Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
စစ်တမ်းမေးခွန်းနှင့် ရလဒ်များ
၂။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ




တရုတ်နိုင်ငံနှင့် စစ်ကောင်စီ (SAC)အကြား ‘ဆက်ဆံရေးကောင်းပါသည်’ဟု ရှုမြင်သူမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အကြား ‘ဆက်ဆံရေးကောင်းပါသည်’ဟု ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်မူ ‘ဆက်ဆံရေးမကောင်းပါ’ဟု ဖြေဆိုသူပိုများပြီး ၆၉ ရာခိုင်နှုန်းရှိသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့်လည်း ‘ဆက်ဆံရေးမကောင်းပါ’ဟု ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ EAOs များ (FPNCC) နှင့် တရုတ်နိုင်ငံအကြား ‘ဆက်ဆံရေးကောင်းပါ သည်’ဟု ဖြေဆိုသူမှာ ၆၁ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) အကြား ‘ဆက်ဆံရေ ကောင်းပါသည်’ဟု ဖြေဆိုသူ ၅၈ ရာခိုင်နှုန်းရှိပြီး ‘ဆက်ဆံရေးမကောင်းပါ’ဟု ဖြေဆိုသူမှာ ၃၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ သည်။ တရုတ်နိုင်ငံနှင့် NUG အကြား ‘ဆက်ဆံရေးမကောင်းပါ’ဟု ဖြေဆိုသူ ၇၆ ရာခိုင်နှုန်းရှိပါသည်။
ယခင်ကောက်ယူခဲ့သည့် စစ်တမ်းများနှင့်နှိုင်းယှဥ်ပါက အပြောင်းအလဲတချို့ရှိခဲ့သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံနှင့် စစ်ကောင်စီ (SAC) အကြား ‘ဆက်ဆံရေးကောင်းပါသည်’ဟု ဖြေဆိုသူမှာ ၂၀၂၃ ခုနှစ် စစ်တမ်းထက် ၁၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်စစ်တမ်းထက် ၃၃ ရာခိုင်နှုန်း ပိုများလာသည်။ တရုတ်နိုင်ငံနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)အကြား ‘ဆက်ဆံရေးကောင်းပါသည်’ ဟု ဖြေဆိုသူမှာ ၂၀၂၃ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်းပိုများလာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ‘ဆက်ဆံရေးကောင်းပါသည်’ဟုဖြေဆိုသူမှာ ၂၀၂၃ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်း လျော့နည်းသွားသည်။ ‘ဆက်ဆံရေးမကောင်းပါ’ဟု ဖြေဆိုသူမှာ ၂၀၂၃ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ် ထက် ၁၄ ရာခိုင်နှုန်း တိုးလာသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် ‘ဆက်ဆံရေးမကောင်းပါ’ဟု ဖြေဆိုသူမှာ ၂၀၂၃ ခုနှစ်စစ်တမ်းထက် ၁၆ ရာခိုင်နှုန်း တိုးလာသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် FPNCC အဖွဲ့အကြား ‘ဆက်ဆံရေးကောင်းပါသည်’ဟု ဖြေဆိုသူမှာ ၂၀၂၃ ခုနှစ်စစ် တမ်းထက် ၁၄ ရာခိုင်နှုန်း လျော့နည်းသွားသည်ကိုတွေ့ရသည်။ NUG နှင့် ‘ဆက်ဆံရေးမကောင်းပါ’ ဟု ဖြေဆိုသူမှာလည်း ၂၀၂၃ ခုနှစ်ထက် ၁၇ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်း ပိုများလာသည်။
မေးခွန်း-၁၆ ကနေ ၂၂ အထိကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက အဖွဲ့အစည်းတွေနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။ ဆက်ဆံရေးအခြေအနေကို ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ‘၁’သည် ‘လုံးဝမကောင်းပါ’ဖြစ်ပြီး ‘၄’သည် ‘အလွန်ကောင်းပါသည်’ ဖြစ်ပါသည်။ ‘ကြားနေ’ ကို ၂၀၂၂ ခုနှစ် စစ်တမ်းတွင် ထည့်သွင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်နှင့် ယခုစစ်တမ်းတို့တွင် ထည့်သွင်းခဲ့ခြင်းမရှိပေ။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ဆက်ဆံရေးကောင်းမွန်ကြောင်း အများဆုံးဖြေဆိုသူများမှာ EAOs များနှင့် နိုင်ငံရေးအသိုက်အဝန်းတို့ ဖြစ်ကြသည်။ EAOs များ၏ ၉၃ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၈၈ ရာခိုင်နှုန်းက ထိုသို့ဖြေဆိုကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံနှင့် USDP အကြား ဆက်ဆံရေးကောင်းမွန်ကြောင်း အသိုက်အဝန်းအားလုံးက ရှုမြင်ကြပြီး ထိုအထဲတွင် PDFs/LDFs များက ၈၈ ရာခိုင်နှုန်း နှင့် EAOs များက ၈၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြေဆိုကြသည်။ တရုတ်နိုင်ငံနှင့် NLD အကြား ဆက်ဆံရေးမကောင်းကြောင်း အစုအဖွဲ့အားလုံးက ရှုမြင်ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၈ ရာခိုင်နှုန်း နှင့် PDFs/LDFs များ၏ ၇၅ ရာခိုင်နှုန်းတို့က ထိုသို့ဖြေဆိုကြကာ အများဆုံးဖြစ်သည်။
တရုတ်နိုင်ငံနှင့် SNLD အကြား ‘ဆက်ဆံရေးမကောင်းပါ’ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၁ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၅၅ ရာခိုင်နှုန်းက ဖြေဆိုကြပြီး အများဆုံးဖြစ်သည်။ FPNCC နှင့် ‘ဆက်ဆံရေးကောင်းပါသည်’ဟု အစုအဖွဲ့အားလုံးက ယူဆကြသည်။ ထိုထဲတွင် EAOs များက ၆၇ ရာခိုင်နှုန်းနှင့် ထင်ရှားကျော်ကြားသူများက ၆၄ ရာခိုင်နှုန်းဖြင့် အများဆုံးဖြေဆိုကြသည်။ 3BHA နှင့် ‘ဆက်ဆံရေးကောင်းပါသည်’ဟု အစုအဖွဲ့အားလုံးက ရှုမြင်ကြပြီး PDFs/LDFs များ၏ ၆၉ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၆၂ ရာခိုင်နှုန်းတို့က ထိုသို့ဖြေဆိုကြကာ အများဆုံးဖြစ်သည်။ တရုတ်နိုင်ငံနှင့် NUG အကြား ဆက်ဆံရေးမကောင်းကြောင်း အစုအဖွဲ့အားလုံးက ရှုမြင်ကြသည်။ ထိုသို့ဖြေဆိုသူများတွင် EAOs များက ၈၇ ရာခိုင်နှုန်းနှင့် ထင်ရှားကျော်ကြားသူများက ၈၆ ရာခိုင်နှုန်းရှိကာ အများဆုံးဖြစ်သည်။







ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝမကောင်းပါ’နှင့် ‘မကောင်းပါ’ နှစ်ရပ်ပေါင်းကို ‘မကောင်းပါ’ဟုလည်းကောင်း၊ ‘ကောင်းပါသည်’နှင့် ‘အလွန်ကောင်းပါသည်’ နှစ်ရပ်ပေါင်းကို ‘ကောင်းပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

မြန်မာနိုင်ငံအတွက် ‘အာဏာရှင်နိုင်ငံရေးစနစ်ကသာ သင့်တော်ကြောင်း တရုတ်နိုင်ငံက ယုံကြည်နေသည်’ဟု ဖြေဆိုသူများ၏ ၇၂ ရာခိုင်နှုန်းက ရှုမြင်နေကြသည်။ မြန်မာနိုင်ငံအတွက် ‘ဒီမိုကရေစီနိုင်ငံရေးစနစ်ကသာ သင့်တော်သည်ဟု တရုတ်နိုင်ငံက ယုံကြည်သည်’ဟု ထင်မြင်သူမှာ ၁၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ ဖြေဆိုရန်ငြင်းဆန်သူမှာလည်း ၁၂ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် စစ်တမ်းများနှင့်နှိုင်းယှဥ်ပါက အပြောင်းအလဲတချို့ရှိခဲ့သည်ကို တွေ့ရသည်။ ‘အာဏာရှင်နိုင်ငံရေးစနစ်နှင့် သင့်တော်သည်ဟု တရုတ်နိုင်ငံက ယုံကြည်သည်’ဟု ယူဆသူမှာ ၂၀၂၃ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်ထက် ၁၇ ရာခိုင်နှုန်း ပိုများလာသည်။ ‘ဒီမိုကရေစီနိုင်ငံရေးစနစ်က သင့်တော်သည်ဟု တရုတ်နိုင်ငံက ယုံကြည်သည်’ဟု ယူဆသူမှာ ၂၀၂၃ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်း လျော့နည်းသွားသည်။
မေးခွန်း-၂၃ ကို မေးမြန်းရာတွင် “တိုင်းရင်းသားအရေးနဲ့ လက်နက်ကိုင်ပဋိပက္ခရှိတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ယုံကြည်တဲ့ သဘောထားအမြင်တွေထဲက နှစ်ခုကို ဖတ်ပြပါမယ်။ အဲဒီနှစ်ခုထဲက တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် မြန်မာနိုင်ငံကို ‘အာဏာရှင်နိုင်ငံရေးစနစ်နှင့် သင့်တော်ကြောင်း တရုတ်နိုင်ငံက ယုံကြည်နေသည်’ဟု အသိုက်အဝန်းအားလုံးက ယူဆကြသည်ကိုတွေ့ရသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၂ ရာခိုင် နှုန်း၊ PDFs/LDFs များ၏ ၈၁ ရာခိုင်နှုန်း၊ EAOs များ၏ ၇၃ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၆၇ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၀ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၄၄ ရာခိုင်နှုန်းတို့က ထိုသို့ ယူဆကြခြင်းဖြစ်သည်။


လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံအနေနှင့် မည်သို့ ပါဝင်ဆောင်ရွက်မည်ဆို သည်နှင့်ပတ်သက်ပြီး ထင်မြင်ချက်များကို မေးမြန်းထားခြင်း ဖြစ်ပါသည်။ ‘တရုတ်နိုင်ငံအနေနှင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မည်’ဟု ရှုမြင်သူမှာ အများဆုံးဖြစ်သည်။ စစ်တမ်းဖြေဆိုသူ ၃၄ ရာခိုင်နှုန်းက ယင်းသို့ ရှုမြင်ကြခြင်းဖြစ်သည်။ ‘တရုတ်တနိုင်ငံတည်းကသာ ဆောင်ရွက်မည်’ဟု ယူဆသူ ၂၆ ရာခိုင်နှုန်း ရှိသည်။ ‘အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်’ဟု ယူဆသူက ၂၀ ရာခိုင်နှုန်းဖြစ်သည်။ ‘အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာပါဝင်သည့် အခင်းအကျင်းအသစ်ကို တရုတ်နိုင်ငံက ဖန်တီးမည်’ဟု ယူဆသူမှာ ၁၃ ရာခိုင်နှုန်းရှိသည်။
မေးခွန်း-၂၄ ကို မေးမြန်းရာတွင် ‘တရုတ်နိုင်ငံအနေနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်း၌ ပါဝင်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် နိုင်ငံများနှင့် အဖွဲ့အစည််းတချို့’ကို ဖတ်ပြခဲ့ပါသည်။ ယင်းနောက် “ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယူဆပါသလဲ၊ အဖြေတခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ၄၃ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၃၈ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၃၆ ရာခိုင်နှုန်းနှင့် EAOs များ၏ ၃၃ ရာခိုင်နှုန်းတို့က ယူဆကြသည်။ တရုတ်တနိုင်ငံတည်းသာ ဆောင်ရွက်မည်ဟု PDFs/LDFs များ၏ ၃၈ ရာခိုင်နှုန်းနှင့် EAOs များ၏ ၃၃ ရာခိုင်နှုန်းတို့က ယူဆကြသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထင်ရှားသူများ၏ ၃၃ ရာခိုင်နှုန်းက ရှုမြင်ကြသည်ကိုလည်း တွေ့ရသည်။


တရုတ်နိုင်ငံအနေနှင့် လက်ရှိမြန်မာ့အရေးဖြေရှင်းရေးတွင် ပြည်တွင်းရေးဝင်မစွက်ဖက်ခြင်းမူဝါဒအတိုင်း ကျင့်သုံးနေခြင်းမရှိဟု စစ်တမ်းဖြေဆိုသူအများစုက ရှုမြင်ကြသည်။ ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက ထိုသို့ယူဆကြခြင်းဖြစ်သည်။ ၁၃ ရာခိုင်နှုန်းက ကျင့်သုံးနေသည် ဟု ဖြေဆိုခဲ့ကြသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် စစ်တမ်းများနှင့်နှိုင်းယှဉ်ပါက အပြောင်းအလဲတချို့ရှိခဲ့ပါသည်။ ပြည်တွင်းရေးဝင်မစွက်ဖက်ခြင်းမူဝါဒအတိုင်း ကျင့်သုံးနေခြင်းမရှိဟု ယူဆသူမှာ ၂၀၂၂ ခုနှစ်ထက် ၁၈ ရာခိုင်နှုန်း နှင့် ၂၀၂၃ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်း ပိုများလာသည်။ ပြည်တွင်းရေးဝင်မစွက်ဖက်ခြင်းမူဝါဒအတိုင်း ကျင့်သုံးနေသည်ဟု ယူဆသူမှာ ၂၀၂၃ ခုနှစ်စစ်တမ်းထက် ၁၁ ရာခိုင်နှုန်း လျော့နည်းသွားသည်။
မေးခွန်း-၂၅ ကို မေးမြန်းရာတွင် “မြန်မာ့အရေးဖြေရှင်းတဲ့အခါ တရုတ်နိုင်ငံအနေနဲ့ သူတို့ကိုင်စွဲထားတဲ့ ပြည်တွင်းရေးဝင်မစွက်ဖက်မူဝါဒအတိုင်း ကျင့်သုံးနေတယ်လို့ ထင်ပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဉ်ကြည့်ရာတွင် တရုတ်နိုင်ငံအနေနှင့် လက်ရှိမြန်မာ့အရေးဖြေရှင်းရေးတွင် ပြည်တွင်းရေးဝင်မစွက်ဖက်ခြင်းမူဝါဒအတိုင်း ကျင့်သုံးနေခြင်းမရှိဟု အားလုံးက ယူဆကြသည်ကို တွေ့ရသည်။ ထင်ရှားသူများ၏ ၉၂ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၉ ရာခိုင်နှုန်း၊ EAOs များ၏ ၈၇ ရာခိုင်နှုန်း၊ စီးပွားရေးအသိုက်အဝန်း၏ ၇၄ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်းနှင့် PDFs/LDFs များ၏ ၆၉ ရာခိုင်နှုန်းတို့က ထိုအတိုင်း ယူဆကြခြင်းဖြစ်သည်။


၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခ အခင်းအကျင်းများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပိုမိုနီးစပ်သွားသည်ဟု အများစုက မယူဆကြပေ။ ထိုသို့မယူဆသူ ၇၂ ရာခိုင်နှုန်းရှိသည်။ ၂၆ ရာခိုင်နှုန်းကမူ ပိုမိုနီးစပ်သွားသည်ဟု ရှုမြင်ကြသည်။၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် စစ်တမ်းများနှင့်နှိုင်းယှဥ်ပါက အပြောင်းအလဲတချို့ ရှိခဲ့ပါသည်။ တရုတ်နိုင်ငံနှင့်ပိုနီးစပ်သွားကြောင်း မယူဆသူမှာ ၂၀၂၂ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ထက် ၁၈ ရာခိုင်နှုန်း ပိုများလာသည်။ တရုတ်နိုင်ငံနှင့် ပိုနီးစပ်သွားသည်ဟု ထင်သူမှာလည်း ၂၀၂၃ ခုနှစ်ထက် ၁၆ ရာခိုင်နှုန်း လျော့နည်းသွားသည်။
မေးခွန်း-၂၆ ကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခအခင်းအကျင်းကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မာလာတယ်လို့ ယူဆပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခအခင်းအကျင်းများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပိုမိုနီးစပ်သွားသည်ဟု မယူဆကြောင်း အစုအဖွဲ့အများစုက ဖြေဆိုကြသည်။ PDFs/LDFs များ၏ ၈၈ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၇၉ ရာခိုင်နှုန်း၊ EAOs များနှင့် ထင်ရှားသူများ၏ ၇၃ ရာခိုင်နှုန်းစီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၀ ရာခိုင်နှုန်းက ထိုသို့ဖြေဆိုခဲ့ကြသည်။ ထူးခြားချက်မှာ နိုင်ငံရေးအသိုက်အဝန်း၏ ၅၀ ရာခိုင်နှုန်းက ပိုမိုနီးစပ်သွားသည်ဟု ယူဆကြောင်း ဖြေဆိုခဲ့ကြသည်။


အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေနှင့် ‘အာဏာကိုင်စွဲထားသူ မည် သူနှင့်မဆို အဆင်ပြေသောဆက်ဆံရေး ရရှိရေးအတွက် အဓိကထားစဥ်းစားသည်’ဟု ရှုမြင်သူ ၉၁ ရာခိုင်နှုန်းရှိသည်။ ‘မြန်မာပြည်သူများ၏သဘောထားကို အလေးထားစဥ်းစားသည်’ဟု ရှုမြင်သူမှာ ငါးရာခိုင်နှုန်းသာရှိသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် စစ်တမ်းများနှင့်နှိုင်းယှဥ်ပါက အပြောင်းအလဲတချို့ ရှိခဲ့ပါသည်။ ‘အာဏာကိုင်စွဲထားသူ မည်သူနှင့်မဆို အဆင်ပြေသည့်ဆက်ဆံရေးရရှိရန် အဓိကထားစဥ်းစားသည်’ဟု ရှုမြင် သူမှာ ၂၀၂၂ ခုနှစ်ကထက် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ထက် ကိုးရာခိုင်နှုန်း ပိုများလာပါသည်။ ‘မြန်မာပြည်သူများ၏သဘောထားကို အလေးထားစဥ်းစားသည်’ဟု ယူဆသူမှာ ၂၀၂၂ ခုနှစ်ထက် ခြောက်ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ထက် ခုနစ်ရာခိုင်နှုန်း လျော့နည်းသွားပါသည်။
မေးခွန်း-၂၇ ကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်တဲ့အခါ စဥ်းစားလေ့ရှိတယ်လို့ထင်ရတဲ့ အချက်နှစ်ခုအထဲက တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ပါက တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒများချမှတ်ရာတွင် ‘အာဏာကိုင်စွဲထားသူ မည်သူနှင့်မဆို အဆင်ပြေသော ဆက်ဆံရေးရရှိရေးကို အဓိကထားစဥ်းစားသည်’ဟု အစုအဖွဲ့အားလုံးက ရှုမြင်ကြသည်။ EAOs များ၏ ရာနှုန်းပြည့်၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၉၆ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၉၄ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၉၂ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၇၆ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၇၅ ရာခိုင်နှုန်းတို့က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။


မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ၂၀၀၈ ခုနှစ် အခြေခံဥပဒေဘောင်ထဲက ဖြေရှင်းရန် တရုတ်နိုင်ငံက တိုက်တွန်းခြင်းသည် အကျပ်အတည်းပြေလည်ရေးအတွက် မထိရောက်ပါဟု စစ်တမ်းဖြေဆိုသူအားလုံး၏ ၈၁ ရာခိုင်နှုန်းက ယူဆကြသည်။ ထိရောက်ပါသည်ဟု ယူဆသူမှာ ၁၇ ရာခိုင်နှုန်းရှိသည်။
မေးခွန်း-၂၈ ကို မေးမြန်းရာတွင် “မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေဘောင်ထဲကနေ လုပ်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းနေပါတယ်။ အဲဒါဟာ ဘယ်အတိုင်းအတာအထိ ထိရောက်မယ်လို့ထင်ပါသလဲ။ ထိရောက်မှုအတိုင်းအတာကို ‘၁’ ကနေ ‘၄’အထိ သတ်မှတ်ထားပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ‘၁’သည် ‘လုံးဝမထိရောက်ပါ’ဖြစ်ပြီး ‘၄’သည် ‘အလွန်ထိရောက်ပါသည်’ဟု သတ်မှတ်ထားပါသည်။ ဤမေးခွန်းမှာ ယခုနှစ်စစ်တမ်းတွင် အသစ်ထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဉ်ကြည့်ရာတွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးကို ၂၀၀၈ ခုနှစ် အခြေခံဥပဒေဘောင်ထဲကပြုလုပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းခြင်းသည် မထိရောက်ပါဟု အစုအဖွဲ့အားလုံးက ရှုမြင်ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၇ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၈၃ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၈၂ ရာခိုင်နှုန်း၊ EAOs များ၏ ၈၀ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၆ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၅၆ ရာခိုင်နှုန်းတို့က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ‘လုံးဝမထိရောက်ပါ’ နှင့် ‘မထိရောက်ပါ’ နှစ်ရပ်ပေါင်းကို ‘မထိရောက်ပါ’ ဟုလည်းကောင်း၊ ‘ထိရောက်ပါသည်’ နှင့် ‘အလွန်ထိရောက်ပါသည်’ နှစ်ရပ်ပေါင်းကို ‘ထိရောက်ပါသည်’ ဟုလည်းကောင်း ကောက်ယူပါသည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ပြောဆိုခဲ့သည့် မြန်မာ့အရေးဖြေရှင်းရေးနှင့်ပတ်သက်ပြီး ကျော်လွန်၍မရသော စည်းသုံးစည်းအနက် ‘ပြည်တွင်းမတည်ငြိမ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း’သည် လက်တွေ့မကျကြောင်း စစ်တမ်းဖြေဆိုသူ ၇၃ ရာခိုင်နှုန်းက ယူဆကြသည်။ မြန်မာ့အရေးတွင် ‘ပြင်ပအင်အားစုများ ထင်သလို စိမ့်ဝင်စွက်ဖက်ခြင်းကို ခွင့်မပြုခြင်း’သည်လည်း လက်တွေ့မကျကြောင်း ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းက ရှုမြင်ကြသည်ကို တွေ့ရသည်။ ‘အာဆီယံ၏ မိသားစုလမ်း ကြောင်းကနေ ကင်းကွာ၍မရခြင်း’ဟူသည့်အချက်ကမူ လက်တွေ့ကျကြောင်း ဖြေဆိုသူ ၆၁ ရာခိုင် နှုန်းက ယူဆကြသည်။
မေးခွန်း-၂၉ ကနေ ၃၁ အထိကို မေးမြန်းရာတွင် “အခုနှစ်ထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကျော်လွန်မရတဲ့ စည်းသုံးစည်းကို ပြောခဲ့ပါတယ်။ အဲဒီစည်းသုံးစည်းဟာ မြန်မာ့အရေးဖြေရှင်းဖို့အတွက် လက်တွေ့ကျတယ်လို့ ထင်ပါသလား”ဟု မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းများကို ယခုနှစ်စစ်တမ်းတွင် အသစ်ထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် ‘ပြည် တွင်းမတည်ငြိမ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း’သည် လက်တွေ့မကျကြောင်း အစုအဖွဲ့အားလုံးက ယူဆကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၅ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၈၁ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၇၁ ရာခိုင်နှုန်း၊ EAOs များ၏ ၆၀ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၅၇ ရာ ခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၅၀ ရာခိုင်နှုန်းတို့က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ‘ပြင်ပအင်အားစုများ ထင်သလို စိမ့်ဝင်စွက်ဖက်ခြင်းကို ခွင့်မပြုခြင်း’သည်လည်း လက်တွေ့မကျကြောင်း အစုအဖွဲ့အများစုက ယူဆကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၂ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၈၁ ရာခိုင်နှုန်း၊ EAOs များ၏ ၈၀ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၆၈ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၆၄ ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံရေးအသိုက်အဝန်း၏ ၅၀ ရာခိုင်နှုန်းကမူ လက်တွေ့ကျသည်ဟု ဖြေဆိုခဲ့ကြသည်။ ‘အာဆီယံ၏ မိသားစုလမ်းကြောင်းကနေ ကင်းကွာ၍မရခြင်း’ဆိုသည့်အချက်ကို လက်တွေ့ကျကြောင်း ယူဆကြမှုမှာ EAOs များ၏ ၉၃ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၇ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၆၃ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၅၉ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၅၆ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၅၀ ရာခိုင်နှုန်း ဖြစ်သည်။





မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲလမ်းကြောင်းကတဆင့် ထွက်ပေါက်ရှာရန် စစ်ကောင်စီ ကို တရုတ်နိုင်ငံဘက်က တွန်းအားပေးလျက်ရှိသည်။ ထိုသို့ တွန်းအားပေးခြင်းသည် ‘ရေရှည်ပဋိပက္ခဖြေရှင်းရေးအတွက်’ ‘အထောက်အကူမဖြစ်ပါ’ဟု ဖြေဆိုသူအားလုံး၏ ၈၁ ရာခိုင်နှုန်းက ရှုမြင်ကြသည်။ ထို့အပြင် ‘အာဆီယံ၏အားထုတ်မှုအတွက်’လည်း ‘အထောက်အကူမဖြစ်ပါ’ဟု ဖြေဆိုသူမှာလည်း ၆၄ ရာခိုင်နှုန်းရှိသည်။ ‘လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးအတွက်’လည်း ‘အထောက် အကူမဖြစ်ပါ’ဟု အများစုကရှုမြင်ပြီး ၇၇ ရာခိုင်နှုန်းရှိသည်။ သို့သော် ထိုသို့တွန်းအားပေးခြင်းသည် ‘မြန်မာစစ်တပ်၏ အကျိုးအတွက်’ ‘အထောက်အကူဖြစ်ပါသည်’ ရှုမြင်သူ ၈၆ ရာခိုင်နှုန်းရှိနေသည်။
မေးခွန်း-၃၂ ကနေ ၃၅ အထိကို မေးမြန်းရာတွင် “မြန်မာ့အကျပ်အတည်းကို ရွေးကောက်ပွဲလမ်းကြောင်းကတဆင့် ထွက်ပေါက်ရှာဖို့ တရုတ်နိုင်ငံက စစ်ကောင်စီကို တွန်းအားပေးနေပါတယ်။ ဒီလိုတွန်းအားပေးတာအပေါ် အကြောင်းအရာလေးခုနဲ့ပတ်သက်ပြီး အထောက်အကူ ဘယ်လောက် ဖြစ်၊ မဖြစ်ဆိုတာ သိချင်ပါတယ်။ တခုချင်းစီမှာ ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝ အထောက်အကူမဖြစ်ပါ’ ဖြစ်ပြီး ‘၄’ က ‘အလွန်အထောက်အကူဖြစ်ပါတယ်’ လို့ သတ်မှတ်ထားပါတယ်”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် အကျပ် အတည်းအဖြေရှာရေးအတွက် ရွေးကောက်ပွဲလမ်းကြောင်းကတဆင့် ထွက်ပေါက်ရှာရန် စစ်ကောင်စီ ကို တရုတ်နိုင်ငံက တွန်းအားပေးခြင်းသည် ‘ရေရှည်ပဋိပက္ခဖြေရှင်းရေးအတွက်’ အထောက်အကူ မဖြစ်ကြောင်း PDFs/LDFs များက ရာနှုန်းပြည့်ယူဆကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၉ ရာ ခိုင်နှုန်း၊ EAOs များ၏ ၈၇ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၈၂ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၆၄ ရာခိုင်နှုန်းတို့ကလည်း ထိုသို့ ယူဆကြသည်ကို တွေ့ရသည်။ ထူးခြားချက်မှာ နိုင်ငံရေးအသိုက်အဝန်း၏ ၅၀ ရာခိုင်နှုန်းက အထောက်အကူဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။ ‘အာဆီယံ၏ အားထုတ်မှုအတွက်’ အထောက်အကူမဖြစ်ကြောင်း PDFs/LDFs များ၏ ၈၈ ရာခိုင်နှုန်း၊ EAOs များ၏ ၇၃ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၈ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၆၅ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၅၀ ရာခိုင်နှုန်းတို့က ယူဆကြသည်။ ထို့အပြင် လက်ရှိ နိုင်ငံရေးအကျပ် အတည်းဖြေရှင်းရေးအတွက်လည်း အထောက်အကူမဖြစ်ကြောင်း အစုအဖွဲ့အားလုံးက ရှုမြင်ကြသည်။ PDFs/LDFs များ၏ ၉၄ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၃ ရာခိုင်နှုန်း၊ EAOs များ ၏ ၈၀ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၇၆ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၇ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၆၃ ရာခိုင်နှုန်းတို့က ထိုသို့ ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ မြန်မာစစ်တပ်၏ အကျိုးအတွက် အထောက်အကူဖြစ်သည်ဟူသည့် ယူဆချက်မှာ အစုအဖွဲ့အားလုံးတွင် ရှိနေကြသည်ကို တွေ့ရပါသည်။ PDFs/LDFs များ၏ ၉၄ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၈၈ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၅ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၈၄ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၈၁ ရာခိုင်နှုန်းနှင့် EAOs များ၏ ၈၀ ရာခိုင်နှုန်းတို့က ထိုသို့ ဖြေဆိုခဲ့ကြသည်။




ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝအထောက်အကူမဖြစ်ပါ’နှင့် ‘အထောက်အကူမဖြစ်ပါ’ နှစ်ရပ်ပေါင်းကို ‘အထောက်အကူမဖြစ်ပါ’ဟုလည်းကောင်း၊ ‘အထောက်အကူဖြစ်သည်’နှင့် ‘အလွန်အထောက်အကူဖြစ်သည်’ နှစ်ရပ်ပေါင်းကို ‘အထောက်အကူဖြစ်သည်’ဟုလည်းကောင်း ကောက်ယူပါသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတွင် တရုတ်နိုင်ငံသည် အရင်ထက်ပို၍ ဖိဖိစီးစီး ပါဝင်လာပါသည်။ ထိုသို့ပါဝင်လာရခြင်းမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာကျစီမံကိန်းများ တိုက်ခိုက်သိမ်း ပိုက်ခံရခြင်းကြောင့်ဖြစ်သည်ဟု ယူဆသူ ၆၃ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) ၏ စစ်ရေးအောင်မြင်မှုကြောင့်ဖြစ်သည်ဟုယူဆသူ ၅၈ ရာခိုင်နှုန်းရှိသည်။ အတိုက် အခံအင်အားစုများ စည်းလုံးလာခြင်းကြောင့်ဖြစ်သည်ဟုယူဆသူ ၃၇ ရာခိုင်နှုန်းရှိသည်။ ဟိုင်ဂင်ဆွေးနွေးပွဲကဲ့သို့ ဒေသအခြေပြု ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို EAOs များက စိတ်မဝင်စားတော့ခြင်းကြောင့်ဟု ယူဆသူ ၃၃ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးထိခိုက်ခံရခြင်းကြောင့်ဟု ယူဆသူ ၃၁ ရာခိုင်နှုန်းရှိသည်။ စစ်ကောင်စီက သဘောထားတင်းမာပြီး ပြောင်းလွယ်ပြင်လွယ်မရှိခြင်းကြောင့်ဟု ယူဆသူမှာ ၂၇ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံအပေါ် NUG ၏ ပျော့ပြောင်းသည့် သဘောထားအမြင်ကြောင့်ဟု ယူဆသူမှာ ကိုးရာခိုင်နှုန်း ရှိသည်။
မေးခွန်း- ၃၆ ကို မေးမြန်းရာတွင် ‘မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးတွင် တရုတ်နိုင်ငံသည် အရင်ထက်ပို၍ ဖိဖိစီးစီးပါဝင်လာရခြင်း’နှင့်ပတ်သက်ပြီး အဖြေကို အများဆုံးသုံးခုအထိ ရွေးချယ်ခွင့်ပေးကာ မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းမှာ ယခုနှစ်စစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် မြန်မာ့ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးတွင် တရုတ်နိုင်ငံ ဖိဖိစီးစီးပါဝင်လာရခြင်းမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာကျစီမံကိန်းများ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းကြောင့်ဖြစ်သည်ဟု ထင်ရှားသူများ၏ ၈၂ ရာခိုင်နှုန်း၊ EAOs များ၏ ၈၀ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၆၃ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၅၇ ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ရေးအောင်မြင်မှုကြောင့်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၇ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၆၃ ရာခိုင်နှုန်းက ယူဆကြသည်။ ထို့အပြင် အတိုက်အခံအင်အားစုများ စည်းလုံးလာခြင်းကြောင့်ဖြစ်သည်ဟု PDFs/LDFs များ၏ ၆၃ ရာခိုင်နှုန်းက ယူဆကြသည်ကိုတွေ့ရသည်။

- တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)
- ထူးခြားတွေ့ရှိချက် ငါးရပ်
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
-
မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ Currently reading
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
- မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ
- တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ
- တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ
