ISP Survey

တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ

စစ်တမ်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကဏ္ဍ​အမျိုးမျိုးတွင် ပါဝင်လုပ်ကိုင်နေကြသော မြန်မာ့မူဝါဒအသိုက်အဝန်းက လူကျော်လူမော်များအနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အဓိကပုံဖော်နေသည့် အခြေခံ အကြောင်းအရာများအပေါ် မည်သို့နားလည်ရှုမြင်နေကြသနည်း ဆိုသည်တို့ကို ဆန်းစစ်ပိုင်းခြားရန်ဖြစ်သည်။
By ISP Admin | July 1, 2025

Photo – AFP

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။

စစ်တမ်းမေးခွန်းနှင့် ရလဒ်များ

၁။ တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ

မြန်မာ့မူဝါဒအသိုက်အဝန်းတွင် တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းမဟုတ်ဟု ယူဆသူ ၆၈ ရာခိုင်နှုန်းရှိပြီး အိမ်နီးချင်းကောင်းဟုယူဆသူမှာ ၃၀ ရာခိုင်နှုန်းရှိသည်။ အိမ်နီးချင်းကောင်းမဟုတ်ဟု ယူဆသူမှာ ၂၀၂၃ ခုနှစ် စစ်တမ်းထက် ၁၄ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် စစ်တမ်းထက် ၁၃ ရာခိုင်နှုန်း ပိုတိုးလာခြင်း ဖြစ်သည်။​ အိမ်နီးချင်းကောင်းဟု ယူဆသူမှာ ၂၀၂၃ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း လျော့ကျသွားပါသည်။​

မေးခွန်း-၁ ကို မေးမြန်းရာတွင် “ယေဘုယျအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အတိုင်းအတာအထိ အိမ်နီးချင်းကောင်း ဖြစ်ပါသလဲ”ဟု မေးမြန်းခဲ့ပါသည်။ ကောင်း၊ မကောင်း အတိုင်းအတာကို ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားကာ ‘၁’ သည် ‘လုံးဝမကောင်းပါ’ ဖြစ်ပြီး ‘၄’ သည် ‘အလွန်ကောင်းပါသည်’ ဖြစ်ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းတွင် ဖြေဆိုခဲ့သည့် မူဝါဒအသိုက်အဝန်းတခုချင်းစီ၏ ရလဒ်များကို နှိုင်းယှဥ်ပါက တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းဟု မယူဆသူများတွင် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၈၃ ရာခိုင်နှုန်းရှိသည်။ ထင်ရှားကျော်ကြားသူများ၇၃ ရာခိုင်နှုန်း PDFs/LDFs များ၆၃ ရာခိုင်နှုန်းနှင့် EAOs များ၅၃ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆကြသည်။ သို့သော် နိုင်ငံရေးအသိုက်အဝန်း၆၃ ရာခိုင်နှုန်းနှင့် စီးပွားရေးအသိုက်အဝန်း၆၀ ရာခိုင်နှုန်းတို့က အိမ်နီးချင်းကောင်းဖြစ်သည်ဟု ဖြေဆိုကြပါသည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝမကောင်းပါ’နှင့် ‘မကောင်းပါ’ နှစ်ရပ်ပေါင်းကို ‘မကောင်းပါ’ဟုလည်းကောင်း၊​ ‘ကောင်းပါသည်’နှင့် ‘အလွန်ကောင်းပါသည်’ နှစ်ရပ်ပေါင်းကို ‘ကောင်းပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုမှာ ‘ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍများတွင် တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှု’ ဖြစ်ကြောင်း ၄၆ ရာခိုင်နှုန်းက ဖြေဆိုကြသည်။ ယခင်နှစ်စစ်တမ်းများ၌ ‘ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှု’နှင့် ‘လုံခြုံရေးကဏ္ဍတွင် တရုတ်၏လွှမ်းမိုးမှု’ ဟူ၍ သီးခြားခွဲပြီး မေးမြန်းခဲ့ပါသည်။ ၂၀၂၃ ခုနှစ် စစ်တမ်းတွင်မူ ‘ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှု’ဖြစ်ကြောင်း ဖြေဆိုသူ ၂၂ ရာခိုင်နှုန်းရှိပြီး ‘လုံခြုံရေးကဏ္ဍတွင် တရုတ်၏လွှမ်းမိုးမှု’ဟု ဖြေဆိုသူ ခြောက်ရာခိုင်နှုန်းရှိပါသည်။ ၂၀၂၂ ခုနှစ်စစ်တမ်း၌ ‘ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှု’ဟု ဖြေဆိုသူမှာ ၁၉ ရာခိုင်နှုန်းရှိပြီး ‘လုံခြုံရေးကဏ္ဍတွင် တရုတ်၏လွှမ်းမိုးမှု’ဟု ဖြေဆိုသူ လေးရာခိုင်နှုန်းရှိပါသည်။ ယခုစစ်တမ်းတွင် ၃၂ ရာခိုင်နှုန်းက ‘ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမှု’ဟုလည်းကောင်း၊ ၁၇ ရာခိုင်နှုန်းက ‘စီးပွားရေးအရလွှမ်းမိုးခံရမှု’ဟုလည်းကောင်း ဖြေဆိုခဲ့သည်။​ ထိုသို့ဖြေဆိုမှုမှာ ၂၀၂၃ နှင့် ၂၀၂၂ ခုနှစ်တို့ထက် ၂၁ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်း လျော့ကျသွားသည်။

မေးခွန်း-၂ ကို မေးမြန်းရာတွင် ‘တရုတ်-မြန်မာဆက်ဆံရေး၌ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုတချို့’ကို ဖတ်ပြကာ “အဓိကအကျဆုံးလို့ ယူဆတဲ့ စိန်ခေါ်မှုတခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းတွင်ဖြေဆိုခဲ့သည့် အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ရာတွင် ‘ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှု’ ဟူသည့် အဖြေကို ရွေးချယ်ရာတွင် ထင်ရှားကျော်ကြားသူများက ၅၂ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများက ၅၀ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သည်။ EAOs ၄၇ ရာခိုင်နှုန်းနှင့် PDFs/LDFs ၄၄ ရာခိုင်နှုန်းတို့က ‘ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှု’နှင့် ‘ပထဝီနိုင်ငံအရေးအရ လွှမ်းမိုးခံရမှု’တို့ကို ရွေးချယ်ကြသည်။​ နိုင်ငံရေးအသိုက်အဝန်း ကမူ ‘ပထဝီနိုင်ငံအရေးအရ လွှမ်းမိုးခံရမှု’ဟူသည့် အဖြေကို အများဆုံးရွေးချယ်ခဲ့ကြပြီး ၅၀ ရာခိုင်နှုန်းရှိသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင် မြန်မာနိုင်ငံက အဓိကရရှိနေသည့် အခွင့်အလမ်းအဖြစ် ‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိနိုင်မှု’ဟု ဖြေဆိုသူမှာ အများဆုံးဖြစ်ပြီး ၃၀ ရာခိုင်နှုန်းရှိသည်။ ‘စျေးကွက်ရရှိနိုင်မှု’ ဟု ဖြေဆိုသူ ၂၈ ရာခိုင်နှုန်းနှင့် ‘မည်သည့်အခွင့်အလမ်းမှမရှိ’ဟု ဖြေဆိုသူမှာ ၁၃ ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ နှင့် ၂၀၂၂ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းများတွင် ‘စျေးကွက်ရရှိနိုင်မှု’ဟု ဖြေဆိုသူမှာ အများဆုံးဖြစ်ခဲ့ပြီး ၃၇ ရာခိုင်နှုန်းစီရှိခဲ့သောကြောင့် ၂၀၂၄ ခုနှစ်တွင် ကိုးရာခိုင်နှုန်း လျော့ကျသွားပါသည်။

မေးခွန်း-၃ ကိုမေးမြန်းရာတွင် ‘တရုတ်-မြန်မာဆက်ဆံရေး၌ မြန်မာနိုင်ငံက အဓိကရရှိနေသည့် အခွင့်အလမ်းတချို့’ကို ဖတ်ပြကာ “အဓိကအကျဆုံး အခွင့်အလမ်းတခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာ တရုတ်-မြန်မာဆက်ဆံရေးတွင် မြန်မာနိုင်ငံက အဓိကရရှိနေသည့် အခွင့်အလမ်းမှာ ‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိနိုင်မှု’ ဖြစ်ကြောင်း EAOs နှင့် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြေဆိုကြသည်။ EAOs များ၄၇ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၃၅ ရာခိုင်နှုန်းက ထိုသို့ဖြေဆိုကြသည်။ စီးပွားရေးအသင်းအဖွဲ့များ၃၃ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၃၁ ရာခိုင်နှုန်းကလည်း ‘နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ရရှိနိုင်မှု’ဟု ဖြေဆိုကြသည်။ ‘စျေးကွက်ရရှိနိုင်မှု’ဟု ဖြေဆိုသူများတွင် PDFs/LDFs များက အများဆုံးဖြစ်ပြီး ၃၈ ရာခိုင်နှုန်းရှိသည်။ စီးပွားရေးအသင်းအဖွဲ့များ၃၃ ရာခိုင်နှုန်းနှင့် ထင်ရှားကျော်ကြားသူများ၂၆ ရာခိုင်နှုန်းကလည်း ‘စျေးကွက်ရရှိနိုင်မှု’ဟု ဖြေဆိုပါသည်။

မြန်မာနိုင်ငံအနေနှင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကလွဲ၍ ကျန်ကဏ္ဍများတွင် တရုတ်နိုင်ငံကို မှီခိုနေရကြောင်း အများစုက ရှုမြင်ကြသည်ကို တွေ့ရပါသည်။ ၉၆ ရာခိုင်နှုန်းက ‘ကုန်သွယ်ရေး’၈၉ ရာခိုင်နှုန်းက ‘ရင်းနှီးမြှုပ်နှံမှု’၈၃ ရာခိုင်နှုန်းက ‘သံတမန်ရေး’၈၀ ရာခိုင်နှုန်းက ‘ငြိမ်းချမ်းရေးဖြစ်စဥ်’နှင့် ၇၄ ရာခိုင်နှုန်းက ‘နိုင်ငံရေး’တွင် တရုတ်နိုင်ငံကို မှီခိုနေရသည်ဟု ဖြေဆိုကြသည်။ ယခုရလဒ်များမှာ ယခင်နှစ် စစ်တမ်းရလဒ်များနှင့် များစွာမကွာခြားပေ။ ‘ကုန်သွယ်ရေး’၊ ‘ရင်းနှီးမြှုပ်နှံမှု’ နှင့် ‘သံတမန်ရေး’တို့ကို ရွေးချယ်သူမှာ ယခုစစ်တမ်းတွင် အပြောင်းအလဲမရှိဘဲ ပထမ၊ ဒုတိယနှင့် တတိယနေရာတွင် ရှိနေသည်။ ‘လုံခြုံရေး’ကို ရွေးချယ်သူ ၁၀ ရာခိုင်နှုန်းနှင့် ‘နိုင်ငံရေး’ကို ရွေးချယ်သူ ငါးရာခိုင်နှုန်း လျော့ကျသွားပါသည်။

မေးခွန်း-၄ ကနေ ၁၃ အထိကို မေးမြန်းရာတွင် “အခုဖတ်ပြမယ့်ကဏ္ဍတွေမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပေါ် ဘယ်လောက်အတိုင်းအတာအထိ မှီခိုနေရတယ်လို့ ထင်ပါသလဲ။ မှီခိုမှုအတိုင်းအတာကို ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။​ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ‘၁’ သည် ‘လုံးဝမှီခိုရန်မလိုပါ’ ဖြစ်ပြီး ‘၄’ သည် ‘အပြည့်အဝမှီခိုနေရပါသည်’ ဖြစ်သည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏အဖြေများကို နှိုင်းယှဉ်ကြည့်ရာ ‘ကုန်သွယ်ရေး’ တွင် မှီခိုနေရကြောင်း အသိုက်အဝန်းအားလုံးက သဘောတူညီသည်ကို တွေ့ရပါသည်။ ထိုအထဲတွင် EAOs များနှင့် နိုင်ငံရေးအသိုက်အဝန်းတို့က ‘ကုန်သွယ်ရေး’ တွင် မှီခိုနေရကြောင်း ရာနှုန်းပြည့် ဖြေဆိုကြသည်။ ‘နိုင်ငံရေး’၊ ‘ငြိမ်းချမ်းရေး’၊ ‘ရင်းနှီးမြှုပ်နှံမှု’၊ ‘နည်းပညာ’ နှင့် ‘သံတမန်ရေး’ တို့နှင့်ပတ်သက် ၍လည်း အသိုက်အဝန်းအားလုံးမှာ သဘောထားတူညီကြသည်။ သို့သော် ‘လမ်းတံတား အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး’ တွင်မူ တရုတ်နိုင်ငံကို မှီခိုရန်မလိုကြောင်း EAOs များ၅၃ ရာခိုင်နှုန်းက ဖြေဆိုပြီး အသိုက်အဝန်းခြောက်ခုတွင် အများဆုံးဖြစ်သည်။ ‘ကျန်းမာရေး’ တွင် တရုတ်နိုင်ငံကို မှီခိုရန်မလိုကြောင်း ကျန်အသိုက်အဝန်းများက ဖြေဆိုကြသော်လည်း PDFs များ၅၀ ရာခိုင်နှုန်းကမူ မှီခိုနေရကြောင်း ဖြေဆိုကြသည်။ ထူးခြားချက်မှာ ‘လုံခြုံရေး’ ကဏ္ဍတွင် တရုတ်နိုင်ငံကို မှီခိုနေရကြောင်း ကျန်အသိုက်အဝန်းအားလုံးက ဖြေဆိုကြသော်လည်း PDFs များ၇၅ ရာခိုင်နှုန်းကမူ မှီခိုရန်မလိုဟု ဖြေဆိုကြခြင်း ဖြစ်ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ‘အပြည့်အ၀ မှီခိုနေရပါသည်’နှင့် ‘မှီခိုနေရပါသည်’နှစ်ရပ်ပေါင်းကို ‘မှီခိုနေရ’ဟုလည်းကောင်း၊ ‘လုံး၀မှီခိုရန်မလိုပါ’နှင့် ‘မှီခိုရန်မလိုပါ’ နှစ်ရပ်ပေါင်းကို ‘မှီခိုရန်မလို’ဟုလည်းကောင်း ကောက်ယူပါသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင် တရုတ်နိုင်ငံဘက်က မျှော်မှန်းသော အကျိုးစီးပွားကို မေးမြန်းခဲ့ရာ ‘အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ငံရေး’ဖြစ်ကြောင်း ဖြေဆိုသူမှာ ၄၀ ရာခိုင်နှုန်း ရှိပြီး အများဆုံးဖြစ်သည်။ ‘တရုတ်နိုင်ငံ၏ သြဇာခံနိုင်ငံတခုဖြစ်လာရေး’ဟု ဖြေဆိုသူ ၂၀ ရာခိုင်နှုန်းနှင့် ‘မြန်မာနိုင်ငံရှိ သယံဇာတအရင်းအမြစ်များ ရရှိရေး’ဟု ဖြေဆိုသူမှာ ၁၉ ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ နှင့် ၂၀၂၂ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းများတွင်လည်း ‘အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ငံရေး’ဟု ဖြေဆိုသူမှာ အများဆုံးဖြစ်ခဲ့သည်။ ‘တရုတ်နိုင်ငံ၏ သြဇာခံ နိုင်ငံတခုဖြစ်လာရေး’ဟု ဖြေဆိုသူမှာ ယခုစစ်တမ်းတွင် ၂၀၂၃ ခုနှစ်စစ်တမ်းထက် ခုနစ်ရာခိုင်နှုန်းတိုးလာပါသည်။

မေးခွန်း-၁၄ ကို မေးမြန်းရာတွင် ‘တရုတ်-မြန်မာဆက်ဆံရေး၌ တရုတ်နိုင်ငံက မျှော်မှန်းထားသည့် အကျိုးစီးပွားတချို့’ကို ဖတ်ပြကာ “အဓိကအကျဆုံး အကျိုးစီးပွားတခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ယခင်စစ်တမ်းများတွင်ပါဝင်ခဲ့သည့် ‘ယူနန်ပြည်နယ် ရေကြောင်းထွက်ပေါက်ရရှိရေး’၊ ‘အာဆီယံတွင် မဟာမိတ်ရရှိရေး’နှင့် ‘တရုတ်နိုင်ငံ၏ အခြေခံစက်မှုလုပ်ငန်းများအတွက် စျေးကွက်ချဲ့ထွင်ရေး’ စသည့် အချက်များကို ယခုစစ်တမ်းတွင် ထည့်သွင်းမေးမြန်းခြင်း မရှိခဲ့ပေ။ ‘မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်စွမ်းရှိသည့် အင်အားကြီးနိုင်ငံအဖြစ် ပြသနိုင်ရေး’ နှင့် ‘တရုတ်နိုင်ငံ၏ အနောက်ခြမ်းပြည်နယ်ရှစ်ခုအတွက် စျေးကွက်ချဲ့ထွင်ရေး’ဟူသည့် အချက်များမှာ ယခုစစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်သည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ပါက ‘အိန္ဒိယသမုဒ္ဒရာတွင် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ရေး’ဟု အသိုက်အဝန်းခြောက်ခုလုံးက အများဆုံး ဖြေဆိုကြပါသည်။ ဖြေဆိုမှုများမှာ ထင်ရှားကျော်ကြားသူများ၄၈ ရာခိုင်နှုန်းEAOs များ၄၇ ရာခိုင်နှုန်းPDFs/LDFs များ၄၄ ရာခိုင်နှုန်းစီးပွားရေးအသင်းအဖွဲ့များ၄၃ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၃၄ ရာခိုင်နှုန်းဖြစ်သည်။​ ‘တရုတ်နိုင်ငံ၏ သြဇာခံနိုင်ငံတခုဖြစ်လာရေး’ဟု EAOs များ၂၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပြီး အသိုက်အဝန်းခြောက်ခုတွင် အများဆုံးဖြစ်သည်။​ ‘မြန်မာနိုင်ငံတွင်ရှိသည့် သယံဇာတအရင်းမြစ်များရရှိရေး’ကို အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြေဆိုခဲ့ပြီး ၃၀ ရာခိုင်နှုန်းရှိသည်။ ထူးခြားချက်မှာ ‘မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်စွမ်းရှိသည့် အင်အားကြီးနိုင်ငံအဖြစ် ပြသနိုင်ရေး’ကို နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြေဆိုခဲ့ပြီး ၁၉ ရာခိုင်နှုန်း ရှိသည်။

အာဏာသိမ်းမှုအလွန်တွင် တရုတ်နိုင်ငံအပေါ် သဘောထားအမြင် ပြောင်းလဲမှု ရှိ၊ မရှိ မေးမြန်းခဲ့ရာ ‘ပို၍အဆိုးမြင်ပါသည်’ဟု ဖြေဆိုသူ အများဆုံးဖြစ်ပါသည်။ ဖြေဆိုသူအားလုံး၏ ၇၅ ရာခိုင်နှုန်းက ထိုသို့ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ ‘ပို၍အကောင်းမြင်ပါသည်’ဟု ဖြေဆိုသူမှာ ၁၁ ရာခိုင်နှုန်းရှိပြီး ‘မဖြေလိုပါ’ဟုဆိုသူ ၁၃ ရာခိုင်နှုန်းရှိသည်မှာ ထူးခြားချက်ဖြစ်ပါသည်။ ယခင်ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်များနှင့်နှိုင်းယှဥ်ပါက ‘ပို၍အဆိုးမြင်ပါသည်’ဟု ဖြေဆိုသူမှာ သိသိသာသာ မြင့်တက်လာသည်။ ၂၀၂၂ ခုနှစ်ကထက် ၄၁ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ကထက် ၄၇ ရာခိုင်နှုန်း ပိုများလာပါသည်။ အခြားတဖက်တွင်လည်း ‘ပို၍အကောင်းမြင်ပါသည်’ဟု ဖြေဆိုသူမှာလည်း ၂၀၂၂ ခုနှစ်ကထက် ကိုးရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်စစ်တမ်းထက် ငါးရာခိုင်နှုန်း တက်လာပါသည်။ ယခင်နှစ်စစ်တမ်းများတွင် ‘အပြောင်းအလဲမရှိပါ’ ဆိုသည့်အချက်ကို ထည့်သွင်းမေးမြန်းခဲ့ရာ ထိုအချက်ကို ဖြေဆိုသူမှာ ၂၀၂၃ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့သည်။

မေးခွန်း-၁၅ ကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလနဲ့ နှိုင်းယှဉ်ကြည့်ပါက တရုတ်နိုင်ငံကို ပိုပြီးအကောင်းမြင်လာသလား၊ ဒါမှမဟုတ် ပိုပြီးအဆိုးမြင်လာသလား”ဟု မေးမြန်းခဲ့ပါသည်။ ယခုနှစ်တွင်မူ ယခင်စစ်တမ်းများတွင် ပါဝင်ခဲ့သော ‘အပြောင်းအလဲမရှိပါ’ ဟူသည့် အချက်ကို ထည့်သွင်းမေးမြန်းခဲ့ခြင်း မရှိပေ။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းအားလုံး၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ပါက တရုတ်နိုင်ငံအပေါ်တွင် ‘ပို၍အဆိုးမြင်ပါသည်’ဟု ဖြေဆိုမှုတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် EAOs များက အများဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းနှင့် ၈၇ ရာခိုင်နှုန်းရှိသည်။​ ကျန်အသိုက်အဝန်းများအနေနှင့်မူ ထင်ရှားကျော်ကြားသူများက ၆၈ ရာခိုင်နှုန်းနှင့် PDFs/LDFs များက ၆၃ ရာခိုင်နှုန်းရှိသည်။ ‘ပို၍အကောင်းမြင်ပါသည်’ဟု ဖြေဆိုသူများတွင် နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၂၅ ရာခိုင်နှုန်းရှိသည်။ ‘မဖြေလိုပါ’ဟု ဖြေဆိုသူများတွင် စီးပွားရေးအသင်းအဖွဲ့များက အများဆုံးဖြစ်ပြီး ၂၁ ရာခိုင်နှုန်းရှိသည်။

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)



Leave a Reply

Your email address will not be published. Required fields are marked *