Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
စစ်တမ်းမေးခွန်းနှင့် ရလဒ်များ
၇။ တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်ခဲ့သော ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများသည် အကျိုးမရှိကြောင်းဖြေဆိုသူ ၅၅ ရာခိုင်နှုန်းရှိသည်။ အကျိုးရှိသည်ဟုဖြေဆိုသူမှာ ၄၀ ရာခိုင်နှုန်းရှိပါသည်။ ထူးခြားချက်အနေဖြင့် ၂၀၂၃ ခုနှစ် စစ်တမ်းနှင့် နှိုင်းယှဥ်ပါက အကျိုးရှိသည်ဟု ယူဆသူ ၂၄ ရာခိုင်နှုန်း တိုးလာပြီး အကျိုးမရှိပါဟု ယူဆသူ ၂၅ ရာခိုင်နှုန်း လျော့ကျသွားပါသည်။
မေးခွန်း-၇၉ ကို မေးမြန်းရာတွင် “မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကနေ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေ လက်ခံရရှိလေ့ရှိပါတယ်။ တရုတ်နိုင်ငံက ပေးအပ်တဲ့ အကူအညီတွေဟာ မြန်မာနိုင်ငံတွင်းက လူမှုအသိုက်အဝန်းအတွက် ဘယ်လောက် အကျိုးသက်ရောက်ပါသလဲ။ အကျိုးသက်ရောက်မှု အတိုင်းအတာကို ‘၁’ကနေ ‘၄’အထိ သတ်မှတ်ထားပါတယ်။ ‘၁’က ‘လုံးဝအကျိုးမရှိပါ’ဖြစ်ပြီး ‘၄’က ‘အလွန်အကျိုးရှိပါတယ်’ ဖြစ်ပါတယ်။ တခုကို ရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ အကျိုးမရှိကြောင်း ဖြေဆိုသူများတွင် အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၆၃ ရာခိုင်နှုန်းရှိသည်။ ထင်ရှားသူများ၏ ၆၁ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၅၇ ရာခိုင်နှုန်းကလည်း ထိုသို့ ဖြေဆိုကြသည်။ အကျိုးရှိကြောင်းဖြေဆိုသူများတွင် နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းရှိသည်။ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၀ ရာခိုင်နှုန်းကလည်း အကျိုးရှိကြောင်း ဖြေဆိုကြသည်။ ထူးခြားချက်မှာ EAOs များဖြစ်ပြီး အကျိုးရှိကြောင်းနှင့် အကျိုးမရှိကြောင်း ဖြေဆိုသူ တူညီနေခြင်းဖြစ်ပြီး ၄၇ ရာခိုင်နှုန်းစီရှိသည်။

ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ‘လုံးဝအကျိုးမရှိပါ’နှင့် ‘အကျိုးမရှိပါ’ နှစ်ရပ်ပေါင်းကို ‘အကျိုးမရှိပါ’ဟုလည်းကောင်း၊ ‘အကျိုးရှိပါသည်’နှင့် ‘အလွန်အကျိုးရှိပါသည်’ နှစ်ရပ်ပေါင်းကို ‘အကျိုးရှိပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုပုံစံ (Economic Development Model) က မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အတုယူလေ့လာစရာဖြစ်သည်ဟု ပြောဆိုချက်များအပေါ် သဘောမတူကြောင်း ၅၆ ရာခိုင်နှုန်းက ဖြေဆိုကြသည်။ သဘောတူကြောင်း ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းရှိသည်။သဘောမတူသူမှာ ၂၀၂၃ ခုနှစ်ကထက် နှစ်ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်ကထက် ကိုးရာခိုင်နှုန်း တိုးလာသည်။ သဘောတူသူမှာ ၂၀၂၂ ခုနှစ်ကထက် ငါးရာခိုင်နှုန်း လျော့ကျသွားသည်။
မေးခွန်း-၈၀ ကို မေးမြန်းရာတွင် “တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုပုံစံ (Economic Development Model) က မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတုယူလေ့လာစရာဖြစ်တယ်ဆိုပြီး ပြောဆိုကြတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သဘောတူပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ သဘောမတူကြောင်း ဖြေဆိုသူများတွင် ထင်ရှားသူများက အများဆုံးဖြစ်ပြီး ၆၄ ရာခိုင်နှုန်းရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၆၁ ရာခိုင်နှုန်း၊ EAOs များ၏ ၆၀ ရာခိုင်နှုန်းနှင့် PDFs/LDFs များ၏ ၅၆ ရာခိုင်နှုန်းတို့ကလည်း သဘောမတူကြောင်း ဖြေဆိုပါသည်။ သဘောတူကြောင်း ဖြေဆိုသူများတွင် နိုင်ငံရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၆၃ ရာခိုင်နှုန်းရှိသည်။ စီးပွားရေးအသင်းအဖွဲ့များ၏ ၆၀ ရာခိုင်နှုန်းကလည်း သဘောတူကြောင်း ဖြေဆိုသည်။


တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်မျိုးကို မြန်မာနိုင်ငံအတွက်လည်း အတုယူကျင့်သုံးသင့်သည်ဟူသည့် အချက်ကို သဘောမတူကြောင်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းရှိသည်။ သဘောတူကြောင်း ဖြေဆိုသူမှာ ခုနစ်ရာခိုင်နှုန်းရှိသည်။ သဘောမတူသူမှာ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်ကထက် သုံးရာခိုင်နှုန်းတိုးလာပြီး သဘောတူသူမှာ ၂၀၂၂ ခုနှစ်ကထက် တစ်ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ကထက် နှစ်ရာခိုင်နှုန်း လျော့သွားသည်။
မေးခွန်း-၈၁ ကို မေးမြန်းရာတွင် “တရုတ်နိုင်ငံကပြောနေတဲ့ တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်မျိုးဟာ မြန်မာနိုင်ငံအတွက်လည်း အတုယူကျင့်သုံးသင့်တယ်လို့ ပြောဆိုနေကြတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သဘောတူပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ သဘောမတူသူမှာ အရပ်ဘက်အဖွဲ့အစည်းများက အများဆုံးဖြစ်ပြီး ၉၅ ရာခိုင်နှုန်းရှိသည်။ ထင်ရှားသူများ၏ ၉၄ ရာခိုင်နှုန်း၊ EAOs များ၏ ၉၃ ရာခိုင်နှုန်း၊ PDFs/LDFs များ၏ ၈၈ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၈၁ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၇၄ ရာခိုင်နှုန်းတို့ကလည်း သဘောမတူကြောင်း ဖြေဆိုကြပါသည်။ သဘောတူပါသည်ဟု ဖြေဆိုသူများထဲတွင် စီးပွားရေးအသိုက်အဝန်းက အများဆုံးဖြစ်ပြီး ၁၉ ရာခိုင်နှုန်း ရှိပါသည်။


တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ပုံစံ (Governance Model) ကို မြန်မာနိုင်ငံတွင် အတုယူကျင့်သုံးသည် ဟူသည့်အချက်ကို သဘောမတူကြောင်း ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းရှိသည်။ ၁၀ ရာခိုင်နှုန်းက သဘောတူကြောင်း ဖြေဆိုကြသည်။ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သဘောမတူကြောင်း ဖြေဆိုသူမှာ ခြောက်ရာခိုင်နှုန်း တိုးလာပြီး သဘောတူကြောင်း ဖြေဆိုသူ ခြောက်ရာခိုင်နှုန်း လျော့ကျသွားသည်။
မေးခွန်း-၈၂ ကို မေးမြန်းရာတွင် “တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ပုံစံ (Governance Model) က မြန်မာနိုင်ငံအတွက် အတုယူကျင့်သုံးစရာ ပုံစံတခုဖြစ်တယ်လို့ ပြောဆိုကြတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး သဘောတူပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏အဖြေများကို နှိုင်းယှဉ်ရာ၌ အရပ်ဘက်အဖွဲ့အစည်းများက သဘောမတူကြောင်း အများဆုံးဖြေဆိုကြပြီး ၉၃ ရာခိုင်နှုန်းရှိသည်။ PDFs/LDFs များ၏ ၈၈ ရာခိုင်နှုန်း၊ ထင်ရှားသူများ၏ ၈၆ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၆၉ ရာခိုင်နှုန်းနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ၆၇ ရာခိုင်နှုန်းတို့ကလည်း သဘောမတူကြောင်း ဖြေကြပါသည်။ သဘောတူပါသည်ဟု ဖြေဆိုသူများထဲတွင် နိုင်ငံရေးအသိုက်အဝန်းနှင့် စီးပွားရေးအသင်းအဖွဲ့များတို့က အများဆုံးဖြစ်ပြီး ၂၅ ရာခိုင်နှုန်းနှင့် ၂၄ ရာခိုင်နှုန်း အသီးသီးရှိပါသည်။


တရုတ်နိုင်ငံအစိုးရ သို့မဟုတ် စီးပွားရေးကုမ္ပဏီများ၊ သို့မဟုတ် တရုတ်နိုင်ငံရှိ တက္ကသိုလ်နှင့် အဖွဲ့အစည်းများက စီစဉ်သည့် တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်နှင့် သင်တန်းများကို တကြိမ်မှ သွားရောက်ဖူးခြင်းမရှိဟု ဖြေဆိုသူ ၇၁ ရာခိုင်နှုန်းရှိသည်။ နှစ်ကြိမ်နှင့် ငါးကြိမ်အကြား သွားဖူးပါသည်ဟု ဖြေဆိုသူ ၁၃ ရာခိုင်နှုန်းရှိပြီး တကြိမ်သွားဖူးသည်ဟု ဖြေဆိုသူမှာ ၁၂ ရာခိုင်နှုန်းရှိပါသည်။
မေးခွန်း-၈၃ ကို မေးမြန်းရာတွင် “တရုတ်နိုင်ငံရဲ့အစိုးရ ဒါမှမဟုတ် စီးပွားရေးကုမ္ပဏီတွေ၊ ဒါမှမဟုတ် တက္ကသိုလ်နဲ့အဖွဲ့အစည်းတွေက စီစဉ်ပေးမှုနဲ့ တရုတ်နိုင်ငံကို လေ့လာရေး ခရီးစဉ်တွေ/သင်တန်းတွေ သွားရောက်ပါဝင်ဖူးပါသလား”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ တကြိမ်မှမသွားဖူးပါဟု PDFs/LDFs များက အများဆုံးဖြေဆိုကြပြီး ၉၄ ရာခိုင်နှုန်းရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများ၏ ၈၆ ရာခိုင်နှုန်းနှင့် နိုင်ငံရေးအသိုက်အဝန်း၏ ၆၉ ရာခိုင်နှုန်းကလည်း တကြိမ်မှမသွားဖူးပါဟု ဖြေဆို သည်။ တကြိမ်သွားရောက်ဖူးသူများတွင် စီးပွားရေးအသင်းအဖွဲ့များက အများဆုံးဖြစ်ပြီး ၂၁ ရာခိုင်နှုန်းရှိသည်။ နှစ်ကြိမ်နှင့် ငါးကြိမ်အကြား သွားဖူးသူများတွင်လည်း စီးပွားရေးအသင်းအဖွဲ့များက အများဆုံးဖြစ်ပြီး ၂၆ ရာခိုင်နှုန်းရှိသည်။

- တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)
- ထူးခြားတွေ့ရှိချက် ငါးရပ်
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
- မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
- မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ
-
တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ Currently reading
- တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ
