Photo – AFP
တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ဝေပါသည်။ ယခုစစ်တမ်းသည် ISP-Myanmar ၏ တရုတ်ရေးရာလေ့လာမှု (China Studies) က လုပ်ဆောင်နေသော သုတေသနပြု လေ့လာမှုများထဲက တစိတ်တပိုင်းဖြစ်ပါသည်။ ISP-Myanmar အနေနှင့် ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း’ကို ၂၀၂၂ ခုနှစ်ကစ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်ပါသည်။
စစ်တမ်းမေးခွန်းနှင့် ရလဒ်များ
၈။ တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ

တရုတ်ကုမ္ပဏီထုတ် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပစ္စည်းများကို အသုံးမပြုကြောင်း စစ်တမ်းဖြေသူ ၂၈ ရာခိုင်နှုန်းက ဆိုပါသည်။ သို့သော် တရုတ်ကုမ္ပဏီထုတ်ဖုန်းများကို အသုံးပြုသူ ၅၀ ရာခိုင်နှုန်း၊ WeChat အသုံးပြုသူ ၂၅ ရာခိုင်နှုန်း၊ TikTok အသုံးပြုသူ ၂၅ ရာခိုင်နှုန်းနှင့် CCTV လုံခြုံရေးစနစ် အသုံးပြုသူ ၂၃ ရာခိုင်နှုန်း ရှိပါသည်။ ၂၀၂၃ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းရလဒ်နှင့် နှိုင်းယှဉ်ပါက သိသာသောပြောင်းလဲမှုမတွေ့ရှိရသော်လည်း ၂၀၂၂ ခုနှစ် စစ်တမ်းရလဒ်နှင့် နှိုင်းယှဉ်ပါက TikTok အသုံးပြုသူ ၁၇ ရာခိုင်နှုန်း ပိုများလာပါသည်။
မေးခွန်း-၈၄ ကို မေးမြန်းရာတွင် “အခုဖတ်ပြမယ့် တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ကွန်ရက်တွေကို လက်ရှိအသုံးပြုနေပါသလား။ တခုထက်ပိုပြီးလည်း ရွေးနိုင်ပါတယ်”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ တရုတ်ကုမ္ပဏီထုတ်ဖုန်းများကို PDFs/LDFs များနှင့် နိုင်ငံရေးအသိုက်အဝန်းက အများဆုံးအသုံးပြုကြပြီး ၆၉ ရာခိုင်နှုန်းနှင့် ၆၃ ရာခိုင်နှုန်း အသီးသီးရှိကြသည်။ TikTok ကို EAOs များက အနည်းဆုံးအသုံးပြုကြပြီး ခုနစ်ရာခိုင်နှုန်းသာ ရှိသည်။ WeChat နှင့် CCTV လုံခြုံရေးစနစ်ကို စီးပွားရေးအသင်းအဖွဲ့များက အများဆုံး အသုံးပြုကြပြီး ၅၀ ရာခိုင်နှုန်းနှင့် ၅၇ ရာခိုင်နှုန်း အသီးသီးရှိသည်။



တရုတ်ကုမ္ပဏီထုတ်ဖုန်းများကို အများဆုံးအသုံးပြုနေကြသော်လည်း လုံခြုံစိတ်ချရမှုမရှိကြောင်းယူဆသူ ၇၃ ရာခိုင်နှုန်းရှိပါသည်။ WeChat ကို အသုံးပြုရာတွင်လည်း လုံခြုံစိတ်ချရမှုမရှိကြောင်းယူဆသူ ၆၄ ရာခိုင်နှုန်း၊ TikTok ကို လုံခြုံစိတ်ချရမှုမရှိကြောင်းယူဆသူ ၆၃ ရာခိုင်နှုန်းနှင့် CCTV လုံခြုံရေးစနစ်ကို လုံခြုံစိတ်ချရမှုမရှိကြောင်းယူဆသူ ၆၉ ရာခိုင်နှုန်းရှိသည်။ ၂၀၂၃ ခုနှစ် စစ်တမ်းရလဒ်နှင့် နှိုင်းယှဉ်ပါက တရုတ်ကုမ္ပဏီထုတ် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပစ္စည်းအသီးသီးအပေါ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆသူမှာ အနည်းဆုံး ၁၃ ရာခိုင်နှုန်းကနေ အများဆုံး ၁၉ ရာခိုင်နှုန်းအထိ ပိုများလာကြောင်း တွေ့ရှိရပါသည်။
မေးခွန်း-၈၅ ကနေ ၈၈ အထိကို မေးမြန်းရာတွင် “တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဖုန်းအပါအဝင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာနည်းပညာတွေ၊ ပစ္စည်းတွေကို အသုံးပြုတာက ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်လုံခြုံမှုအပေါ် ဘယ်လိုသက်ရောက်ပါသလဲ။ တခုချင်းစီမှာ လုံခြုံစိတ်ချရမှုအခြေအနေကို ‘၁’ကနေ ‘၅’အထိ သတ်မှတ်ထားပါတယ်။ ‘၁’က ‘လုံးဝလုံခြုံစိတ်ချရမှုမရှိပါ’ ဖြစ်ပြီး ‘၅’က ‘အပြည့်အဝလုံခြုံစိတ်ချရပါတယ်’ ဖြစ်ပါတယ်။ တခုကိုရွေးပေးပါ”ဟု မေးမြန်းခဲ့ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ တရုတ်ကုမ္ပဏီထုတ်ဖုန်းများသည် လုံခြုံစိတ်ချရမှုမရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် EAOs များက အများဆုံးယူဆခဲ့ကြပြီး ၈၀ ရာခိုင်နှုန်း ရှိသည်။ ထင်ရှားသူများ၏ ၇၈ ရာခိုင်နှုန်းက တရုတ်နည်းပညာသုံး လုံခြုံရေးစနစ်များမှာ လုံခြုံစိတ်ချရမှုမရှိကြောင်း၊ ၇၁ ရာခိုင်နှုန်းက WeChat ကို သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုမရှိကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၇၆ ရာခိုင်နှုန်းက TikTok ကို သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုမရှိကြောင်း ဖြေဆိုခဲ့ပါသည်။




ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ‘လုံးဝလုံခြုံစိတ်ချရမှုမရှိပါ’နှင့် ‘လုံခြုံစိတ်ချရမှုမရှိပါ’ နှစ်ရပ်ပေါင်းကို ‘လုံခြုံစိတ်ချရမှုမရှိပါ’ဟုလည်းကောင်း၊ ‘လုံခြုံစိတ်ချရပါသည်’နှင့် ‘အပြည့်အဝလုံခြုံစိတ်ချရပါသည်’ နှစ်ရပ်ပေါင်းကို ‘လုံခြုံစိတ်ချရပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။


မြန်မာဘာသာဖြင့် ထုတ်လွှင့်လျက်ရှိသည့် တရုတ်နိုင်ငံပိုင် သတင်းဌာနများနှင့်ပတ်သက်၍ ‘Xinhua Myanmar’(ဆင်ဟွာမြန်မာပိုင်း)ကို ယုံကြည်ရမှုမရှိကြောင်းယူဆသူ ၄၄ ရာခိုင်နှုန်းနှင့် မသိသူ ၂၂ ရာခိုင်နှုန်း၊ ‘CRI Myanmar’ ကို ယုံကြည်ရမှုမရှိကြောင်းယူဆသူ ၄၄ ရာခိုင်နှုန်းနှင့် မသိသူ ၃၈ ရာခိုင်နှုန်း၊ ‘ပေါက်ဖော်’ကို မယုံကြည်ရကြောင်း ဖြေဆိုသူ ၄၉ ရာခိုင်နှုန်းနှင့် မသိသူ ၃၉ ရာခိုင်နှုန်း၊ ‘မင်္ဂလာ’ကို မယုံကြည်ရကြောင်း ၄၈ ရာခိုင်နှုန်းနှင့် မသိသူ ၃၇ ရာခိုင်နှုန်း အသီးသီးရှိသည်။
မေးခွန်း-၈၉ ကနေ ၉၂ အထိကို မေးမြန်းရာတွင် “မြန်မာဘာသာနဲ့ ထုတ်လွှင့်နေတဲ့ တရုတ်နိုင်ငံပိုင် သတင်းဌာနတချို့ကို ဖတ်ပြပါမယ်။ ဒီအထဲက ဘယ်သတင်းဌာနရဲ့ ထုတ်လွှင့်မှုတွေက ယုံကြည်စိတ်ချရမှုရှိတယ်လို့ ယူဆပါသလဲ။ ယုံကြည်ရမှု အတိုင်းအတာကို ‘၁’ကနေ ‘၅’အထိ သတ်မှတ်ထားပါတယ်။ ‘၁’က ‘လုံးဝမယုံကြည်ရပါ’ဖြစ်ပြီး ‘၅’က ‘အပြည့်အဝယုံကြည်ရပါတယ်’ ဖြစ်ပါတယ်”ဟု မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းများမှာ ယခုနှစ်စစ်တမ်းတွင် အသစ်ထည့်သွင်းထားခြင်းဖြစ်ပါသည်။
ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားခြင်း
စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်း ခြောက်ခု၏ အဖြေများကို နှိုင်းယှဉ်ရာ၌ နိုင်ငံရေးအသိုက်အဝန်း၏ ၄၄ ရာခိုင်နှုန်းက Xinhua Myanmar (ဆင်ဟွာ မြန်မာပိုင်း) ကို မသိကြောင်း ဖြေခဲ့ကြသည်။ ထင်ရှားသူများ၏ ၅၆ ရာခိုင်နှုန်းကမူ မယုံကြည်ကြောင်း ဖြေခဲ့ပါသည်။ CRI Myanmar ကို မသိသူအရေအတွက်လည်းများခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ ၄၁ ရာခိုင်နှုန်း၊ နိုင်ငံရေးအသိုက်အဝန်း၏ ၇၅ ရာခိုင်နှုန်း၊ စီးပွားရေးအသိုက်အဝန်း၏ ၅၀ ရာခိုင်နှုန်းနှင့် EAOs များ၏ ၄၀ ရာခိုင်နှုန်းရှိသည်။ ပေါက်ဖော်သတင်းဌာနကို မသိသူလည်း များခဲ့ပြီး PDFs/LDFs များ၏ ၆၃ ရာခိုင်နှုန်းက မယုံကြည်ကြောင်း ဖြေခဲ့သည်။




ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ‘လုံးဝမယုံကြည်ရပါ’နှင့် ‘မယုံကြည်ရပါ’ နှစ်ရပ်ပေါင်းကို ‘မယုံကြည်ရပါ’ ဟုလည်းကောင်း၊ ‘ယုံကြည်ရပါသည်’နှင့် ‘အပြည့်အဝယုံကြည်ရပါသည်’ နှစ်ရပ်ပေါင်းကို ‘ယုံကြည်ရပါသည်’ဟုလည်းကောင်း ကောက်ယူပါသည်။
- တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄)
- ထူးခြားတွေ့ရှိချက် ငါးရပ်
- တရုတ်နိုင်ငံအပေါ် ယေဘုယျသဘောထားအမြင်များ
- မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ
- တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ
- တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ
- မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ
- တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ
-
တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ Currently reading
