ISP Survey

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ

စစ်တမ်းဖြေဆိုခဲ့သည့် မူဝါဒအသိုက်အဝန်းတခုချင်းစီ၏ ရလဒ်များအား နှိုင်းယှဥ်ကြည့်ရာ တရုတ်အကျိုးစီးပွားတည်ရှိသည့် နယ်မြေတည်ငြိမ်ရေးကိုသာ ဦးစားပေးသည်ဟု အစုအဖွဲ့အားလုံးက ယူဆကြသည်။
By ISP Admin | July 1, 2025

Photo – AFP

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။

စစ်တမ်းမေးခွန်းနှင့် ရလဒ်များ

၃။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ

အာဏာသိမ်းမှုအလွန်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံ၏ အားထုတ်မှုများမှာ ၎င်း၏အကျိုးစီးပွားများတည်ရှိသည့်နယ်မြေများ တည်ငြိမ်ရေးကိုသာ ဦးစားပေးသည်ဟု ဖြေဆိုသူများ၏ ၆၁ ရာခိုင်နှုန်းက ယူဆကြသည်။​ တနိုင်ငံလုံးငြိမ်းချမ်းရေးကို ဦးစားပေးသည်ဟု ဖြေဆိုသူ ခုနစ်ရာခိုင်နှုန်းရှိပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရန် ဦးစားပေးသည်ဟု ယူဆသူမှာ တစ်ရာခိုင်နှုန်းသာရှိသည်။ တရုတ်အကျိုးစီးပွားနှင့်ဆက်စပ်သည့် လက်နက်ကိုင်အဖွဲ့များ အင်အားကြီးလာရေးကို ဦးစားပေးသည်ဟု ယူဆသူ ၁၀ ရာခိုင်နှုန်းရှိသည်။ ဖော်ပြထားသည့် အချက်များကို တခုမှ သဘောမတူပါဟု ဖြေဆိုသူ ၁၄ ရာခိုင်နှုန်းရှိပါသည်။ ၂၀၂၃ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်နှင့်နှိုင်းယှဥ်ပါက မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံ၏ အားထုတ်မှုသည် တရုတ်အကျိုးစီးပွားတည်ရှိသည့် နယ်မြေတည်ငြိမ်ရေးကိုသာ ဦးစားပေးသည်ဟု ဖြေဆိုမှုမှာ ငါးရာခိုင်နှုန်းလျော့ကျသွားသည်။ တရုတ်အကျိုးစီးပွားနှင့်ဆက်စပ်သည့် လက်နက်ကိုင်အဖွဲ့များ အင်အားကြီးလာရေးကို ဦးစားပေးသည်ဟု ယူဆမှုမှာလည်း လေးရာခိုင်နှုန်းလျော့ကျသွားသည်။ ဖော်ပြပါ သဘောထားအမြင်များကို သဘောမတူကြောင်း ဖြေဆိုသူ ငါးရာခိုင်နှုန်းတိုးလာပြီး အခြားသော သဘောထားအမြင်ရှိသူများမှာ ခုနစ်ရာခိုင်နှုန်း တိုးလာခဲ့သည်။

မေးခွန်း-၃၇ ကို မေးမြန်းရာတွင် “၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံရဲ့ အားထုတ်မှုနဲ့ပတ်သက်ပြီး သုံးသပ်ချက်တချို့ကို ဖတ်ပြပါ့မယ်။ အဲဒီအထဲက သဘောထားတခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပြီး သုံးသပ်ချက်များကို ဖတ်ပြခဲ့ပါသည်။​

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သည့် မူဝါဒအသိုက်အဝန်းတခုချင်းစီ၏ ရလဒ်များအား နှိုင်းယှဥ်ကြည့်ရာ တရုတ်အကျိုးစီးပွားတည်ရှိသည့် နယ်မြေတည်ငြိမ်ရေးကိုသာ ဦးစားပေးသည်ဟု အစုအဖွဲ့အားလုံးက ယူဆကြသည်။ ထူးခြားချက်အနေဖြင့် ယင်းသို့ယူဆမှုတွင် EAOs များ၉၃ ရာခိုင်နှုန်းPDFs/LDFs များ၆၉ ရာခိုင်နှုန်း ပါဝင်နေခဲ့ပြီး အသိုက်အဝန်းခြောက်ခုတွင် အများဆုံးဖြစ်သည်။​ ထင်ရှားသူများ၆၄ ရာခိုင်နှုန်းအရပ်ဘက်အဖွဲ့အစည်းများ၅၉ ရာခိုင်နှုန်းစီးပွားရေးအသင်းအဖွဲ့များ၅၂ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၄၄ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆခဲ့ကြသည်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ ရင်ကြားစေ့ရေးလုပ်ငန်းစဥ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည် ဆိုးကျိုးဖြစ်စေသည်ဟု ၆၁ ရာခိုင်နှုန်းက ဖြေဆိုကြပြီး ကောင်းကျိုးဖြစ်စေသည်ဟု ဖြေဆိုသူမှာ ၃၅ ရာခိုင်နှုန်းရှိသည်။ ယခင်နှစ်များတွင် ကောက်ယူခဲ့သော စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက တရုတ်နိုင်ငံ၏ ပါဝင်မှုသည် ဆိုးကျိုးဖြစ်စေသည်ဟု ယူဆသူရာခိုင်နှုန်းများမှာ ၂၀၂၂ ခုနှစ်ထက် ၃၂ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးလာပါသည်။

မေးခွန်း-၃၈ ကို မေးမြန်းရာတွင် “မြန်မာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအရ ရင်ကြားစေ့ရေးလုပ်ငန်းစဥ်မှာ တရုတ်နိုင်ငံရဲ့ပါဝင်မှုက ဘယ်လောက် အကျိုးသက်ရောက်မှုရှိသလဲ။ ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘အလွန်ဆိုးကျိုး ဖြစ်စေပါတယ်’ဖြစ်ပြီး ‘၄’ က ‘အလွန်ကောင်းကျိုးရှိစေပါတယ်’ ဖြစ်ပါတယ်။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ ဖြေဆိုချက်များကို နှိုင်းယှဥ်ကြည့်ရာတွင် မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ ရင်ကြားစေ့ရေးလုပ်ငန်းစဥ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည် ဆိုးကျိုးဖြစ်စေသည်ဟု PDFs/LDFs များနှင့် ထင်ရှားသူများ၆၉ ရာခိုင်နှုန်းက အသီးသီးယူဆခဲ့ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ၆၈ ရာခိုင်နှုန်းEAOs များ၆၀ ရာခိုင်နှုန်းစီးပွားရေးအသင်းအဖွဲ့များ၄၃ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၁၉ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆခဲ့ကြသည်။ ကောင်းကျိုးဖြစ်စေသည်ဟု နိုင်ငံရေးအသိုက်အဝန်း၆၉ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၅၄ ရာခိုင်နှုန်းက ယူဆခဲ့ကြသည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘အလွန်ဆိုးကျိုးဖြစ်စေပါသည်’နှင့် ‘ဆိုးကျိုးဖြစ်စေပါသည်’ နှစ်ရပ်ပေါင်းကို ‘ဆိုးကျိုးဖြစ်စေပါသည်’ဟုလည်းကောင်း ‘အလွန်ကောင်းကျိုးဖြစ်စေပါသည်’နှင့် ‘ကောင်းကျိုးဖြစ်စေပါသည်’ နှစ်ရပ်ပေါင်းကို ‘ကောင်းကျိုးဖြစ်စေပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးမှုရှိသည်ဟု ၉၆ ရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး လွှမ်းမိုးမှုမရှိပါဟုဖြေဆိုသူ သုံးရာခိုင်နှုန်းရှိသည်။ ထူးခြားချက်အနေနှင့် နိုင်ငံရေးအသိုက်အဝန်း၅၆ ရာခိုင်နှုန်းနှင့် EAOs များ၄၀ ရာခိုင်နှုန်းက အလွန်လွှမ်းမိုးမှုရှိသည်ဟု ဖြေဆိုခဲ့ကြပြီး လုံးဝလွှမ်းမိုးမှုမရှိပါဟု ဖြေဆိုသူ တဦးမှမရှိသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ် စစ်တမ်းရလဒ်နှင့် နှိုင်းယှဥ်ပါက လွှမ်းမိုးမှုရှိကြောင်း ဖြေဆိုသူ လေးရာခိုင်နှုန်းတိုးလာပါသည်။

မေးခွန်း-၃၉ ကို မေးမြန်းရာတွင် “ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တရုတ်နိုင်ငံက ဘယ်လောက်လွှမ်းမိုးနိုင်ပါသလဲ။ ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝလွှမ်းမိုးမှုမရှိပါ’ဖြစ်ပြီး ‘၄’ က ‘အလွန်လွှမ်းမိုးမှုရှိပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးမှုရှိကြောင်း ထင်ရှားသူများရာနှုန်းပြည့်နီးပါးက ဖြေဆိုခဲ့ကြခြင်းဖြစ်ပြီး အများဆုံးဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွားရေးအသင်းအဖွဲ့များ၉၅ ရာခိုင်နှုန်းPDFs/LDFs များ၉၄ ရာခိုင်နှုန်းနှင့် EAOsများ၉၃ ရာခိုင်နှုန်းနိုင်ငံရေးအသိုက်အဝန်း၈၇ ရာခိုင်နှုန်းကလည်း လွှမ်းမိုးမှုရှိသည်ဟုယူဆခဲ့ကြသည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝလွှမ်းမိုးမှုမရှိပါ’နှင့် ‘လွှမ်းမိုးမှုမရှိပါ’ နှစ်ရပ်ပေါင်းကို ‘လွှမ်းမိုးမှုမရှိပါ’ဟူ၍​လည်းကောင်း၊ ‘အလွန်လွှမ်းမိုးမှုရှိပါသည်’နှင့် ‘လွှမ်းမိုးမှုရှိပါသည်’ နှစ်ရပ်ပေါင်းကို ‘လွှမ်းမိုးမှုရှိပါသည်’ဟူ၍လည်းကောင်း ကောက်ယူပါသည်။

တရုတ်နိုင်ငံသည် စစ်ကောင်စီအပေါ် လွှမ်းမိုးမှုရှိသည်ဟု ၉၂ ရာခိုင်နှုန်းက ယူဆကြသည်။ ၎င်းတို့အနက် အလွန်လွှမ်းမိုးမှုရှိသည်ဟု ယူဆသူ ၂၃ ရာခိုင်နှုန်းရှိသည်။ လွှမ်းမိုးမှုမရှိပါဟု ယူဆသူမှာ ငါးရာခိုင်နှုန်းသာရှိသည်။ ၂၀၂၃ ခုနှစ် စစ်တမ်းရလဒ်နှင့်နှိုင်းယှဥ်ပါက လွှမ်းမိုးမှုမရှိပါဟု ယူဆသူ ရှစ်ရာခိုင်နှုန်း လျော့ကျသွားသည်ကို တွေ့ရသည်။

မေးခွန်း-၄၀ ကို မေးမြန်းရာတွင် “မြန်မာ့တပ်မတော်/စစ်တပ် (စစ်ကောင်စီ)အပေါ် တရုတ်နိုင်ငံက ဘယ်လောက် လွှမ်းမိုးနိုင်ပါသလဲ။ ‘၁’ က ‘လုံးဝလွှမ်းမိုးမှုမရှိပါ’ဖြစ်ပြီး ‘၄’ က ‘အလွန်လွှမ်းမိုးမှုရှိပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် တရုတ်နိုင်ငံက စစ်ကောင်စီအပေါ် လွှမ်းမိုးမှုရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၉၄ ရာခိုင်နှုန်းထင်ရှားသူများ၉၄ ရာခိုင်နှုန်းPDF/LDFs များ၉၄ ရာခိုင်နှုန်းEAOs များ၉၃ ရာခိုင်နှုန်းစီးပွားရေးအသိုက်အဝန်း၈၉ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၈၂ ရာခိုင်နှုန်းက ယူဆကြခြင်းဖြစ်သည်။ ထူးခြားချက်အနေဖြင့် အလွန်လွှမ်းမိုးမှုရှိသည်ဟု PDF/LDFs များ၅၀ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်ကို တွေ့ရသည်။​

ရလဒ်များကိုနှိုင်းယှဥ်ရာတွင် ‘လုံးဝလွှမ်းမိုးမှုမရှိပါ’နှင့် ‘လွှမ်းမိုးမှုမရှိပါ’ နှစ်ရပ်ပေါင်းကို ‘လွှမ်းမိုးမှုမရှိပါ’ဟူ၍လည်းကောင်း၊ ‘အလွန်လွှမ်းမိုးမှုရှိပါ သည်’နှင့် ‘လွှမ်းမိုးမှုရှိပါသည်’ နှစ်ရပ်ပေါင်းကို ‘လွှမ်းမိုးမှုရှိသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

တရုတ်နိုင်ငံအနေနှင့် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့အကြား ကြားဝင်စေ့စပ်ပေးသည်မှာ ၎င်း၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကို ရည်ရွယ်ကြောင်း ဖြေဆိုသူ ၆၉ ရာခိုင်နှုန်းရှိသည်။ နယ်စပ်လုံခြုံရေးအတွက်ဖြစ်ကြောင်း ဖြေဆိုသူနှင့် နယ်စပ်ကုန်သွယ်ရေးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်ဖြစ်ကြောင်း ဖြေဆိုသူ ၁၂ ရာခိုင်နှုန်း အသီးသီးရှိပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ရည်ရွယ်ကြောင်း ငါးရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး နှစ်ရာခိုင်နှုန်းကမူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နိုင်ငံ သားများ၏ လုံခြုံရေးကို ရည်ရွယ်ကြောင်း ယူဆသည်။​

မေးခွန်း-၄၁ ကို မေးမြန်းရာတွင် “တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/စစ်ကောင်စီတို့အကြား ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။ ဥပမာ- မိုင်းလား (၂၀၂၂)၊ ဟိုင်ဂင် (၂၀၂၃၊ ၂၀၂၄) တို့လို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ပါတယ်။ ဒီလိုကြားဝင်စေ့စပ်ပေးရတဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်တချို့ကို ဖော်ပြထားပါတယ်။ တချက်ကိုရွေးပေးပါ” ဟု မေးမြန်းခဲ့ပြီး သုံးသပ်ချက်များကို ဖတ်ပြခဲ့ပါသည်။​ ဤမေးခွန်းမှာ ယခုနှစ်စစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုသည် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကို ရည်ရွယ်သည်ဟု အစုအဖွဲ့အားလုံးက အများဆုံးယူဆကြသည်​။ EAOs များ၈၀ ရာခိုင်နှုန်းအရပ်ဘက်အဖွဲ့အစည်းများ၇၃ ရာခိုင်နှုန်းPDFs/LDFs များ၆၉ ရာခိုင်နှုန်းထင်ရှားသူများ၆၈ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၆၃ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၅၇ ရာခိုင်နှုန်းက ထိုသို့အသီးသီးယူဆခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် မည်သို့သက်ရောက်စေသည်နှင့်ပတ်သက်၍ ‘အာဏာသိမ်းမှုအလွန်ပေါ်ပေါက်လာသည့် နိုင်ငံရေးအင်အားစုများကို အားနည်းသွားစေနိုင်သည်’ဟူသော ရှုမြင်မှုအပေါ် သဘောတူသူ ၅၂ ရာခိုင်နှုန်းနှင့် သဘောမတူသူ ၄၅ ရာ ခိုင်နှုန်းရှိသည်။​ ‘ငြိမ်းချမ်းရေးရရှိရန် အထောက်အကူဖြစ်စေနိုင်သည်’ဟူသော ရှုမြင်မှုအပေါ် သဘောမတူသူ ၇၂ ရာခိုင်နှုန်းနှင့် သဘောတူသူ ၂၆ ရာခိုင်နှုန်းရှိသည်။​ ‘ပဋိပက္ခများကို ပိုမိုဆိုးရွားစေသည်’ ဟူသော ရှုမြင်မှုအပေါ် သဘောတူသူ ၆၃ ရာခိုင်နှုန်းနှင့် သဘောမတူသူ ၃၃ ရာခိုင်နှုန်းရှိသည်။​ ‘ရေတိုအပစ်အခတ်ရပ်စဲရေးကိုသာ ဦးတည်စေသည်’ဟူသော ရှုမြင်မှုများအပေါ် သဘောတူသူ ၈၀ ရာခိုင်နှုန်းနှင့် သဘောမတူသူ ၁၆ ရာခိုင်နှုန်းရှိပါသည်။ တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှု နှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်စစ်တမ်းတွင် အာဏာသိမ်းမှုအလွန်ပေါ်ပေါက်လာသည့် နိုင်ငံရေးအင်အားစု များကို အားနည်းစေမည်မဟုတ်ကြောင်း အများစုက ယူဆခဲ့ကြသည်။ ၂၀၂၄ ခုနှစ်တွင်မူ အားနည်းသွားစေကြောင်း ယူဆသူ ရာခိုင်နှုန်းမှာ ၁၂ ရာခိုင်နှုန်းတိုးလာသည်။ ထို့အပြင် ပဋိပက္ခများကို ပိုမိုဆိုးရွားစေကြောင်း ယူဆသူမှာ ၁၆ ရာခိုင်နှုန်းတိုးလာပြီး ရေတိုအပစ်အခတ်ရပ်စဲရေးကို ဦးတည်စေသည်ဟု ယူဆသူအရေအတွက်မှာ ရှစ်ရာခိုင်နှုန်းတိုးလာသည်။

မေးခွန်း-၄၂ ကနေ ၄၅ အထိကို မေးမြန်းရာတွင် “တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအပေါ် သက်ရောက်မှုရှိတယ်လို့ ပြောဆိုတာတွေရှိပါတယ်။ အခုဖတ်ပြမယ့်အကြောင်းအရာတခုချင်းစီအတွက် ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝသဘောမတူပါ’ဖြစ်ပြီး ‘၄’ က ‘အပြည့်အဝသဘောတူပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။​

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုင်းအဝိုင်းခြောက်ခု၏ အဖြေများကိုနှိုင်းယှဥ်ရာတွင် တရုတ်နိုင်ငံက ကြားဝင်နေသော ဆွေးနွေးပွဲများသည် ‘အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသော နိုင်ငံရေးအင်အားစုများကို အားနည်းသွားစေသည်’ဟု အစုအဖွဲ့ထက်ဝက်ကျော်က ယူဆကြသည်။ နိုင်ငံရေးအသိုက်အဝန်း၆၃ ရာခိုင်နှုန်းEAOs များနှင့် ထင်ရှားသူများ၅၄ ရာခိုင်နှုန်းအရပ်ဘက်အဖွဲ့အစည်းများ၅၁ ရာခိုင်နှုန်းPDFs/LDFs များ၅၀ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၄၈ ရာခိုင်နှုန်းက ထိုသို့ ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ထူးခြားချက်အနေဖြင့် PDFs/LDFs များ၅၀ ရာခိုင်နှုန်းက ထိုအချက်ကို သဘောမတူကြောင်းတွေ့ရသည်။ တရုတ်နိုင်ငံက ကြားဝင်သော ဆွေးနွေးပွဲများသည် ‘ငြိမ်းချမ်းရေးရရှိရန် အထောက်အကူဖြစ်စေသည်’ဆိုသည့် သုံးသပ်ချက်ကို အရပ်ဘက်အဖွဲ့အစည်းများ၈၄ ရာခိုင်နှုန်းPDFs/LDFs များ၈၂ ရာခိုင်နှုန်းEAOs များ၇၄ ရာခိုင်နှုန်းထင်ရှားသူများ၇၂ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၅၀ ရာခိုင်နှုန်းက သဘောမတူကြပေ။ မြန်မာနိုင်ငံအတွင်း ‘ပဋိပက္ခများကို ပိုမိုဆိုးဝါးစေသည်’ဟု အရပ်ဘက်အဖွဲ့အစည်းများ၇၈ ရာခိုင်နှုန်းထင်ရှားသူများ၆၁ ရာခိုင်နှုန်းနှင့် EAOs များ၆၀ ရာခိုင်နှုန်းက သဘောတူကြောင်း ဖြေဆိုခဲ့ကြသည်။ ထူးခြားချက်အနေဖြင့် နိုင်ငံရေးအသိုက်အဝန်း၅၆ ရာခိုင်နှုန်းစီးပွားရေးအသင်းအဖွဲ့များ၄၈ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၄၄ ရာခိုင်နှုန်းက သဘောမတူကြောင်း ဖြေဆိုခဲ့ကြသည်။ ဆွေးနွေးပွဲများသည် ရေတိုအပစ်အခတ်ရပ်စဲရေးကိုသာ ဦးတည်စေကြောင်း ဖြေဆိုသူအများစုက ယူဆခဲ့ကြပြီး ထင်ရှားသူများ၉၁ ရာခိုင်နှုန်းEAOs များ ၈၇ ရာခိုင်နှုန်းPDFs/LDFs များ၈၂ ရာခိုင်နှုန်းက ထိုသို့ယူဆခဲ့ကြခြင်းဖြစ်သည်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် မြန်မာ-ဘင်္ဂလား ဒေ့ရှ်-တရုတ် သုံးပွင့်ဆိုင်ဖြေရှင်းရေး လုပ်ငန်းစဥ်၏ သက်ရောက်မှုကို မေးမြန်းရာတွင် ထိရောက်မှု မရှိကြောင်း ၈၂ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။ ထိုအထဲတွင် လုံးဝထိရောက်မှုမရှိကြောင်း ဖြေဆိုသူ ၁၈ ရာခိုင်နှုန်းရှိသည်။​ ထိရောက်ပါသည်ဟုဖြေဆိုသူမှာ ခုနစ်ရာခိုင်နှုန်းရှိသည်။ အလွန်ထိရောက်သည်ဟု ဖြေဆိုသူ တဦးမှမရှိသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းရလဒ်နှင့် နှိုင်းယှဥ်ပါက သိသိသာသာ ပြောင်းလဲမှုမရှိပေ။

မေးခွန်း-၄၆ ကို မေးမြန်းရာတွင် “ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက လုပ်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် သုံးပွင့်ဆိုင်ဖြေရှင်းရေး လုပ်ငန်းစဥ်ဟာ ထိရောက်မှုရှိတယ်လို့ ထင်ပါသလား။ ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝမထိရောက်ပါ’ ဖြစ်ပြီး ‘၄’ က ‘အလွန်ထိရောက်ပါတယ်’ ဖြစ်ပါတယ်။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းခြောက်ခု၏ ရလဒ်များကို နှိုင်းယှဥ်ရာတွင် တရုတ်နိုင်ငံ၏ မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် သုံးပွင့်ဆိုင်ဖြေရှင်းရေးလုပ်ငန်းစဥ်သည် ထိရောက်မှုမရှိဟု အစုအဖွဲ့အားလုံးက ယူဆခဲ့ကြသည်။ ထင်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းစီ ရှိသည်။ EAOs များက ၈၀ ရာခိုင်နှုန်းPDFs/LDFs များက ၇၆ ရာခိုင်နှုန်းနိုင်ငံရေးအသိုက်အဝန်းက ၆၉ ရာခိုင်နှုန်းစီးပွားရေးအသိုက်အဝန်းက ၅၉ ရာခိုင်နှုန်းရှိသည်။ ထူးခြားချက်မှာ PDFs/LDFs များနှင့်စီးပွားရေးအသိုက်အဝန်းတို့၏ ၁၉ ရာခိုင်နှုန်းက အဆိုပါလုပ်ငန်းစဉ်ကိုမသိကြောင်း ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝမထိရောက်ပါ’နှင့် ‘မထိရောက်ပါ’ နှစ်ရပ်ပေါင်းကို ‘မထိရောက်ပါ’ဟူ၍လည်းကောင်း၊ ‘အလွန်ထိရောက်ပါသည်’နှင့် ‘ထိရောက်ပါသည်’နှစ်ရပ်ပေါင်းကို ‘ထိရောက်ပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)


Leave a Reply

Your email address will not be published. Required fields are marked *