဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ကို တောင်းဆိုခဲ့သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၇  

နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို တားဆီးရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးရန်၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရန်နှင့်  မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ထို့အပြင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထောက်ပံ့ပေးနေသည့် လျှပ်စစ်၊ အခြေခံစားသောက်ကုန်နှင့် အင်တာနက်ရယူမှုတို့ကို အိမ်နီးချင်းနိုင်ငံများကတဆင့် သုံးစွဲနေမှု၊ အခြေခံအဆောက်အအုံရင်းနှီးမှုများကို ပြည်ပနိုင်ငံများက လုပ်ဆောင်နေမှုနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့အကြားပူ ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန (Police Cooperation Center) တည်ထောင်မှုတို့ကိုလည်း ဆွေးနွေးခဲ့သည်။ စစ်ကောင်စီ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများကို ဖမ်းဆီးရန်၊ တိုက်ဖျက်ရန်နှင့် အခက်အခဲကြုံနေသော နိုင်ငံခြားသားများကို ကယ်တင်ရန် ဆောင်ရွက်မှုများကို ပြောခဲ့သည်။ ‘မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ’ က အဖွဲ့ဝင်များ၊ စစ်ကောင်စီရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို ဖြိုခွင်းရန် ထိုင်း၊ မြန်မာနှင့် တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၂၁ ရက်တွင် ‘စင်ရော်စစ်ဆင်ရေး’ အမည်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲပြုလုပ်ပြီးနောက် သုံးနိုင်ငံ ပူးပေါင်း၍ ကျားဖြန့်လုပ်ငန်းများကိုနှိမ်နင်းရန် တရုတ်ဘက်က အာရုံစိုက်လာသည်။
၂၀၂၅၊ ဇန်နဝါရီ ၂၆  

မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် ကျားဖြန့်လုပ်ငန်းများ၏ အဓိကဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိကြောင်းနှင့် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပြီးကြောင်း တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဗြူရို (MPS) က ထုတ်ပြန်ခဲ့သည်။ မျိုးရိုးနာမည် ‘ရန်’ အမည်ရှိသည့် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရသည့် ဖြစ်ရပ်အများအပြားတွင် ပါဝင်နေကြောင်းနှင့် ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးခဲ့ကြောင်း သံသယရှိသူအဖြစ် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဗျူရိုက စောင့်ကြည့်ကင်မရာများအရ တရုတ်နိုင်ငံသားများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများအတွက် လူကုန်ကူးခံရကြောင်းနှင့် လူကုန်ကူးခံရသူများကို ကယ်ဆယ်နိုင်ရန် အဆိုပါဒေသရှိ ဒေသအာဏာပိုင်များနှင့်ဆက်သွယ်ကာ စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကျားဖြန့်လုပ်ငန်းများကို ဖြိုခွင်းနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းကာ နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူသွားမည်ဖြစ်ပြီး လူကုန်ကူးခံရသူများကို ကယ်ဆယ်မည်ဖြစ်ကြောင်း  တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်ခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၆  

မြန်မာနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးနှင့် စက်မှုဇုန်စီမံကိန်းများရေးဆွဲရန်အတွက် စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တရုတ်နိုင်ငံ ချုံချင့်မြူနီစပယ်အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဦးမျိုးသန့်က အမျိုးသားနယ်မြေဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Spatial Development Framework Plan) အတွက် မူဘောင်ချမှတ်ခြင်းနှင့် မြို့ပြနှင့် ကျေးလက်ဒေသ ဟန်ချက်ညီစွာဖွံ့ဖြိုးနိုင်ရေး စီမံချက်များရေးဆွဲပေးခြင်း၊ စက်မှုဇုန်များအတွက် ပင်မစီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းများကို လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍအတွက် နည်းပညာဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တရုတ်နိုင်ငံနှင့် ဆွေးနွေးလိုကြောင်းပြောခဲ့သည်။ မစ္စတာကျန်းတွမ်ထောင်က မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍအပါအဝင် နယ်ပယ်စုံတွင် ချုံချင့်မြူနီစီပယ်အစိုးရက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း၊ ချုံချင့်မြို့အခြေစိုက် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီများဖြင့် တွေ့ဆုံစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ချုံချင့်ခရီးစဉ်တွင် ဦးမျိုးသန့်က ချုံချင့်နှင့် မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်နိုင်သည့် စီးပွားရေးနှင့်အခြေခံအဆောက်အအုံဆောက်လုပ်ရေးတို့အတွက် ချုံချင့်မြို့ နိုင်ငံခြားရေးဌာန မြို့ပြစီမံကိန်းနှင့် သဘာဝသယံဇာတဗျူရိုနှင့် ဆောက်လုပ်ရေးကော်မရှင်များရှိ တာဝန်ရှိသူများ နှင့်တွေ့ဆုံခဲ့သေးသည်။
၂၀၂၅၊ ဇန်နဝါရီ ၂၅  

တအောင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်  နမ့်ခမ်း-နောင်တောင်းဂိတ်ကို တရုတ်နိုင်ငံဘက်က ဆက်လက်ပိတ်ထားကြောင်း  TNLA ပြောခွင့်ရ လွေးယေဦးက ပြောခဲ့သည်။ နမ့်ခမ်း-နောင်တောင်းဂိတ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်ကစ၍ တရုတ်ဘက်က ပိတ်ထားခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အပစ်ရပ်လက်မှတ်ထိုးပြီးနောက် MNDAA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၅  

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးကို ကူညီထောက်ပံမှုအတွက် ကျေးဇူးတင်ရှိကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ပြောခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားကြောင်းနှင့် စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံစဉ်တွင်လည်း မြန်မာ့ပြည်တွင်းတည်ငြိမ်ရေးအတွက် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်၊ နှစ်နိုင်ငံ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန် ကူညီဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ ထို့အပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကူမင်းမြို့ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း ပြောခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကြောင့် အကျိုးရှိသော ရလဒ်များကို ဖြစ်ထွန်းစေကြောင်း မိန့်ခွန်းပြောခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၄  

ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ နယ်စပ်များတွင် အခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် ညှိနှိုင်းရေးရုံး (coordination centre) ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ကြေညာခဲ့သည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ နှစ်နိုင်ငံ ညှိနှိုင်းရေးရုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရဲဌာနချုပ်တွင်လည်းကောင်း၊ ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်မြို့တွင်လည်းကောင်း ဖွင့်လှစ်နိုင်ရန် တရုတ်အာဏာပိုင်များက ပြင်ဆင်လျက်ပြီး ဖေဖော်ဝါရီလအတွင်း စတင်နိုင်မည်ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖြိုခွင်းရန် ဇန်နဝါရီ ၂၁ ရက်တွင် ထိုင်း၊ မြန်မာနှင့် တရုတ်အာဏာပိုင်များက ‘စင်ရော်စစ်ဆင်ရေး’ အမည်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ထိုသို့ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၃  

မြဝတီအခြေစိုက် ရွှေကုက္ကိုရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတွင် ပတ်သက်ခြင်းနှင့် ရှယ်ယာယူခြင်းမရှိကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဧရာဝတီသတင်းဌာနသို့ပြောခဲ့သည်။ ကျားဖြန့်လုပ်ငန်းများသည် တရုတ်နိုင်ငံသားအချင်းချင်း လုပ်ဆောင်နေကြသော လုပ်ငန်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့် လုပ်ငန်းပိတ်သိမ်းနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ ထို့အပြင် ကျားဖြန့်ကျူးလွန်သူ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်ပို့နိုင်ရေးအတွက် နှစ်သစ်ကူးပြီးဆုံးချိန်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်းပြောခဲ့သည်။ လက်ရှိတွင် BGF တပ်နှင့် အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စည်းကမ်းထိန်းသိမ်းရေးနှင့် လူကုန်ကူးမှု တားဆီးရေးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လူကုန်ကူးမှုများကို ဖော်ထုတ်ဖမ်းဆီးရန်နှင့် လူကုန်ကူးမှုများကို လက်ခံထားသည့် နေရာများကို နှိမ်နင်းရန် ဆွေးနွေးခဲ့သည်။ ထို့ပြင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများကို အချိန်တခုအတွင်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၂-၂၄  

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကြေးနီစီမံကိန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီအနီးရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးသည့်အတွက် ဒေသခံ ၃,၀၀၀ ခန့် ထွက်ပြေးနေရကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စီမံကိန်းသို့ လာရောက်သည့် ကားများအတွက်  မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ယင်းမာပင်ခရိုင် စစ်ကောင်စီ ရဲတပ်ရင်း-၂၈ အထိ စစ်ကောင်စီတပ်အင်အား ၄၀ ခန့် လုံခြုံရေးယူထားပြီး ကုမ္ပဏီလုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ် ဂုဏ်တောရွာအထိ စစ်ကောင်စီက လုံခြုံရေးချထားခဲ့သည်။ ထိုသို့ စစ်ကောင်စီ၏ လုံခြုံရေးယူမှုကြောင့် ကြေးနီစီမံကိန်းသို့ သွားရာလမ်းတလျှောက်ရှိ ရွာများတွင်နေထိုင်သော ဒေသခံများမှာ မကြာခဏ နေရပ်စွန့်ခွာနေရသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ပြီးဖြစ်သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၂  

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံပူးပေါင်းကာ ၁၄၉ ကြိမ်မြောက် မဲခေါင်မြစ်တလျှောက် ပူးတွဲကင်းလှည့်မှုကို လုပ်ဆောင်မည်ဖြစ်ကြောင်း လေးနိုင်ငံအကြီးအကဲများတွေ့ဆုံချိန်တွင် ပြောခဲ့သည်။ ရေကြောင်းနှင့် နယ်စပ်ကတဆင့် တရားမဝင်ဖြတ်ကျော်မှုများ၊ လူကုန်ကူးမှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါလေးနိုင်ငံအနေနှင့် နယ်စပ်လုံခြုံရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း အပြန်အလှန်ပေးပို့သွားမည်ဖြစ်သည်။ ထိုပူးတွဲကင်းလှည့်မှုကို လေးနိုင်ငံပူးပေါင်းကာ လစဥ်လုပ်ဆောင်လျက်ရှိပြီး အဆိုပါအစီအစဥ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်က နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တပိုင်းဖြစ်သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၂  

နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် မစ္စတာလျူကျင်းဆုန် (Liu Jinsong)  သည် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်နှင့် မြန်မာသံအမတ် ဦးတင်မောင်ဆွေတို့ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုင်းနှင့် မြန်မာသံအမတ်တို့က တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို အလေးထားကြောင်းနှင့် ငွေကြေးလိမ်လည်မှုအတွက် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ မစ္စတာလျူကျင်းဆုန် (Liu Jinsong) က ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုများသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများကို ခြိမ်းခြောက်အန္တရာယ်ဖြစ်စေကြောင်းနှင့် ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ထိုအွန်လိုင်းလိမ်လည်မှုကို ထိရောက်စွာတိုက်ဖျက်ရန်၊ ပြည်သူများ၏ အသက်အန္တရာယ်နှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် ရာဇဝတ်မှုကျူးလွန်သူများကို အပြစ်ပေးရန် ပြောခဲ့သည်။ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဖလှယ်ရေး ကဏ္ဍများတွင် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာလျူကျင်းဆုန် (Liu Jinsong) က ပြောခဲ့သည်။ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်နှင့် မြန်မာသံအမတ်တို့က တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို အလေးထားကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုများကို သက်ဆိုင်ရာ အစိုးရများ၏ မူဝါဒများအတိုင်း တိုက်ဖျက်မည်ဖြစ်ကြောင်း၊ ဇာစ်မြစ်အထိ တိုက်ဖျက်မည်ဖြစ်ပြီး နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် အဆိုပါလုပ်ငန်းများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန်၊ ရာဇဝတ်ဂိုဏ်များကို ပြစ်ဒဏ်ပြင်းထန်စွာချမှတ်ရန်၊ နယ်စပ်ဒေသ ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးတွင် အားကောင်းအောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုများကို အမြစ်ဖြတ်တိုက်ဖျက်ရန် ရေရှည်ဖြေရှင်းနိုင်မည့် မူဝါဒများကို ချမှတ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ လန်ချန်း-မဲခေါင် ခြောက်နိုင်ငံပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် အောင်မြင်မှုရှိခဲ့ကြောင်းနှင့် ပြစ်မှု ၁၆၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) က ထုတ်ပြန်ခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၁  

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီနှင့် CITIC ကုမ္ပဏီအကြား နှစ်ဖက်ကြိုတင် ပြင်ဆင်ရမည့်အချက်များ (Conditions Precedent) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တွေ့ဆုံရာတွင် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များအနက် အကောင်အထည်ဖော်ပြီးစီးသည့် အချက်များနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီမံကိန်းမတိုင်မီ မြန်မာနိုင်ငံဘက်က ကြိုတင်လုပ်ဆောင်ရမည့် အချက်များကို အချိန်ကာလသတ်မှတ်ချက်အရ ပြီးစီးအောင် အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။  အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေးနှင့် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော ဘဘောတူစာချုပ် (Shareholders’ Agreement) တွင် ပြင်ဆင်ရမည့် အချက် ၁၆ ချက်အနက် မြန်မာဘက်က လုပ်ဆောင်ရမည့် ၁၀ ချက်၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရမည့် လေးချက်နှင့် တရုတ်နိုင်ငံဘက်က အကောင်အထည်ဖော်ရမည့် နှစ်ချက် တို့ပါရှိသည်။ အဆိုပါအချက် ၁၆ ချက်ကို တရားဝင်ကြေညာခြင်းမရှိခဲ့ပါ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးခဲ့ပြီးနောက် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းပြီးဆုံးရန်ကာလ (Long Stop Date) ကို ၁၈ လ အထိတိုးမြှင့်သက်မှတ်ခဲ့သည်။ အဆိုပါ သတ်မှတ်ကာလမှာ ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် ကျောက်ဖြူမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် မဟာဗျူဟာကျ တရုတ်စီမံကိန်း ၁၁ ခုအနည်းဆုံးရှိပြီး အားလုံးကို အာရက္ခတပ်တော် (AA) က ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို တစိတ်တပိုင်းထိန်းချုပ်ထားပြီး ကျန်စီမံကိန်း ၁၀ ခုကို အပြည့်အဝ ထိန်းချုပ်ထားသည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း ကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဇန်နဝါရီ ၂၁  

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) အောက်ကတဆင့် ‘စင်ရော်စစ်ဆင်ရေး’ (Operation SEAGULL) အမည်ဖြင့် ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ‘စင်ရော်စစ်ဆင်ရေး’ သည် ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းဖြစ်ပြီး လန်ချန်း-မဲခေါင် လုံခြုံရေး (Safe Lancang-Mekong) ၏ တစိတ်တပိုင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေး၏ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက အွန်လိုင်းလိမ်လည်မှုနှင့် လက်နက်မှောင်ခိုမှုတို့ကို ပူးပေါင်းတိုက်ဖျက်နိုင်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း အွန်လိုင်းလိမ်လည်မှု ၁၆၀ ကျော်နှင့် သံသယရှိသူ ၇၀,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကာ လူကုန်ကူးခံရသူ ၁၆၀ ဦးကို ကယ်တင်နိုင်ခဲ့သည်။ ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားပြည်ထဲရေး ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန၊ လာအို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာန၊ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) နှင့် အာဆီယံ ရဲတပ်ဖွဲ့ စသည့်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၀  

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်က ရွှေကုက္ကိုနှင့် KK Park တွင် အခြေတည်နေသည့် အွန်လိုင်းကတဆင့်ငွေကြေးလိမ်လည်မှုကျူးလွန်သည့် တရားမဝင်ဝင်ရောက်သော တရုတ်နိုင်ငံသား ၅၃,၃၈၈ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက  သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံအနှံ့အပြားမှ တရားမဝင်ဝင်ရောက်ခဲ့သူ စုစုပေါင်း ၅၅,၇၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တရားမဝင်ဝင်ရောက်လာသူများကို စိစစ်ရန်၊ တရားစွဲဆိုနိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်နိုင်ရန် စစ်ကောင်စီက ကော်မတီဖွဲ့စည်း၍ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံကတဆင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုနှင့် KK Park တွင် တရုတ်နိုင်ငံသားခရီးသွားများ လူကုန်ကူးခံရခြင်းနှင့်ပျောက်ဆုံးခြင်းများဖြစ်ပေါ်ပြီးနောက် အဆိုပါဒေသရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား တွေ့ဆုံမှုများ ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီက ဤသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  
(ရွှေကုက္ကိုလ်စီမံကိန်း အကြောင်းကို ISP-Myanmar China Desk ၏ Special Issue တွင် ဖတ်ရှုနိုင်သည်။) 
၂၀၂၅၊ ဇန်နဝါရီ ၂၀  

တရုတ်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ‘ဝ’ဒေသမှ ကိုးကန့်ဒေသသို့ ကုန်စည်ဖြတ်သန်းခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ကိုးကန့်ဒေသနှင့် ‘ဝ’ဒေသအကြားရှိ ဖောင်ဆိပ်တံတားကို မော်တော်ယာဥ်၊ လူနှင့် ကုန်စည်ဖြတ်သန်းခွင့်ကို အပြည့်အဝပေးကြောင်းနှင့် ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်ကိုလည်း ဇန်နဝါရီ ၂၀ ရက်မှ စတင်ခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်ပိတ်သည့် မူဝါဒကြောင့် ‘ဝ’ဒေသအတွင်း ဆီနှင့် အိမ်ဆောက်ပစ္စည်းများပြတ်လတ်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အပြီးတွင် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်-လင်ချန်းဂိတ်နှင့် ရန်လုံကျိုင်း-နမ့်ဆန်ဂိတ်များကိုလည်း တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တရားဝင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက် ‘ဝ’ဒေသမှ ကိုးကန့်ဒေသကိုလည်း တရုတ်အာဏာပိုင်များက ကုန်စည်ဖြတ်သန်းခွင့်ပေးခဲ့သည့်အပြင် MNDAA က ထိန်းချုပ်ထားသည့် ရန်လုံကျိုင်းနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များကိုလည်း တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၂၀  

တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များက ခုနစ်လခန့်ပိတ်ဆို့ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။ MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်-လင်ချန်းဂိတ်နှင့် ရန်လုံကျိုင်း-နမ့်ဆန်ဂိတ်များကို တရုတ်အာဏာပိုင်များက ပြန်ဖွင့်ပေးခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များကိုသယ်ယူခွင့်ပေးခဲ့သည်။ သို့သော်လည်း စစ်သုံးပစ္စည်းများနှင့် စစ်လက်နက်ထုတ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းများကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တရားဝင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီးနောက် MNDAA က ထိန်းချုပ်ထားသည့် ရန်လုံကျိုင်းနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များအပြင် ‘ဝ’ဒေသမှ ကိုးကန့်ဒေသကိုလည်း တရုတ်အာဏာပိုင်များက ကုန်စည်ဖြတ်သန်းခွင့်ပေးခဲ့သည်။
၂၀၂၅၊ ဇန်နဝါရီ ၂၀  

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တရားဝင်အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင်က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ အဖွဲ့အစည်းနှစ်ခုသည် တရားဝင်အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်နိုင်ငံက ကြားဝင်ပေးခဲ့သည့် ဆွေးနွေးပွဲအတွက် ကျေးဇူးတင်ခဲ့ကြောင်း မစ္စမော်နင်က ပြောခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို အရှိန်လျှော့ရေးသည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေး၊ တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာပြည်တွင်း စစ်ပွဲများနှင့် ပဋိပက္ခများကို လုံးဝဆန့်ကျင်ကြောင်း၊ အဖွဲ့အစည်းအသီးသီးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း၊ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် မြေပြင်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို အရှိန်လျှော့၍ ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းစေလိုကြောင်း တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ရေးတို့ကို အခိုင်အမာ ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြိုးပမ်းမှုကို ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးရင်ကြားစေ့မှုကို ဆောလျင်စွာအကောင်အထည်ဖော်ရန်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လိုအပ်သော ထောက်ပံ့မှုနှင့် အကူအညီများကို တရုတ်နိုင်ငံက ပေးအပ်မည်ဖြစ်ကြောင်း မစ္စမော်နင်က ထည့်သွင်း ပြောကြားခဲ့သည်။  ‘စစ်ဆင်ရေး ၁၀၂၇’ ဒုတိယပိုင်းအလွန် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၆ နှင့် ၁၇ ရက်တွင် စစ်ကောင်စီနှင့် MNDAA တို့အကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်ရပ်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၁၆-၁၈  

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တွေ့ဆုံဆွေးနွေးပြီးနောက် တရားဝင်အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။ ဇန်နဝါရီ ၁၆ နှင့် ၁၇ ရက်တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးနောက် ဇန်နဝါရီ ၁၈ ရက်တွင် ထိုသို့လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံမှုတွင် တပ်နေရာချထားရေးနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်မှုများရှိသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက် ရ၊ မရကို မသိရပေ။ ထို့အပြင် အပစ်အခတ်ရပ်စဲမှု နောက်ဆက်တွဲ အကောင်အထည်ဖော်မည့် အချက်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်းမရှိပေ။ ဆွေးနွေးပွဲသို့ MNDAA ဘက်က စစ်ဦးစီးချုပ် ဖုန်တာ့ရွှင်၏သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူး ဖုန်ခွင်း ဦးဆောင်တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က အမှတ်-၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက ဦးဆောင်တက်ရောက်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံက ကိုယ်စားလှယ်တချို့လည်း တက်ရောက်ခဲ့ကြသည်။ ယခုတွေ့ဆုံမှုသည် ‘စစ်ဆင်ရေး ၁၀၂၇’ ဒုတိယပိုင်းအလွန်တွင် စစ်ကောင်စီနှင့် MNDAA အကြား ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ နှင့် ၁၆ ရက်တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်ဘက်သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့သည်။ ပထမအကြိမ်တွေ့ဆုံမှုတွင်  MNDAA တပ်များ လားရှိုးမြို့မှ ဆုတ်ခွာပေးရေး၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်  MNDAA က ဖမ်းဆီးထားသော စစ်သုံ့ပန်းများ ပြန်လွှတ်ပေးရေး စစ်ကောင်စီက တောင်းဆိုခဲ့သည်။ MNDAA က လားရှိုးကို အထူးဒေသ-၁ အဖြစ် အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၁၆  

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်များနှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံကာ အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လောင်းကစား ပူးပေါင်းနှိမ်နင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း တရုတ်အစိုးရထုတ် China Daily သတင်းဌာနတွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လောင်းကစားများသည် နိုင်ငံအသီးသီးက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေသည့်အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မစ္စတာဝမ်ယိက ပြောခဲ့သည်။ ထို့အပြင် နိုင်ငံအသီးသီးက သက်ဆိုင်ရာအစိုးရများအနေနှင့် နိုင်ငံတွင်းရှိ ပြစ်မှုကျုးလွန်သူများကို ထိရောက်စွာအရေးယူရန်နှင့် ဥပဒေအရ ကင်းလွတ်ခွင့်မရှိစေရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် နှစ်နိုင်ငံချင်းနှင့် နိုင်ငံစုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း မစ္စတာဝမ်ယိက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ ရွှေကုက္ကိုမြို့အနီးတွင် တရုတ်နိုင်ငံသားတဦးအပါအဝင် တရုတ်ခရီးသွားများ လူကုန်ကူးခံရခြင်းနှင့် ပျောက်ဆုံးခြင်းများဖြစ်ပေါ်ပြီးနောက် ထိုသို့အာဆီယံနိုင်ငံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရွှေကုက္ကိုမြို့ကို အဓိကထိန်းချုပ်နေသည့် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံကာ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မ​စေခိုင်းမှုများမပြုလုပ်ရန်၊ လူကုန်ကူးမှု မပြုလုပ်ရန်အတွက် ဇန်နဝါရီ ၁၅ ရက်က  ဆွေးနွေးခဲ့သေးသည်။ 
၂၀၂၅၊ ဇန်နဝါရီ ၁၅  

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် လူကုန်ကူးမှုပြဿနာများ ဖြေရှင်းရန် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အရေးပေါ်အစည်းအဝေးကို မြဝတီခရိုင် နယ်ခြားစောင့်တပ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် လူကုန်ကူးမှု၊ ​​ငွေ​ကြေးလိမ်လည်မှုနှင့် တရုတ်နိုင်ငံက တရားမဝင်လုပ်ငန်းများရှိပါက သတင်းပို့ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မ​စေခိုင်းမှုများ မပြုလုပ်ရန်၊ က​လေးလုပ်သားများကို ခိုင်းစေခြင်းမပြုရန်၊ လူကုန်ကူးခြင်းမပြုလုပ်ရန်နှင့် အွန်လိုင်းကတဆင့် ​ငွေ​ကြေးလိမ်လည်ခြင်းမပြုရန် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းကမ်းချက်များကို မလိုက်နာပါက လုပ်ငန်းပိတ်သိမ်းပြီး ​ဒေသမှ နှင်ထုတ်မည်ဖြစ်ကြောင်း BGF နှင့် DKBA က သတိပေးခဲ့သည်။ အစည်းအဝေးသို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မှူးကြီးစောချစ်သူ၊ DKBA က ဗိုလ်မှူးကြီးစောဆန်းအောင်နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ ရွှေကုက္ကို၊ KK Park၊ Ban Chong Chaeng နှင့် Ban Pha Lu စသည့် ကျားဖြန့်လုပ်ငန်းအခြေစိုက်ရာဒေသများတွင် လူကုန်ကူးမှု၊ လူပျောက်ဆုံးမှုများအကြောင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ သတင်းဌာနများတွင် ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ပေါ်ပြီးနောက် ထိုသို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ရွှေကုက္ကိုစီမံကိန်းအကြောင်းကို ISP-Myanmar China Desk ၏ Special Issue တွင် ရှုပါ။
၂၀၂၅၊ ဇန်နဝါရီ ၁၄  

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် တနင်္သာရီတိုင်း ဘုတ်ပြင်းခရိုင် ကံမော်ကြီးနှင့် ရေငံကြီးကျေးရွာတို့တွင် အကောင်အထည်ဖော်ခဲ့သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းများ ပြီးစီးခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စမာကျားက စီမံကိန်းသည် ကျေးရွာနှစ်ခုနှင့် အိမ်ထောင်စု ၅၄၀ အတွက် ၂၄ နာရီ မီးရရှိရေးကို ကူညီပေးခဲ့ကြောင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရေထွက်ကုန်ထုတ်လုပ်မှုအတွက် ပံ့ပိုးနိုင်ခဲ့ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုဘဝမြှင့်တင်ရေးတို့ကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စစ်ကောင်စီ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမိုးနှင့် စစ်ကောင်စီ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုတို့ တက်ရောက်ခဲ့ကြသည်။ ဦးမြတ်ကိုသည် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် ခရီးသွားလုပ်ငန်းတို့အတွက် မစ္စမာကျားနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
၂၀၂၅၊ ဇန်နဝါရီ ၁၄  

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူုအထူးစီးပွားရေးဇုန် ပူးပေါင်းဆောင်ရွက်မှုကုမ္ပဏီ (Kyauk Phyu SEZ Consortium Company Limited) နှင့် CITIC ကုမ္ပဏီတို့ကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။  စစ်ကောင်စီ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဦးထွန်းအုံက စီမံကိန်းကို အကောင်အထည်ဖော်မည့် မြန်မာကုမ္ပဏီများ၏ အခြေအနေနှင့် ကျွမ်းကျင်သူပညာရှင် ဖွဲ့စည်းထားရှိမှုအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် စီမံကိန်းဧရိယာနှင့် တည်နေရာကို ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်နိုင်ရေးနှင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များဖြင့် ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို  စစ်ကောင်စီ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC ကုမ္ပဏီတို့အကြား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနောက်ဆက်တွဲသဘောတူစာချုပ်သည် ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် ကျောက်ဖြူမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ရခိုင်ပြည်နယ်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း အားလုံးကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။
(ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ISP-Myanmar Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဇန်နဝါရီ ၁၂  

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စမာကျားနှင့် စစ်ကောင်စီ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုတို့ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်၊ ခရီးသွားလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၁၂  

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် ပိတ်မိနေသည့် ဟောင်ကောင်နိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များကို မိသားစုဝင်များက တောင်းဆိုခဲ့ကြောင်း ဟောင်ကောင်အခြေစိုက်သတင်းဌာနတခုတွင် ဖော်ပြထားသည်။ ဟောင်ကောင်နိုင်ငံသား ၁၂ ဦးခန့် လူကုန်ကူးခံထားရပြီး ပြန်လည်လွတ်မြောက်ရေးအတွက် ဟောင်ကောင်အာဏာပိုင်များနှင့် ထိုင်းကောင်စစ်ဝန်ရုံးကို မိသားစုဝင်များက တောင်းဆိုခဲ့ကြသည်။ ကျားဖြန့်ဂိုဏ်းများသည် လူကုန်ကူးခံရသူများ၏ သက်ဆိုင်ရာစာရွက်စာတမ်းများကို သိမ်းဆည်းထားကြောင်းနှင့် မိသားစုဝင်များကို လူပြန်ရွေးရန် ငွေညှစ်မှုများရှိလာကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံသားတဦး ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ရွှေကုက္ကိုအနီး မယ်ထော်သလေးဒေသသို့ လူကုန်ကူးခံရပြီးနောက်တွင် ထိုသို့တိုင်ကြားမှုများရှိလာခြင်းဖြစ်သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၁၀  

မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့်  စစ်ဆင်ရေးက အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်နေသည့် သံသယရှိသူ တရုတ်နိုင်ငံသား ၄၉,၀၀၀ ကျော်ကို လွှဲပြောင်းလက်ခံပြီးဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဗြူရို ပြောရေးဆိုခွင့်ရှိသူ မစ္စတာလီဂေါင်ကျုံး (Mr. Li Guozhong) က ပြောကြားခဲ့သည်။ ထို့အပြင် လွန်ခဲ့သောငါးနှစ်ကျော်ကာလအတွင်း အွန်လိုင်းလိမ်လည်မှု နှစ်သန်းနီးပါးကို ဖော်ထုတ်ခဲ့ကြောင်းနှင့်  ပြည်ပရှိ ကျားဖြန့်ဂိုဏ်း ၃၇ ခုကိုလည်း ဖျက်သိမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။  
၂၀၂၅၊ ဇန်နဝါရီ ၉  

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဘေဂျင်းစက်မှုတက္ကသိုလ် (Beijing Institute of Technology – BIT) မှ ပါမောက္ခများ ဘေဂျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအပါအဝင် EV ကားများနှင့်ပတ်သက်သည့် သုတေသနများကို ဆွေးနွေးခဲ့ကြသည်။ BIT သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် ၁၉၄၀ ပြည့်နှစ်၌ တရုတ်နိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်ခဲ့သည့် သိပ္ပံနှင့်နည်းပညာကျောင်းဖြစ်သည်။ ညဏ်ရည်တုနည်းပညာ၊ EV ကားများအတွက် သုတေသနနှင့် သင်တန်းများကို BIT သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၅၊ ဇန်နဝါရီ ၉  

တရုတ်နိုင်ငံ ကျေးလက်‌ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development – CFRD) က နေပြည်တော် အမှတ်-၅ တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို လွယ်အိတ်နှင့် ကျောင်းသုံးပစ္စည်း (Panda Pack) များ ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စမာကျားက ပညာရေးကဏ္ဍတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူချင်းဆက်ဆံရေးမြှင့်တင်မှုကို ထောက်ခံကြောင်း အဆိုပါအခမ်းအနားတွင် ပြောခဲ့သည်။ ထို့အပြင် CFRD မှ ပညာသင်ဆုနှင့် ထောက်ပံ့မှုများသည် မြန်မာကျောင်းသားခြောက်သိန်းခန့်ကို အကျိုးရှိစေကြောင်းနှင့် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် မြန်မာ့ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီထောက်ပံ့နေကြောင်းလည်း မစ္စမာကျားက ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး မစ္စတာလီချန်းဂေါင် (Mr. Li Qianguo)၊ CFRD ၏  မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စလင်းယွမ် (Ms. Lin Yuan) တို့ တက်ရောက်ခဲ့ကြသည်။ 
၂၀၂၅၊ ဇန်နဝါရီ ၇   

အမျိုးသားအဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တရုတ်နိုင်ငံ ဈေးကွက်ထိန်းညှိရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲမှုဌာန (State Administration for Market Regulation – SAMR) မှ ဒုတိယဝန်ကြီး ဒေါက်တာရှုဝေတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံမှုတွင် အမျိုးသားအဆင့် သိပ္ပံနည်းကျစွာ တိုင်းတာခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊  အရည်အသွေးအာမခံချက် အသိအမှတ်ပြုခြင်းတို့နှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ စစ်ကောင်စီဒုတိယဝန်ကြီး၏ ယခုခရီးစဥ်သည် လန်ချန်-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၂) အရ လာရောက်သည့် ခရီးစဥ်ဖြစ်သည်။ ထို့အပြင် အဆိုပါဆွေးနွေးပွဲသည် တရုတ်နိုင်ငံ စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန၊ တရုတ်နိုင်ငံ အမျိုးသားတိုင်းတာရေးသိပ္ပံနှင့် စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့အကြား ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) နှစ်စောင်အရ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအတွက်  တွေ့ဆုံ ဆွေးနွေးခြင်းလည်းဖြစ်သည်။ ထိုနားလည်မှုစာချွန်လွှာများကို စစ်ကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းတို့ ၂၀၂၄ ခုနှစ်  နိုဝင်ဘာ ၆ ရက်၌ ကူမင်းမြို့တွင် တွေ့ဆုံစဥ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 
၂၀၂၅၊ ဇန်နဝါရီ ၇  

ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးခြင်းခံခဲ့ရသည့် တရုတ်ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း (Wing Xing) (ခေါ်) ရှင်ရှင်း (Xing Xing) ကို ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေ မယ်ထော်သလေးဒေသရှိ  လောင်းကစားရုံအနီးတွင် ပြန်တွေ့ခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။ ဝမ်ရှင်းကို Apollo Glory ကျားဖြန့်ကုမ္ပဏီက လူကုန်ကူးခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းရှာဖွေခဲ့ပြီးနောက် ဝမ်ရှင်းကို မယ်ထော်သလေးဒေသ KK Park အနီးရှိ ဒွန်မေး (Dongmei) လောင်းကစားရုံအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ဒွန်မေး လောင်းကစားရုံသည် မလေးရှားဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမာရှီတာအီဘရာဟင် (Dr. Mashitah Ibrahim) နှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများလည်းရှိသည်။ အဆိုပါလောင်းကစားရုံကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ဒွန်မေးကုမ္ပဏီအုပ်စုက လုပ်ကိုင်သည်။ ထိုင်းအာဏာပိုင်များက အဆိုပါလူကုန်ကူးမှုဖြစ်စဉ်တွင် ထိုင်းနိုင်ငံသားများမပါဝင်ကြောင်းနှင့် တရုတ်လူမျိုးများဦးဆောင်သည့် ငွေကြေးလိမ်လည်သည့်ဂိုဏ်းများက လူကုန်ကူးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဝမ်ရှင်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆေးချက်များပြီးဆုံးပါက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 
၂၀၂၅၊ ဇန်နဝါရီ ၅   

ရခိုင်ပြည်နယ် အမ်းမြို့နယ်အနီးရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနှင့် ၎င်းစက်ရုံအနီးရှိ စစ်ကောင်စီ တောင်ဇောက်တောင် အမြောက်စခန်းကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။ စက်ရုံခွဲကို သိမ်းပိုက်စဥ် ပိတ်လှောင်ခံထားရသည့် တရုတ်နှင့် မြန်မာအလုပ်သမားတချို့ကို တွေ့ခဲ့ကြောင်းနှင့်  စစ်ကောင်စီစခန်းအားသိမ်းပိုက်စဥ် ပိုက်လိုင်းထိခိုက်မည်ကို စိုးရိမ်၍ အနုစိတ်နည်းဖြင့် တိုက်ခိုက်ခဲ့ရကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ) AA က ထိန်းချုပ်ထားသည်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် မလက္ကာရေလက်ကြားကို ရှောင်ဖယ်နိုင်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများ၏ လွှမ်းမိုးမှုကို ကန့်သတ်နိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက်အရေးပါသော စီမံကိန်းတစ်ခုဖြစ်သည်။
(AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းများအား အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်-၇၅ တွင် ရှုပါ။)
(တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ISP-Myanmar China Desk ၏ Special Issue တွင် ရှုပါ။)
၂၀၂၅၊ ဇန်နဝါရီ ၃   

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စမာကျား (Ms. Ma Jia) နှင့် စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလွင်တို့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေး၊ သဘာဝဓာတ်ငွေ့သိုလှောင်ရုံ (LNG Terminal) တည်ဆောက်၍ ဓာတ်ငွေ့မျှဝေသုံးစွဲရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ စွမ်းရည် အပြည့်အသုံးပြုနိုင်ရေး၊ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းဖြင့် ရေနံချက်စက်ရုံအသစ် တည်ဆောက်ရေး၊ ပိုက်လိုင်းများနှင့် ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေး၊ အသစ်တည်ဆောက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ဦးကိုကိုလွင်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်-မြန်မာ ရေနံပိုက်လိုင်းကို လည်ပတ်နေသည့် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline Company Limited – SEAOP) ဥက္ကဋ္ဌ မစ္စတာဝမ်ချန် (Mr. Wang Qiang) နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့သိုလှောင်ရုံ (LNG Terminal) တည်ဆောက်၍ ဓာတ်ငွေ့မျှဝေသုံးစွဲရေး ဆွေးနွေးခဲ့သေးသည်။
၂၀၂၅၊ ဇန်နဝါရီ ၃   

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စမာကျား (Ms. Ma Jia) နှင့် စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ 
၂၀၂၅၊ ဇန်နဝါရီ ၁  
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် နေရပ်မပြန်နိုင်သည့် တရုတ်နိုင်ငံသား ၁၂၉ ဦးကို နေရပ်ပြန်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နှစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အဆိုပါတရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလမတိုင်မီ နေရပ်ပြန်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုတရုတ်နိုင်ငံသားများ အလုပ်လုပ်ကိုင်နေသည့် စီမံကိန်းများ၏အမည်ကို ထည့်သွင်းပြောဆိုခြင်းမရှိပေ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်ဒေသများရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၃ ခုနှင့် ရခိုင်ပြည်နယ်ရှိ စီမံကိန်း ၁၁ ခုကို တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားသည်။  စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများဖြစ်သည့် တကောင်းနီကယ်စက်ရုံနှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံတို့ကို NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ထိန်းချုပ်ထားသည်။
(ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ထိန်းချုပ်ခံရသော တရုတ်စီမံကိန်းများကို ISP-Myanmar ကပြင်ရပ်ဝန်း၏ လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်းတွင် ရှုပါ။) 


Leave a Reply

Your email address will not be published. Required fields are marked *