Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
စစ်တမ်းမေးခွန်းနှင့် ရလဒ်များ
၄။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူများအပေါ် အကျိုးရှိသည်ဟု ဖြေဆိုသူများ၏ ၅၁ ရာခိုင်နှုန်းက ယူဆခဲ့ကြသည်။ အကျိုးမရှိပါဟု ဖြေဆိုသူ ၄၇ ရာခိုင်နှုန်းရှိသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူများအပေါ် လုံးဝအကျိုးမရှိပါဟု ဖြေဆိုသူဦးရေမှာ နှစ်စဉ်တိုးလာသည်ကို တွေ့ရသည်။
မေးခွန်း-၄၇ ကို မေးမြန်းရာတွင် “တရုတ်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်သူလူထုအတွက် ဘယ်လောက်အကျိုးရှိတယ်လို့ ထင်ပါသလဲ။ ၁ ကနေ ၄ အထိသတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝအကျိုးမရှိပါ’ ဖြစ်ပြီး ‘၄’ က ‘အလွန်အကျိုးရှိပါတယ်’ ဖြစ်ပါတယ်။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံ မှုများသည် မြန်မာနိုင်ငံအတွက် အကျိုးရှိသည်ဟု အစုအဖွဲ့များ၏ထက်ဝက်က ဖြေဆိုခဲ့သည်။ စီးပွားရေးအသင်းအဖွဲ့များ၏ ၈၁ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၆၉ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၅၆ ရာခိုင်နှုန်းတို့က အကျိုးရှိကြောင်း ဖြေဆိုခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၁ ရာခိုင်နှုန်း၊ EAOs များ၏ ၅၃ ရာခိုင်နှုန်းနှင့် ထင်ရှားသူများ၏ ၄၉ ရာခိုင်နှုန်းတို့က တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် အကျိုးမရှိကြောင်း ဖြေဆိုခဲ့သည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝအကျိုးမရှိပါ’နှင့် ‘အကျိုးမရှိပါ’ နှစ်ရပ်ပေါင်းကို ‘အကျိုးမရှိပါ’ဟူ၍လည်းကောင်း ‘အလွန်အကျိုးရှိပါသည်’ နှင့် ‘အကျိုးရှိပါသည်’ နှစ်ရပ်ပေါင်းကို ‘အကျိုးရှိပါသည်’ဟူ၍လည်းကောင်း ကောက်ယူပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစီးပွားဖက်ဖြစ်နေခြင်းကို စိုးရိမ်စရာဟု ယူဆသူ ၆၈ ရာခိုင်နှုန်းရှိပြီး ကြိုဆိုစရာဟုယူဆသူ ၂၆ ရာခိုင်နှုန်းရှိသည်။ ယခင်ကောက်ယူခဲ့သော စစ်တမ်းရလဒ်များနှင့် နှိုင်းယှဥ်ပါက စိုးရိမ်စရာဟု ယူဆသူရာခိုင်နှုန်းမှာ တနှစ်ထက်တနှစ် ပိုတိုးလာသည်ကို တွေ့ရသည်။
မေးခွန်း-၄၈ ကိုမေးမြန်းရာတွင် “တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အကြီးမားဆုံးစီးပွားဖက်ဖြစ်နေတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ ‘စိုးရိမ်စရာ’ ဒါမှမဟုတ် ‘ကြိုဆိုစရာ’လို့ မြင်ပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုသည့် အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၃ ရာခိုင်နှုန်းက စိုးရိမ်စရာဟု အများဆုံးယူဆခဲ့ကြသည်။ EAOs များ၏ ၈၀ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၆၅ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၆၃ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၅၆ ရာခိုင်နှုန်းကလည်း စိုးရိမ်စရာဟု ယူဆခဲ့ကြသည်။ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၂ ရာခိုင်နှုန်းက ကြိုဆိုစရာဟု ရှုမြင်ခဲ့ကြသည်။


တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးအရ ဆက်ဆံမှုအခြေအနေသည် နောက်သုံးနှစ် နောက်ပိုင်း (၂၀၂၇ ခုနှစ်အလွန်)တွင် ပိုမိုကောင်းမွန်လာမည်ဟု ဖြေဆိုသူများ၏ ၃၅ ရာခိုင်နှုန်းက ထင်မြင်ကြသည်။ သို့သော် ဖြေဆိုသူများ၏ ၃၄ ရာခိုင်နှုန်းကမူ ကောင်းလာမည့်အနေအထား ရှိမည်မဟုတ်ဟု ရှုမြင်ခဲ့ကြသည်။
မေးခွန်း-၄၉ ကိုမေးမြန်းရာတွင် “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအခြေအနေဟာ ဘယ်နှစ်ကာလအပိုင်းအခြားလောက်မှာ ပိုပြီးကောင်းမွန်လာမယ်လို့ထင်ပါသလဲ။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပြီး နှစ်ကာလအပိုင်းအခြားတချို့ကို ဖတ်ပြခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် စီးပွားဆက်ဆံရေးအခြေအနေသည် သုံးနှစ်နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာမည်ဟု နိုင်ငံရေးအသိုက်အဝန်း၏ ၆၃ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၄၄ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၃၉ ရာခိုင်နှုန်း၊ စီးပွားရေးအသိုက်အဝန်း၏ ၃၆ ရာခိုင်နှုန်းနှင့် EAOs များ၏ ၃၃ ရာခိုင်နှုန်းက ထိုသို့ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။ ကောင်းလာမည့်အနေအထားမရှိပါဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ၄၈ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၃၅ ရာခိုင်နှုန်းနှင့် EAOs များ၏ ၃၃ ရာခိုင်နှုန်းက ယူဆခဲ့ကြသည်။


အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် သက်ရောက်မှုကို မေးမြန်းရာတွင် ထိခိုက်မှုရှိသည်ဟုဖြေဆိုသူ ၉၂ ရာခိုင်နှုန်းရှိပြီး ထိခိုက်မှုမရှိပါဟု ခြောက်ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ ကုန်သွယ်ရေးကဏ္ဍတွင် ထိခိုက်မှုရှိသည်ဟု ၉၇ ရာခိုင်နှုန်းက ယူဆခဲ့ပြီး ထိခိုက်မှုမရှိဟု နှစ်ရာခိုင်နှုန်းက ယူဆခဲ့ပါသည်။
ယခုမေးခွန်းများကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကဏ္ဍတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ကဏ္ဍတခုချင်းအတွက် ထိခိုက်မှုအတိုင်းအတာကို ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝထိခိုက်မှုမရှိပါ’ဖြစ်ပြီး ‘၄’ က ‘အလွန်ထိခိုက်မှုရှိပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းနှစ်ခုမှာ ယခုနှစ် စစ်တမ်းကောက်ယူချိန်တွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုသည့် အသိုက်အဝန်းများ၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် ထိခိုက်မှုရှိကြောင်း အသိုက်အဝန်းအားလုံးက သဘောတူကြသည်။ ထူးခြားချက်အဖြစ် စီးပွားရေးအသိုက်အဝန်းနှင့် PDFs/LDFs များ၏ ရာနှုန်းပြည့်က ထိုသို့ ယူဆခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထင်ရှားသူများ၏ ၉၇ ရာခိုင်နှုန်း၊ EAOs များ၏ ၉၄ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၈ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆခဲ့ကြသည်။ အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ ကုန်သွယ်ရေးကဏ္ဍအပေါ် ထိခိုက်မှုရှိကြောင်း စီးပွားရေးအသင်းအဖွဲ့များ၊ EAOs များ၊ PDFs/LDFs များနှင့် ထင်ရှားသူများ၏ ရာနှုန်းပြည့်က ယူဆခဲ့ကြသည်။ နိုင်ငံရေးအသိုက်အဝန်း၏ ၉၄ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၉၃ ရာခိုင်နှုန်းကလည်း ထိခိုက်မှုရှိသည်ဟု ယူဆခဲ့ကြသည်။ ထူးခြားချက်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများကလွဲ၍ ကျန်အစုအဖွဲ့များတွင် ထိခိုက်မှုမရှိဟုဖြေဆိုသူ တဦးမှမရှိသည်ကို တွေ့ရသည်။


ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝထိခိုက်မှုမရှိပါ’နှင့် ‘ထိခိုက်မှုမရှိပါ’ နှစ်ရပ်ပေါင်းကို ‘ထိခိုက်မှုမရှိပါ’ဟူ၍လည်းကောင်း၊ ‘အလွန်ထိခိုက်မှုရှိပါသည်’နှင့် ‘ထိခိုက်မှုရှိပါသည်’နှစ်ရပ်ပေါင်းကို ‘ထိခိုက်မှုရှိပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတချို့ တိုက်ခိုက်ခံရခြင်း၊ ပျက်စီးခြင်းနှင့် သိမ်းပိုက်ခံရခြင်းများ ရှိနေပါသည်။ ယင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန် အင်အားစုတိုင်းကို တရုတ်နိုင်ငံက ဖိအားပေးလာနိုင်ကြောင်း ဖြေဆိုသူ ၅၉ ရာခိုင်နှုန်းက ယူဆကြသည်။ ၁၇ ရာခိုင်နှုန်းက တရုတ်နိုင်ငံအနေနှင့် စစ်ကောင်စီဘက်တွင် လုံးဝရပ်တည်လာနိုင်ကြောင်း ယူဆသည်။ တော်လှန်ရေးအင်အားစုများကို တရုတ်နိုင်ငံက အလေးထားဆက်သွယ်လာနိုင်ကြောင်း ၁၂ ရာခိုင်နှုန်းက ယူဆခဲ့ကြသည်။
မေးခွန်း-၅၂ ကို မေးမြန်းရာတွင် “လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတချို့ တိုက်ခိုက်ခံရတာ၊ ပျက်စီးတာနဲ့ သိမ်းပိုက်ခံရတာတွေ ရှိပါတယ်။ အဲဒါတွေအပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။ အောက်မှာဖော်ပြထားတဲ့ အချက်တွေထဲက အချက်တခုကို ရွေးပေးပါ” ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုသူများ၏ ရလဒ်များကို နှိုင်းယှဥ်ရာတွင် ‘လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရန် အင်အားစုတိုင်းကို တရုတ်နိုင်ငံက ဖိအားပေးလာမည်’ဆိုသည့် အချက်ကို ထင်ရှားသူများ၏ ၇၇ ရာခိုင်နှုန်း၊ EAOs များ၏ ၆၇ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၅၅ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၅၀ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၄၅ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကြသည်။ စီမံကိန်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ‘တော်လှန်ရေးအင်အားစုများကို တရုတ်နိုင်ငံက အလေးထားဆက်သွယ်လာနိုင်သည်’ဆိုသည့်အချက်ကို PDFs/LDFs များ၏ ၂၅ ရာခိုင်နှုန်းနှင့် EAOs များ၏ ၂၀ ရာခိုင်နှုန်းတို့က ရွေးချယ်ခဲ့သည်။


မြန်မာ့နိုင်ငံရေး အကျပ်အတည်းကာလတွင် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီး မြှုပ်နှံမှုအသစ်များ အကောင်အထည်ဖော်ခြင်းကို ဖြေဆိုသူများ၏ ၇၃ ရာခိုင်နှုန်းက သဘောမတူကြသည်ကို တွေ့ရသည်။ သဘောတူသူမှာ ၂၃ ရာခိုင်နှုန်းသာရှိသည်။
မေးခွန်း-၅၃ ကို မေးမြန်းရာတွင် “လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကာလမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအသစ်တွေ လုပ်မယ်ဆိုရင် ဘယ်လိုမြင်ပါသလဲ။ ‘၁’ကနေ ‘၄’အထိ သတ်မှတ်ထားပါတယ်။ ‘၁’က ‘လုံးဝသဘောမတူပါ’ဖြစ်ပြီး ‘၄’ကတော့ ‘အပြည့်အဝသဘောတူပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းမှာ ယခုစစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုသူများ၏ ရလဒ်များကို နှိုင်းယှဥ်ရာတွင် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက စီးပွားရေးရင်းနှီးမြှုပ်နှံမှုအသစ်များ အကောင်အထည်ဖော်ခြင်းကို စီးပွားရေးအသင်းအဖွဲ့များ၏ ၅၅ ရာခိုင်နှုန်းက သဘောတူကြောင်း ဖြေဆိုခဲ့ကြသည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၈ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၈၂ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၇၄ ရာခိုင်နှုန်း၊ EAOs များ၏ ၆၇ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၅၇ ရာခိုင်နှုန်းကမူ ရင်းနှီးမြှုပ်နှံမှုအသစ်များ အကောင်အထည်ဖော်ခြင်းကို သဘောမတူကြောင်း ဖြေဆိုခဲ့ကြသည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝသဘောမတူပါ’နှင့် ‘သဘောမတူပါ’ နှစ်ရပ်ပေါင်းကို ‘သဘောမတူပါ’ ဟူ၍လည်းကောင်း၊ ‘အပြည့်အဝသဘောတူပါသည်’နှင့် ‘သဘောတူပါသည်’နှစ်ရပ်ပေါင်းကို ‘သဘောတူပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။
- တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)
- ထူးခြားတွေ့ရှိချက် ငါးရပ်
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
- မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ Currently reading
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
- မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ
- တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ
- တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ
