Opinion

မွေးနေ့ရှင်မရှိသော မွေးနေ့ 

သူ့ရဲ့ မွေးနေ့ရောက်တိုင်း သူဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း လေးနက်တဲ့ အတွေးအမြင်တွေပါဝင်တဲ့ အမှတ်တရစာတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဦးမင်းဇင်က ရေးသားမျှဝေလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ အတွေးအမြင်သစ်တွေကို ဖတ်ရှုခွင့်မရတော့ပါဘူး။ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတာနဲ့အတူ မမြင်ရတဲ့ အမှောင်ထုထဲမှာ မွေးနေ့ကို တိတ်ဆိတ်စွာ ဖြတ်သန်းနေရခြင်းက  သူ့ကို ချစ်ခင်လေးစားရသူအားလုံးအတွက်တော့ ရင်နင့်စရာ ဝမ်းနည်းဖွယ်ရာပါပဲ။
By ISP Admin | September 8, 2026

၂၀၀၃ ခုနှစ်တွင် ဦးမင်းဇင်နှင့် နယ်လ်ဆင်မန်ဒဲလားတို့ ဂျိုဟန်နက်စဘတ်မြို့၌ တွေ့ဆုံစဉ်။


စက်တင်ဘာ ၉ ရက်ဟာ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို ပူးတွဲ တည်ထောင်ခဲ့သူနဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုနေ့ရက်မျိုးမှာ ဦးမင်းဇင်ကို ချစ်ခင်လေးစားကြသူတွေရဲ့ မွေးနေ့ဆုတောင်းသံတွေ၊ နွေးထွေးတဲ့မေတ္တာရိပ်တွေနဲ့အတူ ထုံမွမ်းနေမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမဟုတ်ဘဲ သူ့ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေးကွာလွန်းတဲ့နေရာကို ရောက်ရှိနေရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၃ ရက်တုန်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲလာတက်ဖို့ ဖိတ်ကြားခံရလို့ သွားတဲ့အချိန်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ဦးမင်းဇင်ကို မတရားဖမ်းဆီးခဲ့ (wrongfully detained) ပါတယ်။   

သူ့ရဲ့ မွေးနေ့ရောက်တိုင်း သူ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း လေးနက်တဲ့ အတွေးအမြင်တွေ ပါဝင်တဲ့ အမှတ်တရစာတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဦးမင်းဇင်က ရေးသားမျှဝေလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ အတွေးအမြင်သစ်တွေကို ဖတ်ရှုခွင့်မရတော့ပါဘူး။ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတာနဲ့အတူ မမြင်ရတဲ့ အမှောင်ထုထဲမှာ မွေးနေ့ကို တိတ်ဆိတ်စွာ ဖြတ်သန်းနေရခြင်းက သူ့ကို ချစ်ခင်လေးစားရသူအားလုံးအတွက်တော့ ရင်နင့်စရာ ဝမ်းနည်းဖွယ်ရာပါပဲ။ 

ဒီလို ‘မွေးနေ့ရှင်မရှိတဲ့ မွေးနေ့’ မှာ ISP-Myanmarအနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက်က ဦးမင်းဇင်ရေးသားခဲ့တဲ့ “မွေးနေ့အတွေး” အတွေးအမြင်စာစုကို ပြန်လည်မျှဝေလိုပါတယ်။ ဒီလိုမျှဝေရင်း သူ့ရဲ့ အသိဉာဏ်ပညာဆိုင်ရာ လမ်းပြပေးခဲ့မှုတွေကိုလည်း သတိတရ ဂုဏ်ပြုလိုက်ရပါတယ်။ တရုတ် အစိုးရအာဏာပိုင်တွေအနေနဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ကိုလည်း လေးလေး နက်နက် ထပ်မံတောင်းဆိုပါတယ်။ မကြာမီ အချိန်အတွင်း သူ့ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်လိမ့်မယ်လို့ ISP-Myanmar က မျှော်လင့်ပါတယ်။


၂၀၀၃ ခုနှစ်တွင် ဦးမင်းဇင်နှင့် နယ်လ်ဆင်မန်ဒဲလားတို့ ဂျိုဟန်နက်စဘတ်မြို့၌ တွေ့ဆုံစဉ်။


မွေးနေ့အတွေး

“I didn’t survive, I prepared.”

(Nelson Mandela)

Mandela ကို Tony Robbins က ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်ကာလတွေအရှည်အကြာကြီးမှာ ဘယ် လိုများ သေကံမပျောက် ရှင်သန်ကျန်ရစ်အောင် နေထိုင်ခဲ့သလဲလို့ မေးတဲ့အခါ Mandela က Tony ကို စူးစိုက်ကြည့်ပြီး ခုလိုပြောခဲ့တာပါ။ “ကျုပ်က ရှင်သန်ကျန်ရစ်ရုံ ရုန်းကန်ခဲ့တာမဟုတ်ဘူး။ အသင့်ဖြစ်နေ အောင် ပြင်ဆင်နေခဲ့တာဗျ။” ကျနော်ဟာ ကင်မရာတွေအောက်မှာရော၊ အလွတ်သဘောရော Madiba လို့ အမြတ်အမွန်ခေါ်ရတဲ့ Mandela နဲ့ တနာရီကျော်ကြာ ဘ၀မှာဂုဏ်ယူစရာအတွေ့အကြုံအဖြစ် စကား ပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် သူ့ရဲ့ထောင်တွင်းအတွေ့အကြုံနဲ့ စစ်အစိုးရ ဖမ်းဆီးမှုက လွတ်အောင် မြန်မာပြည်တွင်းမှာ ကျနော် ရှစ်နှစ်ခွဲကြာ တိမ်းရှောင်ပြေးလွှားခဲ့ရတဲ့ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ် ဖလှယ် ပြောကြတဲ့အခါ စိတ်အချဉ်မပေါက်ဘဲ အသင့်ဖြစ်အောင်ပြင်ဆင်ခြင်းနဲ့ အားထုတ်မှုနဲ့ ယှဉ်တဲ့ အနှစ်သာရ ကျကျနက်နဲတဲ့ ပြောင်းလဲခြင်း (transformation) အကြောင်းတွေဟာ အဓိက ဖြစ်ခဲ့ပါတယ်။ “I didn’t survive, I prepared.” ဆိုတဲ့ Mandela ရဲ့ စကားဟာ ပြေးလွှားတိမ်းရှောင်ခဲ့ရတဲ့ ကျနော့် ဘ၀ အတွေ့ အကြုံနဲ့ တိုက်ရိုက်အပ်စပ်လှပါတယ်။

နောက်ပိုင်း ISP-Myanmar ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲပြီး တည်ထောင်တော့လည်း ရှင်သန်ရုံ မစဉ်းစားဘဲ ပြင်ဆင်မှုရှိရှိ ဆောင်ရွက်ခဲ့တာချည်းပါပဲ။ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်ပေမယ့် ပါတီ အဖွဲ့အစည်းတွေရဲ့ “ဘက်” ရပ်ခံ (partisan) ထောက်တည်ထားတာမဟုတ်ဘဲ လွတ်လပ်အမှီအခိုကင်းတဲ့ think-tank အဖွဲ့အစည်းမျိုးကို တည်ဆောက်ဖို့ပဲ စိတ်သန်ခဲ့တာပါ။ ဒါကြောင့်ပဲ ဘက်ပေါင်းစုံက (အချိန် အခါအလိုက် သူတို့ဘဝင်မကျစရာ ကြုံကြတိုင်း) မုန်တိုင်းဆင်သလို တိုက်ခိုက်မျိုးတွေ ကြုံရတာပါပဲ။ တကယ်တော့ ရှုပ်ထွေးပွေလီတဲ့နိုင်ငံရေးမှာ ရှေ့ကိုမြင်နိုင်စွမ်း (visibility) ဝေဝါးနေတာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ရလဒ်ထွက်အောင် ရှေးရှုနှင်ရတာပါပဲ။ Milton Friedman ပြောခဲ့သလိုပါပဲ။ ဆီလျော်အောင်ပြောရရင် အကျပ်အတည်းက တကယ့်အပြောင်းအလဲကို ဖန်တီးတယ်။ အကျပ်အတည်းဖြစ်လာလို့ အပြောင်းအလဲအတွက် လုပ်ဆောင်ချက်တွေ လုပ်ရပြီဆိုရင် အဲ့ဒီအချိန်မှာမှ စွဲမိစွဲရာ ရှိရင်းစွဲ အယူအဆအတွေးအခေါ်တွေပေါ် မှီတည်ပြီး လုပ်ကြရတာပါ။ ဒါကြောင့် သုတေသီတွေရဲ့ အဓိကလုပ်ငန်းဟာ လက်ရှိအခြေအနေတွေ၊ မူတွေ၊ ပေါ်လစီတွေနဲ့ မတူခြားနားတဲ့ ရွေးချယ်စရာအသစ်တွေ alternatives တွေကို ဖော်ထုတ်ဖွံ့ဖြိုးစေရမယ်၊ ရှင်သန်နေအောင် အသက်သွင်း ထားရမယ်၊ လိုအပ်တဲ့အချိန်မှာ ကောက်သုံးနိုင်တဲ့ အသင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်။ လက်ရှိ အခြေအနေမှာ နိုင်ငံရေးအရ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေဟာ တချိန်ကျရင် နိုင်ငံရေးအရ ရှောင်လွဲလို့မရတဲ့ လိုအပ်ချက်တွေ ဖြစ်လာမှာပါ (the politically impossible becomes the politically inevitable)။ အဲ့ဒီအခါကျရင် အသင့်ပြင်ထားတဲ့ ရွေးချယ်စရာအသစ်တွေ၊ အိုင်ဒီယာတွေဟာ အလုပ်လမ်းညွှန်တွေ ဖြစ်ကို ဖြစ်လာမှာပါ။ တခါလေ နိုင်ငံရေးအရ ပိတ်ဆို့နေတဲ့အချိန်မှာ လုပ်မိလုပ်ရာတွေ လုပ်နေတာမျိုးမဟုတ်ဘဲ လက်တလောလုပ်ရမယ့်ကိစ္စတွေ (အထူးသဖြင့် အရေးပေါ်လိုအပ်ချက်နဲ့ သွေးစည်း ညီညွတ်ရေး ဆောင်ရွက်ချက်တွေ emergency and solidarity supports) လည်း လုပ်သင့်လုပ်ထိုက်တာလုပ်၊ နိုင်ငံရေးအရ ရှောင်လွဲမရဖြစ်လာမယ့် အနာဂတ်အတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်နေတာကလည်း ISP-Myanmar မှာတော့ အတွေ့အကြုံတခုပါပဲ။

ကျနော်ဟာ ကင်မရာတွေအောက်မှာရော၊ အလွတ်သဘောရော Madiba လို့ အမြတ်အမွန်ခေါ်ရတဲ့ Mandela နဲ့ တနာရီကျော်ကြာ ဘ၀မှာဂုဏ်ယူစရာအတွေ့အကြုံအဖြစ် စကားပြောခဲ့ဖူးပါတယ်။ အထူးသဖြင့် သူ့ရဲ့ထောင်တွင်းအတွေ့အကြုံနဲ့ စစ်အစိုးရ ဖမ်းဆီးမှုက လွတ်အောင် မြန်မာပြည်တွင်းမှာ ကျနော် ရှစ်နှစ်ခွဲကြာ တိမ်းရှောင်ပြေးလွှားခဲ့ရတဲ့ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ် ဖလှယ်ပြောကြတဲ့အခါ စိတ်အချဉ်မပေါက်ဘဲ အသင့်ဖြစ်အောင် ပြင်ဆင်ခြင်းနဲ့ အားထုတ်မှုနဲ့ ယှဉ်တဲ့ အနှစ်သာရ ကျကျနက်နဲတဲ့ ပြောင်းလဲခြင်း (transformation) အကြောင်းတွေဟာ အဓိကဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဘ၀နေရေးနဲ့ နိုင်ငံရေးမှာမှမဟုတ်ပါဘူး။ ဘယ်သူမှ သေမင်းနဲ့ အချိန်းအချက် ရှိကြတာ မဟုတ်လေတော့ သေရေးအတွက်လည်း ပြင်ဆင်ဖို့လိုအပ်တာပါပဲ။ သေရေးအတွက် မပြင်နိုင်ဘူး၊ မအားသေးဘူးလို့ ဆင်ခြေပေးနေရင်းနဲ့ပဲ သေသွားကြတာမို့ ‘အားလို့သေတဲ့ မသာမရှိဘူး’ ဆိုတဲ့ အဆုံး အမဟာ တကယ့်အမှန်တရားပါပဲ။

ပြင်ဆင်ကြပြီဆိုတော့လည်း ငါ့ပြင်ဆင်မှုက ပြီးပြည့်စုံတယ် (perfection) ဆိုပြီး မာန်ကြီးလို့လည်း မရပြန်ပါဘူး။ ငါလည်း အဆင့်ဆင့်တိုးတက်အောင် (progress) သာ ပြင်ဆင်နိုင်တယ်ဆိုတာ နှလုံးသွင်းရပါတယ်။ ဘ၀အရပြောရင် ပါရမီအလျောက်ဖြစ်ပြီး၊ နိုင်ငံရေးအရပြောရင် လူ့သဘာ၀နဲ့ လူ့သမိုင်း ပေးထားချက် အလျောက်သာပါပဲ။ မဟုတ်ရင် ငါ့ပြီးပြည့်စုံမှုက ပိုသာတယ်။ ပိုမှန်တယ်ဆိုတဲ့ မာန်မာနနဲ့ ဒိဌိဇော ကပ်တော့မှာပါ။ လောကမှာ တကယ့်ရင်ကွဲစရာအဖြစ်ဆိုး (tragedy) ဆိုတာ အဓမ္မက ဓမ္မကို အနိုင်ယူသွားလို့ ဖြစ်ရတာမဟုတ်ဘူး၊ ကိုယ်စီကိုယ်ဌ ငါဟာ ဓမ္မဘက်သားဖြစ်တယ်၊ ငါသာမှန်တယ်လို့ ထင်တလုံးရှိသူတွေအချင်းချင်းထိပ်တိုက်တွေ့၊ ငါကပိုမှန်တယ် သူကပိုမှန်တယ် အားပြိုင်တိုက်ခိုက်ကြ၊ တဖက်က တဖက်ကို အနိုင်ယူကြလို့ လူတွေမှာဆင်းရဲပင်လယ်ဝေရတာ၊ ကံဆိုးမိုးမှောင်ကျရတာကသာ တကယ့်ရင်ကွဲစရာအဖြစ်ဆိုး tragedy ပါပဲတဲ့။ Edith Hamilton ခုလိုပြောတဲ့ ‘… real tragedy is not the triumph of evil over good but the suffering caused by the triumph of one good over another’ ကို Robert Kaplan မကြာခဏကိုးကားဖူးပါတယ်။ အနာဂတ်အတွက် ပြင်ဆင်ရာမှာ ငါလည်း မှားနိုင်တယ်ဆိုတဲ့ Fallibilism ကို နှလုံးသွင်းရပါတယ်။

ပြင်ဆင်မှုကို ပြီးပြည့်စုံစေရမယ် (perfection) ဆိုပြီး မာန်တခွဲသားနဲ့ ပြင်ဆင်တာထက် အဆင့်ဆင့် တိုးတက်အောင် (progress) ပြင်ဆင်နေတာသာဖြစ်တယ်ဆိုတဲ့ သဘောထားအပြင်၊ ပြင်ဆင်တိုင်းလည်း အမြဲဖြစ်မလာနိုင်ဘူးဆိုတဲ့ နှလုံးသွင်းကလည်း လိုအပ်လှပါတယ်။ မပြင်ဆင်ဘဲ ဖြတ်သန်းတာထက် ပြင်ဆင်တာက ပိုသာလွန်တယ်ဆိုတာ ငြင်းစရာမရှိသလို ပြင်ဆင်တိုင်း ဖြစ်တာ ပေါက်မြောက် အောင်မြင် တာ မဟုတ်ဘူး၊ ဒါကြောင့် ကံကြမ္မာရဲ့ အကျိုးပေးပုံကို အသိမှတ်ပြုလက်ခံဖို့လည်း လိုအပ်လှပါတယ်။ ကံကြမ္မာလို့ပြောရင် လောကဓာတ်အောင်မြင်မှုတွေကို ဘာသာတရားသဖွယ် ကိုးကွယ်တဲ့လူတွေနဲ့၊ “မဖြစ်နိုင်ဘူးဆိုတာမရှိဘူး မဖြစ်သေးတာပဲရှိတယ်” လို့ အားတက်သရော ယုံကြည် ထက်သန်ပြင်းပြ သူတချို့ကတော့ နှာခေါင်းရှုံ့ကောင်းရှုံ့ကြမှာပါ။ ဒီခေတ်မှာ ကံကြမ္မာဆိုရင် မြင့်ချီ နိမ့်ချီ ရဟတ်ခြား ကံတွေအကျိုးပေးပုံမျိုးထက် စနစ်မကောင်းလို့၊ စနစ်ပျက်ယွင်းလို့ ဖြစ်ရတာလို့ ရှုမြင်လေ့ရှိသူများ ပါတယ်။ အငတ်ဘေး၊ ရောဂါဘေး၊ စစ်ဘေးကနေ အိုနာသေဘေးအထိ ဟာ စနစ်ပျက်ယွင်းလို့သာ ဖြစ်ရတာ၊ နင်းကျိုးနင်းကျွံ အာမခံချက်မရှိတဲ့စနစ်ဆိုး ဂယ်ပေါက်ထဲက ပြုတ်ကျလို့ တွေ့ကြုံကြရတာလို့ မြင်သူတွေများပါတယ်။ စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရင် ကောင်းသွားမယ်လို့ ဆေးနည်းကားလည်း ပေးကြပါတယ်။ ကျနော့်တဦးတည်းအနေနဲ့ကတော့ ဘ၀အရေး၊ နိုင်ငံအရေး၊ သေရေးအဆုံး အသင့်ဖြစ် အောင်ပြင်ဆင်ရမယ်၊ သို့ပေတဲ့ ကိုယ်ကိုယ်ကိုယ် ပြီးပြည့်စုံအောင်လုပ်နိုင်တယ်၊ ဒါ့အပြင် ပြင်ဆင်ထားတဲ့ အတိုင်း အမြဲဖြစ်ရမယ်လို့ ရလဒ်ကိုအတ္တနဲ့ မသိမ်းပိုက်မိဖို့လည်း ကိုယ်ကိုယ်ကိုယ်အမြဲ သတိပေး ရပါတယ်။

အသက်နည်းနည်းရလာလေ ဖြစ်ချင်လိုချင်တာ (want) နဲ့ လိုအပ်တာ (need) အကြား ခြားနားမှုကို ပိုနားလည်လာပြီး မျှော်လင့်ချက် (expectation) ကို ထိန်းညှိချင့်ချိန်ဖို့ ပိုကြိုးစားရပါတယ်။ ကံကြမ္မာကို ထည့်သွင်းစဉ်းစားလက်ခံဖို့အတွက် ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ “အနိစ္စာ ၀တ သင်္ခါရာ” နဲ့ နိဂုံးချုပ်တဲ့ “နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ” ကို (ပြန်လည်) ဖတ်ရှုဖို့၊ မြင့်ရာက နိမ့်ရာ လောကဓံအဆိုးဆုံးကို သေဒဏ်ကွပ်မျက်ခံရခြင်းနဲ့ နိဂုံးကြုံခဲ့ရသူ stoic ဒဿနရှင်တဦးဖြစ်တဲ့ Boethius ရဲ့ “Consolation of Philosophy” ကို (ပြန်လည်) ဖတ်ရှုဖို့ အချိန်မပေးနိုင်သေးဘူးဆိုရင်တောင် သီချင်းလေးတပုဒ်ကို နားထောင်ကြည့်ပါလို့ မျှဝေပါရစေ။ ဒီနှစ်ပိုင်းတွေအတွင်း ခဏတိုင်း ကျနော် နားထောင်ဖြစ်တဲ့ သီချင်းတွေထဲကတပုဒ်ပါ။ The Rolling Stones ရဲ့ You Can’t Always Get What You Want ဆိုတဲ့သီချင်းပါ။ ၁၉၆၀ ခုနှစ်ကာလတွေက အဓိက အရေးအရာတွေအဖြစ် စွဲမက်ခဲ့ကြတဲ့ အချစ်၊ နိုင်ငံရေးနဲ့ မူးယစ်ဆေးကိစ္စတွေကို တေးစာသားပိုဒ်တွေအဖြစ် အဓိကရေးစပ်သီဆိုထားတာပါ။ သံပြိုင် အပိုဒ်မှာတော့ အခုလိုဆိုပါတယ်။

“You can’t always get what you want

You can’t always get what you want

You can’t always get what you want

But if you try sometimes, well, you might find

You get what you need

Ah, yeah

Oh”

မူရင်းသီချင်းကို ဒီမှာနားထောင်ကြည့်ပါလို့ မျှဝေတိုက်တွန်းပါရစေ။ လိုချင်တာတွေ အမြဲမရနိုင်ဘူး။ တခါတလေ ကြိုးစားတွန်းကြည့်ရင် ကိုယ့်လိုအပ်ချက်ရတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ မာန်ကျစရာ၊ သံဝေဂဆင်ခြင်ခံစားကြည့်ချင်စရာအဖြစ် ဒီမွေးနေ့ကို ဖြတ်သန်း မိပါတယ်။

မင်းဇင်
စက်တင်ဘာလ ၉၊ ၂၀၂၂



Leave a Reply

Your email address will not be published. Required fields are marked *