Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
စစ်တမ်းမေးခွန်းနှင့် ရလဒ်များ
၆။ မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ


တရုတ်နိုင်ငံကဖော်ဆောင်နေသော ဒေသတွင်းပေါင်းစည်းရေးအစီအမံများ ရှိပါသည်။ ယင်းအစီအမံများနှင့်ပတ်သက်ပြီး မည်မျှအတိုင်းအတာအထိ သိရှိနားလည်နေ၊ မနေကိုလည်း ယခုစစ်တမ်းတွင် ထည့်သွင်းမေးမြန်းခဲ့ပါသည်။ အကြမ်းဖျင်းအားဖြင့် တရုတ်နိုင်ငံ၏ အစီအမံများကို မသိသူ ပိုများနေ သည်ကိုတွေ့ရသည်။ ‘ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်’ (RCEP) ကိုမသိသူ ၅၉ ရာခိုင်နှုန်းနှင့် သိသူ ၄၁ ရာခိုင်နှုန်းရှိသည်။ ‘အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ်’ (ILSTC) ကိုမသိသူ ၆၆ ရာခိုင်နှုန်းနှင့် သိသူ ၃၄ ရာခိုင်နှုန်း ရှိသည်။ ထူးခြားချက်အနေဖြင့် ‘လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစီအမံ’ (LMC) ကိုသိသူမှာ ပိုများသည်ကိုတွေ့ရပါသည်။ ယင်းအစီအမံကို သိသူ ၇၁ ရာခိုင်နှုန်းနှင့် မသိသူ ၂၉ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI) ကို မသိသူမှာ ၆၅ ရာခိုင်နှုန်းရှိပြီး သိရှိသူမှာ ၃၅ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို မသိသူ ၆၇ ရာခိုင်နှုန်းနှင့် သိသူ ၃၃ ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ ခုနှစ်စစ်တမ်းနှင့် နှိုင်းယှဉ်ပါက RCEP ကိုသိသူ ရှစ်ရာခိုင်နှုန်း၊ LMC ကိုသိသူ ၁၃ ရာခိုင်နှုန်းနှင့် GSI ကိုသိသူ ရှစ်ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ ထို့အတူ ILSTC နှင့် GDI ကို သိသူလည်း အနည်းငယ်တိုးလာသည်ကို တွေ့ရသည်။
ယခုမေးခွန်းများကို မေးမြန်းရာတွင် “၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ တရုတ်နိုင်ငံရဲ့ ဒေသတွင်းပေါင်းစည်းရေးအစီအမံတွေ ရှိပါတယ်။ အခုဖတ်ပြမယ့် အစီအမံတွေ အကောင်အထည်ဖော်နေတာကို သိပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
အသိုက်အဝန်းခြောက်ခု၏ အဖြေများကိုနှိုင်းယှဉ်ရာတွင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (RCEP) ကို သိကြောင်းဖြေဆိုသူမှာ စီးပွားရေးအသင်းအဖွဲ့များ၏ ၅၀ ရာခိုင်နှုန်းနှင့် ထင်ရှားသူများ၏ ၅၆ ရာခိုင်နှုန်းရှိသည်။ မသိကြောင်းဖြေဆိုသူမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၁ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၆၉ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၆၃ ရာခိုင်နှုန်း ရှိသည်။ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ် (ILSTC) ကို သိကြောင်း ဖြေဆိုမှုတွင် ထင်ရှားသူများ၏ ၄၂ ရာခိုင်နှုန်း၊ EAOs များ၏ ၃၃ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၃၃ ရာခိုင်နှုန်း ရှိသည်။ မသိကြောင်းဖြေဆိုမှုတွင် PDFs/LDFs များ၏ ၈၁ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၇၅ ရာခိုင်နှုန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၈ ရာခိုင်နှုန်း ရှိသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအမံ (LMC) ကို သိကြောင်း ဖြေဆိုမှုတွင် စီးပွားရေးအသင်းအဖွဲ့များ၏ ၈၈ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၈၂ ရာခိုင်နှုန်းနှင့် EAOs များ၏ ၈၀ ရာခိုင်နှုန်း ရှိသည်။ မသိကြောင်း ဖြေဆိုမှုတွင် PDFs/LDFs များ၏ ၄၄ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၄၁ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၃၁ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)ကို သိကြောင်း ဖြေဆိုရာတွင် PDFs/LDFs များက အများဆုံးဖြစ်ပြီး ၄၄ ရာခိုင်နှုန်းရှိသည်။ ယင်းနောက်တွင် ထင်ရှားသူများက ၄၂ ရာခိုင်နှုန်းနှင့် EAOs များက ၄၀ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်သည်။ မသိကြောင်းဖြေဆိုရာတွင် နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းရှိသည်။ ယင်းနောက်တွင် အရပ်ဘက်အဖွဲ့အစည်းများက ၇၀ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များက ၆၂ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်သည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို သိကြောင်း ဖြေဆိုသူများတွင် ထင်ရှားသူများနှင့် EAOs များက အများဆုံးဖြစ်ပြီး ၄၁ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းရှိသည်။ မသိကြောင်း ဖြေဆိုသူမှာ နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၈၈ ရာခိုင်နှုန်းရှိသည်။ ထို့နောက် အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၀ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၆၉ ရာခိုင်နှုန်းကလည်း မသိကြောင်း ဖြေဆိုခဲ့ကြသည်။






ဒေသတွင်းပေါင်းစည်းရေးအစီအမံများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ မျှော်မှန်းချက်များအဖြစ် ဒေသ တွင်း၌ ၎င်းဦးဆောင်သော နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခင်းအကျင်းတရပ် ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း ယူဆသူ ၅၈ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းတွင် ပထဝီနိုင်ငံရေးအရ ဩဇာဖြန့်ကြက်ရန်ဖြစ်ကြောင်း ယူဆသူ ၃၂ ရာခိုင်နှုန်းရှိသည်။
မေးခွန်း-၇၃ ကိုမေးမြန်းရာတွင် “ဒေသတွင်း ပေါင်းစည်းရေးအစီအမံတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဘာတွေမျှော်မှန်းထားတယ်လို့ ယူဆပါသလဲ။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပြီး ရွေးချယ်စရာများကို ဖတ်ပြခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
အသိုက်အဝန်းခြောက်ခု၏ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ဒေသတွင်း၌ တရုတ်ဦးဆောင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခင်းအကျင်းတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း အသိုက် အဝန်းတခုချင်းစီ၏ အများစုက ယူဆကြသည်။ EAOs များ၏ ၆၇ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၆၃ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၁ ရာခိုင်နှုန်းတို့က ထိုသို့ယူဆခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအပါအဝင် ဒေသတွင်းတွင် ပထဝီနိုင်ငံရေးအရ ဩဇာဖြန့်ကြက်ရန်ရည်ရွယ်ကြောင်း ယူဆသူမှာ ထင်ရှားသူများ၏ ၃၅ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၃၄ ရာခိုင်နှုန်း၊ EAOs များ၏ ၃၃ ရာ ခိုင်နှုန်းရှိသည်။



ဒေသတွင်းပေါင်းစည်းရေးအစီအမံများသည် စစ်ကောင်စီကိုသာ အကျိုးရှိစေမည်ဖြစ်ကြောင်း ယူဆမှုမှာ အများဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းရှိသည်။ စစ်ကောင်စီအတွက် အကျိုးရှိစေမည်မဟုတ်ကြောင်း ယူဆသူ ငါးရာခိုင်နှုန်းရှိသည်။ EAOs များကို အကျိုးရှိစေမည်ဟု ယူဆသူမှာ ၅၅ ရာခိုင်နှုန်းနှင့် အကျိုးရှိစေမည်မဟုတ်ကြောင်း ယူဆသူ ၃၇ ရာခိုင်နှုန်းရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အကျိုးရှိစေသည်ဟု ဖြေဆိုသူ ၁၃ ရာခိုင်နှုန်းနှင့် အကျိုးရှိစေမည်မဟုတ်ဟု ဖြေဆိုသူ ၇၅ ရာခိုင်နှုန်းရှိသည်။ သာမန်ပြည်သူများကို အကျိုးရှိစေကြောင်း ဖြေဆိုသူ ၂၅ ရာခိုင်နှုန်းနှင့် အကျိုးရှိစေမည်မဟုတ်ကြောင်း ဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက ရှိသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များကို အကျိုးရှိစေကြောင်းဖြေဆိုသူ ၈၀ ရာခိုင်နှုန်းနှင့် အကျိုးရှိစေမည်မဟုတ်ကြောင်းဖြေဆိုသူ ၁၄ ရာခိုင်နှုန်း ရှိသည်။
မေးခွန်း-၇၄ ကနေ ၇၈ အထိကို မေးမြန်းရာတွင် “ဒေသတွင်းပေါင်းစည်းရေးအစီအမံတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အကျိုးရှိစေမယ်လို့ သုံးသပ်ကြပါတယ်။ အခုဖတ်ပြမယ့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအတွက် ဘယ်လောက်အကျိုးရှိမယ် ထင်ပါသလဲ။ အကျိုးရှိမှုအတိုင်းအတာကို ‘၁’ကနေ ‘၄’အထိ သတ်မှတ်ထားပါတယ်။ ‘၁’က ‘လုံးဝအကျိုးမရှိပါ’ဖြစ်ပြီး ‘၄’က ‘အပြည့်အဝအကျိုးရှိပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းများမှာ ယခုစစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ စစ်ကောင်စီကို အကျိုးရှိစေကြောင်းယူဆမှုမှာ PDFs များကအများဆုံးဖြစ်ပြီး ရာနှုန်းပြည့်ဖြစ်သည်။ နိုင်ငံရေးအသိုက်အဝန်း၏ ၉၄ ရာခိုင်နှုန်းနှင့် ထင်ရှားသူများနှင့် စီးပွားရေးအသိုက်အဝန်း၏ ၉၁ ရာခိုင်နှုန်းစီတို့ကလည်း ထိုသို့ ယူဆကြသည်။ EAOs များအတွက် အကျိုးရှိပါသည်ဟု ဖြေဆိုမှုမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၁ ရာခိုင်နှုန်း၊ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၀ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၅၆ ရာခိုင်နှုန်း ရှိသည်။ အကျိုးမရှိပါဟုဖြေဆိုမှုမှာ EAOs များ၏ ၅၄ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထင်ရှားသူများ၏ ၃၉ ရာခိုင်နှုန်း ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် အကျိုးရှိပါသည်ဟုယူဆမှုမှာ စီးပွားရေးအသင်းအဖွဲ့များ၏ ၁၇ ရာခိုင်နှုန်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ၂၁ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၁၃ ရာခိုင်နှုန်းရှိသည်။ အကျိုးမရှိပါဟုယူဆမှုမှာ PDFs/LDFs များ၏ ၈၈ ရာခိုင်နှုန်း၊ EAOs များ၏ ၈၇ ရာခိုင်နှုန်းနှင့် ထင်ရှားသူများ၏ ၈၂ ရာခိုင်နှုန်း ရှိသည်။
ထူးခြားချက်အနေဖြင့် NUG အတွက် အကျိုးရှိပါသည်ဟု ဖြေဆိုသူမှာ EAOs များတွင် တဦးမှ မရှိခဲ့ခြင်း ဖြစ်သည်။ သာမန်ပြည်သူများကို အကျိုးရှိစေကြောင်း ယူဆမှုမှာ စီးပွားရေးအသင်းအဖွဲ့များ၏ ၅၂ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၃၈ ရာခိုင်နှုန်းနှင့် EAOs များ၏ ၂၇ ရာခိုင်နှုန်း ရှိသည်။ အကျိုးမရှိပါဟုယူဆမှုမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၅ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၇၆ ရာခိုင်နှုန်းနှင့် ထင်ရှားသူများ၏ ၆၈ ရာခိုင်နှုန်းရှိသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အကျိုးရှိပါ သည်ဟု ဖြေဆိုသူမှာ PDFs/LDFs များနှင့် နိုင်ငံရေးအသိုက်အဝန်းတို့က ၈၈ ရာခိုင်နှုန်းစီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၂ ရာခိုင်နှုန်းရှိသည်။ အကျိုးမရှိကြောင်းဖြေဆိုသူမှာ အရပ်ဘက်အဖွဲ့အစည်းများ၏ ၁၆ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၁၅ ရာခိုင်နှုန်း၊ EAOs များနှင့် PDFs/LDFs တို့က ၁၃ ရာခိုင်နှုန်းစီရှိသည်။





ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ‘လုံးဝအကျိုးမရှိပါ’နှင့် ‘အကျိုးမရှိပါ’ နှစ်ရပ်ပေါင်းကို ‘အကျိုးမရှိပါ’ဟုလည်းကောင်း၊ ‘အလွန်အကျိုးရှိပါသည်’နှင့် ‘အကျိုးရှိပါသည်’ နှစ်ရပ်ပေါင်းကို ‘အကျိုးရှိပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။
- တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)
- ထူးခြားတွေ့ရှိချက် ငါးရပ်
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
- မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
-
မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ Currently reading
- တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ
- တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ
