ISP's OnPoint

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ် – ကျားဖြန့်နှိမ်နင်းရေးလား၊ နိုင်ငံရေးလက်နက်လား

လွှတ်တော်မခေါ်ခင် သုံးလအတွင်း ဥပဒေပေါင်း ၁၉ ခုထက်မနည်းကို စစ်ခေါင်းဆောင်က ပြင်ဆင်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ခဲ့သည်။ ထိုသို့ ပြင်ဆင်ပြဋ္ဌာန်းမှုများမှာ စစ်ခေါင်းဆောင် သမ္မတဖြစ်လာချိန်၌ အာဏာစက်ထက်စေရန် အသုံးချမည့် လက်နက်များ ဖြစ်လာနိုင်သည်။
By ISP Admin | April 8, 2026

Photo – AFP


▪️ဖြစ်ရပ်အချက်အလက်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (၂၀၂၆) ကို လွှတ်တော်မခေါ်ခင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြဋ္ဌာန်းလိုက်ပါတယ်။ ၂၀၀၂ ခုနှစ် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်နဲ့ ၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန်တို့လက်ထက်မှာလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီး အခု အဲဒီဥပဒေတွေ ပျက်ပြယ်ပြီး အသစ်ပေါ်ထွက်လာတာပါ။ ဥပဒေသစ်ကို နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အကြံပြုချက်တွေအတိုင်း ရေးဆွဲခဲ့တာလို့ ဆိုပါတယ်။ ရှေ့ကရေးဆွဲခဲ့တဲ့ ဥပဒေတွေထက် အသေးစိတ်ပြီး သက်ရောက်မှုလည်း ကျယ်ပြန့်ပါတယ်။


▪️ကနဦးသုံးသပ်ချက်

ဥပဒေသစ်မှာ အကျုံးဝင်တဲ့သူတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေ ပိုတိုးခဲ့တာကြောင့် အကောင်အထည် ဖော်မှုလုပ်ငန်းစဉ်တွေ မြန်လာနိုင်ပါတယ်။ အရေးယူနိုင်မယ့်ပြစ်မှုအမျိုးအစားတွေလည်း များလာပါတယ်။ ပြည်တွင်းပြည်ပမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပြင် နိုင်ငံတွင်းမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေအပေါ်မှာပါ သက်ရောက်မှု ရှိလာပါလိမ့်မယ်။ ဒါ့အပြင် အသုံးများလာတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကိုပါ ထည့်သွင်းဖော်ပြထားတာမို့ အွန်လိုင်းငွေလွှဲမှုတွေကိုလည်း စောင့်ကြည့်တော့မှာပါ။ ဥပဒေကို အကောင်အထည်ဖော်မယ့် ယန္တရားဖွဲ့စည်းမှုပိုင်းလည်း အားကောင်းလာပါတယ်။ ငွေကြေးခဝါချမှုတွေကို စုံစမ်းစစ်ဆေးတာကအစ သက်သေသိမ်းဆည်းတာ၊ တရားစွဲဆိုတာတွေအထိ လုပ်ဆောင်နိုင်တဲ့ ‘ဥပဒေစိုးမိုးရေးအဖွဲ့အစည်း (Law Enforcement Agency)’ကိုပါ အစိုးရဌာနတခုလို ထပ်တိုးဖွဲ့စည်းခွင့်ပြုထားပါတယ်။ ရန်ပုံငွေရင်းမြစ်တွေကိုလည်း ပမာဏ တိုးမြှင့်ထားပါတယ်။

ငွေကြေးခဝါချမှုမှာအကျုံးဝင်တဲ့ ငွေကြေးရင်းမြစ်အဖြစ် သတ်မှတ်တဲ့ ပြစ်မှုအမျိုးအမည်တွေ များလာပါတယ်။ ထပ်တိုးပြစ်မှုတွေထဲမှာ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဆိုက်ဘာမှုခင်းတွေကိုကိုင်တွယ်ဖို့လည်း ပစ်မှတ်ထားလာပါတယ်။ ဒါဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်တိုက်ဖျက်ရေးအတွက် ရည်ရွယ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေသူတွေဆီကိုပါ ဦးတည်မယ့်သဘောရှိပါတယ်။ အကြမ်းဖက်မှုတွေကို ငွေကြေး ထောက်ပံ့တာ၊ တရားမ၀င် လက်နက်ကုန်ကူးတာစတဲ့ ပြစ်မှုတွေကိုလည်း ဖြည့်စွက်ထားပါတယ်။  အဂတိလိုက်စားမှုကိုလည်း ထည့်သွင်းခဲ့တာမို့ အစိုးရဝန်ထမ်းတွေအပြင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူတွေကိုပါ အရေးယူနိုင်ပါလိမ့်မယ်။ ဒါကြောင့်  ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ်ဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ကျားဖြန့်တွေကိုတိုက်ဖျက်ဖို့ အယောင်ပြပြီး နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကိုပါ ထပ်တိုးပြစ်ဒဏ်တွေ ပူးတွဲချနိုင်ဖို့၊ ပိုပြီးထဲထဲဝင်ဝင် စုံစမ်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ရှိနေနိုင်ပါတယ်။ 

သာမန်ပြည်သူတွေရဲ့ ပုဂ္ဂလိကလုံခြုံရေးအပေါ် သက်ရောက်မှုလည်း ကြီးလာနိုင်ပါတယ်။ လက်ရှိဥပဒေမှာ ငွေကြေးခဝါချမှုကို ရဲအရေးပိုင်တဲ့ပြစ်မှုအဖြစ် သတ်မှတ်ထားပြီး တရားရုံးဝရမ်းမပါဘဲ ရှာဖွေသိမ်းဆည်းခွင့်တွေ လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ‘ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ’ဆိုပြီးလည်း ထပ်တိုးပြဋ္ဌာန်းထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ကွန်ပျူတာစနစ်၊ ဆာဗာကွန်ရက်တွေကို ဝင်ရောက်ကြည့်ရှုခွင့်၊ တယ်လီဖုန်းနဲ့ ဆိုရှယ်မီဒီယာလိုနေရာတွေကို ကန့်သတ်တာ၊ ကြားဖြတ်နားထောင်တာတွေကို အများဆုံးသုံးလအထိ လုပ်ဆောင်နိုင်တဲ့အမိန့်မျိုး ပေးခွင့်ရှိပါတယ်။ ဒီအချက်တွေဟာ ပုဂ္ဂလိကလုံခြုံရေးဥပဒေအရ ပေးထားတဲ့ ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို တဖက်လှည့်နည်းနဲ့ ပြန်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ ထူးခြားချက်က ပြစ်ဒဏ်ပိုင်းမှာ လျှော့ချခဲ့ပါတယ် [ISP ဒေတာအချက်အလက် ၀၂၈/၂၀၂၆ (ISP-DM2026- 028) ကို ရှုပါ]။



▪️ဖြစ်တန်ခြေအကဲဖြတ်ချက်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ်ဟာ ကျားဖြန့်၊ မူးယစ်ဆေးဝါး စတဲ့ နိုင်ငံတကာက အာရုံ စိုက်နေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် ကောင်းမွန်တဲ့ဥပဒေတရပ် ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးအင်အားစုတွေကို အင်အားချည့်နဲ့စေဖို့နဲ့ ပြည်သူတွေရဲ့လုံခြုံရေးကို ချိုးဖောက်ဖို့ အကြောင်းပြချက်ကောင်းတခုလည်း ဖြစ်နေပါတယ်။ ဒီဥပဒေကြောင့် အုပ်စိုးသူတွေဘက်မှာ အကျိုးဖြစ်ထွန်းမှုများစွာရှိနိုင်ပြီး ဒီအထဲက အချက်သုံးချက်ကို ဖော်ပြချင်ပါတယ်။ 

ပထမအချက်ကတော့ စစ်ကော်မရှင်က ကမကထလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် ဦးဆောင်ဦးမယ့် အစိုးရအပေါ်  နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု (legitimacy) ရှိလာနိုင်ပါတယ်။ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (blacklist) သွင်းထားပါတယ်။ ဒီအတိုင်းဆက်ရှိနေပေမဲ့ ဥပဒေသစ်ဟာ FATF ရဲ့ အကြံ ဉာဏ်ကိုရယူပြီး ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုခဲ့တာကြောင့် ဒါဟာ အမည်ပျက်စာရင်းကနေ ပယ် ဖျက်ခံရဖို့ မျှော်မှန်းတဲ့ ခြေလှမ်းတခု ဖြစ်လာနိုင်ပါတယ်။ 

ဒုတိယအချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ(EAOs)နဲ့ တော်လှန်ရေးအင် အားစုတွေရဲ့ ပစ္စည်းဥစ္စာနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို စုံစမ်းကန့်သတ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေအပြင် အခြား ရာဇဝတ်မှုမကင်းတာတွေကို လုပ်ခွင့်ပြုထားတဲ့ EAOs တွေဟာ အခြားဒေသတွေမှာ အသွင်ပြောင်းခဝါချထားတဲ့ မြေယာနဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်မှုတွေ ရှိနေမယ်ဆိုရင် ဥပဒေသစ်အရ အဲဒါတွေကို သိမ်းယူနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေအပါ အဝင် အခြား တော်လှန်ရေးအင်အားစုတွေကို ငွေကြေးအကူအညီပေးနေသူတွေကိုလည်း ပိုခြိမ်း ခြောက်လာနိုင်ပြီး ထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်လာနိုင်ပါတယ်။

တတိယအချက်ကတော့ ISP-Myanmar ရဲ့ မြန်မာ့အခြေပြစစ်တမ်း (၂၀၂၅-၂၀၂၆) မှာ အကဲဖြတ်ခဲ့သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ် အားကောင်းလာအောင် အသက်သွင်းလာနိုင်ခြေနဲ့လည်း ဆက်စပ်ပါတယ်။ လွှတ်တော်မခေါ်ခင် သုံးလအတွင်းမှာတင် စစ်ခေါင်းဆောင် ပြင်ဆင်ခဲ့၊ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၁၉ ခုထက်မနည်း ရှိခဲ့ပါတယ်။ အခုဥပဒေဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒါတွေဟာ သူ သမ္မတဖြစ်လာချိန်မှာ အသုံးချမယ့်လက်နက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုသုံးနိုင်အောင်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်ပြီး  ဥပဒေပြုရေးမဏ္ဍိုင်အပေါ် အာဏာစက်ဖြန့်ကြက်ဖို့လည်း လုပ်ထားပါတယ် [ISP Governance Tracker (GT2026-01) ကို ရှုပါ]။ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာလည်း နိုင်ငံရေးပြစ်မှုတွေအပါအဝင် ငွေကြေးခဝါချမှုရင်းမြစ်ဖြစ်တဲ့ ပြစ်မှုတွေအပေါ် စုံစမ်းထောက် လှမ်းတာ၊ အချက်အလက်တွေကို ကြားဖြတ်နားထောင်တာ၊ ဖမ်းဆီးသိမ်းဆည်းတာတွေကို တရားရုံးရဲ့ ဝရမ်းမလိုဘဲ  ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ပေးနိုင်တဲ့အချက်လည်း ပါဝင်ပါတယ်။ တခါ အစိုးရဝန်ထမ်းတွေအပြင် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူတွေကိုပါ ဒီဥပဒေနဲ့ စုံစမ်းအရေးယူနိုင်တာဖြစ်လို့ ဒါကိုအသုံးချပြီး စစ်ခေါင်းဆောင်ရဲ့ အာဏာစက် ပိုထက်အောင် လုပ်လာနိုင်ခြေတွေလည်း ရှိနေပါတယ်။



ISP On Point

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ် – ကျားဖြန့်နှိမ်နင်းရေးလား၊ နိုင်ငံရေးလက်နက်လား






Leave a Reply

Your email address will not be published. Required fields are marked *


Related articles