ISP's OnPoint

‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ ထိုင်းနိုင်ငံဖောက်ရမည့်လမ်း

ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံမိုဒယ်ကို ပိုမိုတိမ်းညွှတ် နည်းနာယူလိုတယ်ဆိုပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ရင် ထိုင်းနဲ့ တရုတ်အကြားမှာ မတူညီတဲ့အခြေအနေတွေ အနည်းဆုံးငါးချက် ရှိပါတယ်။
By ISP Admin | June 2, 2025

Photo – AFP


အကျဉ်းချုပ်

တနင်္သာရီတိုင်းမှာ ၂၀၂၅ ဧပြီလကုန်ကနေ မေလဆန်းအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ထီးထာဗျူဟာနဲ့ ထီးခီးစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း KNU တပ်မဟာ ၆ လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။၂၀၂၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ‘စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး’ ရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီလှုပ်ရှားမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။ စစ်ကောင်စီရဲ့ အာရှလမ်းမကြီးကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားမှုက အောင်မြင်မှုမရှိသေးပါဘူး။

ထိုင်းနိုင်ငံကတော့ မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ စိတ်ဝင်စားပြီး အာရှလမ်းမကြီး ပြန်ဖွင့်ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကြားဝင်ဆောင်ရွက်နေပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့ပဋိပက္ခကို မြန်မာတွေ အချင်းချင်း ဖြေရှင်းတာပဲ မြင်လိုတယ်လို့ ပြောထားပြီး စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ပါတယ်။ မြန်မာ့ပဋိပက္ခဖြေရှင်းရေး ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေဟာ နယ်စပ်လုံခြုံရေး၊ လူသားစာနာကူညီရေးနဲ့ ပဋိပက္ခပြေလည်ရေးဆိုတဲ့ အကျိုးစီးပွားသုံးချက်ကို အခြေခံထားပါတယ်။ ဒီအချက်တွေကို အကောင်အထည် ဖော်တဲ့အခါ နိုင်ငံတကာမူဘောင်တွေကို ပစ်ပယ်မယ်လို့ တရားဝင် ပြောမထားပေမဲ့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ ကုန်သွယ်ရေးနဲ့ လူသားစာနာမှုကို အခြေခံပြီး ပဋိပက္ခလျှော့ချရေး မိုဒယ်ကို ထိုင်းနိုင်ငံက အတုယူကျင့်သုံးချင်လာပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကွာဟချက်တွေ ရှိနေပါတယ်။ တရုတ်နိုင်ငံနဲ့ယှဉ်ရင် ထိုင်းနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ EAOs တွေအပေါ် ဩဇာလွှမ်းမိုးမှု နည်းပါတယ်။ တရုတ်နယ်စပ်က တပ်ဖွဲ့တွေနဲ့ မတူဘဲ ထိုင်းနယ်စပ်က EAOs တွေဟာ ဗဟိုချုပ်ကိုင်မှု အားနည်းပြီး နိုင်ငံရေးမဟာမိတ်ဖွဲ့မှုမှာလည်း ကွဲပြားပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နယ်ခြားစောင့်တပ် (BGF) တွေကလည်း ထိုင်းနယ်စပ်မှာ အားကောင်းပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းတွေရဲ့ လုပ်ပုံကိုင်ပုံဟာလည်း တရုတ်နိုင်ငံလို မြန်မြန်ဆန်ဆန် မရှိလှပါဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ အရပ်ဘက်အဖွဲ့တွေနဲ့ မီဒီယာတွေ လှုပ်ရှားခွင့်ရှိပြီး နိုင်ငံတကာမူဘောင်တွေကို ကျော်လွန်ဆောင်ရွက်ဖို့ ခက်ပါတယ်။ ဒီကွာဟချက်တွေကြောင့် တရုတ်မိုဒယ်ကို အတုယူလာတဲ့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းချက်တွေဟာ ရလဒ်ထွက်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ ဒီကွာဟချက်တွေကို အခြေခံပြီး ထိုင်းနိုင်ငံရဲ့ ကာလံဒေသံနဲ့ ကိုက်ညီမယ့် ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ မဟာဗျူဟာမျိုး ဖန်တီးနိုင်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်ပုံဟာ အဖြေထွက်နိုင်ဖွယ်ရှိပါတယ်။

‘ကရွတ်ခွေ’ လိုအပ်နေတဲ့ မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးနဲ့ အနာဂတ်အလားအလာပေါ် ISP-Myanmar က ကနဦးသုံးသပ်ချက် (On Point) သုံးပုဒ် (trilogy) ရေးသားဖော်ပြဖို့ ရှိပါတယ်။ အခုဖော်ပြထားတဲ့ သုံးသပ်ချက်ဟာ အဲဒီသုံးပုဒ်ထဲက ဒုတိယတပုဒ် ဖြစ်ပါတယ်။ ပထမသုံးသပ်ချက်ဖြစ်တဲ့ ‘အို.. မြောက်ပိုင်းလမ်း၊ အချုပ်အခြာအာဏာကို တဆင့်ခံကန်ထရိုက်ပေးခြင်း’ ကို ဒီ link မှာ ဖတ်ရှုနိုင်ပါတယ်။


➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။


➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။


ISP On Point

‘အို… မြောက်ပိုင်းလမ်း …’ – ‘ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ’ ထိုင်းနိုင်ငံဖောက်ရမည့်လမ်း




Leave a Reply

Your email address will not be published. Required fields are marked *


Related articles