Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
၁။ ရွေးကောက်ပွဲသည် ရေရှည်ပဋိပက္ခဖြေရှင်းရေးကို အထောက်အကူမပြုနိုင်

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲလမ်းကြောင်းကတဆင့် ထွက်ပေါက်ရှာရန် စစ်ကောင်စီကို တရုတ်နိုင်ငံက တွန်းအားပေးခြင်းသည် ရေရှည်ပဋိပက္ခ ဖြေရှင်းရေးအတွက် အထောက်အကူမဖြစ်နိုင်ကြောင်း စစ်တမ်းဖြေဆိုသူအားလုံး၏ ၈၁ ရာခိုင်နှုန်းက ရှုမြင်ကြသည်။ အထောက်အကူဖြစ်ကြောင်း ဖြေဆိုသူမှာ ၁၆ ရာခိုင်နှုန်းရှိသည်။ ယခင်နှစ်စစ်တမ်းတွင် အထောက်အကူမဖြစ်ကြောင်း ဖြေသူ ၇၃ ရာခိုင်နှုန်းရှိသဖြင့် ရှစ်ရာခိုင်နှုန်း ပိုများလာသည်။
၂။ တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီကို မကြိုက်သူများပြား

တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်မျိုးသည် မြန်မာနိုင်ငံအတွက် အတုယူကျင့်သုံးသင့်သည်ဆိုသော ပြောဆိုရေးသားမှုများကို သဘောမတူကြောင်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းရှိပါသည်။ ခုနစ်ရာခိုင်နှုန်းက သဘောတူကြောင်း ဖြေဆိုခဲ့သည်။ ယခင်နှစ် စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက သဘောမတူသူမှာ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်ကထက် သုံးရာခိုင်နှုန်းတိုးလာပြီး သဘောတူသူမှာ ၂၀၂၂ ခုနှစ်ကထက် တစ်ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ကထက် နှစ်ရာခိုင်နှုန်း လျော့သွားသည်။
၃။ စီမံကိန်းများ တိုက်ခိုက်ခံရသဖြင့် တရုတ်က မြန်မာ့အရေး အားပိုစိုက်လာဟု ယူဆကြ

မြန်မာနိုင်ငံတွင်ရှိသော တရုတ်နိုင်ငံ၏ ဗျူဟာမြောက်စီမံကိန်းများ တိုက်ခိုက်သိမ်းပိုက်ခံရသဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးတွင် တရုတ်နိုင်ငံက ဖိဖိစီးစီးပါဝင်လာခြင်းဖြစ်ကြောင်း ယူဆသူ ၆၃ ရာခိုင်နှုန်းရှိသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA)၏ စစ်ရေးအောင်မြင်မှုကြောင့် ဖြစ်သည်ဟု ယူဆသူ ၅၈ ရာခိုင်နှုန်း ရှိသည်။ အတိုက်အခံအင်အားစုများ စည်းလုံးလာခြင်းကြောင့်ဖြစ်သည်ဟု ယူဆသူ ၃၇ ရာခိုင်နှုန်းရှိပါသည်။
၄။ တရုတ်နိုင်ငံကို အဆိုးမြင်သူ ဆက်များနေ

စစ်တမ်းဖြေသူအားလုံး၏ ၇၅ ရာခိုင်နှုန်းက အာဏာသိမ်းမှုအလွန်တွင် တရုတ်နိုင်ငံအပေါ် ပို၍အဆိုးမြင်လာကြောင်း ဖြေဆိုခဲ့ကြသည်။ ယခင်နှစ်က စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက ‘ပို၍အဆိုးမြင်ပါသည်’ ဟု ဖြေသူ ရာခိုင်နှုန်း နှစ်စဉ်တိုးလာသည်ကို တွေ့ရပါသည်။
၅။ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေး ပူးပေါင်းရန် ကမ်းလှမ်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) တွင် ပါဝင်သည့် တရုတ်ကုမ္ပဏီများက ဆက်သွယ်ဆွေးနွေးရာ၌ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေး ပူးပေါင်းရန် ကမ်းလှမ်းခဲ့ကြောင်း (ဆက်သွယ်ခြင်းခံခဲ့ရသူများ၏) ၅၀ ရာခိုင်နှုန်းက ဆိုပါသည်။ စီမံကိန်းများ မထိခိုက်စေရန် သတိပေးခဲ့ခြင်းများလည်း ရှိခဲ့သည်။
- တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)
-
ထူးခြားတွေ့ရှိချက် ငါးရပ် Currently reading
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
- မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
- မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ
- တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ
- တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ
