Photo – AFP
▪️ဖြစ်ရပ်အချက်အလက်
ဦးမင်းအောင်လှိုင်အစိုးရက ‘ရက်(၁၀၀)စီမံချက်’ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။ စီမံချက်ရဲ့နောက်ဆုံးရက်ကို ဇူလိုင်လကုန်အဖြစ် သတ်မှတ်ပါတယ်။ ဒီစီမံချက်မှာ အဓိက အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းက ဝန်ကြီးဌာနအလိုက်ဆောင်ရွက်ရမယ့် စီမံချက်တွေဖြစ်ပြီး နောက်တပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ သက်ဆိုင်တာဖြစ်ပါတယ် [ISP ဒေတာအချက်အလက် ၃၈/၂၀၂၆ (ISP-DM2026-038) ကို ရှုပါ]။

▪️ကနဦးသုံးသပ်ချက်
ဦးမင်းအောင်လှိုင်အစိုးရရဲ့ ‘ရက် (၁၀၀) စီမံချက်’ကို ရှုထောင့်သုံးခုကနေ သုံးသပ်ပါမယ်။ ပထမအချက်က အဲဒီစီမံချက်မှာ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေ မပါပါဘူး။ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ပျက်စီးနေတဲ့တိုင်းပြည်စီးပွားရေးကို အလျင်အမြန် ပြန်လည်နာလန်ထူလာစေဖို့ ခိုင်မာတဲ့ အစီအစဉ်မျိုးလည်း မတွေ့ရပါဘူး။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အဆင်ပြေလာအောင်ကုစားပေးနိုင်မယ့် စီးပွားရေးစီမံကိန်း၊ စီမံချက်တွေ မပါပါဘူး။ ဥပမာ- အခြေခံကျတဲ့ ကုန်စျေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုတွေကို ဘယ်လိုတည်ငြိမ်အောင်လုပ်ပေးမယ်ဆိုတာမျိုး မပြောပါဘူး။ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိမယ့် အခင်းအကျင်းမျိုး၊ ဖြေလျှော့ပေးတာမျိုးတွေလည်း မပါပါဘူး။ ပုံမှန်ကြွေးကြော်နေကျ ‘စိုက်ပျိုးရေးကို အခြေခံမည်’၊ ‘ပြည်တွင်းဖြစ်ကို ထုတ်လုပ်အားပေးမည်’၊ ‘ပြည်သူလူထုက ချွေတာရမည်’ စတဲ့ ယေဘုယျဆန်တဲ့ ပြောဆိုချက်တွေပဲ လွှမ်းမိုးနေပါတယ်။
ဒုတိယအချက်ကတော့ ဒီစီမံချက်ဟာ လွှမ်းခြုံနိုင်မှု အကန့်အသတ်ရှိပါတယ်။ အစိုးရကို ဝန်ကြီးဌာန ၃၁ ခုနဲ့ဖွဲ့ခဲ့ပေမဲ့ ‘ရက် (၁၀၀) စီမံချက်’က ဝန်ကြီးဌာနငါးခုလောက်ကိုပဲ လွှမ်းခြုံထားပါတယ်။ ဒါ့အပြင် စီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်အားလုံးနီးပါးဟာ မြန်မာစစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)နဲ့ မြေပြန့်ဒေသအချို့ကိုပဲ ဗဟိုပြုထားပါတယ်။ ဒါဟာ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ဒေသတွေမှာပဲ အကောင်အထည်ဖော်ပေးမယ့်သဘောမျိုးပါပဲ။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ချန်လှပ်ခံထားရပါတယ်။
တတိယအချက်က တရုတ်နိုင်ငံနဲ့ ပူးပေါင်းတာကို ပြသနိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ နှလုံးရောဂါ ကာကွယ်ကုသရေးမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းတာကို ထင်ထင်ရှားရှား ပြထားပါတယ်။ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံပိုင်း (ဆိပ်ကမ်းသိုလှောင်ရုံတွေ၊ ရထားလမ်းပိုင်းတွေ) တိုးချဲ့လုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေကလည်း ဒါကိုပဲရည်ညွှန်းနေပါတယ်။
တဖက်မှာတော့ ဥပဒေသုံးပြီး ပိုမိုဖိနှိပ်လာမယ့် အခြေအနေတွေကိုလည်း မြင်ရပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စတာတွေနဲ့ပတ်သက်ပြီး အာမခံချက်ပေးပြောဆိုတာမျိုး မတွေ့ရပါဘူး။ လက်ရှိမှာ ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေရေးလုပ်ငန်းတွေရဲ့ သုံးပုံတပုံ ပိတ်သိမ်းခံထားရပါတယ်။ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေရေးလုပ်ငန်း ဥပဒေဆိုင်ရာငြိစွန်းတဲ့ပြစ်မှုတွေကိုလည်း (စစ်အုပ်ချုပ်ရေးဒေသတွေမှာဆိုရင်) စစ်ခုံရုံးနဲ့စီရင်မယ့် ပြစ်မှုစာရင်းထဲထည့်သွင်းထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းကာလတလျှောက် ပြည်သူတွေကိုချုပ်နှောင်ဖို့ လက်နက်သဖွယ်အသုံးချခဲ့တဲ့ နိုင်ငံရေးပုဒ်မတွေကိုလည်း ပယ်ဖျက်ထားခြင်း မရှိသေးပါဘူး။ လွှတ်တော်မခေါ်ခင် အသစ်ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေတွေက ပြည်သူ့လုံခြုံရေးကို ကန့်သတ်ထားတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။
▪️ဖြစ်တန်ခြေအကဲဖြတ်ချက်
ဦးမင်းအောင်လှိုင်အစိုးရဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်နေပါတယ်လို့ရော ရွေးကောက်ခံအစိုးရတရပ် ဖြစ်ပါတယ်လို့ပါ ပြောဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်ပဲ ‘ရက် (၁၀၀) စီမံချက်’လို မူဝါဒတွေဟာ ပြယုဂ်အားဖြင့် အရေးကြီးနေပါတယ်။ စီမံချက်ထဲမှာ ကဏ္ဍအလိုက် ကတိပေးထားတာတွေကို တခုချင်းစီသီးခြားခွဲကြည့်ရင် ဖြစ်နိုင်ခြေတချို့ ရှိပါတယ်။ တချို့လုပ်ငန်းတွေဟာ စစ်ကောင်စီလက်ထက်ကတည်းက အကောင်အထည်ဖော်လက်စတွေပါပဲ။ လက်တွေ့မြေပြင်မှာတော့ စိန်ခေါ်မှုတွေဆက်ရှိနေပါတယ်။ စီးပွားရေးထောက်တိုင်တွေ ယိုင်နဲ့ပြိုလဲနေတာအပြင် လက်နက်ကိုင်ပဋိပက္ခတွေလည်း ကျယ်ပြန့်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ကလည်း ခရီးမပေါက်သေးပါဘူး။ ဦးမင်းအောင်လှိုင်အစိုးရရဲ့ ‘ရက် (၁၀၀) စီမံချက်’ဟာ ပြက်ပြက်ထင်ထင်မရှိလှပါဘူး။ အုပ်ချုပ်နိုင်စွမ်း အကန့်အသတ်ရှိနေချိန်မှာ ထွက်ပေါ်လာတဲ့ ဒီမူဝါဒတွေဟာ ယေဘုယျဆန်ပြီး ခိုင်မာမှုမရှိပါဘူး။ အရေးကြီးဆုံးဖြစ်တဲ့ စီးပွားရေး နာလန်ထူစေမယ့် အချက်တွေလည်း မပါပါဘူး။ ကဏ္ဍအနည်းငယ်ကိုသာ ဗဟိုပြုထားတဲ့ ဒီကတိတွေကို သုံးလအတွင်း တတိုင်းပြည်လုံးလွှမ်းခြုံနိုင်အောင် အကောင်အထည်ဖော်ဖို့ဆိုတာ ဖြစ်နိုင်ဖို့ခက်ပါလိမ့်မယ်။

ISP On Point
ရက် (၁၀၀) စီမံချက် – မျှော်လင့်ချက်နှင့် လက်တွေ့မြေပြင်အခြေအနေ
