Photo – AFP
မြန်မာနိုင်ငံကို စက်သုံးဆီပြတ်တောက်မှုဂယက် ဘယ်လောက်ရိုက်ခတ်နိုင်မလဲ
▪️ဖြစ်ရပ်အချက်အလက်
အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံနဲ့ စစ်ခင်းအပြီး အရှေ့အလယ်ပိုင်းဒေသမှာ ကြီးထွားလာတဲ့ ပဋိပက္ခရဲ့နောက်ဆက်တွဲအဖြစ် ရေနံအကျပ်အတည်းက နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီချွေတာရေး အစီအမံလုပ်ပြီး မော်တော်ယာဉ် ‘စုံနံပါတ်တွေက စုံရက်၊ မနံပါတ်က မရက်’တွေသာ မောင်းရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ စက်သုံးဆီ သိုလှောင်တာ၊ စျေးတင်ရောင်းတာတွေ မလုပ်ဖို့ကိုလည်း တားမြစ်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိတယ်လို့ ပြောခဲ့သလို ကမ်းကပ်ထားတဲ့ စက်သုံးဆီတင်သင်္ဘောနှစ်စင်းနဲ့ ဝယ်ယူထားပြီး ၁၄ စင်း ထပ်လာဖို့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
▪️ကနဦးသုံးသပ်ချက်
မြန်မာနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးဟာ အလွယ်တကူ ထိခိုက်နိုင်လောက်အောင် အားနည်းတဲ့ အနေ အထားမှာရှိပါတယ်။ စက်သုံးဆီဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်အရေးကြီးတဲ့ သွင်းကုန်တခု ဖြစ်ပြီး ၂၀၂၃ ခုနှစ် အချက်လက်တွေအရ စုစုပေါင်းသွင်းကုန်ပမာဏရဲ့ သုံးပုံတပုံဟာ စက်သုံးဆီ ဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၀၂၁/၂၀၂၆ (ISP-DM2026-021) ကို ရှုပါ]။ ဒါ့အပြင် မြန်မာနိုင်ငံဟာ စက်သုံးဆီလိုအပ်ချက်အတွက် ပြည်ပနိုင်ငံတွေကို အလွန်အမင်း မှီခိုနေရပါတယ် [ISP ဒေတာအချက်အလက် ၀၂၂/၂၀၂၆ (ISP-DM2026-022) ကို ရှုပါ]။ စက်သုံးဆီလိုအပ်ချက် စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းဝန်းကျင်1ကို ပြည်ပကနေ တင်သွင်းနေရပြီး ပြည်တွင်းထုတ်လုပ်နိုင်စွမ်းက ငါးရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။ ဒီလို အချိုးအစားကြီးမားစွာ တင်သွင်းနေရတဲ့အတွက် ကမ္ဘာ့ရေနံထောက်ပံ့ရေးကွင်းဆက်မှာ စွမ်းအင်အကျပ်အတည်း ဖြစ်လာရင် အလွယ်တကူ ထိခိုက်မှာပါ။

ပိုပြီးစိုးရိမ်စရာကောင်းတာက မြန်မာနိုင်ငံကို စက်သုံးဆီတင်ပို့နေတဲ့ နိုင်ငံတွေရဲ့ ရေနံချက်စက်ရုံတွေဟာ ပင်လယ်ကွေ့နိုင်ငံတွေ (အထူးသဖြင့် ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ ကူဝိတ်နဲ့ အီရတ်)က ရေနံစိမ်းကုန်ကြမ်းကိုသာ အဓိကမှီခိုနေရတာပါ။ ဥပမာဆိုရရင် မြန်မာနိုင်ငံက အများဆုံးဝယ်နေတဲ့ စင်ကာပူနိုင်ငံရဲ့ တင်ပို့မှု ၇၀ ရာခိုင်နှုန်းက အရှေ့အလယ်ပိုင်းဒေသတွေကနေ တင်သွင်းတာပါ။
တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေနံသန့်စင်ချက်လုပ်နိုင်စွမ်းဟာ အလွန် နည်းပါးပါတယ်။ ၂၀၁၉ ခုနှစ်အထိ သိရတဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ စက်သုံးဆီတန်ချိန်စုစုပေါင်း ခြောက်သန်းနီးပါး (၅,၉၃၇,၀၀၀ တန်) သုံးစွဲခဲ့ပေမဲ့ ပြည်တွင်းထုတ်လုပ်မှုဟာ တန်ချိန် တသိန်းခုနစ်သောင်း (၁၇၆,၀၀၀ တန်)ကျော်ပဲ ရှိပါတယ်။ စုစုပေါင်းလိုအပ်ချက်ရဲ့ သုံးရာခိုင်နှုန်းလောက်ကိုပဲ ပြည်တွင်းကနေ ထုတ်ပေးနိုင်တာပါ။ လက်ရှိ နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက် အရန်စက်သုံးဆီ သိုလှောင်နိုင်စွမ်းကလည်း နိုင်ငံတဝန်း စုစုပေါင်းသုံးစွဲမှုရဲ့ ရက် ၄၀ စာလောက်ပဲ သိုလှောင်ထားနိုင်ပါတယ်။ နိုင်ငံတကာစံနှုန်းမှာတော့ စွမ်းအင်လုံခြုံရေးအရ ရက် ၆၀၊ ရက် ၉၀ လောက် သိုလှောင်ထားနိုင်ရေး အကြံပြုလေ့ရှိကြပါတယ်။ ဒီအခြေအနေတွေကိုကြည့်ရင် သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေအတွက် အသက်သွေးကြောဖြစ်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီသိုလှောင်နိုင်မှုအပိုင်းဟာ ရှော့ခ်တခုခုကြုံလာရင် တောင့်ခံနိုင်စွမ်းမရှိဘဲ အန္တရာယ်ရှိတဲ့အနေအထားဖြစ်နေတာကို မြင်ရမှာပါ။
▪️ဖြစ်တန်ခြေအကဲဖြတ်ချက်
ရေနံတင်ပို့မှု ပြတ်တောက်သွားရင် မြန်မာနိုင်ငံ ရင်ဆိုင်ရမယ့် လက်ငင်းရိုက်ခတ်မှုဟာ စက်သုံးဆီဝယ်ယူရရှိနိုင်မှု လျော့ကျသွားခြင်းနဲ့ စျေးနှုန်းမြင့်တက်ခြင်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့အတူ ရှိနှင့်ပြီးသား လူမှုစီးပွား ငွေကြေးအကျပ်အတည်း၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေအပေါ် ထပ်ဆောင်း ရိုက်ခတ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ စက်သုံးဆီတင်သွင်းမှုဟာ စုစုပေါင်းသွင်းကုန်ပမာဏရဲ့ သုံးပုံတပုံဝန်းကျင် ရှိနေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေက ၃၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ တက်သွားရင်ပဲ နိုင်ငံရဲ့နိုင်ငံခြားသုံးငွေ အရန်ထားရှိမှုနဲ့ သွင်းကုန်တင်သွင်းနိုင်စွမ်းအပေါ်ကိုလည်း ကြီးမားတဲ့ဖိအားတွေ ဖြစ်လာမှာပါ။ ၂၀၂၆ ခုနှစ် မတ် ၇ ရက်မှာ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၂ သန်း ထုတ်ရောင်းပေးခဲ့ရပါတယ်။ အခြားအရေး ကြီးတင်သွင်းကုန်တွေ လျှော့ချဖို့ဖြစ်လာနိုင်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဆက်တိုက်ဖြစ်ပေါ် လာစေပါလိမ့်မယ်။ အခုအတိုင်း ရေနံပြတ်တောက်မှု အချိန်ကြာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးမှာ ကွင်းဆက်အလိုက် ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပါတယ်။ လူထုရဲ့ မကျေနပ်ချက်တွေနဲ့ နိုင်ငံရေးအပေါ် သက်ရောက်မှုတွေလည်း ရှိလာနိုင်ပါတယ်။
သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး (Logistics) – နိုင်ငံရဲ့ ဓာတ်ဆီနဲ့ ဒီဇယ် အရန်သိုလှောင်ထားနိုင်မှုက ရက် ၄၀ စာလောက်ပဲ ရှိပါတယ်။ ဒါကြောင့် စက်သုံးဆီဝယ်ယူနိုင်မှုဟာ ကာလကြာတာနဲ့အမျှ အကျပ်အတည်းဖြစ်လာပြီး ခွဲတမ်းနဲ့ ကန့်သတ်ရောင်းချရာကနေ ပြတ်လပ်လာပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ – ပင်လယ်ကွေ့ဒေသဟာ ဓာတ်မြေသြဇာထုတ်လုပ်ရေးအတွက်လည်း အဓိကဗဟိုချက်မတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံက တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုးလောက် တင်သွင်းနေရတဲ့ ဓာတ်မြေဩဇာတွေအပေါ်လည်း ထိခိုက်နိုင်ပါတယ်။ စိုက်ပျိုးရေးသုံး စက်ယန္တရားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒီဇယ်ဆီပါ ရှားပါးပြတ်လပ်သွားနိုင်တာကြောင့် တိုင်းပြည်ရဲ့ စိုက်ပျိုးရေးနဲ့ စားရေရိက္ခာလုံခြုံရေးကိုပါ ကြီးကြီးမားမား ခြိမ်းခြောက်လာနိုင်ပါတယ်။
အထည်အလိပ်နှင့် ကုန်ထုတ်လုပ်ငန်း – အလုပ်သမားအများအပြားကို အလုပ်အကိုင် ဖန်တီးပေးထားတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ပြည်ပကနေ တင်သွင်းရတဲ့ ဓာတုချည်မျှင်နဲ့ ချည်ကြိုးတွေအပေါ် အဓိကမှီခိုနေရတာပါ။ သယ်ယူပို့ဆောင်ရေးနဲ့ စွမ်းအင်စရိတ် မြင့်တက်လာတဲ့အခါ ကုန်ကျစရိတ်တွေ ကြီးမြင့်လာပြီး နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း အများကြီး ကျဆင်းသွားနိုင်ပါတယ်။ အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစရိတ် တက်လာနိုင်ပါတယ်။
လျှပ်စစ်မီးထုတ်လုပ်ရေး – လောင်စာဆီသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းမှာလည်း ထပ်လောင်း ရိုက်ခတ်မှုတွေ ကြုံလာရနိုင်ပါတယ်။ အထူးသဖြင့် ဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေးဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာ အစားထိုးသုံးစွဲမှုအဖြစ် ပြောင်းလဲလာပါတယ်။ ပြည်တွင်းမှာလည်း ဒီလိုအစားထိုးသုံးစွဲမှု များပြားလာရင် ဓာတ်ငွေ့လောင်စာ စျေးနှုန်းကြီးမြင့်မှုနဲ့အတူ ဆက်စပ်ဖိအားတွေ ရင်ဆိုင်လာရနိုင်ပါတယ်။
စက်သုံးဆီပြတ်လပ်မှု နောက်ဆက်တွဲ ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို သက်သာလျော့ပါးဖို့ဆိုရင် စက်သုံးဆီဖြန့်ဖြူးသုံးစွဲမှု မူဝါဒဆိုင်ရာ လုပ်နည်းလုပ်ဟန်တွေကို အိမ်နီးချင်းနိုင်ငံတွေဆီကနေ မျက်ခြည်မပြတ် လေ့လာကျင့်သုံးသင့်ပါတယ်။ တချိန်တည်းမှာပဲ ပြည်ပကနေ ဆီတင်သွင်းတဲ့အခါ နိုင်ငံတခုတည်းအပေါ် မှီခိုမနေဘဲ ဆတူ ဖြန့်ခွဲတင်သွင်းတဲ့ အစီအမံမျိုးတွေကိုလည်း ကြံဆရတော့မှာပါ။ ဒါ့အပြင် နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက် အရန်ဆီ သိုလှောင်နိုင်စွမ်း တိုးချဲ့တာကိုလည်း အချိန်မဆိုင်းဘဲ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ISP On Point
ရေနံအကျပ်အတည်းနှင့် မြန်မာ့စွမ်းအင်လုံခြုံရေး
အောက်ခြေမှတ်စု
- မြန်မာနိုင်ငံတွင် တရက်လျှင် စက်သုံးဆီ ဂါလန် ၃ ဒသမ ၂ သန်းသုံးကြောင်း စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ် ၄ ရက်တွင်ပြောဆိုခဲ့သည်။ ထိုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၃ ဒသမ ၈ သန်းခန့်မှန်းခြေနှင့် ညီမျှပါသည်။ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA)၏ ၂၀၂၃ ခုနှစ်ဒေတာအရ မြန်မာနိုင်ငံတွင် စက်သုံးဆီသန့်စင်မှု တစ်နှစ်လျှင် တန်နှစ်သိန်းနီးပါးသာ ထုတ် လုပ်နိုင်သည်။ ထို့ကြောင့် လိုအပ်ချက်၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသာ ဖြည့်တင်းနိုင်ကြောင်း တွက်ချက်နိုင်သည်။ ↩︎
