Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
▪️စစ်တမ်းအကြောင်း
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) သည် တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်းကို ၂၀၂၂ ခုနှစ်ကစတင်၍ နှစ်စဥ်ပြုလုပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော ယခုစစ်တမ်းသည် တတိယအကြိမ်မြောက် ဖြစ်ပါသည်။ စစ်တမ်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကဏ္ဍအမျိုးမျိုးတွင် ပါဝင်လုပ်ကိုင်နေကြသော မြန်မာ့မူဝါဒအသိုက်အဝန်းက လူကျော်လူမော်များအနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အဓိကပုံဖော်နေသည့် အခြေခံ အကြောင်းအရာများအပေါ် မည်သို့နားလည်ရှုမြင်နေကြသနည်း ဆိုသည်တို့ကို ဆန်းစစ်ပိုင်းခြားရန်ဖြစ်သည်။ ထို့အပြင် ISP-Myanmar ၏ သုတေသနအချက်အလက်များအပေါ် အခြေခံ၍ လက်တွေ့မျက်တွေ့ကွာဟချက်များနှင့် အပြန်အလှန်ဆက်နွှယ်မှုများကို ဆန်းစစ်လေ့လာနိုင်ရန် ဖြစ်ပါသည်။ ယခုထုတ်ဝေလိုက်သည့် စစ်တမ်းတွင် မေးခွန်း ၉၂ ခုပါဝင်ကာ (၁) တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထား၊ (၂) မြန်မာ့အကျပ်အတည်းတွင် တရုတ်နိုင်ငံပါဝင်မှု၊ (၃) ငြိမ်းချမ်းရေး၊ (၄) စီးပွားရေးအရ ဆက်ဆံရေး၊ (၅) စီးပွားရေးစင်္ကြံစီမံကိန်း၊ (၆) မြန်မာကတဆင့် တရုတ်နိုင်ငံ၏ ဒေသတွင်းပေါင်းစည်းရေးအစီအမံများ၊ (၇) တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာသြဇာနှင့် (၈) တရုတ်ကုမ္ပဏီများက ထုတ်လုပ်သော အီလက်ထရောနစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုမှုနှင့် ယုံကြည်မှုဟူ၍ အခန်းရှစ်ခန်း ပိုင်းခြားထားပါသည်။

မြန်မာ့မူဝါဒအသိုက်အဝန်းဟုဆိုရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ (မြန်မာနိုင်ငံတွင် တရုတ်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍအသီးသီးတွင် အရေးပါသောအခန်းကဏ္ဍက ပါ၀င်နေသည့် တတ်သိပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ထင်ရှားသောပုဂ္ဂိုလ်များ)၊ တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ဝင်များနှင့် နွေဦးတော်လှန်ရေးတွင်အသစ်ပေါ်ပေါက်လာပြီး တရုတ်စီမံကိန်းများရှိရာ ဒေသများတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ ပါဝင်ပါသည်။ ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် မြန်မာ့ပဋိပက္ခဖြေရှင်းရေးတွင် တရုတ်နိုင်ငံ၏ သဘောထားများ၊ ရပ်တည်ချက်များ၊ မူဝါဒများအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်းက မည်သို့သဘောထားသည်ကို မေးမြန်းထားသည့် မေးခွန်းများ ပါဝင်ပါသည်။ စစ်တမ်းအတွက် အသိုက်အဝန်းခြောက်ခုက လူပုဂ္ဂိုလ် ၃၀၀ ဦးကို ကနဦးလျာထားခဲ့ပြီး ၂၆၀ ဦးကို မေးမြန်းနိုင်ခဲ့ပါသည်။ ဖြေဆိုသူများတွင် အမျိုးသား ၁၉၃ ဦး၊ အမျိုးသမီး ၆၄ ဦးနှင့် အခြား သုံးဦး ပါဝင်သည်။ ယခုအရေအတွက်သည် ၂၀၂၃ ခုနှစ်စစ်တမ်းထက် ၁၀ ဦး၊ ၂၀၂၂ ခုနှစ်စစ်တမ်းထက် ၄၅ ဦး ပိုများခဲ့ပါသည်။ အမျိုးသမီးပါဝင်မှုလည်း နှစ်စဉ် ပိုတိုးလာပါသည်။ ယခုစစ်တမ်းပါ ကိန်းဂဏန်းများတွင် အချို့သော ရာခိုင်နှုန်းများသည် ၁၀၀ ထက်ကျော်လွန်ခြင်း သို့မဟုတ် လျော့နည်းခြင်းများ ရှိနိုင်ပါသည်။ ၎င်းသည် စာရင်းအင်းအချက်အလက်များ ပြန်လည်ရေးသားရာတွင် အသုံးပြုလေ့ရှိသော စံနှုန်းတခုဖြစ်ပြီး စစ်တမ်းရလဒ်၏ အလုံးစုံခိုင်မာမှု သို့မဟုတ် တရားဝင်မှု၊ အချက်အလက်၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုအပေါ် သက်ရောက်မှုမရှိပါ။ ယခုစစ်တမ်းကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က နည်းပညာပိုင်း ကူညီပေးထားပါသည်။ စစ်တမ်းကောက်ယူသည့်နည်းနာနှင့် အကြောင်းအရာများကို နောက်ဆက်တွဲစာမျက်နှာတွင် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။
စစ်တမ်းကာလအတွင်း နောက်ခံအကြောင်းခြင်းရာများကို ထည့်သွင်းစဉ်းစားမည်ဆိုပါက စစ်တမ်းဖြေကြသူ မြန်မာ့အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို ပို၍နားလည်နိုင်ပါမည်။ စစ်တမ်းမကောက်ယူခင် လများသည် ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) ၏ ‘စစ်ဆင်ရေး ၁၀၂၇’ ဒုတိယပိုင်းကာလဖြစ်သည်။ ထို့မတိုင်မီတွင်လည်း စစ်ကောင်စီ၏ တပ်စခန်း ၂၄၀ ထက်မနည်းအပြင် အရေးကြီးသောနယ်စပ်ကုန်သွယ်ရေးစခန်းများကို 3BHA က တိုက်ခိုက်သိမ်းယူထားသည်။ မြန်မာစစ်တပ်အနေနှင့် မရှုမလှ ရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ထို့နောက်တွင် 3BHA နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲများကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကမကထပြုမှုဖြင့် ကျင်းပနိုင်ခဲ့ပြီး ဆွေးနွေးသည့်ဟိုတယ်အမည်ကို အစွဲပြု၍ခေါ်ဆိုခဲ့ကြသော ‘ဟိုင်ဂင်ဆွေးနွေးပွဲများ’ ပေါ်ပေါက်လာခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုကို ‘စီးပွားမက်လုံးအပေါ် အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်းမျိုး’ဟု ယူဆနိုင်ပါသည်။ ဟိုင်ဂင်သဘော တူညီချက်ဖြင့် ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ရပ်ရန် သဘောတူလိုက်ကြပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ယာယီအပစ်ရပ်ခဲ့ကြသည်။ ဩဂုတ်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နေပြည်တော်သို့ ရောက်ရှိလာပြီး လက်ရှိမြန်မာစစ်ခေါင်းဆောင်များအပြင် ယခင် စစ်ခေါင်းဆောင်ဟောင်းများဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုကာလသည် မြန်မာနိုင်ငံ သံတမန်ရေးနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏ မဟာဗျူဟာ အလှည့်အပြောင်းဟု ယူဆနိုင်ပါသည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ မတည်ငြိမ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုများကို ဆန့်ကျင်ကြောင်း၊ ပြည်ပအင်အားစုများက မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေသည်ကို ဆန့်ကျင်ကြောင်းနှင့် မြန်မာ့အရေး ကျော်လွန်မရသည့် စည်းသုံးစည်းကိုလည်း မစ္စတာဝမ်ယိက ပြောခဲ့သည်။ ထို့အပြင် မြန်မာ့နိုင်ငံရေးအကျပ်အတည်း၏ ထွက်ရပ်လမ်းအဖြစ် ရွေးကောက်ပွဲများ ကျင်းပရေးကိုလည်း တရုတ်နိုင်ငံက တိုက်တွန်းခဲ့သည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲရေးကိုလည်း တရုတ်နိုင်ငံက ဖိအားသုံးကာ ကြားဝင်ဖျန်ဖြေခဲ့ပြီး လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးစေခဲ့သည်။ စစ်တမ်းစတင်မေးမြန်းနေချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင်လည်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် ‘ဝ’ တို့၏ အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့သည်။ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေး-စစ်ကိုင်း ငလျင်ကြီးအတွက်လည်း ကူညီကယ်ဆယ်မှုများကို တရုတ်နိုင်ငံက အစောဆုံးနှင့် အများဆုံး ပို့ဆောင်ခဲ့သည်။ မြန်မာ့မူဝါဒအသိုက်အဝန်း၏ ထင်ဟပ်ဖြေဆိုချက်များကို အဆိုပါအခြေအနေများနှင့် ချိန်ထိုးသုံးသပ်ကြည့်ရန် လိုပါသည်။
▪️စစ်တမ်းအကျဥ်းချုပ်
ယခုနှစ်စစ်တမ်းရလဒ်အရ မြန်မာ့မူဝါဒအသိုက်အဝန်းတွင် ယေဘုယျအားဖြင့် တရုတ်နိုင်ငံအပေါ် အပြုသဘောမဆောင်သည့်အမြင်များ သိသိသာသာများလာသည်ကို တွေ့ရပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်းမဟုတ်ဟုယူဆသူ သိသိသာသာ တိုးလာပါသည်။ ထူးခြားချက်တခုမှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို အများစုက ဖြေဆိုခဲ့ခြင်းပင်ဖြစ်သည်။ ယခင်နှစ်များက စီးပွားရေးအရလွှမ်းမိုးမှုဟု ဖြေဆိုခဲ့ကြပါသည်။
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကို သြဇာခံနိုင်ငံဖြစ်စေလိုသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များအကြား ယူဆနေမှုမှာလည်း အများဆုံးဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ပါဝင်မှုနှင့် ငြိမ်းချမ်းရေးရလဒ်များအပေါ် အဆိုးမြင်မှုများလည်း မြင့်တက်လာပါသည်။ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏မူဝါဒများကိုလည်း လက်တွေ့မကျဟု အများစုက ရှုမြင်ကြပါသည်။ မြန်မာ့အရေးတွင် တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေသည်ဟု ယူဆသူ ပိုမိုများပြားလာသကဲ့သို့ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြစ်စေလိုသည်ဟု မြင်သူများလည်း ပိုများလာပါသည်။
ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ သဘောမတူသူ များပြားပါသည်။ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရန် EAOs များကို တရုတ်ကုမ္ပဏီများက ဆက်သွယ်ခဲ့ကြောင်းလည်း တွေ့ရပါသည်။ ထို့အပြင် တရုတ်စီမံကိန်းများကို မထိခိုက်စေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)၊ ပြည်သူ့ကာ ကွယ်ရေးတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ (PDFs/LDFs) သို့ တရုတ်ဘက်က ဆက်သွယ်ခဲ့သည်ကိုလည်း တွေ့ရပါသည်။ ဒေသတွင်းပေါင်းစည်းရေး အစီအမံများနှင့်ပတ်သက်လျှင်လည်း လန်ချန်း-မဲခေါင်အစီအမံကလွဲ၍ ကျန်အစီအမံများကို မသိရှိသူ အလွန်များနေသေးသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုပုံစံ၊ တရုတ်နည်းတရုတ်ဟန်ဒီမိုကရေစီ၊ အုပ်ချုပ်ရေးပုံစံနှင့် စနစ်များကို မနှစ်ခြိုက်သူ ပိုမိုများလာသည်ကိုလည်း တွေ့ရပါသည်။
-
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) Currently reading
- ထူးခြားတွေ့ရှိချက် ငါးရပ်
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
- မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
- မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ
- တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ
- တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ
▪️စစ်တမ်းကောက်ယူမှု သုတေသနနည်းနာ
ISP-Myanmar က ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတွင် ကိန်းဂဏန်းအခြေပြုလေ့လာ ဆန်းစစ်မှုနည်းစနစ်ကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ပထမအဆင့်အနေဖြင့် စစ်တမ်းအတွက် ကနဦးပြင်ဆင်ခြင်းနှင့် အချက်အလက်များဆန်းစစ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ဒီဇိုင်းရေးဆွဲရန်ပြင်ဆင်ခြင်း၊ အသေးစိတ်အချိန် ဇယားသတ်မှတ်ခြင်းနှင့် စစ်တမ်းတွင် ပါဝင်မည့်သူများကို ကြိုတင်ဆက်သွယ်ကာ စစ်တမ်း အကြောင်းရှင်းပြခြင်း၊ စစ်တမ်းတွင် ပါဝင်ရန် တိုက်တွန်းခြင်းနှင့် စစ်တမ်းတွင် ပါဝင်မည့်သူများ၏ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိကို တိုက်ဆိုင်စစ်ဆေးခြင်းတို့ ပါဝင်ခဲ့သည်။
ဒုတိယအဆင့်အနေဖြင့် သုတေသနပြုလုပ်ရာတွင် အဓိကကျသည့် မေးမြန်းမည့် လူပုဂ္ဂိုလ်များကို နမူနာအုပ်စုခွဲခြင်း၊ စစ်တမ်းနည်းနာအတည်ပြုခြင်း (sampling frame and survey method development)၊ မေးခွန်းပြင်ဆင်ခြင်းနှင့် တည်းဖြတ်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မေးခွန်းပြင်ဆင်ရာတွင် ပြီးခဲ့သော စစ်တမ်းနှစ်ခု၏ ရလဒ်များအကြား အပြောင်း အလဲ ရှိ၊ မရှိ ဆန်းစစ်နိုင်ရန်အတွက်လည်း မေးခွန်းတခုချင်းစီကို ပြန်လည်ဆန်းစစ်ခဲ့ပါသည်။ ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးတွင် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် မူတည်ကာ မေးခွန်းများ အသစ်ဖြည့်စွက်ခြင်းနှင့် ရှိရင်းစွဲမေးခွန်းများအနက် တချို့ကို ဖြုတ်ပယ်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ စစ်တမ်းပြုလုပ်မည့်ကာလတွင် ကြီးကြပ်သူများ၊ စစ်တမ်းအချက်အလက်ကောက်ယူသူများ လိုက်နာရမည့် လက်စွဲစာစောင်ကို ရေးဆွဲခြင်း၊ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သတ်မှတ်ခြင်းများ၊ အချက်အလက်ကောက်ယူသူများကို ရွေးချယ် ခြင်းနှင့် သင်တန်းပို့ချခြင်းများ ပါဝင်ခဲ့သည်။
တတိယအဆင့်အနေဖြင့် သုတေသနဆန်းစစ်ချက်များအတွက် သာဓကယူအုပ်စုများအဖြစ် လျာထားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး စတုတ္ထအဆင့်အဖြစ် ရရှိလာသောအချက်အလက်များကို ထည့်သွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆန်းစစ်ခြင်းနှင့်အစီရင်ခံစာရေးသားခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ ယခင်နှစ်အတိုင်းပင် ISP-Myanmar နှင့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) တို့သည် စစ်တမ်းအတွက် ကနဦးပြင်ဆင်မှု၊ ဒီဇိုင်းရေးဆွဲမှု၊ နည်းနာအတည်ပြုမှုတို့အပြင် ဆန်းစစ်ချက်များအတွက် မျှော်မှန်းချက်များနှင့် နည်းနာများ ဆုံးဖြတ်ခြင်း၊ မေးခွန်းများ ပြင်ဆင်ခြင်း၊ နမူနာအုပ်စုခွဲခြင်းနှင့် လျာထားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းခြင်းတို့ကို အတူပူးတွဲ လုပ်ဆောင်ခဲ့ကြသည်။ စစ်တမ်းမပြုလုပ်ခင် နမူနာအုပ်စုခွဲရာတွင် စံသတ်မှတ်ချက်နှင့် ကိုက်ညီစေရန်အတွက် သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဦးတည်အုပ်စုဖွဲ့ ဆွေးနွေးသော အစည်းအဝေးများကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ယုံကြည်စိတ်ချရမှု (reliability) နှင့် ကျိုးကြောင်းညီညွတ်မှု (validity) အတွက် တိုင်းတာနိုင်ရန် လိုအပ်သည့် စံနှုန်းသတ်မှတ်ချက်များကို လိုက်နာခဲ့ပါသည်။ စစ်တမ်းဖြေဆိုရန် စံနှုန်းကိုက်ညီမှုရှိသည့်အုပ်စုထဲမှ ငါးဦးထက်မနည်းကို ရှေ့ပြေးလေ့လာမှုအနေဖြင့် စစ်တမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး ၎င်းတို့ထံက သုံးသပ်ချက်များကို ရယူခဲ့သည်။
စစ်တမ်း၏အဓိကရည်ရွယ်ချက်အရ စစ်တမ်းဖြေဆိုသူများသည် တရုတ်-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ အတိုင်းအတာတခုအထိ သိရှိထားရန် လိုအပ်ပါသည်။ ထို့ကြောင့် နမူနာအုပ်စုသတ်မှတ်ရာ၌ ကျပန်းနည်းဖြင့်သတ်မှတ်ရန် မဖြစ်နိုင်သဖြင့် စစ်တမ်းဖြေမည့်ပုဂ္ဂိုလ်များကို သရုပ်ခွဲရာတွင် ရည်ရွယ်ချက်ထား ရွေးချယ်ကောက်ယူနည်း (purposive sampling) ကို အသုံးပြုခဲ့ပါသည်။ ပုဂ္ဂိုလ်များကို သရုပ်ခွဲရာတွင် တရုတ်-မြန်မာ ဆက်ဆံရေးတွင် အဓိကျသည့် ကဏ္ဍအသီးသီး၌ ၎င်းတို့၏ခေါင်းဆောင်မှုနှင့် မူဝါဒရေးရာအရ လွှမ်းမိုးနိုင်မှုတို့အပေါ်မူတည်ပြီး ရွေးချယ်ခဲ့ပါသည်။
ISP-Myanmar အနေနှင့် တွေ့ဆုံမေးမြန်းရမည့်ပုဂ္ဂိုလ်များကို စံသတ်မှတ်ချက်များနှင့်အညီ အသိုက်အဝန်းခြောက်ခုကို ပိုင်းခြားသတ်မှတ်ပါသည်။ ယင်းတို့မှာ (၁) နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားများပါဝင်သည့် နိုင်ငံရေးအသိုက်အဝန်း၊ (၂) အရပ်ဘက်အဖွဲ့အစည်းများ အသိုက်အဝန်း၊ (၃) စီးပွားရေးအဖွဲ့အစည်းများ အသိုက်အဝန်း၊ (၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (၅) ထင်ရှားကျော်ကြား လူသိများသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ လူမှုရေး၊ ဘာသာရေးနယ်ပယ်မှ ဩဇာရှိသူများနှင့် (၆) နွေဦးတော်လှန်ရေးတွင် အသစ်ပေါ်ပေါက်လာပြီး တရုတ်စီမံကိန်းများရှိရာ ဒေသများတွင် အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များဟူ၍ ဖြစ်သည်။
ISP-Myanmar သည် အသိုက်အဝန်းတခုချင်းစီတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အခြေခံအချက်အလက် (baseline data) ကို တည်ဆောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့၏ ဝက်ဘ်ဆိုက်စာမျက်နှာတို့ထံက အချက် အလက်များ ရယူခဲ့သည်။ အသိုက်အဝန်းအသီးသီး၏ ခေါင်းဆောင်များနှင့် အကြိုဆွေးနွေးတိုင်ပင်ခြင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ရှိသော အရပ်ဘက်လူမှုအသိုက်အဝန်း၊ တိုင်းရင်းသားတော်လှန်ရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကို ဆက်သွယ်မေးမြန်းကာ စာရင်းပြုစုခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ တရုတ်-မြန်မာဆက်ဆံရေးတွင် အရေးပါသည့် ကိစ္စရပ်များအပေါ် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်တဦးချင်း၊ အဖွဲ့အစည်းတခုချင်းစီ၏ ကျွမ်းကျင်မှု၊ တတ်သိမှု၊ ပါဝင်ပတ်သက်မှု၊ မူဝါဒနှင့် ပထဝီရေးရာ အရေးပါမှုနှင့် တရုတ်-မြန်မာ မူဝါဒရေးရာတွင် လွှမ်းမိုးမှုကိုလည်း ကျွမ်းကျင်သူများ၏ အကြံပြုချက်များရယူကာ ဆုံးဖြတ်ခဲ့သည်။ ထိုအချက်အလက်များကို စစ်တမ်းမပြုလုပ်မီ နှစ်လအလိုတွင် အသစ်ထပ်မံဖြည့်သွင်းခြင်း၊ အချက်အလက်စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့စာရင်းပြုစုရာဝယ် နိုင်ငံရေးအသိုက်အဝန်းအတွက် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် လွှတ်တော်အသီးသီး၌ အနိုင်ရရှိထားသော နိုင်ငံရေးပါတီများနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အဓိကဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အခြေစိုက်လှုပ်ရှားနေသော နိုင်ငံရေးပါတီများကို ရွေးချယ်သတ်မှတ်ပါသည်။ သို့ရာတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့ရာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီအများစု ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့ပေ။ ယခုစစ်တမ်းတွင် အဆိုပါနိုင်ငံရေးပါတီများမှ နိုင်ငံရေးခေါင်းဆောင်များအပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများနှင့်ပတ်သက်၍ ဝေဖန်အကြံပြု၊ လှုပ်ရှားဆောင်ရွက်လျက်ရှိသော နိုင်ငံရေးခေါင်းဆောင် ၇၃ ဦးကို ရွေးချယ်စာရင်းပြုစုခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းများအသိုက်အဝန်းနှင့်ပတ်သက်၍ တရုတ်-မြန်မာဆက်ဆံရေးကိုသုတေသနလုပ်ငန်းများ ထဲထဲဝင်ဝင်လုပ်ဆောင်နေသော၊ သဘာဝပတ်၀န်းကျင်၊ မြေယာအရေး၊ တရုတ်စီမံကိန်းများအရေးတို့ကို စောင့်ကြည့်လေ့လာနေသော၊ ဒေသခံပြည်သူ လူထု၏ အခွင့်အရေးများဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်းဝင် ၂၃၀ ဦးကို ရွေးချယ်စာရင်းပြုစုပါသည်။ စီးပွားရေးအသင်းများ/အဖွဲ့အစည်းများတွင် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ပတ်သက်ဆက်နွှယ်နေသည့် (အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့်) အဖွဲ့အစည်းများနှင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည့် ပြည်ထောင်စုအဆင့် စီးပွားရေးအသင်းများ/အဖွဲ့အစည်းများနှင့် ပြည်နယ်အခြေစိုက် စီးပွားရေးအသင်း/အဖွဲ့အစည်းများက လူပုဂ္ဂိုလ် ၁၅၁ ဦးကို ရွေးချယ်ခဲ့သည်။ ထိုသို့ရွေးချယ်ရာတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ထံကရရှိသော အချက်အလက်များအပေါ် အခြေခံထားပါသည်။ ထင်ရှားကျော်ကြားဩဇာလွှမ်းမိုးသူများ အသိုက်အဝန်းတွင် တရုတ်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်၍ သုတေသနပြုလုပ်နေသူများ၊ မူဝါဒရေးရာတွင် လွှမ်းမိုးနိုင်သော ထင်ရှားသည့် အသိပညာရှင် အတတ်ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေးနယ်ပယ်မှ ဩဇာကြီးသူ ၁၅၂ ဦးကိုလည်း တွေ့ဆုံမေးမြန်းရမည့်စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို သတ်မှတ်ရာတွင် တိုင်းရင်းသားအခြေပြု ပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့သည့်အစိုးရနှစ်ဆက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အလုပ်သဘောနှင့် အလွတ်သဘောပါဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်း ၂၃ ခုကို စာရင်းပြုစုခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရွေးချယ်သတ်မှတ်ရာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ တည်ရှိရာ ပြည်နယ်နှင့်တိုင်းများတွင် အခြေစိုက်သည့်တပ်ဖွဲ့များကို ဦးစွာရွေးချယ်ခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀၀ ဦးဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များကိုသာ ရွေးချယ်ခဲ့သည်။ တပ်ဖွဲ့များ၏ နယ်မြေကြီးစိုးနိုင်မှု (territorial control) နှင့်ပတ်သက်ပြီး ISP-Myanmar က သတ်မှတ်ထားသည့် အဆင့်သုံးဆင့်ဖြစ်သည့် လှုပ်ရှားအဆင့် (active)၊ စိုးမိုးအဆင့် (rule)၊ ထိန်းချုပ်အဆင့် (control) အနက် လှုပ်ရှားအဆင့်ရှိသည့် အဖွဲ့များကို ရွေးချယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အင်အားနှင့် နယ်မြေကြီးစိုးနိုင်မှု သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆၆ ဖွဲ့ကို ရွေးချယ်ခဲ့သည်။
အာဏာသိမ်းမှုအလွန် နိုင်ငံရေးအခြေအနေများနှင့် ပဋိပက္ခအခြေအနေများကြောင့် နေရာရွှေ့ပြောင်းမှု၊ ဖုန်းအင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်မှုနှင့် အဖွဲ့အစည်းရပ်တည်မှု အပြောင်းအလဲများ ရှိနေပါသည်။ ထို့ကြောင့် ယခုနှစ်တွင် ISP-Myanmar အနေနှင့် PACE နှင့်အတူ ဒေတာများကို ပူးပေါင်းသုံးသပ်ခြင်းနှင့် အတည်ပြုခြင်းများကို လေးကြိမ် ပြုလုပ်ခဲ့ပါသည်။ အခြေခံအချက်အလက်များ၏ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းရန် တဦးချင်းအခြေအနေများနှင့် အဖွဲ့အစည်းဆိုင်ရာ အခြေအနေများကို အကဲဖြတ်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ပဋိပက္ခဒေသများတွင် ရှိနေသည့် နမူနာစာရင်းက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ၂၈၁ ဦးကို စစ်တမ်းမပြုလုပ်မီ တလအလိုတွင် ဆက်သွယ်ကာ အချက်အလက်များ ထပ်မံအတည်ပြုခဲ့ပြီး နိုင်ငံတွင်းရှိ စီးပွားရေးအသင်းအဖွဲ့များကို ကိုယ်စားပြုသူ ၁၄၉ ဦး၊ လူထုအခြေပြုအဖွဲ့အစည်းများက ၉၉ ဦး၊ ထင်ရှားကျော်ကြား ဩဇာလွှမ်းမိုးသူများအသိုက်အဝန်းက ၁၁ ဦးနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ၂၂ ဦးတို့ ပါဝင်ပါသည်။ ဤနည်းအားဖြင့် အသိုက်အဝန်းခြောက်ခုစလုံးအတွက် လူပုဂ္ဂိုလ် စုစုပေါင်း ၆၉၅ ဦးကို ရွေးချယ်ခဲ့ပြီး အခြေခံစာရင်း (baseline data) ကို ပြုစုနိုင်ခဲ့ပါသည်။
▪️တွေ့ဆုံမေးမြန်းခြင်းအတွက် နမူနာရွေးချယ်သရုပ်ခွဲခြင်း
ယခုသုတေသနစစ်တမ်းအတွက် အခြေခံစာရင်းကို အခြေပြု၍ အသိုက်အဝန်းခြောက်ခု၏ လူစာရင်းအရေအတွက်ကို အချိုးအစားအလိုက်တွက်ချက်ကာ တွေ့ဆုံမေးမြန်းရန် နမူနာကို ရွေးချယ်သတ်မှတ်ခဲ့ပါသည်။ စစ်တမ်းသုတေသနအရ အခြေခံစာရင်းရှိနမူနာ (sample) ကို အချိုးကျ (proportion) တွက်ချက်ပြီး သရုပ်ခွဲခဲ့ပါသည်။ သို့သော် အသိုက်အဝန်းခြောက်ခုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ကျန်အသိုက်အဝန်းလေးခုနှင့်စာလျှင် အရေအတွက် နည်းပါးနေပါသည်။ ထို့ကြောင့် စစ်တမ်းတွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာသည့်အခါ ၎င်းတို့ကိုကိုယ်စားပြုနိုင်မည့် ဖြေဆိုမှုများပါဝင်စေရန် အခြေခံစာရင်းတွင် စာရင်းပြုစုထားသည့် အရေအတွက်များအတိုင်း ထပ်တိုးနမူနာအဖြစ် တွေ့ဆုံမေးမြန်းရန်လည်း သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့်စစ်တမ်းတွင်ပါဝင်မည့် ပုဂ္ဂိုလ်နမူနာများကို သရုပ်ခွဲရာတွင် ပေါင်းစပ်နမူနာ (mixed proportion) စနစ်ကိုအသုံးပြုကာ ရွေးထုတ်ခဲ့ပါသည်။

စစ်တမ်းအတွက် တွေ့ဆုံမေးမြန်းရန် နမူနာရွေးချယ်သရုပ်ခွဲရာတွင် အမျိုးသား၊ အမျိုးသမီး ဦးရေ မျှတစေရန် ဦးစားပေးပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် စစ်တမ်းနည်းနာနှင့် စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသည့် နမူနာအရ မူဝါဒချမှတ်သူများတွင် အမျိုးသားဦးရေမှာ သိသိသာသာ များပြားနေခြင်း၊ အာဏာသိမ်းမှုအလွန် နိုင်ငံရေးအကျပ် အတည်းနှင့် ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများတွင် မူဝါဒအသိုက်အဝန်းက အမျိုးသမီးများ အများစုပါဝင်နေခြင်း၊ စီးပွားရေးအသင်းအဖွဲ့များကို ဆန်းစစ်ပါကလည်း ဦးဆောင်သူများတွင် အမျိုးသားများ အများစုဖြစ်နေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDFs/LDFs များ၏ ခေါင်းဆောင်များသည်လည်း အမျိုးသားများသာ ဖြစ်နေခြင်းကြောင့် အမျိုးသားနှင့် အမျိုးသမီး အချိုးညီရန် ခက်ခဲပါသည်။ ထို့အပြင် ယခုနှစ်တွင် မူဝါဒရေးရာအသိုက်အဝန်း၏ ဖြေဆိုသူများထဲတွင် လိင်စိတ်ခံယူမှုကွဲပြားသူများလည်း ပါဝင်ခဲ့သည်။ စစ်တမ်းတွင် အမျိုးသား ၁၉၃ ဦး၊ အမျိုးသမီး ၆၄ ဦးနှင့် အခြား သုံးဦး ပါဝင်ခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၇၄ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၅ ရာခိုင်နှုန်းနှင့် အခြား တစ်ရာခိုင်နှုန်း ပါဝင်ခဲ့သည်။ ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် အမျိုးသမီးဦးရေမှာ နှစ်စဉ် တိုးလာပြီး ယမန်နှစ်ကထက် ငါးဦး၊ ရာခိုင်နှုန်းအားဖြင့် တစ်ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ ယခုနှစ်စစ်တမ်းတွင် အသိုက်အဝန်းခြောက်ခုမှ လူပုဂ္ဂိုလ် ၂၆၀ ဦးကို မေးမြန်းနိုင်ခဲ့ပါသည်။ ထိုအထဲတွင် အရပ်ဘက်အဖွဲ့အစည်းက ၁၀၅ ဦး၊ နိုင်ငံရေးနယ်ပယ်က ၁၆ ဦး၊ စီးပွားရေးအသင်းအဖွဲ့က ၄၂ ဦး၊ ထင်ရှားကျော်ကြားသူများက ၆၆ ဦး၊ EAOs က ၁၅ ဦးနှင့် PDFs/LDFs က ၁၆ ဦးတို့ ပါဝင်ပါသည်။
စစ်တမ်းမေးမြန်းမှုများမပြုခင်တွင် ISP-Myanmar နှင့် PACE တို့ ပူးပေါင်းကာ စစ်တမ်းကောက်ယူသူများ လိုက်နာရမည့် လက်စွဲစာအုပ်လည်း ထုတ်ဝေခဲ့ပါသည်။ ထိုလက်စွဲစာအုပ်တွင် စစ်တမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ နမူနာရွေးချယ်မှုရလဒ်များနှင့် စစ်တမ်းအတွက် လုပ်ထုံးလုပ်နည်းများကို စနစ်တကျလမ်းညွှန်ထားပါသည်။ ထိုစာအုပ်တွင် စစ်တမ်း ကောက်ယူသူများအနေနှင့် မေးခွန်းများမေးမြန်းခြင်း၊ အဖြေများကို မှတ်တမ်းတင်ခြင်းနှင့် ဖြေဆိုသူများ၏ လုံခြုံရေးကို အလေးထားခြင်း စသည်တို့နှင့်ပတ်သက်သော စည်းကမ်းများ၊ ကျင့်ဝတ်များနှင့် စံနှုန်းများကို အဆင့်ဆင့် ဖော်ပြထားပါသည်။ ထို့ပြင် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ အတိုကောက်စကားလုံးများကို နားလည်စေရန်ကိုလည်း လက်စွဲစာအုပ်တွင် နောက်ဆက်တွဲအနေဖြင့် ဖော်ပြထားပါသည်။
ထိုလက်စွဲစာအုပ်ပါ အကြောင်းအရာများနှင့် စစ်တမ်းကောက်ယူသည့်နည်းနာတို့ကို စစ်တမ်း မပြုလုပ်ခင် နှစ်ရက်အလိုတွင် သင်တန်းပေးကာ လေ့ကျင့်ပေးခဲ့ပါသည်။ သင်တန်းတွင် စစ်တမ်းရည်ရွယ်ချက်များ၊ နည်းစနစ်များ၊ လူတွေ့မေးမြန်းခြင်းနည်းနာများ၊ ကျင့်ဝတ်များ၊ ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများနှင့် ပြင်ဆင်မှုများ ပါဝင်သည်။ ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးသိမှုကို မြှင့်တင်ရန်အတွက် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပဋိပက္ခနှင့်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်ပတ်သက်မှု၊ တရုတ်-မြန်မာကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဒေသတွင်းပေါင်းစည်းရေးအစီအစဉ်များအကြောင်း အထူးသင်တန်းကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။
နိုင်ငံရေးနှင့် လုံခြုံရေးအန္တရာယ် လျော့ပါးရေး
စစ်တမ်းအတွက် သုတေသန မေးခွန်းများ မေးမြန်းရာတွင် ကျင့်ဝတ်ကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အသုံးအနှုန်းများကို သုတေသန ကျင့်ဝတ်နှင့်အညီ ရေးသားပြင်ဆင်ခြင်း ပြုလုပ်သည့်နည်းတူ သုတေသနမေးမြန်းစဉ် ဘက်အသီးသီးတွင် ဆိုက်ဘာလုံခြုံရေးအန္တရာယ်များ လျော့ပါးစေရန်အတွက်လည်း စနစ် တကျဆောင်ရွက်ခဲ့ပါသည်။ ISP-Myanmar အဖွဲ့ဝင်များနှင့် စစ်တမ်းကောက်သူများ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် လစ်ဟင်းမှုမရှိစေရန်လည်း အာရုံစိုက်ခဲ့ပါသည်။
