ISP Survey

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ

အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် မြန်မာပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိသည်ဟု အသိုက်အဝန်းအားလုံး၏ အများစုက ယူဆကြသည်။
By ISP Admin | July 1, 2025

Photo – AFP

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။

စစ်တမ်းမေးခွန်းနှင့် ရလဒ်များ

၅။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း(CMEC)အပေါ် အမြင်များ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် တရုတ်နိုင်ငံကို ပိုပြီးအကျိုးရှိစေကြောင်း အစုအဖွဲ့အားလုံး၏ ၈၄ ရာခိုင်နှုန်းက ယူဆကြသည်။ နှစ်နိုင်ငံလုံးကို ညီတူမျှတူအကျိုးရှိစေသည်ဟု ရှုမြင်သူ ၁၂ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံကို ပိုအကျိုးရှိစေသည်ဟု ရှုမြင်သူ တစ်ရာခိုင်နှုန်းသာရှိသည်။ ယခင် စစ်တမ်းရလဒ်များနှင့် နှိုင်းယှဥ်ပါက ကြီးမားသော အပြောင်းအလဲမရှိပါ။

မေးခွန်း-၅၄ ကို မေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းဟာ နှစ်နိုင်ငံအတွက် ဘယ်လိုအကျိုးရှိစေမယ်လို့ ထင်ပါသလဲ။ တခုကို ရွေးချယ်ပေးပါ”ဟု မေးမြန်းခဲ့ပြီး ရွေးချယ်စရာသုံးခုကို ဖတ်ပြခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုသော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်နိုင်ငံကိုပို၍ အကျိုးရှိစေကြောင်း အသိုက်အဝန်းအားလုံး၏ အများစုက ဖြေဆိုခဲ့ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ ၉၄ ရာခိုင်နှုန်း၊ EAOs များ ၉၃ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၈၈ ရာခိုင်နှုန်း၊ PDFs/LDFs များ ၈၁ ရာခိုင်နှုန်း၊ စီးပွားရေးအသိုက်အဝန်း ၆၂ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း ၅၆ ရာခိုင်နှုန်းက ထိုသို့ ယူဆကြခြင်းဖြစ်သည်။ နှစ်နိုင်ငံလုံးအတွက် ညီတူညီမျှအကျိုးရှိစေကြောင်း စီးပွားရေးအသင်းအဖွဲ့များ ၃၆ ရာခိုင်နှုန်းက ယူဆခဲ့ကြသည်။

တရုတ်နိုင်ငံက ဖော်ဆောင်လိုနေသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် ‘ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျအရေးပါသည့် နေရာများကို ထိန်းချုပ်ရန်’ ရည်ရွယ်သည်ဟု ရှုမြင်သူ ၆၆ ရာခိုင်နှုန်းရှိသည်။​ ‘မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအပေါ် ဩဇာလွှမ်းမိုးမှု ဖြန့်ကြက်ရန်’ ရည်ရွယ်ကြောင်း ရှုမြင်သူ ၁၇ ရာခိုင်နှုန်းနှင့် ‘တရုတ်နိုင်ငံအတွက် စီးပွားရေးအရ အကျိုးအမြတ်ရရှိစေရန်’ရည်ရွယ်ကြောင်း ရှုမြင်သူ ၁၆ ရာခိုင်နှုန်း ရှိသည်။ ထူးခြားချက်မှာ စစ်တမ်းကောက်ယူမှု သုံးကြိမ်စလုံးတွင် ‘ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျအရေးပါသည့် နေရာများကို ထိန်းချုပ်ရန်’ဟု ယူဆမှုမှာ အများဆုံးဖြစ်သည်။​

မေးခွန်း-၅၅ ကို မေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုရည်ရွယ်ချက်ထားရှိတယ်လို့ ယူဆပါသလဲ”ဟု မေးမြန်းခဲ့ပြီး ရွေးချယ်စရာများကို ဖတ်ပြခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် ‘ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျအရေးပါသည့် နေရာများကို ထိန်းချုပ်ရန်’ ဖြစ်ကြောင်း အစုအဖွဲ့အားလုံးက ရှုမြင်ခဲ့ကြသည်။ အများဆုံးမှာ EAOs များဖြစ်ပြီး ၈၇ ရာခိုင်နှုန်းရှိသည်။​ အရပ်ဘက်အဖွဲ့အစည်းများ ၇၀ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း ၆၉ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ ၆၀ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၅၉ ရာခိုင်နှုန်းနှင့် PDFs/LDFs များ ၅၆ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆကြသည်ကို တွေ့ရသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) နှင့်ပတ်သက်၍ ‘ဒေသတွင်း ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမည်’ကို စိုးရိမ်သူ ၃၇ ရာခိုင်နှုန်း‘အကြွေးထောင်ချောက်ဖြစ်မည်’ကို စိုးရိမ်သူ ၂၁ ရာခိုင်နှုန်းနှင့် ‘လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မည်’ကို စိုးရိမ်သူ ၁၇ ရာခိုင်နှုန်းရှိသည်။ ယခင်စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက ကြီးမားသောကွာဟချက်မရှိပေ။ ထူးခြားချက်အနေဖြင့် ‘ဒေသတွင်းပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမည်’ကို စိုးရိမ်သူ ရာခိုင်နှုန်းသည် သုံးနှစ်ဆက်တိုက် အများဆုံးဖြစ်သည် ကို တွေ့ရသည်။

မေးခွန်း-၅၆ ကို မေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရိမ်အပူပန်ရဆုံးလို့ ယူဆတဲ့ တခုကိုရွေးပါ”ဟု မေးမြန်းခဲ့ပြီး ရွေးချယ်စရာများကို ဖတ်ပြခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သည့် အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် အစုအဖွဲ့အားလုံးသည် ‘ဒေသတွင်းပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမှု’ ကို စိုးရိမ်ခဲ့ကြသည်။ EAOs များ ၆၀ ရာခိုင်နှုန်း၊ PDFs/LDFs များ ၅၀ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း ၄၄ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ ၄၀ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၃၆ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ၂၉ ရာခိုင်နှုန်းက ထိုသို့ ယူဆခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်အနေဖြင့် စီးပွားရေးအသင်းအဖွဲ့များ ၂၄ ရာခိုင်နှုန်းက စီးပွားရေးအရလွှမ်းမိုးမည်ကို စိုးရိမ်ခဲ့ကြသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကောင်း မွန်သော အကျိုးသက်ရောက်မှုရှိနိုင်သည်’ကို သဘောမတူသူ ၆၉ ရာခိုင်နှုန်းနှင့် သဘောတူသူ ၂၉ ရာခိုင်နှုန်းရှိသည်။ ‘စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူဖြစ်နိုင်သည်’ကို သဘော တူသူ ၆၁ ရာခိုင်နှုန်းနှင့် သဘောမတူသူ ၃၇ ရာခိုင်နှုန်းရှိသည်။ ‘ပြည်သူများ၏ လူမှုစီးပွားဘဝ တိုး တက်ကောင်းမွန်လာနိုင်သည်’ကို သဘောမတူသူ ၅၄ ရာခိုင်နှုန်းနှင့် သဘောတူသူ ၄၃ ရာခိုင်နှုန်းရှိသည်။ ‘ပြည်သူလူထုရင်ဆိုင်နေရသော စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းများအတွက် ထွက် ပေါက်ဖြစ်နိုင်သည်’ကို သဘောမတူသူ ၇၁ ရာခိုင်နှုန်းနှင့် သဘောတူသူ ၂၆ ရာခိုင်နှုန်းရှိသည်။

ယခုမေးခွန်းများကို မေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းဟာ မြန်မာနိုင်ငံအပေါ် ကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုကြပါတယ်။ အခုဖတ်ပြမယ့် ကဏ္ဍတွေနဲ့ပတ်သက်ပြီး အဲဒီလိုပြောဆိုမှုတွေကို ဘယ်လောက်သဘောတူပါသလဲ။ သဘောတူမှုနဲ့ပတ်သက်ပြီး ကဏ္ဍတခုချင်းစီမှာ ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။ ‘၁’ က ‘လုံးဝသဘာမတူပါ’ ဖြစ်ပြီး ‘၄’ က ‘အပြည့်အဝသဘောတူပါတယ်’ ဖြစ်ပါတယ်။​ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သည့် အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိစေသည်ဟု နိုင်ငံရေးအသိုက်အဝန်း ၆၃ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ ၅၅ ရာခိုင်နှုန်းက ယူဆခဲ့ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ ၈၅ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၇၁ ရာခိုင်နှုန်း၊ EAOs များ ၆၇ ရာခိုင်နှုန်းနှင့် PDFs/LDFs များ ၆၂ ရာခိုင်နှုန်းက သဘောမတူကြောင်းဖြေဆိုခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ကြောင်း စီးပွားရေးအသင်းအဖွဲ့များ ၉၁ ရာခိုင်နှုန်းက ယူဆကြသည်။ နိုင်ငံရေးအသိုက်အဝန်း ၇၅ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၆၆ ရာခိုင်နှုန်း၊ PDFs/LDFs များ ၅၆ ရာခိုင်နှုန်းနှင့် EAOs များ ၅၃ ရာခိုင်နှုန်းကလည်း ထိုသို့ဖြေဆိုခဲ့ကြသည်။ ထူးခြားချက်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ ၅၂ ရာခိုင်နှုန်းနှင့် EAOs များ ၄၇ ရာခိုင်နှုန်းက သဘောမတူကြသည်ကို တွေ့ရသည်။

ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာနိုင်ကြောင်း စီးပွားရေးအသင်းအဖွဲ့များ ၇၂ ရာခိုင်နှုန်း၊ EAOs များ ၆၀ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း ၆၃ ရာခိုင်နှုန်းက သဘောတူခဲ့ကြသည်။ သဘောမတူကြောင်းဖြေဆိုသူမှာ အရပ်ဘက်အဖွဲ့အစည်းများ ၇၄ ရာခိုင်နှုန်းနှင့် PDFs/LDFs များ ၅၁ ရာခိုင်နှုန်းရှိသည်။

ပြည်သူလူထု ရင်ဆိုင်နေရသည့် စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းများအတွက် ထွက်ပေါက်ဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုက်အဝန်း ၄၄ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ ၃၈ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ EAOs များ ၉၃ ရာခိုင်နှုန်း၊ PDFs/LDFs များ ၇၆ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ ၇၆ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၇၁ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ ၆၀ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသင်းအဖွဲ့များ ၅၀ ရာခိုင်နှုန်းက သဘောမတူကြောင်း ဖြေဆိုခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝသဘောမတူပါ’နှင့် ‘သဘောမတူပါ’ နှစ်ရပ်ပေါင်းကို ‘သဘောမတူပါ’ဟုလည်းကောင်း၊ ‘အပြည့်အဝသဘောတူပါသည်’နှင့် ‘သဘောတူပါသည်’ နှစ်ရပ်ပေါင်းကို ‘သဘောတူပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် မြန်မာပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိကြောင်း ဖြေဆိုသူများ၏ ၈၈ ရာခိုင်နှုန်းက ယူဆကြပြီး မထိခိုက်ကြောင်း ယူဆသူ ခုနစ်ရာခိုင်နှုန်း ရှိသည်။​ ဤရလဒ်သည် ယခင်နှစ်များက ကောက်ယူခဲ့သော စစ်တမ်းရလဒ်များနှင့် နှိုင်းယှဥ်ပါက ကွာဟချက်မရှိပါ။

မေးခွန်း-၆၁ ကို မေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းက မြန်မာပြည်သူတွေရဲ့ လူမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်တယ်လို့ ထင်ပါသလဲ။ ‘၁’ ကနေ ‘၄’ အထိ သတ်မှတ်ထားပါတယ်။​ ‘၁’ က ‘လုံးဝမထိခိုက်ပါ’ ဖြစ်ပြီး ‘၄’ က ‘အလွန်ထိခိုက်ပါတယ်’ ဖြစ်ပါတယ်။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။​

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် မြန်မာပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိသည်ဟု အသိုက်အဝန်းအားလုံး၏ အများစုက ယူဆကြသည်။ EAOs များက ရာနှုန်းပြည့်ဖြစ်ပြီး အများဆုံးဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများ ၉၄ ရာခိုင်နှုန်း၊ PDFs/LDFs များ ၈၇ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၈၅ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ ၇၆ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း ၇၅ ရာခိုင်နှုန်းကလည်း ထိုသို့ယူဆကြသည်။

ရလဒ်များကိုနှိုင်းယှဥ်ပိုင်းခြားရာတွင် ‘လုံးဝမထိခိုက်ပါ’နှင့် ‘မထိခိုက်ပါ’ နှစ်ရပ်ပေါင်းကို ‘မထိခိုက်ပါ’ ဟုလည်းကောင်း၊ ‘အလွန်ထိခိုက်ပါသည်’ နှင့် ‘ထိခိုက်ပါသည်’ နှစ်ရပ်ပေါင်းကို ‘ထိခိုက်ပါသည်’ ဟုလည်းကောင်း ကောက်ယူပါသည်။

စစ်တမ်းတွင်ပါဝင်သည့် အသိုက်အဝန်းခြောက်ခုက ပုဂ္ဂိုလ်များကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီများက ဆက်သွယ်ဆွေးနွေးခြင်း လုံးဝမရှိကြောင်း ၈၂ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ တာဝန်ရှိသူများက လာရောက်ဆွေးနွေးကြောင်း ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းနှင့် ဒေသအာဏာပိုင်များကတဆင့် ဆက်သွယ်ဆွေးနွေးကြောင်း ဖြေဆိုသူ ငါးရာခိုင်နှုန်း ရှိသည်။ ယခင်စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက ဆက်သွယ်ဆွေးနွေးခြင်း လုံးဝမရှိကြောင်း ဖြေဆိုသူဦးရေမှာ နှစ်စဉ်တိုးလာသည်ကို တွေ့ရသည်။

မေးခွန်း-၆၂ ကို မေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းမှာပါဝင်တဲ့ တရုတ်ကုမ္ပဏီတွေက (သင်) ဒါမှမဟုတ် (သင့်) အဖွဲ့အစည်းကို ဆက်သွယ်ခဲ့ပါသလား၊ ဆက်သွယ်ခဲ့တယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ဆက်သွယ်ခဲ့သလဲဆိုတာ ပြောပြပေးပါ။ တခုထက်ပိုပြီးလည်း ရွေးနိုင်ပါတယ်”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) ကို အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီများက လုံးဝဆက်သွယ်ဆွေးနွေးခြင်းမရှိကြောင်း အသိုက်အဝန်းအားလုံးက အများဆုံးဖြေဆိုခဲ့ကြသည်။ အရပ်ဘက်အဖွဲ့အစည်းများ ၈၆ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၈၅ ရာခိုင်နှုန်း၊ PDFs/LDFs များ ၈၁ ရာခိုင်နှုန်း၊ EAOs များ ၈၀ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ ၇၄ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း ၆၉ ရာခိုင်နှုန်းက ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအသိုက်အဝန်း ၂၅ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ ၁၇ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ၁၀ ရာခိုင်နှုန်းက စီမံကိန်းအတွက် တာဝန်ရှိသူများက လာရောက်ဆွေးနွေးသည်ဟု ဖြေဆိုခဲ့သည်။ EAOs များ ၂၀ ရာခိုင်နှုန်းနှင့် PDFs/LDFs များ ၁၃ ရာခိုင်နှုန်းက ဒေသအာဏာပိုင်များမှတဆင့်ဆက်သွယ်ဆွေးနွေးကြောင်း ဖြေဆိုခဲ့သည်။ ထူးခြားချက်အဖြစ် ဆက်သွယ်ဆွေးနွေးမှုများကို မသိရှိရကြောင်း PDFs/LDFs များ ၁၃ ရာခိုင်နှုန်းက ဖြေခဲ့ကြသည်ကို တွေ့ရသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) တွင် ပါဝင်သည့် တရုတ်ကုမ္ပဏီများက ဆက်သွယ်ဆွေးနွေးရာတွင် စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ကမ်း လှမ်းခဲ့ကြောင်း ၅၀ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ စီမံကိန်းများကို မထိခိုက်စေရန် သတိပေးခဲ့ကြောင်း ဖြေဆိုသူ ၂၅ ရာခိုင်နှုန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် ကမ်းလှမ်းခဲ့ကြောင်း ဖြေဆိုသူ ၂၀ ရာခိုင်နှုန်း ရှိသည်။ အခြားရည်ရွယ်ချက်များကြောင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ဖြေဆိုသူမှာ ၃၀ ရာခိုင်နှုန်းရှိသည်။ ထိုအထဲတွင် စီမံကိန်းအကြောင်းနှင့် စီမံကိန်း၏ ကောင်းကျိုးများကို ရှင်းပြခြင်း၊ ဒေသခံများကို စည်းရုံးခြင်း၊ အကြွေးထောင်ချောက်မဟုတ်ကြောင်း လူထုကို ရှင်းပြရန် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းခြင်းများလည်း ပါဝင်သည်ဟု အများစုက ဖြေဆိုကြသည်။

မေးခွန်း-၆၃ ကိုမေးမြန်းရာတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းမှာပါဝင်တဲ့ တရုတ်ကုမ္ပဏီတွေက ဆက်သွယ်တဲ့အခါ ဘယ်လိုအကြောင်းအရာကို အသိပေးဖို့ ရည်ရွယ်ချက်နဲ့ ဆက်သွယ်ခဲ့ပါသလဲ။ တခုထက်ပိုပြီးလည်း ရွေးနိုင်ပါတယ်”ဟု မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းမှာ ယခုစစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။​

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းခြောက်ခု၏ အဖြေများကိုနှိုင်းယှဥ်ရာတွင် အသိုက်အဝန်းအသီးသီးကို မတူညီသော ရည်ရွယ်ချက်များဖြင့် ဆက်သွယ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထူးခြားချက်အနေဖြင့် စီမံကိန်းကို မထိခိုက်ရန် သတိပေးဆက်သွယ်ခဲ့ကြောင်း PDFs/LDFs များအားလုံးက ဖြေခဲ့ကြသည်ကို တွေ့ရသည်။ စီမံကိန်းများကို ဆက်လက်လည်ပတ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် EAOs များ ၆၇ ရာခိုင်နှုန်းစီနှင့် စီးပွားရေးအသင်းအဖွဲ့များ ၅၀ ရာခိုင်နှုန်းတွင် ထိုသို့ တွေ့ရှိရသည်။​ သို့သော် ကုမ္ပဏီများက အခြားသောအကြောင်းအရာများကို ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံရေးအသိုက်အဝန်းနှင့် ထင်ရှားသူများ ၇၅ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် တရုတ်နိုင်ငံအကြား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) ၏ အချို့အစိတ်အပိုင်းများကို အကောင်အထည်ဖော်နေကြောင်း အသိုက်အဝန်းခြောက်ခု ၏ ၆၂ ရာခိုင်နှုန်းက ယူဆကြသည်။ ၂၈ ရာခိုင်နှုန်းက စီမံကိန်းအကောင်အထည်ဖော်မှု ရပ်တန့်နေကြောင်း၊ ငါးရာခိုင်နှုန်းက အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေကြောင်း ယူဆကြသည်။ စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေများကို မသိရှိကြောင်းဖြေဆိုသူ ရှစ်ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ ခုနှစ် စစ်တမ်းနှင့်နှိုင်းယှဥ်ပါက ပြောင်းလဲမှုအနည်းငယ်ရှိသည်ကို တွေ့ရသည်။ စီမံကိန်းအကောင်အထည် ဖော်မှုရပ်တန့်နေကြောင်းဖြေဆိုသူ ၁၀ ရာခိုင်နှုန်းတိုးလာပြီး အချို့အစိတ်အပိုင်းများကို အကောင်အထည် ဖော်နေကြောင်း ဖြေဆိုသူ လေးရာခိုင်နှုန်းနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်ဟုယူဆသူ ခုနစ်ရာခိုင်နှုန်းတို့ လျော့ကျသွားသည်။

မေးခွန်း-၆၄ ကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/စစ်ကောင်စီနဲ့ တရုတ်နိုင်ငံအကြား တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေတွေ ဘယ်လိုရှိတယ်လို့ ထင်ပါသလဲ။ တခုထက်ပိုပြီးလည်း ရွေးနိုင်ပါတယ်”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်း ခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် စီမံကိန်းအကောင်အထည်ဖော်မှု ရပ်တန့်နေကြောင်း စီးပွားရေးအသိုက်အဝန်း ၅၅ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း ၅၀ ရာခိုင်နှုန်းနှင့် EAOs များ ၄၇ ရာခိုင်နှုန်းက ယူဆကြသည်။ စီမံကိန်း၏ အချို့အစိတ်အပိုင်းများကို အကောင်အထည်ဖော်နေကြောင်း PDFs/LDFs များ ၇၅ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၇၁ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ၇၀ ရာခိုင်နှုန်းတို့က ယူဆကြသည်။ စီမံကိန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ဖြေဆိုသူမှာ ၁၀ ရာခိုင်နှုန်းအောက်သာရှိသည်။ ထူးခြားချက်အဖြစ် စီမံကိန်းအကောင်အထည် ဖော်မှုအခြေအနေများကို မသိရှိကြောင်း EAOs များ၂၀ ရာခိုင်နှုန်း၊ PDFs/LDFs များ ၁၃ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း ၁၃ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်ကို တွေ့ရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကာလအတွင်းတွင် တရုတ်နိုင်ငံက တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံစီမံကိန်း (CMEC) များ အကောင်အထည်ဖော်မည်ကို သဘောမတူသူ ၇၇ ရာခိုင်နှုန်းရှိပြီး သဘောတူသူမှာ ၁၉ ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ ခုနှစ်စစ်တမ်းနှင့် နှိုင်းယှဥ်ပါက သဘောမတူသူရာခိုင်နှုန်းမှာ ခြောက်ရာခိုင်နှုန်းတိုးလာပြီး သဘောတူသူ ရာခိုင်နှုန်းမှာ လေးရာခိုင်နှုန်း လျော့ကျသွားသည်ကို တွေ့ရသည်။

မေးခွန်း-၆၅ ကိုမေးမြန်းရာတွင် “တကယ်လို့ တရုတ်နိုင်ငံအနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကာလမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် သဘောတူပါသလား”ဟု မေးမြန်းခဲ့ပါသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏အဖြေများကို ဆန်းစစ်ရာတွင် လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းကာလအတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း (CMEC) များကို အကောင်အထည်ဖော်မည်ဆိုပါက သဘောမတူသူမှာ အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းရှိသည်။ ၎င်း၏နောက်တွင် PDFs/LDFs များ ၈၈ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၇၆ ရာခိုင်နှုန်း၊ EAOs များ ၇၃ ရာခိုင်နှုန်း၊ စီးပွားရေးအသိုက်အဝန်း ၅၇ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း ၅၀ ရာခိုင်နှုန်းတို့က အစဉ်လိုက်ရပ်တည်နေသည်။​ နိုင်ငံရေးအသိုက်အဝန်း ၄၄ ရာခိုင်နှုန်း၊ စီးပွားရေးအသိုက်အဝန်း ၄၃ ရာခိုင်နှုန်း၊ EAOs များ ၂၇ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၁၅ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ ၁၀ ရာခိုင်နှုန်းနှင့် PDFs/LDFs များ ခြောက်ရာခိုင်နှုန်းက အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည်ကိုလည်း တွေ့ရသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း (CMEC) များ အကောင်အထည်ဖော်မည်ကို မည်သည့်အတွက် ကြောင့် သဘောတူရသည်ဟု ဆက်လက်မေးမြန်းရာတွင် စီးပွားရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာနိုင်သည့်အတွက် သဘောတူခြင်းဖြစ်ကြောင်း ဖြေဆိုသူအများဆုံးဖြစ်ပြီး ၆၈ ရာခိုင်နှုန်းရှိသည်။​ လက်ရှိစီးပွားရေးအကျပ်အတည်းများမှ ထွက်ပေါက်ရနိုင်ကြောင်း ဖြေဆိုသူ ၅၄ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများထံက စျေးကွက်ဝေစု ပိုရနိုင်ကြောင်း ဖြေဆိုသူ ၅၀ ရာခိုင်နှုန်း၊ အခြေခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးလာနိုင်ကြောင်း ဖြေဆိုသူ ၃၆ ရာခိုင်နှုန်းနှင့် နိုင်ငံတည်ငြိမ်ရေးကို အထောက်အကူဖြစ်စေကြောင်း ဖြေဆိုသူ ၂၆ ရာခိုင်နှုန်းရှိသည်။

မေးခွန်း-၆၅ ကို မေးမြန်းရာတွင် “စီမံကိန်းတွေ အကောင်အထည်ဖော်တာကို သဘောတူရတဲ့ အကြောင်းပြချက်တချို့ကို ဖော်ပြထားပါတယ်။ အကြောင်းပြချက်သုံးခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။​ ဤမေးခွန်းမှာ ယခုစစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။​

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်နိုင်သည့်အတွက် စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို သဘောတူကြောင်း အသိုက်အဝန်းအများစုက ဖြေဆိုခဲ့သည်။ PDFs/LDFs များ ရာနှုန်းပြည့်၊ စီးပွားရေးအသင်းအဖွဲ့များ ၈၉ ရာခိုင်နှုန်း၊ ထင်ရှားသူများ ၈၀ ရာခိုင်နှုန်း၊ EAOs များ ၇၅ ရာခိုင်နှုန်းက ထိုသို့ ယူဆခဲ့ခြင်းဖြစ်သည်။ လက်ရှိစီးပွားရေးအကျပ်အတည်းများမှ ထွက်ပေါက်ရနိုင်ကြောင်း PDFs/LDFs များ ရာနှုန်းပြည့်နှင့် ထင်ရှားသူများ ၇၀ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။ တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများထံမှ စျေးကွက်ဝေစု ပိုရနိုင်သည့်အတွက် သဘောတူခြင်းဖြစ်ကြောင်း EAOs များ ၇၅ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ ၆၇ ရာခိုင်နှုန်းတို့က ယူဆကြသည်။ PDFs/LDFs များ ရာနှုန်းပြည့်နှင့် နိုင်ငံရေးအသိုက်အဝန်း ၇၁ ရာခိုင်နှုန်းတို့က အခြေခံပြည်သူများ၏လူမှုဘဝ ဖွံ့ဖြိုးလာနိုင်သည့်အတွက် စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို သဘောတူကြောင်း ဖြေဆိုခဲ့သည်။ ထူးခြားချက်မှာ PDFs/LDFs များရာနှုန်းပြည့်က စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ လက်ရှိစီးပွားရေးအကျပ်အတည်းများမှ ထွက်ပေါက်ရနိုင်မှုနှင့် အခြေခံပြည်သူများ၏ လူမှုဘဝကို ဖွံ့ဖြိုးလာနိုင်မှုတို့အတွက် ရည်ရွယ်ကြောင်း ယူဆခဲ့ကြခြင်းဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) များ အကောင်အထည်ဖော်မည်ကို သဘောမတူသူများအနေနှင့် မည်သည့်အတွက်ကြောင့် သဘောမတူရသည်ကို ဆက်လက်မေးမြန်းရာတွင်လည်း စီမံကိန်းများသည် ပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့်အတွက် သဘောမတူခြင်းဖြစ်ကြောင်း ဖြေဆိုသူအများဆုံးဖြစ်ပြီး ၅၆ ရာခိုင်နှုန်းရှိသည်​။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးနိုင်ကြောင်း ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းနှင့် အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေးအားပြိုင်မှုကြောင့် နိုင်ငံတည်ငြိမ်ရေး ထိခိုက်လာနိုင်ကြောင်း ဖြေဆိုသူ ၄၁ ရာခိုင်နှုန်း ရှိသည်။ စီမံကိန်းအကောင်အထည်ဖော်ခြင်းကြောင့် အကြွေးထောင်ချောက်မိမည်ကို စိုးရိမ်သူ ၃၈ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံကို စီးပွားရေးအရမှီခိုရမှုပိုကြီးနိုင်ကြောင်း ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းရှိသည်။

မေးခွန်း-၆၇ ကို မေးမြန်းရာတွင် “စီမံကိန်းတွေ အကောင်အထည်ဖော်တာကို သဘောမတူရတဲ့ အကြောင်းပြချက်တချို့ကို ဖော်ပြထားပါတယ်။ အကြောင်းပြချက်သုံးခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။​ ဤမေးခွန်းမှာ ယခုစစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။​

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း

စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် ပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့်အတွက် သဘောမတူခြင်းဖြစ်ကြောင်း ဖြေဆိုသူမှာ နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၆၃ ရာခိုင်နှုန်းရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများ ၆၂ ရာခိုင်နှုန်း၊ PDFs/LDFs များ ၅၇ ရာခိုင်နှုန်းတို့ကလည်း ထိုသို့ဖြေဆိုသည်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးနိုင်သောကြောင့် သဘောမတူခြင်းဖြစ်ကြောင်း ဖြေဆိုမှုတွင်လည်း နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းရှိသည်။ EAOs များ ၅၅ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ ၅၂ ရာခိုင်နှုန်းတို့ကလည်း ထိုသို့ဖြေဆိုသည်။ အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေး အားပြိုင်မှုကြောင့် နိုင်ငံတည်ငြိမ်ရေး ထိခိုက်လာနိုင်သောကြောင့်ဟု ဖြေဆိုသူမှာ စီးပွားရေးအသင်းအဖွဲ့များ ၅၄ ရာခိုင်နှုန်း၊ PDFs/LDFs များနှင့်နိုင်ငံရေးအသိုက်အဝန်း ၅၀ ရာခိုင်နှုန်းရှိသည်။ အကြွေးဝန်ပိပြီး (Sovereign Debt) အချုပ်အခြာအာဏာကို ထိခိုက်လာနိုင်သောကြောင့် သဘောမတူခြင်းဖြစ်သည်ဟု ဖြေဆိုသူမှာ PDFs/LDFs များ ၅၀ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း ၅၀ ရာခိုင်နှုန်းနှင့် ထင်ရှားသူများ ၄၄ ရာခိုင်နှုန်း ရှိသည်။

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)


Leave a Reply

Your email address will not be published. Required fields are marked *