၂၀၂၅ ခုနှစ် မေ ၁၂ ရက်မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၁ ဦးနဲ့ ဆရာမနှစ်ဦးအပါအဝင် စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ရပါတယ်။ ပုံမှန်ကျောင်းဖွင့်ချိန် မဟုတ်ပေမဲ့ အညာဒေသတွင်း လေကြောင်းရန်ကို ရှောင်ကွင်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ ကျောင်းတွေထဲမှာ အိုးတိန်တွင်းရွာ စာသင်ကျောင်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အိုးတိန်တွင်းရွာ ဖြစ်စဉ်အပြီး တရက်အကြာ မေ ၁၃ ရက်မှာတော့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ထွန်းရဝေကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကလေးငယ် တဦးအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။
‘မန္တလေး-စစ်ကိုင်း ငလျင်ကြီး’ အပြီး ကူညီကယ်ဆယ်ရေးတွေလုပ်နိုင်ဖို့ အပစ်အခတ် ရပ်နားကြောင်း ကြေညာထားပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့ အပစ်ရပ်ကြေညာပြီး တလကျော်ကာလအတွင်းလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုဖြစ်ခဲ့တဲ့ အိုးတိန်တွင်းနဲ့ ထွန်းရဝေကျေးရွာဖြစ်စဥ်တွေအပါအဝင် (အရပ်သား ၁၀ ဦးနဲ့အထက် သေခဲ့ရတဲ့) အစုလိုက်အပြုံလိုက် သေဆုံးတဲ့ဖြစ်စဉ်ပေါင်း ခြောက်ခုထက်မနည်း ရှိခဲ့ပါပြီ။ အဲဒီဖြစ်စဉ် ခြောက်ခုစလုံးဟာ အရပ်သားတွေနေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အရပ်သား ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာနေတဲ့ နေရာတွေအပြင် ပဋိပက္ခလုံးဝမရှိတဲ့ မြို့ရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။ ဒီလိုလုပ်ရာမှာ စစ်ရေးပစ်မှတ်တွေအပြင် သူတို့ထိန်းချုပ်နိုင်မှုမရှိတော့တဲ့ ဒေသတွေက လူနေရပ်ကွက်၊ ကျေးရွာ၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေလည်း ပါဝင်ပါတယ်။
အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

အလေးထားရမည့် ဒေတာအချက်အလက်များ
အိုးတိန်တွင်းနှင့် ထွန်းရဝေကျေးရွာ ဖြစ်စဥ်များအပါအဝင် အရပ်သားများ အစုအပြုံလိုက် သေဆုံးရသည့်ဖြစ်စဉ် ၈၀ ထက်မနည်းရှိလာ