ISP's OnPoint

စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား

စစ်တပ်ဟာ သမိုင်းတွင်အောင် ရှုံးနိမ့်မှုတွေ ကြုံရတာ၊ လူကြိုက်များရေး ပေါ်ပြူလစ်ဇင်ကို ကြိုက်နှစ်သက်သလောက် စွမ်းဆောင်ရည် အားနည်းတာတွေက ဒီတတိယမျိုးဆက်ရဲ့ မြင်သာထင်သာလက္ခဏာတွေပဲ ဖြစ်ပါတယ်။
By ISP Admin | August 25, 2025

နောင်ချိုတိုက်ပွဲအား ကွပ်ကဲနေသော အမှတ်-၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို တွေ့ရစဉ်။

Photo – Telegram/SAC-STR

အကျဉ်းချုပ်

၂၀၂၅ ခုနှစ် ဇူလိုင်လကုန်မှာ လှမ်းခဲ့တဲ့ ခြေလှမ်းနဲ့ အပြောင်းအလဲတွေကို ကြည့်ရင် လက်ရှိ စစ်ခေါင်းဆောင်ဟာ သူ့အာဏာတည်မြဲရေးအတွက် ရှိသမျှ နည်းပေါင်းစုံသုံးပြီး အစွမ်းကုန် လုပ်သွားမယ်ဆိုတဲ့ လက္ခဏာဆောင်ပါတယ်။ ဒီမတိုင်ခင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၁၀ လတာကာလအတွင်းမှာတော့ မြန်မာစစ်တပ်ဟာ သမိုင်းမှာ မကြုံဖူးလောက်အောင် ရှော့ခ်အကြီးကြီး ကြုံခဲ့ရပါတယ်။ လူထုအား၊ အင်စတီကျူးရှင်းအား၊ ခေါင်းဆောင်မှုအား၊ နည်းပညာအား၊ အယူဝါဒအား စသည်ဖြင့် အားကိုးစရာတခုမှ မကျန်တော့လောက်အောင် ဖြစ်ခဲ့ပါတယ်။ အစုအပြုံလိုက် လက်နက်ချတာတွေအပြင် စစ်ခေါင်းဆောင်အတွက် အသေမခံနိုင်တော့ဘူးဆိုတဲ့ ခံစားချက်တွေ ပြင်းထန်ခဲ့ပါတယ်။ တဖက်မှာလည်း အိမ်နီးချင်းနိုင်ငံအများစုကတော့ စစ်တပ်ပြိုရင် အစားထိုးနိုင်လောက်တဲ့၊ စုစည်းခိုင်မာတဲ့ အင်အားစုတရပ် မြန်မာမှာ ရှိမနေဘူးလို့ ယူဆကြပါတယ်။ စစ်တပ်ပြိုပြီး တိုင်းပြည်ပြိုကွဲရေးပါ ဖြစ်လာတာကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးသရွေ့ ဗဟိုမပြိုလဲရေးအတွက် ကျားကန်ရမယ်ဆိုတဲ့ စဉ်းစားပုံတွေကလည်း တရုတ်၊ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာ ဖြစ်လာပုံရပါတယ်။ ဒါကြောင့်ပဲ အခုချိန်မှာတော့ စစ်တပ်ဟာ သူ့ရဲ့အားနည်းချက် (ဗဟိုပြိုရင် တိုင်းပြည်ပြိုမယ်ဆိုတာ)ကို လက်နက်အဖြစ် (weaponizing the weakness) သုံးပြီးတော့ လက်ရှိအကျပ်အတည်းထဲက ထွက်ပေါက်ရှာခဲ့တာ တွေ့ရပါတယ်။

အထောက်အထားတွေအရတော့ (၁) မကြာမတင်မှာ မြန်မာစစ်တပ် ပြိုလဲနိုင်ဖွယ် မရှိသေးပါဘူး၊ (၂) စစ်တပ်အတွက် ဆုံးရှုံးထားတဲ့နယ်မြေတွေကို အချိန်တိုအတွင်း ပြန်ရနိုင်ဖို့မလွယ်သလို ထီးပြိုင်နန်းပြိုင်တွေ သူတလူငါတမင်း (de facto rival power centers) နဲ့ အချုပ်အခြာအာဏာ ဆုတ်ယုတ်တဲ့ နိုင်ငံတော် (diminished statehood) ကိုပဲ စစ်တပ်က နည်းမျိုးစုံသုံးပြီး ဆက်အုပ်ချုပ်နေဦးမယ်၊ (၃) အခြားတဖက်က တော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိ စစ်တပ်ကို ပိုမိုကောင်းမွန်တဲ့ တခြားရွေးချယ်စရာနဲ့ အစားမထိုးနိုင်ဘူး၊ ဒါပေမဲ့ ဒီမျိုးဆက်နဲ့ မပြီးပြတ်လည်း နောက်မျိုးဆက်တွေအထိ ဆက်တော်လှန်နေမယ်ဆိုတဲ့ အမာခံအုပ်စုတွေလည်း ဆက်ရှိနေပါဦးမယ်။ တဖက်မှာလည်း မြန်မာစစ်တပ်အတွင်း စတုတ္ထမျိုးဆက် အပြောင်းအလဲ ဖြစ်နိုင်သလား၊ ဖြစ်ရင် ဘယ်လိုဖြစ်မလဲ၊ ဘယ်သူတွေ ဦးဆောင်မှာလဲ၊ ဘယ်လိုဦးတည်ရာမျိုးကို ရှေးရှုမလဲဆိုတာ စူးစမ်းကြည့်ဖို့ လိုအပ်လာပါတယ်။ မကြာမတင်ကာလတခုအထိ တပ်မပြိုလဲနိုင်ဘူး (အချိန်တိုအတွင်း စစ်ရေးအရ အပြီးသတ် ဖြိုလှဲချေဖျက်နိုင်ဖို့ မလွယ်သေးဘူး) ဆိုတဲ့ အနုမာနကို လက်ခံထားတယ်ဆိုရင် တပ်မတော်အတွင်း စတုတ္ထမျိုးဆက်အပြောင်းအလဲဟာ ဖြစ်ကိုဖြစ်မယ်၊ ဘယ်အချိန်ဖြစ်မလဲဆိုတဲ့ မေးခွန်းပဲရှိတယ်လို့ ဆိုရပါမယ်။

ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်သုံးချက်ကို အခြေခံသုံးသပ်ရင် (၁) မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ တပ်မတော်အတွင်း စတုတ္ထမျိုးဆက်အပြောင်းအလဲ၊ (၂) ဒီမျိုးဆက်ရဲ့ မူဝါဒလမ်းစဉ်က ပြည်သူလူထုလိုလားသလို နိုင်ငံရေးကနေ ထွက်ခွာဖို့ စစ်တပ်က လက်ခံပြောင်းလဲခြင်းနဲ့ (၃) ဒီလိုအပြောင်းအလဲတွေဖြစ်အောင် တော်လှန်ရေးအင်အားစုတွေဘက်က ဖိအား၊ ဆွဲဆောင်အားတွေနဲ့ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ အရေးပါတဲ့ မဟာဗျူဟာမေးခွန်း ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ မြန်မာစစ်တပ်ကို အစွဲကင်းကင်းနဲ့ စနစ်တကျလေ့လာရေး၊ နေပြည်တော်ကို လေ့လာရေး (Naypyitawlogy) ဟာ မြန်မာ့တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ့အရေးပါဝင်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တရပ် ဖြစ်လာပါပြီ။ မဟုတ်ရင်တော့ မြန်မာ့နိုင်ငံရေးရဲ့ အဓိကအင်စတီကျူးရှင်းတခုကို ကြောင်ကြောင်မြင်လျက် မသိ၊ ကြောင်ကြောင်သိလျက် မမြင်ဖြစ်ပြီး ဆိုးရွားတဲ့ အင်စတီကျူးရှင်းရဲ့ဒဏ်ကို တလင်နေပွေး၊ တလင်နေကြွေး ဆိုသလို ပြည်သူတွေမှာ မထောင်းသာ ဆက်ခံစားနေကြရမှာပဲ ဖြစ်ပါတယ်။

➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ရယူဖတ်ရှုနိုင်ပါပြီ။

ISP On Point

စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား




2 Responses

  1. အကောင့်တွေ ဝင်ခိုင်းနေတာ အဆင်မပြေပါဘူး ဖြစ်နိုင်ရင် one click download link ကို တင်ပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *


Related articles